ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၅ – ခွန်းလွန်တောင်သို့ ပြန်လည်ဝင်ရောက်ခြင်း
ရှင်းကျန်း ချိုင့်ဝှမ်းမှ ထွက်လာသည်နှင့် ချူဖုန်း သတိကြီးကြီးထားလိုက်သည်။ လမ်း၌ အနောက်တိုင်းမှတပ်များနှင့်တွေ့လျှင် မလိုလားအပ်သည့်ပြဿနာများ ဖြစ်လာလိမ့်မည်။
ကန္တာရထဲ၌ ပေါ့ပလာပင်များစွာ ပေါက်ရောက်နေသည်။ ထိုအပင်၏အရွက်များမှာ ကျောက်စိမ်းရောင်မှ ရွှေဝါရောင်ထိ အရောင်မျိုးစုံ ရှိနေသည်။
ချူဖုန်း သလင်းကျောက်များပြည့်နေသည့် အိတ်ကြီးကိုသယ်ကာ ကန္တာရကို ဖြတ်လာလိုက်သည်နှင့် သူ့စိတ်ထဲ အဖြစ်အပျက်များစွာ ပေါ်လာသည်။ သူ တရုတ်ပြည်အနောက်ပိုင်းသို့ ပထမဆုံး ရောက်သည့်အချိန်က ဟိဂဘနပန်းခင်းတစ်ခင်းလုံး တစ်ခဏအတွင်း ဖူးပွင့်လာသည့်မြင်ကွင်းကို သူ မြင်ဖူးသည်။
ထိုအဖြစ်အပျက်မှာ သူ့အပေါ်၌ အကျိူးသက်ရောက်မှုရှိနေခဲ့သလားဆိုသည်ကို သူ အမြဲတမ်း သိချင်နေခဲ့သည်။
ထိုဝတ်မှုန်များ ခန္ဓာကိုယ်အတွင်းသို့ သူ့အလိုလို ဝင်နိုင်သလားဟု သူ နွားဝါလေးကို မေးခဲ့သည်။ ထိုအချိန်တုန်းက နွားဝါလေးသည် မျက်မှောင်ကြုတ်ကာ ဤပန်းများမှာ ထူးခြားလှသောကြောင့် သူလည်း အတတ်မပြောနိုင်ကြောင်း ပြောခဲ့သည်။
ထိုနေရာတွင် ရှေးဟောင်းပန်းပင်တစ်ပင်သာ ရှိလိမ့်မည်ဟု သူထင်သည်။ ထိုအပင်၏ အမြစ်များ မြေအောက်၌ နှစ်မြှုပ်နေပြီး လောကကြီး ပြောင်းလဲလာသည့်အချိန် သူလည်း စတင်ပြောင်းလဲလာခဲ့သည်။ သူ ပြောင်းလဲသည့်အချိန်ကို ချူဖုန်း မတော်တဆ မြင်တွေ့သွားခဲ့ခြင်းပင်။
ဤပန်းပွင့်များမှာ အလွန်ထူးခြားလှပြီး သူ့အကြောင်းသိသည့်သူ အနည်းငယ်သာ ရှိသည်။ သူပင်လျှင် ဤပန်း၏လျှို့ဝှက်ချက်များကို မသိကြောင်း ပြောလာသည်။
သူပြောသည့်အတိုင်းဆိုလျှင် ထို အပြာရောင်ဟိဂဘနပန်းများမှာ သူတော်စင်တစ်ဦးဦးနှင့် ဆက်စပ်နေသည်ပင်။
…
နေရောင်မှာ ပူပြင်းလှပြီး ကန္တာရကို မီးဖိုတစ်ခုကဲ့သို့ တစ်ဖြည်းဖြည်း လောင်မြိုက်နေသည်။
နောက်ဆုံး သူ ကန္တာရထဲမှ ထွက်လာပြီး တောင်တန်းဘက်သို့ ဦးတည်လိုက်သည်။ တောအုပ်ထဲတွင် သူ့ကို ရှာတွေ့နိုင်ချေ သိပ်မရှိတော့သဖြင့် သူ စိတ်အေးသွားရသည်။
