ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၁ – ရှုပ်ထွေးသောအချိန်များ
ရွှေရောင်ခြင်္သေ့ဘုရင်သည် သူ့သွေးများစိုရွှဲနေပြီး လေကို အငမ်းမရ ရှူရှိုက်နေရသည်။ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားပြီဖြစ်ပြီး သူ့စိတ်ထဲ ခါးသီးမှုများနှင့် ဒေါသများသာ ပြည့်နှက်နေသည်။ တရားမျှတသည့်တိုက်ခိုက်မှုတွင် သူရှုံးနိမ့်သွားလေပြီ။
ယခုအချိန်တွင် သူ့ထံ၌ ဘာအားမှ မရှိတော့။ သူ့ရင်ဘတ်၌ အပေါက်ကြီးဖြစ်နေပြီး သူ့အတွင်းအင်္ဂါလည်း တစ်စစီဖြစ်သွားလေပြီ။ သူ ကြာကြာအသက်မရှင်နိုင်တော့သည်မှာ သိသာလှသည်။
သူ သွေးအန်လိုက်သည်နှင့် သူ့ရင်ဘတ်မှ သွေးများ ပိုစီးကျလာသည်။ အနီရောင်သွေးထဲတွင် ရွှေရောင်အလင်းလေး စီးဆင်းနေသည်။
“မင်းက အရမ်းစွမ်းအားကြီးပေမယ့် မင်းလည်း သေမှာပဲ..” ရွှေရောင်ခြင်္သေ့ဘုရင်၏အသံမှာ တီးတိုးရေရွတ်သည့်အသံလောက်သာ ထွက်လာတော့သည်။ ခြင်္သေ့ဘုရင်အကြီးအကဲ သူ့အတွက် လက်စားချေပေးမည်ဟု သူ ယုံကြည်သည်။
“အမ်..” ချူဖုန်း ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် အတောင်ပံများကို ဖြန့်ကျက်နေသည့် လင်းတဘုရင်ကို တွေ့လိုက်ရသည်။
ရွှေရောင်ခြင်္သေ့ဘုရင် ရှုံးနိမ့်သွားသည်ကို မြင်သည်နှင့် အနောက်ဘက်မှ လူတစ်စုမှာ ကြောက်ချေးပါနေကြပြီဖြစ်သည်။ ပြိုင်ဘက်ကင်းသည်ဟု သူတို့သတ်မှတ်ထားသည့်လူ ရှုံးနိမ့်နေသောကြောင့် သူတို့ ဘယ်လိုလုပ် မကြောက်ပဲ နေမည်နည်း..
“မင်းက ဘယ်သွားချင်နေတာလဲ..” ချူဖုန်း ဝုန်းကနဲ ပြေးထွက်သွားလိုက်သည်။ သို့သော် သူ ထွက်မသွားမှီ လက်ရှိလုပ်နေသည့်အလုပ်ကို လက်စသပ်ရန်မမေ့။ သူ ခြင်္သေ့ဘုရင်ခေါင်းကို ဘယ်ခြေထောက်ဖြင့် ဖိနင်းပစ်လိုက်သည်။
နွားဝါလေးထံမှ ထူးဆန်းသည့်နည်းလမ်းများစွာကို သူကြားဖူးသည်။ အချို့သူများမှာ ရက်ပေါင်းများစွာ သေဆုံးပြီးနောက် ပြန်လည်ရှင်သန်နိုင်ကြသည်။
လက်ရှိအချိန်တွင် ကမ္ဘာကြီးမှာ ရှေးဟောင်းအမွေအနှစ်များ၊ ကံကောင်းမှုများဖြင့် ပြည့်နှက်နေသောကြောင့် သူ့ထံ၌ မည်ကဲ့သို့သော လျှို့ဝှက်နည်းလမ်းများရှိနေမလဲ မသိနိုင်။ ကာကွယ်ခြင်းမှာ ကုသခြင်းထက် ပိုကောင်းသည်ပင်။
“ပြေး .. နတ်ဆိုးဘုရင်ချူ လာနေပြီ..”
