Switch Mode

Chapter – 190

ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများကြားမှ တိုက်ပွဲ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၀ – ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကြားမှ တိုက်ပွဲ

ခမ်းနားလှသည့် ခွန်းလွန်တောင်အောက်ရှိ တိုက်ပွဲမှာ ပို၍ပြင်းထန်လာသည်။

ဝေါင်း…

ခွန်းလွန်တောင်မှ နှင်းကျားသစ်ဘုရင်မှာ အလွန်လျင်မြန်လှသည်။ သူသည် သူ၏မူလပုံစံကို ပြောင်းလဲလိုက်ပြီး စစ်မြေပြင်ထဲသို့ ခုန်ဝင်လာသည်။ ထို့နောက် သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ကြီးမားလှသည့်သားရဲကြီးကို ခုန်အုပ်လိုက်သည်။ ကျယ်လောင်လှသည့်အသံနှင့်အတူ သူ့လက်သည်းကြီးသည် ပြိုင်ဘက်၏ဦးခေါင်းခွံပေါ်သို့ ကျရောက်သွားကာ ထိုသားရဲမှာ ချက်ချင်းပင် သေဆုံးသွားသည်။

စစ်မြေပြင်ထက်၌ ကြီးမားလှသည့် သားရဲများ သွေးအိုင်များထဲ၌လဲကျနေကြသည်။

၁၀ ပွဲတွင် ခွန်းလွန်ဘက်မှ ဘုရင်သုံးဦးကို ဆုံးရှုံးလိုက်ရပြီး အများစုမှ ဒဏ်ရာရသွားကြသည်။ အနောက်တိုင်းဘက်တွင်လည်း ဤကဲ့သို့ပင်။

သို့သော် ဤသည်မှာ အဆုံးသတ်မဟုတ်သေး။ တိုက်ပွဲမှာ ယခုမှ စမည်ပင်။

နှစ်ဘက်လုံး ကျွမ်းကျင်သူများ စေလွှတ်ကာ တိုက်ပွဲကို ဆက်တိုက်နေခဲ့ကြသည်။

အသက်ရှင်လျက်ပြန်ရောက်လာသည့်သူများမှာ ဝမ်းမြောက်ပျော်ရွှင်နေကြသည်။ အထူးသဖြင့် ခွန်းလွန်တောင်အား အဝေးမှ လာကူပေးနေကြသည့်သူများပင်။ သူတို့၏အစောပိုင်း သဘောတူညီချက်များအရ သူတို့ ခွန်းလွန်တောင်ကို ကူညီကာ ဤကပ်ဆိုးကို ကျော်လွှားနိုင်အောင် လုပ်ပေးသည်နှင့် ခွန်းလွန်၌ သူတို့တောင်တစ်တောင်ရလိမ့်မည်။ နောင်ကျလျှင် သူတို့ ခွန်းလွန်ဘုရင်များနှင့်အတူ အနန္တနတ်ဘုရားနယ်မြေသို့ ဝင်ခွင့်ရလိမ့်မည်။

ဖိတ်ခေါ်ခဲ့သည့်လူများထဲတွင် နှစ်ခါမစဉ်းစားပဲ လာကူပေးသည့် မိတ်ဆွေများ ရှိသကဲ့သို့ အကျိုးအမြတ်လိုချင်၍ လာကူသည့် သူစိမ်းများလည်း ရှိသည်။

မဖိတ်ခေါ်ပဲ လာသည့်သူများလည်း ရှိနေသည်ပင်။ အရှေ့တိုင်းနယ်မြေကို အနောက်တိုင်းမှလူများ သိမ်းယူသွားမည်ကို သူတို့မလိုလား။

တောင်ခြေတွင် မွှေးပျံ့လှသည့်ရနံ့ နှာဖျားသို့ ရောက်ရှိလာသည်။

ပြန်လာသည့် ကျွမ်းကျင်သူအားလုံး ရယ်မော၍ လျှောက်လာကြသည်။ အသက်လုပွဲတွင် အနိုင်ရခဲ့ခြင်းမှာ သူတို့ကို အတော်လေး စိတ်အေးလက်အေးဖြစ်နေပြီး ပျော်ရွှင်စေသည်ပင်။ သို့သော် တောင်ခြေသို့ ပြန်ရောက်သည့်အချိန်တွင်တော့ သူတို့ ဆွံ့အသွားရသည်။

ဘယ်သူ အသားကင်နေတာလဲ..

ထို့နောက် သူတို့ ချူဖုန်းကို မြင်လိုက်ရသည်။

ကမ္ဘာကြီး ပြန်လည်ရှင်သန်လာပြီးသည့်နောက်တ်ွင် ရေတံခွန်းများ၊ စမ်းချောင်းများ ပေါ်လာသောကြောင့် ဤနေရာ၌ ရေမရှား။ ငှက်ကြီးကို အစောကြီးကတည်းက သန့်ရှင်းသွားပြီဖြစ်သည်။

ယခုအချိန်တွင် ငှက်ပိတုန်းမှာ တံဆို့ထိုးကာ ကင်ခံနေရပြီဖြစ်ပြီး အပေါ်ဘက်ကို ပျားရေလောင်းထားသောကြောင့် အသားမှာ ရွှေရောင်ပင်သန်းနေပြီဖြစ်သည်။

“ညီအစ်ကို မင်းလည်းအခုလေးတင်မှ တိုက်ပွဲတိုက်ဖို့ ထွက်သွားတာမဟုတ်ဘူးလား .. မင်း စွမ်းအားတွေ အများကြီး သုံးလိုက်ရလို့လား .. အခုလိုအခြေအနေမျိုးမှာတောင် ငှက်ဆင်ကြီးကို ကင်စားနေတာဆိုတော့” ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး ရယ်မော၍ ပြောလိုက်သည်။

သူလည်း တိုက်ခိုက်နေသည့်သူတစ်ဦးဖြစ်သောကြောင့် ချူဖုန်း တိုက်ပွဲထဲ ဝင်လာသည်ကို သူလည်း တွေ့လိုက်သည်ပင်။ သို့သော် ချူဖုန်း သူ့ထက်အရင် ပြန်ရောက်နေလိမ့်မည်ဟု မထင်ထားခဲ့။

“ညီအစ်ကို ငါ့ကို ပေါင်လေးပေးပါလား .. မင်း ကင်တာမြင်တော့ ငါ စားချင်လာပြီ” နှင်းကျားသစ် မီးပုံနားသို့ လျှောက်လာလိုက်သည်။ သူသည် တိုက်ပွဲမှ သွေးနှင့် အညစ်အကြေးများကို ဆေးကြောပြီးပြီဖြစ်သည်။

ဘေးပတ်လည်မှလူများ ဆွံ့အသွားရသည်။ ဤသည်မှာ ငှက်ဘုရင်ဖြစ်သည်ကို နောက်ရောက်လာသည့်သူများ မသိသေးဘူးထင်သည်။

“ညီအစ်ကို … ကျွန်တော် ကပ်စေးကုပ်တာ မဟုတ်ပါဘူး .. ဒါပေမဲ့ အခြေအနေက ဝယ်လိုအားနဲ့ ရောင်းလိုအားက မမျှဘူးဖြစ်နေတယ် .. ကျွန်တော် ဗိုက်ဆာလွန်းလို့ မူးလဲတော့မယ် .. ခဏနေကျမှ ကျွန်တော် နောက်ထပ် သားရဲဘုရင်တစ်ကောင်ကိုသတ်ပြီး ညီအစ်ကိုကို ဝေမျှပေးမယ်”

ချူဖုန်း မကျေမနပ်ဖြစ်သွားရသည်။ ဤငှက်ဘုရင်မှာ သေးလွန်းလှသည်။ အမွေးများရှိနေသည့်အချိန်တွင် တစ်မီတာကျော်ခန့် ရှိသော်လည်း အမွေးနှုတ်ပြီးသည့်အချိန်တွင်တော့ ငှက်မှာ ကြက်တစ်ကောင်လောက်သာ ရှိတော့သည်။

“ဒါက ငှက်ဘုရင်လား..” နှင်းကျားသစ်နှင့် အခြားသူများအားလုံး ဆွံ့အသွားရသည်။

နောက်ဆုံးတွင်တော့ ငှက်ပိတုန်းဘုရင်မှာ စား၍ရလေပြီ။ ချူဖုန်းသည် ယခင်ဘဝက ငတ်သေခဲ့သည့်သူကဲ့သို့ တစ်ကောင်လုံးကို တစ်ခဏလေးအတွင်း ဖြိုချလိုက်သည်။ ခဏကြာပြီးသည့်နောက်တွင်တော့ အရိုးများပင် ပြောင်လက်သွားလေ၏။

“မွှေးလိုက်တာ .. ငါ စားချင်သေးတယ်..” ပါးစပ်ထဲ အရိုးငုံထားပြီး ချူဖုန်း သက်ပြင်းချလိုက်သည်။

ငှက်ပိတုန်းဘုရင်မှာ အတော်လေး အရသာရှိလှသည်။ သူ့အရေခွံမှာ ကြွပ်ရွနေပြီး အသားလည်း အရည်ရွှမ်းလှသည်။

အဝေးမှ ငှက်ကျားဘုရင်နှင့် ရွှေရောင်မျောက်တို့မှာ ဦးရေပြားများ ထုံကျဉ်လာသလို ခံစားလိုက်ရသည်။

ထို့နောက် သူတို့ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ တိုက်ပွဲရှိနေသောကြောင့်သာမဟုတ်ပါက သူတို့ကံကြမ္မာလည်း ငှက်ပိတုန်းဘုရင်ကဲ့သို့ အဆုံးသတ်သွားလောက်လေပြီ။

“ငါ တိုက်ပွဲထဲ ထပ်သွားပြီးတော့ နောက်ထပ်သားရဲတစ်ကောင်ကို သတ်မယ်..” ချူဖုန်း ကြွေးကြော်လိုက်သည်။

ဘေးပတ်လည်မှလူများ ထူးဆန်းသည့်အမူအရာ ဖြစ်သွားကြသည်။ သူတို့သည် ခွန်းလွန်တောင်၌ ခြေကုပ်ယူနိုင်ရန်အတွက် သူတို့တာဝန်ကျေအောင် တိုက်ခိုက်နေကြခြင်းဖြစ်သော်လည်း ဤလူကတော့ သူ့ဗိုက်ပြည့်အောင် လုပ်နေသည်။

“ဘယ်သူ ငါနဲ့တိုက်ရဲလဲ..”

ထိုအချိန်တွင် အနောက်တိုင်းတပ်မှ မိုးခြိမ်းသံကဲ့သို့သော ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ ဤအော်သံမှာ အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဘုရင်အဆင့် မရောက်သေးသည့်သူများပင် မတ်တပ်မရပ်နိုင်လုနီးပါး ဖြစ်သွားသည်။

“ငါ မင်းနဲ့တိုက်မယ်..” ထိုအသံလှိုင်း အရှေ့တိုင်းတပ်ဘက်သို့ ပျံလာကာ သိပ်စွမ်းအားမကြီးသည့် သက်ရှိများအား အန္တရာယ်မဖြစ်စေရန်အတွက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာကာ အမဲလိုက်ခွေးဘုရင် စစ်မြေပြင်သို့ ဆင်းသက်လာသည်။

တစ်ဖက်က သူတို့ရဲ့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေကို လွှတ်နေပြီလား.. ချူဖုန်း ထိတ်လန့်သွားရ၏။ သူ လူအုပ်ရှေ့သို့ မြန်မြန်သွားလိုက်သည်။

ထိုအခိုက်အတန့် စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အာတိတ်ဘုရင်သည် သူတို့ထံသို့ တစ်လှမ်းချင်း လျှောက်လာနေသည်။ သူသည် အရပ်ရှည်ကာ ခန္ဓာကိုယ်တောင့်တင်းသည့်သူဖြစ်ပြီး သူ့ဆံပင်ဖြူများမှာ သူ့နောက်၌ ဝဲကျနေသည်။ သူ့မျက်လုံးများမှာ နေလုံးကဲ့သို့ လောင်ကျွမ်းနေပြီး သူ့ခန္ဓာကိုယ်မှ ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကို လှုပ်ခတ်နိုင်သည့် စွမ်းအားကြီးအော်ရာ ထုတ်လွှတ်နေသည်။ ဤအော်ရာမှာ စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

အမဲလိုက်ခွေးဘုရင် ထွက်လာသည်။ သူသည် ဖြောင့်တန်းစွာ ရပ်နေပြီး သူ့မျက်လုံးများမှာ အေးစက်နေသည်။

သူတို့နှစ်ဦး စစ်မြေပြင်ထဲသို့ ရောက်သွားသည်နှင့် နှစ်ဘက်လုံးမှ စစ်တပ်များ နောက်ဆုတ်လိုက်ကာ သူတို့ကို နေရာကျယ်ကျယ်ပေးလိုက်သည်။

“မြန်မြန် နောက်ဆုတ်ကြ..” အဝေးမှ သတင်းသမားများ ထိတ်လန့်သွားကြကာ အော်ဟစ်လာကြသည်။

ဤကျွမ်းကျင်သူများ တိုက်ခိုက်ကြသည်နှင့် ထိခိုက်မှုမှာ အလွန်ကြောက်စရာကောင်းမည်ဖြစ်ကြောင်း သူတို့သိကြသောကြောင့် အားလုံး နောက်ထပ်နောက်ဆုတ်လိုက်သည်။

သာမန်သားရဲဘုရင်များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စမ်းသပ်ပြီးသွားပြီဖြစ်သောကြောင့် ယခုမှာ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ တိုက်ခိုက်ရမည့်အချိန်ပင်။

“သတ်…” အမဲလိုက်ခွေးဘုရင် အော်ဟစ်ကာ အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲလိုက်ပြီး အလွန်လျင်မြန်သည့်အရှိန်ဖြင့် ပြေးထွက်သွားလိုက်သည်။

“သတ်…” အာတိတ်ဘုရင်သည် တောင်များ၊ စမ်း‌ချောင်းများ တုန်ခါသွားသည်အထိ အော်ဟစ်လိုက်သည်။

သူတို့အော်သံများကြောင့် လူများစွာ အံ့အားသင့်သွားရသည်။ အချို့မှာ သတိလစ်လဲကျလုနီးပါးပင်။

ဒုန်း..

သူတို့ စတင်တိုက်ခိုက်သည်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားရသည်။

လက်သီးများ၊ လက်သီးများ တစ်ခုနှင့်တစ်ခု ထိခတ်သွားသည်နှင့် အလွန်တောက်ပသည့်အလင်းနှင့်အတူ စွမ်းအင်များ ထွက်ပေါ်လာသည်။ လူများမှာ ထိုအလင်းဒဏ်ကို မခံနိုင်သောကြောင့် မျက်လုံးမှိတ်လိုက်ကြရသည်အထိပင်။

ဥက္ကာခဲကြီးပြုတ်ကျလာသကဲ့သို့ တောင်များ တုန်ခါလာသည်။

ဤလူများသည် တကယ်ကို အခြားဘုရင်အဆင့်သက်ရှိများ အထက်၌ ရှိနေသည်ပင်။

သူတို့၏လှုပ်ရှားမှုများမှာ လျင်မြန်လှသောကြောင့် သူတို့တိုက်ခိုက်သည့်နေရာတိုင်း၌ လေဟာနယ်များ ပေါက်ကွဲသွားသည်။

ချူဖုန်း၏အမူအရာ လေးနက်နေသည်။ စတုတ္ထမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ပြီးနောက် သူသည် အသံအမြန်နှုန်းထက် လေးဆ မြန်ဆန်လာသည်။

ဤအမြန်နှုန်းမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် ဤတိုက်ပွဲမှာ သူ့အမြင်မှားယွင်းကြောင်း သက်သေပြလိုက်သည်။ ဤပြိုင်ဘက်ကင်းသားရဲဘုရင်နှစ်ဦးတွင် တူညီသည့်အရှိန်နှုန်း ရှိသည်။ သူတို့လှုပ်ရှားလိုက်တိုင်း ကောင်းကင်လျှပ်စီးနှင့် တူညီသည့်ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အာတိတ်ဘုရင် ရုတ်တရက် အော်ဟစ်လိုက်ကာ သူ့ညာလက်သည် မီတာပေါင်းများစွာ ရှည်လျားသည့် လက်သည်းကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ ထိုလက်ဖြင့် အမဲလိုက်ခွေးဘုရင်ထံသို့ လွှဲရမ်းလိုက်ပြီး အမဲလိုက်ခွေးဘုရင်ကို အုပ်မိုးလိုက်သည်။

အမဲလိုက်ခွေးဘုရင်၏အမူအရာမှာ ပြောင်းလဲမသွား။ သူ့ညာလက်လည်း အနက်ရောင်လက်သည်းကြီးအဖြစ် ပြောင်းလဲသွားကာ အာတိတ်ဘုရင်ကို ခုခံလိုက်သည်။

ဝုန်း..

အသံလှိုင်းမှာ ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ကျွမ်းကျင်သူနှစ်ဦးကြားမှ ထူးခြားသည့်စွမ်းအင် ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီး ဟက်တက်ကွဲသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့လက်များ ပုံမှန်ပုံစံ ပြန်ဖြစ်သွားသည်။

ဝုန်း..

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ စစ်မြေပြင် တစ်ဖက်ခြမ်းသို့ ရောက်သွားသည်။ သူတို့သည် ပျံသန်းနေသကဲ့သို့ပင် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်သွားသည်။

ခွပ်..

ထိုတောင်ပေါ်သို့ ခြေချလိုက်သည်နှင့် ထိုတောင်ထိပ် ပေါက်ကွဲသွားသည်။

အဝေးမှ သတင်းသမားများ၏ မျက်နှာများ စိမ်းဖန့်နေလေပြီ။ သူတို့ ချက်ချင်းနောက်ဆုတ်လိုက်မိသည့်အတွက် တိတ်တိတ်လေး ပျော်ရွှင်သွားရသည်။ မဟုတ်ပါက သူတို့ သေနေလောက်လေပြီ။

ထို့နောက် ဤလူများ နောက်တစ်ကြိမ် နောက်ဆုတ်လိုက်ကြသည်။

“ဂီး..”

အာတိတ်ဘုရင် ဟစ်ကြွေးလိုက်သည်။ ခန္ဓာကိုယ်မှာ လူသားပုံစံဖြစ်သော်လည်း သူ့ခေါင်းကတော့ မူလပုံစံ ဖြစ်နေလေပြီ။ သူသည် ပါးစပ်ဟကာ ကြောက်စရာကောင်းသည့်အစွယ်များကို ပြသလာသည်။ အာတိတ်ဘုရင် အမဲလိုက်ခွေးဘုရင်ကို ကိုက်ချလိုက်သည်။

အမဲလိုက်ခွေးဘုရင် အသာလေး ရှောင်ရှားလိုက်သောကြောင့် ဝက်ဝံခေါင်းကြီးမှာ သူ့အောက်ရှိမြေကြီးကိုသာ ကိုက်မိသွားသည်။

နောက်တစ်ခဏတွင်တော့ အာတိတ်ဘုရင်မှာ လူသားပုံစံ ပြန်ဖြစ်သွားသည်။

ခွပ်..

အမဲလိုက်ခွေးဘုရင်သည် သူ၏အနက်ရောင်လက်သည်းကြီးဖြင့် တောင်တစ်ခုလုံးကို အုပ်မိုး၍ တိုက်ခိုက်လိုက်သည်။

“ဘုရားရေ..”

ကြည့်နေကြသည့်သူများအားလုံး စိတ်လှုပ်ရှားကာ ကြောက်ရွံ့လာကြသည်။

ယခုတစ်ချိန်တွင် တစ်ကမ္ဘာလုံး ဤတိုက်ပွဲအား စောင့်ကြည့်နေကြသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် မြင်လိုက်ရသည့်သူအားလုံး ဆွံ့အသွားရသည်။

အာတိတ်ဘုရင်သည် ထိုရိုက်ချက်ကို ရှောင်ပြီးသည်နှင့် ပါးစပ်ဟကာ ကျောချမ်းစရာကောင်းသည့် အဖြူရောင်အလင်းများကို ပစ်လွှတ်လာသည်။

ထိုအချိန်တွင် စစ်မြေပြင်တစ်ခုလုံး ရေခဲပြင်ကြီး ဖြစ်သွားသည်ကို အားလုံး တွေံလိုက်ရသည်။ တောင်နှင့်တောအုပ်အချို့သည် ရေခဲဖြင့် အုပ်မိုးခံလိုက်ရပြီး ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားသည်။

အမဲလိုက်ခွေးဘုရင်ကတော့ အစောကြီးကတည်းက ဤတိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီးသားဖြစ်သည်။

အေးစက်နေသည့်လေထုမှာ အလွန်ကြောက်စရာကောင်းလှသည်။ ဤရေခဲများမှာ မြင်နေရသလောက် မရိုးရှင်း။

ကျွမ်းကျင်သူနှစ်ဦးသည် တစ်ဖြည်းဖြည်းဖြင့် ခွန်းလွန်တောင် အတွင်းနက်ပိုင်းသို့ ရောက်ရှိသွားကြသည်။

မည်သူမှ သူတို့နောက် မလိုက်ရဲ။ အားလုံး စိတ်ရှည်လက်ရှည်ဖြင့်ပင် စောင့်ဆိုင်းလိုက်ကြသည်။

သတင်းထောက်များကတော့ စိတ်လှုပ်ရှားစိုးထိတ်နေကြသည်။ ဤသည်မှာ ထိပ်တန်းအဆင့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကြားမှ ထူးခြားသည့်စစ်ပွဲဖြစ်သော်လည်း သူတို့ ဤမြင်ကွင်းကို အနီးကပ် မရိုက်နိုင်တော့။

အပြင်ဘက်မှ လူများမှာ ကျွမ်းကျင်သူနှစ်ဦးကို မမြင်ရတော့။ အားလုံး တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ဆူညံသံများ ပေါက်ကွဲထွက်လာသည်။

ခွန်းလွန်တောင်ခြေရှိ အရှေ့နှင့်အနောက် တိုက်ခိုက်နေကြသည့်နေရာတွင် တိတ်ဆိတ်နေသည်။ အားလုံးမှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှစ်ဦး အနိုင်အရှုံးပေါ်မည့်အချိန်ကို စောင့်နေလိုက်ကြသည်။

“ငါ ဗိုက်အရမ်းဆာနေပြီ..”

ချူဖုန်း သူ့ဗိုက်ကို ပွတ်လိုက်သည်။ ထိုငှက်ပိတုန်းလေးမှာ ဘယ်နားမှမကပ်လိုက်ပေ။

“ငှက်ပိတုန်းဘုရင် ဘယ်မှာလဲ .. မင်းတို့ သူ့ကို ဘာလုပ်လိုက်ပြီလဲ..” အနောက်တိုင်းတပ်မှ လူအချို့ သူတို့ကို စိုက်ကြည့်လာသည်။

“စားလိုက်ပြီ..” ချူဖုန်း ပြန်ဖြေလိုက်သည်။

“မင်း သေချင်နေတာလား..” တစ်ဖက်မှလူများ ဒေါသထွက်လာကြသည်။

ချူဖုန်း မျက်လုံးများ အေးစက်လာသည်။ နွားဝါလေး ဖျောင်းဖျနေသောကြောင့်သာ မဟုတ်ပါက သူ ထွက်တိုက်ပြီဖြစ်သည်။

“မင်း ငါ့ကို စိန်ခေါ်နေတာလား .. ငါ မင်းကို ခဏလေးအတွင်း သတ်ပေးမယ်လို့ ဂတိပေးတယ်..” ချူဖုန်း ပြန်ဖြေလိုက်သည်။

“မလောနဲ့ .. ကျွမ်းကျင်သူတွေ တိုက်ခိုက်လာမယ့်အချိန်ထိ စောင့်ဦး .. အဲဒီအချိန်ကျရင် ငါတို့ သွားသတ်လို့ရပြီ” နွားဝါလေး ပြောလာသည်။

ဤသည်မှာ အစောကတည်းက သူတို့သဘောတူထားသည့်အစီအစဉ်ပင်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများ၏ ပစ်မှတ်ထားခြင်းမှ ရှောင်ရှားရန် လိုအပ်သည်။ အထူးသဖြင့် ချူဖုန်းသည် အနောက်တိုင်း၌ ပြဿနာရှာထားခဲ့သည်ပင်။ တစ်ယောက်ယောက်သာ သူ မည်သူဖြစ်သည်ကို သိသွားပြီး ကိစ္စများကို ဆက်စပ်သွားနိုင်ပါက အလွန်အန္တရာယ်များလိမ့်မည်။

“စိတ်မပူပါနဲ့ .. ငါတို့ရှိနေတယ် .. ငါတို့က သူတို့ကို ဘာလို့ကြောက်နေရမှာလဲ..” သူတို့နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

စကားပြောလာသည့်သူမှာ လူဝံကြီးတစ်ကောင်ပင်။ သူသည် ဘုန်းကြီးအကြီးအကဲတစ်ဦးကဲ့သို့သော အော်ရာများ ထုတ်လွှတ်နေသည်။

ဤလူမှာ ရှုလင်ကျောင်းမှ လူဝံအကြီးအကဲမှန်း သူ မှတ်မိသွားသည်။

“ညီအစ်ကို .. ကျွန်တော်တို့ဘက်မှာ အချုပ်အနှောင် ခြောက်ခုဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူ ဘယ်နှယောက်ရှိလဲ..”

နွားနက်ကြီးသည် လူဝံကြီးထံသို့ လျှောက်သွားကာ အရိုအသေပေးပြီး မေးလိုက်သည်။ ယခင်က သူနှင့် လူဝံအိုကြီးမှာ သွေးသောက်ညီအစ်ကိုဖြစ်ကြောင်း သူ လျှောက်ပြောခဲ့ဖူးသည်။

သို့သော် နွားဝါလေးမှ သူ့ကို ဖော်ကောင်လုပ်ခဲ့သည်ပင်။ နွားနက်ကြီးသည် ရှုလင်ကျောင်းသို့ ခိုးဝင်ပြီး မန္တန်ဗောတိပင်မှ အသီးကို ခိုးယူရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း လူဝံအိုကြီး သူ့ကို ဖမ်းမိသွားကာ ပြင်းပြင်းထန်ထန်ရိုက်ခံရပြီးမှ ပြန်လွှတ်ခဲ့ခြင်းပင်။

“မင်းတို့ စိတ်မပူဖို့ လုံလောက်တယ် .. မင်းတို့ ကြိုက်သလောက် တိုက်ခိုက်ကြ .. အဲဒီကျွမ်းကျင်သူတွေကို ကြောက်ဖို့မလိုဘူး” လူဝံအိုကြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒါက အရှေ့တိုင်းလေ .. သူတို့တွေ ရက်ရက်စက်စက်ပြုမူနိုင်စရာ အကြောင်းမရှိဘူး..”

“ကျားက လူတွေကို ဒုက္ခပေးချင်ပေမယ့် လူကလည်း ကျားကို ဖမ်းချင်နေတယ် .. သူတို့ ဒီကို လာရဲမှတော့ သူတို့ ပေးဆပ်ရမယ်..” လူဝံအိုကြီး၏ စကားမှ အလွန်ကြောက်စရာကောင်းလာပြီး သူ့မျက်လုံးမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။

ဤစကားများ ကြားလိုက်ရပြီးနောက် သူတို့သုံးဦး အတော်လေး စိတ်အေးသွားရသည်။ အရှေ့တိုင်းဘုရင်များ လုံလုံလောက်လောက် ပြင်ဆင်ထားပြီးသားဖြစ်ကြောင်း သူတို့သိလိုက်ရသည်။ သူတို့ အနောက်တိုင်းမှ ကျွမ်းကျင်သူများကို ကြောက်စရာမလိုတော့။

သို့သော် ချူဖုန်း တစ်စုံတစ်ခုကို ထပ်ပြောလာသည်။ “ဒါပေမဲ့ ကျွန်တော် အနောက်တိုင်းမှာ ပြဿနာကြီး ရှာထားသေးတယ်”

“မင်း သွားတိုက်လို့ရတယ်” လူဝံအိုကြီး ပြန်ဖြေလာ၏။ သို့သော် ခဏကြာပြီးနောက် ချူဖုန်း ဘာလုပ်ခဲ့သလဲကို သူမေးလိုက်သည်။

“ကျွန်တော်က ဗာတီကန်မြို့ကို ဖြိုချပစ်ပြီး အရသာစာရင်းကို လုပ်ခဲ့တာ” ချူဖုန်း ပြန်ဖြေလိုက်၏။

လူဝံအိုကြီး ဆွံ့အသွားရသည်။ သူကဲ့သို့ စွမ်းအားကြီးသည့်သူပင် ပြောစရာစကား ပျောက်သွားရသည်။ အနောက်တိုင်းက ‘လူကြမ်း’ဆိုတာက ဒီကောင်လား..

သူ အတော်လေး ခေါင်းကိုက်သွားရ၏။ ကြည့်ရသည်မှာ သူ ရှီလာကို သေချာလေး စောင့်ကြည့်နေရမည်ထင်သည်။

“သွား .. မင်းဘာမှ စိတ်ပူစရာမလိုဘူး” လူဝံအိုကြီး ခိုင်မာစွာ ‌ပြောလိုက်သည်။

“ဟုတ်ကဲ့..” ချူဖုန်း စိတ်အေးသွားရသည်။

တကယ်တမ်းတော့ သူ မကြောက်။ ရှီလာ လှုပ်ရှားလာလျှင်ပင် သူ ချာကရမ်သုံးပြီး ရှီလာ ဒဏ်ရာရသွားအောင် လုပ်၍ရသေးသည်။

ထိုအခိုက်အတန့်တွင် အနောက်တိုင်းတပ်မှ ကျွမ်းကျင်သူအချို့ အော်ဟစ်စိန်ခေါ်လာကြသည်။

နွားဝါလေး၊ နွားနက်ကြီးနှင့် ချူဖုန်းတို့ ရှေ့ထွက်လိုက်ကြ၏။ သူတို့ တိုက်ခိုက်ရန် အဆင်သင့်ပင်။

“ဆူညံလိုက်တာ .. မကျေနပ်တဲ့သူ ထွက်လာခဲ့လိုက်..” ချူဖုန်း ရှေ့ထွက်လာကာ အော်ဟစ်လိုက်သည်။

ဝှစ်..

ကျွမ်းကျင်သူတစ်ဦး ချက်ချင်း ထွက်လာသည်။ ဤသည်မှာ ရှည်လျားကြံ့ခိုင်သည့် သားရဲဘုရင်ပင်။ သူ့မျက်လုံးမှ အေးစက်သည့် လျှပ်စီးတန်းများ ထွက်ပေါ်နေသည်။

“မင်း ငှက်ပိတုန်းဘုရင်ကို တကယ်စားလိုက်တာလား..”

“ဟုတ်တယ်..” ချူဖုန်း အရိုးတစ်ချောင်းကို ထွေးထုတ်လိုက်ပြီး “သူ့အရသာက တော်တော်လေး‌ ကောင်းတယ်”

“သေလိုက်တော့..” ပြိုင်ဘက်၏ အော်သံမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေခဲ့သည်။

“မင်းက အတော်လေး အရသာရှိမယ့်ပုံပဲ.. ငါ မင်းကိုလည်း ကင်စားမယ်” ထို့နောက် ချူဖုန်း ပြေးထွက်လာပြီး တိုက်ရိုက်ပင် တိုက်ခိုက်လာသည်။

အဝေးမှ သတင်းထောက်နှင့် အေးဂျင့်များအားလုံး တုန်လှုပ်သွားရသည်။ ဤလူမှာသေဆုံးသွားသည့် ချူဖုန်းနှင့် အတော်လေး တူလှသည်။

“အဲဒါက ချူဖုန်း မဟုတ်ဘူးလား..” အချို့လူများ သူတို့သံသယကို ထုတ်ပြောလာသည်။

အနောက်တိုင်းတပ်မှ ကျွမ်းကျင်သူတစ်ချို့လည်း တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားသည်။

“ချူဖုန်းက သေပြီမဟုတ်ဘူးလား..”

“ငါ အတွေးလွန်နေတာများလား .. အနောက်တိုင်းမှ ဖြစ်ခဲ့တာတွေက သူနဲ့ ပတ်သက်နေတာများလား..”

အပိုင်း ၁၉၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset