ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၅ – အကွက်ကြီးကြီးရွှေ့ခြင်း
အရှေ့တိုင်းမှာ ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖြစ်နေလေပြီ။
ကျူးကျော်လာသည့် စစ်တပ်ကြီးလည်း ထို့အတူပင်။ ဘုရင်အဆင့်သက်ရှိအချို့မှာ စိတ်ထဲ စနိုးစနောင့် ဖြစ်လာသည်။ ဘယ်သူဖြစ်နိုင်လဲ .. စွမ်းအားကြီးတဲ့ ဝက်ဝံဖြူတောင် ရွှေရောင်သန်းတဲ့အထိ အကင်ခံလိုက်ရတယ်..
ထိုအချိန်တွင် နဂါးနက်ထွက်လာကာ သူ့တပ်သားများကို နှစ်သိမ့်ပေးလာသည်။
“ကြောက်စရာမလိုဘူး .. ငါတို့ ဒီတစ်ခေါက် တိုက်ပြီးတာနဲ့ ခွန်းလွန်တောင်ကို သိမ်းပိုက်နိုင်ပြီ .. ငါတို့မှာ ကိုယ်ခံပညာစွမ်းအားတွေ ရှိတယ် .. မကြာခင်မှာ ငါတို့ မဟာမိတ်တွေ ရောက်လာပြီး စစ်ပွဲထဲ ပါဝင်လာတော့မှာ .. အခုက အနန္တနတ်ဘုရားတောင်ကြီး ပိုင်ရှင်ပြောင်းရတော့မယ့်အချိန်ပဲ..”
သူ၏ ယုံကြည်ချက်အပြည့်နှင့် ကြွေးကြော်သံမှာ စစ်တပ်ကြီးကို စိတ်ငြိမ်သွားစေခဲ့သည်။
ဤသည်မှာ အရှေ့တိုင်းအတွက်တော့ သတင်းကောင်းမဟုတ်။ ဤစကားလုံးများ ပျံ့နှံ့သွားပြီးသည့်နောက်တွင် လေ့လာနေကြသည့် အင်အားကြီးအဖွဲ့အစည်းအားလုံး အံ့အားသင့်သွားရသည်။ ထပ်လာနေတဲ့တပ်သားတွေ ရှိသေးတာလား..
“ဝက်ဝံဖြူနဲ့ အက်ဗီဒူး ဂျေရုဆလင်မြို့မှာ ကံဆိုးသွားတယ်ဆိုတဲ့သတင်းကို အတည်ပြုလိုက်ပြီ..”
ဤသတင်းမှာ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
အချို့လူများသည် ဓာတ်ပုံများနှင့် ဓာတ်ပုံထဲမှ နောက်ခံများကို သေချာစစ်ဆေးပြီးသွားပြီဖြစ်သောကြောင့် ဤသည်မှာ ဂျေရုဆလင်ဖြစ်နိုင်ကြောင်း အစောကြီးကတည်းက ခန့်မှန်းထားပြီးသားပင်။
စစ်တပ်ထဲမှ လူများကတော့ သိပ်အလေးမထား။ တိုက်ခိုက်မှုမှာ သူတို့အခြေစိုက်နေရာများ၌ ဖြစ်ပျက်ခဲ့ခြင်းမဟုတ်သောကြောင့် အဆိုးကြီးဆိုးသည်ဟု သတ်မှတ်၍မရ။
အရှေ့တိုင်းမှ လူများ မြင့်မြတ်ကုန်းမြေကို သတိထားမိသွားကြ၏။ ထိုနေရာကို စောင့်ကြပ်နေသည့် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ရှိလောက်သည်။
အက်ဗီဒူးနှင့် ဝက်ဝံဖြူတို့သည် ထိုနေရာသို့ ရောက်သွားပြီး ကျွမ်းကျင်သူများအား ဆန့်ကျင်ကြသောကြောင့် ဤကဲ့သို့ အဆုံးသတ်သွားခြင်း ဖြစ်လိမ့်မည်။
ရှီလာနှင့် အာတိတ်ဘုရင်ကဲ့သို့သော လူများပင် ဤကိစ္စကို ဆက်မလိုက်ရဲကြောင်း တွေ့လိုက်ရသည်။ မည်သူက ဘာသာတရားသုံးခု ပေါင်းစည်းကာ မြင့်မြတ်မြေကို အလွယ်တကူ ရန်စရဲမည်နည်း..
“ငါ သိပြီ .. ဒီလိုမျိုး နိုင်လိုမင်းထက်အပြုအမူမျိုးက မြင့်မြတ်ကုန်းမြေမှာနေတဲ့ ကျွမ်းကျင်သူတွေ လုပ်တာ ဖြစ်လောက်တယ် .. သူတို့က ရိုမန်ကက်သလစ်အစိုးရအဖွဲ့ကို မျက်လုံးထဲကို မထည့်တာ .. သူတို့ ကြိုက်သလို သတ်ဖြတ်စားသောက်နေကြတာ..”
အရှေ့တိုင်းမှ လူများမှာ ဤကိစ္စကို အလေးအနက်ပင် ဆွေးနွေးနေကြလေသည်။
ဗာတီကန်၌ ရှိနေသည့် ရှီလာလည်း မျက်မှောင်ကြုတ်နေ၏။ ဤသည်မှာ တကယ်ကို သတင်းကောင်းမဟုတ်။ သူသည် ယခင်က ဂျေရုဆလင်မြို့နှင့် ပူးပေါင်းလိုခြင်းပင်။ သူ့သံတမန်များ အသတ်ခံရလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း..
အပြာရောင်ကောင်းကင်ထက်၌ နေမင်းကြီး တောက်ပနေသည်။
နွေးထွေးသည့် နေရောင်ကို ခံယူလျက် ချူဖုန်း တောအုပ်ထဲ၌ လျှောက်လာလိုက်သည်။ သားရအရေခွံအိတ်ကို အခြားတစ်နေရာ၌ မြှုပ်ထားခဲ့သောကြောင့် သူ အတော်လေး စိတ်အေးလက်အေး ဖြစ်နေသည်။
“ငါ ပြန်လာပြီ..”
သူ ဂရိသို့ ရောက်လာလေပြီ။ သူ ချက်ချင်းမလှုပ်ရှားသေးပဲ သိုသိုသိပ်သိပ်နေရန်အတွက် သန့်ရှင်းသပ်ရပ်သည့် မြို့လေးတစ်မြို့သို့ ဝင်ခဲ့လိုက်သည်။ လတ်တလောဖြစ်ပျက်နေသည့် ကိစ္စများကို သိအောင် လုပ်ရဦးမည်။
ဂရိမြို့တော်ဖြစ်သည့် အေသင်မြို့မှာ အနောက်တိုင်းယဉ်ကျေးမှုများ အစပြုရာနေရာဖြစ်သည်ဟု ပြောကြသည်။ ဤမြို့အကြောင်းမှတ်တမ်းများမှာ လွန်ခဲသည့် နှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက ရှိနေခဲ့သည်ပင်။
ရက်ပေါင်းများစွာ အသက်လု ထွက်ပြေးခဲ့ရပြီးနောက် ချူဖုန်း ယခုမှ စိတ်အေးနိုင်တော့သည်။ သို့သော် သူ ဤနေရာ၌ အနားယူ၍မရသေးကြောင်း သူသိသည်။ လက်ရှိအခြေအနေများမှာ အလွန်တင်းမာနေသည်။
ခွန်းလွန်တောင် ကျူးကျော်ခံနေရကာ ပြင်းထန်သည့်တိုက်ပွဲကြီး ဖြစ်ပွားနေသည်။
ဒီကစားပွဲမှာ သူ ဘယ်ကနေ ဝင်ပါရမလဲ .. သူတို့ ပြန်ဆုတ်နိုင်တဲ့လမ်းကို ဖျက်ဆီးပစ်ပြီးတော့ သူတို့စိတ်ဓာတ်ပျက်ပြားသွားအောင် လုပ်ရမလား .. ဒါမှမဟုတ် သူတို့အိမ်တွေကို ဖျက်ဆီးပစ်ပြီးတော့ အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်လိုက်ရမလား .. သူ လေးလေးနက်နက်ပင် စဉ်းစားလိုက်သည်။
နဂါးဘုရင်နဲ့ အာတိတ်ဘုရင်တို့ ဘယ်မှာ နေကြတာလဲ.. ယခုအချိန်တွင် အရှေ့တိုင်းကို ကျူးကျော်သည့်စစ်တပ်အား သူတို့ ဦးဆောင်ထားကြသောကြောင့် သူတို့ မျိုးနွယ်စုများကို စောင့်ကြပ်နေသည့်သူများ သိပ်ရှိမည်မဟုတ်။ သူတို့အိမ်များကို အရင်မီးရှို့ပစ်ရန် ချူဖုန်း ဆုံးဖြတ်လိုက်သည်။
သူတို့သည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း သူတို့ထံတွင် ခံစားချက်များ၊ သံယောဇဉ်များတော့ ရှိဦးမည်ပင်။ သူတို့အိမ်ကို ဖျက်ဆီးလိုက်လျှင် သေချာပေါက် သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေမည်ပင်။
“သူတို့ စိတ်မတည်မငြိမ်ဖြစ်နေတဲ့အချိန် အရှေ့တိုင်းက ကျွမ်းကျင်သူတွေ သူတို့ကို သတ်လိုက်နိုင်ရင် အကောင်းဆုံးပဲ”
သူ တကယ်တမ်းသတ်ချင်နေသည့်သူမှာ ဗာတီကန်မှ အုပ်စုပင်။ သို့သော် ရှီလာမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူ ရှိနေလျှင် မည်သူက မြို့ထဲသို့ လက်လွတ်စပယ် ဝင်ရဲမည်နည်း..
“ငါ တကယ် ဗာတီကန်မြို့ကို ပြောင်းပြန်လှန်ပစ်လိုက်ချင်တယ်..” ချူဖုန်း ရေရွတ်လိုက်သည်။
ခဏကြာပြီးနောက် ချူဖုန်း လက်ရှိအဖြစ်အပျက်များနှင့် ရင်းနှီးအောင် လုပ်လိုက်သည်။ ဤနေ့တွင်ပင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် အဖြစ်အပျက်ကြီးဖြစ်ပေါ်ခဲ့သည်။
ခြင်္သေ့ဘုရင်အကြီးအကဲသည် နဂါးနက်ဘုရင်၏ ဖိတ်ခေါ်မှုကို လက်ခံကာ ခွန်းလွန်တောင်တိုက်ပွဲ၌ ပါဝင်နိုင်ရန်အတွက် အာဖရိကမှ ထွက်လာတော့မည်။
ဤခြင်္သေ့အကြီးအကဲမှာ လွန်ခဲ့သည့် ၂၁ နှစ်ကတည်းက အင်အားကြီးနေသည့်သူပင်။
ထို့နောက်တွင်တော့ ယောဂဂုရုဖန့်လင်လည်း ဖိတ်ခေါ်မှုကို လက်ခံကာ ခွန်းလွန်တောင်သို့ စတင်ထွက်ခွာလာသည်။ သူ့ထံတွင် ခွန်းလွန်တောင်၌ အတည်ပြုရန်လိုအပ်သည့် တစ်စုံတစ်ခုရှိကြောင်း ပြောလာသည်။
ထို့နောက် အင်္ဂလန်ရှိ ရှေးဟောင်းနန်းတော်အတွင်းမှ ရွှေရောင်ဆံပင်နှင့် လူအိုကြီးတစ်ဦးလည်း သူ ခွန်းလွန်တောင်တိုက်ပွဲ၌ ပါဝင်ပြီး အနန္တနတ်ဘုရားများ၏ အိမ်ကိုနင်းချေပစ်မည်ဖြစ်ကြောင်း ကြေငြာလာသည်။
သူ့စကားသံမှာ အလွန်အထက်စီးဆန်လှသည်ပင်။
ဤလူမှာ လူသားမျိုးနွယ်စုမှ နှိုးထလာသည့် ကြောက်စရာကောင်းသည့်ဘုရင်တစ်ဦး ဖြစ်သောကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။ သူသည် လွန်ခဲ့သည့် ၂၁ နှစ်ကတည်းက ဘုရင်ဖြစ်သွားပြီဖြစ်ပြီး သူ့ကို ဗန်ပိုင်းယားဘုရင်ဟု ခေါ်ကြသည်။
သူသည် ဝိညာဉ်သွေးများကို သောက်သုံးရသည်ကို နှစ်သက်ပြီး သူ၏ပစ်မှတ်ထားခံရသည့်သူအားလုံး ကြောက်ရွံ့သွားကြရသည်ပင်။
ထို့အပြင် သူ့တစ်ယောက်တည်း ထွက်လာသည်မဟုတ်။ သူ့နောက်၌ စစ်တပ်ကြီးတစ်တပ် ပါလာသေးသည်။
ဤသတင်းပျံ့နှံ့သွားသည့်အချိန်တွင် အရှေ့တိုင်းမှာ အုတ်အော်သေင်းတင်းဖြစ်သွားသည်။
အနောက်တိုင်းမှ တပ်သားများမှာတော့ စိတ်ဓာတ်ခွန်အား တက်ကြွလာကြသည်။ သူတို့ဘက်တွင် စွမ်းအားကြီးသည့် ကျွမ်းကျင်သူများစွာ ရှိနေသောကြောင့် ခွန်းလွန်တောင်က ဘယ်လိုတောင့်ခံနိုင်တော့မည်နည်း.. သေချာပေါက် ပျက်စီးရလိမ့်မည်။
သူတို့ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြသည်။ သူတို့ ခွန်းလွန်တောင်ပေါ်သို့တက်ပြီး မြင့်မြတ်သစ်ပင်မျိုးစုံနှင့် သန္ဓေပြောင်းအသီးမျိုးစုံအား ခူးကြမည့်မြင်ကွင်းကို စိတ်ကူးယဉ်လိုက်ကြသည်။
“ဒီလူက ပေါင်းပြီးတော့ ခွန်းလွန်တောင်ကို ကျူးကျော်လာကြတယ် .. ရွံစရာကောင်းလိုက်တာ..”
အရှေ့တိုင်းမှ လူများစွာ ဒေါသထွက်လာကြသည်။ အနောက်တိုင်းမှ ဤကျွမ်းကျင်သူများသည် အစကတည်းက အရှေ့တိုင်း၏ နတ်ဘုရားနယ်မြေများကို မျက်စိကျနေကြခြင်းဖြစ်ပြီး ယခု အပြစ်ပေးသည်ဟုဆိုကာ သူတို့ကို ကျူးကျော်လာကြလေပြီ။
“အံ့ဩဖို့ ကောင်းလိုက်တာ .. ငါထင်တာတော့ ခွန်းလွန်တောင်က ပျက်စီးတော့မှာ .. သူက ပိုင်ရှင်ပြောင်းဖို့ ကံပါလာပြီးသားပဲ..” အနောက်တိုင်းမှ လူအချို့ ပြောလာကြသည်။
“အဲဒီလို မဖြစ်လောက်ဘူး .. အဲဒီမှာ အခြေချနေတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေ ရှိနေတာပဲလေ .. အနောက်တိုင်းစစ်တပ်ကြီး ဝါးမြိုလာမှာကို သူတို့ ဒီအတိုင်း ထိုင်ကြည့်မနေလောက်ဘူး .. သူတို့သေချာပေါက် ကူညီလာကြမှာပဲ..”
အရျှေ့တိုင်းတွင် သူတို့ ကျွမ်းကျင်သူများ ရှိကြသည်ပင်။
ဂျိဒ်ကျောင်းမှ ဆရာမှာ ခွန်းလွန်တောင်သို့ ထွက်ခွာလာပြီဖြစ်သည်။
သူတို့နောက်တွင် ရှိနေသည့် သားရဲမျိုးနွယ်စု ပုန်ကန်လာမည်ကို ကြောက်နေရသောကြောင့် အမြင်ရှစ်မျိုးကျောင်းနှင့် ကျောက်စိမ်းဂူကျောင်းမှ ဆရာတို့ ထွက်မလာရဲကြခြင်းပင်။ မဟုတ်ပါက သူတို့သည် ကာကွယ်ရေးတပ်တွင် ပါဝင်နေလောက်လေပြီ။
ထို့အပြင် ရှုတောင်မှ ကြိုးကြာဖြူ၊ ဝူတန်းတောင်၏ဘိုးဘေးနှင့် ရှုလင်ကျောင်းမှ လူဝံအိုကြီးတို့လည်း သူတို့ ရပ်တည်ချက်များကို ပြသလာကြသည်။ ခွန်းလွန်တောင်မှ အရှေ့တိုင်းမှ ပိုင်သည့်ထာဝရမြေဖြစ်သောကြောင့် ကျိုးကျော်မှုများကို သည်းခံမည်မဟုတ်။
ထို့အပြင် တိတ်တဆိတ်လျှို့ဝှက်လှုပ်ရှားလာသည့်လူများလည်း ရှိသေးသည်။
ခွန်းလွန်တောင်မှ နတ်ဆိုးများတွင် မိတ်ဆွေမရှိသည်မဟုတ်။ အားလုံး သိုသိုသိပ်သိပ်နေနေကြခြင်းပင်။
“ခွန်းလွန်တောင်က ကျွမ်းကျင်သူတွေ .. ခင်ဗျားတို့ အခုထိ အမြင်မှန်မရသေးဘူးလား.. ဒီလိုအဖြစ်အပျက်မျိုးက တားဆီးလို့မရဘူး .. ကျုပ်သာ ဆိုရင်တော့ အသစ်ရောက်လာတဲ့သူတွေကို ကြိုဆိုနေမှာပဲ..”
အဝေးမှ အာတိတ်ဘုရင်ပြောလာသည်။ သူ့အသံသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေပြီး ခွန်းလွန်တောင်အား ခုခံနေသည့်သူများကို ဒေါသထွက်စေသည်ပင်။ ဤသည်မှာ အသားလွတ်စော်ကားလိုက်ခြင်းပင်။
နှစ်ဖက်လုံးမှာ သူတို့ဘက်မှ ကျွမ်းကျင်သူများ ရောက်လာကြမည်ကို စောင့်နေကြခြင်းပင်။
“ကိစ္စတွေက အမြင့်ဆုံးအခြေအနေကို ရောက်နေပြီဆိုတော့ ပိုပြီးတင်းမာအောင်လုပ်ဖို့ အချိန်ရောက်ပြီ..” ချူဖုန်း သက်ပြင်းချ၍ ပြောလိုက်သည်။
နဂါးနက်နှင့် အာတိတ်ဘုရင်တို့ မကြောက်သည်မှာ မထူးဆန်းတော့။ သူတို့ထံ၌ ခြင်္သေ့ဘုရင်အို၊ ရှေးဟောင်းယောဂဂုရုဖန့်လင်နှင့် ဗန်ပိုင်းယားဘုရင်တို့ ရှိနေသည်ပင်။
ဗာတီကန်မြို့၌ ရှိနေသည့် ရှီလာသည် နူးညံ့စွာပင် ပြုံးနေလေ၏။ လက်ရှိအခြေအနေမှာ သူတို့ဘက်၌ အရေးသာနေသည်ပင်။ တိုက်ပွဲစတင်သည်နှင့် ကျွမ်းကျင်သူများစွာ သူတို့နှင့် လာရောက်ပူးပေါင်းလိမ့်မည်။ အနန္တနတ်ဘုရားနယ်မြေမှာ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်။
နောက်ဆုံးတော့ ချူဖုန်း လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ သူ အရှေ့တိုင်းဘက်သို့ အလောတကြီး မသွားသေးပဲ နဂါးနက်၏အိမ်ကို အုပ်ချုပ်ပေးရန် စီစဉ်နေခြင်းပင်။
“ဗာတီကန်မှာ လူအိုကြီးတစ်ယောက် နေနေတာသိနေတော့ ဘယ်သူမှ ဗာတီကန်ကို ကျူးကျော်ရဲမှာ မဟုတ်ဘူး .. တစ်ယောက်ယောက်က ပြဿနာရှာချင်ရင် သူတို့တွေ နဂါးနက်နဲ့ အာတိတ်ဘုရင်တို့ရဲ့ နေရာတွေကိုပဲ သွားလိမ့်မယ်” ကလေးမလေးတစ်ဦး ပြုံး၍ ပြောလိုက်သည်။ သူမသည် အဖြူရောင်အဝတ်အစား ဝတ်ဆင်ထားပြီး နတ်အလင်းတန်းများ ထုတ်လွှတ်နေသည်။
အာတိတ်ဘုရင်သည် မြောက်ဝင်ရိုးစွန်းမှ ရေခဲလွင်ပြင်တွင် နေထိုင်ပြီး သူ့အိမ်ကို အတော်လေး ကွယ်ဝှက်ထားသည်ပင်။ သာမန်လူများ ဤနေရာကို ရှာတွေ့နိုင်မည်မဟုတ်။
နဂါးနက်အိမ်ကတော့ ဥရောပ၌သာရှိသည်။ သေချာစုံစမ်းလိုက်သည်နှင့် သေချာပေါက် ရှာတွေ့နိုင်သည်ပင်။
ရှီလာ၏ဒဏ်ရာများမှ အစောကြီးကတည်းက သက်သာပျောက်ကင်းသွားပြီဖြစ်သည်။ သူသည် အသက်ကြီးသည့်လူတစ်ဦးဖြစ်သော်လည်း သူ့မျက်လုံးများ ကြည်လင်ရှင်းလင်းနေပြီး လူလည်း အတော်လေး တည်ငြိမ်နေသေးသည်။ သူလည်း ငါးအကြီးကြီးတစ်ကောင်ကိုဖမ်းရန်အတွက် လှုပ်ရှားနေပြီဖြစ်သည်။
“ကိစ္စတွေက ဒီလောက်တောင် အုတ်အော်သောင်းတင်းဖြစ်နေပြီး သမိုင်းဝင်တိုက်ပွဲကြီးလည်း ဖြစ်နေတာဆိုတော့ ငါ နဂါးနက်အိမ်ကို မွှေတာက ဘာမှသိပ်သိသာမှာမဟုတ်ဘူး .. သူ့ကို ထိခိုက်စေမှာမဟုတ်သလို တိုက်ပွဲကိုလည်း သိပ်ပြီးသက်ရောက်မှုရှိမှာမဟုတ်ဘူး .. သူတို့ စိတ်လှုပ်ရှားသွားအောင်၊ ကြောက်သွားအောင် တစ်ခုခုလုပ်ရမယ်..” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ အစီအစဉ်ပြောင်းတော့မည်။
သေချာစဉ်းစားပြီးနောက် ယုံကြည်ရသည့် ပစ်မှတ်တစ်ခုကို သူ ရှာတွေ့သွားသည်။ ထို့နောက် သူ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
သူ ဝေးဝေးမသွား။ ဂရိထဲ၌သာ ရှိသေးသည်။ သူသည် ဥရောပလက်နက်တိုက်နားသို့ တိတ်တဆိတ် ချဉ်းကပ်သွားနေခြင်းပင်။ နွားနက်ကြီး၏စကားနှင့် ပြောရမည်ဆိုလျှင် အကွက်ကြီးကြီး ရွှေ့တော့မည်။
“အရင်တစ်ခေါက်တုန်းက မင်းတို့တွေက ငါ့လေယာဉ်ကို ဒုံးကျည်တွေနဲ့ ပစ်ခဲ့ပြီးတော့ အရမ်းတွေ ကျေနပ်နေခဲ့ကြတာမလား..”
ချူဖုန်း အေးစက်စွာ ပြုံးလိုက်၏။ ယခု သူ ထိုကျေးဇူးတရားများကို ပြန်ဆပ်တော့မည်။ သူ မလုပ်ချင်လျှင် သိုသိုသိပ်သိပ်နေလိုက်မည်။ သူ လုပ်ချင်လျှင်တော့ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားအောင် လုပ်ရန် လိုအပ်သည်။
ထိုနေ့တွင် ချူဖုန်းသည် ဘုရင်အဆင့်စွမ်းအားများကို အသုံးပြုကာ ရာထူးကြီးသည့်အရာရှိများကို အိပ်မွေ့ချနိုင်ခဲ့သည်။
အချုပ်အနှောင်သုံးခု ဖြတ်တောက်ပြီးသွားသည့်အပြင် စိတ်ဝိညာဉ်ပညာများကိုလည်း ကျွမ်းကျင်သောကြောင့် သူ့ဝိညာဉ်စွမ်းအင်မှာ အတော်လေး အားကောင်းလှသည်ပင်။
အိပ်မွေ့ချသည်မှာ အလွန်လွယ်ကူသည့်အလုပ်ပင်။
အရာအားလုံး သူ စီစဉ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ဖြစ်သွားသည်။ ဤအဖွဲ့အစည်းတွင် နျူးကလီးယားထိပ်ဖူးများ ရှိနေသည်ပင်။ ထို့အပြင် တစ်ခုထက်မက။
“အရမ်းကောင်းတယ် .. ငါ ဗာတီကန်မြို့ကို ပစ်မှတ်ထားရမယ် .. ရှီလာအတွက် မီးရှူးမီးပန်းကြီး ဖောက်ပေးရတာပေါ့..”
ဘုန်းကြီးထွက်ပြေးနိုင်သော်လည်း ဘုန်းကြီးကျောင်းကတော့ ကျန်ခဲ့မည်ပင်။ ယခု သူ ဤလူကို သူ့ဆေးသူပြန်တိုက်ရမည်။
အပိုင်း ၁၇၅ ပြီး၏။