Switch Mode

Chapter – 182

ထိတ်လန့်စရာကောင်းသည့် ပစ္စည်းများ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၂ – ထိတ်လန့်စရာကောင်းသည့်ပစ္စည်းများ

လျှိုမြောင်ထဲ၌ ရှိနေသည့် ချူဖုန်းကတော့ ဗိုက်ပြည့်သွားလေပြီ။ ခြင်္သေ့အသားမှာ တကယ်ကို စားကောင်းလှသည်။ ခြင်္သေ့အသားတွင် မွှေးပျံ့လှသည့် အနံ့တစ်မျိုး ရှိနေသည့်အပြင် ဤအသားသည် ဝိညာဉ်စွမ်းအင်ကိုလည်း အားကောင်းစေသည်။

“ဒါကို အဖိုးတန်ဆေးလို့ သတ်မှတ်လို့ရလား..” ချူဖုန်း သိချင်မိသွားသည်။ ခြင်္သေ့အသားကို စားပြီးနောက် သူ့ဝိညာဉ်စွမ်းအင်များ တစ်ဖြည်းဖြည်း များပြားလာသည်ကို သူ တွေ့လိုက်ရသည်။

အစောပိုင်းက ရွှေရောင်ခြင်္သေ့ဘုရင်နှင့် တိုက်ခိုက်စဉ်က သူ ဒဏ်ရာရသွားခဲ့ပြီး သွေးအတော်များများ ဆုံးရှုံးသွားခဲ့သည်။ ထူးခြားသည့်အသက်ရှူစည်းချက်သည် သူ့ကို တည်ငြိမ်စေနိုင်ခဲ့သော်လည်း သူ့သွေးစွမ်းအင်များကိုတော့ ပမာဏတစ်ခုလောက် ဆုံးရှုံးခဲ့ရသည်။

သို့သော် ယခု သူ ဆုံးရှုံးသွားလိုက်သည့် စွမ်းအင်များ ပြန်ပြည့်လာသည့်အပြင် ပိုများလာသေးသည်။

“နောက်တစ်နပ်ကျရင် ငါ ပိုစားရမယ်” ချူဖုန်း ရေရွတ်လိုက်သည်။

ထိုညတွင် မီးပုံကြီး တောက်ပစွာ တောက်လောင်နေသည်။ သူ ခြင်္သေ့အသားကို ညစာအဖြစ် ကင်စားလိုက်သည်။ အသားများ ရွှေရောင်သန်းလာသည်အထိ ကင်လိုက်ပြီး ပါးစပ်အပြည့် စားလိုက်သည်။

ထို့နောက် သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို လှည့်ပတ်စေလိုက်ပြီး သူ့စွမ်းအင်များ တည်ငြိမ်အောင် လုပ်လိုက်သည်။

ညရောက်သည့်အချိန်တွင် သူ သတိကြီးကြီးထားနေဆဲပင်။ သူ ဘုရင်အဆင့်ကျွမ်းကျင်သူများစွာကို သတ်ထားသောကြောင့် အကောင်ကြီးတစ်ချို့ သူ့ထံသို့ရောက်လာမည်ကို စိုးရိမ်ရသည်ပင်။

သူ အဓိကလမ်းမကြီးမှ ခွဲထွက်လိုက်ကာ လျှိုမြောင်၏ထောင့်နားသို့ သွားလိုက်သည်။

သို့သော် ထိုည အေးချမ်းစွာပင် ကုန်ဆုံးသွားပြီး မည်သည့်အန္တရာယ်မှ ရောက်မလာခဲ့။

“သူတို့ မလာသေးရင် ငါ ထွက်သွားရတော့မယ်..” ချူဖုန်း ရေရွတ်လိုက်သည်။ သူ ထပ်မစောင့်နိုင်တော့ဘူးဟု ခံစားနေရသည်။ မည်သည့်အချိန် ပြန်ဆုတ်ရမည်ကို သူသိရမည်။

အချိန်ကြာလာသည်နှင့် သူတို့နှင့် အဆက်အသွယ်ပြတ်သွားသည့် သားရဲဘုရင်များကို သံသယဝင်လာကြမည်ပင်။

ချူဖုန်း လျှိုမြောင်ကြီးကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ လျှိုမြောင်မှာ ဘုရင်အဆင့်အရိုးများ၊ အမှိုက်များဖြင့် ပြည့်နှက်နေကာ အတော်လေး ကြောက်စရာကောင်းနေသည်။

သူ ခြေလှမ်းကျယ်များဖြင့် ထွက်လာလိုက်သည်။

မြူဆိုင်းနေသည့်နေရာမှ ထွက်လာသည်နှင့် လေထုမှာ ပို၍လတ်ဆတ်လာကာ အရှေ့ဝင်ရိုးစွန်းမှ တွယ်တက်လာသည့် အနီရောင်နေမင်းကြီးကို မြင်လိုက်ရသည်။ ချူဖုန်း လမ်းလျှောက်ရင်ဖြင့် သူ့အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။

နေမင်းကြီး အပြည့်အဝ ထွက်ပေါ်လာသည်နှင့် ချူဖုန်း အနီးဆုံးမြို့သို့ ဝင်လိုက်ပြီး အဝတ်အစားသစ်လဲလိုက်သည်။ လတ်တလောတွင် တိုက်ပွဲများ အလွန်ပြင်းထန်လှသောကြောင့် သူ့အဝတ်အစားများမှာ အနည်းနှင့်အများတော့ စုတ်ပြဲနေလေပြီ။

အဝတ်အစားပြဿနာကို ဖြေရှင်းရန် လွယ်ကူသည်ပင်။ သူ့အိတ်ကြီးထဲတွင် မြေနဂါး၊ ခွေးနီဘုရင်နှင့် ရွှေရောင်ခြင်္သေ့ဘုရင်တို့ထံမှ ရထားသည့် အရေခွံများ ရှိနေသည်ပင်။

ဤပစ္စည်းများမှာ ချပ်ဝတ်တန်ဆာလုပ်ရန်အတွက် ပစ္စည်းကောင်းများပင်။ သူတို့ကို ရိုးရိုးအဝတ်အစားလုပ်လိုက်လျှင် နှမြောစရာကောင်းလိမ့်မည်။

ချူဖုန်း မြို့လေးထဲမှ ထွက်လာသည်နှင့် အရှေ့တိုင်းကျူးကျော်စစ်တပ်၏ ခွန်အားအဆင့်သတ်မှတ်ချက် စာမျက်နှာသို့ တမင်သက်သက်ဝင်သွားလိုက်ပြီး မှတ်ချက်တွင် ဓာတ်ပုံနှစ်ပုံ ချန်ထားခဲ့လိုက်သည်။ တစ်ပုံမှာ မြေနဂါးကင်ဖြစ်ပြီး နောက်တစ်ပုံမှာ မီးခိုးရောင်သိမ်းငှက်အတောင်ပံကင်ဖြစ်သည်။

ပထမဆုံးဓာတ်ပုံ တင်လိုက်သည့်အချိန်တွင် လူများမှာ သိပ်နားမလည်သေး။ အဘယ်ကြောင့်ဆိုသော် သူတို့ အလောင်းအစစ်ကို မတွေ့ရပဲ အသားကင်များသာ တွေ့ရသည်ပင်။

သို့သော် ချူဖုန်း နောက်ထပ်ဓာတ်ပုံများ ထပ်တင်လိုက်သည့်အချိန်တွင် ဆည်ကြီးကျိုးပေါက်လာသကဲ့သို့ အုတ်အော်သောင်းတင်းဖြစ်လာကြသည်။

ထိုဓာတ်ပုံမှာ အသတ်ခံထားရသည့် မည်းပြောင်နေသည့်အကြေးခွံရှိနေသည့် ကြီးမားလှသည့် အနက်ရောင်မြေနဂါးကြီး၏ပုံပင်။ ဖြတ်ခံထားရသည့်နေရာတွင် အောက်ဘက်မှ တောက်ပနေသည့်အသားကိုပင် မြင်နေရသည်။ ထိုပုံတွင် နဂါးဟူသည့် ထူးခြားသည့်ကပ်ပရှင်တစ်ခုသာပါသည်။

နောက်တစ်ပုံမှာ သံမဏိကဲ့သို့ မာကျောလှသည့် အတောင်ပံများရှိသည့် မီးခိုးရောင်သိမ်းငှက်တစ်ကောင် ကျောက်တုံးများနှင့် ရိုက်မိပြီး မြေပြင်ထက်၌ အသက်မဲ့စွာ လဲလျောင်းနေသည့်ပုံပင်။

ဤသားရဲအားလုံး အရသာရှိသည့်အစားအစာအဖြစ် ကင်ခံထားရသည်။

“ဘုရားရေ .. ဒါက ခွန်အားအဆင့်သတ်မှတ်ချက်ထဲက မြေနဂါးနဲ့ မီးခိုးရောင်သိမ်းငှက်မဟုတ်ဘူးလား .. သူတို့က ရွှေရောင်သန်းတဲ့အထိ အကင်ခံလိုက်ရတာလား..”

“ဘုရားရေ .. ငါ ဘာတွေ မြင်နေရတာလဲ.. ဂျေရုဆလင်က ကျွမ်းကျင်သူက လှုပ်ရှားပြီလား .. တစ်ညတည်းရှိသေးတာကို သူက ဗိုက်ဆာသွားပြီလား .. ဒါက ရူးလောက်စရာပဲ..”

အရှေ့တိုင်းနှင့် အနောက်တိုင်းမှ လူအားလုံး ထိတ်လန့်သွားကြရသည်။

ညတုန်းကမှ ဒီလူက ဗိုက်ပြည့်နေတယ်လို့ပြောထားတာ .. နောက်နေ့မနက်ကျတော့ သူက အသားတွေ ထပ်ကင်စားနေပြီ .. ဒီလူက ဘယ်လိုတောင်လား..

တော်တော်လေး မြန်တာပဲ..

အားလုံး ချွေးပြန်လာသည်။ ဒီလူက သူ့စကားကိုတည်တဲ့သူပဲ .. သူက ခွန်အားအဆင့်သတ်မှတ်ချက်ကို အရသာသတ်မှတ်ချက်အဖြစ် တကယ်ပြောင်းပစ်တော့မယ်…

အချို့လူများ ဝမ်းသာနေကြပြီး အချို့သူများကတော့ ကြောက်ရွံ့နေကြသည်။ အချို့သူများကတော့ ကျိန်ဆဲနေကြသည်။

ယခုအချိန်တွင် သာမန်ပြည်သူများနှင့် အင်အားကြီးအဖွဲ့အစည်းများအားလုံး ဤလူ မည်သူဖြစ်သည်ကို သိချင်လာကြသည်။ သူက ဂျေရုဆလင်က ထွက်ပေါ်လာတဲ့ ထိပ်တန်းအဆင့်ကျွမ်းကျင်သူလား..

အရှေ့တိုင်းကိုကျူးကျော်သည့်တပ်ဖွဲ့၏ ထိတ်လန့်တုန်လှုပ်မှုများမှာ မသေးလှ။ ဤသည်မှာ သူတို့အတွက် အလွန်ဆိုးရွားသည့်သတင်းပင်။

“ချောင်းန .. မင်း ဘယ်မှာလဲ..” နဂါးနက်ကြီး အထိတ်တလန့်ဖြစ်နေသည်။ သူတို့ ထူးဆန်းသည့်လျှိုမြောင်ထဲ၌ ဘေးမကင်းမည်စိုးသောကြောင့် သူ ချောင်းနနှင့် ဧရာမခွေးကြီးတို့ကို ဖုန်းခေါ်လိုက်သည်။

ကံမကောင်းစွာဖြင့် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ အမျိုးသမီးနှင့်ခွေးတစ်ကောင်မှာ အစောကြီးကတည်းက ချူဖုန်းလက်ချက်ဖြင့် ကိစ္စတုံးသွားပြီဖြစ်သည်။

ဆက်သွယ်၍မရသည့်အချိန်တွင် နဂါးနက်ကြီး၏အမူအရာ မှုန်မှိုင်းလာသည်။

အဆင့်သတ်မှတ်ချက်ပို့စ်အောက်တွင် မရေမတွက်နိုင်သည့်လူများ မှတ်ချက်ရေးနေကြဆဲပင်။

“ဒီနတ်ဘုရားက တကယ်ကို ကြမ်းတမ်းတာပဲ .. ဘယ်သူက နောက်ပစ်မှတ်ဖြစ်မလဲ .. သူ တကယ်ကို အရသာအဆင့်သတ်မှတ်ချက်လုပ်ဖို့ စဉ်းစားနေတာလား..”

“ဂျေရုဆလင်က နတ်ဘုရားကြီးရေ .. ကျွန်တော်တို့ အရှေ့တိုင်းတစ်ခုလုံးကိုပေးပြီး ကျေးဇူးတင်ကြောင်း ပြသချင်ပါတယ် .. ကျေးဇူးပြုပြီး ခွန်းလွန်တောင်ကို မြန်မြန်လာခဲ့ပေးပါ .. နဂါးနက်နဲ့ အာတိတ်ဘုရင်က ခင်ဗျားက စိတ်ကျေနပ်စေတဲ့အစားအစာ ဖြစ်စေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်..”

ဓာတ်ပုံများတင်ပြီးသည်နှင့် ချူဖုန်း ဖုန်းပိတ်ကာ လမ်းလျှောက်ထွက်လာလိုက်သည်။

“အမ်..” ရုတ်တရက် ကောင်းကင်ထက် ပျံသန်းသွားသည့် ငှက်ကြီးတစ်ကောင်ကို သူတွေ့လိုက်ရသည်။ မြို့ငယ်လေးပေါ်သို့ ဖြတ်ပျံသွားသည်နှင့် လေပွေများပင် ဖြစ်ပေါ်လာသည်။

မြို့မှ မြို့သားများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အဲဒါ ဘာကြီးလဲ.. သားရဲကြီ..

ဤသည်မှာ ၁၀ မီတာကျော်ရှည်သည့် ငွေရောင်လင်းနို့ကြီးပင်။ လင်းနို့ကြီးသည် ကျောထက်၌ လူအချို့ကိုသယ်ဆောင်ကာ အဝေးမှ တောင်တန်းဆီသို့ ဦးတည်သွားနေသည်။ ထိုလင်းနို့ကြီး ပျံသန်းနေသည်မှာ မြေပြင်နှင့် နီးကပ်လှသောကြောင့် အချို့ကလေးများမှာ ထိတ်လန့်တကြား ထငိုကြတော့သည်။

ချူဖုန်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက် သူ တောအုပ်ဘက်သို့ တရှိန်ထိုးပြေးသွားလိုက်သည်။

ဤသည်မှာ ဗန်ပိုင်းယားအုပ်စု ဖြစ်လိမ့်မည်။

ချူဖုန်း အရှိန်မှာ အလွန်လျင်မြန်လှသောကြောင့် သူတို့ကို အလွယ်တကူပင် လိုက်မှီသွားသည်။ ထို့အပြင် ဤလူများ ဦးတည်သွားနေသည့် လမ်းကြောင်းမမှန်။ သူတို့ ဤနေရာနှင့် သိပ်မရင်းနှီးသေးသောကြောင့် ထူးဆန်းသည့်လျှိုမြောင်ကို ရှာဖွေရန် လိုအပ်နေသေးသည်။

ထို့ကြောင့် တစ်ဖက်လူ လျှိုမြောင်အား လှည့်ပတ်ရှာနေသည့်အချိန် ချူဖုန်း သူတို့ထက် လျှိုမြောင်သို့ အရင်ရောက်သွားသည်။

နောက်ဆုံးတော့ သူတို့ ရောက်လာလေပြီ။ လူတစ်ယောက် သူတို့လမ်း၌ ရပ်နေသည်ကို မြင်လိုက်ရသည့်အချိန် ငွေရောင်လင်းနို့ကြီး အရှိန်ဖြင့် ထိုးဆင်းလာလေသည်။ သူသည် ချူဖုန်းခေါင်းကို တက်နင်းမိလုနီးပါးပင်။

ထို့နောက် သူ ကောင်းကင်ထက်သို့ ပြန်တက်သွားသည်။ သူ တမင်သက်သက်လုပ်လိုက်ခြင်းပင်။

“ဟေ့ အောက်ကလူ .. မြူဆိုင်းတဲ့လျှိုမြောင် ဘယ်နားမှာ ရှိလဲဆိုတာ ခင်ဗျားသိလား..” လင်းနို့ပေါ်မှလူ မောက်မာစွာ မေးလိုက်သည်။

တကယ်တော့ သူတို့ရှေ့ဆက်သွားလျှင် လျှိုမြောင်ကို တွေ့တော့မည်ပင်။ သို့သော် အောက်ဘက်၌ လူတွေ့လိုက်သောကြောင့် သူတို့ မေးချင်လာသည်ပင်။

“ဟမ် အရှေ့တိုင်းသားလား .. စိတ်ဝင်စားစရာပဲ .. မင်း မြူဆိုင်းတဲ့လျှိုမြောင်ကနေ ထွက်လာတာလို့တော့ မပြောနဲ့နော်”

လင်းနို့ပေါ်မှ လူများမှာ မျက်လုံးပြာများ၊ ရွှေရောင်ဆံပင်များနှင့် ဖြူဖွေးသည့်အသားအရေရှိသည့်သူများပင်။ သူတို့အားလုံး ချောမောခန့်ညားကြကာ နေရောင်မထိတွေ့ရသည်မှာ နှစ်ပေါင်းများစွာ နေသည့်သူများကဲသို့ ဖြစ်နေသည်။

“အရှေ့တိုင်းက သန္ဓေပြောင်းတွေက ဒီမြေပေါ်မှာ နင်းရဲတာလား .. ငါတို့ရှေ့တန်းတပ်ဖွဲ့တွေက သူတို့အိမ်ရှေ့ရောက်နေပြီမဟုတ်ဘူးလား .. ခွန်းလွန်တောင်ကို ဆုံးရှုံးရတော့မှာကိုတောင် ဒီလူက ဒီနေရာကိုလာရဲတာလား..” လူတစ်ယောက် ပြုံး၍ မှတ်ချက်ပေးလာသည်။

ငွေရောင်လင်းနို့ပေါ်မှ လူများမှာ အလွန်ပင် ယုံကြည်ချက် ရှိနေကြသည်။ သူတို့သည် အောက်ဘက်ရှိ အရှေ့တိုင်းသားကို အထင်သေးစွာ ငုံ့မိုးကြည့်နေကြသည်။

“ဗန်ပိုင်းယားတွေလား..” ချူဖုန်း သူတို့ကို ခေါင်းမော့ကြည့်ပြီး မေးလိုက်သည်။ သူ လူမှားသတ်မိမည်စိုးသောကြောင့် သူ မလှုပ်ရှားသေးခြင်းပင်။

“မင်း ငါတို့ကို နတ်မျိုးနွယ်စုလို့ ခေါ်သင့်တယ် .. ငါတို့မှာ မြင့်မြတ်တဲ့ရှေးဟောင်းသွေးမျိုးဆက်ရှိတယ် .. ငါတို့နဲ့ယှဉ်ရင် မင်းတို့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေက တော်တော်လေးကို .. မသန့်ရှင်းဘူး”

လူတစ်ဦး ချူဖုန်းကို ပြန်ပြင်ပေးလိုက်သည်။

“အဲဒီလိုလား..” ချူဖုန်း သူ့ကိုယ်ထဲမှ စွမ်းအင်များကို ထိန်းချုပ်မထားတော့ပဲ ထုတ်လွှတ်လိုက်သည်။

သူ့ခန္ဓာကိုယ်တောက်ပလာပြီး စွမ်းအင်လှိုင်းများမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားသည်။

အပေါ်ဘက်မှ လူအားလုံး ထိတ်လန့်သွားကြရသည်။ အထူးသဖြင့် ငွေရောင်လင်းနို့ပင်။ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေပြီး ကောင်းကင်ထက်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

“မင်းသေချင်နေတာလား..” အပေါ်ဘက်မှ လူငယ်တစ်ဦး အော်ဟစ်လိုက်သည်။

သို့သော် သူ့ဘေးမှ လူလတ်ပိုင်းအမျိုသားတစ်ဦး သူ့ကို ပြန်ဆွဲလိုက်ပြီး စကားရန် အချက်ပြလိုက်သည်။ ထို့အပြင် သူသည် လင်းနို့ကို အပေါ်အမြင်သို့ ပျံသန်းခိုင်းလိုက်သည်။ အန္တရာယ်ကျရောက်လာတော့မည်ဟု သူခံစားနေရသည်ပင်။

သို့သော်လည်း ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ သူတို့မည်သူမှန်းသိသွားသည်နှင့် ချူဖုန်း အချိန်ဖြုန်းမနေတော့ပဲ သူ့ဓားပျံကို ဆွဲထုတ်လိုက်သည်။

ဖူး..

ဓားချက်အောက်တွင် လင်းနို့၏ဦးခေါင်း မြေပြင်ထက်သို့ ပြုတ်ကျလာကာ ခေါင်းမပါသည့်အလောင်းကြီးလည်း ခေါင်းကြီးနှင့်အတူ လိုက်ပါလာသည်။ အလောင်းကြီး မြေပြင်ပေါ်သို့ကျသွားသည်နှင့် မြေပြင်ကြီး တုန်ခါသွားသည်။

မြေပြင်ပေါ်၌ စုစုပေါင်း လူ ၇ ယောက်ရှိနေသည်။ သူတို့အားလုံး ထိတ်လန့်ကာ ဒေါသထွက်နေကြသည်ပင်။

၇ ယောက်ထဲတွင် အမျိုးသမီးနှင့် အမျိုးသားများပါဝင်နေသည်။ သူတို့ထဲမှ တစ်ဦးမှာ ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်ပြီး နှစ်ယောက်မှာ ဘုရင်တစ်ဝက်အဆင့်ကျွမ်းကျင်သူများဖြစ်သည်။ ကျန်သည့်လေးဦးမှာတော့ ယခုမှ နှိုးထခြင်းအဆင့်တွင်သာ ရှိသေးသည်။

သူတို့သည် လူသားများဖြစ်ကြသော်လည်း သူတို့ကိုယ်သူတို့ နတ်မျိုးနွယ်စုဟု သတ်မှတ်ကာ လူသားများနှင့် ကင်းအောင်နေနေကြသည်။

“မင်း ဘယ်သူလဲ..” သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ပြီးနောက် သက်လတ်ပိုင်းအမျိုးသား မေးလိုက်သည်။ သူသည် ဝတ်စုံပြည့်ဝတ်ဆင်ထားကာ အနည်းငယ် ရှေးကျပုံပေါ်သည်။

“ချူဖုန်း..”

“ဘာ..” လူလတ်ပိုင်းအမျိုးသား ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူသည် ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်ပြီး လတ်တလောသတင်းများကို သိထားသောကြောင့် ချူဖုန်း မည်သူဖြစ်သည်ကို သိနေသည်ပင်။

သေလူတစ်ယောက် သူ့ရှေ့ပေါ်လာသောကြောင့် သူ မသက်မသာဖြစ်လာရသည်။

“နတ်မျိုးနွယ်စုလို့သတ်မှတ်ပြီးတော့ သီးသန့်နေတယ်ပေါ့ ဟုတ်လား .. ခင်ဗျားတို့က ဗန်ပိုင်းယားတွေဆိုတာကို ဘာလို့ ဝန်မခံလိုက်သလဲ..” ချူဖုန်း ထိုအုပ်စုကို စိုက်ကြည့်လိုက်သည်။

“ဒီလူက အရမ်းအန္တရာယ်များတယ် .. သူက ဗာတီကန်မှာ သေသွားသင့်တာကို အခု ဒီမှာ ပေါ်လာတယ် .. လတ်တလောဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက သူနဲ့ဆိုင်လောက်တယ် .. မြန်မြန်နောက်ဆုတ်..”

လူလတ်ပိုင်းအမျိုးသား အော်ဟစ်လိုက်သည်။ ဗန်ပိုင်းယားထဲတွင် ဗန်ပိုင်းယားဘုရင်ပြီးလျှင် သူ စွမ်းအားအကြီးဆုံးပင်။

ချူဖုန်း အချိန်ဖြုန်းမနေတော့ပဲ သူ့အနီရောင်ဓားကို ပစ်လွှတ်လိုက်သည်။

ဖူး ဖူး ဖူး ဖူး…

မျက်စိတစ်မှိတ်အတွင်းမှာပင် နှိုးထသည့်အဆင့်၌ရှိနေသည့် ဗန်ပိုင်းယားလေးဦး သေဆုံးသွားလေပြီ။

ဤကိစ္စနှင့် ပတ်သက်လာလျှင် ချူဖုန်း စိတ်မာပြီး အပြစ်ရှိသည်ဟု မခံစားရ။ ဤလူစုမှာ အရှေ့တိုင်းကို ကျူးကျော်ကာ ခွန်းလွန်တောင်ထဲသို့ ဝင်ချင်နေသောကြောင့် ဤလူများမှာ ကျုးကျော်သူများပင်။

“မင်း လုပ်ရဲသလား..” လူလတ်ပိုင်းအမျိုးသား ဒေါသထွက်သွားသည်။ ထိုလေးဦးထဲတွင် သူ့မျိုးဆက်လည်း ပါနေသည်ပင်။ သူသည် အရိပ်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် ချူဖုန်းကို ငွေရောင်လက်သည်းများဖြင့် တိုက်ခိုက်လာသည်။

သို့သော် မည်သူကများ ချူဖုန်းထက် လျင်မြန်နိုင်မည်နည်း..

ဖူး..

ချူဖုန်း၏ လက်သီးချက်သည် ဗန်ပိုင်းယား၏လက်ကို တစ်စစီဖြစ်အောင် လုပ်လိုက်ပြီး သူ့အောက်မေးရိုးကို ထိမှန်သွားသည်။

ဖူး..

အနီရောင်ဓားပျံသည် ငြင်သာစွာပင် ပြန်လှည့်လာပြီး ကျန်နေသည့် ဘုရင်တစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ဦးကို သတ်လိုက်ပြီးနောက် ဘုရင်အဆင့် ဗန်ပိုင်းယားထံသို့ ဦးတည်သွားလေသည်။

ဤသို့ဖြင့် ဗန်ပိုင်းယားအုပ်စုတစ်ခုလုံး အသက်ဆုံးရှုံးသွားကြလေ၏။

“ဒါက နိုင်ငံရှစ်ခုပူးပေါင်း ကျူးကျော်တဲ့ခေတ်နဲ့ ခေတ်မတူတော့ဘူး”

ချူဖုန်း သူ့နောက်မှ အလောင်းများကို ကျောခိုင်းကာ လှည့်ထွက်လာလိုက်သည်။

ယခုထိတော့ သူ အတော်လေး ကျေနပ်နေသေးသည်။ သူ့သတ်ဖြတ်ခြင်းအစီအစဉ်အားလုံး အောင်မြင်နိုင်ခဲ့သည်။

လတ်တလောအခြေအနေများကို လေ့လာပြီး အခွင့်အရေးမရှိတော့လျှင် ခွန်လွန်တောင်သို့ ပြန်သွားရန် သူ ဆုံးဖြတ်လိုက်သည်။

ထိုနေ့ညနေတွင် ချူဖုန်း အိပ်ရာနိုးလာပြီး အပျင်းကျောဆန့်လိုက်သည်။ ဤနေ့လည်ခင်းတွင် သူ အချိန်အတော်ကြာ အိပ်နေခဲ့သည်ပင်။ ဤနေရာမှာ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခု ဖြစ်သောကြောင့် သူ စာရင်းမသွင်းပဲ နေ၍မရ။

သို့သော် သူ့ကိုယ်သူ မထုတ်ဖော်ချင်သေးသောကြောင့် သူ ‘အစဉ်အလာအတိုင်းမဟုတ်သည့်နည်းလမ်းများ’ ကို အသုံးပြုကာ အခန်းတစ်ခန်းငှားခဲ့သည်ပင်။

ချူဖုန်း သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ကာ ဗိုက်ပြည့်အောင် စားပြီးမှ အင်တာနက်ပေါ် တက်လိုက်သည်။

အပြင်လောကမှာ အလွန် ဆူညံပွက်လောရိုက်နေသည်ပင်။ မြေနဂါးနှင့် မီးခိုးရောင်သိမ်းငှက်သေဆုံးမှုမှာ အရှေ့တိုင်းကျူးကျော်တပ်အား အတော်လေး ရိုက်ခတ်သွားသည်ပင်။

“ငါ မင်းကို မမြင်စေနဲ့ မဟုတ်ရင် ငါမင်းကို တစ်စစီလုပ်ပစ်မယ်..” နဂါးနက်ကြီး ဟစ်ကြွေးလာကာ လက်စားချေမည်ဟု ကြေငြာလာသည်။

မြေနဂါးမှာ သူနှင့် မျိုးနွယ်စုတူသည့်သူဖြစ်သောကြောင့် မြေနဂါးကို သတ်ပြီးကင်စားခြင်းမှာ သူ့ကို စော်ကားခြင်းဖြစ်သည်ပင်။

“ပေါက်ကရစကားတွေ လာပြောမနေနဲ့” ချူဖုန်း ပေါ်လာကာ ခွန်အားအဆင့်သတ်မှတ်ချက်အောက်၌ ရေးလိုက်သည်။

ထို့နောက် ကြီးမားလှသည့် ခွေးကြီးကို အရေခွံနွှာကာ ကင်သည့်ပုံများကိုလည်း တပ်တင်လိုက်သည်။

ဤသည်မှာ မြေနဂါးကို ဗလိုင်းကြီးသက်သက် စိန်ခေါ်လိုက်ခြင်းပင်။

“ဒီခွေးကြီးရဲ့ အရသာက တော်တော်လေးကောင်းတယ်” ဤစာဖြင့် တင်လိုက်ခြင်းပင်။

ယခုအချိန်တွင် အရှေ့တိုင်းကျူးကျော်တပ်မပြောနှင့် အင်အားကြီးအဖွဲ့အစည်းများပင် ထိုင်မနေနိုင်တော့။ ဒီစွမ်းအားကြီးတဲ့လူက ဘယ်သူလဲ .. သူက တကယ်ပဲ ဂျေရုဆလင်က ကျွမ်းကျင်သူလား..

သို့သော် ဂျေရုဆလင်သည် အရှေ့တိုင်းကျူးကျော်တပ်နှင့် ရန်ငြိုးမရှိဖူး။ သူတို့ ဤကဲ့သို့ တိုက်ခိုက်ရန်မလို။

ဤသည်မှာ လူများစွာကို သံသယများသွားစေသည်။ အခြေအနေများမှာ သူတို့မြင်နေရသည်ထက် ပိုရှုပ်ထွေးနေသည်ဟု သူတို့ခံစားလိုက်ရသည်။

နဂါးနက်ကြီး ဒေါသတကြီး ဟစ်ကြွေးလိုက်သောကြောင့် ခွန်းလွန်တောင်တစ်ခုလုံး တုန်ခါသွားရသည်။

“အဲဒီအတောင်ပံပါတဲ့ ပုတ်သင်ညိုက တော်တော်လေး ဒေါသထွက်နေတာပဲ..” နွားနက်ကြီး ကျေနပ်စွာ ရယ်မောလိုက်သည်။

“မင်း ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး .. ဒီလိုမျိုး လက်လွတ်စပယ်သတ်တဲ့အတွက် မင်းကို အပြစ်ပေးရမှာပဲ..” ရှီလာ ကြေငြာချက် ထုတ်ပြန်လာသည်။

“ခင်ဗျားက ခင်ဗျားအိမ်ကို ပျက်စီးစေခဲ့တယ် .. ခင်ဗျားလိုမျိုး ပိုင်ရှင်မရှိ၊ အိမ်မရှိတဲ့ခွေးက သူများကို အပြစ်တင်ဖို့စိတ်ရှိသေးတယ်ပေါ့..” ချူဖုန်း အညှာအတာမဲ့စွာ ပြန်ပြောလိုက်သည်။

ထို့နောက် အရှေ့တိုင်းကျူးကျော်တပ်၏ ခွန်အားအဆင့်သတ်မှတ်ချက်အောက်တွင် သူ ချောင်းနဓာတ်ပုံကို ထပ်တင်လိုက်သည်။

အခြားသူမှာ တစ်ခဏခန့် တိတ်ဆိတ်ပြီးနောက် ဆွေးနွေးသံများ ပေါက်ကွဲထွက်လာလေသည်။

“နတ်ဘုရားကြီးရေ .. ခင်ဗျားက အရမ်းစွမ်းအားကြီးတာပဲ .. ခင်ဗျားကို သတိပေးဖို့ကြိုးစားတဲ့သူတိုင်းကို သူတို့လက်အောက်ငယ်သားသေတဲ့ပုံတွေနဲ့ ပြန်နင်အောင် လုပ်ပေးလိုက်တာ ..ခင်ဗျားက အရမ်းကို အထင်ကြီးဖို့ ကောင်းတာပဲ..” လူတစ်စု အော်ဟစ်လာသည်။

သာမန်လူများဖြစ်စေ ခွန်းလွန်တောင်မှ ပူးပေါင်းထားသည့် မကောင်းဆိုးဝါးများဖြစ်စေ အားလုံး တစ်ခဏခန့် တိတ်ဆိတ်သွားကြသည်။

“တော်တော့..” ထိုအခိုက်အတန့် ဗန်ပိုင်းယားအကြီးအကဲ ထွက်ပေါ်လာပြီး တည်ငြိမ်စွာ သတိပေးလာသည်။ “မင်း ဂျေရုဆလင်က လာတယ်ဆိုရင်တောင် အနောက်တိုင်းဘုရင်တွေလက်ထဲက လွတ်ဖို့လွယ်မှာမဟုတ်ဘူး”

“ဘုရားရေ .. အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ နောက်ထပ်ခေါင်းဆောင်တစ်ဦး သတိပေးလာပြန်ပြီ .. နတ်ဘုရား ခင်ဗျားမှာ ထပ်ပြစရာတွေ ရှိသေးလား..” တစ်စုံတစ်ယောက် ရေရွတ်လိုက်သည်။

ချူဖုန်း ချက်ချင်း ပြန်မဖြေပဲ မေးစေ့ပွတ်ကာ စဉ်းစားလိုက်သည်။ ဤထိပ်တန်းအဆင့်ကျွမ်းကျင်သူများသာ အရှေ့တိုင်းသို့ အတူတကွ ရောက်လာကြလျှင် ဖြေရှင်းရန် ခက်ခဲလိမ့်မည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. နတ်ဘုရားကြီး တိတ်ဆိတ်သွားပြီလား .. သူ ကြောက်နေတာများလား..”

ဤကျွမ်းကျင်သူမှာ ကျွမ်းကျင်သူများစွာကို ဆန့်ကျင်မိသွားပြီဟု လူအချို့ ဆွေးနွေးနေကြသည်။ အာတိတ်ဘုရင်၊ နဂါးနက်နှင့် ရှီလာမှ ယခု ဗန်ပိုင်းယားဘုရင်ထိပင်။ ယခု သူ အနည်းငယ် ကြောက်ရွံ့နေလောက်လေပြီ။

“သွေးသောက်တဲ့သောက်လင်းနို့အိုကြီး .. ခင်ဗျား ပါးစပ်ပိတ်ထားလိုက်..”

သို့သော် ချူဖုန်း လျင်မြန်စွာပင် ပြန်ပေါ်လာသည်။

ထို့နောက် သေဆုံးနေသည့် ဗန်ပိုင်းယား ၇ ယောက်၏ ဓာတ်ပုံများကို တင်လိုက်လေ၏။

အင်္ဂလန်ရှိ ရှေးဟောင်းရဲတိုက်အတွင်းရှိ ဗန်ပိုင်းယားအိုကြီးသည် ထိုဓာတ်ပုံများကို မြင်လိုက်သည်နှင့် သူ့ရွှေရောင်ဆံပင်များသည် မီးတောက်ကဲ့သို့ တောက်ပလာခဲ့သည်။

အပြင်လောကကြီးမှာ စိတ်လှုပ်ရှားတက်ကြွနေကြလေသည်။ ဒီနတ်ဘုရားက အရမ်းကို ကြမ်းပြီးတော့ အထင်ကြီးဖို့ ကောင်းလိုက်တာ..

သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားတဲ့သူမှန်သမျှကို သူတို့ရဲ့ ကံမကောင်းတဲ့လက်အောက်ငယ်သား ဓာတ်ပုံတွေနဲ့ ပြန်တုံ့ပြန်နေတယ်..

“ဘယ်သူ မကျေမနပ်ဖြစ်နေသေးတလဲ..” ယခု ချူဖုန်း ကိုယ်တိုင် စိန်ခေါ်လိုက်သည်။ သူ့ကို သတိပေးရန်ကြိုးစားလာသည့် ကျွမ်းကျင်သူတိုင်းကို ပါးစပ်ပေါက်ပိတ်သွားအောင် သူ လုပ်ပေးမည်။

သူ့ထံ၌ ရွှေရောင်ခြင်္သေ့ဘုရင်၊ ခွေးနီဘုရင်နှင့် လင်းတဘုရင်တို့၏ ဓာတ်ပုံများ ရှိနေသေးသည်။ သူတို့ထဲမှ တစ်ကောင်သည် ချက်စားခံလိုက်ရကာ တစ်ကောင်မှ ကင်စားခံလိုက်ရသည်။ တစ်ကောင်ကတော့ အမှိုက်ထဲ ပစ်ထည့်ခံလိုက်ရသည်ပင်။

“ခြင်္သေ့ဘုရင် ထွက်ပြောရဲလား .. ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေအားလုံး ဘာလို့ဘာမှမပြောတော့တာလဲ..”

“ဒီနတ်ဘုရားက တကယ်ကို အထိန်းအချုပ်မရှိတာပဲ .. သူ့ဆီမှာ ဒီထပ်ပို ထိတ်လန့်စရာကောင်းတဲ့ပစ္စည်းတွေများ ရှိနေတာလား..”

လူများ ခန့်မှန်းနေကြသည်။

နောက်ဆုံးတွင်တော့ ခြင်္သေ့ဘုရင်အကြီးအကဲ ထွက်ပေါ်လာလေပြီ။

အပိုင်း ၁၈၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset