ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၉ – ကမ္ဘာကြီး ပျက်စီးသွားခြင်း
ခွန်းလွန်တောင်ကြီး ပြန်လည်ထွက်ပေါ်လာပြီးသည့်နောက်တွင် တောင်အပြင်ဘက်ဧရိယာမှာ အလွန်ကျယ်ပြောလာကာ သဘာဝစစ်မြေပြင်တစ်ခု ဖြစ်လာသည်။
နီညိုရောင်မြေကြီးမှာ ကြီးမားသည့်သက်ရှိများ၏ နင်းခြေမှုကြောင့် မာကျောကျစ်လစ်နေပြီး ဤပတ်လည်တွင် သစ်ပင်လည်း အနည်းငယ်သာ ရှိသည်။
“သတိထား.. အမှားမလုပ်မိစေနဲ့..” နွားဝါလေး ချူဖုန်းနောက် လိုက်သွားပြီး အလောတကြီး ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ခြင်္သေ့ဘုရင်အကြီးအကဲ၊ နဂါးနက်နှင့် ရှီလာတို့မှာ ကြောက်စရာကောင်းသည့်သက်ရှိများပင်။ သူတို့ထဲမှ တစ်ယောက်ယောက်၏ပစ်မှတ်ထားခံလိုက်ရသည်နှင့် ကောင်းမည်မဟုတ်။
ချူဖုန်း၏ ဆံပင်ရှည်များမှာ သူ့နောက်၌ တောက်ပနေသည်။ တောင်အောက်သို့ ပြေးဆင်းသွားသည့်သူများထဲတွင် သူ ပထမဆုံးမဟုတ်သော်လည်း သူ တောင်အောက်သို့ ရောက်တော့မည်။ သူ မစောင့်နိုင်တော့။ ချက်ချင်း တိုက်ခိုက်ချင်နေလေပြီ။
“သိုသိုသိပ်သိပ်နေ..” နွားနက်ကြီး အလောတကြီး ပြေးလာပြီး အသက်လုကာ ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ သူ လူအုပ်ကြီးကို တွန်းတိုးပြီး ချူဖုန်းနား မှီလာခဲ့လေပြီ။ သူသည် ချူဖုန်းကို ပြန်ဆွဲထားလိုက်ပြီး သတိပေးလိုက်သည်။
တောင်ဝင်ပေါက်ကို ပိတ်ထားသည့်လူများစွာ ရှိနေသောကြောင့်သာမဟုတ်လျှင် သူ ချူဖုန်းနှင့် နွားဝါလေးကို မှီနိုင်မည်မဟုတ်။
“ကျွန်တော်သိပါတယ်” ချူဖုန်း ခေါင်းညိမ့်ပြလိုက်၏။ ဤတိုက်ပွဲ ပြင်းထန်လာမည်ကို သူသိသည်ပင်။ ကျွမ်းကျင်သူများစွာ ဤနေရာ၌ သွေးမြေကျပြီး သေဆုံးကြလိမ့်မည်။
ခွန်းလွန်တောင်မှ ဘုရင်များသည် သူတို့လူများကို ခေါ်ကာ ကျူးကျော်သူများအား လာတွေ့နေကြလေပြီ။
သူတို့ရှေ့၌ ရှိနေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည့် အနက်ရောင်ပုံရိပ်ပင်လယ်ကြီးပင်။ သူတို့သည် ချပ်ဝတ်တန်ဆာများကိုပါ ဝတ်ဆင်ထားသောကြောင့် ရင်ထိတ်စရာကောင်းသည့် ခံစားချက်များ ပေးနေသည်။ ဤသည်မှာ လူသားနှင့် သားရဲများ ပူးပေါင်းထားသည့် အရှေ့တိုင်းကျူးကျော်တပ်ပင်။ သူတို့အရေအတွက်မှာ ထောင်ချီနေသည်ပင်။
ဤထဲတွင် သာမန်စစ်သားများမပါ။ အားလုံးမှာ စွမ်းအားကြီးသည့် ကျွမ်းကျင်သူများသာ။ တကယ်တမ်းတော့ သူတို့ လက်ရွေးစင်များကိုသာ ခေါ်လာခဲ့ကြသည်ပင်။
အရေအတွက်အရဆိုလျှင်တော့ အရှေ့တိုင်းကျူးကျော်တပ်မှ အသာစီးရနေသည်ပင်။
“ဘုရားရေ .. ငါ ဘာမြင်နေရတာလဲ.. အနောက်တိုင်းနဂါး.. ဘီလူးတွေနဲ့ လျှို့ဝှက်နက်နဲတဲ့မျိုးနွယ်စုတွေလည်း ရှိနေတယ် … ငါတို့တွေ ဒဏ္ဍာရီထဲ ရောက်နေတာလား..”
ရွှေရောင်ဆံပင်နှင့် သတင်းထောက်တစ်ဦး ပြောလိုက်သည်။ သူမ မျက်နှာထက်တွင် အံ့အားသင့်မှုအပြည့်ပင်။
“ပါးစပ်ပိတ်ထား.. အော်မနေနဲ့” အခြားတစ်ယောက်မှ အမျိုးသမီးကို သတိပေးလာသည်။
သူတို့ရှိနေသည့်နေရာမှာ စစ်မြေပြင်၏အခြားတစ်ဖက်၊ တပ်ဖွဲ့နှစ်ဖွဲ့လုံးနှင့် အဝေးဆုံးနေရာပင်။ ယခုနေရာမှာ ဘေးကင်းသည်ဟု သတ်မှတ်၍ ရနိုင်သေးသောကြောင့် ဤနေရာ၌ သတင်းသမားများ ပြည့်နေသည်။
ဤလူများသည် သတင်းအသစ်များ လိုချင်သောကြောင့် အသက်စွန့်ကာ ခွန်းလွန်တောင်သို့ ရောက်လာကြခြင်းပင်။
စစ်မြေပြင်တစ်ခုလုံး လေထုတင်းမာနေသည်။ အားလုံး တိတ်ဆိတ်နေကြပြီး မည်သူတစ်ဦးတစ်ယောက်မှ မအော်ဟစ်ကြ။
အရှေ့တိုင်းကျူးကျော်တပ်မှာ အရေအတွက်ပိုများပြီး အများစုမှ လူသားတစ်ပိုင်း၊ သားရဲတစ်ပိုင်းပုံစံဖြင့် ရှိနေကြသည်။ သူတို့သည် မုန်တိုင်းမလာခင်ဖြစ်ပေါ်လာတတ်သည့် တိမ်တိုက်မဲကြီးနှင့် တူနေသည်။
“သူတို့ဘက်မှာ ကျွမ်းကျင်သူတွေ တကယ်အများကြီး ရှိနေတာပဲ..” သူတို့သည် ခုခံရန် ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း ယခုတော့ ပြုံးပင်မပြုံးနိုင်တော့။
ခွန်းလွန်တောင်မှ ဘုရင်များနှင့် သူတို့ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်သူများအားလုံး၏ အမူအရာများမှာ လေးနက်နေကြသည်။ ဤအရှေ့တိုင်းကျူးကျော်တပ်မှာ သူတို့ထင်ထားသည်ထက် စွမ်းအားကြီးနေသည်။
“ဘုရင်အဆင့်သားရဲတွေ အနည်းဆုံး ရာဂဏန်းရှိမှာ..” နွားနက်ကြီး အော်ဟစ်လိုက်သည်။ သူ ရုတ်တရက် ဖိအားများသွားသလို ခံစားလိုက်ရသည်။
သူတို့ ကျွမ်းကျင်သူများစွာကို ဖိတ်ခေါ်ထား၍ တော်သေးသည်။ မဟုတ်လျှင် သူတို့ ခွန်းလွန်တောင်ကို ကာကွယ်နိုင်ရန် ခက်ခဲလိမ့်မည်။
အနက်ရောင်စစ်တပ်ကြီး၏ ဘုရင်အဆင့်သက်ရှိများမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများမှာ အံ့အားသင့်စရာ ကောင်းလှသည်။
ပို၍မျက်စိဖမ်းစားနိုင်သည်မှာ အလယ်၌ ရှိနေသည့်သူများပင်။ သူတို့အော်ရာများမှာ ကြောက်စရာကောင်းလွန်းလှပြီး သူတို့ထံမှ ထုတ်လွှတ်နေသည့်မြူများမှာ စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီး အားလုံးကို တိတ်ဆိတ်သွားစေသည်။
နဂါးနက်သည် လက်နောက်ပစ်ထားကာ သူ့ရှေ့မှ လူအုပ်ကြီးအား ရွံရှာစွာ ကြည့်နေသည်။ သူ့ဆံပင်များမှာ အနက်ရောင်ရေတံခွန်ကဲ့သို့ ဝဲကျနေပြီး သူ့မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာနေသည်။
သူသည် အခြားသူအားလုံးထက် ပိုမြင့်သည့် နဂါးမျိုးနွယ်စုမှ ဖြစ်သောကြာင့် ဤကဲ့သို့ ယုံကြည်ချက် ရှိနေခြင်းပင်။ ထို့အပြင် သူသည် နတ်ဘုရားများနှင့် အဆင့်တူသည်အထိ တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
အာတိတ်ဘုရင် တစ်ခေါင်းလုံး ဖြူဖွေးနေပြီးလူရိုင်းကြီးနှင့် တူနေသည်။ သို့သော် သူ့မျက်လုံးထဲမှ အေးစက်မှုများမှာ အားလုံးကို ကြောက်ရွံ့တုန်လှုပ်စေနိုင်သည်အထိပင်။ သူသည်လည်း အခြားဘုရင်များအား လွှမ်းမိုးနိုင်သည့်သူပင်။
ထူထဲလှသည့် ရွှေရောင်ဆံပင်နှင့်လူအိုကြီးတစ်ဦးမှာ အားလုံး၏အာရုံကို သိမ်းပိုက်သွားသည်။ သူ့တစ်ကိုယ်လုံး တောက်ပနေပြီး ရွှေရောင်သွေးစွမ်းအင်များ ထုတ်လွှတ်နေသည်။
သူ့ကိုတော့ မိတ်ဆက်ပေးနေစရာပင်မလိုတော့။ ခြင်္သေ့ဘုရင်အကြီးအကဲဖြစ်မည်မှန်း တစ်ချက်ကြည့်သည်နှင့် သိနိုင်သည်။
အိန္ဒိယမှ ရှေးဟောင်းယောဂဂုရုဖန့်လင်လည်း ဘုန်းကြီးကဲ့သို့ ဂတုံးပြောင်နှင့် ရပ်နေသည်။ သူ့နောက်တွင် နတ်စက်ကွင်းလေးတစ်ခု ခပ်ရေးရေးရှိနေသည်ကို အားလုံး မြင်နိုင်သည်ပင်။
ဤသည်မှာ ခန္ဓာကိုယ်ကျင့်ကြံခြင်း၏ ထိပ်ဆုံးအဆင့်သို့ ရောက်၍ ထွက်ပေါ်လာသော စက်ကွင်းဖြစ်ကြောင်း သိနေကြသောကြောင့် အားလုံး အေးခဲသွားရသည်။ ဤသည်မှာ သေချာပေါက် ကြောက်စရာကောင်းသည့် ရန်သူတစ်ဦးပင်။
ဖန့်လင်ဘေးတွင် ဗန်ပိုင်းယားဘုရင်ရှိနေသည်။ သူ့ရွှေရောင်ဆံပင်များသည် နေရောင်အောက်၌ တောက်ပနေသည်။ သူသည် ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ရင်းနှီးသည့်အပြုံးတစ်ခု ဆင်မြန်းထားသောကြောင့် သူသည် စစ်တိုက်ထွက်လာသည့်သူနှင့်ပင်မတူ။
သို့သော် သူ့ခန္ဓာကိုယ်ထဲ၌ရှိနေသည့် ကြောက်စရာကောင်းသည့်အော်ရာကို အားလုံး အာရုံခံနိုင်သည်။ သူသည် တစ်နှစ်ပတ်လုံး ကျွမ်းကျင်သူများ၏ သွေးများစွာကို သောက်သုံးခဲ့သောကြောင့် သူ့ထံတွင် သတ်ဖြတ်လိုသည့်အော်ရာများ များပြားနေသည်။
ရှီလာလည်း ဤအုပ်စုထဲ၌ ရပ်နေသည်ပင်။ မကောင်းသည့်စိတ်ထားရှိသည့် ဗာတီကန်ဘုရင်သည် ခံစားချက်မရှိသည့်မျက်နှာဖြင့် ရပ်နေသော်လည်း သူ့တည်ရှိမှုမှာ အမဲလိုက်ခွေးဘုရင်နှင့် အခြားပြိုင်ဘက်ကင်းကျွမ်းကျင်သူများအား စိတ်လေးလံစေသည်။
အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ တောက်ပသည့်စွမ်းအင်တစ်ခု ရှိနေသည်ကို အမဲလိုက်ခွေးဘုရင် အာရုံခံမိနေသည်ပင်။ ဤလူမှာ မြင့်မြတ်စစ်သူရဲဖြစ်လိမ့်မည်။ သူ့ထံ၌ အလွန်ဆန့်ကျင်ဘက်ဖြစ်သည့် အော်ရာနှစ်မျိုး ရှိနေသည်။
ဤလူများမှာ အရှေ့တိုင်းကျူးကျော်တပ်၏ အဓိကလူများပင်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူ စုစုပေါင်း ခြောက်ဦးရှိသည်။ သူတို့သည် စစ်တပ်ရှေ့တန်းတွင် တောင်တန်းကြီးများကဲ့သို့ ရပ်နေကြသည်။
“ခွန်းလွန်တောင်က ကျွမ်းကျင်သူတွေ ကျုပ်ပြောတာ နားထောင် .. ဒီနေ့တွေမှာ ကျုပ်တို့တွေ ခွန်းလွန်တောင်ကို မတိုက်ခိုက်ခဲ့သလို ညပိုင်းလည်း အလစ်ဝင်မတိုက်ဘူး .. ဒါက ကျုပ်တို့ရဲ့ ရိုးသားမှုကို ပြသတာပဲ..”
အနောက်တိုင်းအုပ်စုမှ ဘုရင်အဆင့်သက်ရှိတစ်ဦး ရှေ့ထွက်လာကာ အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူသည် ကြေးညိုရောင်အသားအရေ၊ အညိုရောင်ဆံပင်နှင့် သူရဲကောင်းဆန်သည့်လူသားတစ်ဦးပင်။ သူ့နောက်ဘက်တွင် ရွှေရောင်လှံတံရှည်တစ်ချောင်းကို လွယ်ထားပြီး သူ့မျက်လုံးများလည်း အေးစက်နေသည်။ သူ့နာမည်မှာ ခွန်းထော်ဖြစ်သည်။
ဤစစ်ပွဲတွင် ဘာသာစကားမှာ ပြဿနာမဟုတ်။ နှစ်ဘက်လုံးမှ လူအများစုမှာ ဘာသာစကားနှစ်ခုလုံးကို ကျွမ်းကျင်ကြသည်။
ခုခံသည့်အဖွဲ့ထဲမှ မြင်းဘုရင် ထွက်လာသည်။ သူသည် ဂတုံးတုံးထားပြီး အရပ် ၁.၅ မီတာကျော်ရှိသည့် သန်မာသည့်လူပင်။
“ခင်ဗျားတို့စကားသံက အရမ်းကို ဂုဏ်ပြုစရာကောင်းတဲ့အသံမျိုးတောင် ဖြစ်နေပြီ .. ဒါပေမဲ့ ခင်ဗျားတို့က ရှီလာတို့ ရောက်လာမှာကို စောင့်နေကြတာ မဟုတ်ဘူးလား..” မြင်းဘုရင် ပြောလိုက်သည်။
“ခင်ဗျား ကျုပ်ကို မယုံရင်တော့ ကျုပ်လည်း မတတ်နိုင်ဘူး .. အဲဒါဆိုလည်း ကျုပ်တို့ သမာသမတ်ကျကျ နှစ်ယောက်တွဲ တိုက်ကြတာပေါ့ .. ဘယ်လိုလဲ..” ခွန်းထော် စိန်ခေါ်လိုက်သည်။
အဝေးတွင်ရှိနေသည့် နဂါးနက်နှင့် ခြင်္သေ့ဘုရင်အကြီးအကဲတို့မှာ ဘာမှမပြောပဲ တိတ်ဆိတ်နေကြသည်။
“ဒါက အရှေ့တိုင်း ကျွမ်းကျင်သူတွေရဲ့ အင်အားကို စမ်းသပ်ဖို့ အဲဒီပြိုင်ဘက်ကင်းကျွမ်းကျင်သူ ခြောက်ယောက် ညွှန်ကြားထားတာပဲ ..”
အရှေ့တိုင်း ကျွမ်းကျင်သူများကြားမှ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။
မြင်းဘုရင်သည် အမဲလိုက်ခွေးဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အမြင်ကို မေးလိုက်သည်။
အမဲလိုက်ခွေးဘုရင် ခေါင်းညိမ့်ပြလိုက်၏။ သူတို့လည်း ရေအနက်ကို တိုင်းကြည့်ချင်သည်။
ချူဖုန်းမှာ အငမ်းမရဖြစ်နေလေပြီ။ သူ တကယ်ကို ပြေးထွက်သွားပြီး သတ်ချင်နေလေပြီ။ သို့သော် ကံဆိုးစွာဖြင့် ဤခွန်းထော်မှ လူသားဖြစ်နေသည်။
ဝုန်း..
ကျွမ်းကျင်သူနှစ်ဦး အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် ချက်ချင်း စ,တိုက်လိုက်ကြသည်။
ခွန်းထော်သည် အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့်သူဖြစ်ပြီး အနောက်တိုင်းကျွမ်းကျင်သူများကြားတွင် အတော်လေး နာမည်ကြီးသည့်သူပင်။ သူ့နာမည်မှာ ရှီလာ၊ ဩဂတ်စတပ်တို့နှင့်ယှဉ်လျှင် ဒုတိယနေရာ၌ ရှိသည်။
သူ့လက်တစ်ဖက်တွင် လျှပ်စီးတန်းများ ထုတ်လွှတ်နေသည့် လှံရှည်တစ်ခုကို ကိုင်ထားသည်။ ဤလှံရှည်မှာ မြင်းဘုရင်အား အတော်လေး ဒုက္ခပေးလှသည်။ သူတို့နှစ်ဦး တိုက်ခိုက်သည်နှင့် သဲများ၊ ကျောက်ခဲများ နေရာအနှံ့ လွင့်စင်သွားပြီး မြေပြင်ထက်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
ဒုန်း..
ခွန်းထော်၏လှံတံသည် လျှပ်စီးတန်းတစ်ခုနှင့်အတူ အရှေ့သို့ လွင့်ထွက်လာသည်။ သို့သော် လက်ဝါးတစ်ဖက်သည် ထိုလှံတံအား ရိုက်ချလိုက်သောကြောင့် ကျယ်လောင်လှသည့်အသံကြီး ထွက်ပေါ်လာသည်။
မြင်းဘုရင်၏လက်ဝါးများမှာ အလွန်မာကျောလှသည်။ သူသည် မန္တန်ယန၏ လက်ဝါးသိုင်းကို လားမားနှင့်အတူ လေ့ကျင့်ဖူးသောကြောင့် သူ့လက်ဝါးမှာ နတ်သတ္တုကဲ့သို့ မာကျောနေပြီး ဒုံးကျည်ကိုပင် ခုခံနိုင်သည်။
သူတို့နှစ်ဦး အနီးကပ်တိုက်ခိုက်နေကြသည်မှာ အလင်းတန်းနှစ်ခု ရောယှက်နေသကဲ့သို့ပင်။
“အဆင့်နယ်ပယ်တူတဲ့ထဲက ဘယ်သူ ငါနဲ့တိုက်ချင်လဲ..”
ထိုအချိန်တွင် အနောက်တိုင်းတပ်ထဲမှ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမထံတွင် ကောက်ကျစ်ဉာဏ်များသည့် အော်ရာရှိနေသည်။
“အနက်ရောင်မုဆိုးမ..” တစ်စုံတစ်ယောက် အလောတကြီးပြောလိုက်သည်။ သူမသည် အဆင့်တက်ထားသည့်ပင့်ကူတစ်ကောင်ပင်။
“ကျွန်မရှင့်ကို အဖော်လုပ်ပေးမယ်..” ခွန်းလွန်ဘက်မှ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမသည်လည်း သူမပြိုင်ဘက်ကဲ့သို့ လှပလှသည်။ ဤသည်မှာ ပိုးချည်မျှင်ဂူ၏ ပိုင်ရှင် ရက်ကန်းဘုရင်ဖြစ်ပြီး သူမလည်း ပင့်ကူတစ်ကောင်ပင်။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး တစ်လက်မမှအလျော့မပေးပဲ တိုက်ခိုက်ကြသည်။
ဝှစ်…
သူတို့နှစ်ဦးထံမှ အဖြူရောင်ချည်မျှင်များ ထွက်ပေါ်လာသည်။ ထိုချည်မျှင်များ ကျသွားသည့်နေရာရှိ မြေကြီးများမှာ ချက်ချင်းပင် မဲတူးသွားလေ၏။
ခွပ် ခွပ် ခွပ်..
သူတို့နှစ်ဦး ပြင်းထန်စွာပင် တိုက်ခိုက်နေခဲ့ကြသည်။
အနောက်တိုင်းတပ်မှ အခြားလူတစ်ဦး ထပ်ထွက်လာသည်။ ဤသည်မှာ ကင်းမြီးကောက်မှ ပုံစံပြောင်းထားသည့်လူပင်။
ချူဖုန်း ဗျာများနေပြီဖြစ်သည်။ ဘယ်လိုလုပ် စိန်ခေါ်လာတဲ့သူတွေက လူတွေနဲ့ အဆိပ်ရှိတဲ့ပိုးကောင်တွေ ဖြစ်နေတာလဲ.. တစ်ကောင်မှ စားလို့မရဘူး ..
ဖိတ်ခေါ်ထားသည့် တပ်ကူထဲမှ ကျွမ်းကျင်သူတစ််ဦး ထွက်လာကာ ကင်းမြှီးကောက်ကြီးနှင့် တိုက်ခိုက်လာသည်။
ဤကဲ့သို့ဖြင့် အရှေ့နှင့်အနောက်တိုင်းတပ်မှ ကျွမ်းကျင်သူများ တိုက်ခိုက်နေကြသည်မှာ စစ်မြေပြင်၌ စုစုပေါင်း ရှစ်တွဲထိ ရှိလာသည်။
ချူဖုန်း၏မျက်လုံးများ အစိမ်းရောင်ပြောင်းနေပြီဖြစ်သည်။ စား၍ရသည့်သားရဲအချို့ စိန်ခေါ်လာသော်လည်း သူ အမြဲတမ်း ခြေတစ်လှမ်း နောက်ကျနေသည်။
ဆယ်ယောက်မြောက်တွင်သာ သူ တိုက်ခိုက်ရတော့သည်။
သူ့ပြိုင်ဘက်မှာ ငှက်ဘုရင်တစ်ဦးပင်။ သူသည် ကောင်းကင်ထက်၌ အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး တောက်ပသည့်အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။
ချူဖုန်း တရှိန်ထိုး ပြေးထွက်လာလိုက်သည်။ သို့သော် သူ့အရှိန်ကိုတော့ လျှော့ထားသေးသည်ပင်။ သူ ဖြတ်သွားသည့်နေရာတိုင်းမှ သဲများ၊ ကျောက်ခဲများ လွင့်စင်သွားကာ လေထုလည်း ပေါက်ကွဲသွားသည်။
ထိုအခိုက်အတန့်တွင် စစ်မြေပြင်၌ သွေးစွန်းထင်းနေပြီဖြစ်ပြီး အချို့လူများ ဒဏ်ရာရရှိသွားသည်။
ဖူး…
သူ့ပြိုင်ဘက်၏လှံတံ သူ့ရင်ဘတ်ကို ထိုးဖောက်သွားသောကြောင့် သူဒဏ်ရာရရှိသွားကာ သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။ သူ့မျက်နှာထက်တွင်လည်း နာကျင်သည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူ့ဒဏ်ရာများမှာ အတော်လေး ပြင်းထန်လှသည်ပင်။ သို့သော် ထိုအချိန်တွင် ကြိတ်ဆုံကျောက်အရွယ်အစားရှိသည့် သူ့ညာလက်ဖြင့် ရန်သူကို ရိုက်လိုက်နိုင်သည်။
ခွပ်..
ခွန်းထော်သည် ဦးခေါင်းကို ချိန်ရွယ်လာသည့် ထိုလက်ကို ရှောင်လိုက်နိုင်သော်လည်း သူ့ပုခုံးမှာ လုံးဝပုံပျက်သွားသည်။ သူ့အရိုးအရွတ်အားလုံး ပျက်စီးသွားကာ သူလည်း လွင့်ထွက်သွားသည်။
အနောက်တိုင်းတပ်မှ ဘုရင်အဆင့်သက်ရှိများစွာ တုန်လှုပ်သွားကြ၏။ ခွန်းထော် မည်မျှစွမ်းအားကြီးသည်ကို သူတို့အားလုံး သိကြသည်ပင်။ သူသည် ပြိုင်ဘက်ကင်းသည်ဆိုသည့် ရွှေရောင်ခြင်္သေ့ဘုရင်ကို စိန်ခေါ်နိုင်သည့်အဆင့်ရှိသည့်သူပင်။ သူ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသော်လည်း ခြင်္သေ့နှင့် တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့။
နှစ်ဦးလုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး ဆက်မတိုက်နိုင်တော့။ တိုက်ပွဲမှာ သရေဖြင့် ပြီးဆုံးသွားသည်။
တကယ်တမ်းတွင် ခွန်းလွန်တောင်မှ ကျွမ်းကျင်သူများလည်း အံ့အားသင့်သွားကြသည်ပင်။ မြင်းဘုရင်၏ တိုက်ခိုက်နိုင်စွမ်းမှာ ထူးခြားကြောင်း သူတို့သိသည်။ သူသည် ခွန်းလွန်တောင်၌ နာမည်ကြီးသည့်သူပင်။ အထူးသဖြင့် လားမားလက်အောက် လေ့ကျင့်ပြီးနောက် သူ အတော်လေး စွမ်းအားကြီးလာသည်ပင်။
ဤကဲ့သို့သော လူရိုင်းမျိုးပင် ဒဏ်ရာရသွားသောကြောင့် သူ့ပြိုင်ဘက်လည်း အတော်လေး စွမ်းအားကြီးရမည်ပင်။
“ဖူး..”
အခြားတိုက်ပွဲတစ်ခုလည်း အဆုံးသတ်သွားလေပြီ။ အနက်ရောင်မုဆိုးမဦးခေါင်း မြေပြင်ပေါ်သို့ ကျသွားပြီး သူမအလောင်းမှာ နဂိုပုံစံ ပြန်ဖြစ်သွားသည်။
ဖူး ဖူး ဖူး..
တစ်ချိန်တည်းမှာပင် အချို့တိုက်ပွဲများလည်း ရလဒ်များ ထွက်ပေါ်လာသည်။ ခွန်းလွန်တောင်သည် နှစ်ပွဲအနိုင်ရကာ သုံးဦးသေဆုံးသွားသည်။
ထိုအချိန်တွင် ချူဖုန်းလည်း ငှက်ဘုရင်ထံသို့ တရှိန်ထိုး ပြေးသွားကာ လေထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
လက်သီးမှ ထူးခြားသည့်စွမ်းအင်ထွက်ပေါ်လာပြီး ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
သို့သော် ထိုငှက်ဘုရင်မှာ အလွန်လျင်မြန်လှသည်။ သူသည် အတောင်ပံများကိုခတ်ပြီး ပိုမြင့်သည့်နေရာသို့ ပျံသန်းသွားလိုက်သည်။ လက်သီးကို ညင်သာစွာ ရှောင်တိမ်းလိုက်ပြီးနောက် ချူဖုန်းကို ဝိုင်းပတ်ကာ ပြန်လည်တိုက်ခိုက်လာသည်။
ခွပ်..
ချူဖုန်း ဘယ်လက်ကို မြှောက်လိုက်ပြီး တွန်းလိုက်သည်နှင့် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာသည်။ သူ အချိန်မဖြုန်းချင်တော့။ သူ့သားကောင်ကို မြန်မြန်ပစ်ချရန် ဆုံးဖြတ်လိုက်သည်။ သူ ဗိုက်ဆာလွန်း၍ ကြယ်များပင် မြင်နေလေပြီ။
သူ့အားကို ဖိနှိပ်ထားသော်လည်း လျှပ်စီးတန်း ထွက်ပေါ်လာသည့်အချိန်တွင်တော့ ငှက်ဘုရင်မှာ ဆိုးရွားစွာပင် ဓာတ်လိုက်သွားကာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
ဝှစ်..
ချူဖုန်း သူ့အစားအစာကို ဖမ်းယူပြီး ခွန်းလွန်တောင်သို့ တန်းသွားလိုက်သည်။
ဒါက ဘာအခြေအနေကြီးလဲ.. ပျောက်ကွယ်သွားသည့် သူ့ပုံရိပ်ကိုကြည့်ကာ အားလုံး ဆွံ့အသွားရသည်။
ချူဖုန်း သူ့ပြိုင်ဘက်ကို သတ်လိုက်ပြီဖြစ်ကြောင်း လူအများစု သတိမပြုမိကြ။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲမှာ တရားမမျှတဟု ခံစားရသောကြောင့် သူတို့ အခြားတိုက်ပွဲများကိုသာ ကြည့်နေခဲ့ကြသည်။
သို့သော် သူတို့ ခဏလေး စိတ်လွတ်သွားသည့်အချိန်၌ တိုက်ပွဲ အဆုံးသတ်သွားလေပြီ။
“ဝိုး .. အဲဒီလူအရိပ်ကို တွေ့လိုက်လား .. တိုက်ပွဲက ဘယ်လိုလုပ် ဒီလောက်မြန်မြန် အဆုံးသတ်သွားတာလဲ..” အဝေးမှ သတင်းထောက်များနှင့် အေးဂျင့်များ ငေးကြောင်နေကြလေသည်။
“အဲဒီလူက ချူဖုန်းနဲ့တူတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်” အချို့လူမျး အံ့အားတကြီး ပြောလိုက်သည်။ မှတ်တမ်းတင်ထားသည့် ဗီဒီယိုကို ပြန်ရစ်ပြီး အဆပေါင်းများစွာ နှေးပစ်လိုက်မှသာ ထိုလူ၏ ဘေးတစ်စောင်းပုံကို တွေ့လိုက်ရသည်။ ဤသည်မှာ နတ်ဆိုးဘုရင်ချူနှင့် အတော်လေး တူလှသည်။
“မဖြစ်နိုင်တာ..”
ဆူညံသံမျး ထွက်ပေါ်လာသည်။ ဤလူသာ တကယ်ချူဖုန်းဆိုလျှင် သေချာပေါက် ကိစ္စကြီးတစ်ခုဖြစ်လာမည်ပင်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်း သေသွားပြီဟု လူများစွာ ယုံကြည်နေကြသည်ပင်။
ခွန်းလွန်ဘက်မှ ဘုရင်များစွာ ဆွံ့အသွားရသည်။ ချူဖုန်း ငှက်ဘုရင်အား ဆွဲလာသည်ကို မြင်လိုက်ရသည့်အချိန် သူတို့ ဘာပြောရမည်မှန်းပင် မသိတော့။
ချူဖုန်း၏မျက်လုံးများ အရောင်တောက်ပနေပြီး သူသည် ပြိုင်ဘက်ကင်းအောင်လှပလှသည့် သတို့သမီးကို သူ့လက်ထဲ သယ်လာပြီး ပြေးနေရသကဲ့သို့ အလွန်စိတ်လှုပ်ရှားနေသည်။ သူ့သားကောင်ကို အခြားသူများ လုသွားမည်ကို စိုးရိမ်နေလေ၏။
အနောက်တိုင်းတပ်မှ လူအချို့လည်း သံသယဝင်နေကြသည်။
“ဘာဖြစ်သွားတာလဲ.. တိုက်ပွဲက ဘယ်လိုလုပ် ဒီလောက်မြန်မြန် အဆုံးသတ်သွားတာလဲ .. အဲဒီကောင်လည်း ငှက်မျိုးနွယ်စု ကျွမ်းကျင်သူလား .. သူကဘာလို့ သူ့အိပ်မက်ထဲက အမျိုးသမီးကို ဆွဲပြေးသလိုမျိုး လုပ်နေတာလဲ.. သူ့မျက်လုံးတွေတောင် အစိမ်းရောင်ပြောင်းနေပြီ .. သူ့မျက်နှာကလည်း တော်တော်လေး နှာဗူးဆန်တယ်..”
“ငှက်ပိတုန်းဘုရင် အသက်ရှင်နိုင်လောက်တယ် .. အဲဒီကောင်က ပြိုင်ဘက်ကင်းရတနာကို သယ်သွားသလိုမျိုး သယ်သွားတာ” အနောက်တိုင်းတပ်မှ တစ်စုံတစ်ဦး နူးညံ့စွာ ပြောလိုက်သည်။
ဤစကားကိုကြားသည်နှင့် လူများစွာ စိတ်သက်သာရာရသွားသည်။
သို့သော် ခဏကြာပြီးနောက် အရှေ့တိုင်းတပ်ဘက်မှ ဆူညံသံအချို့ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက် မီးပုံတစ်ခုလုပ်နေပြီး အကင်လုပ်ရန်အတွက် သင့်တော်သည့် အကောင်းဆုံး ဆော့စ်နှင့်ပါဝင်ပစ္စည်းများအား ဆွေးနွေးနေသည့်အသံများ ထွက်ပေါ်လာသည်။
“ခဏနေဦး .. တစ်ခုခုတော့ မှားနေပြီ..” အနောက်တိုင်းတပ်မှလူများ ထိတ်လန့်တကြား ကြည့်လာကြသည်။
“ချီးပဲ .. တစ်ယောက်ယောက်က ငှက်ပိတုန်းကို ကင်စားဖို့ ပြင်နေတာ..”
“အမ်..”
အနောက်တိုင်းမှ ကျွမ်းကျင်သူများ ထိတ်လန့်သွားကြရသည်။
ခွန်းလွန်တောင်မှ ဘုရင်များစွာမှာ ချူဖုန်းအကြောင်းတွေးမိသည်နှင့် မူးဝေလာကြသည်။ တောင်များတွင် တိုက်ပွဲကြီး ပြင်းထန်နေကာ အားလုံး စိုးရိမ်ပူပန်နေကြသော်လည်း သူက မီးပုံဖိုကာ အခြားသူများနှင့် ငှက်ဘုရင်ကို ကင်စားနေသည်။ ဤသည်မှာ တကယ်ကို ဆွံ့အစရာကောင်းလှသည်။
အပိုင်း ၁၈၉ ပြီး၏။