ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၈- ရှားပါးသည့် ရတနာ
နွားနန်းတော်ထဲတွင် ချူဖုန်း အပင်ထက်၌ ရှိနေသည့် အသီးကို စိုက်ကြည့်လိုက်သည်။ ထိုအသီးသည် ဆက်တိုက်ပင် ကြီးထွားလာနေပြီး မြူများ ထုတ်လွှတ်လာသည်။
သစ်ပင်လည်း ဖြောင့်မတ်ကာ အသက်ဓာတ်များ ပြည့်ဝနေသည်။ အချို့နေရာများတွင် သစ်ခေါက်များ အက်ကွဲနေသောကြောင့် နဂါးတစ်ကောင် နဂါးပုလဲလုံးတစ်လုံးကို ပါးစပ်ထဲ ကိုက်ချီထားသည်နှင့်တူနေသည်။ သူ့စွမ်းအင်အားလုံး ထိုပုလဲလုံးထဲသို့ ဝင်သွားနေသည်ပင်။
သစ်ပင်သည် မျက်စိဖြင့် မြင်နိုင်လောက်အောင် လျင်မြန်စွာ ရင့်ရော်လာသည်။ သူ့စွမ်းအင်အားလုံး ထိုအသီးထဲသို့ စုစည်းဝင်ရောက်နေသည်ပင်။
နောက်ဆုံး သစ်ပင်ကြီးသည် ဘုန်းကနဲပေါက်ကွဲသွားကာ ဓားပုံစံသစ်ရွက်များလည်း အသက်ဓာတ်ကင်းမဲ့သွားသည်။
ချူဖုန်း ညင်သာစွာ အသက်ရှူထုတ်လိုက်သည်နှင့် ညှိုးလျော်နေသည့် သစ်ရွက်များစွာ ကြွေကျလာကာ ပြာဖြစ်သွားလေ၏။
ဤမြင်ကွင်းမှာ ထူးဆန်းသည့်ခံစားချက်တစ်မျိုး ပေးနေသည်။ သိထားရမည်မှာ ဤသစ်ရွက်များသည် အစောပိုင်းလေးကတင် သတ္တုချင်းထိခတ်သည့်အသံကို ထုတ်လွှတ်နေပြီး ဓားအလင်းတန်းများ တောက်ပနေသည်ပင်။
သို့သော် ယခုတော့ အားလုံး ပြာမှုန့်များ၊ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလေပြီ။
ခဏကြာပြီးသည့်နောက်တွင် အပင်တစ်ခုလုံး မည်သည့်အရွက်မှ မကျန်တော့ပဲ ပင်စည်နှင့် သစ်ပင်ထိပ်ဖျားမှ အသီးတစ်လုံးသာ ကျန်တော့သည်။ ထိုအသီးမှာ ရင့်မှည့်လာတော့မည်။
ရတနာပုလင်း..
ချူဖုန်း အံ့အားသင့်သွားရသည်။ အသီးတစ်လုံးက ဘယ်လိုလုပ် ဒီလိုပုံစံဖြစ်လာနိုင်တာလဲ..
ပန်းပွင့်အဖူးဆိုလျှင် သိပ်အံ့ဩစရာမရှိ။ ပုလင်းပုံစံရှိသည့် ပန်းပွင့်အချိုု့ရှိသည်ပင်။ သို့သော် အစေ့တစ်စေ့ ဤပုံစံရှိနေသည်မှာတော့ အတော်လေး ထူးခြားလှသည်။
အထူးသဖြင့် သေချာကြည့်လိုက်မည်ဆိုလျှင် ပုလင်းထဲ၌ အရည်များ သိမ်းဆည်းနိုင်သည့် နေရာလွတ်ရှိနေသည်ပင်။
အစေ့မှာ နှစ်လက်မကျော်ရှိသောကြောင့် ယခင်ဓားပုံစံနှင့်ယှဉ်လျှင် အတော်လေး ကြီးသည်ဟု ပြော၍ရသည်။
ခွပ်..
သစ်ပင်သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ သက်တမ်းရှိသည့် သစ်ပင်ကဲ့သို့ ခြောက်သွေ့အက်ကွဲလာသည်။
ဤမြင်ကွင်းမှာ ထူးခြားလှသည်ပင်။ တစ်ညတည်းဖြင့် အပင်ဖြစ်လာပြီး တစ်နေ့တည်းဖြင့် ခြောက်သွေ့သွားသည်။ ဤသည်နှာ နှစ်ပေါင်းများစွာကို တစ်ရက်နှင့်တစ်ညဖြစ်အောင် ချုံ့လိုက်သကဲ့သို့ပင်။
နောက်ဆုံးတွင် အပင်အိုကြီး တစ်စစီဖြစ်သွားကာ ပြိုဆင်းလာသည်။
ဤသည်မှာ အဆုံးသတ်တော့မည့် နဂါးအိုကြီးတစ်ကောင် သူ့နောင်လာနောက်သားများအတွက် နဂါးပုလဲကို ထုတ်ပေးသည့်မြင်ကွင်းနှင့် တူနေသည်။
အမြစ်များပင် လုံးဝပျက်စီးသွားလေပြီ။
အပင်ကြီး ပြာဖြစ်သွားပြီးနောက် ထိုအစေ့လေးသာ မြူတန်းနှင့်အတူ အောက်ကျလာ၏။ ချူဖုန်း ထိုအစေ့ကို လက်ဖြင့် ဖမ်းလိုက်သည်။
ပုလင်းပုံစံအစေ့မှာ ဖြူဖွေးနေပြီး အပေါ်မျက်နှာပြင်တွင်တော့ ရွှေရောင်နှင့် အစိမ်းရောင် အစက်အပြောက်များ ရှိနေသည်။
ပုလင်းမှာ ကြည့်လေလေ ထူးဆန်းလေလေပင်။ ပုလင်းသည် အထဲဘက်၌ အလွတ်ဖြစ်နေပြီး တစ်ခုခုထည့်ထားနိုင်သည်ပင်။
ပုလင်းအောက်ပိုင်းနှင့် သစ်ပင်အိုကြီးအား ချိတ်ဆက်ခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ ပုလင်းအောက်ခြေတွင် ဘာအဖုအထစ်မှ ရှိမနေ။ လုံးဝချောမွေ့နေသည်။
ချူဖုန်း ပုလင်းကို ဖင်ပြန်ခေါင်းပြန် သေချာကြည့်လိုက်သည်။
ပုလင်းမျက်နှာပြင်ထက်၌ ကြယ်ပုံစံများကို မြင်နေရသည်။ ရွှေရောင်အစက်အပြောက်များမှာ နေလုံးကြီးနှင့်တူနေပြီး အစိမ်းရောင်အစက်အပြောက်များကတော့ သာမန်ကြယ်များနှင့် တူသည်။
လက်ထဲ ချိန်ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ သတ္တုများထက်ပင်လေးကြောင်း တွေ့လိုက်ရသည်။ ထိုးဆိတ်ကြည့်လိုက်သည့်အချိန်တွင်တော့ ဤသည်မှာ အလွန်မာကျောကြောင်း သူတွေ့လိုက်ရသည်။
ရတနာပုလင်းသည် သူ့လက်ထဲမှနေ၍ လေပေါ်သို့ တက်သွားပြီး သူ့စိတ်ဖြင့် ခိုင်းစေလိုက်သည်နှင့် ဓားတစ်လက်ကဲ့သို့ ပြေးထွက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နန်းတော်နံရံတစ်ခုလုံး အက်ကွဲသွားသည်။
ချူဖုန်း အံ့အားသင့်သွားရသည်။ သူသည် ပုလင်းကို ဓားပျံကဲ့သို့အသုံးပြုခဲ့သော်လည်း ရလဒ်မှာ ကွဲပြားလှ၏။ ဤအစေ့က ပိုကောင်းနေသည်။
ဒါက လက်နက်ပဲ..
သို့သော် ဤပုလင်းကို ထပ်မံစိုက်ပျိုး၍ ရဦးမည်ကို သူ သံသယမဝင်။
ချူဖုန်း သူ့လက်နက်အသစ်ကို နောက်တစ်ကြိမ် စမ်းသပ်လိုက်သည်။ ပုလင်းမှ ထွက်လာသည့် ဓားစွမ်းအင်များမှာ အနီရောင်ဓားပျံထက်ပင် ပို၍စွမ်းအားကြီးသည်။
ထို့နောက် သူတွေးလိုက်သည်နှင့် ပုလင်းလေး သူ့လက်ဝါးပေါ် ရောက်လာသည်။ သူ ကိုယ်ခံပညာကို အသုံးပြုကြည့်လိုက်သည်။
ပုလင်းထဲသို့ သူ့ခန္ဓာကိုယ်မှ ထူးဆန်းသည့်စွမ်းအင်များ လောင်းထည့်လိုက်သည်။
ထို့နောက် ချူဖုန်း ထိုပုလင်းကို လက်ထဲ၌ ကိုင်ထားပြီး တောက်ပသည့်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ စွမ်းအင်တန်းသည် နတ်ရေတံခွန်တစ်ခုကဲ့သို့ နွားဘုရင်နန်းတော်နံရံကို ထိုးဖောက်သွားလေ၏။ ဤစွမ်းအင်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
“ဒါက..”
ချူဖုန်း ထိတ်လန့်သွားရသည်။ ပုလင်းကို စိတ်ဝိညာဉ်ပညာနဲ့ သုံးလို့ရရုံတင်မကဘူး ကိုယ်ခံပညာစွမ်းအင်တွေနဲ့လည်း သုံးလို့ရတယ်..
ဤနှစ်လက်မအရှည်ရှိသည့် ပုလင်းမှာ တကယ်ကို ထူးဆန်းလှသည်။
ဒါက အစေ့လား .. လက်နက်လား.. မည်သို့ပင်ဖြစ်စေ ဤသည်မှာ အလွန်ရှားပါးလှသည့် ရတနာတစ်ခုပင်။
သူ ဤပုလင်းကို စိတ်ဝိညာဉ်စွမ်းအင်နှင့် ကိုယ်ခံပညာနှစ်ခုပေါင်းကာ စမ်းသပ်ကြည့်ချင်သေးသည်။ သို့သော် ယခုတော့ ထိုသို့စမ်းသပ်ရန်အတွက် အခွင့်မသာသေး။ နန်းတော်အပြင်ဘက်၌ သားရဲဘုရင်များစွာ ရောက်ရှိနေပြီဖြစ်ပြီး နွားနှစ်ကောင် ထပ်မထိန်းနိုင်တော့။
ထိုပုလင်းကို အခြားအစေ့နှစ်ခုနှင့်အတူ ကျောက်သေတ္တာထဲ ပြန်ထည့်လိုက်သည်။
မြေပြင်ထက်ရှိ အနီရောင်သလင်းကျောက်များမှာ မည်းနက်နေပြီဖြစ်ပြီး အချို့မှာ ကြေမွသွားကြလေပြီ။ ဤကျောက်များထဲရှိ စွမ်းအင်အားလုံးကုန်ဆုံးသွားပြီဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲ၌ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို သူ ခံစားနေရသည်။ ဤအခွင့်အရေးကို အသုံးချကာ အဆင့်တက်ရန် ကြိုးစားလိုက်သည်။ သူ စတုတ္ထမြောက်အချုပ်အနှောင်ကို ဖြတ်တောက်တော့မည်။
ထို့နောက် သတ္တုချိန်းကြိုးတစ်ခု ခပ်တင်းတင်းဆွဲခံရပြီး ပြတ်တောက်သွားသကဲ့သို့ ဘန်းကနဲအသံကျယ်ကြီး ထွက်ပေါ်လာသည်။
သူ့ဘယ်ဘက်လက်တွင် လျှပ်စီးတစ်ခုနှင့်တူသည့် ချိန်းကြိုး ပျက်စီးသွားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ယခုမှစကာ ထိုချိန်းကြိုး သူ့ကို မချည်နှောင်နိုင်တော့။
ထို့နောက် မီးတောင်ပေါက်ကွဲထွက်သကဲ့သို့သော နွေးထွေးသည့်စွမ်းအင်များ ထွက်ပေါ်လာကာ လက်မောင်းမှတစ်ဆင့် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ချူဖုန်း လွတ်လပ်သည့်အခြေအနေသို့ ထပ်ရောက်သွားသည်။ သူသည် ရွှံနွံထဲမှ လွတ်မြောက်လာသလို ခံစားလိုက်ရသည်။
ယခုတော့ သူ တစ်ခေါက်တည်းကြိုးစားရုံဖြင့် အချုပ်အနှောင်ကို ဖြတ်တောက်နိုင်ခဲ့သည်။
အချုပ်အနှောင်တစ်ခုကို ဖြတ်တောက်ပြီးတိုင်း စွမ်းအားတိုးလာမည်ပင်။ ချူဖုန်း သူ့ဘယ်လက်ကိုမြှောက်လိုက်ပြီး အသာလေး ဝေ့ရမ်းလိုက်သည်နှင့် သူ့လက်ဝါးမှ လျှပ်စစ်တန်းများ ထွက်ပေါ်လာပြီး လှံရှည်တစ်ခုဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
ချူဖုန်း ထိတ်လန့်သွားရ၏။ ယခုတစ်ခေါက် ရလိုက်သည့်စွမ်းရည်မှာ အံ့အားသင့်စရာကောင်းလှသည်။
သူ့လက်ထဲမှ လှံတံ၏ ကြောက်စရာကောင်းသည့်စွမ်းအားကို သူ ခံစားမိသည်။ သူ ဤလှံတံကို ပစ်လွှတ်လိုက်သည်နှင့် ပြင်းထန်သည့် ထိခိုက်မှုများဖြစ်ပေါ်လာလိမ့်မည်။
နောက်ဆုံး ချူဖုန်း ထူးဆန်းသည့်စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လှံရှည်ကို ပြန်လည်ပျောက်ကွယ်သွားစေလိုက်သည်။
ယခုအချိန်တွင် နန်းတော်အပြင်ဘက်၌ လူများစွာ ရှိနေသည်။ ချူဖုန်း သူ့စွမ်းရည်ကို လူများအား မချပြချင်သေး။ သူ ဤစွမ်းရည်ကို လူအချို့အတွက် ချန်ထားရဦးမည်။
သူ့တစ်ကိုယ်လုံး တောက်ပနေကာ သူ့ဘေးပတ်လည်တွင် မွှေးရနံ့တစ်ခု သင်းပျံ့နေသည်။ သူ့ဆံပင်များလည်း တစ်ဖြည်းဖြည်း ရှည်လျားလာကာ ခါးထိ ရောက်လာသည်။ သူ့ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ထပ်မံအားကောင်းလာပြီဖြစ်သည်။
ထိုက်တောင်၌လည်း သူ ဤကဲ့သို့ တွေ့ကြုံခဲ့ရသည်ပင်။ အဆင့်တက်ပြီးသည်နှင့် သူ့တစ်ကိုယ်လုံး မွှေးပျံ့နေကာ ဆံပင်များလည်း ရှည်လာခဲ့သည်။
ယခုအချိန်တွင် သူ့စွမ်းအားမှာ ရွှေရောင်ခြင်္သေ့ဘုရင်အထက်၌ ရှိနေလိမ့်မည်ဟု သူ ယုံကြည်သည်။ သူတို့သာ ထပ်တိုက်ကြလျှင် သူ သွေးအန်လောက်ထိ တိုက်ခိုက်စရာလိုတော့မည်မဟုတ်။
ချူဖုန်း သူ့ခြေလက်များကို ဆန့်တန်းလိုက်သည်။ သူ့ခြေလက်များ လှုပ်ရှားလိုက်တိုင်း ရန်သူနှင့်တိုက်ခိုက်ရန် အဆင်သင့်စောင့်ဆိုင်းနေသည့် စွမ်းအားများ ပြည့်နေသည်ကို သူခံစားနေရသည်။
“ဂွီ..”
သူ့အစာအိမ် ဆန္ဒပြလာလေပြီ။ စွမ်းအားကြီးကာ ယုံကြည်ချက် ပြည့်ဝနေသည့် ချူဖုန်းမှာ ယခုတော့ မျက်နှာကြီးရှုံ့မဲ့လာသည်။ သူ ဗိုက်အလွန်ဆာနေလေပြီ။
သူကိုယ်တိုင်လည်း ဆွံ့အသွားခဲ့ရသည်။ သူသည် ဘုရင်အဆင့်သက်ရှိများစွာကို စားသုံးခဲ့သောကြောင့် ယခုတစ်ခေါက် အဆင့်တက်ပြီးလျှင် သူ ဗိုက်ဆာလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့ခြင်းပင်။ သို့သော် ရလဒ်မှာ ယခင်တစ်ခေါက်အတိုင်း ဗိုက်ဆာနေဆဲပင်။
ချူဖုန်း အဝတ်အစားများ ပြန်ဝတ်လိုက်ပြီး ထွက်လာလိုက်သည်။
နွားဘုရင်နန်းတော်အပြင်ဘက်၌ မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
အစောပိုင်းတွင် နွားနှစ်ကောင်မှာ ရောက်လာသည့်လူအုပ်ကြီးကို မထိန်းသိမ်းနိုင်လုနီးပါးဖြစ်ခဲ့သည်။ သို့သော် အသစ်ရောက်လာသည့် မဖိတ်ခေါ်ထားသည့် ဧည့်သည်များကြောင့် အားလုံး၏အာရုံမှာ သူတို့ထံသို့ ရောက်သွားသည်။
ခွန်းလွန်တောင်မှ ကျွမ်းကျင်သူများသည် နန်းတော်ထဲဝင်ရန် ထပ်မပြောတော့ပဲ ရောက်လာသည့်ကျွမ်းကျင်သူများကိုသာ ထူးဆန်းသည့်အမူအရာဖြင့် ကြည့်လိုက်ကြသည်။
ရောက်လာသည့်ဧည့်သည်များထဲတွင် နှစ်ဦးမှာ ခေါင်းဆောင်များပင်။ တစ်ယောက်နှင့် အဖြူ၊အနက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ညင်သာစွာ ပြုံးနေသည်။ သူသည် သာမန်ငှက်တစ်ကောင်မှ ဘုရင်အဆင့်ထိ ပြောင်းလဲခဲ့သည့် ငှက်ကျားတစ်ကောင်ပင်။
အခြားတစ်ယောက်ကတော့ ရွှေရောင်ဆံပင်နှင့် ပိန်ပါးသွယ်လျသည့်သူပင်။ သူ၏ခန္ဓာကိုယ် ပိန်ပါးသေးငယ်သော်လည်း ခန္ဓာကိုယ်ထဲတွင်တော့ များပြားလှသည့် သွေးစွမ်းအင်များ ရှိနေသည်ပင်။ ဤကျွမ်းကျင်သူမှာ ရွှေရောင်မျောက်ဘုရင်ပင်။
“ဘာလဲ .. မင်းတို့နှစ်ယောက်ကဘာလို့ ဒေါသထွက်နေတာလဲ .. ချူဖုန်းက သေဖို့ကံပါလာပြီးသားပဲလို့ပဲ ပြောတာလေ .. မင်းတို့နှစ်ယောက် ငါတို့ကို ဒီလိုမျိုး စိုက်ကြည့်စရာလိုလို့လား..” ငှက်ကျားဘုရင် ရယ်မော၍ ပြောလိုက်သည်။
“လူသေတစ်ယောက်အတွက်နဲ့ မင်းတို့ဒေါသထွက်ဖို့ မတန်ပါဘူး .. နတ်ဆိုးဘုရင်ချူလို့ခေါ်တဲ့လူက အမြဲတမ်း မောက်မာနေတာ .. သူ အဆုံးသတ်ကောင်းမှာမဟုတ်ဘူးဆိုတာ ငါတို့ သိနေပြီးသား” ရွှေရောင်မျောက်ဘုရင်လည်း ပြောလာသည်။
သူတို့သည် အလွန်ပင် စိတ်အေးလက်အေးဖြစ်နေကာ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေကြသည်။ သူတို့သည် နွားနှစ်ကောင်၏အနာပေါ် ဆားသိပ်နေခြင်းပင်။
ချူဖုန်းသာ တကယ်သေသွားလျှင်တော့ ဤရန်စသည့် စကားလုံးများမှာ သူတို့ကို တကယ်နာကျင်စေလိမ့်မည်။ သို့သော် ယခု ချူဖုန်း အသက်ရှင်နေသေးပြီး ကောင်းမွန်စွာ ရှိနေသည်။
နွားနှစ်ကောင် ဘာမှမပြောပဲ သူတို့ကိုသာ စိုက်ကြည့်နေလိုက်သည်။ ချူဖုန်း၏ အဆင့်တက်ခြင်း အနှောက်အယှက်မဖြစ်စေရန်အတွက် အချိန်သာ ဆွဲထားလိုက်သည်။
“တကယ်တော့ သူ အနောက်နိုင်ငံမှာ သေသွားတာက တော်တော်လေး ကံကောင်းသွားတာလို့ ပြောလို့ရတယ် .. မဟုတ်ရင် ဒေါင်းဘုရင် သူ့ကို လွယ်လွယ်လေး အလွတ်ပေးမှာမဟုတ်ဘူး”
ငှက်ကျားဘုရင်နှင့် ရွှေရောင်မျောက်တို့မှာ ပို၍ရဲတင်းလာကြသည်။
ဘေးပတ်လည်ရှိ ခွန်းလွန်တောင်မှ ကျွမ်းကျင်သူအားလုံး ဆွံ့အသွားကြသည်။ သူတို့ ကြည့်မနေနိုင်တော့ပဲ ဤနှစ်ယောက်အား သတိပေးလိုက်ချင်သော်လည်း ဤနှစ်ယောက်မှာ မရိုးသားဟု ခံစားနေရသောကြောင့် ဘာမှမပြောတော့ပဲ ပွဲကောင်းကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြတော့သည်။
ထိုအချိန်တွင် ချူဖုန်း နန်းတော်ထဲမှ လမ်းလျှောက်ထွက်လာသည်။ သူတို့ ပြောနေသည့်စကားများကို သူ အားလုံး ကြားလိုက်ရသည်ပင်။ သို့သော် သူ ဘာမှမပြောပဲ ငှက်ကျားဘုရင်နှင့် ရွှေရောင်မျောက်ထံသို့ တိတ်တဆိတ်သာ လျှောက်သွားလိုက်သည်။
“သူ သေဖို့ကံပါလာတဲ့သူပဲ .. စောစောသေသွားတာလေးပဲရှိတာ” ရွှေရောင်မျောက် အော်ဟစ်လိုက်သည်။
“ဒါပေမဲ့ ဒေါင်းဘုရင်က သူကိုယ်တိုင် မသတ်လိုက်ရလို့ အတော်လေး ဝမ်းနည်းနေ…” ငှက်ကျားဘုရင်သည် စကားပြောရင်းတန်းလန်း ရုတ်တရက် ရပ်တန့်သွားလေသည်။
သူသည် အရှေ့ဘက်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ဆံပင်ရှည်များ လွှဲရမ်းကာ တောက်ပနေသည့်လူငယ်တစ်ဦး သူတို့ထံသို့ တစိုက်မတ်မတ် လျှောက်လာနေသည်ပင်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” သူ အော်ဟစ်လိုက်သည်။
သူ ယခုလေးတင် ချူဖုန်း အဘယ်ကြောင့်သေဆုံးရသည်ကို ပြောနေခဲ့ခြင်းပင်။
“ဒါက..” ရွှေရောင်မျောက်လည်း ဆွံ့အသွားရသည်။ နတ်ဆိုးဘုရင်ချူက ဘယ်လိုလုပ် အသက်ရှင်နေတာလဲ .. သူ မယုံကြည်နိုင်ဖြစ်သွားရသည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး မျက်နှာများ နီရဲလာသည်။ သူတို့ ဤလူအုပ်ရှေ့ အရူးလုပ်ခံလိုက်ရသည်ကို နားလည်သွားရသည်။ အားလုံးမှာ သူတို့၏သနားစရာကောင်းသည့် ရှိုးပွဲကြီးအား စောင့်ကြည့်နေကြခြင်းပင်။
ငှက်ကျားဘုရင်နှင့် ရွှေရောင်မျောက်တို့မှာ ရင်ဘတ်များ တင်းကြပ်လာပြီး ရှက်လွန်းသောကြောင့် သွေးအန်ချင်လာသည်။ နွားနှစ်ကောင်လည်း ဘာမှမပြောပဲ သူတို့ကိုသာ စိုက်ကြည့်နေလေသည်။
ခွပ် ခွပ်..
ချူဖုန်း ရုတ်တရက် တိုက်ခိုက်လာသည်။ သူတို့ တစ်ယောက်တစ်ချက်စီ ကန်ခံလိုက်ရသောကြောင့် လေထဲလွင့်ထွက်သွားပြီး သွေးအန်သွားသည်။
“မင်း..” ထိုနှစ်ယောက် ဒေါသထွက်သွားသည်။
“ဘုရင်ချူ .. စိတ်ထိန်းပါ..”
“အစ်ကိုချူ .. အခုတိုက်ပွဲကြီးဖြစ်နေတာ .. သူတို့တွေက လာကူပေးတဲ့ စစ်ကူတွေ..”
ခွန်းလွန်တောင်မှ ကျွမ်းကျင်သူအားလုံး ရှေ့ထွက်လာကာ ချူဖုန်းကို လာဖျောင်းဖျကြသည်။
“ခင်ဗျားတို့က ကျုပ်နောက်ကွယ်မှာ ကျုပ်ကိုသေဖို့ကျိန်ဆဲနေတဲ့သူတွေနဲ့ စကားချိုချိုသာသာလေးတွေ ပြောစေချင်နေတာလား..” ချူဖုန်း အေးစက်စွာ ပြန်ပြောလိုက်ပြီး ရှေ့တိုးသွားလိုက်သည်။
ထိုအခိုက်အတန့်တွင် ငှက်ကျားဘုရင်နှင့် ရွှေရောင်မျောက်တို့ ဆံပင်မွေးများ ထောင်ထသွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်း နှုတ်ခမ်းထောင့်မှ သွားရေများ သုတ်လိုက်ပြီး သူတို့အား သားကောင်ကဲ့သို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်ပင်။
“ဒါက နားလည်မှုလွဲတာပါ..” နွားနှစ်ကောင်လည်း သူတို့နား ကပ်လာသည်ကို တွေ့လိုက်ရသည့်အချိန် သူတို့နှစ်ဦးလုံး အော်ဟစ်လိုက်ကြည်။
ခွပ် ခွပ် ခွပ်..
ထို့နောက်တွင်တော့ ချူဖုန်းနှင့် နွားနှစ်ကောင်တို့၏ ထိုးနှက်မှုအောက်တွင် သနားစဖွယ် အော်ဟစ်လာကြလေ၏။ သူတို့သည် လက်ဝှေ့အိတ်နှစ်လုံးထက် မပိုတော့။ အခြားသားရဲဘုရင်များသာ မကူညီလျှင် သူတို့သေချာပေါက် သေဆုံးသွားလောက်လေပြီ။
နောက်ဆုံး သူတို့နှစ်ဦးကို အခြားသူများ သယ်သွားလိုက်ကြပြီး ချူဖုန်း၊ နွားနှစ်ကောင်တို့နှင့် ထပ်မတွေ့အောင် ထားထားလိုက်သည်။
ချူဖုန်း တကယ်ကို ဝမ်းနည်းသွားရသည်။ သူ့အစာအိမ်မှ တဂွီဂွီမြည်နေပြီး သူ အလွန်ဗိုက်ဆာနေပြီဖြစ်သည်။ သူ ဘုရင်အဆင့်သက်ရှိတစ်ဦးကိုရှာပြီး ဗိုက်ဖြည့်လိုက်ချင်သည်။
ထိုနေ့တွင် ချူဖုန်း အငမ်းမရ စားသုံးခဲ့သည်။ သူ အစားအစာမျိုးစုံ စားခဲ့သော်လည်း အသုံးမဝင်။ သူ ဗိုက်ပြည့်ရန်အတွက် စွမ်းအင်မြင့်မားသည့် အစားအစာမျိုးလိုအပ်သည်။
သူ ဤပြဿနာအား မည်ကဲ့သို့ ရှင်းရမည်ကို နွားဝါနှင့် အခြားဘုရင်များအား မေးခဲ့သော်လည်း သူတို့အားလုံး သက်ပြင်းချလိုက်ကာ သူ ဤသည်ကို သည်းခံပြီး တစ်ဖြည်းဖြည်းချင်း ဗိုက်ပြည့်သွားအောင်သာ လုပ်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့ကြည်။
သို့သော် ဤလူများမှာ တစ်ခါမှ ဤမျှထိ ဗိုက်ဆာဖူးမည်မဟုတ်။
ထိုနေ့ညတွင် ချူဖုန်းသည် ငှက်ကျားဘုရင်နှင့် ရွှေရောင်မျောက်တို့ နေထိုင်ရာနေရာနားကို တဝဲလည်လည်လုပ်နေသောကြောင့် သားရဲဘုရင်နှစ်ကောင်မှ အိပ်ပင်မအိပ်ရဲ။
နတ်ဆိုးဘုရင်ချူသည် အဆင့်တက်ပြီးနောက် အလွန်ဆာလောင်နေကြောင်း သူတို့ ကြားခဲ့ပြီးပြီဖြစ်သည်။
နောက်တစ်နေ့မနက်တွင်တော့ ချူဖုန်းသည် ဗိုက်ဆာလွန်းလှသောကြောင့် မျက်လုံးထဲ၌ အစိမ်းရောင်အလင်းများပင် မြင်လာရသည်။ သူ ငှက်ကျားဘုရင်နှင့် ရွှေရောင်မျောက်ကို တကယ် အဆုံးသတ်ပစ်ချင်နေသည်။
သို့သော် ထိုအခိုက်အတန့် ထိတ်လန့်တကြားအော်သံတစ်သံ ထွက်ပေါ်လာသည်။
“တိုက်ပွဲကြီး စပြီ..”
“ညီအစ်ကိုတို့ သွားတိုက်ကြမယ်..”
ခွန်းလွန်တောင်မှ ဘုရင်အားလုံး တောင်အောက်သို့ ပြေးဆင်းသွားကြသည်။ အရှေ့နှင့်အနောက်မှ အဆုံးအဖြတ်တိုက်ပွဲကြီး စတင်လေပြီ။
ချူဖုန်း၏ဆာလောင်မှုမှာ အစောကြီးကတည်းက သူ့သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်သည်။ သူသည် ချက်ချင်းပင် ခြေလှမ်းကျယ်ဖြင့် ပြေးဆင်းသွားလိုက်သည်။ ဘာမှမလုပ်ခင် သူ အရင်ဆုံး သားရဲဘုရင်တစ်ကောင်ကို ကင်စားရမည်။
ယခုအချိန်တွင် တစ်ကမ္ဘာလုံး ဤတိုက်ပွဲကြီးကိုသာ အာရုံစိုက်ထားကြသည်။
ခွန်းလွန်တောင်အပြင်ဘက်တွင် အကြောက်တရားကင်းမဲ့သည့် သတင်းအေဂျင်စီမှ ဝန်ထမ်းများသည် မရေမတွက်နိုင်သည့် ကင်မရာများဖြင့် စစ်မြေပြင်ကို ချိန်ထားကြသည်။ အရှေ့နှင့်အနောက်နိုင်ငံများမှ သတင်းထောက်များစွာ ရောက်နေကြသည်ပင်။ သူတို့ တိုက်ပွဲကြီးကို တိုက်ရိုက်ထုတ်လွှင့်ကြတော့မည်။
အပိုင်း ၁၈၈ ပြီး၏။