ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၈၀ – ဘုရင်များကြားမှ တိုက်ပွဲတစ်ခု
ခွေးနီဘုရင်သေဆုံးသွားကာ သူ့မူလပုံစံ ပေါ်ထွက်လာသည်။
သူတို့နောက်မှ လူအုပ်ကြီးမှာ ချက်ချင်းပင် ထွက်ပြေးချင်နေကြလေပြီ။
ရွှေရောင်ခြင်္သေ့ဘုရင်သည် အလွန်အေးစက်နေသည့် အမူအရာဖြင့်ပင် တစ်လှမ်းချင်း လျှောက်လာသည်။ သူရှိနေလျက်နှင့် သူ့လက်အောက်ငယ်သားတစ်ယောက် အသတ်ခံလိုက်ရခြင်းမှာ သူ့ကို ရန်စလိုက်ခြင်းပင်။ ရန်ငြိုးအဟောင်းနှင့်ပေါင်းကာ သူ၏သတ်ဖြတ်လိုသည့် အငွေ့အသက်မှာ ပို၍ပင် များပြားလာသည်။
“ခြင်္သေ့ဘုရင်အကြီးအကဲကို ရန်စတာလဲ မင်းပဲမလား..” ရွှေရောင်ခြင်္သေ့ဘုရင် မေးလိုက်သည်။
“ဟုတ်တယ် .. ငါ တကယ် ခြင်္သေ့သား စားကြည့်ချင်နေတာ” ချူဖုန်းသူ့ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ ယခုတစ်ခေါက် သူ၏အဓိကရည်ရွယ်ချက်မှာ ရွှေရောင်ခြင်္သေ့ဘုရင်အား လျှိုမြောင်အတွင်း၌ သတ်ရန်ပင်။
“ဝေါင်း..”
ရွှေရောင်ခြင်္သေ့ဘုရင် ဟစ်ကြွေးလိုက်ကာ သူ့ခန္ဓာကိုယ်ထက်မှ ရွှေရောင်အလင်းများ ပို၍ တောက်ပလာသည်။
သူ့နောက်မှလူများ အလိုလိုနောက်ဆုတ်သွားကြသည်။ ရွှေရောင်ခြင်္သေ့ဘုရင်၏ ဟိန်းသံမှာ သူတို့ကို ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေသည်။ ခြင်္သေ့သည် ယခင်ကတည်းက သားရဲဘုရင်တစ်ကောင်ဖြစ်ပြီး ယခုထိလည်း ပြိုင်ဘက်ကင်းနေဆဲပင်။
“ကောင်းတယ် .. မင်း အသက်ရှင်နေဖို့ ငါအမြဲတမ်း မျှော်လင့်နေခဲ့တာ .. ကောင်းကင်ဘုံက ငါ့ဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..”
ရွှေရောင်ခြင်္သေ့ဘုရင်၏ အော်ရာထွက်လာကာ ရွှေရောင်မီးတောက်များ ပေါက်ကွဲထွက်လာသည်။
အခြားသူများမှာ ချက်ချင်းပင် ပုန်းရှောင်လိုက်ကြသည်။ ဘုရင်နှစ်ဦး တိုက်ခိုက်သည့်အနား၌ သူတို့မနေချင်။ ရွှေရောင်ခြင်္သေ့ဘုရင် မည်မျှစွမ်းအားကြီးသည်ကို သူတို့သိသည်။ သူ ဒေါသထွက်သည်နှင့် နတ်ဘုရားအားလုံးကိုပင် သတ်ပစ်နိုင်လိမ့်မည်။
နတ်ဆိုးဘုရင်ချူ မည်မျှစွမ်းအားကြီးသလဲ မသိနိုင်သော်လည်း သူ အံ့အားသင့်စရာကောင်းသည်ကိုတော့ သူတို့သိသည်။
ဝက်ဝံဖြူကို ကင်စားပြီး ဗာတီကန်မြို့ကိုပိပြားသွားအောင်လုပ်ခဲ့ပြီး ခြင်္သေ့သားစားချင်ကြောင်းပင် ပြောခဲ့သောကြောင့် ဤလူလည်း ရူးသွပ်နေသည့်သူပင်။
“ဘယ်သူက ဘယ်သူ့ကိုသတ်မလဲဆိုတာ မသေချာသေးပါဘူး..” ချူဖုန်း ရွှေရောင်ခြင်္သေ့ဘုရင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။
“မင်းကလား .. အရင်တစ်ခေါက်တုန်းက မင်း ငါ့ကို ချောင်းတိုက်လိုက်လို့ မဟုတ်ရင် မင်းက စကားထဲထည့်ပြောဖို့တောင် မတန်ဘူး .. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..”
ရွှေရောင်ခြင်္သေ့ဘုရင် ပြောလိုက်ကာ တိုက်ခိုက်လာသည်။ သူ တစ်ခါတည်း ချူဖုန်းခေါင်းကို ဖြတ်ရန် ချိန်ရွယ်လိုက်သည်။
ဝုန်း..
ရွှေရောင်ခြင်္သေ့ဘုရင်၏လက်ဝါးမှ နတ်အလင်းများ ထွက်ပေါ်လာပြီး စွမ်းအင်များလည်း ဆည်ရေကဲ့သို့ စီးဆင်းလာသည်။ အနီးအနားမှ သစ်ပင်များ၊ ကျောက်တုံးများပင် တစ်စစီဖြစ်သွားလေသည်။
ချူဖုန်း အကြောက်တရားကင်းမဲ့စွာဖြင့်ပင် ရှေ့တိုးလာကာ သူ့ပြိုင်ဘက်နှင့် အနီးကပ်တိုက်ခိုက်လိုက်သည်။ သူတို့နှစ်ဦး လက်သီးများ၊ လက်ဝါးများ ဖလှယ်လိုက်သည်နှင့် ဘေးပတ်လည်တွင် မိုးခြိမ်းသံများ၊ ပေါက်ကွဲသံများ ဆူညံသွားသည်။
ဝုန်း..
တောအုပ်ကြီး ပေါက်ကွဲသွားကာ မီးခိုးနှင့်ဖုန်မှုန့်များ လေထဲ လွင့်စင်လာသည်။ ဘေးပတ်လည်ရှိ မရေမတွက်နိုင်သည့် သစ်ပင်များမှာ ချက်ချင်းပင် တစ်စစီဖြစ်သွားသည်။ မြေပြင်ပင်လျှင် နက်ရှိုင်းလှသည့် အက်ကွဲကြောင်းကြီးဖြစ်လာသည်။
သူတို့နှစ်ဦးလုံးသည် မည်သူမှ အားမလျော့ပဲ အစွမ်းကုန်ပင် တိုက်ခိုက်နေကြသည်။
တိုက်ခိုက်ပြီးသည်နှင့် နှစ်ယောက်လုံး နောက်ဆုတ်လိုက်ကြသည်။
အဝေး၌ ရှိနေသည့်သူများမှာတော့ ချီးထွက်ကျလောက်အောင် ကြောက်နေကြပြီဖြစ်သည်။ သူတို့က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. အခုမှ တိုက်ပွဲစတာကို ဒီလောက်တောင် ပျက်စီးနေပြီ။ သူတို့သာ ထိုနေရာ၌ ရှိနေလျှင် အသားပုံကြီးဖြစ်သွားလောက်လေပြီ။
ရွှေရောင်ခြင်္သေ့ဘုရင်၏ ဆံပင်ရှည်များသည် နေလုံးကဲ့သို့ တောက်ပနေပြီး သူ ရယ်မောနေလေသည်။
သူသည် အရူးတစ်ယောက်ကဲ့သို့ပင်။ သူသည် အခြားသူများကို အမြဲတမ်း အထင်သေးနေခဲ့ပြီး ယခု ကျွမ်းကျင်သူအစစ်အား တွေ့လိုက်ရသည့်အချိန် သူ စိတ်အားတက်ကြွလာသည်။
“အခု စိတ်ဝင်စားစရာကောင်းလာပြီ .. ငါသာမင်းကို ဒီတိုင်းသတ်ပစ်လိုက်ရင် အရမ်းပျင်းစရာကောင်းသွားလိမ့်မယ်” သူ တီးတိုးရေရွတ်လိုက်သော်လည်း သူ့အသံမှာ ဤနေရာတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။
ခြင်္သေ့ဘုရင်ကြီး ရူးသွားပြီ.. အနောက်မှအုပ်စုမှာ စိတ်မသက်မသာဖြစ်လာကြသည်။
“ဒါ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ .. မင်းကို သတ်ပြီးရင် ခြင်္သေ့ဟင်းတစ်အိုးချက်မယ် .. အဲဒီတစ်အိုးနဲ့ ခြင်္သေ့အိုကြီး ပါးစပ်ကိုပိတ်နိုင်လောက်တယ် .. သူက ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား..” ချူဖုန်း ပြန်ဖြေလိုက်သည်။
အဝေးမှ လူအုပ်ကြီး ဆွံ့အနေကြရသည်။ ဤလူသည် ရွှေရောင်ခြင်္သေ့ဘုရင်ထက် အားမနည်း။
ရွှေရောင်ခြင်္သေ့ဘုရင်သည် ဓားသွားတစ်လက်ကဲ့သို့ စိုက်ကြည့်လာကာ အေးစက်စွာ ရယ်မောပြီး တစ်လှမ်းချင်း တိုးလာသည်။ သူ့တစ်ကိုယ်လုံး အလွန်တောက်ပနေသောကြောင့် သူ့ကို တည့်တည့်စိုက်ကြည့်၍ပင်မရ။
ယခုအချိန်တွင် သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ရွှေရောင်အလင်းများ ထုတ်လွှတ်နေသည်ပင်။
“သတ်…”
ရွှေရောင်ခြင်္သေ့ဘုရင် ဟစ်ကြွေးလိုက်ပြီးနောက် ရွှေရောင်အလင်းပင်လယ်ထဲမှ ထွက်လာကာ ချူဖုန်းကို တိုက်ခိုက်လာသည်။ သူ့လက်သီးသည် တောင်တစ်လုံးကဲ့သို့ ကြီးမားလာလေသည်။
ရွှေရောင်ခြင်္သေ့ဘုရင် ယခင်က လက်သီးနှင့် ထူးခြားသည့်အသက်ရှူစည်းချက်ပါဝင်သည့် ထူးခြားသည့်အမွေအနှစ်ကို ရဖူးကြောင်း သိသာလှသည်။ ယခု သူသည် ဘာကိုမှ ထိန်းချန်မထားပဲ ချူဖုန်းကို အားကုန်တိုက်ခိုက်လာသည်။
အခြားသာမန်ဘုရင်အဆင့်သက်ရှိဆိုလျှင် ဤလက်ဝါးတစ်ချက်ကပင်လျှင် အသားပုံကြီးဖြစ်သွားရန် လုံလောက်သည်။
သို့သော် ချူဖုန်း ဘယ်လိုလုပ် သူ့ထက်နိမ့်ကျနိုင်မည်နည်း.. သူဖြတ်တောက်ထားသည့် အချုပ်အနှောင်သည် ရွှေရောင်ခြင်္သေ့ဘုရင်ထက် တစ်ခုနည်းသော်လည်း သူ့ထံတွင် ထူးခြားသည့်အသက်ရှူစည်းချက် ရှိနေသည်ပင်။ ထို့အပြင် သူ့ထံ၌ နွားနတ်ဆိုးလက်သီးပညာလည်း ရှိနေသည်။
ဝုန်း..
လက်သီးသည် ရွှေရောင်အလင်းကို ကျော်ဖြတ်ကာ ရွှေရောင်ခြင်္သေ့ဘုရင်၏ လက်ဝါးနှင့် ထိခတ်သွားသည်နှင့် ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ပြင်းထန်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
ကြိတ်ဆုံကျောက်အရွယ်အစားရှိသည့် ကျောက်တုံးများသည် မြက်ပင်များကဲ့သို့ လေထဲလွင့်ထွက်သွားသည်။ သစ်ပင်များလည်း အမြစ်မှကျွတ်ထွက်သွားကာ လေထဲရောက်သွားသည်။
ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသည့် ပျက်စီးမှုမှာ အံ့အားသင့်စရာကောင်းလှသည်။
ခွပ်..
သူတို့နှစ်ဦး တိုက်ခိုက်လိုက်သည်နှင့် မိုးခြိမ်းသံနှင့်အတူ ပြင်းထန်လှသည့် လျှပ်စီးများကိုလည်း မြင်လိုက်ရသည်။ ဤသည်မှာ သူတို့လက်သီးနှင့်လက်ဝါး ထိခတ်မှုမှ ဖြစ်ပေါ်လာသည့် အလင်းပင်။
ခွပ် ခွပ် ခွပ်..
ချူဖုန်းနှင့် ရွှေရောင်ခြင်္သေ့ဘုရင်တို့သည် သစ်ပင်ထိပ်များ၊ တောင်များပေါ်၌ ရပ်ကာ ဆက်လက်တိုက်ခိုက်နေကြသည်။
သူတို့နှစ်ဦးမှာ ပျံသန်းနေကြသကဲ့သို့ ကောင်းကင်ကို ထိုးဖောက်ကာ တိုက်ခိုက်နေကြသည်။
ကြည့်နေသည့်သူတစ်ဦး သူ့ဖုန်းကို ထုတ်လိုက်သည်။ သူ ဤသတင်းကို အပြင်လောကကြီးအား ပြောပြချင်သည်။ သို့သော် နောက်တစ်ခဏတွင် သူလည်း ပထမတစ်ဦးကဲ့သို့ အဆုံးသတ်သွားသည်။
ဓားပျံရောက်ရှိလာပြီး သူ့လက်မောင်းတစ်ဖက်ကို ဖြတ်တောက်သွားလေ၏။
သူ့ထံတွင် ဗန်ပိုင်းယားအုပ်စု ရှိနေသေးသောကြောင့် ချူဖုန်း ဤသတင်းကို အပြင်လောကထံသို့ ပေါက်ကြားခွင့်ပေး၍မဖြစ်။ သူ ဤလျှိုမြောင်အတွင်း၌ အားလုံးကို သတ်ချင်သည်။
ရွှေရောင်ခြင်္သေ့ဘုရင်၏ မျက်လုံးများ အေးစက်လာသည်။ ချူဖုန်းသည် သူ့ကို မျက်စိထဲမထားပဲ သူ့လက်အောက်ငယ်သားများကို ထပ်မံတိုက်ခိုက်ပြန်လေပြီ။
“သတ်..”
ရွှေရောင်ခြင်္သေ့ဘုရင် အော်ဟစ်လိုက်ကာ လက်နှစ်ဘက်လုံးဖြင့် ချိပ်စည်းများ ပြုလုပ်လိုက်သည်။ သင်္ကေတများမှာ ထူးခြားသော်လည်း နတ်ဘုရားတစ်ပါးမှ ရန်သူများကို ဖိနှိပ်နေသကဲ့သို့သောစွမ်းအားများ ထွက်ပေါ်လာသည်။
သူ့နောက်၌ အရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရိပ်သည် သိပ်မရှင်းလင်းသော်လည်း သူ၏လက်ပုံစံများကို တုံ့ပြန်လာကာ သူ့လျှို့ဝှက်ပညာကို အားဖြည့်ပေးနေသည်။ သူ ထုတ်လွှတ်လိုက်သည့် စွမ်းအင်မှာ ပို၍ကြောက်စရာကောင်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်ခြင်္သေ့ဘုရင်၏ ခွန်အား အတော်လေး အားကောင်းလာပြီး ရွှေရောင်အလင်းများမှာ မနက်ခင်းနေမင်းကြီးကဲ့သို့ တောအုပ်တစ်ခုလုံးကို ဖြန့်ကျက်လာသည်။
တစ်ချိန်တည်းမှာပင် ချူဖုန်း သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် နွားရိုင်းပုံတစ်ပုံ ပေါ်လာသည်။ ထိုနွားအော်ဟစ်လိုက်သည့်အသံမှာ ကြယ်ကောင်းကင်းကို ထိုးဖောက်သွားတော့မတတ်ပင်။
ဝုန်း..
ကျွမ်းကျင်သူနှစ်ဦးလုံး သူတို့လျှို့ဝှက်ပညာကို အသုံးပြုကာ ထပ်မံတိုက်ခိုက်လာကြသည်။
မြေကြီး အက်ကွဲလာသည်နှင့် အထဲမှ ရွှံ့လှိုင်းများနှင့်အတူ ချော်ရည်များ ပန်းထွက်လာသည်။ တစ်ခဏအတွင်းမှာပင် မြေပြင်နှင့် ကျောက်ခဲများအားလုံး ချော်ရည်ပူ၏ ဝါးမြိုခြင်းခံလိုက်ရသည်။
သူတို့နှစ်ယောက်လုံး ဆန့်ကျင်ဘက်အရပ်သို့ လွင့်ထွက်သွားကြသည်။ သူ့ရင်ဘတ်မှနာကျင်မှုကြောင့် ချူဖုန်း ခန္ဓာကိုယ်တုန်ယင်လာကာ သူ့မျက်နှာလည်း အနည်းငယ် ဖြူဖျော့သွားသည်။ သူနှင့်ညီတူညီမျှစွမ်းအားကြီးနေသည့် ပြိုင်ဘက်ကို တွေ့နေရသောကြောင့် သူ အားကုန်တိုက်ခိုက်နေရသည်။
အဝေး၌ ရှိနေသည့် ရွှေရောင်ခြင်္သေ့ဘုရင်၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူ့မျက်နှာထက်တွင် ဒေါသတရားများသာ ပြည့်နှက်နေသည်။ သူ ဒဏ်ရာရလာလိမ့်မည်ဟု သူ မထင်ထားခဲ့။
“ဝေါင်း..”
ရွှေရောင်ခြင်္သေ့ဘုရင် ဟစ်ကြွေးလိုက်သည်နှင့် သဲများ၊ ကျောက်ခဲများ လွင့်ထွက်သွားကာ မြေပြင်ထဲမှ ချော်ရည်စီးကြောင်းတစ်ခု ကောင်းကင်ထက်သို့ လျှံတက်လာသည်။
ဤသည်မှာ နာမည်ကြီးသည့် ခြင်္သေ့အသံတိုက်ခိုက်မှုပင်။
အဝေး၌ ရှိနေသည့်လူတစ်စု ထိတ်လန့်သွားကြသည်။ အချို့မှာ သူတို့နားရွက်များကိုလက်ဖြင့်အုပ်ကာ ပိုဝေးသည့်နေရာသို့ ပြေးသွားလိုက်ကြသည်။
ရွှေရောင်ခြင်္သေ့ဘုရင် ရူးသွပ်နေလေပြီ။ သူ၏ရှုပ်ပွနေသည့် ဆံပင်များ လေနှင့် လွင့်မြောနေပြီး မီးတောင်ပေါက်ကွဲသကဲ့သို့ သူထံမှ စွမ်းအားကြီးသည့် လှိုင်းများ ထွက်ပေါ်နေသည်။
ဝုန်း ဟူသည့်အသံနှင့်အတူ သူ ရှေ့တိုးလာသည်။ သူသည် ခြင်္သေ့ဟိန်းသံကို အသုံးပြုနေဆဲပင်။
ဝုန်း ဝုန်း ဝုန်း..
ကြီးမားလှသည့် ကျောက်တုံးကြီးများ တစ်စစီဖြစ်သွားကာ သစ်ပင်များလည်း အက်ကွဲကုန်သည်။
ထို့နောက် ရွှေရောင်ခြင်္သေ့ဘုရင်သည် ချူဖုန်းနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန်အတွက် ချူဖုန်းထံသို့ တရှိန်ထိုးပြေးသွားလေတော့သည်။
ချူဖုန်း အဝေး၌ ရပ်ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ နွားနတ်ဆိုးအော်သံသည် ခြင်္သေ့အော်သံနှင့် ပြင်းထန်စွာ ထိခတ်သွားသည်။
အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် ရောက်ရှိလာသည့် ခြင်္သေ့လက်သီးများနှင့် လက်ဝါးများကြောင့် ပေါက်ကွဲသံများ ထွက်ပေါ်လာကာ အလင်းတန်းများလည်း ထွက်ပေါ်လာသည်။
ခွပ်..
တစ်ခါခုန်လိုက်သည်နှင့် သူတို့ မီတာ ရာပေါင်းများစွာသို့ ရောက်ရှိသွားသည်။
ပြင်းထန်သည့်တိုက်ခိုက်မှုတွင် သူတို့နှစ်ဦးလုံး ဒဏ်ရာရသွားကာ သွေးများ လွင့်စင်လာသည်။
ဒုန်း..
ရွှေရောင်ခြင်္သေ့ဘုရင်လက်ဝါးဖြင့် ရိုက်လိုက်သော်လည်း ချူဖုန်း ရှောင်လိုက်နိုင်သောကြောင့် ထိုလက်ဝါးသည် အနောက်ဘက်ရှိ တောင်ကုန်းကို ထိမိသွားကာ ထိုတောင်ကုန်းထိပ် ပျက်စီးသွားပြီး လေထဲ သဲများလွင့်စင်သွားသည်။
ဝုန်း..
ချူဖုန်း နတ်ခြေထောက်ကို အသုံးပြုလိုက်ပြီး ရွှေရောင်ခြင်္သေ့ဘုရင်ထံသို့ ဦးတည်သွားလိုက်သည်။ သူ တစ်ချက်ကန်လိုက်သည်နှင့် တစ်ဖက်လူ လွင့်ထွက်သွားလေသည်။ သူခြေထောက် တောင်ထိပ်တစ်ခုကို ထိမိသွားသည်နှင့် ထိုတောင်ထိပ် ထပ်မံပျက်စီးသွားသည်။
ဖူး..
ချူဖုန်း အဝေးသို့ လွင့်ထွက်သွားသည်။ သူ့ဘယ်ဘက်ပုခုံးကို လက်ဝါးဖြင့် ရိုက်ခံလိုက်ရသောကြောင့် သူ သွေးအန်သွားကာ ပြင်းထန်သည့် ဒဏ်ရာရရှိသွားသည်။
သို့သော် ရွှေရောင်ခြင်္သေ့ဘုရင်၏ဒဏ်ရာများမှာ သူ့ထက်ပိုဆိုးသည်။ ရင်ဘတ်ကို ထိုးခံလိုက်ရသည်နှင့် သွေးအန်လာလေ၏။
ချူဖုန်း အဝေး၌ ရပ်ကာ ထိတ်လန့်သည့်အမူအရာ ဖြစ်လာသည်။ အခြားဘုရင်အဆင့်သက်ရှိသာဆိုလျှင် ဤလက်သီးချက်သည် သူတို့ အစိတ်စိတ်အမွှာမွှာဖြစ်သွားရန် လုံလောက်သည်။ သို့သော် ရွှေရောင်ခြင်္သေ့ဘုရင်ကတော့ ဤလက်သီးချက်ကို ခုခံလိုက်နိုင်သည်။
“ငါ မင်းကို သတ်မယ်..” ရွှေရောင်ခြင်္သေ့ဘုရင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဝေါင်း..
ထိုအခိုက်အတန့်တွင် သူ့အသက်ရှူနှုန်းများ ပို၍မြန်ဆန်လာကာ သူ့ပါးစပ်နှင့် နှာခေါင်းမှ ရွှေရောင်မြူများ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ထိုမြူများ မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုမုန်တိုင်း တိုက်ခတ်သွားသည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျောက်တုံးများမှာ တစ်စစီဖြစ်သွားလေ၏။ ထိုမုန်တိုင်းမှာ ဓားတစ်လက်ကဲ့သို့ ထက်ရှလှသည်။
ရွှေရောင်ခြင်္သေ့ဘုရင်သည် ထိုမုန်တိုင်းကိုဖြတ်ကာ ချူဖုန်းထံသို့ ဦးတည်လာသည်။
ချူဖုန်း မျက်လုံးထဲမှ အလင်းများ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးမှ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလာသည်။ သူ့မွေးညှင်းပေါက်များပင် ပွင့်ဟလာပြီး စွမ်းအင်များကို ရှူရှိုက်လာသည်။
ဝုန်း..
ချူဖုန်းနှင့် ရွှေရောင်ခြင်္သေ့ဘုရင်တို့ ထပ်မံတိုက်ခိုက်သည်နှင့် တောင်ကုန်းတစ်ခု ပြိုကျသွားသည်။
သူတို့နှစ်ဦးသည် တိုက်ခိုက်ရင်းဖြင့် မကြာခဏ နေရာရွှေ့နေသောကြောင့် ဘေးပတ်လည်မှ တောင်ကုန်းဆယ်ခုကျော်ခန့် ပျက်စီးသွားပြီဖြစ်သည်။
“အား..”
နောက်ဆုံးတွင် ရွှေရောင်ခြင်္သေ့ဘုရင်ထံမှ မကျေမနပ်အော်သံကြီး ထွက်ပေါ်လာသည်။ သူ ဤအခြေအနေကို ပြောင်းလဲနိုင်မည့် ခွန်အားမရှိတော့။ ချူဖုန်း၏လက်သီးချက် သူ့ရင်ဘတ်ကို ထိုးဖောက်သွားကာ သူ လေထဲ လွင့်သွားသည်။ သူ့ရင်ဘတ်၌ ထုတ်ချင်းဖောက်မြင်ရသည့် အပေါက်ကြီးတစ်ပေါက် ကျန်ခဲ့လေ၏။
ဖုန်း..
ထို့နောက် ချူဖုန်းသည် နတ်ခြေထောက်ကို အသုံးပြုကာ ရွှေရောင်ခြင်္သေ့ဘုရင်၏ ရင်ဘတ်ကို ကန်ထည့်လိုက်လေသည်။ ခြင်္သေ့ကြီးသည် အဝေးသို့ လွင့်ထွက်သွားကာ တောင်ခြေ၌ ပြုတ်ကျသွားလေ၏။
ချူဖုန်း တောင်ထိပ်မှ ခုန်ဆင်းလိုက်သည်။ သူ့အတွက်တော့ ဤအမြင့်မှာ ဘာမှမဟုတ်။ သူ မြေပြင်ပေါ်သို့ ရောက်သွားသည်နှင့် မြေပြင်ထက်၌ အက်ကွဲကြောင်းကြီး ထွက်ပေါ်လာလေသည်။ သူ ခေါင်းငုံ့ကာ သွေးများစိုရွှဲနေသည့် ရွှေရောင်ခြင်္သေ့ဘုရင်ကို ကြည့်လိုက်သည်။
အပိုင်း ၁၈၀ ပြီး၏။