ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၇ – နောက်တစ်ကြိမ် အဆင့်တက်ခြင်း
ရွှေရောင်အပင်ကြီးသည် ယခုအချိန်တွင် မီတာပေါင်းများစွာ မြင့်မားနေပြီး သတ္တုချင်းတိုက်ခတ်သည့်အသံလည်း ထွက်ပေါ်နေသည်။
သစ်ပင်ထိပ်တွင် အညွှန့်တစ်ခု ပေါ်လာပြီး ပန်းပွင့်တစ်ပွင့် ဖြစ်ပေါ်လာသည်။ ထိုပန်းပွင့်သည် တစ်ဖြည်းဖြည်းဖြင့် ပုလင်းတစ်လုံးကဲ့သို့ ဖြစ်လာလေသည်။
မည်သို့ပင်ကြည့်ကြည့် အဖူးလေးမှာ ပန်းပွင့်တစ်ပွင့်ထက် လက်နက်တစ်ခုနှင့် ပိုတူနေသည်။
အပင်ကနေ ပုလင်းတစ်လုံး ထွက်လာတာလား.. ချူဖုန်း အံ့အားသင့်သွားရသည်။
ဒါက ပန်းပွင့်တစ်ပွင့် ဖြစ်သင့်တာ မဟုတ်ဘူးလား.. နွားရိုင်းနက်ကြီးလည်း ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
နွားဝါလေး၏အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ဤကဲ့သို့သောပစ္စည်းမျိုးနှင့် ပတ်သက်လျှင် ပို၍ ကျွမ်းဝင်နေသည်ပင်။ သူတို့လောကတွင် ဓားပျံများမှာ သာမန်လက်နက်များသာ။ ဤလက်နက်ထက် ပိုကြောက်စရာကောင်းသည့် မှန်များ၊ စေတီများနှင့် ခေါင်းလောင်းများ ရှိသေးသည်။
ဤပုလင်းကတော့ ခန့်မှန်း၍မရသည့် လက်နက်ပင်။ ဤလက်နက်ကို ပြုပြင်လိုက်သည်နှင့် နတ်ဘုရားစွမ်းရည်များနှင့်ပင် ယှဉ်နိုင်လောက်သည့် သို့မဟုတ် ထိုစွမ်းရည်ထက် ကျော်လွန်သည့် စွမ်းအားများ ရရှိလာနိုင်သည်။
ပုလင်းလေးသည် လက်ညှိုးအရွယ်မှ ငှက်ဥအရွယ်အစားသို့ ကြီးမားလာသည်။
ချူဖုန်း အပင်အောက်တွင်ရပ်ကာ ပြောင်းလဲမှုတိုင်းကို ကြည့်နေလိုက်သည်။ ဒါက ဒီအစေ့ရဲ့ နောက်ဆုံးပုံစံများလား..
လက်ဖဝါးအရွယ်အစားသို့ ရောက်လာသည့်အချိန်တွင်တော့ ပုလင်းကိုယ်ထည်တွင် သင်္ကေတများစပေါ်လာသည်။ ထိုသင်္ကေတများမှာ အသေးစိတ်ကျပြီး ရှုပ်ထွေးလှသည်။ နောက်ဆုံးတွင်တော့ ကျယ်လောင်လှသည့် သတ္တုပေါက်ထွက်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ရလဒ်အနေဖြင့် ပုလင်းကိုယ်ထည်မှ သင်္ကေတများ စတင်အက်ကွဲလာသည်။
“အမ် .. ဒါက ပန်းပွင့်အဖူးလား..” ချူဖုန်း အံ့အားသင့်သွားရသည်။
ထိုအက်ကွဲကြောင်းများသည် ပုလင်းကို ပွင့်ဖတ်ပုံစံ ဖြစ်သွားစေပြီး ပန်းပွင့်ဖူးပွင့်လာသကဲ့သို့ ပွင့်အာလာသည်။
“တော်သေးတာပေါ့..” သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသည် ပန်းပွင့်လာပြီး ပန်းပွင့်နှင့်အတူ အဆင့်တက်လိုခြင်းပင်။ လက်နက်တစ်ခုဖြစ်လာမည်ကို မလိုချင်။
နေမင်းကြီး ကောင်းကင်တည့်တည့်၌ ရောက်နေပြီး နေ့လည်ခင်းပင် ရောက်ရှိလာလေပြီ။ တိုက်ပွဲကြီး အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် ခွန်းလွန်တောင်မှာ မငြိမ်းချမ်း။
ရှီလာ၊ ဖန့်လင်၊ ခြင်္သေ့ဘုရင်အကြီးအကဲနှင့် နဂါးနက်တို့သည် ကျွမ်းကျင်သူ အယောက်တစ်ထောင်ကျော်နှင့်တူ ရောက်နေပြီး ခွန်းလွန်တောင်အပြင်ဘက်၌ စခန်းချထားကြသည်။ သူတို့ မည်သည့်အချိန် ကျူးကျော်လာမည်ကို မည်သူမှ မသိနိုင်။
သတင်းကောင်းမှာ သူတို့တပ်ကူများလည်း ဆက်တိုက်ရောက်ရှိလာကြလေပြီ။
“နွားကြီး .. မင်း ဘယ်မှာလဲ .. မင်း နန်းတော်က တစ်ညလုံး အနီရောင်အလင်းတွေ တောက်နေတာ .. ခဏ .. အမိုးကိုဘာလို့ ဖယ်ထားတာလဲ..” ဘုရင်အဆင့်သက်ရှိအချို့ ရောက်လာကာ မေးမြန်းလာကြသည်။
နွားနက်ကြီး အလောတကြီး ပြေးထွက်လာလိုက်သည်။ ချူဖုန်းမှာ အရေးကြီးသည့်အချိန်သို့ ရောက်နေလေပြီ။ သူ့ကို နှောက်ယှက်၍မရ။
ဧည့်သည်များကို ဖြေရှင်းပြီးနောက် နန်းတော်သို့ ပြန်လာလိုက်သည်။ သူလာသည့်အချိန်နှင့် ပန်းပွင့်ကြီး ဖူးပွင့်လာသည့်အချိန် အချိန်ကိုက်ဖြစ်နေသည်ပင်။
သစ်ပင်ထိပ်ဖျားမှ နူးညံ့သည့်အသံတစ်သံ ထွက်ပေါ်လာပြီး အက်ကွဲကြောင်းများ ဆက်လက်ဖြစ်ပေါ်လာသည်။
နေ့လည် နေမင်းကြီးမှာ ပူပြင်းတောက်လောင်နေသည်။
ဤအချိန်မှာ နေရောင်အပြင်းထန်ဆုံးအချိန်ပင်။ ထိုအခိုက်အတန့်တွင် သစ်ပင်ကြီးမှ ပြောင်းလဲမှုများဖြစ်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် တစ်ပင်တစ်ပင်လုံးသည် နေလုံးကြီးကဲ့သို့ အရောင်တောက်ပလာလေ၏။
ထို့အပြင် သူ့အရောင်လည်း စတင်ပြောင်းလဲလာသည်။ ရွှေရောင်မှ အစိမ်းရောင်၊ အဖြူရောင်၊ ရွှေရောင်သို့ ပြောင်းလဲသွားသည်။
နောက်ဆုံးတွင် ပင်စည်မှ အမြစ်၊ သစ်ရွက်များထိ တစ်ပင်လုံး ရောင်စုံအလင်းဖြင့် လွှမ်းခြုံသွားလေသည်
နွားဝါလေး ဆွံ့အနေလေ၏။ ဤကဲ့သို့သော အရောင်ပြောင်းလဲမှုကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
နွားနက်ကြီးကတော့ ဘာအသံမှ မထွက်နိုင်တော့။ အစေ့တစ်စေ့မှ တစ်ညတည်းအတွင်း ကြီးထွားလာပြီး ပန်းပွင့်လာပြီးနောက် အရောင်ပြောင်းလဲသွားသည်မှာ တကယ်ကို ဆန်းကြယ်လှသည်ပင်။
ဖောက်..
ထိုအချိန်တွင် ပန်းပွင့်အဖူးဖြစ်သည့် ရတနာပုလင်းသည် ထိပ်ဖျားမှ အရင်းထိရှည်လျားသည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
ချွမ်း ချွမ်း ချွမ်း..
ရုတ်တရက် ဓားသံများ ထွက်ပေါ်လာပြီးနောက် ပန်းပွင့်ဖတ်များ အစွမ်းကုန် ပွင့်အာလာသည်။
အခန်းထဲ ဓားအလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာနေသောကြောင့် ဤမြင်ကွင်းမှာ မျက်စိပသာဒဖြစ်စရာကောင်းလှသည်။
ချွမ်း ချွမ်း ချွမ်း..
ဓားအလင်းတန်းများသည် လေဟာနယ်ကို ထိုးဖောက်ကာ ကောင်းကင်ပြင်တစ်ခုလုံးကို ထိန်လင်းသွားစေခဲ့သည်။
“ငါ ဒီလိုထူးဆန်းတဲ့ပန်းမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး” နွားနက်ကြီး ရေရွတ်လိုက်သည်။
အလင်းရောင်များ တောက်ပလှသော်လည်း နွားဝါလေးသည် မျက်လုံးများမှေးစင်းကာ သေချာကြည့်နေဆဲပင်။ ယနေ့ သူ မြင်တွေ့နေရသည့် အရာအားလုံးမှာ ထူးခဆန်းလှသည်။ သူ လာခဲ့သည့်နေရာမျိုး၌ပင် ဤကဲ့သို့သော သစ်ပင်မျိုးမှာ ရှားပါးလှသည်ပင်။
ဤကဲ့သို့သော သစ်ပင်မျိုးမှာ မျိုးဆက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် တာအိုမျိုးနွယ်စုများလက်ထဲ၌ ရှိလိမ့်မည်။
သစ်ပင်အောက်တွင် ရပ်ပြီး အပေါ်ကိုမော့ကြည့်ကာ ချူဖုန်း ခံစားချက်များ ရှုပ်ထွေးနေသည်။ ဘာလို့ ဝတ်မှုန်တွေ ကျမလာသေးတာလဲ..
ဒုန်း..
ရုတ်တရက် ပန်းပွင့်ဖတ်များအားလုံ ပြန်စေ့သွားကာ လက်ဝါးအရွယ် ရတနာပုလင်းလေး ပြန်ဖြစ်သွားလေ၏။
“ပွင့်ဖတ်တွေက ဘာလို့ ပြန်ပိတ်သွားတာလဲ..” နွားနှစ်ကောင် ထိတ်လန့်သွားရသည်။
ရုတ်တရက် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ပိတ်သွားသည့် ပန်းပွင့်အဖူး၏ ထိပ်ဝမှ မြူများ သိပ်သည်းစွာ ကျဆင်းလာသည်။
ယခုအချိန်တွင် ပုလင်းပုံစံပန်းပွင့်အဖူး၏ အဝမှာ ရေတံခွန်လေးကဲ့သို့ပင်။ ထိုအဝမှ မြူများ စီးဆင်းနေပြီး ချူဖုန်းခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသည်။ ဝတ်မှုန်များမှ ဖြစ်ပေါ်လာသည့် မြူစမ်းချောင်းလေးမှာ ချူဖုန်းကို လုံးဝလွှမ်းခြုံနေပြီဖြစ်သည်။
ချူဖုန်း အစောကြီးကတည်းက သူ့အဝတ်အစားများကို ချွတ်ပြီး ဘေးဘက်သို့ ပစ်ထားပြီးသားပင်။
သူ့ပါးစပ်နှင့် နှာခေါင်းတွင် မွှေးရနံ့များ ပြည့်နှက်နေသောကြောင့် သူ ကောင်းကင်ဘုံပေါ်သို့ တက်တော့မလို ခံစားနေရသည်။ သူ့ခြေထောက်များမှာ မြေပြင်နှင့် ထိနေသည်ဟုပင် မခံစားရတော့။
“ဒါက ဘာအခြေအနေကြီးလဲ..” နွားနက်ကြီး၏ မျက်လုံးများ ပြူးလာကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ငါက လွင့်လာတဲ့ အဖိတ်အစင်လေးတွေကို ဖမ်းယူမလို့ စီစဉ်ထားတာ..” သူ ရေရွတ်လိုက်သည်။ ဘေးဘက်သို့ လွင့်လာသည့် ဝတ်မှုန်များရှိလျှင် ဖြုန်းတီးရာကျသွားမည်စိုးသောကြောင့် သူနှင့် နွားဝါလေးတို့ ဘေးဘက်မှ ရပ်စောင့်နေကြခြင်းပင်။ လွင့်လာသည့်အရာတိုင်းကို သူတို့ စုတ်ယူရန် အဆင့်သင့်ပြင်ထားသော်လည်း မြူများ တစ်နေရာတည်းကိုသာ စီးဆင်းနေလိမ့်မည်ဟု သူတို့မထင်ထားခဲ့။
ချူဖုန်း ခန္ဓာကိုယ်ထက်မှ မွေးညှင်းပေါက်အားလုံး ပွင့်လာပြီး သူကိုယ်တိုင်လည်း ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းကာ ဝတ်မှုန်မြူများကို စုတ်ယူလိုက်သည်။
အမွှေးနံ့များ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ နွေးထွေးသည့် စွမ်းအင်စီးကြောင်းလေးများအဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။
ဝတ်မှုန်မြူများမှာ အလွန်ထူးဆန်းလှသည်ဟု သူ ခံစားနေရသည်။ ဤဝတ်မှုများမှာ သက်ရှိများ အဆင့်တက်ရန်အတွက် ဖန်တီးထားသလိုပင်။ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် ချက်ချင်း စုတ်ယူခံလိုက်ရသည်။
အတွင်းအင်္ဂါများနှင့် အရိုးများပင် နွေးထွေးသည့် စွမ်းအင်စီးကြောင်းကို မတားဆီးနိုင်။ စွမ်းအင်များသည် ရိုးတွင်ချင်ဆီထဲထိသို့ပါ ဝင်ရောက်သွားသည်။ ဤသည်မှာ အေးခဲနေသည့်ဆောင်းတွင်းတွင် ရေနွေးချိုးခန်းထဲ ရောက်သွားသကဲ့သို့ သူ့အား အလွန်သက်တောင့်သက်သာဖြစ်စေသည်။
နွားနှစ်ကောင်မှာ အံ့အားသင့်နေကြရသည်။ ပုလင်းပုံစံပန်းပွင့်မှ ဝတ်မှုန်များ ဤကဲ့သို့ ထွက်လာသည်ကို သူတို့တစ်ခါမှ မမြင်ဖူး။
ချူဖုန်း သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် သူ၏အတွင်းအင်္ဂါများသည် နေလုံးကဲ့သို့ တောက်ပလာပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။
ထို့အပြင် သူ့အတွင်းအင်္ဂါများသည် စတင်တုန်ခါလာပြီး သူ့သွေးများကို ပို၍လျင်မြန်စွာ စီးဆင်းလာစေသည်။ သူ့ကြွက်သားများပင် ထိုတုန်ခါမှုနှင့် စည်းချက်ကျအောင် တုံ့ပြန်လာ၏။
ထို့နောက်တွင်တော့ အရိုးများသည် သတ္တုဖြင့် ရိုက်ခံရသကဲ့သို့သော အသံများ ထွက်ပေါ်လာပြီး ကျောက်စိမ်းကဲ့သို့ တောက်ပလာကြသည်။
သူ၏ရိုးတွင်ခြင်ဆီလည်း တောက်ပလာကာ သွေးဟောင်းများကို အစားထိုးရန် သွေးသစ်များ ထုတ်ပေးလာသည်။
ချူဖုန်း၏ ပြောင်းလဲမှုများမှာ ပြင်းထန်လွန်းလှသောကြောင့် နွားနှစ်ကောင် အံ့ဩနေရသည်။ ဝတ်မှုန်များကို စုတ်ယူလိုက်တိုင်း သူ့မွေးညှင်းပေါက်များမှ စေးကပ်ကပ်အရာများထုတ်လွှတ်လာပြီး သူ့တစ်ကိုယ်လုံး တုန်ခါနေသည်။
ထိုအရာများမှာ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် ‘မသန့်စင်မှု’များ ဖြစ်သည်။ ဤသည်မှာ သူ့ပြောင်းလဲမှုများသည် အလွန်လျင်မြန်သည့်အရှိန်ဖြင့် သွားနေကြောင်း သက်သေပြနေခြင်းပင်။
ချူဖုန်း ခန္ဓာကိုယ်တုန်ခါနေသော်လည်း သူ မအံ့ဩပေ။ အဘယ်ကြောင့်ဆိုသော် ယခင်တစ်ခေါက်ကလည်း ဤကဲ့သို့ဖြစ်ခဲ့သောကြောင့် သူ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
“ဒီကောင်က ရွှေရောင်ခြင်္သေ့ဘုရင်ထက် တစ်ဆင့်နိမ့်ပေမယ့် ဘာလို့ သူ့ကို သတ်နိုင်လဲဆိုတာ ငါသိပြီ .. သူ့ရဲ့ အဆင့်တိုင်းကို ဒီလိုပုံစံမျိုးတက်တယ်ဆိုရင်တော့ သူ စွမ်းအားမကြီးလာမှသာ အံ့ဩစရာကောင်းနေမှာ” နွားနက်ကြီး သက်ပြင်းချလိုက်သည်။
“ချီးပဲ .. သူ အချုပ်အနှောင်လေးခုကို ဖြတ်တောက်ပြီးသွားရင်တော့ ငါတောင် သူ့ကို မယှဉ်နိုင်လောက်တော့ဘူး” နွားနက်ကြီး ရေရွတ်လိုက်သည်။ အစပိုင်းတွင် သူ အလွန်ယုံကြည်ချက် ပြည့်နေခဲ့သည်ပင်။ အချုပ်အနှောင်ငါးခုကို ဖြတ်တောက်ပြီးနောက် ရက်ကန်းဘုရင်မှလွဲလျှင် သူ ပြိုင်ဘက်ကင်းပြီဟု ယုံကြည်နေခြင်းပင်။
သို့သော် ယခုတော့ ကြည့်ရသည်မှာ ချူဖုန်းမှာ ကြောက်စရာကောင်းသည့် ပြိုင်ဘက်ဖြစ်လာလေပြီ။
“ဘလက်ကီကြီး၊ အဝါလေး အဲဒီမှာ ဘာတွေဖြစ်နေတာလဲ .. မင်းတို့ ရတနာတစ်ခု ရှာတွေ့ခဲ့တာလား .. ရတနာတွေ့ရင် မင်းတို့ ညီအစ်ကိုတွေကို မမေ့နဲ့နော်”
နွားနန်းတော်အပြင်ဘက်၌ ရောက်နေသည့် သားရဲဘုရင်တစ်စုမှာ နန်းတော်အစောင့်များ၏ တားမြစ်ခြင်း ခံထားရသည်။ မဟုတ်ပါက သူတို့ အလောတကြီး ဝင်လာပြီဖြစ်သည်။
နွားနက်ကြီး အမူအရာပြောင်းလဲသွားကာ ချက်ချင်း အပြင်ပြေးထွက်သွားလိုက်သည်။
“ငါတို့ သူတို့ကို ထိန်းထားလိုက်မယ် .. ချူဖုန်း .. မင်းကိုယ်မင်း ဂရုစိုက်..”
နန်းတော်အမိုးဖွင့်ထားပြီး ထိုအပေါက်မှ တောက်ပသည့်အလင်းများ ထွက်နေသောကြောင့် အခြား ဘုရင်အဆင့်သက်ရှိအားလုံး သတိထားမိသွားသည်။
ကံကောင်းစွာဖြင့် နေရောင်တောက်ပနေသည့် နေ့အချိန်ဖြစ်နေသောကြောင့် သိပ်မသိသာ။ ညဆိုလျှင် ပို၍ပင် ထိတ်လန့်စရာကောင်းနေလိမ့်မည်။
နန်းတော်ထဲမှ ချူဖုန်းကတော့ သူ ဘယ်လောက်ကံကောင်းကြောင်း တွေးနေလေ၏။ ပန်းပွင့်လာပြီး မြူများသည် သူ့တစ်ယောက်တည်းကိုသာ လွှမ်းခြုံထားပြီး အပြင်သို့ ပျံ့လွင့်သွားခြင်းမဟုတ်။ မဟုတ်လျှင် အစောကြီးကတည်းက သူ့ကို ရှာတွေ့သွားလောက်လေပြီ။
သို့သော် ယခုလည်း အလွန်အန္တရာယ်များနေဆဲပင်။ အပြင်ဘက်မှ ဆူညံနေသည့်အုပ်စုသာ အထဲဝင်လာလျှင် သူ့အတွက် ကပ်ဘေးကြီး ဖြစ်သွားလိမ့်မည်။
“ဘလက်ကီကြီး .. မင်း ငါတို့ကို ဘာတွေ ဖုံးကွယ်နေတာလဲ..”
ရောက်လာသည့် ဘုရင်အဆင့်ဧည့်သည်များမှာ သူတို့သိချင်စိတ်ကို မတားဆီးနိုင်ပဲ ခန်းမထဲ တိုးဝင်ရန် လုပ်နေကြသည်။
“ငါ့ညီအစ်ကို သီးသန့်ကျင့်ကြံနေတာ .. သူ့ကို မနှောက်ယှက်နဲ့ .. သူ ပြန်ကောင်းလာတဲ့အချိန်ကျရင် ငါ မင်းတို့ကို အထဲခေါ်သွားပေးမယ်” နွားနက်ကြီး ပြန်ဖြေလိုက်သည်။ သူသည် လက်ကိုဆန့်တန်းလိုက်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် လမ်းကြောင်းကို ပိတ်လိုက်သည်။
“တစ်ခုခု ထူးခြားနေတယ်လို့ ငါခံစားနေရတယ် … ဒီညီအစ်ကိုကို သွားကြည့်ခွင့်ပေး” တစ်စုံတစ်ယောက်မှ ပြောလာသည်။
“ရစ်ငှက် ဒါ မင်းနဲ့မဆိုင်ဘူး .. ဝေးဝေးသွားနေ .. ဒါက ငါ့နန်းတော် .. မင်းက ငါ့နန်းတော်ထဲကို ကျူးကျော်ချင်နေတာလား..” နွားနက်ကြီး အော်ဟစ်လိုက်သည်။
“ငါ့တို့အိမ်ထဲ ဝင်လာတဲ့သူ မှန်သမျှကို ငါ သည်းခံနေမှာမဟုတ်ဘူး” နွားဝါလေးလည်း ပြောလိုက်သည်။
ဤလူများသည် ဤအတိုင်း သိချင်ရုံသာဖြစ်ကြသည်။ နွားနှစ်ကောင်၏အမူအရာကို တွေ့လိုက်ရသည့်အချိန် သူတို့အားလုံး ရယ်မောကာ နန်းတော်အပြင်ဘက်သို့ ထွက်သွားကြကာ အပြင်ဘက်မှနေ၍သာ စူးစမ်းကြတော့သည်။
“နွားကြီး ဘာဖြစ်နေတာလဲ..”