အကြောက်ဆုံးလူများမှာ သေချာပေါက် ဘုရင်တစ်ဝက်အဆင့် သားရဲများပင်။ ရွှေရောင်ခြင်္သေ့ဘုရင်နိုင်လိမ့်မည်ဟု သူတို့ ခိုင်မာစွာ ယုံကြည်ထားခြင်းပင်။ ဤကဲ့သို့သော ရလဒ်မျိုး ရလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။
အချို့ ဘုရင်တစ်ဝက်အဆင့်သားရဲများမှာ အခြားသူများထက် ဉာဏ်ပိုကောင်းကြသည်ပင်။ ချူဖုန်း သူတို့ကိုလာသတ်မည်စိုးသောကြောင့် အဝေးကြီး၌ ပုန်းနေလိုက်ကြသည်။
သို့သော် ဤလူများမှာ ချူဖုန်း၏စွမ်းအားကို အထင်သေးလိုက်ခြင်းပင်။ သူ၏စွမ်းအားကြီးသည့် စိတ်ဝိညာဉ်စွမ်းအားဖြင့် မိုင်ပေါင်းများစွာပတ်လည်အတွင်းရှိ စွမ်းအားကြီးသက်ရှိအားလုံး၏ အသက်ဓာတ်ကို သူ အာရုံခံနိုင်သည်။
ချူဖုန်း အရှိန်တင်လိုက်ပြီး တစ်ဖြည်းဖြည်း မြန်ဆန်လာသည်။ ဘုရင်တစ်ဝက်အဆင့်သားရဲများကို လျင်မြန်စွာပင် အဆုံးသတ်ပေးလိုက်သည်။
ခွပ် ခွပ် ခွပ်…
လေထဲ၌ နာကျင်စွာ အော်ဟစ်သည့်အသံများ ထွက်ပေါ်လာကြသည်။ အချို့မှာ ဒဏ်ရာရသွားပြီး အချို့မှာ သေဆုံးသွားကြသည်။ အချို့မှာ လေထဲ လွင့်ထွက်သွားပြီး လေထဲ၌ပင် တစ်စစီဖြစ်သွားကြသည်။
ချူဖုန်းသည် သူတို့မပြောနှင့် တောင်ကုန်းတစ်ခုကိုပင် တစ်ချက်တည်းဖြင့် ကြေမွသွားအောင် လုပ်ပစ်နိုင်သည်ပင်။
ရွှပ်..
ချူဖုန်း ဓားပျံလွှတ်ကာ ပျံသန်းနေသည့် လင်းတဘုရင်ကို ခုတ်ချလိုက်သည်။ ဓားပျံသည် လေကိုထိုးဖောက်ကာ အမြန်ဆုံးအရှိန်နှုန်းဖြင့် လင်းတဘုရင်နောက် လိုက်သွားသည်။
ကံမကောင်းစွာဖြင့် လင်းတဘုရင်သည် ဓားစက်ဝန်းအတွင်းမှ လွတ်မြောက်သွားသောကြောင့် ဓားသည် ချူဖုန်းထံသို့ ပြန်လှည့်လာသည်။
လင်းတဘုရင်မှာ ကြောက်လွန်းသောကြောင့် ချွေးစေးများပင် ထွက်နေပြီဖြစ်သည်။ အစက သူ မကြောက်။ မည်သည့်အချိန်မဆို သူ လွတ်မြောက်အောင် ထွက်ပြေးနိုင်လိမ့်မည်ဟု သူ ထင်နေခဲ့သည်။ ချူဖုန်း၏အမြန်နှုန်းမှာ ဤမျှကြောက်စရာကောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့။
သူ့အမြန်နှုန်းမှာ ရွှေရောင်ခြင်္သေ့ဘုရင်နှင့် တိုက်ခိုက်စဉ်ကထက်ပင် ပိုမြန်နေသည်။
“ချူဖုန်း .. မင်း ရွှေရောင်ခြင်္သေ့ဘုရင်ကို သတ်လိုက်ပြီ .. မင်း အသက်ရှည်ရှည်နေရဖို့ ကံပါတော့မှာမဟုတ်ဘူး .. ဒီကိစ္စကို ငါကိုယ်တိုင် ခြင်္သေ့ဘုရင်အကြီးအကဲကို သတင်းပို့ပြီး သူ့ကို ချက်ချင်းလှုပ်ရှားပြီး မင်းအသက်ကို နှုတ်ယူဖို့ တောင်းဆိုလိုက်မှာ..” လင်းတဘုရင်သည် အော်ဟစ်ကာ မိုင်ကုန်ပြေးတော့သည်။
သို့သော် မြေပြင်ထက်၌ ရှိနေသည့် ချူဖုန်းကတော့ အလွန်တည်ငြိမ်နေသည်။ သူသည် အရှိန်တင်ကာ ပြေးနေဆဲပင်။ သူ ဖြတ်ပြေးလာသည့် လမ်းတစ်လျှောက်ရှိ သစ်ပင်များပင် ကျိုးကြေသွားကြလေသည်။
လင်းတဘုရင်မှာ တကယ်ကို ကြောက်ရွံ့နေလေပြီ။ သူသာ ခြေတစ်လှမ်းလောက် နောက်ကျခဲ့လျှင် သတ်ခံရလောက်လေပြီ။ သူ အနောက်ဘက်သို့ ဦးတည်ပြေးသွားနိုင်ပြီး တတ်နိုင်သမျှ အမြင့်သို့ တက်လိုက်သည်။
“မင်း ဗာတီကန်မြို့ကို ဖျက်ဆီးခဲ့ပြီး ဝက်ဝံဖြူကို ကင်စားခဲ့တဲ့အကြောင်း တစ်လောကလုံးကို ပြောပြမှာ .. အဲဒီအချိန်ကျရင် ရှီလာနဲ့ အာတိတ်ဘုရင်က သေချာပေါက် မင်းကို လာရှာမှာပဲ .. အဲဒီအချိန်ကျရင် မင်း ပြေးစရာမြေရှိတော့မှာမဟုတ်ဘူး .. မင်းအလောင်းကိုမြှုပ်ဖို့ နေရာတောင် ရှိမှာမဟုတ်ဘူး…” လင်းတဘုရင် ခြိမ်းခြောက်လိုက်သည်။
သို့သော် ခဏနေပြီးနောက် သူ့အောက်ဘက်တွင် အလွန်မြင့်မားသည့် တောင်တန်းများ ရှိနေသည်ကို သူတွေ့လိုက်ရသည်။
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အပေါ်သို့ အားကုန်တက်သွားလိုက်သည်။ သူ ဦးတည်ချက်ပြောင်းရန်ပင် စဉ်းစားလိုက်သေးသည်။
သို့သော် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ ချူဖုန်းသည် လျှပ်စီးတစ်စင်းကဲ့သို့ တောင်ထိပ်သို့ တက်လာနေပြီဖြစ်သည်။ ထို့နောက် သူ အပေါ်ဘက်သို့ ခုန်တက်လိုက်သည်။
ယခုအချိန်တွင် ချူဖုန်းသည် ဒုံးကျည်တစ်စင်းကဲ့သို့ပင်။ သူသည် တောက်ပသည့်အလင်းများ ထုတ်လွှတ်ကာ ကောင်းကင်ထက်သို့ ဦးတည်သွားလိုက်သည်။ တောင်ထိပ်ကြီးကို သူနှင့် မီတာ ၈၀၀ အကွာ၌ ကျန်ခဲ့လေပြီ။
လင်းတဘုရင် ကြောက်လန့်တကြား အပေါ်သို့ ထပ်တက်သွားလိုက်သည်။ ဓားပျံ သူ့နားမှ ရုတ်တရက်ဖြတ်သွားသော်လည်း ကံကောင်းစွာဖြင့် သူ့ကို ထိမသွားခဲ့။
သို့သော် နောက်တစ်ခဏတွင် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့စိတ်ထဲ အကြောက်တရားများ ပြည့်နှက်သွားသည်။ ရက်စက်သည့်သားရဲကြီးတစ်ကောင်မှ သူ့ကို မြိုချရန် စောင့်ဆိုင်းနေသကဲ့သို့ ခံစားလိုက်ရသည်။
ဝုန်း..
ချူဖုန်း ချာကရမ်ကို ပစ်လွှတ်လိုက်သည်နှင့် ကောင်းကင်ကြီးပင် တုန်ခါသွားသည်။ သူ ဤလက်နက်ကို မသုံးချင်သော်လည်း လင်းတဘုရင် ထွက်ပြေးလွတ်မြောက်နိုင်တော့မည်ဖြစ်သောကြောင့် ရွေးချယ်စရာမရှိတော့။
ဝုန်း..
လင်းတဘုရင် လေထဲ၌ ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးမြူအဖြစ် ပြောင်းလဲသွားလေပြီ။ သူသည် နာကျင်စွာ အော်ဟစ်ကာ မြေပြင်ထက်သို့ ပြုတ်ကျလာသည်။
ချူဖုန်းလည်း အောက်ဆင်းလာသည်။ သို့သော် သူသည် စိတ်ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ သူ့ကိုယ်သူ မထိန်းချုပ်ပဲ အခြားတောင်ထိပ်တစ်ခုပေါ်သို့ ဤအတိုင်း ခုန်ဆင်းလိုက်သည်။
ဝုန်း..
ကောင်းကင်ထက် အမှိုက်များ၊ ဖုန်မှုန့်များ လွင့်စင်လာသည်။
သို့သော် ချူဖုန်းကတော့ ဘာမှမဖြစ်သွား။ အချုပ်အနှောင်သုံးခုကို ဖြတ်တောက်ပြီးနောက် သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အတော်လေး သန်မာလာသည်ပင်။ လေထဲမှ ကျလာသော်လည်း သူဘာမှမဖြစ်။
ဒုန်း..
ထို့နောက် သူ ထိုတောင်ထိပ်ပေါ်မှ ခုန်ဆင်းလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် မြေပြင်ထက်တွင် ကြီးမားလှသည့် အက်ကွဲကြောင်းကြီးဖြစ်ပေါ်လာသည်။ ဘေးပတ်လည်ရှိ သစ်ပင်များ ပျက်စီးသွားကာ ကျောက်တုံးများလည်း နေရာအနှံ့ လွင့်စင်သွားသည်။
ချူဖုန်း အရှိန်တင်လိုက်ကာ သူ့ချာကရမ်ကို ရှာဖွေလိုက်သည်။ ဤလက်နက်ပျောက်သွား၍မဖြစ်။ မတော်တဆမှုများ ဖြစ်မလာစေရန်အတွက် သူ လက်နက်ကို ချက်ချင်း ပြန်သိမ်းရမည်။
သူ၏စွမ်းအားကြီးလှသည့် နတ်အသိစိတ်ကြောင့် ချာကရမ်ကို အောင်မြင်စွာ ပြန်ယူနိုင်ခဲ့သည်။ ချာကရမ်မှာ အဖြူရောင်တောက်ပနေဆဲဖြစ်ပြီး သွေးတစ်စက်မှ စွန်းထင်းခြင်းမရှိ။
ချူဖုန်း ချာကရမ်ကို လက်ကောက်ဝတ်၌ ပြန်ဝတ်လိုက်ပြီး တစ်ပိုင်းသေသွားသည့် လင်းတဘုရင်ကို သွားရှာလိုက်သည်။ သူ့အခြေအနေမှာ အတော်လေး ဆိုးဝါးနေလေပြီ။ အသက်ရှင်နေသေးသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းမရှိတော့။
“ငါ့ကို မသတ်ပါနဲ့ .. ငါ့ကို ကယ်ပေးပါ..”
လင်းတဘုရင် တုန်ယင်လာကာ ချမ်းသာပေးရန် တောင်းဆိုလာသည်။
“ခင်ဗျားက သေမှာတော့ ကြောက်သားပဲ .. ခင်ဗျားအခြေအနေနဲ့ဆိုရင် နတ်ဘုရားတွေဆင်းကယ်ရင်တောင် မရတော့ဘူး” ချူဖုန်း ခေါင်းခါလိုက်ကာ ဖုန်းထုတ်လိုက်ပြီး ဓာတ်ပုံအချို့ ရိုက်လိုက်သည်။
လင်းတဘုရင် တုန်လှုပ်သွားသည်။ သူသည် သေခါနီးနေပြီဖြစ်သော်လည်း ဦးရေပြားများ ထုံကျဉ်လာသည်။ နတ်ဆိုးဘုရင်ချူက သူ့ကို ကင်စားပြီး တစ်လောကလုံးသိအောင်လုပ်မှာတော့ မဟုတ်ဘူးမလား..
“စိတ်မပူပါနဲ့ … ငါ မင်းကို မစားပါဘူး” ချူဖုန်း ပြန်ဖြေလိုက်သည်။ ဤလင်းတကို စားလိုက်လျှင် ကျုးကျော်စစ်တပ်၏စိတ်ဓာတ်ကို ရိုက်ခတ်နိုင်မည်ဖြစ်သော်လည်း လင်းတအသားမှာ စားကောင်းသည့်အသားမဟုတ်။ လင်းတများမှာ ပုပ်ဆွေးနေသည့် အလောင်းကောင်များကို စားသောကြောင့် သူ မကြိုက်။
နောက်ဆုံး လင်းတဘုရင်သည် ကြောက်ရွံ့စွာဖြင့်ပင် အသက်ထွက်သွားသည်။
ချူဖုန်း အမြန်ပြန်ပြေးလာလိုက်ပြီး ကျန်နေသည့် ဘုရင်တစ်ဝက်အဆင့်သားရဲများကို သတ်လိုက်သည်။ တိတ်တိတ်လေး ပုန်းနေသည့်လူနှစ်ဦး ရှိသော်လည်း ချူဖုန်း သူတို့ကို ရှာတွေ့သွားပြီး သတ်လိုက်သည်ပင်။
သူပြန်ရောက်လာသည့်အချိန်တွင်တော့ ခြင်္သေ့ဘုရင်မှာ သူ့မူလပုံစံ ပြန်ပြောင်းသွားပြီး အသက်မရှိတော့။
ချူဖုန်း အလောင်းအားလုံးကို လျှိုမြောင်ထဲသို့ ရွှေ့လိုက်သည်။ ဘုရင်တစ်ဝက်သားရဲများထဲတွင် တစ်ဦးမှာ လူသားပင်။ သူသည် ဤသားရဲများအား အရှေ့တိုင်းသို့ လမ်းပြပေးသည့်သူပင်။
ချူဖုန်း ဤလူကို မသနား။ အဘယ်ကြောင့်ဆိုသော် သူသည် ခွန်းလွန်တောင်အား တိုက်ခိုက်မည့်သူများကို ဦးဆောင်လာခဲ့သည့်သူပင်။ အပြစ်ပေးသည်ဟုဆိုသော်လည်း ဤသည်မှာ ကျူးကျော်ခြင်းအတွက် အကြောင်းပြချက်တစ်ခုသာ။
သူတို့သည် နိုင်ငံရှစ်ခုပေါင်းပြီး အရှေ့တိုင်းအား ကျူးကျော်သည့် စစ်ပွဲနှင့်နှိုင်းယှဉ်ကာ သူတို့ကိုယ်သူတို့ ဂုဏ်ယူနေခဲ့ကြသေးသည်။
ထို့နောက် လျှိုမြောင်ထဲတွင် မွှေးပျံ့သည့်ရနံ့များ ထပ်မံပျံ့လွင့်လာသည်။ ချူဖုန်း ရွှေရောင်ခြင်္သေ့ဘုရင်ကို အရေခွံနွှာလိုက်ကာ ဆေးကြောသန့်စင်ပြီး ချက်လိုက်သည်။ အသားမှာ အရည်အသွေးအကောင်းဆုံးအသားပင်။ အသားထဲမှ ရွှေရောင်အလင်းများပင် ထွက်နေသည်။
“အဲဒီခြင်္သေ့အိုကြီးက ငါ့ကို လာခြိမ်းခြောက်ချင်နေသေးတယ် .. ငါသာ ဒီဓာတ်ပုံတင်လိုက်ရင် သူ ဒေါသထွက်ပြီးတော့ ဒီကို ချက်ချင်းရောက်လာမလားပဲ..” ချူဖုန်း ရေရွတ်လိုက်သည်။
သူ့ထံတွင် လင်းတဘုရင်၊ ခွေးနီဘုရင်နှင့် မီးခိုးရောင်သိမ်းငှက်တို့၏ဓာတ်ပုံလည်း ရှိသေးသည်။ သူ ဤဓာတ်ပုံများကို မဖြန့်ရသေး။ ထိုဓာတ်ပုံများကိုသာ တင်လိုက်လျှင် အနောက်တိုင်းတစ်ခုလုံး တုန်လှုပ်သွားလောက်သည်။
တစ်ချိန်တည်းမှာပင် အရှေ့တိုင်းသို့ ရောက်နေသည့် တပ်သားများ မည်မျှထိတ်လန့်သွားမည်ကို စဉ်းစားကြည့်နိုင်သည်။ ဘုရင်အဆင့်ကျွမ်းကျင်သူများစွာ လျှိုမြောင်အတွင်း၌ သေဆုံးသွားခဲ့ခြင်းဖြစ်သောကြောင့် နဂါးနက်နှင့် အာတိတ်ဘုရင်တို့ပင် ဆွေ့ဆွေ့ခုန်သွားနိုင်သည်။
“ဒီဓာတ်ပုံတွေကိုတင်ဖို့ အချိန်ကောင်းရှာရမယ် .. အနည်းဆုံးတော့ ရောက်လာမယ့် ဗန်ပိုင်းယားအုပ်စုတွေကို ငါ အရင်ရှင်းရဦးမယ်”
ထို့နောက် ချူဖုန်း အရသာရှိသည့်အသားများကို စတင်စားသောက်တော့သည်။ ခြင်္သေ့အသားမှာ တကယ်ကို အရသာရှိလှသည်။ အထူးသဖြင့် ရွှေရောင်ခြင်္သေ့ဘုရင်သည် အချုပ်အနှောင်လေးခုကို ဖြတ်တောက်ပြီးသွားပြီဖြစ်သောကြောင့် သူ့အသားတွင် များပြားလှသည့်အသက်ဓာတ်များ ပါဝင်နေသည်ပင်။
ဤသည်မှာ သူ စားဖူးသည့်အသားများထဲတွင် စွမ်းအားအကြီးဆုံးအသားပင်။
ထို့နောက် သူ ခွေးနီဘုရင်အသား ကင်စားလိုက်သည်။ သူ့အလောင်းမှာ တစ်စစီဖြစ်သွားခဲ့သော်လည်း အရသာကတော့ မပြောင်းလဲ။
“အခု ငါ အဲဒီဗန်ပိုင်းယားတွေနဲ့ ရှင်းဖို့ပဲ ကျန်တော့တယ် … ပြီးရင် ငါ့လမ်းကိုငါ ဆက်သွားလို့ရပြီ”
ချူဖုန်း ဝိုင်နီတစ်ပုလင်း ဖွင့်လိုက်ပြီး သူ့ကိုယ်သူ ဂုဏ်ပြုလိုက်သည်။
ဤမြင်ကွင်းသာ အပြင်လောကသို့ ပျံ့နှံ့သွားပါက တစ်လောကလုံး ဆွံ့အသွားလိမ့်မည်ပင်။
“ဂျေရုဆလင်က နတ်ဘုရား .. နတ်ဘုရားဘယ်တော့မှ ထပ်လှုပ်ရှားမှာလဲ .. ကျွန်တော်တို့အားလုံး အရသာရှိတဲ့အစားအစာအသစ်တွေကို စောင့်မျှော်နေပါတယ်”
“ကြမ်းကြုတ်တဲ့လူကြီး .. ခင်ဗျား ခြင်္သေ့အကြီးအကဲ ခြိမ်းခြောက်တာကို ကြောက်သွားတာလို့ မပြောနဲ့နော် .. ခင်ဗျားဘယ်တော့ အစားအစာအဆင့်တွေကို အသစ်တင်မှာလဲ..”
အပြင်လောကတွင် လူများသည် ကျုးကျော်တပ်ဖွဲ့၏ ခွန်အားအဆင့်သတ်မှတ်ချက်ပို့စ်အောက်၌ မှတ်ချက်များ ရေးသားနေကြသည်။ သူတို့သည် ဂျေရုဆလင်မြို့မှ ဒဏ္ဍာရီလာ ကြမ်းကြုတ်သည့်သူကို ဆင့်ခေါ်လိုခြင်းပင်။
မထင်မှတ်ထားစွာဖြင့် ‘ကြမ်းကြုတ်သည့်လူကြီး’မှာ ချက်ချင်းပင် စာပြန်လာသည်။
“အခုတလော အစားများနေလို့ အစာချေဖို့ အချိန်လိုသေးတယ် .. မကြာခင် အမဲလိုက်တော့မှာ”
လူများသည် တစ်ခဏခန့် ထိတ်လန့်သွားပြီးနောက် ချက်ချင်းပင် ဤကိစ္စကို ဆွေးနွေးလာကြသည်။ သူတို့ရဲ့ ကြမ်းတမ်းတဲ့လူကြီဂက နောက်တစ်ကွက်ရွှေ့တော့မှာလား..
“အချိန်ကျပြီလား .. ငါ ဒီနေရာမှာ ကြာကြာနေလို့မရဘူး .. ငါအခု အားလုံးကို ဖွင့်ပြရတော့မလား..” ချူဖုန်း ရေရွတ်လိုက်သည်။
အပိုင်း ၁၈၁ ပြီး၏။