သူ့ဦးတည်ရာသို့ သွားနေရင်းဖြင့် သူ ငှက်တစ်ကောင်ကို သိမ်းပိုက်ခဲ့သင့်ကြောင်း စဉ်းစားမိသွားသည်။ ဤလျှိုမြောင်များ၊ တောင်တန်းများ၊ မြစ်များထဲတွင် သူ့အမြန်နှုန်းကို အသုံးချရန် ခက်ခဲလိမ့်မည်။
သို့သော် ကံမကောင်းစွာဖြင့် သူ ငှက်တစ်ကောင်မှ မတွေ့ခဲ့။ သာမန်သားရဲများကိုပင် သိပ်မတွေ့ခဲ့။
အရှေ့တိုင်းကျူးကျော်တပ်များ ဖြတ်သွားသည့်အချိန်တွင် သူတို့သည် အင်အားကြီးသည့် သားရဲများကို ကျွန်အဖြစ် ဖမ်းခေါ်သွားကြပြီး ခုခံသည့်သူများကို နေရာတွင်ပင် သတ်ပစ်ခဲ့ကြောင်း ဝံပုလွေရိုင်းတစ်ကောင်မှ သူ့ကို ပြောပြလာသည်။
လမ်းတစ်လျှောက်ရှိ ဤသတင်းကြားသည့်သားရဲအားလုံး ထွက်ပြေးသွားကြပြီဖြစ်သည်။
ချူဖုန်း အတော်လေး ဒေါသထွက်သွားရသည်။ သူ ခွန်းလွန်တောင်သို့ ပြန်ရန် ငှက်တစ်ကောင်ကို ရှာဖွေချင်ခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ သူ ခြေထောက်ကိုသာ အားကိုးရတော့မည်။
“ဒါမှန်းသိရင် မီးခိုးရောင်သိမ်းငှက်ပဲဖြစ်ဖြစ် လင်းတဘုရင်ပဲဖြစ်ဖြစ် ငါ့စီးတော်ယာဉ်အဖြစ် လုပ်ခဲ့ပါတယ်”
နောက်ဆုံးတွင်တော့ ညစ်ပတ်ပေရေစွာဖြင့် ခွန်းလွန်တောင်ခြေသို့ ရောက်လာသည်။ ဤခရီးမှာ တကယ်ကို ညှဉ်းပန်းနှိပ်စက်ပြီး အချိန်ဖြုန်းသည့်ခရီးပင်။ သူ လမ်းတစ်လျှောက်လုံး တိတ်တဆိတ် ကျိန်ဆဲနေခဲ့သည်ပင်။
“ကောင်းပြီလေ .. ဒါကို အခြေခိုင်အောင် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းလို့ သဘောထားလိုက်ကြတာပေါ့..”
လမ်းတစ်လျှောက်တွင် သူ အမြဲတမ်း အမြင့်ဆုံးအရှိန်ဖြင့် ပြေးလာခဲ့သောကြောင့် သူ ဖြတ်သွားသည့်နေရာတိုင်းတွင် ကြောက်စရာကောင်းသည့် မြင်ကွင်းများ ကျန်ရစ်ခဲ့သည်ပင်။
သူ သွေးများဆူပွက်လာပြီး ခန္ဓာကိုယ်ကြီး အပူလွန်မှ သူ ခဏရပ်နားခဲ့သည်။
သူသည် ညအချိန်တွင်ပင် မနားခဲ့။
“နောက်ဆုံးတော့ ငါပြန်လာပြီ..”
သိပ်မဝေးသည့်နေရာတွင် အနောက်တိုင်းတပ်များကို တွေ့လိုက်ရသောကြောင့် သူ သတိကြီးကြီးဖြင့် ထိုလူများကိုပတ်ကာ အခြားလမ်းမှ ခွန်းလွန်တောင်သို့ ဝင်ခဲ့လိုက်သည်။
“ရပ်လိုက်..”
ယခုအချိန်မှာ အရေးကြီးသည့်အချိန်ဖြစ်သောကြောင့် ခွန်းလွန်တောင်၏လုံခြုံရေးမှာ တင်းကြပ်လှသည်။ ခွန်းလွန်တောင်မှ ကျွမ်းကျင်သူအားလုံး သတိကြီးကြီးရှိနေပြီး အလှည့်ကျကင်းစောင့်နေကြရသည်။ ဝင်ပေါက်ကိုပင် ဘုရင်အဆင့်ကျွမ်းကျင်သူ စောင့်ဆိုင်းနေခြင်းပင်။
တစ်ခုခုမှားသွားလျှင် အချက်ပြပြီး ဘုရင်အဆင့်သက်ရှိအားလုံး ရောက်လာလိမ့်မည်။
လူသားပုံစံပြောင်းထားသည့် သားရဲများသည် လက်နက်များကို ကိုင်ဆောင်ကာ ကျူးကျော်လာသူအား သားကောင်ချောင်းနေသည့် ကျားတစ်ကောင်ကဲ့သို့ စိုက်ကြည့်လာကြသည်။ ဤမြေမှာ သူတို့မြေပြင်။
“မင်း ဘယ်သူလဲ..”
တာဝန်ကျသည့် ဘုရင်အဆင့်သက်ရှိတစ်ဦး ရောက်လာကာ မေးလာသည်။
ဤသည်မှာ လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး သူ့ဦးခေါင်းထက်တွင် ကြီးမားလှသည့် ဦးချိုတစ်ခု ရှိနေသည်။
ဤလူကို တွေ့သည်နှင့် ချူဖုန်း စိတ်အေးသွားရ၏။ ဒါက တောင်ဆိတ်ဘုရင်မဟုတ်ဘူးလား .. သူ့ရဲ့ကျိုးသွားတဲ့ ဂျိုတောင် ပြန်ပေါက်လာပြီပဲ..
“ငါပါ..”
ချူဖုန်းပုံစံမှာ အလွန်သနားစရာကောင်းနေသည်။ တစ်ကိုယ်လုံး ဖုန်တလုံးလုံးဖြစ်နေပြီး အဝတ်အစားများလည်း အဝတ်စုတ်များကဲ့သို့ ဖြစ်နေသည်။ သူ့နောက်ဘက်ရှိ ဆံပင်များလည်း ရှုပ်ပွနေသည်ပင်။
သူ့မျက်နှာထက်၌ ရွှံ့စက်များပင် ရှိနေသောကြောင့် သေချာမကြည့်လျှင် သူ့ကို မမှတ်မိနိုင်။
“မင်း..”
တောင်ဆိတ်ဘုရင် သူ့ကိုကြည့်ပြီးနောက် အနောက်သို့တစ်လှမ်းချင်းဆုတ်သွားသည်။ ချူဖုန်း ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့။ ဒီနတ်ဆိုးဘုရင်က သေသွားပြီမဟုတ်ဘူးလား…
“မဖြစ်နိုင်တာ..”
“ရှူး..” ချူဖုန်း သူ့ကို တိတ်တိတ်နေရန် အချက်ပြပြီးနောက် ခြေလှမ်းကျဲကြီးဖြင့် အရှေ့သို့ လျှောက်သွားလိုက်သည်။
ယခင်တစ်ခေါက်က ကြုံလိုက်ရသည့် အဖြစ်အပျက်ဆိုးကြီးမှာ တောင်ဆိတ်ဘုရင်၏ စိတ်ထဲ၌ အရိပ်မည်းကြီးအဖြစ် ကျန်ရစ်ခဲ့သည်။ သူ့ဦးချိုကို အချိန်အတော်ကြာ ပြုစုစောင့်ရှောက်ပြီးမှ ဤကဲ့သို့ ပြန်ကောင်းလာခြင်းပင်။ ယခု နတ်ဆိုးဘုရင်ချူ သေရာမှ ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အချိန် သူ့ခံစားချက်များ ရှုပ်ထွေးသွားရသည်။
“ဂိတ်ကို သေချာစောင့်ကြည့်ထား .. တစ်ခုခု ဖြစ်တာနဲ့ ချက်ချင်း အချက်ပြ” တောင်ဆိတ်ဘုရင် သူ့လက်အောက်ငယ်သားများကို ညွှန်ကြားပြီးနောက် ချူဖုန်းကို သူကိုယ်တိုင် တောင်ထဲသို့ လိုက်ပို့လိုက်သည်။ သူ ချူဖုန်း၏အခြေအနေများအား မေးလိုက်သည်။
“ငါ မင်းကို နောက်မှပြောပြမယ်..” ချူဖုန်းသည် သူရောက်လာကြောင်း မပေါက်ကြားစေရန် ညွှန်ကြားလိုက်ပြီးနောက် နွားနတ်ဆိုးနန်းတော်သို့ တိုက်ရိုက်သွားလိုက်သည်။ သူ နွားနှစ်ကောင်နှင့် အလွန်တွေ့ချင်လှလေပြီ။
“မင်းက ဘာမှမကောင်းတဲ့ကောင်ပဲ..” တောင်ဆိတ်ဘုရင် တိတ်တဆိတ်ကျိန်ဆဲလိုက်၏။ ထို့နောက် ကိစ္စများစွာကို သူ ရုတ်တရက်တွေးမိသွားသည်။ သူ့ပုံစံနှင့်ဆိုလျှင် ဘာမှမလုပ်ပဲနေမည်မဟုတ်ပေ။
ဤသို့တွေးမိသည်နှင့် တောင်ဆိတ်ဘုရင် မျက်လုံးများ ပြူးကျယ်လာကာ ကျောချမ်းသွားရသည်။ ဥရောပမှာ ဖြစ်ပျက်သွားတဲ့ကိစ္စတွေက ဒီလူလုပ်တာလား..
သူ့ဆံပင်မွေးများ ထောင်ထသွားသလို ခံစားလိုက်ရပြီး သူ ဤနတ်ဆိုးဘုရင်ကို ဘယ်တော့မှ မဆန့်ကျင်တော့ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ဤခမ်းနားသည့်တောင်ထိပ်တွင် ခမ်းနားသည့်ရဲတိုက်တစ်လုံးရှိနေ၏။ ဤသည်မှာ နွားနတ်ဆိုးနန်းတော်ပင်။
တောင်ထိပ်တွင် ဝိညာဉ်စွမ်းအင်များ သိပ်သည်းလှပြီး ကြည်လင်သည့်စမ်းချောင်းနှင့် စိမ်းစိုနေသည့်သစ်ပင်များလည်း ရှိနေသည်။
“အာ .. ညီအစ်ကို မင်းပြန်လာပြီလား .. မင်းဘာလို့ ငါတို့ကို စောစောအသိမပေးတာလဲ..” နွားနက်ကြီး ထူးဆန်းစွာ အော်ဟစ်ကာ ပြေးလာသည်။
“ချူဖုန်း..” နွားဝါလေးလည်း ပြေးလာသည်။
သူတို့အားလုံး လူသားပုံစံများဖြင့်ပင်။
“ဟား ဟား .. မင်း ပြန်လာတာကောင်းတယ် .. ဒါပေမဲ မင်းက ဘာလို့ ဒီလောက်တောင် သနားစရာကောင်းနေတာလဲ..” နွားနက်ကြီး ရယ်မောလိုက်သည်။
“ခင်ဗျား ကီလိုမီတာ ၁၅၀၀၀ကို နေ့မနားညမနား ပြေးကြည့်လေ” ချူဖုန်း ပြန်ပြောလိုက်သည်။ အဆိုးဆုံးမှာ သူ ခဏခဏလမ်းမှားနေသောကြောင့် လမ်းပြန်ရှာနေရသေးသည်။
နွားနှစ်ကောင်ထံ၌ ဧည့်သည်ရောက်နေသောကြောင့် ထိုဧည့်သည်လည်း နွားနှစ်ကောင်မှ ထွက်လာသည်။ ချူဖုန်းကို မြင်လိုက်သည်နှင့် သူသည် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဤသည်မှာ ဝက်ဝံနက်ကြီးပင်။
ချူဖုန်း ခွန်းလွန်တောင်သို့ ပထမဆုံးလာသည့်အချိန်က ဝက်ဝံနက်ကိုယ်တိုင် ငွေရောင်ငှက်ကြီးတစ်ကောင်ပေါ်စီးကာ လိုက်ပို့ခဲ့ခြင်းပင်။
ချူဖုန်းကို တွေ့သည်နှင့် သူ ထိတ်လန့်သွားသည်။ သူသည် ဘာမှမပြောပဲ တစ်ဖက်လှည့်ကာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်လေသည်။
ချူဖုန်း ဆွံ့အသွားရ၏။ ဝက်ဝံနက်ကြီး သူ့ကို နွေးနွေးထွေးထွေးကြိုဆိုလိမ့်မည်ဟု ချူဖုန်း ထင်ထားခြင်းပင်။ ဤကဲ့သို့ တုံ့ပြန်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။
ဝက်ဝံနက်သည် စိတ်ထဲ မသက်မသာဖြစ်လာသောကြောင့် သူ့မြေး ရှုန်းခွန်ကို ချက်ချင်း ဖုန်းခေါ်လိုက်ပြီးနောက် သူ့မျက်နှာနှင့်ပါးစပ်ကို လက်တစ်ဖက်ဖြင့်အုပ်ကာ အော်ဟစ်လိုက်လေသည်။ “မင်း မင်းရဲ့ဘိုးဘေးတွေကို ဒုက္ခပေးပြန်ပြီလား..”
ရွှမ်းထျန်၌ ရှိနေသည့် ရှုန်းခွန်မှာ ဆွံ့အသွားရသည်။ သူ့အဘိုးက ဘာကို ဒေါသထွက်နေပြန်တာလဲ.. သူ့အဖိုးအော်သံကြောင့် သူ နားကန်းလုနီးပါးပင်။
“အဘိုး .. ဘာဖြစ်လို့လဲ..” ရှုန်းခွန် သတိကြီးကြီးမေးလိုက်သည်။
“မင်း နတ်ဆိုးဘုရင်ချူကို မစော်ကားထားဘူးမလား..” ဝက်ဝံနက် တီးတိုးမေးလိုက်သည်။
သူ၏စူးရှလှသည့် အကြားအာရုံကြောင့် ချူဖုန်း အားလုံးကို ကြားနေရသည်ပင်။ သူ ချက်ချင်း ဆွံ့အသွားရ၏။ ဒီသတ္တိကြောင်တဲ့ဝက်ဝံနက်ကတော့ .. သူက ငါ့ကို ကြောက်နေတာကိုး..
ရှုန်းခွန်မှာတော့ အလွန်ထူးဆန်းသလို ခံစားလိုက်ရသည်။ အစောလေးတင်ကမှ သူ ချူဖုန်းကို စိတ်ရှိသလောက် ဆဲဆိုကျိန်ဆဲချင်နေခဲ့သည်ပင်။
သို့သော် ဟူရှန်း၏ပုံစံကြောင့် သူ ဘာမှမပြောခဲ့။ တစ်ချိန်တည်းမှာပင် နွားနှစ်ကောင် သူ့အဘိုးအား ဒုက္ခပေးမည်ကိုလည်း သူ စိုးရိမ်ခဲ့သည်ပင်။
“ဟင့်အင်း .. ကျွန်တော် ဘာမှမလုပ်ဘူး .. ဘာဖြစ်လို့လဲ .. သူက သေသွားပြီမဟုတ်ဘူးလား..” ရှုန်းခွန် မေးလိုက်သည်။
“မင်း ဘာမှမလုပ်ရင် အကောင်းဆုံးပဲ .. မင်း ပါးစပ်ကို ပိတ်ထား .. ဘုရင်ချူကို ဆန့်ကျင်တဲ့စကားတစ်ခွန်းမှ ထွက်မလာစေနဲ့ ကြားလား..” ဝက်ဝံနက်ကြီး သူ့ကို တင်းတင်းကြပ်ကြပ် သတိပေးလိုက်ပြီး ဖုန်းချလိုက်သည်။
ရှုန်းခွန်းကတော့ ထိတ်လန့်နေလေပြီ။
သူ့သူငယ်ချင်းအုပ်စုလည်း သူ့ကိုဘာဖြစ်တာလဲဟု မေးလာကြသည်။
“တစ်ခုခုတော့ မှားနေပြီ..” ရှုန်းခွန်သည် ကြွက်သားများဖြင့် တောင့်တင်းသည့်သူဖြစ်သော်လည်း ဦးနှောက်မရှိသည့်သူမဟုတ်။ သူ့အဖိုးစကားများကို သေချာပြန်စဉ်းစားပြီးနောက် သူ ကျောချမ်းသွားရသည်။
ဟူရှန်းနှင့် လုချင်းကို ဤကိစ္စအား ပြောပြပြီးနောက် သူတို့လည်း ထိတ်လန့်သွားကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းသည်ဟု ခံစားလိုက်ကြရသည်။
ထိုနေ့တွင် ရွှမ်းထျန်မြို့၌ ချူဖုန်းမသေလောက်သေးကြောင်း သတင်းများ ပျံ့နှံ့လာသည်။
“ဒီကောလဟာလက ဘယ်က ပျံ့လာတာလဲ .. ဟာသပဲ .. ဗာတီကန်ကတောင် သူ သေဆုံးပြီးကြောင်း အတည်ပြုပြီးသွားပြီ .. ဘယ်သူက သူ အသက်ရှင်သေးတယ်လို့ ပြောရဲလဲ..”
ဒေါင်းမျိုးနွယ်စု၌ မီးခိုးပြာဝံပုလွေမျိုးနွယ်စုများလည်း ရောက်ရှိလာကာ သတင်းများကို လှောင်ပြောင်ရယ်မောနေကြသည်။
“သူက အသက်ရှင်နေသေးတာလား..” ကျန်းလော့ရှန်း မျက်လုံးများ ပြူးကျယ်သွားရသည်။
“မဖြစ်နိုင်တာ … ချူဖုန်း သေသွားပြီဆိုတာကို အတည်ပြုထားတာ ကြာလှပြီကို .. သူက ဘယ်လိုလုပ် ပြန်ပြီးအသက်ရှင်နိုင်မှာလဲ .. ဒါ ကောလဟာလပဲဖြစ်မှာပါ” ရှားချန်းယု ခေါင်းခါလိုက်သည်။
အင်အားကြီးအဖွဲ့အစည်းများလည်း ဤသတင်းကို ကြားလိုက်ရသည်ပင်။
ခွန်းလွန်တောင်တွင် ဝက်ဝံနက်ကြီးသည် သူ့မြေးနှင့် စကားပြောပြီးနောက် စိတ်သက်သာရာရသွားသည်။ သူသည် ချူဖုန်းထံသို့ ယုံကြည်ချက်ရှိရှိ ပြေးလာကာ သူ့ကို တင်းကြပ်စွာ ဖက်ထားကာ ပြန်လာသည်ကို ဂုဏ်ပြုကြောင်း ပြောလေသည်။
“အတိဒုက္ခကို ဖြတ်ကျော်ပြီးရင် သေချာပေါက် ကံကောင်းခြင်းတွေ ရောက်လာတော့မှာပါ .. ညီအစ်ကိုချူက သူတော်စင်ဘိုးဘေးတစ်ယောက်ဖြစ်ဖို့ ကံပါလာပြီးသား .. နောင်ကျရင် ကျွန်တော်တို့ ညီအစ်ကိုချူကိုပဲ အားကိုးရတော့မယ်” ဝက်ဝံနက် ပြောလာသည်။
သူ့ကို ခွန်းလွန်တောင်သို့ တရားဝင်ဆင့်ခေါ်ခဲ့ခြင်းပင်။ သူ့အိမ်သည် ခွန်းလွန်တောင်နှင့် အနီးဆုံးတွင် ရှိနေသောကြောင့် သူလည်း ရွေးချယ်စရာမရှိတော့ပဲ ရောက်လာရခြင်းပင်။ ဆင့်ခေါ်သည်ကို သူ ငြင်းလည်းမငြင်းရဲ။ ယနေ့မှစ၍ ခွန်းလွန်တောင်ထဲတွင် သူ့ကိုယ်ပိုင် တောင်ထိပ်တစ်ခု ရှိလာလိမ့်မည်။
သူနှင့် ခွန်းလွန်တောင်ထိပ်တို့မှာ ချည်နှောင်လိုက်ပြီဖြစ်သည်ဟု ပြော၍ရသည်။ သူ အောင်မြင်လျှင် အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်။ သူ ကျဆုံးသွားလျှင်လည်း ဆိုးရွားစွာ အဆုံးသတ်လိမ့်မည်ပင်။
ချူဖုန်း၏ ဘေးကင်လုံခြုံစွာ ရောက်ရှိလာမှုမှာ ခွန်းလွန်တောင်မှ ဘုရင်အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ ခဏကြာပြီးနောက် သားရဲဘုရင်အုပ်လိုက်ကြီး နွားနတ်ဆိုးနန်းတော်သို့ ရောက်လာကာ ချူဖုန်းကို သူတို့ကိုယ်တိုင် လာကြည့်ကြလေ၏။
“ညီအစ်ကိုချူက အမြဲတမ်းကံကောင်းနေမယ့် ထူးခြားတဲ့သူဆိုတာ ငါသိတယ် .. ငါ့သမီးနဲ့ အလိုက်ဖက်ဆုံးပဲ..” ဂတုံးပြောင်နှင့် မြင်းဘုရင် ပြောလာသည်။
ဤလူသည် မထင်မှတ်ထားသည့်အချိန်တွင် သူ့သမီးအကြောင်း ထပ်ပြောလာသောကြောင့် ဘုရင်တစ်စုလုံး ရယ်မောလိုက်ကြသည်။
“ညီအစ်ကိုချူ ရှင်ဒီတစ်ခေါက် ဘာတွေ ဖြတ်သန်းခဲ့ရတာလဲ .. ကျွန်မတို့ကိုပြောပြပါဦး” အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦး လျှောက်လာသည်။ ဤသည်မှာ ကျက်သရေရှိလှသည့် ရက်ကန်းဘုရင်ပင်။
ဘုရင်အားလုံး ချူဖုန်း၏ စွန့်စားခရီးကို သိချင်နေကြသောကြောင့် သူ ဖြစ်စဉ်အားလုံးကို အကျဉ်းချုပ် ပြောပြလိုက်သည်။
ခဏကြာပြီးနောက် ဘုရင်တစ်စုလုံး အံ့အားသင့်သွားကာ စကားမပြောနိုင်တော့သဖြင့် နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထို့နောက် သူတို့အားလုံး အနောက်ဘက်တွင် ပြဿနာရှာခဲ့သည့် လူကြမ်းကြီးကို ချီးကျူးလိုက်ကြသည်။ ဤသည်မှာ ချူဖုန်း ဖြစ်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။
ချူဖုန်းပြောပြသည့် ထိတ်လန့်စရာကောင်းသည့် စွန့်စားခန်းများမှာ နားထောင်နေသူများကို ဆွဲဆောင််နေနိုင်သည်ပင်။
“အားလုံးပဲ .. ကျွန်တော့်ညီအစ်ကိုရဲ့ အခြေအနေကို လျှို့ဝှက်ချက်အနေနဲ့ ထားထားပေးကြပါဦး..” နွားနက်ကြီး သတိပေးလိုက်သည်။
ဤသည်မှာ ချူဖုန်း၊ နွားဝါလေးတို့နှင့်အတူ ဆွေးနွေးပြီးနောက် ရလာသည့်ဆုံးဖြတ်ချက်ပင်။ ချူဖုန်း၏သတင်းသာ ပျံ့နှံ့သွားလျှင် ခြင်္သေ့ဘုရင်အကြီးအကဲ၊ နဂါးဘုရင်နှင့် ဗန်ပိုင်းယားဘုရင်တို့ကဲ့သို့သော အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများ ချူဖုန်းကို သတ်ပစ်ရန် အစွမ်းကုန် ကြိုးစားလာနိုင်သည်။
“အဲဒီနတ်ဆိုးအိုကြီးတွေကို ရှင်းပြီးတဲ့အထိ စောင့်ကြတာပေါ့ .. အဲဒါဆိုရင် ကျွန်တော်တို့ ဘာကိုမှ ကြောက်စရာမလိုတော့ဘူး” နွားဝါလေး ပြောလိုက်သည်။
“ဟုတ်တယ် ..” အမဲလိုက်ခွေးဘုရင် ခေါင်းညိမ့်လိုက်သည်။ သူသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် သူ့စကားများမှာ ခွန်းလွန်တောင်တွင် ဩဇာရှိသည်ပင်။
လူအုပ်ကွဲသွားသည်နှင့် ချူဖုန်း သူ့ကျင့်ကြံဆင့် တည်ငြိမ်ရဲ့လားဟု နွားဝါလေးကို ချက်ချင်းမေးလိုက်သည်။
“အရမ်းကို တည်ငြိမ်နေပြီ..” နွားဝါလေး အတော်လေး အံ့အားသင့်သွားရသည်။ ဤသည်မှာ သူ အနောက်နိုင်ငံ၌ ရှိနေစဉ်က တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲများကြောင့် ဖြစ်နိုင်သည်။
“ကောင်းတယ် .. အဲဒါဆို ငါ စိတ်အေးရပြီ..” ချူဖုန်း အလွန်ပျော်ရွှင်သွားရသည်။ ထိုအစေ့ကို စိုက်ကာ နောက်တစ်ကြိမ် အဆင့်တက်ရန် ပြင်ဆင်လိုက်တော့သည်။
ထိုညတွင် သတင်းတစ်ခု တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ခြင်္သေ့ဘုရင်နှင့် ဗန်ပိုင်းယားဘုရင်တို့သည် ခွန်းလွန်တောင်နားမှ မြေမျက်နှာသွင်ပြင်ကို လေ့လာနေပြီး တိုက်ပွဲကြီးအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယမှ ယောဂဂုရုဖန့်လင်လည်း ခွန်းလွန်တောင်သို့ ရောက်နေသည်မှာ အချိန်တစ်ခု ကြာနေပြီဖြစ်ပြီး ထိုကတည်းက မရပ်မနားရွတ်ဖတ်နေသည်ဟု သတင်းထွက်ပေါ်လာသည်။
ထို့နောက်တွင်တော့ ရှီလာ ထွက်လာနေပြီဖြစ်ပြီး မကြာခင်တွင် ခွန်းလွန်တောင်သို့ ရောက်လာတော့မည်ဟူသည့် သတင်းထပ်မံထွက်ပေါ်လာသည်။
အဆုံးအဖြတ်တိုက်ပွဲကြီး မကြာခင်ရောက်လာတော့မည်ဖြစ်ကြောင်း အားလုံး သိနေလေပြီ။
အပိုင်း ၁၈၅ ပြီး၏။