ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၆ – လောကကြီးကို တုန်လှုပ်သွားစေသည့် အညှာအတာကင်းမဲ့မှု
“ဒီဒုံးကျည်တွေကိုပစ်ဖို့က မတူညီတဲ့ လျှို့ဝှက်နံပါတ်တွေ လိုနေတာလား..” ချူဖုန်း ဆွံ့အသွားရသည်။ သူ ယခင်က ဤအကြောင်းမသိခဲ့။
ဤအဖွဲ့ခေါင်းဆောင်မှာ လျှို့ဝှက်နံပါတ်၏တစ်ပိုင်းကိုသာသိသည်။ နျူးကလီးယားလက်နက်များ ပစ်ခတ်ရန်အတွက် လျှို့ဝှက်နံပါတ် နောက်ထပ်နှစ်ပိုင်း လိုသေးသည်။
ကံကောင်းစွာဖြင့် ထိုနံပါတ်အားလုံးကို အေသင်မြို့၌ ရရှိနိုင်သည်ပင်။ ဥရောပသည် ဂရိကို အတော်လေး လုပ်ပိုင်ခွင့် ပေးထားသည်ပင်။
ချူဖုန်း အေသင်သို့ လမ်းလျှောက်သွားခဲ့ပြီး သူထင်ထားသည်ထက် ဒုက္ခများခဲ့သော်လည်း သူ လိုချင်သည့်အရာကို ရခဲ့သည်။
ယခု မီးရှူးမီးပန်း ပြင်ဆင်ရမည့်အချိန်ပင်။
ဗာတီကန်နှင့် အလေးအမြတ်ဆေးခင်းကြီးကို ကမ္ဘာမြေပြင်ပေါ်မှ ဖယ်ရှားပစ်ရမည်ဟု ချူဖုန်း ခံစားနေရသည်။
သူ နွားဝါလေးနှင့် နွားနက်ကြီးတို့ကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့။
ပန်းတစ်ပွင့်တည်းစားခဲ့သည့် သူပင် ရက်ပေါင်းများစွာ အိပ်ပျော်သွားလျှင် ပန်းပွင့်နှစ်ပွင့်စားခဲ့သည့် သူတို့ ဘယ်လိုနေမည်နည်း.. သူတို့သည် ဗာတီကန်ကိစ္စအား ငြင်းဆိုပြီးနောက် ပျောက်ကွယ်သွားခဲ့ကြသောကြောင့် သူတို့ အဆင့်တက်နေခြင်းဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ဤနှစ်ယောက်နှင့် မဆက်သွယ်နိုင်သည့်အတွက် သူ အနည်းငယ် ဝမ်းနည်းမိသည်။ သူ ဤနှစ်ယောက်ကို ပျော်စရာကိစ္စများအား ကြိုသိစေချင်မိသည်။
“သူတို့ဆီမှာ နျူးကလီးယားလက်နက်တွေ တော်တော်များတာပဲ..”
ပြောင်းလဲမှုများဖြစ်ပေါ်ပြီးသည့်နောက်တွင် ဘုရင်အဆင့်သက်ရှိများ များပြားလာသည်။ ထို့ကြောင့် ရန်လိုသည့် သားရဲဘုရင်များကိုတွေ့သည်နှင့် ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် အစိုးရမှ လက်နက်များကို လုံလောက်အောင် ပြင်ဆင်ထားခဲ့သည်ပင်။
“ပစ်…”
ဝှစ် ဝှစ် ဝှစ်..
သူ တစ်ခု၊ နှစ်ခုတည်း ပစ်လိုက်ခြင်းမဟုတ်။ ဆယ်ခုကျော် ပစ်လိုက်ခြင်းပင်။ ဒုံးကျည်အားလုံး၏ပစ်မှတ်မှာ ဗာတီကန်မြို့တစ်ခုတည်းသာ။
အလေးအမြတ်ဆေးခင်းတစ်ခုလုံးကို ရှီလာတစ်ယောက်တည်း ယူထားသောကြောင့် သူသာ အဆင့်တက်သွားလျှင် မည်မျှပင် စွမ်းအားကြီးလာမည်ကို စဉ်းစားကြည့်ရန်ပင်မလို။
ချူဖုန်း သူ့အုတ်မြစ်ကို ဖြိုချပစ်ရမည်။
ဒုံးကျည်သည် အဆီးအတားမရှိပဲ ဗာတီကန်မြို့သို့ ဦးတည်သွားနေသည်။
ခဏကြာမှသာ ဂြိုလ်တုဓာတ်ပုံများမှတစ်ဆင့် ဤကြောက်စရာကောင်းစရာမြင်ကွင်းများကို မြင်တွေ့သွားကြလေသည်။
“ဘုရားရေ .. ဘာဖြစ်နေတာလဲ .. ဘယ်သူ အမိန့်ပေးလိုက်တာလဲ .. မြန်မြန်ခုခံ..”
ရှီလာ၏အမိန့်ဖြင့် ချူဖုန်းအား ပစ်ခတ်ခဲ့ဖူးသည့် အရာရှိများမှာ သွေးများ အေးခဲနေလေပြီ။
အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် ဒုံးကျည်များ၏ ပစ်မှတ်မှာ ဗာတီကန်မြို့ဖြစ်နေသည်ပင်။ ဤဒုံးကျည်များ ကျသွားသည်နှင့် မြို့တစ်မြို့ကို အခါတစ်ရာပြန် ပြိုကျသွားအောင် လုပ်နိုင်သည်။
“အိုးဂေါ့ .. အရမ်းနောက်ကျသွားပြီ .. ဒဏ္ဍာရီလာမြို့ကြီးက ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတော့မယ်”
အနောက်တိုင်းနိုင်ငံရေးသမားအချို့ တုန်လှုပ်နေကြလေပြီ။ ဤသည်မှာ သူတို့အတွက် ကပ်ဆိုးကြီးပင်။ ဘယ်သူက ပစ်ဖို့အမိန့်ပေးလိုက်တာလဲ..
ဝုန်း ဝုန်း ဝုန်း..
ထိုနေ့တွင် အနောက်တိုင်း၌ ကြောက်စရာကောင်းသည့် မှိုပွင့်တိမ်များ ထွက်ပေါ်လာပြီး တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။
“အနောက်တိုင်းဘက်မှာ ဘာတွေဖြစ်နေတာလဲ .. ဗာတီကန်မြို့ပေါ်မှာ မှိုပုံတိမ်တွေ အများကြီးပဲ..”
သတင်းများ ပျံ့သွားသည်နှင့် တစ်လောကလုံး တုန်လှုပ်သွားရသည်။ နျူးကလီးယားထိပ်ဖူး ၁၀ ခုကျော်က နေရာတစ်နေရာတည်းကို ဦးတည်သွားနေတာလား..
လူများမှာ အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။ အစစ်အမှန်ဟု မခံစားရ။
ကမ္ဘာစစ်ဖြစ်လျှင်ပင် မည်သူမှ လက်နက်များကို ဤကဲ့သို့ ဖြုန်းတီးမည်မဟုတ်။
ဒီလက်နက်တွေအားလုံးပေါင်းလိုက်ရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ..
အက်ပန်နီတောင်ကြောနှင့် ဗာတီကန်မြို့၏ ကောင်းကင်တစ်ပြင်လုံးကို တောက်ပသည့်အလင်းရောင်များ ဖုံးလွှမ်းသွားသည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ဖုံးကွယ်နိုင်စရာမရှိ။
ပစ်ရသည့်အကြောင်းရင်းအား မသိရသလို ရလာမည့်ရလဒ်လည်းမသိရသေးသော်လည်း လူများမှာ ဤအခိုက်အတန့်၏ ကြောက်စရာကောင်းသည့်ခံစားမှုကို ခံစားနေရသည်ပင်။ မှိုပုံစံတိမ်များမှာ အင်တာနက်၌ လျင်မြန်စွာ ပျံ့နှံ့လာသည်။
“မီးရှူးမီးပန်းတွေက တော်တော်လေး လှမှာ .. ငါ သွားမကြည့်နိုင်တာ ဆိုးလိုက်တာ” ချူဖုန်း ရလဒ်ကို ထိုင်စောင့်ရင်း ရေရွတ်လိုက်သည်။
ကမ္ဘာတစ်ဝှမ်းမှ လူများမှာ ဤကဲ့သို့ ပစ်ရသည့်အကြောင်းရင်းအား သိချင်နေကြသည်။ အနောက်နိုင်ံတွေက ဗာတီကန်မြို့ကို မကျေနပ်လို့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာလား..
အနောက်တိုင်းနိုင်ငံရေးသမားအချို့မှာ ချက်ချင်းပင် ငြင်းဆိုချက် ထုတ်ပြန်လာပြီး ဤသည်မှာ သူတို့နှင့် မသက်ဆိုင်ကြောင်း ကြေငြာလာကြသည်။ တစ်စုံတစ်ယောက်သည် ခွင့်ပြုချက်မရှိပဲ ဒုံးကျည်များအားပစ်လိုက်ပြီးနောက် နိုင်ငံရေးသမားများ ပထမဆုံး ရှေ့ထွက်လာကြသည်ပင်။
လူများစွာမှာ ဆွံ့အသွားရသည်။ သူတို့ မဟုတ်ဘူးဆိုရင် ဘယ်သူလဲ..
အရှေ့တိုင်းလည်း တုန်လှုပ်နေကြရသည်ပင်။
အင်အားကြီးအဖွဲ့အစည်း ခန့်မှန်းချက်တစ်ခု ထုတ်ပြန်လိုက်ကြသည်။ ဤသည်မှာ တစ်ယောက်ယောက်မှ ဗာတီကန်မြို့အား လက်စားချခြင်းဖြစ်လိမ့်မည်ဟု သူတို့ စဉ်းစားမိသွားသည်။
ဗာတီကန်မြို့သည် ချူဖုန်းနှင့်နွားနှစ်ကောင်ကြောင့် ဤမတော်တဆဖြစ်ရပ်ကြီးဖြစ်ခဲ့ရသည်ဟု ပြောခဲ့သော်လည်း အဖွဲ့အများစုမှ စိတ်ထဲမတင်မကျဖြစ်နေဆဲပင်။
အထူးသဖြင့် နဂါးနက်နှင့် အာတိတ်ဘုရင်တို့ အရှေ့တိုင်းအား ကျူးကျော်လိုက်သည့်အချိန်တွင် လူများပို၍ သံသယဝင်လာကြသည်။
“ကောင်းလိုက်တာ .. အရမ်းခံစားလို့ကောင်းတာပဲ .. ရှီလာကြီး ငရဲကျသွားပြီး ဘယ်တော့မှ ပြန်တက်မလာဖို့ မျှော်လင့်မိတယ်..”
အရှေ့တိုင်းမှ လူအချို့ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြသည်။
ကမ္ဘာကြီးမှ မျက်လုံးအများစုမှာ ဗာတီကန်မြို့သို့ ရောက်ရှိနေကြသည်။ သူတို့အားလုံး ဤတိုက်ခိုက်မှု၏ရလဒ်အား သိချင်နေကြသည်။
ချူဖုန်းလည်း မည်ကဲ့သို့သော ရလဒ်မျိုးဖြစ်လာမည်ကို သိချင်နေသည်ပင်။
ဤခေတ်တွင် နျူးကလီးယားလက်နက်များမှာ အလွန်အသုံးဝင်လှသည်ပင်။
ဘုရင်အဆင့်သက်ရှိများပင် သူတို့ နတ်အသိစိတ်ကို အသုံးပြုပြီး ရှောင်ရှားရုံသာ တတ်နိုင်ကြသည်။ သူတို့သာ ပေါက်ကွဲမှုအလယ်သို့ ရောက်သွားပါက သန်းရာနှင့်ချီသည့် အပူချိန်ကို တောင့်ခံနိုင်မည်မဟုတ်။ ချက်ချင်းပင် ပုံပျက်ပန်းပျက် ဖြစ်သွားကြလိမ့်မည်။
ယခင်က မီးခိုးပြာဝံပုလွေ လွတ်မြောက်သွားခဲ့ရခြင်းမှာ သူ့နတ်အသိစိတ်ကြောင့် ပေါက်ကွဲမှုအလယ်ဗဟိုမှ လွတ်မြောက်ခဲ့သည့်အပြင် သူ ပုန်းခိုနေနိုင်သည့် အက်ကွဲကြောင်းကြီးတစခုအား တွေ့ခဲ့သောကြောင့်ပင်။ မဟုတ်ပါက သူ ချက်ချင်း ပြာဖြစ်သွားလောက်လေပြီ။
ထိုသို့ဆိုလျှင်ပင် သူ့ခန္ဓာကိုယ်တစ်ဝက်ကို သူ ဆုံးရှုံးသွားခဲ့ရသေးသည်။
ယခင်တစ်ခေါက်က ချူဖုန်းတို့ လွတ်မြောက်သွားခဲ့ရခြင်းမှာ သူတို့ အန္တရာယ်ကို ကြိုတင်အာရုံခံနိုင်ပြီး ပေါက်ကွဲမှုမဖြစ်ခင် လေယာဉ်ပေါ်မှ ခုန်ဆင်းနိုင်ခဲ့သောကြောင့်ပင်။
ယခု ဗာတီကန်မြို့မှာ ထိုနေရာ၌သာ ရှိနေပြီး ဤမြို့ကို ရွှေ့နိုင်စရာအကြောင်းမရှိ။
ဂြိုလ်တုဓာတ်ပုံများမှ ဗာတီကန်မြို့၏အခြေအနေကို ဖမ်းယူနိုင်ခဲ့သည်။
လူများစွာ အံ့အားသင့်သွားရသည်မှာ ထိုနေ၃ရာ၌ မြို့ကြီး ရှီနေဆဲဖြစ်ပြီး အားနည်းသည့်အလင်းလေး တောက်ပနေဆဲပင်။ ဤမြို့သည် တကယ်ကြီး ပျက်စီးမှုကို တောင့်ခံနိုင်ပြီး ပျက်စီးမသွားခဲ့ပေ။
“ရှီနေတုန်းလား..” ချူဖုန်း မကျေမနပ်ဖြစ်သွားရသည်။
သို့သော် ပြောင်းလဲမှုများကိုလည်း သူ သတိပြုမိသွားသည်။ ထိုနေရာ၌ မြို့ကြီး ရှီနေဆဲဖြစ်သော်လည်း ထိခိုက်မှုများ ရှိသွားသည်ပင်။ အဆောက်အဦးဟောင်းများမှာ ပေါက်ကွဲမှုကို တောင့်မခံနိုင်ပဲ ပြိုကျသွားကြသည်။
တစ်ချို့နေရာများမှာ တစ်စစီဖြစ်နေကြလေပြီ။
မြို့ကြီး လွတ်မြောက်သွားခဲ့ရခြင်းမှာ တစ်မြို့လုံးကို ကာကွယ်ပေးထားသည့် နတ်စွမ်းအင်တစ်ခု ရှိနေသောကြောင့်ပင်။
အချိန်များစွာ ကုန်လွန်သွားပြီဖြစ်သောကြောင့် ဤအကာအကွယ်စွမ်းအင်မှာ ယခင်ကလောက် စွမ်းအားမရှိတော့။
ဆေးခင်းလည်း ထို့အတူပင်။ ဒုံးကျည်နောက်ဆုံးအလုံးများသည် မြို့၏အကာအကွယ်စွမ်းအင်ကို ဖြတ်ဖောက်သွားပြီး ဆေးခင်းကြီးပေါ်သို့ ရောက်သွားသောကြောင့် ဆေးခင်းကြီးလည်း တစ်စစီဖြစ်သွားလေပြီ။
လောကကြီးမှာ တစ်ခဏခန့် တိတ်ဆိတ်သွား၏။
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ နေရာလဲ .. နျူးကလီးယားလက်နက်တွေ အများကြီး ကျတာတောင်မှ အကုန်ုလုံး ပျက်စီးမသွားဘူး..
“အရင်တုန်းက သူတော်စင်တွေ ထွက်ပေါ်လာတဲ့နေရာ ဆိုတဲ့အတိုင်းပဲ..” တစ်စုံတစ်ယောက် သက်ပြင်းချလိုက်သည်။
အနောက်နိုင်ငံများ တုန်လှုပ်နေကြသည့်အချိန်တွင် အရှေ့တိုင်းမှ လူများကတော့ ဤသည်မှာ ကံဆိုးလွန်းသည်ဟု ခံစားလိုက်ရသည်။ ရှီလာသည် ကပ်ဆိုးကြီးကို ဖန်တီးသည့်သူ ဖြစ်သောကြောင့် သူ မြို့နှင့်အတူ သေသွားသင့်သည်။ သို့သော် ယခုတော့ သူတို့ထင်သလို ဖြစ်မလာတော့။
“ပစ်..”
ချူဖုန်း နောက်တစ်ခေါက် ထပ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
ဤနေရာတွင် နျူးကလီးယားဒုံးကျည် နောက်ထပ်ငါးခု ရှီသေးသည်။ ဒုံးကျည်အားလုံးကို တစ်ပြိုင်နက်တည်းပစ်လိုက်လျှင် အလုပ်မလုပ်မည်စိုးသောကြောင့် သူ ချန်ထားခြင်းပင်။
ဝှစ် ဝှစ် ဝှစ်..
ဒုံးကျည်ငါးလုံးသည် နတ်ဓားများကဲ့သို့ ကောင်းကင်ကို ထိုးဖောက်သွားပြီး ဗာတီကန်မြို့ထံသို့ ဦးတည်သွားနေသည်။
ဂြိုလ်တုမှာ ဤဒုံးကျည်ငါးလုံးကို ဓာတ်ပုံရိုက်လိုက်နိုင်သည်ပင်။ သို့သော် ဝန်ထမ်းများမှာ အစောပိုင်းမှ တိုက်ခိုက်မှုကြောင့် ဆွံ့အနေကြဆဲဖြစ်သောကြောင့် အချိန်မှီမတုံ့ပြန်နိုင်ခဲ့။
နောက်ဆုံးးတွင် ဒုံးကျည်ငါးခု ဗာတီကန်မြို့နှင့် ဆေးခင်းကြီးပေါ်သို့ ရောက်ရှိသွားသည်။
ဝုန်း..
မှိူတိမ်တိုက်များ နောက်တစ်ကြိမ် ဖြစ်ပေါ်လာကာ တစ်လောကလုံး တိတ်ဆိတ်သွားသည်။
ယခုတစ်ခေါက်တော့ အားလုံး လုံးဝဆွံ့အသွားကြသည်။ တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ ဒီရက်စက်တဲ့လူက ဗာတီကန်မြို့ ပျောက်မသွားမချင်း မရပ်တော့ဘူးလား..
အစောပိုင်းက ထွက်ပြောခဲ့သည့် နိုင်ငံရေးသမားများမှာ ဆံပင်မွေးများ ထောင်ထသွားကာ ဘာမှမပြောရဲတော့။ ကြောက်ရွံ့စွာဖြင့် တိတ်တဆိတ်သာ နေလိုက်ကြတော့သည်။
မီးခိုးများ ဖုန်မှု့န်များ ငြိမ်သက်သွားသည့်အချိန်တွင်တော့ လူများ ဗာတီကန်မြို့ သို့မဟုတ် ယခင်က ဗာတီကန်မြို့ဖြစ်ခဲ့ဖူးသည့်နေရာကို မြင်လိုက်ရသည်။
ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှလွဲလျှင် တစ်မြို့လုံး ကြေမွနေပြီး အားလုံးမှာ အမှိုက်သရိုက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ယခုတစ်ခေါက်တော့ မြို့ကို ကာကွယ်ပေးနေသည့် နောက်ဆုံးစွမ်းအင် ကုန်ခမ်းသွားကာ မြု့ကို မကာကွယ်ပေးနိုင်တော့။
ဆေးခင်းမှာ ပို၍ပင် အခြေအနေဆိုးနေသေးသည်။ မည်မျှနက်မှန်းမသိလောက်အောင် ချိုင့်ဝင်သွားကာ ရေဒီယိုသတ္တိကြွများ ပြည့်နှက်နေသည့်နေရာ ဖြစ်သွားသည်။
နတ်သစ်ပင်အားလုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ အချိန်တိုအတွင်းတော့ သူတို့ ပြန်လည်ဖူးပွင့်နိုင်ဦးမည်မဟုတ်။
“အား..”
ထိုနေ့တွင် နဂါးနက်စံအိမ်မှလူများပင် ရှီလာ၏ ကြောက်စရာကောင်းသည့်အော်သံကို ကြားလိုက်ရသည်။
အတော်ကြာပြီးမှသာ ရှီလာ စိတ်ငြိမ်သွားလေသည်။ “ဖုန့်လိုင်၊ ခွန်းလွန်နဲ့ အတ္တလန်တစ်လိုမျိုး ထာဝရတောင်တွေ၊ ကျွန်းတွေ အများကြီးရှိသေးတယ် .. ငါ့တာအိုလမ်းကြောင်းက ဒီမှာ အဆုံးသတ်သွားမှာ မဟုတ်ဘူး”
သို့သော် ထိုအချိန်တွင် ပျက်စီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းအတွင်းမှ လူအိုကြီးတစ်ဦး မျက်လုံးများ ပွင့်လာကာ သူ စကားပြောလိုက်သည်နှင့် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ “တာအိုက လမ်းလွှဲသွားပြီ .. ဗာတီကန်မြို့ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးရမယ်..”
အနောက်တိုင်းတွင် ဆူနာမီများ တိုက်ခတ်နေလေပြီ။
ယနေ့ဖြစ်ပျက်သွားသည့် ကိစ္စမှာ အလွန်ကြောက်စရာကောင်းလှသည်။ ဒဏ္ဍာရီမှ နတ်မြို့၊ ရိုမန်ကက်သလစ်အစိုးရအခြေစိုက်ရာမြို့ဖြစ်သည့် ဗာတီကန်မှာ ယခုတော့ သူတို့မျက်စိရှေ့မှ ပျောက်ကွယ်သွားလေပြီ။
လူများမှာ စိတ်ဓာတ်ကျဆင်းနေပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိတော့။ အားလုံးမှာ ဤအဖြစ်အပျက်နောက်မှလူမှာ မည်သူဖြစ်မည်ကို ဆွေးနွေးငြင်းခုန်နေကြသည်။ အချို့ကတော့ ဤလူမည်သူဖြစ်သည်ကို မသိလျှင် အကောင်းဆုံးဟု ပြောနေကြသည်ပင်။
အရှေ့တိုင်းတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပွက်လောရိုက်နေလေ၏။
ဤအဖြစ်အပျက်မှာ ကျူးကျော်ရန် ရောက်နေသည့် အနောက်တိုင်းတပ်သားများ၏ စိတ်ဓာတ်ခွန်အားကို ထိခိုက်နိုင်သောကြောင့် လူများစွာ ပျော်ရွှင်နေကြသည်။ သူတို့ ရှေ့တန်း၌ တိုက်ခိုက်နေသည့်အချိန် သူတို့အိမ်ပျက်စီးသွားလေပြီ။
ထိုစစ်သားများမှာ တကယ်ကို စိတ်ဓာတ်ကျနေကြသည်ပင်။
ယနေ့ ဗာတီကန်မြို့ကြီး ပျက်စီးသွားလေပြီ။ ဘယ်နေ့ သူတို့မျိုးနွယ်စုအလှည့်ဖြစ်မည်ကို မသိနိုင်ပေ။
“ဟား ဟား .. ဒါက အရမ်းကျေနပ်ဖို့ ကောင်းတာပဲ .. ဒါ ဘယ်သူလုပ်တာလဲ .. ငါ့ညီအစ်ကိုအတွက် လက်စားချေပြီးပြီလို့ သတ်မှတ်လို့ရသွားပြီ.. ချူဖုန်း သေတာ စောလွန်းတယ် .. အား .. သနားစရာကောင်းလိုက်တာ..” နွားနက်ကြီး ပြန်နိုးလာသည်နှင့် ဤသတင်းကြားလိုက်ရသည်ပင်။
ထို့နောက် နွားဝါလေးလည်း ထွက်ပေါ်လာသည်။
လူများစွာသည် ဤထူးဆန်းသည့်လူအကြောင်း ခန့်မှန်းနေကြသော်လည်း ချူဖုန်းဟုတွေးမိသည့်သူ သိပ်မရှိ။ မည်သို့ပင်ဖြစ်စေ ချူဖုန်းမှာ ‘သေဆုံး’ သွားပြီဖြစ်သည်။
သို့သော် အချို့လူများကတော့ ချွင်းချက်ပင်။ ဥပမာအားဖြင့် ဟူရှန်း
သူသည် ရှုန်းခွန်၊ လုချင်းတို့နှင့်အတူ ရွှမ်းထျန်မြို့၌ ရှိနေဆဲပင်။ ယနေ့တော့ ထူးထူးခြားခြား သူ တိတ်ဆိတ်နေသည်။
“မြေခွေးကောင် မင်းဘာဖြစ်နေတာလဲ .. ဒီနေ့ အနောက်တိုင်းကြီး မီးလောင်နေတာလေ .. ဒါက ပျော်စရာကောင်းတဲ့ကိစ္စလေ .. လာပါ .. ပြုံးထားစမ်းပါ” ရှုန်းခွန် ပျော်ရွှင်စွာ ပြောလိုက်သည်။
“ဟုတ်တယ် ဟူရှန်း .. မင်း ဘာဖြစ်ပြန်တာလဲ .. မင်းကဘာလို့ တိတ်ဆိတ်နေတာလဲ..” တစ်စုံတစ်ယောက် သူ့ပုခုံးကို ပုတ်၍ ပြောလိုက်သည်။
“အနောက်တိုင်းမှာ ပြဿနာရှာနေတဲ့ ဒီလူရဲ့ လုပ်နည်းကိုင်နည်းတွေက အရမ်းကို ရင်းနှီးနေတယ်လို့ ငါခံစားနေရတယ်” ဟူရှန်း တိုးတိတ်စွာ ပြောလာသည်။
“ဘာ .. မင်း သံသယဝင်တဲ့သူ ရှိတာလား .. ဘယ်သူလဲ ပြောပြ” ရှုန်းခွန် စိတ်ပါဝင်စားစွာ မေးလိုက်သည်။
အရှေ့ပင်လယ်ကမ်းခြေနားတွင်ရှိနေသည့် လင်းနွိုင်လည်း ကျယ်ပြောလှသည့် ပင်လယ်ကြီးကို ကြည့်ပြီး အတွေးထဲ နှစ်မြောနေသည်။ သူမလည်း ထိုလူကို ခန့်မှန်းနေခြင်းပင်။
….
အရှေ့တိုင်းသို့ ကျူးကျော်လာသည့် စစ်တပ်မှာ တကယ်ကို စိတ်ဓာတ်ကျနေကြသည်ပင်။ နဂါးနက်နှင့် အာတိတ်ဘုရင်တို့ တက်ကြွစွာ ဟောပြောပေးနေသော်လည်း အကျိုးမရှိ ဖြစ်နေသည်။
ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ သူတို့ရပ်တည်ချက်များအား ပြောလာသည့်အချိန်တွင်မှ သူတို့ အနည်းငယ် စိတ်ဓာတ်တက်ကြွလာသည်။
ခြင်္သေ့ဘုရင်အိုကြီးသည် သူ မကြာခင် ရောက်လာတော့မည်ဖြစ်ပြီး ခွန်းလွန်တောင်အား စတင်သတ်ဖြတ်မည်ဟု ပြောလာသည်။
ထို့အပြင် ရွှေရောင်ခြင်္သေ့ဘုရင် အရင်ထွက်သွားပြီဖြစ်ကြောင်း သူ ထပ်ပြောလာသည်။
“အနန္တနတ်ဘုရားနယ်မြေက ငါတို့အတွက် အရမ်းကို ဆွဲဆောင်မှုရှိတယ် .. ခြင်္သေ့အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကို ငါနားလည်တယ် .. သူက အဲဒီနေရာကို စိန်ခေါ်ချင်နေတာ..”
ရှေးဟောင်းရဲတိုက်အတွင်းမှ ဗန်ပိုင်းယားဘုရင် ခေါင်းညိမ့်လိုက်သည်။ သူ့ရွှေရောင်ဆံပင်များ သူ့အနောက်၌ လွှဲရမ်းနေပြီး သူ့မျက်နှာမှာ ဖြူဖျော့နေသည်။
သူသည် အရှေ့တိုင်းအားကျူးကျော်သည့်တပ်ကို အားဖြည့်ပေးမည်ဖြစ်ပြီး သူ့နောက်လိုက်များ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ကြေငြာလာသည်။ သွေးမျိုးနွယ်စုနှင့်ဆိုင်သည့် ကိစ္စအချို့ကို လုပ်ပြီးသည်နှင့် သူလည်း လိုက်လာမည်ဖြစ်ကြောင်း ပြောလာခဲ့လေသည်။
အိန္ဒိယယောဂဂုရုဖန်လင်းမှာ ပို၍ပင် ပြတ်သားလှသည်။ သူသည် အစောကြီးက စတင်ထွက်ခွာလာခဲ့ပြီဖြစ်ပြီး အနန္တတနတ်ဘုရားနယ်မြေသို့သွားရန်အတွက် ဗြဟ္မာမင်းကြီးမှ ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ပြောလာလေသည်။
သတင်းများကြားလိုက်ရသည့်အချိန်တွင် အပြင်လောက မည်ကဲ့သို့ ဖြစ်နေသည်ကို သူ ဂရုမစိုက်။ သူ့မျက်နှာထက်၌ တောက်ပသည့်အပြုံးတစ်ခု ပေါ်လာပြီး အရှေ့နှင့်အနောက်နိုင်ငံအား ဆက်ထားသည့် လမ်းကြောင်းသို့ စတင်ထွက်ခွာသွားလိုက်သည်။
အပိုင်း ၁၇၆ ပြီး၏။