Chapter – 1 ၀ိဥာည် ကူးပြောင်းခြင်း
“ သခင်လေး သခင်လေး မနက်စာစားဖို့ အိပ်ယာထဖို့သင့်ပါပြီခင်မျာ”
အသက်ကြီးတဲ့လူတစ်ယောက်ရဲ့ တည်ငြိမ်တဲ့အသံတစ်ခုက သူ့နားထဲလွှမ်းလာ၏။ ကျောက်ဟိုင်ကတော့ အလွန်အမင်းခေါင်းကိုက်နေတာမို့ ဒီအသံကို ဂရုမပြုလေဘူး။ သူ့အထင်တော့ ကွန်ပျူတာမပိတ်ထားခဲ့မိတာမို့ ဇာတ်လမ်းတွဲတစ်ခုကလာနေတဲ့အသံတွေလို့ပဲ ထင်လိုက်သည်။
သို့ပေမယ့် အသံကဆက်လာသည်။
“ သခင်လေး အိပ်ယာထသင့်ပါပြီခင်မျာ။ အထက်တန်းလွှာတစ်ယောက်အနေနဲ့ မနက်စောစောအိပ်ယာထတာက ကောင်းတဲ့အလေ့အကျင့်ပါ”
ကျောက်ဟိုင် ကြောင်အသွားသည်။ ယခုအသံကား ကွန်ပျူတာဘက်ကထက် သူ့နားနားကပ်ပြီး ပြောနေသလို ပီသနေလွန်းတာမို့ပင်။ သူ့ကွန်ပျူတာအသံက ယခုလောက်နီးကပ်ဖို့ရာမရှီ၊ အခုအသံက နီးနီးကပ်ကပ်ကြားနေရပြီး စစ်မှန်လွန်းနေသည်ပင်။
ခေါင်းက အရမ်းထိုးကိုက်နေသော်လည်း ကျောက်ဟိုင် အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် မြင်နေကြဖြစ်တဲ့မျက်နှာကျက်အဖြူအစား ရှေးဆန်ဆန်ဖြင့် ပိတ်ချောအဖြူဖြင့်လုပ်ထားတဲ့မျက်နှာသက်သက်ကိုမြင်ရသည်။
သေချာလေ့လာလိုက်တဲ့အခါမှာတော့ သူဟာ ကြီးမားလှတဲ့သစ်သားကုတင်တစ်လုံးပေါ်မှာ အိပ်နေတာဖြစ်ပြီး အိပ်ယာဘေးတွင်တော့ အသက်ငါးဆယ်အရွယ်လူအိုတစ်ယောက် ရပ်ကြည့်နေတာကိုမြင်ရသည်။ ထိုလူက မွဲပြာပြာဆံပင်တွေကို သပ်ရပ်စွာဖြီးသင်ထားတာက တစ်မျှင်မှပင် ထွက်မနေစေတဲ့အထိ။ တည်ငြိမ်တဲ့ဟန်နှင့်ထိုသူဟာ သူ့ကိုပြုံးရင်း ခပ်အေးအေးကြည့်နေသည်။
ကျောက်ဟိုင် ထိုသူအား ကြောင်တောင်တောင်လေး ကြည့်လိုက်သည်။ နောက် တစ်ခန်းလုံးကို မျက်စိကစားလိုက်၏။ ကျောက်တုံးအိမ်လေးဖြစ်ကာ အထဲတွင် သူရှိနေသည့်အိပ်ယာမှလွဲလို့ စားပွဲတစ်လုံးနှင့်ထိုင်ခုံတစ်ခုသာရှိသည်၊ မှန်သည် ထိုအရာတွေကား ပရိဘောကတွေဖြစ်သည်။ မျက်နှာကျက်ကလည်း ပိတ်ဖြူချောတစ်ခုနဲ့လုပ်ထားပြီး ပြတင်းတွေက သစ်သားဘောင်နှင့်ဖြစ်သည်။ အလင်းအတွက်တော့ ကျောက်တုံးဆန်ဆန်တစ်စုံတစ်ခုအား သူ့ခေါင်းအထက်တွင်တွဲလောင်းမြင်ရသည်။
“ သခင်လေး ဘာမှမဖြစ်ဘူးဆိုလည်း အိပ်ယာထပါတော့ခင်မျာ။ အထက်တန်းလွှာတစ်ယောက်အနေနဲ့ စည်းကမ်းကိုလိုက်နာဖို့လိုပါတယ်။ မနက်စာစားချိန်ရောက်ပါတော့မယ်ခင်မျာ”
ကျောက်ဟိုင် ထိုသူအားကြည့်ရင်း ရေရွတ်မိတဲ့စကားကတော့….
၀ိဥာဉ်ကူးပြောင်းခြင်း…
ထိုသို့တွေးမိတာနဲ့ သူ့ခေါင်းက စူးကိုက်လာကာ မေ့မြောသွားတော့သည်။
ဂရင်းဘူတမှာ မေ့မြောနေတဲ့ကျောက်ဟိုင်ကို ကြည့်သည်။ နောက်အခြားကိုအာရုံပြောင်းပြီး ထွက်သွားတော့သည်။ အိမ်ရဲ့အပြင်ဘက်တွင်တော့ လူလေးယောက်ရှိနေသည်။ ယောင်္ကျားနှစ်ယောက်နှင့် မိန်းမနှစ်ယောက်ဖြစ်၏။ ယောင်္ကျားနှစ်ယောက်ကား ဆယ်ကျော်သက်အရွယ်များပင်ဖြစ်သည်။ သို့သော် နှစ်မီတာကျော် အရပ်ရှည်ကြ၏။ သူတို့ရဲ့အသားအရည်က ညိုမှောင်ပြီး သံကြွပ်တွေလို ကြွက်သားတွေရှိသည်။ နှစ်ယောက်ကား ရပ်ရည်တစ်ထပ်ထဲတူညီကြတာကြောင့် အမွှာတွေမှန်း သိနိုင်ပေသည်။ ဆံပင်ကလည်းခပ်တိုတိုနှင့်ဖြစ်ကာ ရူးကြောင်ကြောင်ပုံစံတွေဖြစ်လေသည်။
အမျိုးသမီးနှစ်ယောက်မှာတစ်ယောက်က လေးဆယ်ဝန်းကျင်ဖြစ်သည်။ အပြာရောင်ဆံပင်တွေနှင့် ကြင်နာတတ်သည့် မျက်ဝန်းတွေရှိကာ ပြည့်ဖြိုးသောကိုယ်လုံးကို ပိုင်ဆိုင်သည်။ သို့သော်ယခုအချိန်တွင်တော့ သူ(မ)အမူအယာမှာ စိုး၇ိမ်မှုတွေသာပြည့်နေသည်။
နောက်တစ်ယောက်မှာလည်း ဆယ်ကျော်သက်အရွယ်ဖြစ်ကာ ရှည်လျားသော အပြာရောင်ဆံပင်တွေကိုပိုင်ဆိုင်သည်။ ကိုယ်လုံးလေးက သေးသွယ်ကာ အသားအရည်ကလည်း ဖြူဖြူဖျော့ဖျော့လေးမို့ ရှာမှရှားတဲ့အလှပိုင်ရှင်လည်းဖြစ်သည်။ သို့သော် ခေါင်းကိုငုံ့ကိုင်းကာ အလွန်အမင်း စိတ်မကောင်းဖြစ်နေသည့်အနေအထားနှင့် ရှိနေလေသည်။
ဂရင်းအိမ်ထဲကထွက်လာတာမြင်တော့ အသက်ကြီးသောအမျိုးသမီးက
“ ဂရင်း သခင်လေး ဘယ်လိုနေလဲ သတိရပြီလား”
ဂရင်းခေါင်းငြိမ့်လိုက်သည်၊ နောက်ခေါင်းပြန်ခါ၏။
“ သူနိုးလာတယ် နောက်တော့ ပြန်မေ့သွားတယ်။ မယ်ရင်း မင်းရဲ့မှော်ပညာက သက်ရောက်မှုမရှိတာလား ဆေးတွေကပဲ အလုပ်မဖြစ်တာလားပဲ။ တစ်ယောက်ယောက်ကများ ဆေးတွေထဲ တစ်ခုခုလုပ်ထားတာများလား”
သူ့စကားကြားတော့ မယ်ရင်းရဲ့မျက်နှာက အေးစက်သွားသည်။
“ ဒီအတိုင်းသာဖြစ်နေရင်တော့ အကုန်လုံးကို တစဆီလုပ်ပစ်မယ်။ သခင်လေးက တော်တော်အသုံးမကျတဲ့သူဖြစ်နေပေမယ့် သူ့ကိုယ်ထဲမှာ ဘူတမိသားစုရဲ့သွေးတွေ စီးဆင်းနေတယ်လေ။ ဒီအင်ပါယာက မိမစစ်ဖမစစ်တွေ အဲ့ဒိနေ့တွေက သခင်လေးလုပ်ပေးခဲ့တာတွေကို မေ့သွားကြပြီလား။ တော်တော်ကျေးဇူးမသိတတ်တဲ့ မိမစစ်ဖမစစ်တွေ”
ဂရင်း မယ်ရင်းကိုတည်ငြိမ်စွာကြည့်ကာ
“ မင်းအထဲကို ၀င်ကြည့်သင့်တယ်။ ဘာပဲဖြစ်ဖြစ် အဖြူရောင်မှော်စွမ်းအားက အလုပ်မဖြစ်တော့ဘူး။ ဘာပဲဖြစ်ဖြစ်ပါ ဘူတမိသားစုရဲ့ နောက်ဆုံးသွေးကို ငါတို့ ကာကွယ်ရမယ်”
မယ်ရင်း ခေါင်းငြိမ့်ပြီး ဂရင်းကို ခပ်စူးစူးတစ်ချက်ကြည့်ကာ
“ ဂရင်း ရှင် သခင်လေးကို အထက်တန်းလွှာတွေရဲ့ ဖိအားတွေလာမပေးဖို့ ကျွန်မပြောချင်တယ်။ ဒီလိုအိမ်စုတ်မှာ ကျွန်မတို့ကိုနေခိုင်းထားတယ်။ အထက်တန်းလွှာတွေရဲ့ ကျင့်ဝတ်လား ငရဲကိုသွားစမ်းပါ။ အဲ့ဒိအထက်တန်းလွှာဆိုတဲ့ဟာတွေရဲ့ မျက်နှာကိုမြင်ရတာနဲ့တင် အန်ချင်တယ်”
ဂရင်းမျက်နှာပျက်သွားပေမယ့် ချက်ချင်းပဲ ပြန်တည်ကြည်သွားကာ
“ မေးခွန်းကကျော်သွားပြီ။ မင်းဘာပြောပြောပါ ငါကတော့ သခင်လေးကို သင်ပြပေးရမှာပဲ။ သခင်လေးက မြို့စားကြီးတစ်ယောက်လေ ဒါကြောင့်သူ့မှာ အထက်တန်းလွှာတစ်ယောက်ရဲ့အရှိန်အ၀ါတွေ၊ အပြုအမူတွေရှိဖို့လိုတယ်။ ငါကတော့ ဘိုးဘေးတွေဆီမှာ မျက်နှာအပျက်ခံမှာ မဟုတ်ဘူး”
မယ်ရင်းဒေါသထွက်လာကာ ဂရင်းကိုကြည့်သည်။
“ ရှင်ဒီလိုလုပ်မယ်ဆိုရင် ကျွန်မရှင့်ကို ဘာမှချက်မကျွေးနိုင်ဘူး ရှင်ငတ်သေလိုက်တော့။ ဘာကို အထက်တန်းလွှာပုံစံလဲ။ မြို့တော်မှာ လူတွေထပ်ဖြည့်ထားတာရှင်မသိဘူးလား။ ကျွန်မတို့ဘယ်အချိန်ထိ ဒီလိုရပ်တည်နေရမယ်မသိနိုင်ဘူး။ သခင်လေးက အဲ့နေရာကို ပြန်ရောရောက်နိုင်ပါ့မလား ဟမ်”
ဂရင်းမျက်နှာပျက်နေပေမယ့် မယ်ရင်းပြောတာတွေက အမှန်တွေဖြစ်သည်။ သူတို့အခုလို မြေသြဇာမကောင်းတဲ့ကန္တာရဒေသမှာ နေနေရတာကလည်း အင်ပါယာဘုရင်နှင့် မြင့်မြတ်တဲ့ အထက်တန်းလွှာပုဂ္ဂိုလ်တွေကြောင့်ဖြစ်သည်။ တစ်ချိန်ကတောက်ပခဲ့တဲ့ ဘူတမိသားစုဆိုတာက အခုအချိန်မှာတော့ ဘာမှမဟုတ်တော့ပေ။ သူတို့တွေက ဘူတကလန်ကို မျိုးဖြတ်ပြီး သုတ်သင်ဖို့ဆန္ဒရှိနေလောက်သည်ပေ။
ဘူတကလန်က အခုအချိန်ထိ ရှိနေသေးပေမယ့်လည်း မြို့တော်ထဲက အထက်တန်းလွှာတွေထဲ ပြန်ဝင်ဆန့်ဖို့ကတော့ မဖြစ်နိုင်တော့ပေ။ ဒါကြောင့်လည်း ပြည်သူတွေကအနေနဲ့ ဘူတကလန်ကို မေ့လျော့လာကြသည်။
ဒါတွေထက် ဂရင်းစိုးရိမ်တဲ့ကိစ္စက သူတို့တွေထပ်ပြီး အကျဘက်ကိုရောက်လာသောကြောင့်ဖြစ်သည်။ အင်ပါယာဘုရင်က အေဒင်ဘူတကို ရှိခြင်းမဲ့ရေကို သောက်စေခဲ့သည်။
ရှိခြင်းမဲ့ရည်ဆိုတာက တစ်စက်ကတင် ရွှေနဲ့ချိန်ပေးပြီး ၀ယ်ရတဲ့အထိအဖိုးတန်သည်။ သူက အရာတိုင်းကို သာမန်အဖြစ်ပြောင်းနိုင်စွမ်းရှိသည်။
နတ်ဘုရားတွေရဲ့စွမ်းအားကိုပိုင်ဆိုင်တဲ့ သူရဲကောင်းတွေ၊ နတ်ဘုရားစွမ်းအားတွေပိုင်တဲ့ မှော်ပညာရှင်တွေနဲ့ စစ်သားတွေအားလုံးကို သာမန်လူတွေအဖြစ်ပြောင်းလဲနိုင်စွမ်းရှိသည်။
ဆေးရည်တစ်စက်ကို သုံးလိုက်တာနဲ့ ဘယ်သူတွေပဲဖြစ်နေပါစေ သာမန်လူသားတစ်ယောက်အဖြစ်သို့ ပြောင်းသွားရပေသည်။ ထိုသူအနေနဲ့ဘယ်သောအခါမှ တိုက်ပွဲဝင်ချီစွမ်းအားတွေနဲ့ မှော်ပညာကို အသုံးပြုလို့မရနိုင်တော့ပေ။
အင်ပါယာဘုရင်က အေဒင်ဘူတကို ဒီဆေးရည်သောက်ဖို့ အမိန့်ပေးခဲ့သည်။
ဒီဆေးရည်ကိုသောက်လိုက်တာနဲ့သာမန်လူတစ်ယောက်သာဖြစ်သွားပြီး စားနိုင်တယ်၊သောက်နိုင်တယ်၊ သို့ပေမယ့် သေဖို့ကိုတော့ စောင့်ဆိုင်းနေရတော့မှာဖြစ်သည်။ အာဏာတွေ မြင့်မြတ်မှုတွေ၊ ကျော်ကြားမှုတွေကိုတော့ လက်လှမ်းနိုင်စွမ်းမရှိတော့ပေ။
အေဒင်က ဘူတကလန်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူ့အနေနဲ့ ဘူတကလန်က အာ့ဆုအင်ပါယာမှာ ကျော်ကြားပြီး နေရာပြန်ယူနိုင်ဖို့ ကြိုးစားရမည်ဖြစ်သည်။ သို့သော် သူက သာမန်လူသားတစ်ယောက်ဖြစ်သွားခဲ့ရင်တော့ တိုက်ပွဲချီစွမ်းအားတွေနဲ့ မှော်ပညာကိုမသင်နိုင်တော့ဘဲ ကလန်ကိုလည်း ပြန်လည်ထွန်းတောက်အောင် မစွမ်းဆောင်နိုင်တော့ပေ။ ဒါက ဘူတကလန်တစ်ခုလုံးကိုစိတ်ပျက်စေခဲ့သည်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပျက်ဆီးခဲ့ရသည်ပေ။
စွမ်းအားမဲ့သွားရုံလောက်နဲ့ဂရင်းစိတ်မပျက်မိသေးချေ။ သူက အဆင့်ရှစ်စစ်သည်တစ်ယောက်ဖြစ်ပြီး သူ့မိန်းမမယ်ရင်းက အဆင့်ရှစ်ရေစွမ်းအား မှော်ပညာသည်တစ်ယောက်ဖြစ်သည်။ သူတို့မြေးဆိုရင် အဆင့်ခြောက်လေစွမ်းအား မှော်ပညာသည်ဖြစ်သည်။ သူတို့ရဲ့အားနဲ့ဆို အလုံအလောက်အင်အားရှိတယ်လို့ဆိုနိုင်သည်။ သူတို့ရဲ့ ကံကျွေးခံမြေဖြစ်တဲ့ နယ်မြေမှာ အဓိကမြို့တော်တစ်ခုနဲ့ အလယ်အလတ်မြို့ လေးမြို့ပါဝင်ကာ အင်ပါယာရဲ့တောင်ဘက်တွင်ရှိသည်။ ထိုမြေတွေမှာ လူဦးရေများပြားပြီး လယ်ယာဖြစ်ထွန်းတာမို့ ဘူတကလန်အတွက် ကြီးကျယ်ခမ်းနားစွာ နေနိုင်ပေသေးသည်။
သို့သော် အင်ပါယာကအရှင်က သူတို့ကို တောင်ဘက်အစား မြောက်ဘက်ကိုပို့ခဲ့သည်။ ထိုနေရာကား အပျက်အဆီးနယ်မြေတစ်ခုသာဖြစ်ပြီး ဘာကောက်ပဲသီးနှံမှမဖြစ်ထွန်းပေ။
အနက်ရောင်အပျက်အဆီးမြေက ဘာကိုမှစိုက်လို့မရတဲ့ လွင်တီးခေါင် ဖုန်းဆိုးမြေဖြစ်သည်။ ကန္တာရဒေသတွေမှာပေါက်တဲ့အပင်တွေတောင် ဒီမြေမှာစိုက်လို့မရပေ။ ဒီမြေနေရာအကျယ်အ၀န်းကတော့ အာ့ဆုအင်ပါယာရဲ့သုံးပုံတစ်ပုံအထိကျယ်ဝန်းပေသည်။
ယခင်က ဒီနေရာကအင်မတန်မြေသြဇာကောင်းတဲ့ဒေသလို့ပြောကြသည်။ စစ်ဖြစ်တုန်းက မှော်ပညာသည်တွေစုပေါင်းပြီး ပြင်းထန်တဲ့ဂါထာတွေရွတ်ခဲ့ရလို့ အခုလိုပြောင်းလဲသွားတာလို့ဆိုကြသည်။
စိုက်ပျိုးမရတဲ့မြေတာတစ်ခုထဲဆိုရင် ဂရင်းအတွက်အဆင်ပြေနိုင်သေးသည်။ သူ့အနေနဲ့ အခြားကူးသန်းရောင်းဝယ်ရေးအလုပ်တွေလုပ်နိုင်သေးသည်။ သို့သော် ဒီနေရာတစ်ခုလုံးကို လူပုတွေကြောင့်ဖြစ်ခဲ့တဲ့ သံတောင်တွေက ၀န်းရံထားသည်။ ဒီနေရာက အခြေခံအားဖြင့်တော့ မြုံတဲ့နယ်မြေတစ်ခုဖြစ်နေသည်။
ဒီတောင်တွေကိုကျော်ပြီးလျှင် ယခင်က ဘူတကလန်ကပိုင်ခဲ့တဲ့ ကာရီယွန်မာ့ရ်ှကိုရောက်သည်။ ပြောရလျှင် ဘူတကလန်က အင်ပါယာမှာ အကြွယ်ဝဆုံးဖြစ်ပြီး ပိုင်ဆိုင်မှုအများဆုံးဖြစ်ခဲ့လေသည်။
သို့သော်လည်း သူတို့အနေနဲ့ ကာရီယွန်မာရှ့်ကိုကျော်ပြီး ကုန်သွယ်ချင်ရင်တော့ အခြားသောကလန်တစ်ခုဖြစ်တဲ့ တစ်ဖက်နယ်နိမိတ်က ဖက်စီဝယ်ကလန်နဲ့ဆက်သွယ်မှဖြစ်နိုင်မည်။ ဖက်စီဝယ်ကလန်က ယခင်ကတော ဘူတကလန်နဲ့ စေ့စပ်ထားပေမယ့်လည်း အခုအခြေအနေအရ ဖက်စီဝယ်ကလန်လို အင်ပါယာမြို့တော်မှာ လွှမ်းမိုးနိုင်စွမ်းမြင့်တဲ့ကလန်ကြီးတစ်ခုကို ဘယ်လိုများ တောင်းဆိုနိုင်ခြင်းရှိပါတော့မလဲ။
ကံကောင်းတာကတော့သံတောင်တွေထဲမှာ ရဲတိုက်လေးတစ်ခုကျန်ခဲ့နေတာပါပဲ။ ထိုရဲတိုက်က ဂါထာတွေရဲ့သက်ရောက်မှုကိုမခံခဲ့ရတာမို့ စိုက်ပျိုးနိုင်တဲ့မြေတစ်ခုလည်းဖြစ်သည်။ ဒါကြောင့်သာ သူတို့တွေ ငတ်မသေကြတာပင်။
ဒီနေရာကိုပြောင်းရွှေ့ရမယ်ဆိုတော့ အစေခံတချို့ကို လွတ်လပ်ခွင့်ပေးလိုက်သည်မို့ ဒီရဲတိုက်မှာ သူနဲ့ သူ့မိန်းမ မယ်ရင်းရယ် ၊မြေးမလေး မာဂ့်နှင့် အေဒင်ဟိုးအရင်က ခေါ်လာခဲ့တဲ့မိဘမဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ ဘလော့ဟက်၊ ရော့ဟက်နဲ့ အခြားအစေခံတစ်ရာသာရှိသည်။
အေဒင့်အနေနဲ့ အင်ပါယာရဲ့ဆေးရည်ကြောင့် ဝေဒနာတွေပြင်းစွာခံစားခဲ့ရပေမယ့် ကံကောင်းတာက မယ်ရင်းက မှော်ပညာနှင့်ကုသပေးနိုင်ခဲ့သည်။ သူမရဲ့တွက်ချက်မှုအရ အေဒင် ဒီနေ့နိုးလာမည်ဟုဆိုခဲ့သည်။ ဒါကြောင့်လည်း ဂရင်းက အေဒင့်ထဖို့ပြောခဲ့တာပင်။ သူတို့မထင်ထားတာက အခုသခင်လေးက တစ်ခုခုကိုရူးသွပ်ပြီးတာနဲ့ တခြားဘာကိုမှစိတ်မ၀င်စားတတ်တော့သော အေဒင့်အရေခွံခြုံထားတဲ့ ကျောက်ဟိုင်ဖြစ်နေမယ်လို့ပင်။
***