ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၁ – ခွန်းလွန်တောင်
ယခုအချိန်တွင် ချူဖုန်းမျက်လုံးများ တောက်ပနေသည်။ နောက်ဆုံးတော့ ခန္ဓာကိုယ်တုတ်ခိုင်သည့် အင်အားကြီးပြိုင်ဘက်ကို သူ တွေ့လိုက်ရလေပြီ။ ချူဖုန်း ဝှစ်ခနဲ ရှေ့တက်လာပြီး လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။
ဤသားရဲနာမည်မှာ ဟောက်စ်ပင်။ သူ့ပြိုင်ဘက်မျက်လုံးများ အစိမ်းရောင်တောက်နေပြီး လိုချင်တောင့်တသည့်အမူအရာဖြစ်နေသည်ကို တွေ့လိုက်ရသည့်အချိန် သူ မသက်မသာဖြစ်သွားကာ ကြောက်ရွံ့သွားရသည်။
သူ့ပြိုင်ဘက်မှာ ပုံမှန်မဟုတ်ဟု ဟောက်စ်ခံစားလိုက်ရသည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင်မှ ပြိုင်ဘက်ကင်းအလှလေးအား ကြည့်နေသကဲ့သို့ပင်။
“သွားသေလိုက်တော့..”
ထိုအကြည့်ကို မခံနိုင်တော့ပဲ ဟောက်စ် ဟစ်ကြွေးလိုက်သည်။ အသက်စွမ်းအင်များ ထွက်ပေါ်လာပြီး သူ့လက်ဝါးသည် နေလုံးတစ်လုံးကဲ့သို့ တောက်ပလာသည်။
ဝုန်း..
မီးတောင်နှစ်ခု ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်လှသည့် အပူလှိုင်းများ ထွက်ပေါ်လာပြီး လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လေပွေသည် ကျောက်တုံးကြီးများကို ဆွဲယူသွားကာ လေထဲပေါက်ကွဲသွားစေခဲ့သည်။
သူတို့နှစ်ဦး ဆယ်မီတာကျော်ခန့် နောက်ဆုတ်သွားပြီး သူတို့ တိုက်ခိုက်ခဲ့သည့်မြေပြင်တွင် နက်ရှိုင်းလှသည့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။
ချူဖုန်း အံ့အားသင့်သွားခဲ့ရသည်။ အခြားကျွမ်းကျင်သူများ အာရုံစိုက်လာမည်ကို မလိုလားသောကြောင့် သူခွန်အားကို ဖိနှိပ်ထားခဲ့သော်လည်း ဤတိုက်ခိုက်မှုမှာ သာမန်ကျွမ်းကျင်သူများ ခုခံနိုင်ရန် ခက်ခဲမည့်တိုက်ခိုက်မှုပင်။
ဟောက်စ်လည်း အံ့အားသင့်သွားရသည်။ သူသည် အချုပ်အနှောင်လေးခုကို ဖြတ်တောက်ထားသားပြီးသော်လည်း သူ့အော်ရာအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သည်။ ဤသည်မှာ ယခုကဲ့သို့ အရေးကြီးသည့်အချိန်တွင် ရန်သူကို တစ်ချက်တည်း အပြတ်ရှင်းရန်အတွက်ပင်။
သို့သော် အဆုံးတွင် သူ ထိတ်လန့်ကာ စိတ်ပျက်ခဲ့ရသည်။
ချူဖုန်း ရယ်မောလိုက်၏။ သားကောင် အင်အားကြီးလေ စားလို့ကောင်းလေလေပင်။
“လိင်တူကြိုက်တဲ့နှာဗူးကောင် .. ငါ မင်းကို သတ်ပစ်မယ်..” ဟောက်စ်၏ အညိုရောင်ဆံပင်များ လေနှင့်လွှင့်မျောလာသည်။ သူ ရှီဟောင်၏အကြည့်များကို သည်းမခံနိုင်တော့။
အထူးသဖြင့် ချူဖုန်း သွားရေကျလာသည်ကို မြင်လိုက်ရသည့်အချိန် သူ့တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။
ချူဖုန်း ပျော်ရွှင်စွာ ရယ်မောနေခဲ့ခြင်းဖြစ်သော်လည်း ထိုစကားများ ကြားလိုက်ရသည့်အချိန်တွင် သူ့အပြုံးများ အေးခဲသွားရသည်။ ဒီသခင်လေးက သူ့ကို အထင်လွဲနေတာလား
သူသာ ဤသည်ကို သည်းခံနိုင်လျှင် သူ မလုပ်နိုင်သည်မှာ ဘာမှရှိတော့မည်မဟုတ်တော့။ ချူဖုန်း ဤလူကို သင်ခန်းစာပေးရန် ပြေးသွားလိုက်သည်။
သူတို့နှစ်ဦး နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြပြီး စွမ်းအင်လှိုင်းများကြောင့် ကျောက်တုံးများ၊ သဲများ ကောင်းကင်ထက်သို့ လှိုက်တက်သွားသည်။ တိုက်ခတ်နေသည့်လေများပင် သားရဲတစ်ကောင် အော်ဟစ်မြည်ကြွေးနေသကဲ့သို့ပင်။
စစ်မြေပြင်အပြင်ဘက်မှ လူများမှာ စိတ်လှုပ်ရှားလာကြသည်။ ဤနှစ်ယောက်မှာ အလွန်စွမ်းအားကြီးလှသည်။
နောက်ဆုံး ချူဖုန်း သည်းမခံနိုင်တော့။ သူသည် ထိုမကောင်းဆိုးဝါးအိုကြီးနှင့် တိုက်ခိုက်လျှင် ဤလူများအား အံ့အားသင့်သွားအောင် လုပ်ပေးရန်အတွက် သူ့ဝှက်ဖဲများကို မသုံးပဲ နေနေခဲ့ခြင်းပင်။
သူသာ ဤကဲ့သို့စွမ်းအားကြီးသည့်တပ်သားအား ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြင့် အနိုင်ယူလိုက်ပါက ရှီလာနှင့် နဂါးနက်ကဲ့သို့သောလူများ သေချာပေါက် အာရုံစိုက်လာကြလိမ့်မည်။
ဝန်ခံရလျှင်တော့ ဤဟောက်စ်မှာ အတော်လေး စွမ်းအားကြီးလှသည်။ အနောက်တိုင်းတပ်မှ လူများပင် အံ့အားသင့်သွားခဲ့ကြရသည်။ သူသည် အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူဖြစ်ကြောင်း မည်သူမှ မသိကြ။
ဝုန်း..
ဟောက်စ် ဒေါသထွက်လာသည်။ သူ့ဝှက်ဖဲများအသုံးပြုပြီးပြီဖြစ်သော်လည်း သူ့ရန်သူကို မသတ်နိုင်သေး။
“နှာဗူးကောင် .. သွားသေလိုက်တော့..” ဟောက်စ် ဟစ်ကြွေးလိုက်သည်။ သူ့အညိုရောင်ဆံပင်များသည် အနောက်ဘက်တွင် လွင့်ပျံနေကာ လျှပ်စီးတစ်တန်းကဲ့သို့ လှုပ်ရှားလာလေသည်။
သူသည် ဒဏ္ဍာရီလောကထဲမှ လောကကြီးထဲသို့ ဆင်းသက်လာသည့် အလင်းနတ်ဘုရားကဲ့သို့ပင်။ သူ စွမ်းအားကြီးသည့်စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်သည်နှင့် မီတာပေါင်း ရာပေါင်းများစွာရှည်သည့် အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာမြေကြီးသည် ချော်ရည်ကန်ကြီးအဖြစ် အရည်ပျော်သွားကာ ဆယ်မီတာကျော်မြင့်သည့် အနီရောင်လှိုင်းများ ဖြစ်ပေါ်လာသည်။
ဤသည်မှာ နေစွမ်းအင်ပါဝင်သည့် နတ်ဘုရားကဲ့သို့သောစွမ်းရည်ပင်။ ဤသည်မှာ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် အရည်ပျော်ကျသွားရန် လုံလောက်သည်။
“သူက အဲဒီလောက်တောင် စွမ်းအားကြီးတာလား..”
နှစ်ဖွဲ့လုံးမှ လူများ အံ့အားသင့်သွားရသည်။
ဤမြင်ကွင်းကိုမြင်ပြီးနောက် နွားနှစ်ကောင်အမူအရာ ပြောင်းလဲသွားသည်။ အစက သူတို့သွားတိုက်ချင်သော်လည်း ချူဖုန်း သူတို့ထက် အရင်လုသွားခဲ့သည်ပင်။
ချူဖုန်းမှာ အကြောက်တရားကင်းမဲ့နေဆဲ။ သူသည် လက်သီးတစ်ချက်တည်းဖြင့် လှိုင်းများကို ဖြတ်ကျော်သွားခဲ့သည်။
ခွပ် ခွပ် ခွပ်..
ဆက်တိုက် တိုက်ခိုက်ပြီးနောက် ဤနေရာတစ်ခုလုံးမှာ ပျက်စီးလုနီးပါး ဖြစ်သွားသည်။ မြေပြင်ထက်၌ အဆုံးမရှိသည့် ချော်ရည်လှိုင်းများ ရှိနေပြီး ချူဖုန်းအား ဆက်တိုက်ပင် တိုက်ခိုက်လာသည်။
ဟောက်စ်မျက်လုံးထဲတွင် အကြောက်တရားများ ဖြစ်ပေါ်လာသည်။ သူ့ချော်ရည်လှိုင်းများ ပြိုင်ဘက်အား မလောင်ကျွမ်းနိုင်သည်ကို သူ မယုံကြည်နိုင်သေး။
သူသည် မီးနတ်ဘုရားတစ်ပါးကဲ့သို့ လေထဲ၌ ရပ်နေပြီး အောက်ဘက်မှ ချော်ရည်လှိုင်းများကို ထိန်းချုပ်နေခဲ့သည်။
ချူဖုန်း ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးကို တောက်ပသည့်အလင်းတန်းတစ်ခု လွှမ်းခြုံသွားသည်။
သူသည် ချော်ရည်လှိုင်းများကို မကြောက်ပဲ လျင်မြန်စွာပင် ရှေ့တိုးသွားလိုက်သည်။
ဝုန်း..
သူသည် ချော်ရည်ကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်ကာ ပူလောင်နေသည့်မီးတောက်များကို ပျက်ပြယ်စေလိုက်သည်။ ထို့နောက် လေထဲသို့ ခုန်တက်ကာ ဟောက်စ်ထံသို့ ဦးတည်သွားလိုက်သည်။
အဝေးမှ သတင်းထောက်များနှင့် အေးဂျင့်များမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ သူတို့အတွက်တော့ ဤတိုက်ပွဲမှာ အိပ်မက်ဆန်နေသည်။
သိထားရမည်မှာ ထိုနေရာသည် အစက မြေပြင်တစ်ခုသာရှိပြီး မည်သည့်မီးတောင်မှ ရှိမနေပေ။ သို့သော် ယခုတော့ မီးတောက်များနှင့် ချော်ရည်များ ကမ္ဘာမြေကြီးနှင့်ကောင်းကင်ကို ဖုံးလွှမ်းနေလေပြီ။
တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မြင်လိုက်ရသည့် အပြင်မှလူများလည်း ထိတ်လန့်သွားကြရသည်။
“အဲဒီလူက ချူဖုန်းနဲ့ မတူဘူးလား..”
သူ၏ရင်းနှီးနေသည့်ပုံရိပ်ကို တွေ့သည်နှင့် အပြင်လောကမှလူများ ထိတ်လန့်သွားကြရသည်။
သေသွားတဲ့လူတစ်ယောက်က ဘယ်လိုလုပ် ပြန်ရှင်လာနိုင်တာလဲ..
သို့သော် လူများမှာ သူတို့သံသယကို အတည်မပြုနိုင်ဖြစ်နေကြသည်။ တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာမှာ တိုက်ပွဲဖြစ်နေသည့်နေရာနှင့် ဝေးလွန်းသောကြောင့် သူတို့သွင်ပြင်ကို သေချာမမြင်ရ။
ထို့အပြင် ထိုအရှေ့တိုင်းလူထံတွင် နေမင်းကဲ့သို့ တောက်ပနေသည့် ခါးထိရှည်သည့် ဆံပင်များရှိနေသေးသည်။ ဤသည်မှာ သူတို့သိထားသည့် ချူဖုန်းနှင့် မတူ။
အချိန်တိုအတွင်း ဆံပင်များ ဤမျှထိ ရှည်မလာနိုင်။
ခွပ်..
ချူဖုန်း သူ့ပြိုင်ဘက်ကို လက်သီးတစ်ချက်တည်းဖြင့် ရိုက်ချလိုက်သည်။
အရှေ့တိုင်းတပ်မှ ဘုရင်များအားလုံး ဆွံ့အသွားရသည်။ သူ ဒါကို ထပ်စားဦးမှာလား.. ချူဖုန်း၏တောက်ပနေသည့် မျက်လုံးများအား တွေ့လိုက်ရသည့်အချိန် သူတို့ ရယ်ချင်သော်လည်း ရယ်သံများ ထွက်မလာခဲ့။
“သူ့ကိုတား..”
အနောက်တိုင်းတပ်မှ ဘုရင်အုပ်စု အော်ဟစ်လာကြပြီး အချို့မှာ တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်လာကြသည်။ သို့သော် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။
ချူဖုန်း၏မျက်လုံးများ တောက်ပနေပြီး အမြန်ဆုံးအရှိန်နှုန်းဖြင့် ပြေးလိုက်သည်။ သူ စားသောက်ရန် ပြင်ဆင်ရမည်။ နောက်ဆုံးတော့ သူ၏ဗိုက်ဆာနေသည့် ပြဿနာကို ဖြေရှင်းနိုင်တော့မည်။
“နှာဗူးကောင် .. ငါ့ကို အခုသတ်လိုက်..” ဟောက်စ် အော်ဟစ်လိုက်၏။ ယခု သူ တကယ်ကို ကြောက်နေလေပြီ။
“လတ်လတ်ဆတ်ဆတ်ပြင်ဆင်ရင် ပိုကောင်းတယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။
“နှာဗူးကောင်..” ဟောက်စ် သနားစဖွယ် အော်ဟစ်လိုက်သည်။
အနောက်တိုင်းတပ်မှ အော်ဟစ်သံများ၊ ကျိန်ဆဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အချို့လူများသည် သူတို့ရဲဘော်ကို ကယ်တင်ရန် ထွက်လာသော်လည်း နောက်ကျလွန်းသွားလေပြီ။
နွားနှစ်ကောင်သည် အနောက်ပိုင်းကိုရှင်းကာ ချူဖုန်းနှင့်အတူ နောက်ဆုတ်လာခဲ့လိုက်ကြသည်။
ထို့နောက်တွင်တော့ ခွန်းလွန်တောင်ခြေတွင် မီးပုံတစ်ပုံ ထပ်မံတောက်လောင်လာသည်။ နှင်းကျားသစ်ဘုရင်တို့လည်း ပြင်ဆင်ရန် ရောက်လာကြလေ၏။
“အာ မင်းက ငါ့ကို စားချင်နေတာလား.. ငါထင်တာ..” သူ အတွေးလွန်နေမှန်း သိသွားသည်နှင့် ဟောက် စူးနင့်စွာ အော်ဟစ်လိုက်သည်။
သို့သော် ယခုအခြေအနေလည်း ပိုကောင်းမနေပေ။
ခွပ်..
ချူဖုန်းသူ့ကို တစ်ချက်တည်းဖြင့် သတိလစ်သွားအောင် လုပ်လိုက်သည်။ သူ လူသားပုံစံကို မစားချင်။
“သူက .. ကြွက်လား..”
ဟောက်စ်၏မူလပုံစံမှာ ချူဖုန်းကို အံ့အားသင့်သွားစေခဲ့သည်။
အခြားသူများလည်း ဆွံ့အသွားကာ ငေးကြောင် ကြည့်လာကြသည်။
ဟောက်စ်၏ မူလပုံစံမှာ ဆင်တစ်ကောင်နီးပါးရှိသည့် ကြွက်ကြီးတစ်ကောင်ပင်။ သူ့ခန္ဓာကိုယ်သည် မီတာပေါင်းများစွာ ရှည်လျားပြီး အညိုရောင်အမွှေးရှည်များ ဖုံးလွှမ်းနေသည်။
“ကြွက်လား .. ငါ ဒါကို မစားချင်တော့ဘူး..” ချူဖုန်း အံကြိတ်၍ ပြောလိုက်သည်။
မြွေဆိုလျှင်ပင် သူ လက်ခံ၍ ရသေးသည်။
“သူ့ကို စစ်အကျဉ်းထောင်ထဲ ချုပ်ထားလိုက်”
အခြားဘုရင်များလည်း ဆွံ့အသွားခဲ့ကြသည်။
“ဟောက်စ်ကို လွှတ်ပေး..”
