ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၆ – နတ်မျိုးစေ့နောက်တစ်ကြိမ်အဆင့်တက်ခြင်း
“ရှီလာ .. အဲဒီကောင်လည်း လာပြီလား .. ဒီတစ်ခေါက် ငါ အဲဒီကောင်ကို သေအောင်ရိုက်သတ်ပစ်မယ်..” နွားနက်ကြီး၏ နှာခေါင်းမှ အငွေ့များ ထွက်လာသည်။ သေချာစဉ်းစားကြည့်မည်ဆိုလျှင် ဗာတီကန်မြို့မှ ဖြစ်ရပ်ဆိုးကြီးတစ်ခုလုံးမှာ ဤစစ်သူရဲအိုကြီး စီစဉ်ထားခြင်းပင်။
“ခင်ဗျား နိုင်မှာမို့လို့လား..” နွားဝါလေး မေးခွန်းတစ်ခုတည်းဖြင့် ပါးစပ်ပိတ်အောင် လုပ်လိုက်လေသည်။
ရှီလာသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူဖြစ်ပြီး အမဲလိုက်ခွေးဘုရင်ကဲ့သို့သောလူမျိုးသာ သူနှင့် ထိပ်တိုက် တိုက်ခိုက်နိုင်လိမ့်မည်။ နွားရိုင်းနက်ကြီး ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ထားပြီး အလွန်စွမ်းအားကြီးနေသော်လည်း သူသည် ရှီလာ၏ပြိုင်ဘက်မဟုတ်သေး။
ခြောက်ခုမြောက်အချုပ်အနှောင်မှာ ဖြတ်တောက်ရန် အလွန်ခက်ခဲလှသည်။ ထိုအဆင့်သို့ ရောက်နေသည့်သူအားလုံးမှာ ထူးခြားပြီး အားလုံး၏အထက်ရှိနေကာ အခြားဘုရင်အားလုံးကို အပေါ်စီးမှ ကြည့်နိုင်သည့်သူများပင်ဖြစ်သည်။
ချူဖုန်း သူတို့၏အရေမရအဖတ်မရစကားဝိုင်းထဲသို့ ဝင်မပါပဲ သူ့အခြေအနေအား စစ်ဆေးခြင်းဖြင့် အလုပ်ရှုပ်နေသည်။
“ငါ နွားဘုရင်နန်းတော်မှာ အဆင့်တက်မယ်” ချူဖုန်း ကြေငြာလိုက်သည်။ ကျောက်သေတ္တာထဲမှ မျိုးစေ့များမှာ အခြားသူများကို ပေးသိ၍မရသည့် လျှို့ဝှက်ချက်ပင်။ ခွန်းလွန်တောင်မှ အခြားဘုရင်များပင် သိ၍မရ။
မဟုတ်လျှင် သွေးချောင်းစီးသွားလိမ့်မည်။
နွားဘုရင်နန်းတော်ကြီး၏ အမိုးကို အပေါက်ဖောက်ထားပြီး မြေပြင်ထက်တွင်လည်း တွင်းကြီးတူးထားသည်။
ယခင်တစ်ခေါက် အတွေ့အကြုံအရ ဤအစေ့အပင်ပေါက်ရန်အတွက် ကြယ်ရောင်၊ လရောင်နှင့် နံနက်ခင်းနေရောင်ခြည်တို့ လိုအပ်ကြောင်း သူသိသည်။
ချူဖုန်း အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူ အသင့်ဖြစ်အောင် လုပ်လိုက်သည်။ သူ၏သွေးစွမ်းအင်များကို လည်ပတ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောက်ပလာသည်။
ချူဖုန်း လူ့အရပ်ရှိသည့် သားရဲအရေခွံအိတ်ကို ဖွင့်လိုက်ကာ မြေပြင်ပေါ်၌ တူးထားသည့် တွင်းထဲသို့ လောင်းထည့်လိုက်သည်။
ထိုသို့ထည့်လိုက်သည်နှင့် အနီရောင်အလင်းများ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး တောက်ပသည့်အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။ ဤသလင်းကျောက်များမှာ တောက်ပလွန်းလှသည်ပင်။
အဝေးမှ ကြည့်မည်ဆိုလျှင် ကြီးမားလှသည့်ခန်းမကြီးမှ အနီရောင်မီးတောက်တစ်ခု တောက်လောင်နေသကဲ့သို့ပင်။
နွားနက်ကြီး ခန်းမအပြင်ဘက်၌ စောင့်ကြပ်နေပြီး နွားဝါလေးကတော့ အထဲဘက်မှ စောင့်ကြပ်နေသည်။ အပြင်လူများ ဝင်မလာစေရန် ချူဖုန်း၏ ကိုယ်ရံတော် လုပ်လိုက်ကြသည်။
ချူဖုန်း သူ့ရင်ဘတ်ထဲမှ ကျောက်သေတ္တာကို ထုတ်လိုက်ပြီး အဖုံးဖွင့်လိုက်သည်နှင့် အစေ့သုံးစေ့ ပေါ်လာသည်။ နှစ်စေ့မှာ သူတို့မူလပုံစံအတိုင်း ခြောက်သွေ့နေဆဲပင်။
တစ်စေ့သာ ထူးခြားပုံပေါ်သည်။ ထိုအစေ့တစ်စေ့လုံး ရွှေရောင်သန်းနေပြီး တစ်လက်မခန့်ရှိသည့် ဓားပုံစံဖြစ်နေသည်။ သူ လက်ပေါ်တွင် အလေးချိန်ချိန်ကြည့်သည့်အချိန်တွင် ဤအစေ့မှာ သတ္တုထက်ပင် ပိုလေးနေသည်ကို တွေ့လိုက်ရသည်။
ချူဖုန်း ဘာပြောရမှန်းပင်မသိတော့။ ဤအစေ့သည် တစ်ခါအဆင့်တက်တိုင်း ပုံစံတစ်မျိုး ပြောင်းလဲနေသည်ပင်။
“ငါ ဒါကို ဓားပျံအနေနဲ့ သုံးလို့ရလား..” သူ ဤအကြံရှိသော်လည်း အစေ့ပျက်စီးသွားမည်စိုးသောကြောင့် သူ မစမ်းသပ်ရဲခဲ့။ အစေ့သာ ပျက်စီးသွားလျှင် သူ ရတနာကြီးတစ်ခု ဆုံးရှုံးသွားပြီဟု ဆိုလိုခြင်းပင်။
ချူဖုန်း ယခု ဤအစေ့ကိုစိုက်ပျိုးတော့မည်။ မတော်တဆမှုများ မရှိခဲ့လျှင် ဤအစေ့ ကြီးထားလာပြီး နောက်တစ်ကြိမ် အဆင့်တက်လိမ့်မည်။
ဤသည်မှာ ဤဓားအသေးလေး ပျောက်သွားပြီး အခြားတစ်မျိုး ပေါ်လာလိမ့်မည်ဟု ဆိုလိုခြင်းပင်။
ဝှစ်..
ရွှေရောင်အလင်းနှင့်အတူ ဓားအော်ရာများ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဤအစေ့လေးကို အင်ပါယာဓားပညာဖြင့် အသုံးပြု၍ ရသည်။ ဤဓားမှာ အစေ့ဖြစ်ကြောင်း မသိထားပါက သူ တကယ် ဓားဟု ထင်သွားမည်ပင်။
နွားဝါလေးသည် ခန်းမထဲ၌ ထိုင်နေပြီး တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိသွားသောကြောင့် ချူဖုန်းထံသို့ အပြေးလေး ရောက်လာသည်။ ထို့နောက် သူ မြင်လိုက်ရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်သွားရသည်။
ချူဖုန်းသည် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် တစ်လက်မရှည်သည့် ရွှေရောင်ဓားကို ထိန်းချုပ်နေသည်ပင်။
ချူဖုန်းလည်း ထိတ်လန့်သွားရသည်။ ဤအစေ့သည် အနီရောင်ဓားပျံထက်ပင် ပိုကောင်းနေသည်။
နွားဝါလေးလည်း အံ့အားသင့်သွားရသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” အစေ့လေးကို စိုက်ကြည့်ပြီး သူ ရေရွတ်လိုက်သည်။
ဝှစ်..
ချူဖုန်း စွန့်စားကာ စမ်းသပ်ကြည့်လိုက်သည်။ ဓားလေးသည် ခန်းမကြီး၏ ကြီးမားလှသည့်တိုင်လုံးကို ထိုးဖောက်သွားလေ၏။ သိထားရမည်မှာ ဤတိုင်လုံးကြီးများကို ဝိညာဉ်စွမ်းအားရှိသည့် သံများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး တိုင်လုံးများထက်တွင် နဂါးနှင့် ဖီးနှစ်ပုံများအား ထွင်းထုထားသည်ပင်။
ဒီ တစ်လက်လောက်ပဲရှိတဲ့ဓားလေးက ဘယ်လိုလုပ် လွယ်လွယ်လေး ထိုးဖောက်သွားနိုင်တာလဲ..
ဝှစ်..
ရွှေရောင်အလင်းတန်းနှင့်အတူ ဓားလေး ချူဖုန်း လက်ဝါးထဲသို့ ပြန်ရောက်လာသည်။ သူ စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် ဓားမှာ ဘာမှမဖြစ်သွား။
“ဒီပစ္စည်းက တကယ်ကို ထူးခြားတာပဲ..” နွားဝါလေး ရောက်လာကာ လေးနက်စွာ ပြောလာသည်။ ထို့နောက် ဓားကိုယူပြီး သေချာစစ်ဆေးကြည့်လိုက်သည်။
“မင်း ဒီပစ္စည်းရဲ့ ဇစ်မြစ်ကိုသိလား..” ချူဖုန်း မေးလိုက်သည်။
“ငါတို့လောကကမဟုတ်တဲ့ လက်နက်တစ်မျိုးအကြောင်း ကြားဖူးတယ် .. ရန်သူအားလုံးကို ရှင်းပစ်နိုင်တဲ့ သစ်ပင်ကနေ ပေါက်လာတဲ့ ဒဏ္ဍာရီလာလက်နက်တစ်မျိုးရှိတယ်” နွားဝါလေး၏အမူအရာမှာ လေးနက်နေသည်။
သူပြောသည့်အတိုင်းဆိုလျှင် ထိုလက်နက်သည် အလွန်ကြောက်စရာကောင်းပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်းခဲ့သည့် မြင့်မြတ်မြေတစ်ခု၏ အစောင့်အရှောက်ရတနာတစ်ခုဖြစ်သည်ပင်။
ဤဒဏ္ဍာရီမှာ ဤလောကမှ ဒဏ္ဍာရီမဟုတ်။ နွားဝါလေးလည်း ဤအကြောင်းအသေးစိတ်မသိ။ ကြားရုံသာ ကြားဖူးခြင်းပင်။
နွားဝါလေးနှင့် ချူဖုန်းတို့ ဤလက်နက်ကို အတူတကွ လေ့လာခဲ့ကြသည်။ ဤအစေ့မှာ စိတ်ဝိညာဉ်ပညာများအတွက် အလွန်သင့်တော်ကြောင်း တွေ့လိုက်ရသည်။ သူ ဓားသွားထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်လျှင်ပင် သူ မည်သည့်စွမ်းအင်မှ မဆုံးရှုံးရ။
ချူဖုန်း ဤအစေ့နှင့် မခွဲချင်တော့။ သူသာ ဤရှားပါးလက်နက်ကို စိုက်ပျိုးလိုက်လျှင် ဤလက်နက် ထာဝရပျောက်ကွယ်သွားလိမ့်မည်။
“အား .. ထားလိုက်ပါတော့ .. ငါ ဒီအစေ့ကို စိုက်ရမယ်..” ချူဖုန်း ဆုံးဖြတ်လိုက်သည်။ လက်နက်တစ်ခု မည်မျှစွမ်းအားကြီးနေပါစေ သူ့ကိုယ်ပိုင်ခွန်အားနှင့် ယှဉ်နိုင်မည်မဟုတ်။
“ဘာပဲဖြစ်ဖြစ် ဒါက နောက်ဆုံးလက်နက်မဟုတ်သေးဘူး .. နောက်တစ်ဆင့် အဆင့်တက်ရင် ပိုပြီး စွမ်းအားကြီးနိုင်လောက်တယ်” နွားဝါလေး နှစ်သိမ့်လိုက်သည်။
ချူဖုန်း အစေ့ကို အနီရောင်သလင်းကျောက်များနှင့်အတူ မြေကြီးထဲ မြှုပ်လိုက်သည်နှင့် အခန်းတစ်ခုလုံး အနီရောင်မြူများ ဖုံးလွှမ်းသွားသည်။
ယခုတော့ စိတ်ရှည်စွာ စောင့်ရမည့်အချိန်ဖြစ်သောကြောင့် နွားဝါလေး ခန်းမထဲမှ ထွက်သွားသည်။
သို့သော် ယခုတစ်ခေါက်ကတော့ တော်တော်လေး ကြာသည်။ တစ်ညလုံး ကုန်လွန်သွားပြီဖြစ်သော်လည်း အစေ့မှာ အပင်မပေါက်လာသေး။ ဤသည်မှာ ချူဖုန်းကို မသက်မသာဖြစ်စေသည်။
သို့သော် သလင်းကျောက်မှ အလင်းအားလုံး ကျောက်သေတ္တာထံသို့ ဦးတည်သွားနေသည်ကို မြင်နေရသောကြောင့် ဤသည်မှာ အစေ့မှ စွမ်းအင်များကို စုတ်ယူနေကြောင်း သက်သေပြနေခြင်းပင်။
နွားနက်ကြီးနှင့် နွားဝါလေးတို့ လာကြည့်လိုက်ကြသည်။ သူတို့လည်း ချူဖုန်းနည်းတူ စိတ်လှုပ်ရှားနေကြသည်ပင်။
ဗာတီကန်တွင် ချူဖုန်းကြောင့် သူတို့ အကျိုးကျေးဇူးများစွာ ရရှိခဲ့သောကြောင့် ယခုတစ်ခေါက် ချူဖုန်း အောင်မြင်စွာ အဆင့်တက်ပြီး အချုပ်အနှောင်တစ်ခုကို ဖြတ်တောက်နိုင်ရန် သူတို့ မျှော်လင့်နေကြသည်။
နောက်ဆုံး နေမင်းကြီး ထွက်ပေါ်လာပြီး နံနက်ခင်းနေရောင်ခြည်များ ဆင်းသက်လာသည့်အချိန်တွင် အစေ့၌ ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည်။
အမှန်တကယ်တွင် နေရောင်ခြည်သည် အလုံပိတ်ထားသည့် ခန်းမတစ်ခုလုံးထဲသို့ ဝင်လာသည်မဟုတ်။ သို့သော် ယခုအချိန်တွင် အနီရောင်သလင်းကျောက်အောက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး ရွှေရောင်အလင်း ထွက်ပေါ်လာသည်ပင်။
“သူက အမြဲတမ်း အထူးအချိန်မှာအပင်ပေါက်တာ .. နေ၊ လနဲ့ ကြယ်တွေကြောင့် အပင်ပေါက်တာ မဟုတ်လောက်ဘူး” ချူဖုန်း ကောက်ချက်ချလိုက်သည်။
ဝှစ်..
ရုတ်တရက် မြေအောက်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထက်ရှလှသည့်အော်ရာတစ်ခုလည်း ထွက်ပေါ်လာသည်။ အစေ့ အပင်ပေါက်လာပြီးနောက် ထွက်လာသည့် အညွှန့်မှာ ဓားဖျားလေး ဖြစ်နေသည်။
“ဒါက တကယ် အပင်လား..” ချူဖုန်း အံ့အားသင့်သွားရသည်။
သူ အနီးကပ် လေ့လာကြည့်လိုက်သည့်အချိန်တွင် အပင်ပေါက်သည် ဓားသွားနှင့် မခြားနားကြောင်း တွေ့လိုက်ရသည်။ အပင်သည် အလွန်ထက်ရှလှပြီး တောက်ပသည့်အလင်းများနှင့်အတူ မြေအောက်မှ ထိုးထွက်လာာသည်။
နွားနက်ကြီးနှင့် နွားဝါလေးတို့လည်း စိတ်လှုပ်ရှားစွာ ပြေးဝင်လာကြသည်။
ထို့နောက် ဓားသွားမှာ တစ်လက်မမှ သုံးလက်မ၊ ထိုမှတစ်ဆင့် တစ်မီတာသို့ ရောက်သည်အထိ ကြီးထွားလာသည်။
ဓားရိုးသည် အမြစ်နှင့် ချိတ်ဆက်နေပြီး အပင်အပေါ်ပိုင်းမှာ တောက်ပသည့် ဓားအလင်းများ တောက်ပနေသည်ပင်။
ချူဖုန်း ဆံပင်တစ်မွှေးနှုတ်လိုက်ပြီး ဓားဖျားထိပ်၌ ထားလိုက်သည်။ သူ လေမှုတ်လိုက်သည်နှင့် ဆံပင်မှာ နှစ်ပိုင်း ပြတ်သွားလေသည်။
“လက်နက်ကောင်းပဲ..” အစေ့တစ်စေ့မှ ဓားတစ်လက်ဖြစ်လာခြင်းကို နွားနက်ကြီး ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
နွားဝါလေးလည်း ငေးကြောင်ကြည့်နေမိသည်။ ဤဓား၏ဇစ်မြစ်ကို သူ မသိနိုင်ဖြစ်နေသည်။
ချွမ်း..
တစ်မီတာရှည်သည့် သစ်ပင်မှ အသံများ ထွက်ပေါ်လာပြီး ဘေးဘက်၌ အကိုင်းများ ထွက်ပေါ်လာသည်။ အပင်သည် နှစ်နာရီအတွင်းမှာပင် လူတစ်ယောက်အရပ်ထိ မြင့်မားနေလေပြီ။
ဤအပင်ပုံစံမှာ ထူးဆန်းလှသည်။ ပင်စည်မှာ ရွှေဝါရောင်တောက်ပနေပြီး သစ်ပင်နှင့်တူသော်လည်း အရွက်များမှာ ဓားပုံစံများ ဖြစ်နေသည်။
သစ်ပင်တစ်ပင်လုံး ဓားလေးများ ပြည့်နေပြီး ခဏကြာပြီးနောက် ကြောက်စရာကောင်းသည့် ဓားအော်ရာတစ်ခု ထွက်ပေါ်လာသည်။
“ဒါက ရှုတောင်ဓားနန်းတော်က ဓားသစ်ပင်နဲ့ နည်းနည်းလေး တူတယ်” နွားနက်ကြီး ရေရွတ်လိုက်သည်။ သို့သော် သူ ခေါင်းပြန်ခါလိုက်ပြီး ထိုဓားနှင့် ခြားနားချက်များ ရှိနေကြောင်း ပြောလိုက်သည်။
ကြိုးကြာနှစ်ကောင်သည် ရှုတောင်မှ ဓားနန်းတော်ကို ရှာတွေ့ပြီး ရှေးဟောင်းအမွေအနှစ်တစ်ခု ရခဲ့ခြင်းပင်။ ထို့အပြင် ထိုတောင်၌ ဓားသစ်ပင်တစ်ပင်လည်း ရှိနေသည်။ ထိုအပင်မှ ဖူးပွင့်သည့် ပန်းပွင့်အားလုံး ဓားပုံစံဖြစ်ပြီး သတ္တုသံများ မြည်ဟီးနေတတ်သည်။
နေမြင့်လာပြီဖြစ်သော်လည်း သစ်ပင်မှာ ဆက်လက်ကြီးထွားနေဆဲပင်။
ယခုဆိုလျှင် သုံးမီတာကျော်နေပြီဖြစ်သည်။ လေမတိုက်သော်လည်း သစ်ရွက်များ လှုပ်ခတ်နေကာ တချွမ်ချွမ်အသံများ ထွက်နေသည်ပင်။
…
အပြင်လောကတွင်တော့ မုန်တိုင်းများ ထန်နေသည်။
အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူအားလုံး ခွန်းလွန်တောင်၌ စုဝေးနေကြပြီဖြစ်ပြီး သမိုင်းဝင်တိုက်ပွဲကြီး စတင်တော့မည်ဖြစ်ကြောင်း အရှေ့နှင့် အနောက်နိုင်ငံများအားလုံး သိနေကြပြီဖြစ်သည်။
တစ်လောကလုံးမှာ ဤတိုက်ပွဲပေါ်၌ အာရုံစိုက်ထားကြသည်။
အခြေအနေများ တင်းမာနေပြီး အားလုံးမှာ တိုက်ပွဲစတင်မည့် ခွန်းလွန်တောင်ကို မျက်စိဒေါက်ထောက် ကြည့်နေကြသည်ပင်။
တစ်ချိန်တည်းမှာပင် အခြားသတင်းများလည်း အလွန်လျင်မြန်စွာ ပျံ့နှံ့နေသည်။
ဥပမာအားဖြင့် ချူဖုန်း အသက်ရှင်နေသေးပြီး ခွန်းလွန်တောင်၌ ပြန်ရောက်နေပြီဟူသည့် သတင်းပင်။ ဤသတင်းမှာ ပြည်သူများကြား ရိုက်ခတ်သွားသော်လည်း ရောက်လာမည့်တိုက်ပွဲနှင့်ယှဉ်လျှင် ဤသတင်းမှာ မှေးမှိန်သွားသည်။
“ခမ်းနားပြီး ကျယ်ပြောလှတဲ့ တောင်တန်းကြီးပဲ .. ဒီမှာ ရပ်နေရုံနဲ့တင်ကို ထိတွေ့လို့ရတဲ့ အလင်းတန်းတွေကို ခံစားနေရတယ် .. ခွန်းလွန်တောင် ဖြစ်ထိုက်ပါပေတယ်..”
ဖြူဖျော့နေသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ထွက်လာသည်။ သူသည် ဘုန်းကြီးတစ်ပါးကဲ့သို့ ဂတုံးဖြစ်နေပြီး ခွန်းလွန်တောင်ခြေအား စိုက်ကြည့်နေသည်။ ဤသည်မှာ ရှေးဟောင်းယောဂဂုရုဖန့်လင်ပင်။
ဤဂုဏ်သရေရှိဧည့်သည့်ကို အဖော်ပြုပေးရန်အတွက် နဂါးနက်ကြီးကိုယ်တိုင် လိုက်လာလေ၏။
သိပ်မဝေးသည့်နေရာတွင် ရွှေရောင်ဆံပင်၊ ရွှေရောင်မျက်လုံးနှင့် လူအိုတစ်ဦး လျှောက်လာသည်။ သူ လမ်းလျှောက်လိုက်တိုင်း မြေပြင်ပင် တုန်ခါသွားလေ၏။ ဤသည်မှာ ခြင်္သေ့ဘုရင်အကြီးအကဲပင်။
“ဟား ဟား .. ခွန်းလွန်တောင်အတွင်းပိုင်းထဲမှာရှိတဲ့ အနန္တနတ်ဘုရားနယ်မြေက ငါတို့ပိုင်တာပဲ .. ငါတို့ ပူဇော်ဖို့အတွက် အဲဒီကို သွားကြမယ်..” ရွှေရောင်ဆံပင်နှင့် လူအိုကြီးတစ်ဦး ပေါ်လာသည်။ သူသည် အသက်ကြီးသည့် လူကြီးလူကောင်းတစ်ဦးပုံ ပေါ်နေသော်လည်း ဤလူမှာ ဗန်ပိုင်းယားဘုရင်ပင်။
သူ့နောက်တွင်တော့ ကျွမ်းကျင်သူများစွာ ရှိနေသည်။ သူတို့သည် အချိန်မရွေး တိုက်ခိုက်ရန်အဆင်သင့်ပင်။
“ရှီလာလည်း ရောက်လာပြီ .. သူ အခု နားနေတာ .. ငါတို့ စတိုက်ဖို့အတွက် သူ့ကိုပဲ လိုတော့တယ်..”
တိုက်ပွဲကြီးမှာ အချိန်မရွေး စတင်တော့မည်…
တောင်ကြောအတွင်းရှိ နွားဘုရင်နန်းတော်တွင်…
ရွှေရောင်သစ်ပင်မှာ သုံးမီတာကျော်မြင့်နေပြီဖြစ်ပြီး သစ်ခေါက်များ စတင်ကွဲအက်လာသည်။ ဤသည်မှာ နဂါးအကြေးခွံများအား လှစ်ဟလိုက်သည်နှင့် တူနေသည်။
ထိုအချိန်တွင် အပင်ထိပ်၌ ပန်းပွင့်အဖူးတစ်ခု ဖြစ်ပေါ်လာသည်။
ဤသည်မှာ ချူဖုန်းအတွက်သာမက အပင်အတွက်လည်း တစ်ဆင့်မြင့်နိုင်မည့် အခွင့်အရေးပင်။
အပိုင်း ၁၈၆ ပြီး၏။