ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၂ – နဂါးအားသတ်ဖြတ်သည့်နည်းလမ်း
ချီလင်း၏ဆံပင်များ တောက်ပစွာ လွင့်မြောနေပြီး သူ၏ရှည်လျားဖြောင့်စင်းသည့်အရပ်၊ ဖြူဖွေးသည့်အသားအရေ၊ ဖြောင့်စင်းနေသည့်နှာသံနှင့် အနည်းငယ် မှေးကျဉ်းနေသည့်မျက်လုံးများကြောင့် သူသည် ချောမောသည့်သူဟု ပြော၍ရသည်ပင်။
သူ၏တောက်ပနေသည့် ချပ်ဝတ်တန်ဆာကြောင့် သူသည် စစ်မြေပြင်၌ ထိုးစိုက်ထားသည့် လှံတံတစ်ချောင်းနှင့် တူနေသည်။
“သတိထား .. ကြည့်ရတာ သူ့သွေးမျိုးဆက်နိုးထလာပြီထင်တယ် .. သူက အနောက်တိုင်းနဂါးအသက်ရှူစည်းချက်ကို သုံးနိုင်နေပြီ” လူဝံအိုကြီး ချူဖုန်းကို သတိပေးလိုက်သည်။
ချူဖုန်း ခေါင်းညိမ့်ပြလိုက်ပြီး စစ်မြေပြင်ထဲသို့ ဝင်လာလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ နတ်ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။ သူသည် နတ်အလင်းနှင့် သွေးစွမ်းအင်များကို ထုတ်လွှတ်ကာ တည်ငြိမ်စွာ လျှောက်လာလိုက်သည်။
ချီလင်းသည် မလှုပ်မယှက်မတ်တပ်ရပ်နေပြီး ချူဖုန်းအား လက်ညှိုးထိုးလိုက်သည်။ “မင်း ဒီကိုလာပြီးတော့ အသက်စွန့်ရဲလား..”
သူ့အသံမှာ မောက်မာမှုများအပြည့်ပင်။ သူသည် ချူဖုန်းကို သူ့ပြိုင်ဘက်ဟုပင် မသတ်မှတ်။
နွားနှစ်ကောင်အပါအဝင် အရှေ့တိုင်းတပ်မှ မကျေနပ်သည့် ဘုရင်ကျွမ်းကျင်သူများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ချူဖုန်း စကားတစ်ခွန်းမှမပြောပဲ သူ့ကို ဤအတိုင်းသာ စိုက်ကြည့်နေလိုက်သည်။ သူ့ပုံစံအစစ်က အနောက်တိုင်းနဂါးတဲ့လား ဟက်..
“ငါ အရင်က နဂါးတစ်ကောင်ကို အမဲလိုက်ဖူးပြီးသား…” ချူဖုန်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ချီလင်း၏ အနီရောင်ဆံပင်များမှာ အလွန်မျက်စိပသာဒဖြစ်လှသည်။ တကယ်တမ်းတွင် သူ့တစ်ကိုယ်လုံးကို အနီရောင်မြူများ ရစ်သိုင်းနေပြီး သူမျက်တောင်ခတ်လိုက်သည်နှင့် လျှပ်စီးတန်းများ ထွက်ပေါ်လာသည်ပင်။ “ကမ္ဘာကြီးရဲ့ အတိမ်အနက်ကို မသိတဲ့ ဝမ်းတွင်းရူးကောင်..” ချီလင်း သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ချိတ်ဆွဲပြီး ပြောလာသည်။
နောက်ဆုံးတော့ သူ လှုပ်ရှားလာလေပြီ။ သူ့တစ်ကိုယ်လုံးမှ အလွန်ကြောက်စရာကောင်းလှသည့် သွေးစွမ်းအင်များ ထုတ်လွှတ်နေသောကြောင့် စစ်မြေပြင်တစ်ခုလုံး တုန်ခါလာသည်။
“ရွှေရောင်ခြင်္သေ့ဘုရင်တောင် သူ အသက်ရှင်နေတုန်းက ငါ့ကို မလေးမစားမလုပ်ရဲဘူး .. မင်းက ဘာမို့လို့ ငါ့ရှေ့မှာ ရဲရဲတင်းတင်းလာလုပ်နေတာလဲ..” ချီလင်း တည်ငြိမ်စွာ ချဉ်းကပ်လာပြီး ပြောလာသည်။
အနောက်တိုင်းတပ်မှလူများ ရယ်မောကာ ခေါင်းညိမ့်လာကြသည်။
“နဂါးမျိုးနွယ်စုဖြစ်တဲ့ အစ်ကိုချီလင်းမှာ ဒီလိုမျိုး အနိုင်မခံအရှုံးမပေးပဲ နိုင်ထက်စီးနင်းတဲ့စိတ်ထားမျိုး ရှိသင့်တယ် .. အဲဒီနတ်ဆိုးဘုရင်ချူကို ဖိနှိပ်ပြီးတော့ သူနဲ့အစ်ကို့ကြား ဘယ်လောက်တောင် ကွာခြားလဲဆိုတာ ပြလိုက်..”
အရှေ့တိုင်းတပ်မှ ကျွမ်းကျင်သူများ ဒေါသထွက်လာကြသည်။ သူတို့ ချူဖုန်းနှင့် မသိကြသော်လည်း ချူဖုန်းဘက်မှ ရပ်တည်လာကြသည်။
ခွန်းလွန်တောင်မှလူများမပြောနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေသည့်သူများပင် ဒေါသထွက်လာကြသည်။ ထို အနောက်တိုင်းနဂါးဟုခေါ်သည့်ကောင်မှာ အလွန်မောက်မာလှသည်။
ချူဖုန်း အသက်ရှင်နေသေးသည့်အတွက် သူတို့ ဝမ်းသာသော်လည်း စစ်မြေပြင်မှ အခြေအနေကို မြင်လိုက်ရသည့်အချိန် သူတို့ မပြုံးနိုင်တော့။
“မင်းက တော်တော်လေး ကြည့်ကောင်းသားပဲ..” ချူဖုန်း မျက်လုံးထြတွင် ထူးဆန်းသည့်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။
“ငါ ဒီလိုကစားပွဲမျိုးကိုကြိုက်တယ်..” ချူဖုန်း ခေါင်းညိမ့်၍ ပြောလိုက်သည်။
ချီလင်းမှာ ဒေါသထွက်မသွားပဲ အေးစက်စက်အမူအရာ ရှိနေဆဲပင်။ “မင်း ဗာတီကန်မှာ ပေါ်မလာခင်ကတည်းက မင်းကိုတွေ့တာနဲ့ သေချာပေါက် မင်းကို ဘယ်လိုမျိုးပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးမယ်လို့ ငါပြောဖူးတယ် .. ဒီစကားက အခုထိ တည်တုန်းပဲ..” ချီလင်း ချူဖုန်းကို ရွံရှာစွာ ကြည့်၍ ပြောလိုက်သည်။
“မှတ်ထား .. ငါက မင်းကိုသတ်ဖို့လာတာ .. အသေအကြေတိုက်ဖို့မဟုတ်ဘူး .. မင်းမှာ ငါနဲ့တိုက်ခိုက်ဖို့အရည်အချင်း မရှိသေးဘူး..”
ဤစကားလုံးများမှာ နိုင်လိုမင်းထက်ဆန်လွန်းလှသည်ပင်။ သူ့ပြိုင်ဘက်မှာ မည်သူပဲ ဖြစ်နေပါစေ သေချာပေါက် စိတ်ပျက်သွားကာ မသက်မသာ ခံစားရမည်ပင်။
ချူဖုန်းလည်း ချွင်းချက်မဟုတ်ခဲ့။
အနောက်တိုင်းတပ်မှ လူများကတော့ သဘောတူကြောင်း ခေါင်းညိမ့်လာကြလေသည်။
“ဘယ်လိုမျိုးပြုမူနေထိုင်ရမလဲဆိုတာ ငါမင်းကို ဒီနေ့သင်ပေးမယ် .. မဟုတ်ရင် မင်းရဲ့ သားရဲပုံစံနဲ့ဆိုရင် လူ့ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေဖြစ်ဖို့ ခက်လိမ့်မယ် .. ပုံစံပြောင်းတာက မင်းရဲ့ ရုပ်ဆိုးတဲ့ ပုတ်သင်ညိုပုံစံကို ခဏလေးပဲ ဖုန်းကွယ်ထားနိုင်လိမ့်မယ်” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။
ဝုန်း..
တိုက်ပွဲကြီး စတင်လေပြီ။
ချီလင်းသည် နတ်အလင်းတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ပြေးလာသည်။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် မူလနေရာမှ ပျောက်ကွယ်သွားကာ ချူဖုန်းရှေ့၌ ပေါ်လာသည်။ ထို့နောက် အနီရောင်မြူများ ရစ်သိုင်းနေသည့်လက်သီးဖြင့် ချူဖုန်းကို ထိုးလာသည်။
လက်သီးတစ်ချက်တည်းဖြင့် လေဟာနယ် ပေါက်ကွဲသွားလေ၏။ ဤလက်သီးချက်မှာ တောင်ထိပ်တစ်ခု တစ်စစီဖြစ်သွားရန် လုံလောက်သည်။ အခြား အချုပ်အနှောင်လေးခု၊ ငါးခု ချိုးဖျက်ထားသည့်သူဆိုလျှင် ဤကဲ့သို့သော လက်သီးချက်ကို ခုခံနိုင်မည်မဟုတ်။ ချက်ချင်း သွေးမြူတစ်ခု ဖြစ်သွားလိမ့်မည်။
ချီလင်းသည် ချူဖုန်းကို မိုးကြိုးလက်သီးချက်တစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်လိုက်ကာ အရှေ့တိုင်းတပ်အား သူ့ခွန်အားကို ပြသလိုခြင်းပင်။
ချူဖုန်း ထိုလက်သီးကို မရှောင်ပဲ နွားနတ်ဆိုးလက်သီးကို အသုံးပြုလိုက်သည်။ ထို့နောက် သူ့ညာလက်သီးတောက်ပလာကာ ချီလင်းကို လက်သီးကို ခုခံလိုက်သည်။ သူ့တိုက်ခိုက်မှုလည်း လေဟာနယ်အား ပေါက်ကွဲသွားစေခဲ့သည်ပင်။
စစ်မြေပြင်မှာ မိုးကြိုးပစ်ကွင်းကဲ့သို့ ဖြစ်သွားပြီး ကျယ်လောင်လှသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ချူဖုန်း အနောက်တိုင်းနဂါး၏ စွမ်းအားကြီးသည့်လက်သီးချက်အား မခုခံနိုင်မည်စိုးသောကြောင့် အရှေ့တိုင်းတပ်မှလူများ အလွန်စိုးရိမ်လာကြသည်။
အနောက်တိုင်းတပ်မှ လူများကတော့ စိတ်အေးလက်အေးဖြင့် ပျော်ရွှင်စွာ စကားပြောနေကြလေသည်။ ချူဖုန်း ချီလင်းဘုရင်၏ပြိုင်ဘက်ဖြစ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။ ချူဖုန်းမှာ ချီလင်းနှင့် အဆင့်ပင်မတူ။
ရှီလာကတော့ ချွင်းချက်ပင်။ သူ့အကြည့်များမှာ အုံ့ဆိုင်းနေပြီး သူ့သံသယများလည်း ပို၍ ကြီးထွားလာသည်။
ရှုလင်ကျောင်းမှ လူဝံအိုကြီး သူ့ကို သေချာကြည့်နေသည်ပင်။ သူ လှုပ်ရှားလိုက်သည်နှင့် လူဝံအိုကြီး ချက်ချင်း တားဆီးကာ သူနှင့် တိုက်ခိုက်လာမည်ပင်။
ဝုန်း…
ကျယ်လောင်လှသည့် ပေါက်ကွဲသံများကြားတွင် စစ်မြေပြင်တစ်ခုလုံး ကသောင်းကနင်း ဖြစ်လာသည်။ ငလျင်ဗဟိုချက်နှစ်ခုကို ကပ်ထားလိုက်သကဲ့သို့ သူတို့နှစ်ဦးကြားမှ ကြောက်စရာကောင်းသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။
အလင်းတန်းများမှာ တောက်ပလွန်းလှသောကြောင့် လူများမှာ မျက်လုံးပင် မဖွင့်နိုင်တော့။
သူတို့စွမ်းအင်များကြောင့် သူတို့ဆံပင်များပင် လေထဲ လွင့်မျောလာသည်။ သူတို့လက်သီးများ ထိတွေ့သွားသည်နှင့် ကျယ်လောင်လှသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..
အနောက်တိုင်းတပ်မှ လူများအားလုံး တုန်လှုပ်သွားကြသည်။ ပထမဆုံးလက်သီးချက်တွင် ချီလင်း၏နဂါးသွေးပါဝင်သော်လည်း ချူဖုန်း ထိုလက်သီးချက်ကို တားဆီးလိုက်နိုင်သည်။
လူများအားလုံး မျက်လုံးများ ပြူးကျယ်လာကြသည်။
အစက အားလုံး စိတ်အေးလက်အေးဖြစ်နေကြသော်လည်း ယခုတော့ သူတို့အမူအရာများ လေးနက်လာသည်။
ဝုန်း..
ကမ္ဘာမြေကြီး အက်ကွဲလာကာ ကျောက်တုံး၊ ကျောက်ခဲများ လွင့်စင်လာကာ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။
ခွပ်..
ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုများ တိုက်ခိုက်ပြီးနောက် သူတို့ ယာယီနောက်ဆုတ်လိုက်သည်။
သူတို့နှစ်ဦး အနီးကပ် တိုက်ခိုက်နေကြသောကြောင့် သူတို့ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မမြင်ရတော့။
အရိပ်နှစ်ခုကိုသာ မြင်ရတော့သည်။
ဤကဲ့သို့သော စွမ်းအားမျိုးကို သာမန်လူများ နားမလည်နိုင်ကြ။ သူတို့မြေပေါ်သို့ ခြေချလိုက်သည်နှင့် မြေပြိုသွားလိမ့်မည်ပင်။
ဂီး..
ချီလင်း ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူ အလွန်စက်ဆုပ်သည့်ပြိုင်ဘက်ကို ချက်ချင်း အဆုံးမသတ်နိုင်တော့ဘူးထင်သည်။
“နဂါးနဲ့ကျားနဲ့ အာဏာအတွက် ယှဉ်ပြိုင်ကြတော့မယ်..” ချူဖုန်း ရှင်းယီလက်သီး၏ နောက်ဆုံးပညာကို အသုံးပြုလိုက်သည်။ သူ့လက်များကြားမှ အရှေ့တိုင်းနဂါးနှင့် ကျားပုံ ပေါ်လာပြီး ချီလင်းထံသို့ တရှိန်ထိုး ပြေးသွားသည်။
ဤသည်မှာ ကိုယ်ကာယအား တိုက်ခိုက်ခြင်းပင်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် နဂါးတစ်ကောင်နှင့် ကျားတစ်ကောင်အဖြစ်သို့ ပုံစံပြောင်းသွားသည်။ ဤပုံရိပ်များမှာ အလွန်ရှင်းလင်းပြတ်သားပြီး စွမ်းအားကြီးသည့်အော်ရာလည်း ရှိနေသည်။ စစ်မြေပြင်တစ်ခုလုံးတွင် နဂါးနှင့် ကျားအော်သံများ ပြည့်နှက်သွားတော့သည်။
ခွပ်..
နဂါးနှင့်ကျားကြောင့် ချီလင်း အဝေးသို့ လွင့်ထွက်သွားပြီးမှ ရပ်တန့်သွားသည်။
ထိုအခိုက်အတန့် သူ့အော်ရာ ပေါက်ကွဲထွက်လာကာ ဘေးနားပတ်လည်မှ မြေကြီးနှင့် ကျောက်တုံးများ ကြေမွသွားသည်။ ထို့နောက် နဂါးဟိန်းသံများ ထွက်ပေါ်လာလေ၏။
သူ၏အသက်ရှူသည့်စည်းချက်ကို ထိန်းညှိလိုက်သည်နှင့် သူ၏နှာဖျားနှင့် ပါးစပ်မှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏နဂါးသွေးမျိုးဆက် နှိုးထခြင်းမှ ရရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုပင်။
တပ်ဖွဲ့နှစ်လုံးမှ တပ်သားများ၊ အထူးသဖြင့် အရှေ့တိုင်းတပ်သားများ ထိတ်လန့်သွားရသည်။ သူ၏ခွန်အားကို သူတို့ အာရုံခံနေနိုင်သည်ပင်။ သူသည် သေချာပေါက် ကြောက်စရာကောင်းသည့် နဂါးမျိုးနွယ်စုစစ်သည်တစ်ဦးပင်။
ချီလင်းဘုရင်သည် မီတာရာပေါင်းများစွာဝေးကွာနေရာမှ ရုတ်တရက် ချူဖုန်းရှေ့ပေါ်လာကာ လက်သီးတစ်ချက် ပစ်လွှတ်လာသည်။
ဝုန်း..
ထိုလက်သီးချက်တွင် လျှပ်စီးနှင့်တူသည့် အနီရောင်နတ်အလင်းတန်းတစ်ခု ပါဝင်နေသည်။ ဤလက်သီးချက်တွင်း ရွှေရောင်ခြင်္သေ့ဘုရင်ပင် မနာလိုဖြစ်ရမည့် စွမ်းအားများ ပါဝင်နေသည်။
ဤလက်သီးနှင့် မထိမိသော်လည်း ကမ္ဘာမြေကြီးသည် ဥက္ကာခဲတစ်ခုနှင့် တိုက်မိသကဲ့သို့ စတင်အက်ကွဲလာသည်။
ချူဖုန်းသည် သူ၏ထူးခြားသည့်အသက်ရှူစည်းချက်အား အသက်သွင်းပြီးသားဖြစ်သောကြောင့် သူ မကြောက်။ သူ့အသက်ရှူလမ်းကြောင်းအတွင်း၌ အဖြူရောင်မြူများ လှည့်ပတ်လာသည်။
သူ့ခန္ဓာကိုယ်တစ်လက်မတိုင်းနှင့် သူ့ဆံပင်များမှပင် တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည်။
“ငါ မင်းကို သတ်မယ်..”
ချီလင်း ထိုလက်သီးဖြင့် ချူဖုန်းထံသို့ ခုန်ဝင်လာသည်။
သူတို့နှစ်ဦးသည် လျှပ်စီးကဲ့သို့သောအမြန်နှုန်းဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လာကြသည်။
ဝုန်း..
ချီလင်းသည် သူ့စွမ်းအားအကုန်လုံးကို အသုံးပြုကာ မီတာပေါင်း ရာပေါင်းများစွာ ရှည်လျားသည့် အလင်းတန်းတစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက် ချူဖုန်းကိုသတ်ကာ တိုက်ပွဲအား အဆုံးစေနိုင်မည့် လက်သီးချက်ဖြင့် ချူဖုန်းအား တိုက်ခိုက်လာသည်။
လေဟာနယ် တုန်ခါလာပြီး ကမ္ဘာမြေကြီးလည်း ငလျင်လှုပ်ကာ ပျက်စီးသွားပြီး တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့နှစ်ဦးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် မီတာပေါင်း ရာပေါင်းများစွာသို့ ရောက်ရှိသွားပြီး တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်လာသည်။
ဖူး..
တောက်ပသည့်အလင်းတန်းများကြားမှ လတ်ဆတ်သည့်သွေးများ လွင့်စင်လာသည်။ ထို့နောက် သွေးလွှမ်းနေသည့်ပုံရိပ်တစ်ခု မီတာသုံးရာထိ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ကျသွားသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”
အနောက်တိုင်းတပ်မှ လူအားလုံး တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသွေးလွှမ်းနေသည့်ပုံရိပ်မှာ ချူဖုန်းမဟုတ်ပဲ ချီလင်းဖြစ်နေသည်ပင်။
ချူဖုန်း စစ်မြေပြင်ထဲ၌ ရပ်နေကာ ထာဝရအော်ရာကို ထုတ်လွှတ်နေသည်။ သူ့အဝတ်အစားများ စုတ်ပြဲနေသည်မှလွဲ၍ ဘာဒဏ်ရာမှ ရမထား။
“နဂါးမျိုးနွယ်စုက ဒီလောက်ပဲ လုပ်နိုင်တာလား..” သူ ချီလင်းကို ငုံ့ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။
အပိုင်း ၁၉၂ ပြီး၏။