“အရှေ့တိုင်းက ဘယ်သူက ငါနဲ့တိုက်ရဲလဲ..”
တစ်စုံတစ်ယောက်မှ စိန်ခေါ်လာသည်။
အနောက်တိုင်းမှ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး လေထဲ၌ ရပ်တန့်လျက် သူ အတောင်ပံခတ်လိုက်တိုင်း စွမ်းအားကြီးသည့် ဘုရင်အဆင့်အော်ရာများ ထုတ်လွှတ်နေသည်။
ဝုန်း..
မည်သူမှ မတုံ့ပြန်ရသေးခင်မှာပင် ချူဖုန်း အသံအတားအဆီးကို ထိုးဖောက်ကာ စစ်မြေပြင်ထဲသို့ ဝင်ရောက်သွားသည်။
သူ့ဘယ်လက်တွင် ကြောက်စရာကောင်းသည့် လျှပ်စီးအလင်းတန်းများ ထုတ်လွှတ်ကာ သူ့အားစိန်ခေါ်သည့်သူကို အချက်ရေအနည်းငယ်ဖြင့် အဆုံးသတ်လိုက်သည်။ ထို့နောက် သူ့အစားအစာကိုဆွဲကာ ပြန်လှည့်ပြေးလာခဲ့လေသည်။
“သူ့ကိုသတ်..”
နဂါးနက်မှာ အတော်လေး ဒေါသထွက်နေပြီဖြစ်သည်။ ဤကောင်သည် အနောက်တိုင်းတပ်တစ်ခုလုံးကို မျက်စိထဲမထည့်ပဲ သူတို့ကျွမ်းကျင်သူများကို သတ်ဖြတ်ကာ ဖမ်းယူသွားနေသည်။
ရှီလာကတော့ ချူဖုန်းကိုသာ စိုက်ကြည့်နေလေ၏။ သူ့စိတ်ထဲ သံသယများစွာ ဖြစ်ပေါ်နေပြီး လှိုင်းထနေသည်။
ဝုန်း..
ရှီလာကိုယ်တိုင် လှုပ်ရှားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။ ကောင်းကင်ထက်၌ နေလုံးကြီးတစ်လုံး လှုပ်ရှားနေသကဲ့သို့ နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချူဖုန်းထံသို့ ဦးတည်သွားနေသည်ပင်။
“ခင်ဗျား စည်းကျော်သွားပြီ .. ခင်ဗျားက မျှတတဲ့စစ်ပွဲကို နှောက်ယှက်ဖို့ ကြံစည်နေတာလား..” လူဝံအိုကြီး အော်ဟစ်လိုက်ကာ ထိုအလင်းတန်းကို သူ့လက်ဝါးမှ အလင်းတန်းဖြင့် ချေဖျက်လိုက်သည်။
ထိုအခိုက်အတန့် ချူဖုန်းကတော့ စခန်းသို့ ပြန်ရောက်နေပြီး သူ့သားကောင်အသစ်ကို ကင်စားရန် ပြင်ဆင်နေပြီဖြစ်သည်။ ယခုတစ်ခေါက်တော့ မည်သည့်အံ့ဩစရာမှ ဖြစ်မလာဖို့ မျှော်လင့်မိသည်။
“စာကလေးလား..”
အားလုံး ထိတ်လန့်သွားရ၏။ ဤစာကလေး၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားလှသည်။ ချူဖုန်း၏လွှမ်းမိုးမှုကြောင့် ဘုရင်အဆင့်ကျွမ်းကျင်သူများစွာလည်း အသားကင်ပွဲတွင်ပါဝင်လာကြသည်။ ခဏကြာပြီးနောက် အသားကင်နံ့များ လေထဲပျံ့လွင့်လာတော့သည်။
အနောက်တိုင်းတပ်မှ လူများမပြောနှင့် အရှေ့တိုင်းတပ်မှလူများပင် ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။
တစ်ဖက်အဖွဲ့ လူများမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
ဤသည်မှာ စစ်မြေပြင်ဖြစ်သော်လည်း တစ်ဖက်တပ်ဖွဲ့မှ အသားကင်နံ့များ ထွက်နေသည်။
“နောက်ဆုံးတော့ ဗိုက်ဆာနေတဲ့ ခံစားချက်ကြီး ပျောက်သွားပြီ..” ချူဖုန်း ကျေနပ်စွာ ပြောလိုက်သည်။
ထို့နောက် လေထုအခြေအနေမှာ ထူးဆန်းနေကြောင်း သူတွေ့လိုက်ရသည်။ ကျွမ်းကျင်သူများစွာသည် သူ၏လွှမ်းမိုးခြင်း ခံလိုက်ရကာ အားလုံး ပျော်ရွှင်စွာ စားသောက်နေကြသည်ပင်။
“ချူဖုန်း မင်းငါနဲ့ တိုက်ရဲလား .. ငါ မင်းကို လက်တစ်ဖက်တည်းနဲ့ သတ်ပြမယ်..”
လူအုပ်ထဲမှ လူတစ်ဦး ထွက်လာကာ မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ သူ လမ်းလျှောက်လိုက်တိုင်း ကမ္ဘာမြေကြီး တုန်ခါသွားကာ သူ့တစ်ကိုယ်လုံးမှ နဂါးအော်ရာ ထုတ်လွှတ်နေလေသည်။
ချီလင်းဘုရင် ပေါ်လာလေပြီ။ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် သူဖြစ်သောကြောင့် သူ့စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။
ချူဖုန်းသည် ဗာတီကန်သို့ မသွားခင်ကတည်းက ဤချီလင်းဘုရင်နှင့် ရန်သူဖြစ်ပြီးသားပင်။ ချူဖုန်းသာ ဗာတီကန်သို့ ရောက်လာပါက သူ ပြုမူနေထိုင်ပုံကို သင်ပေးမည်ဖြစ်ကြောင်း ချီလင်းဘုရင်ကြေငြာခဲ့သည်ပင်။
ဗိုက်ပြည့်အောင် စားပြီးသည်နှင့် ချူဖုန်း သူ့လက်ထဲမှ စာကလေးအတောင်ပံရိုးကို ပစ်ထုတ်လိုက်ပြီး ထရပ်လိုက်သည်။
“ဘာမှ ထိန်းချုပ်ထားစရာမလိုဘူး .. ငါတို့နဲ့ သူတို့ရဲ့ အဆင့်မြင့်ကျွမ်းကျင်သူတွေကြားက တိုက်ပွဲက ရှောင်လွဲလို့ရမှာမဟုတ်ဘူး .. အဲဒီအနောက်တိုင်းနဂါးကို သတ်ပြီးတော့ သူ့ရဲ့ မောက်မာနေတဲ့စရိုက်ကို နင်းချေပစ်လိုက်”
“ဟုတ်ကဲ့..” ချူဖုန်း ခေါင်းညိမ့်လိုက်ပြီး ထွက်သွားလိုက်သည်။
အသက်လုပွဲကြီး စတင်တော့မည်…
သူ ဘာကိုမှ မစိုးရိမ်။ လူဝံအိုကြီးပင် ရှေ့တန်းထွက်လာသောကြောင့် ဤသည်မှာ သူတို့ လုံလောက်အောင် ပြင်ဆင်ထားသည်ဟု ဆိုလိုခြင်းပင်။
ရှီလာမှာ အလွန်စိတ်တိုနေပြီဖြစ်ပြီး ချူဖုန်းကို သတ်ဖြတ်နိုင်ရန် အလွန်အရေးကြီးကြောင်း ချီလင်းအား ထပ်ခါတလဲလဲ သတိပေးလာသည်။
အဝေးမှ သတင်းသမားများနှင့် အေးဂျင့်များ အံ့အားသင့်သွားကြရသည်။ သူတို့ ချူဖုန်းလို့ ကြားလိုက်တာလား ..
တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည့်သူများလည်း အံ့အားသင့်သွားရသည်။ သူက တကယ် ချူဖုန်းပဲ .. သူက အသက်ရှင်နေသေးတဲ့အပြင် ခွန်းလွန်တောင်မှာတောင် တိုက်ခိုက်နေတယ်..
လောကကြီးတစ်ခုလုံးမှာ ချက်ချင်းပင် မတည်မငြိမ်ဖြစ်သွားသည်။
အပိုင်း ၁၉၁ ပြီး၏။