Switch Mode

Chapter – 184

အရှေ့တိုင်းသို့ ပြန်လာခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၄ – အရှေ့တိုင်းသို့ ပြန်လာခြင်း

ခွန်းလွန်တောင်ကြီးသည် အသက်ပြန်ဝင်လာသည်နှင့် ယခင်ကနှင့် မတူတော့။ တောင်ထိပ်များ စိမ်းစိုတောက်ပနေပြီး ကီလိုမီတာရာပေါင်းများစွာမြင့်သည့် ရေတံခွန်းများလည်း တောင်ထိပ်များမှ စီးကျနေသည်။ ဤသည်မှာ တကယ်ကို ခမ်းနားလှသည့် မြင်ကွင်းတစ်ခုပင်။

သို့သော် နွားဝါလေးကတော့ စိတ်ဓာတ်ကျနေသည်။ သူနှင့် နွားနက်ကြီးတို့မှာ ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့ကြသည်။ ဗာတီကန်သို့ သုံးယောက်အတူသွားခဲ့သော်လည်း နှစ်ယောက်သာ ပြန်လာနိုင်ခဲ့ပြီး ချူဖုန်းကတော့ သူတစ်ပါးမြေတွင် သေဆုံးသွားလေပြီ။

သူ စိတ်ဓာတ်ကျနေသောကြာင့် သူ့အသံမှာ တီးတိုးပြောနေသည်ထက် အနည်းငယ်သာကျယ်သည်။ ဤသည်မှာ ချူဖုန်းကို အံ့အားသင့်သွားစေခဲ့သည်။ သို့သော် ဘာဖြစ်နေမှန်းသိသွားအောင် သူ အချိန်သိပ်မယူလိုက်ရ။

“ဘယ်သူလဲ .. ပြော..” နွားဝါလေး စိတ်မရှည်လက်မရှည် ပြောလိုက်သည်။

“ငါက နတ်ဘုရား” ချူဖုန်း ရယ်မော၍ ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် နွားဝါ၏မျက်လုံးများ ပြူးကျယ်သွားကာ နားရွက်များလည်း ထောင်ထလာကာ အာရုံစိုက် နားထောင်လာသည်။

“ဘာဖြစ်တာလဲ .. မင်းက ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ..” နွားနက်ကြီး သူ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ကြည့်ရတာ ငါ့နားမကောင်းတော့ဘူးထင်တယ်” နွားဝါလေး သူ အကြားမှားသွားသည်ဟု ထင်လိုက်သည်။

“မင်းတို့နှစ်ယောက် ဘာတွေ တီးတိုးပြောနေကြတာလဲ .. ငါက နတ်ဘုရားလို့ .. မင်းမကြားဘူးလား..” ချူဖုန်း အသံမြင့်၍ ပြောလိုက်သည်။

“ခဏ .. ငါ ဘာလို့ အဲဒီကောင်အသံ ကြားနေရတာလဲ..” နွားနက်ကြီးလည်း နားရွက်များ ထောင်ထလာကာ ဖုန်းနားသို့ တရှိန်ထိုး ရောက်လာသည်။

နံပါတ်မှာ သူတို့မသိသည့်နံပါတ်ပင်။

ပြင်းထန်သည့် တိုက်ခိုက်မှုအတွင်း ချူဖုန်း ပျက်စီးသွားပြီး ဤသည်မှာ သူ အသစ်ဝယ်ထားသည့်ဖုန်းပင်။

နွားနှစ်ကောင်၏ဖုန်းလည်း ပျက်စီးခဲ့သော်လည်း ခွန်းလွန်တောင်သို့ ပြန်ရောက်သည်နှင့် သူတို့ နံပါတ်အဟောင်းကိုသာ ပြန်လျှောက်ပြီး သုံးခဲ့သည်ပင်။

“နွားဝါလေး၊ နွားနက်ကြီး ခင်ဗျားတို့ အသွားတာလား..” ချူဖုန်း၏ ကျယ်လောင်လှသည့်အသံကြောင့် သူတို့ နားပင်အူသွားသည်။

နွားနှစ်ကောင် တစ်ယောက်ကိုတစ်ယောက် ငေးကြောင်ကြည့်နေကြလေ၏။

ချူဖုန်းက သေသွားပြီမဟုတ်ဘူးလား .. အနောက်တိုင်းက သူ သေသွားပြီလို့ ကြေငြာထားတာလေ .. ရှီလာရဲ့ ရက်စက်ပုံနဲ့ဆိုရင် သူ အလွတ်ပေးမှာမဟုတ်ဘူး..

“နွားဝါလေး၊ နွားနက်ကြီး ခင်ဗျားတို့ခေါင်းကို မြည်းကန်သွားတာလား .. ခင်ဗျားတို့ ကျုပ်ကို မေ့သွားပြီလား..” ချူဖုန်း မကျေမနပ် ပြောလိုက်သည်။

“မင်းကမှ အတာ .. မင်းပဲ မြည်းကန်ခံရတာ..” နွားဝါလေး နောက်ဆုံးတော့ အသိစိတ်ဝင်လာ ပြန်ပက်လိုက်သည်။

“ဟေ့ကောင် .. မင်းက တော်တော်လေး တတ်နိုင်တာပဲ .. မင်းက သေချင်ဟန်တောင်ဆောင်လိုက်သေးတယ် .. မင်းက ငါတို့ကိုစိတ်ပူပြီး သေအောင် လုပ်နေတာလား..” နွားနက်ကြီး အော်ဟစ်လိုက်သည်။ သူ မကျေမနပ်ပြောနေသော်လည်း သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ၊ စိတ်သက်သာရာရမှုများ ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် နွားနှစ်ကောင် ပျော်ရွှင်စွာ ထခုန်လာကြသည်။

ယခုတစ်လော သူတို့နှစ်ဦးလုံး ဝမ်းနည်းကာ ထိုင်းမိုင်းနေခဲ့ကြသည်။ သူတို့ အဆင့်တက်ခဲ့ကာ ဘုရင်အဆင့်များကြားတွင် ထူးခြားသည့်သူများဖြစ်ခဲ့ကြသော်လည်း သူတို့ မပျော်ရွှင်နိုင်။ ဤအောင်မြင်မှုများမှာ ချူဖုန်း အသက်နှင့်လဲကာ ရခဲ့သည့် အောင်မြင်မှုများပင်။

“ငါက ဘယ်လိုလုပ် သေမှာလဲ .. ငါ ကောင်းကောင်းကြီးရှင်သန်နေတယ်” ချူဖုန်း ရယ်မောလိုက်သည်။

နွားနက်ကြီး ရူးသွပ်စွာ ရယ်မောလိုက်သောကြောင့် တောင်တစ်ခုလုံး တုန်ခါသွားသည်။

အဝေးမှ သားရဲမျိုးနွယ်စု ကျွမ်းကျင်သူများ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ နွားဘုရင်ကြီး ထပ်ကြီး အရူးထပြန်လေပြီ။ ဤသည်မှာ ယခုတလော ဖြစ်ပျက်နေကျအဖြစ်အပျက်များပင်။

နွားဝါလေးလည်း ရယ်မောနေသော်လည်း အလွန်အကျွံမဟုတ်။ သူ့ရင်ထဲမှာ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် အလွန်စိတ်အေးလက်အေးရှိကာ နေ၍ကောင်းလာသည်။

“နွားကြီး .. မင်း ကယောင်ကတမ်း ဖြစ်ပြန်ပြီလား .. မငိုနဲ့တော့ တိုက်ပွဲကြီးက နီးနေပြီ .. မင်း ရန်သူတွေ နည်းနည်းလောက်သတ်ပြီး ချူဖုန်းအတွက် လက်စားချေပေးပြီးတာနဲ့ မင်း နေလို့ ပိုကောင်းလာလိမ့်မယ်”

အနီးအနားရှိ တောင်ထိပ်တွင် နေနေသည့် မြင်းဘုရင်မှ ပြောလိုက်သည်။ သူသည် ယခင်ကအတိုင်း တောက်ပသည့်ဂတုံးကြီးနှင့်ပင်။

“မဟုတ်ဘူး .. ငါ အရမ်းပျော်နေတာ .. မင်းတို့တွေ စောင့်ကြည့်နေလိုက် .. သိပ်မကြာခင်မှာ တစ်လောကလုံး တုန်လှုပ်သွားလိမ့်မယ် .. ဟား ဟား..” နွားနက်ကြီး အထိန်းအချုပ်မရှိ ရယ်မောလိုက်သည်။

ချူဖုန်းအသက်ရှင်နေကြောင်း သိလိုက်ရသည်နှင့် နွားနှစ်ကောင်မှာ ရုတ်တရက် လတ်တလောဖြစ်ပျက်နေသည့် ကိစ္စများကို ဆက်စပ်တွေးမိသွားသည်။

ဥရောပတွင် ဖြစ်ပျက်နေသည့် ကိစ္စများမှာ ချူဖုန်းနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေရလိမ့်မည်မှာ သေချာသည်။

“ညီအစ်ကို .. မင်း ဘယ်မှာလဲ .. မြန်မြန်ပြန်လာခဲ့.. ငါတို့မင်းအတွက် စားသောက်ပွဲကြီး လုပ်ပေးမယ်..” နွားနက်ကြီးမှာ အလွန်ပျော်ရွှင်နေသောကြောင့် ချူဖုန်းကို ချက်ချင်းပင် သူ့ရှေ့ ပေါ်လာစေချင်နေမိသည်။

“ကျွန်တော် ဂရိမှာ .. တကယ်‌တော့ ကျွန်တော် ခင်ဗျားတို့ကို အရှေ့တိုင်းက အခြေအနေတွေကို‌ မေးချင်နေတာ .. ကျွန်တော် ဒီမှာ ပြဿနာတွေပဲ ဆက်ရှာရမလား .. ဒါမှမဟုတ် ခွန်းလွန်တောင်ကို ပြန်လာပြီးတော့ ခုခံရေးအဖွဲ့ထဲ ဝင်ပါရမလား..” ချူဖုန်း မေးလိုက်သည်။

“မင်း ပြန်လာတာ ပိုကောင်းလိမ့်မယ် .. မင်း ဥရောပမှာ တစ်ယောက်တည်း နေနေတာ ငါတို့ စိတ်ပူတယ်” နွားဝါလေး ပြောလိုက်သည်။ ဥရောပမှာ ရန်သူ့နယ်မြေဖြစ်သည်။ ချူဖုန်း အသက်ရှင်နေသေးကြောင်း ရှီလာ သိသွားသည်နှင့် သူ သေချာပေါက် ချူဖုန်းကို သတ်လိမ့်မည်။

“ဟုတ်တယ် .. အဲဒီမှာ မနေနဲ့တော့ မြန်မြန်ပြန်လာခဲ့ .. မင်း တိုက်ပွဲထဲ ဝင်ပါဖို့လိုတယ်” နွားနက်ကြီးလည်း သူ့ကို ပြန်လာရန် လောဆော်လိုက်သည်။ သေကွဲကွဲပြီးနောက် အခြားမတော်တဆမှုများ ထပ်မဖြစ်စေချင်တော့။

တစ်ချိန်တည်းမှာပင် နွားနှစ်ကောင်သည် မနေနိုင်တော့ပဲ ယခင်တစ်ခေါက်က ဖြစ်ပျက်ခဲ့သည်များကို မေးမြန်းလိုက်သည်။

“ဘာ .. အက်ဗီဒူးကို သတ်လိုက်ပြီးတော့ ဝက်ဝံဖြူကို ကင်စားလိုက်တာက မင်းလား.. မင်း ဘယ်တုန်းက ဂျေရုဆလင်ကို ရောက်သွားတာလဲ..”

“အဲဒီတုန်းက ငါ ပြေးရင်းနဲ့ ပင်လယ်ထဲထိ ရောက်သွားတာ .. ဝေလငါးဘုရင်ကြီး မြိုချတာ ခံလိုက်ရပြီးတော့ သေမလိုဖြစ်သွားခဲ့တာ .. ကံကောင်းစွာနဲ့ ငါ မသေပဲ သူ့ခန္ဓာကိုယ်ထဲပုန်းနေပြီးတော့ အရှေ့တောင်ဘက်ကို ရောက်ခဲ့တာ” ချူဖုန်း ဇာတ်လမ်းတစ်ခုလုံးကို ပြောပြလိုက်သည်။

နွားနှစ်ကောင်မှာ နားထောင်နေရင်း အလွန်စိတ်လှုပ်ရှားလာသည်။ ချူဖုန်းသည် တကယ်ကို ကံကောင်းပြီး အသက်ရှင်ခဲ့ခြင်းပင်။

“ညီအစ်ကို .. အရသာအဆင့်သတ်မှတ်ချက်ကိုလုပ်တာလည်း မင်းပဲမလား..” နွားနက်ကြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုတလော သူတို့ကို စိတ်ကျေနပ်စေသည်မှာ ဘုရင်အဆင့်ကျွမ်းကျင်သူများ သတ်ပြီးကင်စားခံရသည့်သတင်းသာ ရှိသည်ပင်။

“ဟုတ်တယ်..”

“ဟား ဟား .. ကောင်းလိုက်တာ .. ငါ သွားရေတောင် ကျလာပြီ .. မင်းမှန်းသိရင် ငါ အစောကြီးကတည်းက ပြေးလာစားမှာ”

နွားနက်ကြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ စားသောက်ပွဲကြီးတွင် ဝင်မပါလိုက်ရသည့်အတွက် အနည်းငယ် ဝမ်းနည်းနေလေ၏။

နွားဝါလေး၏အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။ နာမည်ကြီးနတ်ဘုရားမှာ သူ့ညီအစ်ကိုဖြစ်နေသောကြောင့် သူ အတော်လေး ဆွံ့အနေရသည်။ သူ ပြောလျှင် မည်သူမှ ယုံမည်မဟုတ်။

“ကျေနပ်စရာကောင်းလိုက်တာ .. အဲဒီသောက်ခြင်္သေ့ကြီး အချက်စားခံလိုက်ရပြီ .. ဗာတီကန်မှာတုန်းက သူ အရမ်းကိုမောက်မာပြီး ရွံစရာကောင်းတာကို ငါ မှတ်မိနေတုန်းပဲ .. ငါ သူ့ကို တကယ် ရိုက်ပစ်ချင်နေတာ .. သတ်တာကောင်းတယ် .. သူ့ကို သတ်ပစ်လိုက်တာ တော်တယ်” နွားနက်ကြီး ချီးကျူးလိုက်သည်။

သူတို့ ချူဖုန်းကို သူ့ခရီးစဉ်အကြောင်း အသေးစိတ်မေးလိုက်ပြီး သူ မည်သည့်အချိန် ပြန်လာမည်ကိုပါ မေးလိုက်သည်။

“မင်း ပြန်လာတာနဲ့ ငါတို့မင်းရဲ့ အရသာစာရင်းကို အဆင့်အသစ်တွေတိုးလာအောင် လုပ်ပေးမယ်” နွာနက်ကြီး ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူတို့ ချူဖုန်းနှင့်အတူ မတိုက်လိုက်ရသည့်အတွက် ဝမ်းနည်းမိသည်။ သူတို့သာ ချူဖုန်းနှင့်အတူ တိုက်လျှင် ပို၍စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်။

“ညီအစ်ကို .. မင်းက နတ်ဘုရား၊ လူကြမ်းစသည်ဖြင့် ခေါ်နေကြတာ .. မင်း ဘယ်သူမှန်းသာ သိသွားကြရင် တစ်လောကလုံး အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မယ်..”

နွားဝါလေးလည်း ခေါင်းညိမ့်ကာ “အခု မင်းသေသွားပြီလို့ အားလုံး ထင်နေကြတာ .. မင်းသာ ရုတ်တရက်ပေါ်လာရင် သေချာပေါက် အားလုံး ဆွံ့အသွားရမှာ”

“မင်း ဘယ်သူလဲဆိုတာ အခု ကြေငြာချင်လား.. ငါ ဒီသတင်းကို ပြောပြချင်လွန်းလို့ပါးစပ်ကို ယားနေပြီ” နွားနက်ကြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အခု မကြေငြာခဲ့ဦး .. ကျွန်တော် ပြန်ရောက်ပြီးမှ အဲဒီအကြောင်းကို ပြောကြတာပေါ့” ချူဖုန်း သူ့ကို တားဆီးလိုက်သည်။

နွားဝါလေးသည် နွားနက်ကြီးအား စိုက်ကြည့်လိုက်ကာ “ကျွန်တော်တို့အခု ထုတ်ဖော်လိုက်ရင် အနောက်တိုင်းက သားရဲဘုရင်တွေ ခွန်းလွန်ကိုမတိုက်ပဲနဲ့ ချူဖုန်းကိုပဲ ဝိုင်းတိုက်ကြလိမ့်မယ် .. နဂါးနက်နဲ့ အာတိတ်ဘုရင်က အစောကြီးကတည်းက ဒေါသထွက်နေကြတာ”

နွားနက်ကြီး နည်းနည်းရှက်သွားရသည်။ သူ အလွန်ပျော်ရွှင်နေသောကြောင့် ချူဖုန်း ထိုထိပ်တန်းအဆင့်ကျွမ်းကျင်သူများကို ပြဿနာရှာထားကြောင်း သူ မေ့သွားသည်။

“အိုး ဒါနဲ့ .. ဗာတီကန်မြို့ကြီး နျူးကလီးယားလက်နက်တွေကြောင့် ပျက်စီးသွားတာကိုသိလား .. ဘာလို့အဲဒီလိုဖြစ်သွားလဲဆိုတာ မင်းသိလား..”

“ငါ လုပ်တာ..” ချူဖုန်း ဝန်ခံလိုက်၏။ သူ ထိုကိစ္စကို မေ့တော့မလို့ပင်။

နွားနှစ်ကောင် တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူးမျက်ဆံပြူး ကြည့်လိုက်ကြသည်။ ဒါက သူလုပ်တာလား..

“ညီအစ်ကို .. မင်း ဖုံးကွယ်ထားတာ ဘာတွေရှိသေးလဲ .. ငါတို့လန့်သွားအောင် မြန်မြန်ပြောပြတော့..”

“ဒါ အကုန်ပဲထင်တယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။ “ခင်ဗျားတို့ အချုပ်အနှောင်ဘယ်နှစ်ခု ဖြတ်တောက်ပြီးသွားပြီလဲ..”

ဤကိစ္စကို မေးလိုက်သည်နှင့် နွားနက်ကြီးသည် သူ့ရင်ဘတ်ကို ပုတ်လိုက်ကာ ယခုအချိန်တွင် သူသည် အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူဖြစ်နေပြီဖြစ်ကြောင်း ကြေငြာလိုက်သည်။ သူသည် ခြင်္သေ့ဘုရင်အကြီးအကဲနှင့် ဒေါင်းဘုရင်တို့ထက် တစ်ဆင့်သာ နိမ့်တော့သည်။

နွားဝါလေးသည်လည်း အချုပ်အနှောင်လေးခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူ ဖြစ်သွားလေပြီ။

သိထားရမည်မှာ အစပိုင်းတွင် နွားဝါလေးသည် ချူဖုန်းနှင့် အဆင့်အတူတူသာ။ အချုပ်အနှောင်တစ်ခုတည်းသာ ဖြတ်တောက်ရသေးသည်ပင်။

ချူဖုန်း ဆွံ့အသွားရ၏။ ဒီနွားနှစ်ကောင်က တကယ်ကို စွမ်းအားကြီးတဲ့သူတွေ ဖြစ်လာတာပဲ..

အနန္တဝိညာဉ်သွေးဆေးပင်မှာ တကယ်ကို ထူးခြားလှသည်။ သူ တစ်ပွင့်တည်းစားခဲ့ပြီး နွားနှစ်ကောင်မှ နှစ်ပွင့်ဆီ စားခဲ့သောကြောင့် သူတို့၏အကျိုးသက်ရောက်မှုမှာ သေချာပေါက် နှစ်ဆဖြစ်မည်ပင်။

ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ခြင်းမှာ စွမ်းအင်များစွာ လိုအပ်သည်။ အဆင့်မြင့်လေလေ အဆင့်တက်ရန် ခက်လေလေပင်။ ထို့ကြောင့် ပန်းပွင့်များမှာ နွားဝါလေးပေါ်တွင် ပို၍ အလုပ်ဖြစ်သည်ဟု အထင်မှားစေသည်ပင်။

“ခင်ဗျားတို့နှစ်ယောက်က ခုန်တက်သွားတာပဲ .. အဲဒါဆို ကျွန်တော်လည်း မထိန်းချုပ်ထားတော့ဘူး .. ကျွန်တော်လည်း စတုတ္ထမြောက်အချုပ်အနှောင်ကို မြန်မြန်ဖြတ်တောက်တော့မယ်” ချူဖုန်း ပြောလိုက်သည်။

သူ ကျောက်သေတ္တာထဲမှ အစေ့များကို အပင်ပေါက်လာအောင်လုပ်ပြီး ထိုအပင်၏ ဝတ်မှုန်များဖြင့် နောက်တစ်ဆင့်တက်ချင်သည်။

“မလောနဲ့..” နွားဝါလေး သတိပေးလိုက်သည်။ သူသည် ချူဖုန်းကို ခွန်းလွန်တောင်သို့ အရင်ပြန်လာပြီး တိုက်ပွဲပြီးမှသာ အဆင့်တက်ရန် အကြံပေးလိုက်သည်။

ယခုအချိန်တွင် နွားဝါလေးနှင့် နွားနက်ကြီးတို့နှစ်ဦးလုံး ပြဿနာတစ်ခုကို ရင်ဆိုင်နေရသည်။ သူတို့ မြန်မြန်အဆင့်တက်နိုင်ခဲ့သော်လည်း သူတို့ အုတ်မြစ်မှာ မခိုင်ခံ့သေး။

ယခုအချိန်တွင် နွားနှစ်ကောင်မှာ သူတို့စွမ်းအားများ အခြေခိုင်ရန် အစွမ်းကုန်ကြိုးစားနေကြရသည်။ မဟုတ်လျှင် သူတို့တာအိုအုတ်မြစ်များ မတည်မငြိမ်ဖြစ်လာပြီး နောင်ကျလျှင် ပြဿနာများလိမ့်မည်။

သို့သော် ချူဖုန်းသည် ဥရောပတွင် တိုက်ပွဲများ ဆက်တိုက်,တိုက်ခဲ့ရသောကြောင့် သူ့အုတ်မြစ် မြန်မြန်အခြေခိုင်လာလိမ့်မည်ဖြစ်ကြောင်း ပြောလာသည်။

မည်သို့ပင်ဖြစ်စေ သူသည် ချူဖုန်းကို ခွန်းလွန်တောင်သို့သာ အရင်ပြန်လာခိုင်းလိုက်သည်။

ချူဖုန်း ခေါင်းညိမ့်လိုက်၏။ သူ အချုပ်အနှောင်နှစ်ခုကို ဆက်တိုက် ချိုးဖျက်ခဲ့သောကြောင့် စွမ်းအားတည်ငြိမ်ရန် သူ့ကိုယ်သူ အချိန်ပေးရမည်ပင်။

သို့သော် သူ့စွမ်းအားများ မတည်မငြိမ်ဖြစ်နေသည်ဟု သူ မခံစားရ။ ရွှေရောင်ခြင်္သေ့ဘုရင်နှင့် တိုက်ခဲ့သည့်တိုက်ပွဲမှာ အသက်လုပွဲဟု သတ်မှတ်၍ရသည်။ ထိုတိုက်ပွဲတွင် သူ့ဝိညာဉ်စွမ်းအားများ အထွဋ်အထိပ်ထိ ရောက်ခဲ့ကာ သူ့တာအိုအုတ်မြစ်ကိုလည်း အခြေခိုင်စေခဲ့သည်။

“ခွန်းလွန်တောင်ကို ပြန်လာပြီး အဆင့်တက်မယ် .. ပြီးရင် တိုက်ပွဲထဲ ဝင်ပါမယ်” ချူဖုန်း ရေရွတ်လိုက်သည်။

သူတို့ စကားပြောပြီးသွားသည်မှာ အတော်ကြာနေပြီဖြစ်သော်လည်း ချူဖုန်း စမထွက်သေး။ သူစုထားသည့် အနီရောင်သလင်းကျောက်များ အပင်ပေါက်ရန်အတွက် မလုံလောက်မည်ကို သူ စိုးရိမ်မိသည်။

ထိုအစေ့မှာ ဆက်တိုက်အဆင့်မြင့်လာပြီး အခေါက်တိုင်းတွင် လိုအပ်သည့်အရင်းအမြစ်များလည်း အဆမတန် များပြားလာသည်။

သူ့ပစ်မှတ်မှာ ဗာတီကန်ပင်…

အနီရောင်သလင်းကျောက်များ ရှိနေသည့်နေရာကို မှတ်မိသည်။ ယခင်တစ်ခေါက်က လောနေသောကြောင့် သူအကုန်မယူခဲ့လိုက်နိုင်။

ထိုနေရာတစ်ခုလုံး ပျက်စီးသွားပြီဖြစ်သော်လည်း မြေအောက်အတားအဆီးကတော့ ပျက်စီးဦးမည်မဟုတ်ဟု သူ ယုံကြည်သည်။ ထို့အပြင် ထိုအဆီးအတားအား ထိုးဖောက်နိုင်သည့်နေရာကို သူသိထားသည်ပင်။

ချူဖုန်း လူများထဲ ရောနှောနေလိုက်ပြီး အီတလီသို့သွားသည့် လေယာဉ်ပေါ်သို့ တက်လိုက်သွားလိုက်သည်။ လေယာဉ်ဆင်းသည်နှင့် သူ ဗာတီကန်သို့ သွားလိုက်၏။

သို့သော် ယခုအချိန်တွင် မြေအနေအထားမှာ ယခင်ကနှင့် လုံးဝကွာခြားနေလေပြီ။ ခမ်းနားလှသည့်ဘုရားကျောင်းတစ်ခုမှလွဲလျှင် ကျန်သည့်နေရာများမှာ အမှိုက်များ၊ ပြိုကျနေသည့်နံရံများသာ ရှိတော့သည်။

ဤနေရာတစ်ခုလုံး ရေဒီယိုသတ္တိကြွများ ပြည့်နှက်နေသောကြောင့် သားရဲဘုရင်များမှလွဲလျှင် မည်သူမှ ချဉ်းကပ်ရဲမည်မဟုတ်။

ချူဖုန်း ဖြည်းညှင်းစွာပင် ဖြတ်လျှောက်လာလိုက်သည်။ ဆေးခင်းကြီးရှိခဲ့သည့်နေရာမှာ ချိုင့်ဝှမ်းကြီး ဖြစ်နေလေပြီ။

သူ့ဓားပျံဖြင့် လမ်းကြောင်းတူလိုက်ပြီး မြေအောက်ထဲသို့ ဝင်လာကာ အနီရောင်သလင်းကျောက်များကို ရှာဖွေလိုက်သည်။

“အနန္တဝိညာဉ်သွေးသစ်ပင်က ညှိုးသွားပြီလား..”

အနီရောင်တောက်ပနေသည့် အပင်လေးကို သတိရမိသွားသောကြောင့် သူ စစ်ဆေးကြည့်လိုက်သော်လည်း ထိုအပင် ခြောက်သွေ့သွားပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။

နျူးကလီးယားဗုံးပေါက်ကွဲမှုကြောင့် သူ့ထဲ၌ရှိနေသည့် အသက်ဓာတ်လေး ပျက်စီးသွားလေပြီ။ နတ်အပင်မှာ အဆီးအတား၏အကာအကွယ်ကြောင့် မပျက်စီးသွားသော်လည်း အချိန်တိုအတွင်း မြေပြင်ပေါ်သို့ ပြန်ထွက်လာနိုင်မည်မဟုတ်တော့။

ရလဒ်အနေဖြင့် တောက်ပနေသည့် အပင်လေးမှာ ညှိုးခြောက်သွားပြီး တစ်ချက်ထိလိုက်သည်နှင့် ပြာဖြစ်သွားတော့မည်။

“နှမြောစရာပဲ..” ချူဖုန်း သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှီလာ အလွန်ဒေါသထွက်သွားလိမ့်မည်ဟု သူ တွေးမိသည်။ သူ၏ကြိုးစားအားထုတ်မှုအားလုံး အလဟဿဖြစ်သွားလေပြီ။

ချူဖုန်း ထိုအပင်ကို ဂရုမစိုက်တော့ပဲ သူ့အနီရောင်သလင်းကျောက်များကိုသာ ရှာလိုက်တော့သည်။

နေ့တစ်ဝက်ကြာပြီးနောက်တွင်တော့ သူ ကျေနပ်သွားသည်။ ယခုတစ်ခေါက် လူတစ်ယောက်အရပ်ရှိသည့် အိတ်ကြီးနှင့်အပြည့် ရလိုက်သည်ပင်။

ချူဖုန်း အပျက်အစီးများကြား ပေါ်လာကာ အမှတ်တရာ ဓာတ်ပုံအချို့ ရိုက်လိုက်သည်။

သူ နဂါးနက်စံအိမ်သို့သွားရန် စဉ်းစားခဲ့သေးသော်လည်း မသွားတော့။ ဗာတီကန်မြို့၌ဖြစ်ပျက်ခဲ့သည့် ပေါက်ကွဲမှုမှာ နဂါးနက်နှင့် အာတိတ်ဘုရင်ကို သေချာပေါက် ထိတ်လန့်သွားစေလိမ့်မည်။ သူတို့အိမ်များအတွက် အကောင်းဆုံးပြင်ဆင်ထားကာ တန်ဖိုးကြီးပစ္စည်းများကိုလည်း အခြားနေရာသို့ ရွှေ့သွားလောက်လေပြီ။

ချူဖုန်း ဂရိသို့ ပြန်သွားလိုက်ပြီး ယခင်က သူ ဖွက်ထားခဲ့သည့်အိတ်ကို ပြန်ယူလိုက်ကာ သူ့အိမ်ပြန်ခရီးကို စတင်လိုက်သည်။

ရှီလာ၏လူများ စောင့်နေမည်စိုးသောကြောင့် လျှိုမြောင်ထဲတွင် ချူဖုန်း သတိကြီးကြီးဖြင့် သွားနေခဲ့သည်။

သို့သော် တကယ်တမ်းတော့ သူ မလိုအပ်ပဲ စိုးရိမ်နေခဲ့ခြင်းပင်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်လူမှာ ဤလျှိုမြောင်ကို စောင့်ကြပ်ရန် အချိန်ရှိမည်မဟုတ်။ ထို့ကြောင့် သူ ဘေးကင်းကင်းဖြင့်ပင် ဖြတ်လာနိုင်ခဲ့သည်။

တကယ်တမ်း သူ ဤလူများနှင့် တွေ့ရမည်ဆိုလျှင်ပင် သူ မကြောက်။ သူ့အမြန်နှုန်းမှာ ခြင်္သေ့ဘုရင်အကြီးအကဲနှင့် အာတိတ်ဘုရင်တို့ထက် နှေးလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။

နောက်ဆုံးတော့ သူ အရှေ့တိုင်းမြေသို့ ပြန်ရောက်လာလေပြီ။

“ငါ ပြန်လာပြီ..” ချူဖုန်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

ရောက်သည်နှင့် ချူဖုန်း လူအချို့ကို ဆက်သွယ်လိုက်ကာ သူ အသက်ရှင်နေသေးကြောင်း၊ ပြန်ရောက်လာပြီဖြစ်ကြောင်း အသိပေးလိုက်သည်။

လင်းနွိုင်မှလွဲလျှင် ကျန်သည့်သူအားလုံး ထိတ်လန့်သွားခဲ့ကြသည်။

လင်းနွိုင်ကတော့ ပင်လယ်ဘေးတွင်ရပ်ကာ နူးညံ့စွာ ပြုံးနေခဲ့သည်။ ချူဖုန်း တကယ် သေဦးမည်မဟုတ်ဟု သူမ အမြဲတမ်း သံသယဝင်နေခဲ့သည်ပင်။

ထိုနေ့တွင် ကျောက်စိမ်းဂူကျောင်း၌ လုထုန် ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ သူသည် မျက်ရည်ကျလုမတတ်ပင် ဖြစ်နေလေပြီ။

“အား..” အကြားအမြင်နှစ်ယောက်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြလေသည်။

သို့သော် ဤလူများ ဤကိစ္စကို အပြင်သို့ထုတ်ပြောမည်မဟုတ်။ မည်သို့ပင်ဖြစ်စေ ချူဖုန်းမှာ ခွန်းလွန်တောင်သို့ မရောက်သေး။ သူ လမ်း၌ အန္တရာယ်တွေ့မည်ကို သူတို့စိုးရိမ်သည်။

“ခွန်းလွန်တောင်ကြီးရေ ငါပြန်လာပြီ .. ငါ ဒီမှာ စတုတ္ထမြောက်အချုပ်အနှောင်ကို ချိုးဖျက်ပြီးတော့ အဆင့်တက်မယ် .. ပြီးရင် ငါ ခုခံတဲ့တပ်ဖွဲ့မှာ ဝင်ပါမယ်..”

ကျယ်လောင် အရှိန်တင်လိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အပိုင်း ၁၈၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset