Switch Mode

Chapter – 177

ခုခံမှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၇ – ခုခံမှု

မိုးရေစက်များ ငြင်သာစွာကျဆင်းနေပြီး ကမ္ဘာမြေကြီးကို အစိုဓာတ်ဖြည့်ပေးကာ ကျောက်စိမ်းကဲ့သို့သော သစ်ရွက်များကို သန့်စင်ပေးနေသည်။ လမ်းတစ်လျှောက်တွင် မြေသင်းနံ့နှင့် မြက်နံ့များ သင်းပျံ့နေသည်ပင်။

ချူဖုန်းသည် သူ့ခန္ဓာကိုယ်ထက်သို့ ကျဆင်းလာသည့် မိုးရေစက်များကို ဂရုမစိုက်ပဲ လမ်းကြောင်းထံသို့ တစ်ယောက်တည်း လျှောက်လာခဲ့လိုက်သည်။ သူ့ကိုကြည့်လိုက်လျှင် စည်းချက်ကျကျ လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း သူ တစ်လှမ်းလှမ်းလိုက်လျှင် ၁၀ မီတာကျော် ရောက်သွားသည်။

သူ အားစိုက်ထုတ်ထားခြင်းမရှိ။ ဤသည်မှာ သူ၏ပုံမှန်လမ်းလျှောက်နှုန်းပင်။ ဤသည်မှာ ဒဏ္ဍာရီလာ ‘ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်း’ နှင့် တူညီနေသည်။

သူ အချုပ်အနှောင်နှစ်ခုကို ဆက်တိုက်ချိုးဖျက်ခဲ့သောကြောင့် သူ့ခြေထောက်များ၌ စွမ်းအားရသွားခြင်းဖြစ်လောက်မည်။

ချူဖုန်း ထူးဆန်းသည့်လျှိုမြောင်လမ်းထံသို့ ဦးတည်သွားနေခြင်းပင်။ သူ့အဆင့်နှင့်ဆိုလျှင် အန္တရာယ်များသည့်အခြေအနေ တွေ့ကြုံရလျှင်ပင် သူ ထွက်ပြေးနိုင်လိမ့်မည်ပင်။

သူ့အမြန်နှုန်းမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများ၏ အရှိန်နှင့် တူညီနေပြီဖြစ်ကြောင်း သူ ယုံကြည်သည်။

သို့သော် ဘုရင်အဆင့်သက်ရှိများတွင် အမြန်နှုန်းနှင့်ပတ်သက်သည့် အားနည်းချက် ရှိနေသည်။ သူသာ ဤအရှိန်နှုန်းအတိုင်း တစ်ချိန်လုံး သွားနိုင်နေလျှင် မည်မျှပင် ကြောက်စရာကောင်းသွားမည်နည်း..

နောက်ဆုံးတွင်တော့ သူ့ဦးတည်ချက်၏ အနီးအနားသို့ ရောက်လာလေပြီ။

မိုးတိတ်သွားသည်နှင့် ပူလောင်ပြင်းပြသည့်နေမင်းကြီး ချက်ချင်း ထွက်ပေါ်လာကာ တိမ်တိုက်များကို ဖယ်ရှားပစ်လိုက်သည်။

“ငါက အရင်ဆုံး ရောက်တဲ့သူ ထင်တာပဲ..” ချူဖုန်း ရေရွတ်လိုက်သည်။ သူသည် အစကတည်းက ဂရိ၌ ရှိနေခြင်းဖြစ်ပြီး သတင်းကြားကြားချင်း ပြေးလာသောကြောင့် သူသာ အရင်ရောက်သည့်သူ ဖြစ်လိမ့်မည်။

ရာသီဥတုမှာ လျင်မြန်စွာပင် ပြောင်းလဲသွားသည်။ မိုးရေကြောင့် ဖြစ်ပေါ်လာသည့် စိုစွတ်မှုမှာ တောက်ပသည့်နေရောင်အောက်တွင် ချက်ချင်း ပျောက်ကွယ်သွားသည်။

ချူဖုန်းသည် လမ်းလျှောက်လာရင်းဖြင့်ပင် လမ်းဘေးရှိအပင်၌ ပေါက်နေသည့် အဝါရောင်အသီးတစ်လုံးကို ခူးစားလိုက်သည်။ သူ့ပုံစံမှာ အလွန်သက်တောင့်သက်သာ ဖြစ်နေသည်ပင်။

လောကကြီး မည်မျှဗြောင်းဆန်နေပါစေ သူကတော့ ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေဆဲပင်။ သူ အင်တာနက်မသုံးသလို ဗာတီကန်နှင့် ပတ်သက်သည့်ကိစ္စများကိုလည်း ဝင်မပြော။

“အမ်..”

ချူဖုန်း သူ့လက်ထဲမှ အသီးကို လွှင့်ပစ်လိုက်ပြီး အရှေ့ဘက်သို့ ကြည့်လိုက်သည်။ ဒီနေရာကို စောင့်ကြပ်နေတဲ့သူတွေ တကယ်ရှိနေတာလား.. သူ့တည်ရှိမှုကို ဖုံးကွယ်ကာ သူ တိတ်တိတ်လေး ချဉ်းကပ်သွားလိုက်သည်။

လျှိုမြောင်ထဲတွင် ကုလားထိုင်များ၊ ဝိုင်ပုလင်း၊ ဗော့ဒ်ကာအရက်ပုလင်း၊ အစားအစာမျိုးစုံနှင့်အတူ ဘုရင်အဆင့်သက်ရှိနှစ်ဦး ထိုင်နေကြလေသည်။

သူတို့သည် အလွန်သက်တောင့်သက်သာဖြစ်နေကြပြီး စားသောက်ရင်းဖြင့်သာ အချိန်များကို ဖြတ်သန်းနေသည်။ သူတို့ပါးစပ်ထဲတွင် ဆေးပြင်းလိပ်ကြီဂပင်ရှိနေသည်။ သူတို့သည် လူနေမှုအသိုင်းအဝိုင်း၊ အလေ့အကျင့်၊ ဇိမ်ခံပစ္စည်းများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေသည့်ပုံပင်။

“မြေနဂါး .. ဗာတီကန်မြို့ကိစ္စမှာ တရားခံအစစ်က ဘဘ်သူလဲသိလား .. သူက တကယ် အကြောက်တရားမရှိတာပဲ .. ရှီလာရဲ့ နတ်မြို့ကိုတောင် သူက ဖျက်ဆီးရဲတယ် .. နဂါးနက်နဲ့အာတိတ်ဘုရင်တို့လည်း ဒေါသထွက်နေကြတယ်လို့ ငါကြားတယ် .. သူတို့တွေက အဲဒီလူကိုရှာပြီး သတ်ပစ်မယ်လို့ ကြိမ်းဝါးနေကြတာတဲ့ .. သူတို့တွေက ဗာတီကန်မြို့က ဆေးခင်းကြီးကို မျှော်လင့်ချက်ထားထားကြတာ .. အခုတော့ သူတို့အိပ်မက်တွေ ဖျက်ဆီးခံလိုက်ရပြီ .. အခုတော့ သူတို့ နောက်ပြန်ဆုတ်စရာလမ်းမရှိတော့ဘူး .. ရှေ့ဆက်သွားရုံပဲ တတ်နိုင်တော့မှာ .. သူတို့ ခွန်းလွန်တောင်ကို ရအောင်သိမ်းပိုက်ဖို့ကလွဲပြီး တစ်ခြားနည်းလမ်းမရှိတော့ဘူး” မီးခိုးရောင်ဆံပင်နှင့်အမျိုးသားသည် ခုံကိုနောက်မှီထိုင်ထားပြီး ဝိုင်တစ်ငုံကိုသောက်ကာ အတွေးထဲ နှစ်မြောနေသည်။

သူနှင့်သိပ်မဝေးသည့်နေရာတွင် တစ်ကိုယ်လုံးမှ အနက်ရောင်အရောင်အဝါများ ထုတ်လွှတ်နေသည့် အနက်ရောင်မြေနဂါးတစ်ကောင်ရှိနေသည်။ သူသည် ပုတ်သင်ညိုမှ သန္ဓေပြောင်းလာသည့်သူဖြစ်ပြီး သူ့ဦးခေါင်းထက်၌ နဂါးဦးချိုသာ ရှိသေးသည်။ သူ အတောင်ပံမရှိသေး။

သူသည် အနောက်တိုင်းနဂါးဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် ယခုအချိန်တွင်ပင်လျှင် သူသည် လုံလောက်အောင်စွမ်းအားကြီးနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အစောကြီးတကည်းက တတိယမြောက်အချုပ်အနှောင်ကို ဖြတ်တောက်ပြီဂသွားပြီဖြစ်သည်။

“တရားခံက စိတ်လွတ်နေတဲ့လူ ဖြစ်ရမယ် .. ဒီလိုလူမျိုးက ကြာကြာပုန်းနေနိုင်မှာမဟုတ်ဘူး .. သူ အနှေးနဲ့အမြန် ပေါ်လာမှာပဲ .. သူပေါ်လာတဲ့အချိန်ကျရင်လည်း သူက အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတွေကို ခုခံနိုင်မှာလား..” နဂါးနက်ကြီး ပြောလိုက်သည်။

မီးခိုးရောင်ဆံပင်နှင့်လူသည် ခေါင်းညိမ့်ပြပြီဂနောက် ဤကိစ္စကို ဆက်မပြောတော့။ အဘယ်ကြောင့်ဆိုသော် သူတို့ ဤကိစ္စအား ဆွေးနွေးနေကြသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။

ခြင်္သေ့အကြီးအကဲ၊ ဗန်ပိုင်းယားဘုရင်နှင့် ဂုရုဖန့်လင်တို့ ပူးပေါင်းပါဝင်လာမည်ဖြစ်သောကြောင့် ခွန်းလွန်တောင်မှာ သေချာပေါက် ကျဆုံးသွားလိမ့်မည်ဟု ပြောနေကြလေသည်။

ထို့အပြင် အနောက်ဘက်၌ စောင့်ကြပ်နေရခြင်းမှာ အလွန်ပျင်းစရာကောင်းကြောင်း၊ ဝေစုခွဲလျှင် သူတို့ ဘာပစ္စည်းကောင်းမှ မရလောက်ကြောင်း ပြောနေကြသည်။

“မဖြစ်သေးဘူး .. ထိပ်တန်းကျွမ်းကျင်သူ သုံးယောက် ရောက်လာရင် ငါတို့ သူတို့နဲ့လိုက်သွားပြီး တိုက်ခိုက်နိုင်မယ့် အခွင့်အေရး ရှာရမယ်”

ခြင်္သေ့အကြီးအကဲ၊ ဖန့်လင်နှင့် နဂါနးက်တို့ ပူးပေါင်းလိုက်လျှင် ခွန်းလွန်တောင်အား အနိုင်ယူသည်မှာ မြက်ခြောက်ပင်အား ဆွဲနှုတ်သကဲ့သို့ လွယ်ကူနေလိမ့်မည်ဟု သူ ယုံကြည်သည်။ သူတို့ အန္တရာယ်များမည်မဟုတ်။

“ဟုတ်တယ် .. ဒီလိုမျိုး ခြောက်ကပ်နေတဲ့နေရာမျိုးမှာ စောင့်နေရတာက ပျော်စရာမကောင်းဘူး .. ငါတို့ တိုက်ပွဲထဲဝင်ပြပြီးတော့ ဝေစုရအောင် ယူရမယ်” မြေနဂါးနက်ကြီး ပြောလာသည်။ ထို့နောက် သူ့မျက်လုံးများ တောက်ပလာကာ “ငါတို့ဒီစစ်ပွဲက တစ်ခြားသမိုင်းဝင်စစ်ပွဲတစ်ခုနဲ့ တူမနေဘူးလား..”

“ကမ္ဘာကြီးမပြောင်းလဲခင်က နိုင်ငံရှစ်နိုင်ငံပူးပေါင်းပြီး အရှေ့တိုင်းကို ကျူးကျော်တဲ့စစ်ပွဲလား..” မီးခိုးရောင်ဆံပင်နှင့်လူကြီး‌ မေးလိုက်သည်။

“ဟုတ်တယ် .. တူတာတွေ ရှိနေတယ် .. ဒါပေမဲ့ ဒီတစ်ခေါက် ကျူးကျော်တာက ပိုပြီး အကျိုးအမြတ်များတယ် .. သူတို့တွေသာ ခွန်းလွန်တောင်ကို နိုင်သွားရင် နဂါးဘုရင်လိုမျိုး ကျွမ်းကျင်သူတွေက ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေ ဖြစ်လာလိမ့်မယ် .. ငါတို့တွေလည်း သူတို့နဲ့ယှဉ်ရင် ဒုတိယအဆင့်ထိ ရောက်သွားအောင် စွမ်းအားကြီးသွားမှာ..” မြေနဂါးနက် မျက်လုံးများ တောက်ပလာသည်။

ထို့နောက်တွင်တော့ သူတို့သည် လူများကို စတင်ဆက်သွယ်လိုက်ပြီးနောက် သူတို့ ရှေ့တန်းမှ တိုက်ခိုက်ချင်ကြောင်း ပြောလိုက်ကာ အကူအညီတောင်းလိုက်သည်။

“ဟေး .. ငါ ခွင့်ပြုချက်ရသွားပြီ .. နောက်နှစ်ရက်နေရင် ရွှေရောင်ခြင်္သေ့ဘုရင်နဲ့ ဗန်ပိုင်းယားအုပ်စုတွေ ရောက်လာမှာ .. ငါတို့တွေ သူတို့နဲ့လိုက်သွားပြီး ရှေ့တန်းမှာ တိုက်လို့ရပြီ..” မီးခိုးရောင်ဆံပင်နှင့်လူကြီး ပြောလိုက်သည်။

ချူဖုန်း လေးနက်သည့်အမူအရာဖြင့် ထွက်လာသည်။ ဤနှစ်ယောက်သည် လက်ရှိစစ်ပွဲကို နိုင်ငံရှစ်နိုင်ငံပေါင်းတိုက်သည့် အရှေ့တိုင်းကျူးကျော်စစ်နှင့် နှိုင်းယှဉ်နေကြသေးသည်။

သူ မြူမှုန်များထဲ တိတ်တဆိတ်ဖြတ်သွားပြီး သူတို့နှစ်ယောက်ဘေး၌ ရုတ်တရက် ပေါ်လာလေသည်။

ဒုန်း ဒုန်း..

မီးခိုးရောင်ဆံပင်အမျိုးသားနှင့် မြေနဂါးနက်တို့သည် အလွန်ထိတ်လန့်သွားကာ ခုံများ၊ စားပွဲများကို မှောက်လှန်ပစ်လိုက်လေသည်။

သေသွားတဲ့လူတစ်ယောက်က ဘယ်လိုလုပ် သူတို့ရှေ့မှာ ပြန်ပေါ်လာနေနိုင်တာလဲ..

ထိုနေ့တွင် သူတို့သည် အက်ဗီဒူး၊ ဝက်ဝံဖြူ၊ ချောင်းနတို့နှင့် သူ့ကို ပြေးစရာမြေမရှိအောင် လိုက်ဖမ်းခဲ့ကြသည်ပင်။

နောက်ဆုံး သူ ပင်လယ်ထဲ ခုန်ဆင်းသွားလိုက်ရပြီး သူ့အား ဝေလငါးတစ်ကောင် မြိုချလိုက်သည်ကို သူတို့မျက်စိနှင့် တွေ့ခဲ့ကြရသည်။ ချူဖုန်း သေဆုံးသွားပြီဟု သူတို့ ခိုင်မာစွာ ယုံကြည်ထားကြသည်ပင်။

“ဟေ့ကောင် .. မင်းက တော်တော်လေး ကံကောင်းတာပဲ..” မီးခိုးရောင်ဆံပင်နှင့်အမျိုးသား သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး ပြောလိုက်သည်။ သူသည် သွားများပေါ်လာသည်အထိ ပြုံးနေသော်လည်း သူ့စိတ်ထဲကတော့ အတော်လေး ကြောက်ရွံ့နေသည်ပင်။ သေလူတစ်ယောက် ရုတ်တရက်ပေါ်လာသည်နှင့် ကိစ္စများစွာကို ဆက်စပ်မိသွားကာ သူ မသက်မသာ ဖြစ်လာရသည်။ သို့သော် ဤစိုးရိမ်မှုများကို ထုတ်ပြ၍မရ။

“မင်းက ဘယ်လိုလုပ် အသက်ရှင်နေတာလဲ..” မြေနဂါးနက်ကြီး ၁၀ မီတာအကွာမှ အော်ဟစ်လာသည်။ သူလည်း ကြောက်နေသည်ပင်။

“ငါ လူသေတွေနဲ့စကားသိပ်မပြောချင်ဘူး” ချူဖုန်း၏ သတ်ဖြတ်လိုသည့်အငွေ့အသက် ပျံ့လွင့်လာသည်။ ဤနှစ်ယောက်မှာ သေချာပေါက် သေဆုံးမည်ဖြစ်သောကြောင့် သူ ဤလူများနှင့် စကားထပ်ပြောစရာမလိုတော့။

ခွပ်..

အနီရောင်အလင်းတန်းတစ်ခု ပေါ်လာကာ မြူဆိုင်းနေသည့် လျှိုမြောင်ထဲ လင်းလက်လာသည်။ ချူဖုန်း ဓားပျံ ပစ်လွှတ်လိုက်ကာ သူတို့ဖုန်းများကို ဖျက်ဆီးပစ်လိုက်သည်။

ဤလူနှစ်ဦးသည် သတိကြီးကြီးဖြင့် ဤအခြေအနေများကို အကြီးအကဲများထံ သတင်းပို့ချင်နေခြင်းပင်။

“မင်း..”

မြေနဂါးနက် နောက်ဆုတ်လိုက်ပြီး သူ့အကြေးခွံများ ပွင့်ဟလာကာ အနက်ရောင်အလင်းများ ထုတ်လွှတ်လာသည်။ ကိစ္စများမှာ အခြေအနေဆိုးနေပြီဟု သူ ခံစားနေရသည်။ သူတို့ရှေ့ရှိ ချူဖုန်းမှာ ယခင် သူတို့ လိုက်ဖမ်းစဉ်ကထက် အများ အများကြီး အားကောင်းလာပြီဖြစ်သည်။

“မြေနဂါး .. ငါတို့ပူးပေါင်းပြီး သူ့ကို သတ်သင့်တယ် .. သူက ငါတို့အရင်တစ်ခေါက်တုန်းက လမ်းဘေးခွေးလို မောင်းထုတ်ခဲ့ဖူးတဲ့ လူသားတစ်ယောက်ပဲ” မီးခိုးရောင်ဆံပင်နှင့်အမျိုးသား ပြောလိုက်သည်။

“ကောင်းတယ် .. သူ့ကို သတ်ကြစို့..” မြေနဂါး ဟစ်ကြွေးလိုက်သည်။

သို့သော် သူတို့ပြုလုပ်လိုက်သည့်အပြုအမူများမှာ သူတို့ ပြောစကားနှင့် ဆန့်ကျင်ဘက်ပင်။ မီးခိုးရောင်ဆံပင်နှင့်အမျိုးသားသည် ရုတ်တရက် မီးခိုးရောင်သိမ်းငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ချူဖုန်း မြေနဂါးနက်နှင့် တိုက်ခိုက်နေစဉ် သူ ထွက်ပြေးရန် စီစဉ်ထားခြင်းပင်။

မြေနဂါးနက် သတ်ဟု အော်ဟစ်လိုက်သည့်အချိန်က သူ လှည့်ပြေးပြီးသားပင်။ သူ၏ကြီးမားလှသည့်ခန္ဓာကိုယ်သည် အဝေးသို့ ခုန်ထွက်လိုက်သည်နှင့် ဝုန်းကနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သူသည် အတော်လေး မြန်ဆန်လှသည်ဟု ပြော၍ရသည်။

သူတို့နှစ်ဦးလုံးသည် အခြားတစ်ဦး တိုက်ခိုက်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ ထွက်ပြေးချင်နေကြခြင်းပင်။ ဘုရင်အဆင့်သက်ရှိများ ဖြစ်ကြသောကြောင့် လက်ရှိအခြေအနေမှာ မကောင်းကြောင်း သူတို့ သိနေသည်ပင်။

ထို့အပြင် ဤလူသားကောင် သူ့တစ်ယောက်တည်း လာရဲသောကြောင့် သူ့ထံတွင် သေချာပေါက် ဝှက်ဖဲများ ရှိနေမည်ပင်။

“မင်းတို့နှစ်ယောက်က နိုင်ံငံရှစ်နိုင်ငံ ပူးပေါင်းကျူးကျော်တဲ့စစ်ပွဲကို ချီးကျူးနေကြတာ မဟုတ်ဘူးလား .. မင်းတို့က ဒီလောက်ပဲ အဖြစ်ရှိတာလား” ချူဖုန်း အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အနီရောင်ဓားသွားသည် မြူထဲသို့ ဖြတ်သွားလိုက်ပြီးနောက် နတ်သက်တံ့ကဲ့သို့သော အလင်းတန်း ထွက်ပေါ်လာသည်။

ဖူး..

သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။ မီးခိုးရောင်သိမ်းငှက်သည် အချုပ်အနှောင်နှစ်ခု ချိုးဖျက်ပြီးသွားပြီဖြစ်သော်လည်း သူသည် ချူဖုန်း၏ပြိုင်ဘက်မဟုတ်သေး။ သူ့ခန္ဓာကိုယ် နှစ်ပိုင်းဖြတ်ခံလိုက်ရကာ ကောင်းကင်ထက်မှ ပြုတ်ကျလာလေသည်။

“အား..” မီးခိုးရောင်သိမ်းငှက်သည် သနားစဖွယ်အော်ဟစ်ကာ မြေပြင်ထက်၌ လူးလိမ့်နေသည်။

ဖူး..

အနီရောင်ဓားပျံ ထပ်မံရောက်ရှိလာကာ သူ့ခေါင်းကို ဖြတ်တောက်သွားလေသည်။ ဘုရင်တစ်ဦး အဆုံးသတ်သွားလေပြီ။

“ငါ မင်းကို အသက်ရှင်လျက်ထားပြီး စီးတော်ယာဉ်လုပ်လိုက်ရမှာ .. နှမြောစရာကောင်းလိုက်တာ..” ချူဖုန်း အနည်းငယ် နောင်တရမိသွားသည်။ သူ့ထံ၌ ငှက်ဘုရင်တစ်ကောင်သာရှိနေလျှင် သူ လေယာဉ်ပျံထက်ပင် ပို၍မြန်မြန်သွားလာနိုင်လိမ့်မည်။

သူ့ရှေ့တွင်ရှိနေသည့် မြေနဂါးနက်မှာတော့ ချီးထွက်အောင် ကြောက်နေလေပြီ။ ဓားချက်တစ်ချက်တည်းနဲ့ အချုပ်အနှောင်နှစ်ခု ဖြတ်တောက်ထားတဲ့လူတစ်ယောက်ကို သတ်လိုက်တာလား..

မြေနဂါးသည် သိမ်းငှက်ထက် ခွန်အားကြီးသော်လည်း အဆပေါင်းများစွာ အင်အားကြီးနေသည်မဟုတ်။

သူ ကြောက်လန့်တကြား ထွက်ပြေးလိုက်သည်။ သူသည် နဂါးနက်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သောကြောင့် နဂါးနက်သာ ခွန်းလွန်တောင်အရှင်ဖြစ်လာလျှင် သူလည်း စွမ်းအားကြီးလာလိမ့်မည်။ သူ ဤနေရာ၌ မသေချင်။

သို့သော် နောက်တစ်စက္ကန့်တွင် အရိပ်တစ်ခု ဖြတ်သွားကာ သူ့ရှေ့၌ ပိတ်ရပ်လာသည်။ အနီရောင်ဓားသွားမှာ လေထဲ၌ရပ်နေပြီး သူ့ကို ချိန်ရွယ်ထားသည်ပင်။

သူအလွန်‌ ကြောက်နေလေပြီ။ သူ့ပြိုင်ဘက်မှာ အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် ချီလင်းထက်ပင် ပိုမြန်နေသည်။

သူတော့ သွားပြီ..

“ဂီး..”

မြေနဂါးနက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး အနက်ရောင်မီးတောက်များ မှုတ်ထုတ်လာသည်။ ဤသည်မှာ သားရဲဘုရင်များကိုပင် ပြာကျအောင် လုပ်နိုင်သည့် စွမ်းအားအကြီးဆုံးစွမ်းရည်ပင်။

သို့သော် ဤစွမ်းရည်မှာ ချူဖုန်းအတွက် အလုပ်မဖြစ်။

သူ့ရှေ့ရှိ လူငယ်လေး၏ တစ်ကိုယ်လုံးမှ ထူးခြားသည့်စွမ်းအင်များ ထွက်ပေါ်လာပြီး အနက်ရောင်မီးတောက်များကို တွန်းကန်လာသည်။

ထို့အပြင် အနီရောင်ဓားသွားသည်လည်း ကြောက်စရာကောင်းသည့်အလင်းတန်းနှင့်အတူ အောက်သို့ ရော်ရှိလာသည်။

နဂါးနက်သည် သူ၏ချွန်ထက်သည့် လက်သည်းများဖြင့် ဝင်လာသည့်ဓားသွားကို ကာကွယ်လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ မတားဆီးလိုက်နိုင်ပဲ သူ၏ကြီးမားလှသည့် နဂါးလက်သည်းများသာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

“အား..” သူ နာကျင်စွာ အော်ဟစ်လိုက်သည်။ “နဂါးနက်ကြီးက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး .. ငါသေရင် မင်းလည်း အသက်ရှင်ရလိမ့်မယ် မထင်နဲ့”

ချူဖုန်း သူ့အားလွတ်ပေးမည်မဟုတ်မှန်း သိနေသောကြောင့် သူ ချူဖုန်းကို သနားဖို့ တောင်းဆိုမနေတော့။

ဓားပျံကြီး နောက်တစ်ကြိမ် ရောက်ရှိလာသည်။ ယခုတစ်ခေါက်တော့ သူ ခုခံဖို့အချိန်မရှိတော့။ နေရာအနှံ့ သွေးများလွင့်စင်လာပြီး သူ့အမြှီးနှင့် ခြေလက်အားလုံး ဖြတ်တောက်ခံလိုက်ရလေပြီ။

နောက်ဆုံးတွင်တော့ ဓားပျံသည် မြေနဂါး၏လည်ပင်းထက်သို့ ရောက်ရှိလာပြီးနောက် သူ့အသက်ကို အဆုံးသတ်လိုက်လေသည်။

ချူဖုန်းသည် မြေနဂါးနှင့် မီးခိုးရောင်သိမ်းငှက်တို့၏ နေရာတွင် ဝင်ထိုင်လိုက်ပြီး ရောက်လာမည့်အဖွဲ့များကို စောင့်ဆိုင်းနေလိုက်သည်။ သူ ရောက်လာသည့်သူအားလုံးကို တစ်ယောက်စီ သတ်ပစ်မည်။

အပိုင်း ၁၇၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset