ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၉ – လူတစ်ယောက်က စောင့်ကြပ်နေခြင်း
“အချုပ်အနှောင်လေးတစ်ခုလောက် ဖြတ်တောက်ပြီးတော့များ သူက အနောက်နိုင်ငံမှာလာပြီး ဝံ့ကြွားနေတယ် .. သူတို့လိုလူမျိုးတွေက ကိုယ့်နေရာကိုကိုယ်မသိဘူး .. သူတို့ပေါ်လာတာနဲ့ ငါတို့ သူ့ကို သတ်ပစ်သင့်တယ်” လင်းတဘုရင် ပြောလိုက်သည်။
ခွေးနီဘုရင်လည်း ချူဖုန်းကို မကျေမနပ်ပြောလာသည်။ “သူက ဘာမှမဟုတ်ဘူး .. ငါတို့သာ မျှမျှတတတိုက်ရမယ်ဆိုရင် ငါက သူ့ကိုရှင်းနိုင်တာထက်ကို ပိုသေးတယ်”
“သူ သေသွားတာလည်း ကောင်းပါတယ် .. အစ်ကို ခြင်္သေ့အစ်ကိုကြီးက လက်သွေးစွန်းစရာ မလိုတော့ဘူးပေါ့” သူ ပြုံး၍ ထပ်ပြောလိုက်သည်။
ယခင်တစ်ခေါက်က ရွှေရောင်ခြင်္သေ့ဘုရင် ချူဖုန်းနှင့် တိုက်ခိုက်ခဲ့ရခြင်းမှာ ခွေးနီဘုရင်၏လှုံ့ဆော်မှုကြောင့်ပင်။
တောင်ကြောတစ်လျှောက်တွင် သစ်ပင်များ သိပ်မရှိသော်လည်း ရှိသည့်အပင်အားလုံးမှာ သက်တမ်းရင့်အပင်များဖြစ်ကြသည်။ အချို့ထင်းရှူးပင်များမှာ နဂါးပေါက်တစ်ကောင် ဆန့်တန်းနေသည်နှင့်တူနေပြီး အမြစ်များမှာလည်း မြွေများ သွယ်ယှက်နေကြသကဲ့သို့ပင်။
ရွှေရောင်ခြင်္သေ့ဘုရင်မှာ ရှည်လျားဖြောင့်တန်းနေသည်။ သူသည် ထင်းရှူးသီးများကို နင်းဖြတ်ကာ သူ့တစ်ကိုယ်လုံးမှ အေးစက်စက်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
သူ့ခန္ဓာကိုယ်တွင် ပင်လယ်ပြင်ကြီးနှင့်တူသည့် သွေးစွမ်းအင်များ ရှိနေပြီး ကြောက်စရာကောင်းသည့်စွမ်းအားကို ထုတ်လွှတ်ကာ ဘေးပတ်လည်ရှိလူအားလုံးကို ဖိနှိပ်ထားသည်ပင်။
ဤအဖွဲ့တွင် ဘုရင်အဆင့်သက်ရှိသုံးဦးနှင့် ဘုရင်တစ်ဝက်အဆင့် ၇ ယောက် ပါဝင်သောကြောင့် အတော်လေး အထင်ကြီးစရာကောင်းသည်ဟု ပြော၍ရသည်။ ယခု သူတို့အားလုံး ခွန်းလွန်တောင်ဘက်သို့ ဦးတည်နေကြသည်။
ဒုတ်..
ကြိတ်စုံကျောက်အရွယ်အစားရှိသည့် ကျောက်တုံးတစ်တုံးကို လင်းတဘုရင် ကန်ထည့်လိုက်သည်။ ထိုကျောက်တုံးမှာ တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ဤလူအားလုံး သူတို့၏လူသားပုံစံဖြင့် အရှေ့ဘက်ရှိ မြူဆိုင်းနေသည့်နေရာကို ကြည့်လိုက်ကြသည်။ ထူးဆန်းသည့်လျှိုမြောင်မှာ သူတို့နှင့် သိပ်မဝေးတော့။
“ဒီမြူဆိုင်းနေတဲ့လျှိုမြောင်ကို ဖြတ်ပြီးတာနဲ့ ငါတို့ အရှေ့တိုင်းကိုရောက်ပြီ .. ဒီနေရာနဲ့ ခွန်းလွန်တောင်နဲ့က သိပ်မဝေးဘူး .. ငါတို့ အဲဒီတောင်တွေကို သိမ်းပိုက်နိုင်မယ့်နေ့ကို စောင့်မျှော်နေပြီ” ခွေးနီဘုရင် ပြောလိုက်သည်။
“အရှေ့တိုင်းရေ … ငါလာပြီ…” ရွှေရောင်ခြင်္သေ့ဘုရင် ကြွေးကြော်လိုက်သည်။ သူသည် ရွှေရောင်ခြင်္သေ့အကြီးအကဲ၏ လွှမ်းမိုးခြင်း ခံထားရသောကြောင့် အရှေ့တိုင်းအား အတော်လေး စိတ်ဝင်စားနေသည်။ သူ တကယ်ကို ချက်ချင်းပင် အရှေ့တန်းမှ တိုက်ခိုက်ချင်မိနေသည်အထိပင်။
“အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေကလွဲရင် ဘယ်သူက အစ်ကို့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ.. အဲဒီအချိန်ကျရင် အနိုင်ရဖို့က မြက်ခြောက်တွေကို ဆွဲနှုတ်ရသလို လွယ်ကူနေမှာ .. ပြီးရင် ကျွန်တော်တို့ တစ်ခြား နာမည်ကြီးတောင်တွေကို ပစ်မှတ်ထားလို့ရပြီ..” ခွေးနီဘုရင် ချီးကျူးလိုက်သည်။
ရွှေရောင်ခြင်္သေ့ဘုရင် ခေါင်းညိမ့်လိုက်သည်။ “အနန္တနတ်ဘုရားနယ်မြေကို သိမ်းရမယ် .. ငါတို့လမ်းမှာ ပိတ်နေတဲ့ သူမှန်သမျှကို သတ်ပစ်မယ် .. ဒီနေရာက ငါတို့ အနာဂတ်ရဲ့ အုတ်မြစ်ဖြစ်လိမ့်မယ်..”
“ဖြစ်နိုင်ရင် ငါတို့တွေ ရှေ့ဆက်တိုးပြီးတော့ ဘုရားနယ်မြေတွေကိုပါ သိမ်းပိုက်ရမယ်..” ရွှေရောင်ခြင်္သေ့ဘုရင် အေးစက်စွာ ပြုံးလိုက်သည်။
“အနန္တနတ်ဘုရားနယ်မြေကို တိုက်ပြီးတာနဲ့ ဘုရားနယ်မြေတွေကို တိုက်ခိုက်ကြမယ်” သူတို့နောက်မှာ ဘုရင်တစ်ဝက်အဆင့်သားရဲအချို့ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။ သူတို့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့။ ထိုအချိန်ကျလျှင် အခြားသူများနှင့်အတူ သူတို့လည်း အဆင့်တက်သွားကြမည်ပင်။
ထို့နောက် ထိုအုပ်စုကြီး မြူထဲသို့ တိုးဝင်ခဲ့လိုက်ကြသည်။
ထိုအချိန်တွင် မီတာတစ်ရာကျော်ခန့်မှ အရိပ်တစ်ခု သူတို့ထံသို့ ချဉ်းကပ်လာသည်။
“တစ်ယောက်ယောက်ရှိနေတယ်..” ရွှေရောင်ခြင်္သေ့ဘုရင်ထံမှ စူးရှသည့် အမြင်အာရုံရှိနေသည့်အပြင် ချူဖုန်းလည်း သူ့ကိုယ်သူ ဖုံးကွယ်မထားခဲ့။ သူ ထိုအုပ်စုထံသို့ ပေါ်တင်ပင် ချဉ်းကပ်လာလိုက်သည်။
“အစောင့်တာဝန်ကျတဲ့ သားရဲဘုရင်တွေများလား.. ကျွန်တော်တို့ ဒီနေ့လာမယ်ဆိုတာသိလို့ ကျွန်တော်တို့ကို နှုတ်ဆက်ဖို့ ထွက်လာကြတာထင်တယ်” ခွေးနီဘုရင် ပြောလိုက်သည်။
သူ လုံးဝမကြောက်။ ရှေ့တန်းတွင် နဂါးနက်နှင့် အာတိတ်ဘုရင်တို့ရှိနေသောကြောင့် ဤလမ်းကို မည်သူက ကျူးကျော်ရဲမည်နည်း..မည်သူကစွန့်စားပြီး ဤအနောက်ဘက်သို့ လာမည်နည်း..
ထို့အပြင် သူတို့ထံတွင် ရွှေရောင်ခြင်္သေ့ဘုရင်ရှိနေသောကြောင့် အခြားကျွမ်းကျင်သူများကို ကြောက်စရာမလို။ သူတို့လမ်းကို လာတားဆီးသည့်မည်သူမဆို သေချာပေါက် သေလိမ့်မည်။
“ဟုတ်တယ် .. ငါ မင်းတို့တွေကို လာကြိုတာ..” ချူဖုန်း ရယ်မော၍ ထွက်လာသည်။
“ဘယ်သူကြီးလဲ .. ဒီအသံကိုဘာလို့ အရမ်းရင်းနှီးသလို ခံစားနေရတာလဲ..” ခွေးနီဘုရင် သံသယဝင်လာသည်။
ခဏကြာပြီးနောက် ချူဖုန်းသူတို့ရှေ့ပေါ်လာသည်။ သူ အဆင့်လွန်အမြန်နှုန်းကို မသုံးပဲ အေးအေးဆေးဆေးသာ လျှောက်သွားလိုက်သည်။
“ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ..” ခွေးနီဘုရင် အော်ဟစ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ့ဆံပင်မွေးများ ထောင်ထသွားပြီး ဦးရေပြားကြီး တင်းကြပ်သွားသလို ခံစားလိုက်ရသည်။ ဒါက ဘာအခြေအနေကြီးလဲ .. လူသေတစ်ယောက်က ဘယ်လိုလုပ် သူတို့ရှေ့ ပြန်ပေါ်လာတာလဲ..
“ကောင်းကင်ဘုံက ငါ့ကို မခေါ်နိုင်သေးဘူးတဲ့ .. အဲဒီတော့ ငါ ဒီလောကကြီးမှာ ဆက်နေနေရတာပေါ့” ချူဖုန်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဗာတီကန်မြို့ကို နျူးကလီးယားတွေနဲ့ပစ်တာက မင်းလုပ်တာလား” ခွေးနီဘုရင် အော်ဟစ်လိုက်သည်။
ထိုသို့တွေးမိသည်နှင့် သူ့သွေးများအေးခဲသွားရသည်။
သူမပြောနှင့် ရွှေရောင်ခြင်္သေ့ဘုရင်ပင်လျှင် မျက်စံများ ကျုံ့ဝင်လာသည်။ ချူဖုန်းအား အမှတ်မထင်တွေ့ရခြင်းမှာ သူ့ကို အတော်လေး အံ့အားသင့်စေသည်ပင်။
“ဟုတ်တယ် .. ဗာတီကန်မြို့က မီးရှူးမီးပန်းက ငါလုပ်တာ .. သူတို့တွေကို သူတို့ဆေးပြန်တိုက်ပေးတာလေ” ချူဖုန်း တောက်ပစွာ ရယ်မော၍ သူ့ပျော်ရွှင်စရာကို ‘ဝေမျှ’လိုက်သည်။
ဤနေရာ၌ ရှိနေသည့်လူအားလုံး အမူအရာများ ပြောင်းလဲသွားကြသည်။ ဤသတင်းမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။
ဤသတင်းသာ ပျံ့သွားလျှင် သေချာပေါက် အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မည်။
အနောက်၌ ရပ်နေကြသည့် ခွေးနီဘုရင်၊ လင်းတဘုရင်နှင့် ဘုရင်တစ်ဝက်အဆင့်သားရဲအားလုံး ဝိညာဉ်ထဲမှပင် ကြောက်ရွံ့လာကြသည်။
ဤလူ သေသွားပြီဟု သူတို့ ယုံကြည်ထားခဲ့ကြခြင်းပင်။ ဤလူသည် မသေရုံသာမက ဤကဲ့သို့ ကြီးမားလှသည့် အဖြစ်အပျက်ကြီးဖြစ်အောင်လည်း လုပ်လိုက်သေးသည်။
ကြောက်စရာအကောင်းဆုံးမှာ သူ အသက်ရှင်နေကြောင်း လောကကြီး မသိသေး။
သူဘာတွေ ကြံစည်နေတာလဲ.. ဤလူများအားလုံး ကြောက်ရွံ့နေကြသည်။ နတ်ဆိုးဘုရင်ချူ အမှောင်ထဲ၌ ရှိနေသည်မှာ သူ့ထံ၌ သေချာပေါက် ကြီးကြီးမားမားအကြံအစည်တစ်ခု ရှိနေသောကြောင့်ပင်။
ခဏကြာပြီးနောက် သူတို့အဖွဲ့ အားလုံးကို ဆက်စပ်တွေးမိသွားသည်။
“အက်ဗီဒူးနဲ့ ဝက်ဝံဖြူကိုလည်း မင်းသတ်လိုက်တာလား..” လင်းတဘုရင် မေးလိုက်သည်။
“ဟုတ်တယ် ..” ချူဖုန်း ဝန်ခံလိုက်သည်။
သူတို့တစ်ဖွဲ့လုံး ဆွံ့အသွားရသည်။ ဝက်ဝံဖြူကို ကင်စားလိုက်တဲ့သူက သူလား .. ‘ဂျေရုဆလင်က ကျွမ်းကျင်သူ’ ဆိုတာက နတ်ဆိုးဘုရင်ချူလား..
ဤသတင်းသာ ပျံ့သွားလျှင် နိုင်ငံတိုင်း၏ ခေါင်းစီးသတင်းဖြစ်သွားလိမ့်မည်။
ဝှစ်..
ချူဖုန်း၏ အနီရောင်ဓားပျံသည် ရေနဂါးတစ်ကောင်ကဲ့သို့ လေထဲမှ ဖြတ်သန်းလာကာ ဘုရင်တစ်ဝက်အဆင့်သားရဲတစ်ကောင်၏ဖုန်းကို ဖျက်ဆီးပစ်လိုက်သည်။
“အား..” ဖုန်းဖျက်ဆီးခံလိုက်ရသည့်သူ အော်ဟစ်လာသည်။ သူသည် ဤအံ့အားသင့်စရာကောင်းသည့်သတင်းအား အပြင်လောကသို့ ဖော်ထုတ်ချင်နေခြင်းသာ။
“မင်းက လူတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို သတ်ချင်နေတာလား..” ခွေးနီဘုရင်၏မျက်လုံးမှ အေးစက်သည့်အလင်းများ ထွက်ပေါ်လာသည်။ သူသည် ကြောက်နေသကဲ့သို့ ချူဖုန်းကို မုန်းလည်းမုန်းကာ စိတ်လည်းတိုနေသည်ပင်။
ချူဖုန်း ဘာမှမပြောပဲ ရယ်သာ ရယ်နေလိုက်သည်။ မည်သို့ပင်ဖြစ်စေ တပ်ကူအားလုံးကိုသတ်ပြီး ကျူးကျော်လာသည့်တပ်များ၏ စိတ်ဓာတ်ပျက်ပြားအောင် လုပ်ရန်မှာ သူ့ရည်ရွယ်ချက်ပင်။
“စိတ်ကြီးဝင်နေလိုက်တာများ..” ခွေးနီဘုရင် အေးစက်စွာ ရယ်မောလိုက်သည်။
“စိတ်ကြီးဝင်မဝင်သိချင်ရင် အရှေ့တိုးလာပြီး လာစမ်းကြည့်လို့ရတယ်” ချူဖုန်း သူတို့ရှေ့ လျှောက်လာလိုက်သည်။ ဗာတီကန်မြို့တွင် ခွေးနီဘုရင်သည် သူ့အား ထပ်ခါတလဲလဲပင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် ယခု ပြန်ဆုံသည့်အချိန်တွင် သူ့ကိုသတ်ပစ်ရုံကလွဲပြီး ဘာမှပြောစရာသိပ်မရှိ။
“ရွှေရောင်ခြင်္သေ့ဘုရင်ရှိနေတာ .. မင်းကို စိတ်ထင်တိုင်းလုပ်ခွင့်မပေးနိုင်ဘူး” ခွေးနီဘုရင်မှာ တိုက်ခိုက်ရန်အတွက် ယုံကြည်ချက်မရှိ။
“မင်းက ငါ့ကို အမြဲတမ်းသတ်ချင်နေတာမလား .. အခု မင်းဘာလို့ နောက်ဆုတ်သွားတာလဲ..” ချူဖုန်း ထပ်တိုးသွားလိုက်သည်။
ခွေးနီသည် အမူအရာပြောင်းလဲသွားကာ နောက်ထပ် နောက်ဆုတ်သွားလိုက်သည်။
သူ့နောက်တွင်ရှိနေသည့် ဘုရင်တစ်ဝက်အဆင့်သားရဲအားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ ခွေးနီဘုရင်သည် ချူဖုန်းမှာ သူ့အတွက် ဘာမှမဟုတ်ကြောင်း၊ တစ်ယောက်ချင်းယှဉ်လျှင် ချူဖုန်း သူ့ကိုယှဉ်နိုင်မည်မဟုတ်ကြောင်း အစောလေးကတင် ပြောခဲ့သည်။ သို့သော် ယခုတော့ သူသည် တိုက်ပင်မတိုက်ပဲ နောက်ဆုတ်နေလေပြီ။
တည်ငြိမ်နေသည့် ရွှေရောင်ခြင်္သေ့ဘုရင် နောက်ဆုံးတော့ လှုပ်ရှားလာသည်။ သူ မကြောက်သည့်အပြင် ရှေ့သို့ လျှောက်လာကာ ပြင်းထန်သည့်အော်ရာများ ထုတ်လွှတ်လာသည်။
“ကောင်းတယ် .. မင်း မသေသေးဘူးဆိုတော့ ဒါ ကောင်းကင်ဘုံက ငါ့အတွက် အကောင်းဆုံးလက်ဆောင်တစ်ခု ပေးလိုက်တာပဲ .. မင်းကို ငါကိုယ်တိုင် သတ်နိုင်အောင် ခွင့်ပြုပေးလိုက်တာပဲ” ရွှေရောင်ခြင်္သေ့ဘုရင် ဟစ်ကြွေးလိုက်သည်။
“ငါ ခွေးနီဘုရင်နဲ့ ကိစ္စပြတ်အောင် အရင်လုပ်လိုက်ဦးမယ် .. ပြီးရင် မင်းကိုအလှည့်ပေးပါ့မယ်” ချူဖုန်း မကြောက်မရွံ့ပင် ပြောလိုက်သည်။
ဝှစ်..
ထို့နောက် သူ ခွေးနီဘုရင်ထံသို့ တရှိန်ထိုးပြေးသွားလိုက်လေသည်။
“မင်း..” ခွေးနီ အံ့အားသင့်သွားရသည်။ သူ ချူဖုန်းနှင့် မတိုက်ရဲသောကြောင့် ချက်ချင်း နောက်ပြန်ဆုတ်သွားလေ၏။
တစ်ချိန်တည်းမှာပင် ရွှေရောင်ခြင်္သေ့ဘုရင်လည်း လှုပ်ရှားလာသည်။ သူ တစ်ချက် ဟိန်းလိုက်သည်နှင့် ကောာင်းကင်နှင့်ကမ္ဘာမြေကြီး တုန်ခါသွားကာ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။
ခွပ်..
ချူဖုန်းသည် နောက်လှည့်ရုံသာ လှည့်လိုက်ပြီး လက်ဝါးဖြင့် ရိုက်လိုက်ပြီး ခွေးနီဘုရင်ကိုသာ ဆက်လိုက်နေလိုက်သည်။
“မင်းလုပ်ရဲတယ်လား..” ရွှေရောင်ခြင်္သေ့ဘုရင်၏မျက်လုံးများ အေးစက်လာသည်။ သူ့ကိုဖြတ်ကျော်ကာ သူ့လက်အောက်ငယ်သားကို သတ်ဖြတ်ခြင်းကို သူ သည်းမခံနိုင်။
“ငါကဘာလို့ မလုပ်ရဲရမှာလဲ..” ချူဖုန်းသည် ခွေးနီဘုရင်အရှိန်ထက် ပိုမြန်သည့်နှုန်းဖြင့် လိုက်ဖမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ခွေးနီဘုရင်ကို တောအုပ်ထဲ၌ မှီသွားသည်။
ခွေးနီဘုရင်မှာ ဆံပင်မွေးများ ထောင်ထနေလေပြီ။ ချူဖုန်း ရွှေရောင်ခြင်္သေ့ဘုရင်ကိုကျော်ကာ သူ့ထံသို့ ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။
သူ အော်ဟစ်လိုက်ကာ ချူဖုန်းနှင့်အားကုန်တိုက်ခိုက်လိုက်သည်။ သူသည် ရွှေရောင်ခြင်္သေ့ဘုရင်ရောက်လာပြီး ချူဖုန်းအား မသတ်ခင်အချိန်ထိ အချိန်ဆွဲထားလိုခြင်းပင်။
သို့သော် တစ်ချက်တိုက်ခိုက်လိုက်ရုံဖြင့် ခွေးနီဘုရင်၏အမူအရာ ပြောင်းလဲသွားသည်။ သူ့လက်တစ်ဖက်သည် ကျိုးကြေသွားပြီးနောက် သွေးမြူအဖြစ်ပေါက်ကွဲသွားသောကြောင့် သူ့မျက်နှာတစ်ခုလုံး ဖြူဆုတ်သွားသည်။
“အား…”
ခွေးနီဘုရင် နာကျင်စွာ အော်ဟစ်လိုက်သည်။ တစ်ချက်တည်းဖြင့် ဤမျှပြင်းထန်လှသည့် ဒဏ်ရာရသွားလိမ့်မည်ဟု သူ မထင်ထားခဲ့။ နတ်ဆိုးဘုရင်ချူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ..
ခွပ် ခွပ် ခွပ်..
ချူဖုန်းသည် ဤခွေးနီဘုရင်ကို သတ်ပစ်ရန် ဆုံးဖြတ်ထားပြီးသားပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်သီးသည် နေလုံးကဲ့သို့တောက်ပလာပြီး ဤနေရာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
ခွေးနီဘုရင် လွင့်ထွက်သွားကာ သစ်ပင်များ၊ ကျောက်တုံးများနှင့် တိုက်မိသွားသည်။
“မင်းက တော်တော်လေး သတ္တိရှိနေတာပဲ..” ရွှေရောင်ခြင်္သေ့ဘုရင် ချူဖုန်းကိုတားရန်အတွက် ရှေ့တိုးလာလိုက်သည်။
အနောက်ဘက်မှ အုပ်စုမှာတော့ တုန်လှုပ်နေလေပြီ။ အချက်ရေအနည်းငယ်သာ ရှိသေးသော်လည်း ခွေးနီဘုရင်၏လက်မောင်း သွေးမြူအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ပုခုံးများလည်း ပေါက်ကွဲထွက်နေတာ သူ့ခြေထောက်တစ်ဖက်လည်း ကျိုးနေလေပြီ။ သူ ကြာကြာတောင့်ခံနိုင်မည်မဟုတ်တော့။
ဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ..
ရွှေရောင်ခြင်္သေ့ဘုရင် ရောက်လာသည့်အချိန်တွင်တော့ အလွန်နောက်ကျသွားလေပြီ။
ခွေးနီဘုရင်မှာ မျှော်လင့်ချက်အားလုံးကို လက်လျော့လိုက်လေပြီ။ ယခင်က သူသည် မိုင်ကုန်ပြေးပြီး ရွှေရောင်ခြင်္သေ့ဘုရင် ရောက်လာသည့်အချိန်ထိ အချိန်ဆွဲထားချင်ခဲ့သည်။ သို့သော် သူ့ကို လာကယ်သည့်သူမှာ အချိန်မှီရောက်မလာခဲ့။
ဝုန်း..
ချူဖုန်း လက်သီးကျရောက်လာသည်။ ခွေးနီသည် နောက်ဆုံးတစ်ချက်သာ အော်လိုက်နိုင်ပြီး လေထဲ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။
အနောက်ဘက်မှလူအားလုံး တုန်ယင်နေကြလေပြီ။
ရွှေရောင်ခြင်္သေ့ဘုရင် ရှိနေသော်လည်း ချူဖုန်းသည် ဘုရင်အဆင့်သက်ရှိတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။
အပိုင်း ၁၇၉ ပြီး၏။