ထိုအချိန်တွင် ဆူညံသံများ ကြားလိုက်ရသောကြောင့် အခြားဘုရင်အုပ်စုတစ်စု ထပ်ရောက်လာကြသည်။ သူတို့သည် တောင်တစ်ဝက်သို့ ရောက်နေပြီဖြစ်ပြီး မကြာခင် ဤနေရာသို့ ရောက်လာကြတော့မည်။
ဤသည်မှာ နွားနှစ်ကောင်အတွက် စိုးရိမ်စရာကိစ္စပင်။ လူများလာလျှင် သူတို့ ထိန်းနိုင်မည်မဟုတ်တော့။
နန်းတော်ထဲ၌ ရှိနေသည့် ချူဖုန်းသည် အသက်ပြင်းပြင်းရှူကာ ဝတ်မှုန်အားလုံးကို ရှူရှိုက်စုတ်ယူလိုက်သည်။ အပြင်ဘက်မှ အသံများကို ကြားနေရသောကြောင့် သူ မြန်မြန်လုပ်ရမည်ကို သူသိသည်။
နောက်ဆုံး ကျန်နေသည့်နောက်ဆုံးမြူလေးကို အားပြင်းပြင်း စုန်ယူလိုက်၏။ ဝတ်မှုန်အမွှေးနံ့မှာ သူ့ကိုအလွန်သက်တောင့်သက်သာ ဖြစ်စေသည်။
တစ်ချိန်တည်းမှာပင် ရတနာပုလင်းပွင့်ဖတ်များ ပြန်ပွင့်လာလေသည်။
“အမ် .. မင်းရဲ့နန်းတော်ထဲမှာ သေချာပေါက် ရတနာတစ်ခုခု ရှိနေတယ် … စိတ်မပူပါနဲ့.. ငါတို့ညီအစ်ကိုတွေ မင်းပစ္စည်းကို မလုပါဘူး .. ငါတို့က ဘာပစ္စည်းလဲဆိုတာ သိချင်ရုံပါ” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် နွားနန်တော်သည် နောက်တစ်ကြိမ် အလွန်တောက်ပလာသည်။
နွားနှစ်ကောင် တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။ ပြဿနာများတော့မည်ကို သူတို့သိသည်။ တောင်လယ်မှ သားရဲဘုရင်များ ရောက်လာတော့မည်။ သူတို့သာ အတင်းဝင်သွားလျှင် ချူဖုန်း၏လျှို့ဝှက်ချက် ပေါ်သွားလိမ့်မည်။ ဤထက်ပိုဆိုးလျှင် သူတို့ ချူဖုန်းကိုပင် တိုက်ခိုက်လာနိုင်ကြသည်။
“ခွပ်..”
နန်းတော်ထဲရှိ တောက်ပသည့်အလင်းများသည် ညှိုးလျော်သွားသည့်ပန်းပွင့်နှင့်အတူ ပျောက်ကွယ်သွားသည်။ ထို့နောက် ထိုပန်းပွင့်ထဲမှ ပစ္စည်းလေးတစ်ခု ထွက်ပေါ်လာသည်။
ဒီတစ်ခေါက်က ဘာပစ္စည်းလဲ.. ချူဖုန်း အနီးကပ်ကြည့်လိုက်သည်။
ထိုအချိန်တွင် ဒုတိယဘုရင်အုပ်စု ရောက်ရှိလာပြီဖြစ်သည်။ ထိုထဲတွင် ရင်းနှီးသည့်သူများပါသကဲ့သို့ သူစိမ်းများလည်း ပါဝင်သည်။
“ဟက် .. ငါကြားတာတော့ နွားနှစ်ကောင်နဲ့ ချူဖုန်းက သူငယ်ချင်းကောင်းတွေဆို..” မရင်းနှီးသည့် သားရဲဘုရင်တစ်ဦး ရယ်မော၍ မေးလာသည်။
“ဟုတ်တယ် .. သူတို့တွေက အရမ်းရင်းနှီးကြတာ” အခြားတစ်ယောက် ခေါင်းညိမ့်၍ ပြောလိုက်သည်။
“အာ.. အဲဒါဆိုရင်တော့ နွားနှစ်ကောင် ရင်နာနေမယ်ထင်တယ် .. အဲဒီချူဖုန်းက အရမ်းကို နာမည်ကြီးနေတာ .. သူက အနောက်နိုင်ငံကလူတွေ အင်အားအပြည့်နဲ့ လိုက်ဖမ်းတာခံရတာဆိုတော့ သူက အသက်ရှည်ရှည်မနေရဖို့ ကံပါလာပြီးသားပဲ..” ထိုလူ အေးစက်စွာ ရယ်မောလိုက်သည်နှင့် သူ့မိတ်ဆွေများလည်း ရယ်မောလာကြသည်။
ဤနေရာသိုု့ ရောက်နေသည့်လူများမှာ ထိတ်လန့်သွားကာ ဘာပြောရမှန်းပင်မသိတော့။ ဤရောက်လာသည့်သူများမှာ ချူဖုန်းကို ရန်လိုနေသည့်သူများဖြစ်ကြောင်း သူတို့ချက်ချင်း နားလည်သွားလိုက်ရသည်။
အပိုင်း ၁၈၇ ပြီး၏။