Switch Mode

Chapter – 178

တိုက်ခိုက်မှု စွမ်းရည် အဆင့်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၈ – တိုက်ခိုက်မှုစွမ်းရည်အဆင့်

ဤထူးဆန်းသည့် လျှိုမြောင်ထဲ၌ အနီရောင်အလင်းများ တောက်ပနေ၏။ ဤသည်မှာ ထူးဆန်းသည့်မြင်ကွင်းတစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် ဤလျှိုမြောင်မှာ အမြဲတမ်းလိုလို မှုန်မှိုင်းမဲမှောင်နေသည်ပင်။

“သေဆုံးသွားတယ်ဆိုတာက မီးငြိမ်းသွားတဲ့ မီးအိမ်တစ်လုံးနဲ့တူတယ် .. ဘုရင်လိုမျိုး စွမ်းအားကြီးတဲ့သူတွေတောင် အသတ်ခံရရင် သေမှာပဲ .. သေသွားတာနဲ့ သူတို့ခန္ဓာကိုယ်က တစ်ခြားသက်ရှိတွေလိုမျိုး အသွေး၊ အသားအဖြစ် ပြောင်းသွားမှာပဲ..”

ချူဖုန်း နဂါးအသားကိုကင်ရင်း သူ့ကိုယ်သူ ပြောလိုက်သည်။ သူ့လှုပ်ရှားမှုများမှာ လေ့ကျင့်မှုကြောင့် ကျွမ်းကျင်နေသည်။ သူသည် အသားကို ရွှေရောင်သန်းလာသည်အထိ ကင်လိုက်သည်။

သူ ပြောသကဲ့သို့ပင်။ ဘုရင်အဆင့်သက်ရှိများမှာ အသက်ရှင်နေစဉ်တွင်တော့ အလွန်စွမ်းအားကြီးလိမ့်မည်။

သို့သော် သူတို့ သေဆုံးသွားသည်နှင့် သူတို့ခန္ဓာကိုယ်ထဲရှိ ထူးခြားသည့်သွေးများ မလည်ပတ်နိုင်တော့သဖြင့် အံ့အားသင့်ဖွယ်ကောင်းသည့် စွမ်းရည်များလည်း လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်။

ခန္ဓာကိုယ်အားလုံးမှာ အသွေးအသားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ စတီးဖြင့်လုပ်ထားသည့်သူမရှိ။ အချိန်ကြာသွားသည်နှင့် သာမန်လူများကဲ့သို့ သူတို့လည်း ပုပ်သိုးဆွေးမြေ့လာမည်ပင်။

“အသားလတ်နေတုန်း အစားအစာတွေ ပြင်ဆင်ရမယ်” ချူဖုန်း ရေရွတ်လိုက်သည်။

သွားရေယိုစရာကောင်းသည့် အနံ့များ ထွက်လာလေပြီ.

ဗော့ဒ်ကာဘုရင်နှင့်အတူ မဖွင့်ရသေးသည့် ဝိုင်နီပုလင်းများလည်း ရှိနေသေးသည့်အပြင် ဆေးပြင်းလိပ်များလည်း ရှိနေသေးသည်။

ချူဖုန်း ခုံပေါ်၌ ထိုင်လိုက်ပြီး နဂါးအသားကင်နှင့်အတူ ဝိုင်နီတစ်ခွက်ဖြင့် ဇိမ်ခံနေတော့သည်။

မီးခိုးရောင်သိမ်းငှက်အတောင်ပံကို ရွှေရောင်သန်းလာသည်အထိ ကင်ပြီးသည်နှင့် အတောင်ပံပေါ်သို့ ဝိုင်နီအချို့ ဖြန်းလိုက်ပြီး ဆက်ကင်လိုက်သည်။ “ဝိုင်နဲ့နှပ်ထားတဲ့အတောင်ပံတွေက ဝိုင်နပ်ထားတဲ့နံရိုးထက် ပိုစားကောင်းတယ်”

ဤရက်အနည်းငယ်အတွင်းတွင် သူသည် သားရဲဘုရင်နှစ်ဦး၏ အကောင်းဆုံးအစိတ်အပိုင်းများကို ကင်စား၊ ချက်စား၊ ကြော်စားပြီးသွားပြီဖြစ်သည်။

ဤလမ်း၌ စောင့်နေရသည်မှာ ဘာမှလုပ်စရာမရှိသောကြောင့် သူ အင်တာနက်သုံးနေလိုက်သည်။ အချို့လူများမှာ အရှေ့တိုင်းမှ ကျူးကျော်လာသည့် ကျွမ်းကျင်သူများအား အဆင့်သတ်မှတ်ချက်ပေးထားသည်ကို သူတွေ့လိုက်ရသည်။

မြေနဂါးနှင့် မီးခိုးရောင်သိမ်းငှက်တို့ပင် ဤအဆင့်ထဲ၌ ပါနေလေ၏။

“ဒါက ဘာအဆင့်သတ်မှတ်ချက်ကြီးလဲ … အမှိုက်အဆင့်တွေနဲ့ ပိုတူနေတယ်” ချူဖုန်း ထိုပို့စ်အောက် မှတ်ချက်ရေးလိုက်သည်။ မထင်မှတ်စွာဖြင့် သူ့မှတ်ချက်ကို တုံ့ပြန်သူ များပြားလာလေသည်။

“အစ်ကိုကြီး .. ခင်ဗျားက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ .. ဒီအဆင့်သတ်မှတ်ချက်ထဲမှာရှိတဲ့ ကျွမ်းကျင်သူအားလုံးက ဘုရင်အဆင့်တွေပဲ .. ခင်ဗျား ဒီထဲကတစ်ကောင်ကိုတောင် စားရဲလို့လား..”

လူများစွာ သူ့ကို ရယ်မောလာကြသည်။

“ခင်ဗျားမပြောနဲ့ .. ဘုရင်အဆင့်ကျွမ်းကျင်သူတွေထဲမှာတောင် ဘယ်သူက ဒီသက်ရှိတွေကို အစားအစာအနေနဲ့ စားရဲလို့လဲ..”

ချူဖုန်း တိတ်တဆိတ်ဖြင့်ပင် ဂျေရုဆလင်၌ အသားကင်စားသည့်ပုံများကို တင်လိုက်သည်။ သူ ဘာစာမှမရေး၊ ပုံချည်းသပ်သပ်တင်လိုက်ခြင်းပင်။

လူများ: “…”

ထို့နောက် အမြင်အာရုံစူးရှသည့်လူများမှာ ဤဓာတ်ပုံသည် ဓာတ်ပုံအဟောင်းနှင့် မတူညီကြောင်း ရှာတွေ့သွားကြသည်။

ဤသည်မှာ ချက်ချင်းပင် ပွက်လောရိုက်သွားလေ၏။

“ဂျေရုဆလင်က နတ်ဘုရားကြီးက နောက်ဆုံးတော့ ကိုယ်ထင်ပြလာပြီ .. ဝက်ဝံဖြူအသားရဲ့ အရသာက ဘယ်လိုလဲဆိုတာ ပြောပြလို့ရမလား..”

“ဘုရားရေ .. အဲဒီရဲစွမ်းသတ္တိရှိတဲ့သူက ခင်ဗျားလား .. ဘုရားရေ .. ခင်ဗျားက အရမ်းသတ္တိရှိတာပဲ .. ဝက်ဝံဖြူကို စားပြီးသွားပြီဆိုတော့ ဒီအဆင့်သတ်မှတ်ချက်တွေထဲက တစ်ခြား သားရဲဘုရင်တွေကို စားဖို့ အစီအစဉ်ရှိလား..”

မြင့်မြတ်ကုန်းမြေမြို့မှ ရဲတင်းသည့်သူပေါ်လာခြင်းမှာ အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်။

ထိုမှတ်ချက်သို့ လူများစွာ ရောက်ရှိလာခဲ့ပြီး ကျွမ်းကျင်သူများ စစ်ဆေးကြည့်လိုက်သည့်အချိန်တွင်တော့ ဤဓာတ်ပုံမှာ ယခင်ကပျံ့ခဲ့သည့် ဓာတ်ပုံနှင့် တစ်ချိန်တည်းနီးပါး ရိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ကြသည်။

ယခင်က လှောင်ရယ်ခံနေရသည့် မှတ်ချက်မှာ ချက်ချင်းပင် နာမည်ကြီးသတင်းဖြစ်လာသည်။ မည်သူမှ သူ့ကို မလှောင်ပြောင်ရဲတော့။

“နတ်ဘုရား .. နတ်ဘုရားနောက်ထပ် လှုပ်ရှားဦးမှာလား .. ဘယ်သားရဲဘုရင်ကို စားဖို့ စီစဉ်ထားလဲ..”

“ဂျေရုဆလင်က ကျွမ်းကျင်သူကြီးက ဘယ်အရသာကို ကြိုက်တာလဲ..”

“ကြမ်းကြုတ်တဲ့လူကြီး ကျေးဇူးပြုပြီး မြန်မြန်လှုပ်ရှားပါ .. အရှေ့တိုင်းကလူတွေ ခင်ဗျားကို ကြိုဆိုပြီးအားပေးနေပါတယ် .. ခွန်းလွန်တောင်ခြေကို မြန်မြန်လာပြီး အဲဒီနဂါးနက်ကြီးနဲ့ အာတိတ်ဘုရင်ကို မြန်မြန်လာစားလိုက် .. သူတို့အရသာက တော်တော်လေး ကောင်းမှာ သေချာတယ်”

ဤရိုးရှင်းသည့်မှတ်ချက်လေးတစ်ခုကြောင့် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲထွက်လာသည်။

အမှန်တကယ်တွင်တော့ ဤအဖြစ်အပျက်များမှာ လူများထင်ထားသည်ထက် ပိုလေးနက်သည်။ အင်အားကြီးအဖွဲ့အစည်းများသည် သူတို့လူများ လွှတ်လိုက်ပြီး ဂျေရုဆလင်မှကျွမ်းကျင်သူကြီး ထပ်လှုပ်ရှားမလားကို စုံစမ်းနေကြပြီဖြစ်သည်။

အရှေ့တိုင်းကို ကျူးကျော်လာသည့် စစ်တပ်ကြီးမှာ စိတ်လည်းတိုကာ ကြောက်လည်း ကြောက်ရွံ့နေကြလေပြီ။ ဒီရဲတင်းတဲ့လူက ထပ်လှုပ်ရှားတော့မှာလား..

အထူးသဖြင့် ရှီလာ၊ နဂါးနက်နှင့် အာတိတ်ဘုရင်တို့ပင်။ သူတို့မှာ အတော်လေး အံ့အားသင့်နေကြရသည်။ သူတို့ ဘယ်တုန်းက ဂျေရုဆလင်မြို့က ကျွမ်းကျင်သူကို ဆန့်ကျင်မိသွားတာလဲ..

ချူဖုန်းကတော့ နောက်ရောက်လာမည့်အဖွဲ့ကို အေးဆေးပင် စောင့်နေလိုက်သည်။ သူ့ကိုယ်သူ မဖော်ထုတ်ချင်သေးသောကြောင့်သာ။ မဟုတ်ပါက သူ မြေနဂါးနှင့် မီးခိုးရောင်သိမ်းငှက်အား ကင်စားနေသည့်ပုံကို အစောကြီးကတည်းက အင်တာနက်ပေါ်၌ တင်လိုက်ပြီဖြစ်သည်။ ဤသည်မှာ သေချာပေါက် ကျူးကျော်တပ်ဖွဲ့ကြီး၏စိတ်ဓာတ်အား ရိုက်ချိုးပစ်နိုင်လိမ့်မည်။

သို့သော် သူ့လုပ်ရပ်များမှာ အနောက်တိုင်းမှ တပ်သားများကို ထိခိုက်စေခဲ့သောကြောင့် ခြင်္သေ့ဘုရင်အကြီးအကဲပင် တပ်သားများ စိတ်အားတက်ကြွလာအောင် ပြောလာရတော့သည်။ သူသည် ခွန်းလွန်တောင်အား တိုက်ခိုက်မည့် သူ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ ပြင်ဆင်မည်မဟုတ်ကြောင်း အာမခံလာသည်။

“မင်း ဘယ်သူလဲ ဘယ်ကလာသလဲဆိုတာ ငါဂရုမစိုက်ဘူး .. ငါ အရှေ့တိုင်းကို ဖြတ်ပြီးတာနဲ့ မင်းငါ့ရှေ့ပေါ်လာရဲရင် မင်းကို သေချာပေါက် သတ်ပစ်မယ်..”

ခြင်္သေ့အကြီးအကဲမှာ အလွန်နိုင်လိုမင်းထက်ဆန်လွန်းလှသည်။ သူသည် မြင့်မြတ်ကုန်းမြေမှ ကျွမ်းကျင်သူကိုပင် ဂရုမစိုက်တော့။

“ခြင်္သေ့အသားက ဘယ်လိုအရသာမျိုးလဲဆိုတာ ငါသိချင်နေတာ .. ငါ ခြင်္သေ့သားစားရဖို့ စောင့်နေမယ်နော်” ချူဖုန်း အဆင့်သတ်မှတ်ချက် ပို့စ်အောက်၌ မှတ်ချက်ရေးလိုက်သည်။

ဤကဲ့သို့ ရေးရန်အတွက် သူ ဘာသာပြန်ဆော့ဖ်ဝဲတစ်ခုကို ရှာတွေ့ထားသည်ပင်။ သူ အင်္ဂလိပ်စကား နည်းနည်းတတ်သော်လည်း ဗာတီကန်မြို့သုံးသည့် ဘာသာစကားကိုမသိ။

ထိုမှတ်ချက်ရေးလိုက်ပြီး ခဏကြာသည်နှင့် အရှေ့နှင့် အနောက်တိုင်း အကုန်လုံး တုန်လှုပ်သွားကြရသည်။ ဒါက ပင်လယ်ထဲ ဥက္ကာခဲကျသွားသလို အဖြစ်အပျက်မျိုးလား..

ခြင်္သေ့အိုကြီးမှာ အလွန်အေးစက်သွားကာ သူ့မျက်လုံးမှ နတ်အလင်းများ ထွက်ပေါ်လာသည်။ သူသည် ဘာမှပြန်မပြောတော့ပဲ သူ ခွန်းလွန်တောင်ကို တတ်နိုင်သမျှ အမြန်ဆုံးရောက်လာမည်ဖြစ်ကြောင်းသာ ပြောလိုက်သည်။

အမှန်တကယ်တွင် ချူဖုန်း ခြင်္သေ့အကြီးအကဲကို ရည်ညွှန်းခြင်းမဟုတ်ပဲ မကြာခင်ရောက်လာတော့မည့် ရွှေရောင်ခြင်္သေ့ဘုရင်ကို ရည်ညွှန်းခြင်းပင်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူနှင့် သူသေကိုယ်သေ တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်မရှိ။

ရွှေရောင်ခြင်္သေ့ဘုရင်သည် ခြင်္သေ့အကြီးအကဲ၏ ထောက်ခံမှု အပြည့်အဝရထားသောကြောင့် သူ့နည်းလမ်းများမှာ အမြဲတမ်း အထက်စီးဆန်သည်။ ယခင်တစ်ခေါက်က သူသည် ချူဖုန်းနှင့် နွားနှစ်ကောင်၏အသက်ကို လိုချင်နေခဲ့သည်။

အရေးကြီးသည့်အချိန်၌ ချာကရမ်ကို ထုတ်သုံးခဲ့သောကြောင့်သာမဟုတ်ပါက သူ ထိုနေရာ၌ အဆုံးသတ်သွားလောက်ပြီဖြစ်သည်။

ယခု ရွှေရောင်ခြင်္သေ့ဘုရင် ဤနေရာကိုဖြတ်ကာ အရှေ့တိုင်းသို့ သွားမည်ဟု သိလိုက်ရသည့်အချိန် သူက ဘယ်လိုလုပ် ရွှေရောင်ခြင်္သေ့ဘုရင်ကို အလွတ်ပေးနိုင်မည်နည်း..

နံနက်ပိုင်းတွင် ချူဖုန်း လျှိုမြောင်တစ်လျှောက် လျှောက်လာပြီး ရှင်းကျန်းမြေပေါ်သို့ ခြေချလိုက်သည်။

အစောင့်အဖွဲ့ မကြာခင်ရောက်လာတော့မည်ဟု သူခံစားနေရသည်။ ထို့ကြောင့် သူ ချုံခိုတိုက်ခိုက်ရန် လာစောင့်နေခြင်းပင်။

သူသည် လျှိုမြောင်ထဲမှ မြူကို ဖြတ်ရင်းဖြင့် ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းနေသောကြောင့် သူ့တစ်ကိုယ်လုံး တောက်ပနေသည်။

ယခင်က ဤနေရာ၌ ဘုရင်အဆင့် ပိုလာပင်ကြီးရှိသော်လည်း ယခု မတွေ့တော့။ ကြည့်ရသည်မှာ ကျူးကျော်စစ်တပ်ကြီး ရောက်လာကတည်းက သူ ထွက်ပြေးသွားသည့်ပုံပင်။

“လာပြီ..”

ဘုရင်အဆင့်သက်ရှိနှစ်ဦးကို မြင်လိုက်ရသည်နှင့် သူ့အသက်ရှူစည်းချက်ကို အဆုံးသတ်လိုက်သည်။

သက်ရှိတစ်ဦးမှာ ဆံပင်ရှည်နှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမခန္ဓာကိုယ်ကို နံနက်ခင်းမြူနှင့် တောက်ပသည့်နေရောင်အလင်းများ ဝန်းရံထားနေ၏။ ဤလှပသည့်အမျိုးသမီးမှာ ဗာတီကန်မြို့မှ ချောင်းနပင်။

သူမဘေးတွင်တော့ တစ်ကိုယ်လုံးနီရဲနေကာ မီးတောက်ကဲ့သို့တောက်ပနေသည့် အမွေးများရှိနေသည့် ခွေးကြီးတစ်ကောင်ပင်။

သူ့အား မြေထဲပင်လယ်ထဲထိ လိုက်ဖမ်းခဲ့သည့်သူများတွင် ချောင်းနနှင့် ဤခွေးလည်းပါဝင်သည်။

ချူဖုန်းကိုတွေ့သည်နှင့် ချောင်းန ချက်ချင်း ဆွံ့အသွားရသည်။ လူသေတစ်ယောက်က ပြန်ရှင်လာပြီး သူမ ရှေ့၌ မတ်တပ်ရပ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့။

စက္ကန့်ပိုင်းအတွင်းမှာပင် သူမ ကိစ္စများစွာကို ဆက်စပ်မိသွားသည်။ ဂျေရုဆလင်၌သေသွားသည့် အက်ဗီဒူး၊ ဒုံးကျည်ဖြင့်ပစ်ခံရသည့် ဗာတီကန်မြို့ .. ဒါတွေအားလုံးက သူနဲ့ ဆက်စပ်နေတာလား..

ဤအမျိုးသမီး၏ အသိစိတ်မှာ ကြောက်စရာကောင်းလောက်အောင် ထက်ရှလှသည်။

သူမမျက်နှာထက်တွင် ဖော်ရွေသည့်အပြုံးတစ်ခု ရှိနေသော်လည်း သူမရင်ထဲကတော့ မီးတောက်နေပြီဖြစ်သည်။ “ချူလေး .. အံ့ဩစရာပဲ .. ကျွန်မတို့ ဒီမှာတွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ .. ဒါ ရေစက်ပဲ .. ကျွန်မနဲ့လိုက်ခဲ့ .. ရှင်လိုက်ချင်ရင် ကျွန်မနဲ့ ရိုမန်ကက်သလစ်အစိုးရအဖွဲ့ထဲ ဝင်လို့ရတယ် .. ရှင်လိုက်ချင်မှပါ .. ကျွန်မရှင့်ကို ဖိအားမပေးပါဘူး” သူမ ရင်းနှီးစွာ ပြောလာသည်။

ချူဖုန်း သူမကို ဘာမှပြန်မပြန်ပြောပဲ တည်ငြိမ်စွာသာ ကြည့်လိုက်သည်။ ယခင်တစ်ခေါက်ကလည်း သူမ သူ့ကို ဤကဲ့သို့ ဖော်ရွေခဲ့သည်ပင်။

“ချူ .. ရှင် ကျွန်မကို စိတ်တိုနေတာလား .. အရင်တစ်ခေါက်တုန်းက နားလည်မှုလွဲသွားတာပါ” ချောင်းန သူမ၏ရွှေရောင်ဆံပင်ရှည်များကို သပ်တင်လိုက်ပြီး နွေးထွေးစွာ ပြုံးလိုက်သည်။

“မတိုပါဘူး .. ဖြစ်ပျက်ခဲ့သမျှကို အရမ်းကျေနပ်တယ် .. ဘာလို့လဲဆိုတော့ အခု ငါမင်းကို သတ်နိုင်မယ့်အခွင့်အရေး ရပြီလေ” ချူဖုန်း ပြောလိုက်သည်။

“မလိုအပ်တဲ့စကားတွေ ပြောမနေနဲ့.. အရင်တစ်ခေါက်က သူ လွတ်သွားတာ .. အခု သူ့ကို သတ်ရမယ်” ခွေးကြီး ဟစ်ကြွေးလာသည်။

ဝှစ်..

ကြီးမားလှဿည့် အစွယ်ကြီး ရောက်လာ၏။ ဤသည်မှာ အချုပ်အနှောင်သုံးခုဖြတ်တောက်ထားကာ ထူးခြားသည့် အင်အားများပိုင်ဆိုင်ထားသည့် ဘုရင်တစ်ဦးပင်။

ချူဖုန်းလည်း သူ၏နတ်ခြေထောက်ကို အသုံးပြုကာ တရှိန်ထိုး ပြေးလာသည်။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ပင်။

ခွပ်..

မြေပြန့်၌ ကောင်းကင်မိုးကြိုးတစ်စင်း ကျရောက်လာသကဲ့သို့သော အသံမျိုး ထွက်ပေါ်လာသည်။

ဝုန်းဟူသည့်အသံနှင့်အတူ ကြီးမားလှသည့်ခွေးကြီး လွင့်ထွက်သွားကာ အဝေးသို့ ကျသွားသည်။ သူ့သွားဖြူဖြူများ ကျိုးသွားပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများစွာလည်း ကျိုးသွားပြီဖြစ်သောကြောင့် နှာခေါင်းနှင့်ပါးစပ်မှ သွေးများ စီးကျလာသည်။ သူသည် ချူဖုန်းခြေထောက်ကို ကိုက်ရန် ရှုံးနိမ့်သွားပြီး ဤကဲ့သို့ ကန်ခံလိုက်ရသည်။

ဝှစ်..

ချောင်းန ချက်ချင်း တုံ့ပြန်လာသည်။ သူမစိတ်ထဲ ပထမဆုံးပေါ်လာသည်မှာ ခွေးကြီးကို ကူညီရန်မဟုတ်ပဲ လှည့်ပြေးရန်ပင်။ သာမန်ဘုရင်တစ်ယောက်မှာ ချူဖုန်းကို ယှဉ်နိုင်မည်မဟုတ်သောကြောင့် သူမ တကယ်ကို ကြောက်ရွံ့နေလေပြီ။

“မင်းက ဘယ်သွားချင်နေတာလဲ..”

ချူဖုန်း အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် ပြေးလိုက်သွားသည်နှင့် သူမကို လိုက်မှီသွားသည်။ ထို့နောက် ချူဖုန်းသည် ကြယ်တစ်လုံးကဲ့သို့ တောက်ပနေသည့်လက်သီးဖြင့် ချောင်းနကို ထိုးချလိုက်သည်။

ခွပ်..

ချောင်းန နောက်ပြန်လှည့်လိုက်ပြီး သူမကိုယ်သူ ကာကွယ်လိုက်သည်။ သို့‌သော် သူမ ခန္ဓာကိုယ်ရှေ့ ကာလိုက်သည့် လက်နှစ်ဘက်လုံး ပုံပျက်ပန်းပျက်ဖြစ်သွားလေသည်။

သူမ အဝေးသို့ လွင့်ထွက်သွားပြီး သွေးအန်သွားလေသည်။

ဂီး..

ခွေးကြီး ချူဖုန်းကို အနောက်မှ တိုက်ခိုက်လာသည်။

ခွပ်..

ချူဖုန်း သူ့နတ်ခြေထောက်ကို အသုံးပြုလိုက်ပြီး ခွေးကြီး၏ခန္ဓာကိုယ်ကို လွှဲကန်လိုက်သည်။ ခွေးကြီး၏အရိုးများ ထပ်ကျိုးသွားပြီး အရိုးကျိုးသံများပင် ထွက်ပေါ်လာသည်။

လက်ရှိအချိန်တွင် ချူဖုန်း၏ ခြေကန်ချက်တစ်ချက်မှာ တောင်ကုန်းတစ်ခုကို ဖြိုချပစ်နိုင်သည်။

ထို့ကြောင့် ဤခွေးဘုရင်တွင် မျှော်လင့်ချက်မရှိတော့။ သူ တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။

ဖူး..

ဓားနီတစ်လက် ပျံသန်းလာကာ ခွေးကြီး၏ခေါင်းကို ခန္ဓာကိုယ်မှ ဖယ်ရှားပစ်လိုက်သည်။

“မင်းအလှည့်ပဲ..” ချူဖုန်း ချောင်းနကို ကြည့်၍ ပြောလိုက်သည်။

“ချူ .. ကျွန်မပြောတာ နားထောင်ပါဦး .. အရင်က နားလည်မှုလွဲတာတွေကို အေးဆေးလေး ထိုင်ပြောလို့မရဘူးလား..” ချောင်းန၏အမူအရာမှာ ဖြူဖျော့နေလေပြီ။

“မင်း အက်ဗီဒူးနဲ့သွားစကားပြောရင်ရော..” ချူဖုန်း အကြံပေးလိုက်သည်။

“ဘာ .. တကယ်ပဲရှင်လား..” ချောင်းန ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ဝက်ဝံဖြူကို ကင်စားလိုက်တဲ့သူက တကယ်ကြီးသူလား..

ဖူး..

လူတစ်ယောက်၏ လက်ဝါးအရွယ်အစားသာရှိသည့် အနီရောင်ဓားပျံတစ်လက် လေထဲ ဝေ့ဝဲကာ ချောင်းနလည်ပင်းထံသို့ ဦးတည်လာသည်။

ထို့နောက်တွင်တော့ အစောင့်တစ်ဖွဲ့ ပျောက်ကွယ်သွားလေပြီ။

ချူဖုန်း သူတို့ခန္ဓာကိုယ်ကို လျှိုမြောင်အခြားတစ်ဖက်ထဲသို့ ပစ်ထည့်လိုက်ပြီး အခြားတစ်ဖက်သို့ လမ်းလျှောက်သွားလိုက်သည်။ ထို့နောက် သူ ဂရိဘက်သို့ ပြန်ရောက်သွားပြီး ရွှေရောင်ခြင်္သေ့တို့ ရောက်လာမည်ကို စောင့်နေလိုက်တော့သည်။

ညနေပိုင်းတွင် ရွှေရောင်ခြင်္သေ့ဘုရင်တို့အဖွဲ့ ဤနေရာနားသို့ ရောက်ရှိလာကြသည်။

“ဟက် .. ဂျေရုဆလင်က အဲဒီလူက တော်တော်လေးကို မောက်မာနေတာပဲ .. သူက ခြင်္သေ့ဘုရင်မျိုးဆက်ကို စော်ကားရဲတယ်ပေါ့..” ခွေးနီဘုရင် ခေါင်းခါ၍ ပြောလိုက်သည်။

“ခြင်္သေ့သားကို စားနိုင်လိမ့်မယ်လို့ အိပ်မက်မက်နေတဲ့ အရူးတစ်ယောက်သာသာပဲ .. သူက သူ့နေရာကိုသူမသိဘူး” ရွှေရောင်ခြင်္သေ့ဘုရင် အေးစက်စွာ ပြောလိုက်သည်။

သူ၏ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီဖြစ်သည်။ ဘုရင်တစ်ဦးဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်မှာ အလွန်ကြံ့ခိုင်လှသည်။ ယခုအချိန်တွင် သူ၏ရွှေရောင်ဆံပင်များ သူ့နောက်၌ လွှဲခါရမ်းနေပြီး မျက်လုံးများမှာ အေးစက်နေကာ ကြောက်စရာကောင်းသည့်အော်ရာကို ထုတ်လွှတ်နေသည်။

“ချူဖုန်း စောစောသေသွားတာ ဆိုးတာပဲ .. ငါက သူ့ကို ငါကိုယ်တိုင် အရေခွံနွှာပစ်ချင်နေတာ .. သူ အသက်ရှင်နေသေးရင် ကောင်းမယ်” ရွှေရောင်ခြင်္သေ့ဘုရင် သက်ပြင်းချလိုက်သည်။

ယခင်တစ်ခေါက်က သူ့ထက်အားနည်းသည့်လူသားတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သောကြောင့် သူ သိက္ခာကျခဲ့ရသည်။

“သူ့ရဲ့ထူးဆန်းတဲ့လက်ကောက်နဲ့ အငိုက်ဖမ်းလိုက်လို့ မဟုတ်ရင် အဲဒီချူဖုန်း ဖုန်မှုန့်ဖြစ်နေလောက်ပြီ .. သူ စောစောသေသွားလို့ ကံကောင်းသွားတာပေါ့ .. ငါ သူ့ကို ထပ်တွေ့ရင် သူ့ကို လွယ်လွယ်သေခိုင်းမှာ မဟုတ်ဘူး” ရွှေရောင်ခြင်္သေ့ဘုရင် အေးစက်စွာ ရေရွတ်လိုက်သည်။

အပိုင်း ၁၇၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset