Switch Mode

Chapter – 174

ဆူပူမှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၄ – ဆူပူမှု

ချူဖုန်း သွားရည်များကို ထိန်းလိုက်ပြီး ကမ်းခြေဘက်သို့ ပြေးသွားလိုက်သည်။ သူသည် ဤဘုရင်အဆင့်သက်ရှိနှစ်ယောက်အား ချက်ချင်း သတ်ပစ်လိုက်ချင်သည့်စိတ်ကို ထိန်းချုပ်နေရသည်။ အဘယ်ကြောင့်ဆိုသော် ဆာလောင်မှုသည် သူ့အား မီးကဲ့သို့ တမြေ့မြေ့လောင်ကျွမ်းနေသည်ပင်။

“တကယ်ပဲသူလား..” အက်ဗီဒူး၏ အပြာရောင်မျက်လုံးများမှ နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။ “သူက သေသွားပြီမဟုတ်ဘူးလား..”

ချူဖုန်းသည် ဗာတီကန်မြို့၌ တားမြစ်ထားသည့် ကန့်သတ်ချက်တစ်ခုကို ထိမိသွားသောကြောင့် သေဆုံးသွားပြီဟု သူတို့ ကြေငြာထားခဲ့ကြသည်ပင်။

ထို့အပြင် ဤသတင်းသည် ချူဖုန်းနေထိုင်သည့် အရှေ့တိုင်း၌ အတော်လေး ရိုက်ခတ်ခဲ့သည်ပင်။

ယခု သူ ပြန်ပေါ်လာသောကြောင့် အက်ဗီဒူး ရင်ထဲ တင်းကြပ်သွားရသည်။

ဤလူ သေရမည်။ သေလူသာ တိတ်တဆိတ်နေလိမ့်မည်။

သူသာ အပြင်လောက၌ ပြန်ပေါ်လာလျှင် ဗာတီကန်မြို့၏ ကြေငြာချက်များ အလကားဖြစ်သွားလိမ့်မည်။ သေဆုံးသွားပြီဟု ကြေငြာထားသည့်လူက ဂျေရုဆလင်၌ ပေါ်လာကြောင်း သတင်းထွက်လာပါက ဗာတီကန်မြို့အပေါ် မကောင်းသည့် သက်ရောက်မှုများ ရှိလာလိမ့်မည်။

သူတို့ရှေ့၌ ရှိနေသည့် ချူဖုန်းလည်း အရှိန်တင်လိုက်သည်။ သူသည် ပုန်းကွယ်မနေတော့ပဲ လေဟာနယ်အတားအဆီးကို ဖြတ်ကျော်သွားလိုက်သည်။

“နတ်ဆိုးဘုရင်ချူ .. မပြေးနဲ့ .. ငါတို့ မင်းကို ထိခိုက်အောင် မလုပ်ဘူး .. အေးဆေးထိုင်ဆွေးနွေးရအောင် .. မင်းကို ငါတို့ ဗာတီကန်အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်တယ်”

အက်ဗီဒူး စိတ်ချင်းဆက်သွယ်လိုက်သည်။ သူ့မျက်နှာထက်၌ အပြုံးများ ရှိနေပြီး သူ့အသံမှာလည်း အလွန်ညင်သာလှသောကြောင့် မသိသည့်သူဆိုလျှင် သူ့ကို အလွန်ကြင်နာကာ ဖော်ရွေတတ်သည့်သူဟု ထင်သွားလိမ့်မည်။

ဝက်ဝံဖြူကြီးကတော့ ဘာမှမပြော။ သူ့ခန္ဓာကိုယ်ကြီးသာ တစ်ဖြည်းဖြည်းကြီးမားလာပြီး အဖြူရောင်အမွေးများ လေထဲ၌ ပျံ့လွင့်လာသည်။

“ချူ .. မပြေးနဲ့တော့ .. ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး” အက်ဗီဒူးမှာ စိတ်ထဲမှ ဆက်သွယ်ရန် ကြိုးစားနေဆဲပင်။ သို့သော် သူ့မျက်နှာကတော့ အနည်းငယ် အေးစက်လာသည်။

သူသည် ချိုသာသည့်စကားများ ပြောနေသော်လည်း သူ လုပ်ချင်နေသည်မှာ ချူဖုန်းကို သတ်ပစ်ပြီး နှုတ်ပိတ်ရန်ပင်။

“သူ မသေသေးတာကောင်းတယ် .. သူ့ကို တစ်စစီ စုတ်ဖြဲပြီး ထိုးချေပစ်ရတဲ့ ခံစားချက်ကို ခံစားရမယ်” ဝက်ဝံဖြူကြီး သူ့သွားဖြူဖြူများကို လှစ်ဟပြ၍ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

သူတို့ရှေ့တွင် ကောင်းကင်နှင့် ပင်လယ်ပြင်ကြီးမှာ မိုးကုပ်စက်ဝန်းတွင် ထိစပ်နေပြီး အဆုံးအစမရှိ ကျယ်ပြန့်သည့် ခံစားချက်ကို ပေးနေသည်။

ကမ်းခြေပေါ်မှ သဲများမှာ နေရောင်ခြည်ဖြင့် လွှမ်းခြုံခံခဲ့ရသောကြောင့် နွေးထွေးနေသည်။ ဤသဲများမှာ သူ့စိတ်ထဲ တောက်လောင်နေသည့် ဆာလောင်မှုမီးတောက်လောက်ပင် မပူပြင်း။ ကမ်းခြေသို့ ရောက်သည်နှင့် ချူဖုန်း ရုတ်တရက် ရပ်တန့်လိုက်ကာ နောက်လှည့်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ချူ မင်းကို ထပ်တွေ့ရတာ တကယ်ဝမ်းသာတယ် .. မင်းတို့ ဝေလငါးဘုရင်ဗိုက်ထဲမှာသွားပြီလို့ ငါတို့ ထင်နေကြတာ .. အဲဒီတုန်းက ငါတကယ် ဝမ်းနည်းခဲ့ရတာ” အက်ဗီဒူး သူ၏ဖြူဖွေးသည့် သွားများပေါ်လာသည်အထိ ပြုံးပြလာသည်။

တစ်ဖက်လူ၏စိတ်နေစိတ်ထားကို ချူဖုန်း ကောင်းကောင်းနားလည်သည်။ ဤလူသည် ငြိမ်းချမ်းကာ အန္တရာယ်မရှိပုံပေါ်သော်လည်း သူ့စိတ်မှာတော့ ကောက်ကျစ်လှသည်။

“အက်ဗီဒူး.. မင်းငါ့ကို သတ်နိုင်လိမ့်မယ်လို့ မင်းတကယ်ထင်နေတာလား..” ချူဖုန်း သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

အက်ဗီဒူး ပြုံးလိုက်သည်။

ဝက်ဝံဖြူကြီးလည်း အလွန်ပင်တည်ငြိမ်နေလေသည်။ သူ၏အစွယ်များမှာ ဓားသွားများကဲ့သို့ ထက်ရှလှသည်။

သူ့တစ်ကိုယ်လုံးလည်း ငွေရောင်နေမင်းကြီးကဲ့သို့ တောက်ပနေသည်။ “မင်း အသက်ရှင်နိုင်လိမ့်မယ်လို့ ထင်နေသေးတာလား.. ငါတို့က မင်းကို အသုဘအိမ်က ခွေးလိုမျိုး မောင်းထုတ်ခဲ့ကြတာ .. ဒီနေ့လည်း ငါတို့ မင်းကို သတ်နိုင်နေတုန်းပဲ..”

“ချူ .. ငါ မင်းကို ပြောဖို့မေ့နေတာ .. ငါ စတုတ္ထမြောက် အချုပ်အနှောင်ကို ချိုးဖျက်ထားတာ သိပ်မကြာသေးဘူး .. အဲဒီခံစားချက်က အရမ်းခံစားလို့ကောင်းတာပဲ .. ငါ ရုတ်တရက်ကြီး ဒီလောက,ကနေ ကင်းကွာသွားပြီး တိမ်တွေပေါ်မှာ ရပ်နေရသလို ခံစားလိုက်ရတာ”

အက်ဗီဒူး၏ ရွှေရောင်ဆံနွယ်များ လေနှင့် လွင့်မျောနေကာ သူ့မျက်နှာထက်တွင် ယုံကြည်ချက်ပြည့်ဝသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“ငါလည်းအတူတူပဲ..” ဝက်ဝံဖြူ ပြောလာသည်။ ဝက်ဝံဖြူကြီးသည် မတ်တပ်ရပ်လိုက်ကာ ချူဖုန်းကို စီးမိုးကြည့်လာပြီး “မင်းလည်း ဒုတိယမြောက် အချုပ်အနှောင်ကို ချိုးဖျက်လိုက်တာများလား .. ကောင်းတယ် .. မဟုတ်ရင် မင်းကို ဖျက်ဆီးရတာ အလကားဖြစ်သွားမှာ .. အိုး ငါပြောဖို့မေ့နေတာ .. ငါ ထူးခြားတဲ့အသက်ရှူစည်းချက်ကိုလည်း သင်ပြီးသွားပြီ”

ဝက်ဝံဖြူကြီး အထိန်းအကွပ်မရှိရယ်မောလိုက်ကာ ချူဖုန်းအား ငုံ့ကြည့်လာသည်။ တစ်ဖက်လူသည် အဆင့်တက်ပြီဖြစ်သော်လည်း သူ့အတွက်တော့ ဘာမှမထူးခြား။

အဘယ်ကြောင့်ဆိုသော် ဤရက်ပိုင်းတွင် သူတို့ အဆင့်တက်ခဲ့သည့်အပြင် အသက်ရှူစည်းချက်ကလည်း သူတို့ကိုပို၍အင်အားကြီးလာအောင် ပြုလုပ်ပေးနေသည်ပင်။

သို့သော် ချူဖုန်း နည်းနည်းလေးမှ ကြောက်မသွားသည့်အပြင် သူသည် နှုတ်ခမ်းထောင့်မှ တံတွေးများကိုသုတ်ပြီး သူ့အားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဒီကောင်က ကြောက်လွန်းလို့ အ,သွားတာလား.. သူက ဘာလို့ ဒီလိုမျိုးထူးထူးဆန်းဆန်းတွေ လုပ်နေတာလဲ..

“ချူ မကြောက်ပါနဲ့ .. လာ ငါ့ကို လာပြောပြ .. ဒီရက်တွေမှာ မင်းဘာတွေ ကြုံတွေ့ခဲ့ရတာလဲ.. မင်း ဝေလငါးဗိုက်ထဲကနေ ဘယ်လိုလုပ် ထွက်လာနိုင်တာလဲ..” အက်ဗီဒူး ချူဖုန်းကို ပြုံးပြ၍ ပြောလိုက်သည်။ သူ အလွန်ကြောက်နေသောကြောင့် ဤကဲ့သို့ ထူးထူးဆန်းဆန်း ပြုမူနေသည်ဟု သူ မှတ်ယူလိုက်သည်။

ချူဖုန်း ခက်ခက်ခဲခဲဖြင့် တံတွေးမြိုချလိုက်သည်။

ဝက်ဝံဖြူကြီး တုန်လှုပ်သွားသည်။ ဒီကလေးက တံတွေးသုတ်လိုက်တာလား..

ထို့နောက် သူ အလွန်ဒေါသထွက်လာလေ၏။ ဒီအရှေ့တိုင်းကောင်က သူ့ကို စိုက်ကြည့်ပြီး ဒီလိုမျိုးလုပ်နေတယ် .. ရိုင်းစိုင်းလိုက်တာ..

မည်သူမှ သူ့အား ဤကဲ့သို့ မဆက်ဆံဖူး။

ဂီး..

ဝက်ဝံဖြူကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချူဖုန်းလည်း ထပ်ဟန်ဆောင်နေစရာမလိုတော့။

သူသည် ပင်လယ်ကြီးကို ကျောပေးထားပြီး အပြာရောင်ကောင်းကင်ကြီးကို‌ မော့ကြည့်လိုက်သည်။ ထို့နောက် သူသည် ဝတုတ်နေသည့် ဝက်ဝံဖြူကြီးကို စိုက်ကြည့်လိုက်သည်။ သူ ဝက်ဝံဖြူသားကို ကင်စားရမလား.. ပေါင်းစားရမလား.. သူဗိုက်ဆာနေသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီဟု တွေးမိသည်နှင့် သူ ထပ်ပြီး သွားရေယိုလာသည်။

ဂီး..

ဝက်ဝံဖြူကြီး သည်းမခံနိုင်တော့။ သူသည် ချက်ချင်းပင် ချူဖုန်းကို သူ့လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သည်။ ဖုန်းဟူသည့်အသံနှင့်အတူ ကမ်းခြေကြီး အက်ကွဲသွားကာ တည်ငြိမ်နေသည့် ပင်လယ်ပြင်လည်း ပြင်းထန်စွာ တုန်ခါသွားပြီး မီတာဆယ်ချီမြင့်သည့် လှိုင်းလုံးကြီး ဖြစ်ပေါ်လာသည်။

ဝက်ဝံဖြူကြီးမှာ အလွန်ကြမ်းတမ်းလှသည်။ ချူဖုန်း၏ သူ့ကို သားကောင်တစ်ကောင်ကဲ့သို့ ဆက်ဆံနေသည့် ပုံစံမှာ သူ့ကို ဒေါသထွက်စေသည်ပင်။

သူသည် ဆက်တိုက်ပင် ရိုက်နေပြီး လှိုင်းလုံးများ တစ်လုံးပြီးတစ်လုံး ဖြစ်ပေါ်လာအောင် လုပ်လိုက်သည်။

သို့သော် သူ့တိုက်ခိုက်မှုများမှာ ချူဖုန်းကို မဖမ်းနိုင်ခဲ့။ သူသာ မူးနောက်လာရသည်။

အခြားတစ်ဖက်တွင်မူ အက်ဗီဒူးသည် တိတ်တဆိတ်ပင် နောက်ဆုတ်သွားသည်။ သူ့တစ်ကိုယ်လုံး အေးခဲလာပြီး ကြောက်ရွံ့လာမိသည်။ ချူဖုန်း၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူနှင့် ဝက်ဝံဖြူထက် မြန်နေသည်။

ချူဖုန်း သတ်ရန်မလော။ သူ့စွမ်းအားအသစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားလိုက်သည်။

နောက်ဆုံး သူ့အခြေအနေကို ကျေနပ်သွားသည်နှင့် သူ စတင်တိုက်ခိုက်တော့သည်။ ဝက်ဝံဖြူသည် ရုတ်တရက် နာကျင်စွာ အူလိုက်သည်။ သူသည် ဝင်လာသည့် လက်သီးချက်ကို မတားဆီးလိုက်နိုင်ပဲ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်ပင်။

သူ နောက်ပြန်ဆုတ်လာသည်နှင့် သူပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာသည်။

“ဂါး..”

ဝက်ဝံဖြူ ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားရသည်။ ထိုလက်သီးချက်နောက်မှ ခွန်အားမှာ အားပြင်းလှသည်။

အက်ဗီဒူးသည် အားလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောကြောင့် ဆံပင်မွေးများ ထောင်ထသွားသည်။ ချူဖုန်းသည် ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးသွားသည်ကို သူ ခံစားမိသည်။ လက်ရှိအခြေအနေမှာ သူ့အတွက် မကောင်းတော့။

“ချူ .. မင်း ဘယ်အဆင့်ကို ရောက်သွားပြီလဲ..” သူ မနေနိုင်ပဲ မေးလိုက်သည်။

ချူဖုန်း လက်သုံးချောင်း ထောင်ပြလိုက်သည်။ သူ့ဗိုက်ထဲမှ အသံများ ပို၍ ကျယ်လောင်လာသောကြောင့် သူ ဝက်ဝံဖြူကို ဖိတိုက်လိုက်သည်။

“မဖြစ်နိုင်တာ .. ပြီးခဲ့တဲ့ရက်တုန်းကတောင်မှ မင်းက တစ်ခုကိုပဲ ဖြတ်တောက်ရသေးတာ .. မင်း ဘယ်လိုလုပ် နှစ်ခုဆက်တိုက်ဖြတ်တောက်လိုက်တာလဲ.. ဒါက အချိန်လိုအပ်တယ်..” ဝက်ဝံဖြူကြီး မယုံကြည်နိုင်ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်စွမ်းအင်အားလုံးကို အသုံးပြုလိုက်သောကြောင့် သူ့လက်နှစ်ဘက်လုံး တောက်ပလာသည်။ သူ သေအောင်သတ်တော့မည်။

“လက်လွတ်စပယ်မလုပ်နဲ့ .. ဒီဝက်ဝံလက်တွေက အဓိကဟင်းပွဲပဲ..” ချူဖုန်း သူ့ကို သတိပေးလိုက်သည်။

“ဝူး..”

ဤသည်မှာ ဝက်ဝံဖြူကို အတော်လေး ဒေါသထွက်စေသည်ပင်။

သူ ချူဖုန်းကို တောက်ပနေသည့် လက်သည်းများဖြင့် တိုက်ခိုက်လာသည်။

သို့သော် ချူဖုန်းကတော့ သူ့ကို အရေးမလုပ်ပဲ အက်ဗီဒူးထံသို့ ရုတ်တရက်ပြေးဝင်သွားလေသည်။

အက်ဗီဒူးသည် တောက်ပသည့် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော်လည်း သူသည် တိုက်ခိုက်ခြင်းမရှိပဲ အမြှီးကုပ်ပြီး ထွက်ပြေးလေတော့သည်။ သူ အခြေအနေမကောင်းကြောင်း သူသိသည်ပင်။

ဝုန်း..

အသံနှုန်းထက် လေးဆမြန်သည့်နှုန်းဖြင့် လိုက်နေသောကြောင့် သူ အက်ဗီဒူးကို မှီသွားကာ သူ့ရှေ့ရပ်လိုက်ပြီး လမ်းပိတ်လိုက်သည်။

“ချူ .. ငါ မင်းအပေါ် မကောင်းတဲ့စိတ်မရှိပါဘူး .. မင်း နားလည်မှုလွဲနေပြီ..” အက်ဗီဒူး ဂကျိုးဂ‌ကျောင် ပြုံးပြလာသည်။ ဂျေရုဆလင်တွင် ဤကဲ့သို့သော ဘေးအန္တရာယ်မျိုး တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့။

ချူဖုန်းကို တွေ့သည့်အချိန်က သူသည် ဤကောင်ကို နှုတ်ပိတ်ပစ်ပြီး ဗာတီကန်အတွက် အန္တရာယ်ရှင်းပေးလိုခြင်းပင်။ သို့သော် ယခုတော့ အရှင်းခံရမည့်သူမှာ သူဖြစ်လာသည်။

ချူဖုန်း ဘာမှမပြောတော့ပဲ လက်သီးမြောက်ကာ တိုက်ခိုက်လိုက်သည်။

အက်ဗီဒူး၏ မျက်လုံးများ အေးစက်နေကာ ဆံပင်များလည်း ဖရိုဖရဲဖြစ်နေသည်။ သူ ထွက်မပြေးနိုင်တော့သဖြင့် သူ အားကုန်ပြန်တိုက်ရုံသာ ရှိတော့သည်။

သို့သော် နောက်တစ်ခဏတွင် ချူဖုန်းလက်သီးနှင့် ထိသွားသည့် သူ့လက်မှ ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုလက်သီးကြောင့် သူ့အရိုးအားလုံး ကျိုးသွားလေပြီ။

ဖူး..

သူ့လက်သီးလည်း စုတ်ပြဲသွားပြီး သွေးများ စီးကျလာသည်။ ရန်သူ၏ခွန်အားမှာ ကြောက်စရာကောင်းလှသည်။

ချူဖုန်း ဘာကိုမှ ကွယ်ဝှက်မထားတော့ပဲ သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ကာ ပြိုင်ဘက်ကို နွားနတ်ဆိုးလက်သီးဖြင့် ထိုးချလိုက်သည်။

ချွမ်း..

အက်ဗီဒူး သူ့ဓားရှည်ကို ဆွဲထုတ်ကာ ချူဖုန်းကို ခုတ်လိုက်သည်။

ဓား၏အေးစက်နေသည့် အလင်းကိုကြည့်ခြင်းအားဖြင့် ဤဓားကို အကောင်းဆုံးပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း သိနိုင်သည်။ ဤဓားသည် ချူဖုန်း ချိုးပစ်လိုက်သည့်ဓားထက် ပိုကောင်းသည်ပင်။

ဒုန်း ဒုန်း ဒုန်း..

ချူဖုန်း ဓားကို ဘေးဘက်သို့ ရိုက်ထုတ်လိုက်သည်နှင့် ဓားကြီး တုန်ခါသွားကာ အက်ကွဲရာများ ထွက်ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။

သူသည် ဓားအလင်းတန်းပညာ၏စွမ်းအားကို အလောတကြီး ထုတ်သုံးလိုက်သည်။ သို့သော် ဤပညာမှာ နတ်ဆိုးဘုရင်ချူကို ရင်ဆိုင်ရန် မလုံလောက်။

ခွပ်..

ချူဖုန်း၏လက်သီးသည် ဓားအလင်းတန်းကို ကျော်ဖြတ်ကာ သူ့ခန္ဓာကိုယ်ထက်သို့ ရောက်ရှိလာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏အလင်းတန်းချပ်ဝတ်တန်ဆာ အက်ကွဲသွားပြီးနောက် တစ်စစီပေါက်ကွဲသွားလေသည်။

အလင်းတန်းချပ်ဝတ်တန်ဆာမှာ ယခုတော့ သတ္တုအမှိုက်သာ ဖြစ်သွားလေပြီ။

ဤသည်မှာ အမာကျောဆုံး ထိပ်တန်းအဆင့်သတ္တုဖြင့် ပြုလုပ်ထားသော်လည်း ယခုတော့ အသုံးမဝင်တော့။

အက်ဗီဒူး လွင့်ထွက်သွားကာ သွေးများစွာ အန်ထွက်လာသည်။ သူ့ရင်ဘတ်၌လည်း အပေါက်တစ်ပေါက် ဖြစ်သွားလေပြီ။

“မင်း .. မင်း ဘယ်လိုလုပ် ဒီလောက်တောင် အင်အားကြီးနေတာလဲ..” သူ မယုံကြည်နိုင်ဖြစ်နေသည်။

သူသည် ချူဖုန်းထက် တစ်ဆင့်မြင့်သော်လည်း သူ့ကို မယှဉ်နိုင်ဖြစ်နေသည်။

ချူဖုန်း ဖြေရှင်းချက် ပေးမနေတော့ပဲ သူ့ဓားနီကို ထုတ်လိုက်ကာ ရန်သူ၏ဦးခေါင်းကို ဖြတ်တောက်ပြီး အဆုံးသတ်ပေးလိုက်သည်။

အဝေးတွင်ရှိနေသည့် ဝက်ဝံဖြူကြီး ထိတ်ထိတ်ပျာပျာ ထွက်ပြေးနေလေသည်။ သူသည် ဤကမ်းခြေမှ လွတ်မြောက်ကြီး ကြောက်စရာကောင်းသည့် နတ်ဆိုးဘုရင်ချူ၏အဝေးသို့ ရောက်နိုင်မလားဟု မျှော်လင့်လျက် ထွက်ပြေးနေခြင်းပင်။

သို့သော် အသံနှုန်းထက် လေးဆမြန်နေသည့်သူလက်မှ မည်သူက လွတ်မြောက်နိုင်မည်နည်း..

တစ်ခဏလေးအတွင်းမှာပင် ချူဖုန်း သူ့ကိုမှီသွားသည်။

ဝက်ဝံဖြူကြီးမှာ မျှော်လင့်ချက်မရှိတော့။ သူသည် နောက်ပြန်လှည့်ကာ ချူဖုန်းနှင့်အစွမ်းကုန် တိုက်ခိုက်လာသည်။ သူ့ခန္ဓာကိုယ်ကြီး တောက်ပလာကာ အဖြူရောင်မြူများ ထုတ်လွှတ်ပြီး ကမ်းခြေတစ်ခုလုံးကို ရေခဲပြင်ဖြစ်အောင် လုပ်လိုက်၏။ ဤသည်မှာ သူ့စွမ်းရည်ပင်။

သို့သော် အခြားသားရဲများကို သတ်ရန်လုံလောက်သည့် ဤရေခဲပြင်မှာ ချူဖုန်းအတွက် အလုပ်မဖြစ်။ ရေခဲများမှာ တစ်ချက်တည်းဖြင့် ပြိုကွဲသွားလေသည်။ ထို့နောက် ချူဖုန်း ရှေ့သို့ တစ်လှမ်းတိုးလာပြီး ဝက်ဝံဖြူကြီးနှင့် အနီးကပ် တိုက်ခိုက်တော့သည်။

တုံ့ဆိုင်းခြင်းမရှိပဲ ဝက်ဝံဖြူကြီး ချက်ချင်း သေဆုံးသွားကာ အလောင်းအဖြစ် ပြောင်းလဲသွားသည်။

ချူဖုန်း ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးကိုဆွဲကာ သူ၏ယခင်နေရာသို့ ပြန်လာလိုက်သည်။

ထို့နောက် အနီးအနားတွင် တွေ့လိုက်ရသည့် စွန့်ပစ်စံအိမ်တစ်လုံးထဲ၌ ဝက်ဝံဖြူသားကို စတင် ခုတ်ထစ်ဆေးကြောလိုက်သည်။

ထို့နောက် အက်ဗီဒူးဓားကို တံစို့အဖြစ် အသုံးပြုလိုက်ပြီး အသားများကို စကင်လိုက်သည်။

သူ့ဗိုက်ထဲမှ အသံမြည်နေပြီဖြစ်သည်။ နောက်ဆုံးတော့ သူ အစားကောင်းစားရလေပြီ။

ထို့နောက်တွင်တော့ ချူဖုန်းသည် အဆုံးမရှိသည့် တွင်းနက်ကြီးကဲ့သို့ အသားအများကြီးကို စားသုံးလိုက်သည်။

ဘုရင်အဆင့်အသားသည် စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးနေသည်။ ချူဖုန်း ခန္ဓာကိုယ်မှ အလင်းများ တောက်ပလာပြီး သူ စားလေလေ တောက်ပလာလေလေ ဖြစ်နေသည်။

“ဝက်ဝံလက်တွေကို ဖြုန်းတီးလို့ မရဘူး”

သူသာ ဤကဲ့သို့သော ရှားပါးပစ္စည်းကို ကင်စားလိုက်လျှင် ဖြုန်းတီးရာ ကျသွားလိမ့်မည်။

ထို့နောက်တွင်တော့ ထိုဝက်ဝံလက်များကိုယူကာ မြို့ထဲသို့ ပြန်ဝင်လာခဲ့လိုက်ပြီး သူ ယခင်က သွားခဲ့သည့် စားသောက်ဆိုင်ထံသို့ သွားလိုက်သည်။ ဤသည်မှာ မန်နေဂျာကို ထိတ်လန့်သွားစေပြီး သူ့သွေးများပင် အေးခဲလာသည်။

ချူဖုန်း သူ့ကို ပြုံးပြလိုက်ကာ သူ့အတွက် ဤဝက်ဝံလက်များကို ချက်ပြုတ်ပေးရန် တောင်းဆိုလိုက်သည်။ ဒါပြီးလျှင်တော့ သူ ထပ်လာနှောက်ယှက်မည်မဟုတ်ကြောင်း ကတိပေးလိုက်လေသည်။

ထို့နောက် အစားအစာတစ်ချို့ကိုယူကာ မန်နေဂျာ၏ ဖုန်းကို ‘ငှား’ပြီး ထွက်လာခဲ့လိုက်သည်။

ကမ်းခြေသို့ ပြန်ရောက်သည်နှင့် သူသည် ကျန်နေသည့် အသားများကို ဆက်ကင်ရင်း ဓာတ်ပုံရိုက်လိုက်သည်။

နောက်ဆုံး သူ ဗိုက်ပြည့်အောင် စားပြီးသွားပြီး သူ့တစ်ကိုယ်လုံးလည်း အလွန်သက်တောင့်သက်သာ ဖြစ်နေသည်။ သူ၏မွေးညှင်းပေါက်များမှပင် ဝိညာဉ်အော်ရာများ စီးဆင်းနေသည်အထိပင်။

ပြင်းထန်လှသည့် ဆာလောင်မှုကြီး နောက်ဆုံးတော့ ပျောက်ကွယ်သွားလေပြီ။

ညပိုင်းတွင် မြင့်မြတ်ကုန်းမြေသို့ ပြန်လာခဲ့ပြီး မနက်ပိုင်းတွင် စားသောက်ဆိုင်သို့သွားလိုက်သည်။ တစ်ညလုံးတည်ထားသည့် ဝက်ဝံဖြူလက်များကို သူ့အတွက် သေချာပြင်ဆင်ပေးပြီးသွားပြီဖြစ်သည်။

ဤသည်မှာ သူ့မနက်စာပင်။ ဝက်ဝံလက်ကို ဗိုက်ပြည့်အောင် စားပြီးသည်နှင့် သူ အလွန်ကျေနပ်သွားရသည်။

ထိုနေ့တွင်ပင် ချူဖုန်း လေယာဉ်တစ်စင်းနှင့် ဥရောပဘက်သို့ သွားလိုက်သည်။

တစ်နေ့လုံး ပျံသန်းပြီးသည့်နောက်တွင်တော့ သူ ဘေးကင်းလုံခြုံစွာဖြင့် ဥရောပသို့ ရောက်ရှိလာသည်။

ယခုအချိန်တွင် ခွန်းလွန်တောင်၌ စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။ ဤသည်မှာ သွေးစမ်းသည့် တိုက်ပွဲသာဖြစ်သော်လည်း နှစ်ဘက်လုံး အသေအပျောက် များလှသည်။

ဥရောပသို့ ရောက်သည်နှင့် သူ ရိုက်ထားသည့် ဓာတ်ပုံများကို ချက်ချင်းတင်လိုက်သည်။ သူ့အကောင့်တွင် တင်လိုက်ခြင်းမဟုတ်ပဲ ဝဘ်ဆိုက်များ၌ လျှောက်တင်ခြင်းပင်။

“ဒါက ဘာကြီးလဲ .. ဘုရားရေ .. ဒီလောက်ကြီးတဲ့ ဝက်ဝံဖြူက ကမ်းခြေမှာ အသတ်ခံလိုက်ရတာလား..”

ထို့နောက်တွင်တော့ တစ်စုံတစ်ယောက်သည် ဝက်ဝံအသားကို ရွှေရောင်အဆီများ တတောက်တောက်ကျနေသည်အထိ ကင်နေသည်ကို တွေ့လိုက်ကြရသည်။ အသားမှာ အလွန်အရသာ ရှိမည့်ပုံပင်။ ထို့အပြင် အသားကိုကင်ရန်အတွက် ဓားကြီးတစ်လက်ကို တံစို့အဖြစ် အသုံးပြုထားသည်ပင်။

ကံမကောင်းစွာဖြင့် ဓာတ်ပုံတွင် ကင်နေသည့်သူ၏လက်သာ ပါသည်။

ထိုဓာတ်ပုံအချို့ ပျံ့နှံ့သွားပြီး ကျွမ်းကျင်သူအချို့၏ အာရုံစိုက်မှု ရရှိလိုက်သည့်အချိန်တွင် ငလျင်တစ်ခု လှုပ်ခတ်သွားသည်။

“ဘုရားရေ .. အဲဒါ ဝက်ဝံဖြူပဲ .. သူက အသတ်ခံလိုက်ရပြီး အကင်ခံလိုက်ရတာလား..”

အားလုံး လဲကျမိလုဖြစ်သွားကြရသည်။

ဤသည်မှာ အလွန်စွမ်းအားကြီးသည့် သားရဲဘုရင်တစ်ဦးပင်။ သူက ဘယ်လိုလုပ် ဒီလိုမျိုး သေသွားရတာလဲ.. သူက ကင်တောင် ကင်စားခံလိုက်ရတယ်..

“ခဏ .. အဲဒီဓားက..”

အချို့လူများသည် ဗာတီကန်စတိုင်ဓားပေါ်မှ အသေးစိတ်အချက်အလက်များကို သတိပြုမိသွား၏။ ထိုဓားပေါ်၌ နာမည်ရေးထားသည်ပင်-အက်ဗီဒူး..

အနောက်နိုင်ငံအားလုံး တုန်လှုပ်သွားရသည်။ ဝက်ဝံဖြူနဲ့ အက်ဗီဒူးက တစ်ချိန်တည်းမှာပဲ ကံဆိုးသွားခဲ့ကြတာ..

အားလုံး ဆွံ့အသွားရ၏။ ဤနှစ်ယောက်မှာ ကျွမ်းကျင်သူများပင်။ တစ်ယောက်က အစားအစာဖြစ်သွားပြီး အခြားတစ်ဦး၏ လက်နက်မှာ တံစို့အဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ သတင်းထူးကြီးပင်။

“ဘုရားရေ .. ဒီလိုမျိုး ကြမ်းတမ်းတဲ့သူ ရှိသေးတာလား .. ဘယ်သူများ ဖြစ်မလဲ..”

ဤသည်မှာ အရှေ့တိုင်းကိုလည်း လှုပ်ခတ်သွားစေခဲ့သည်ပင်။

“အရှေ့တိုင်းကို ကျူးကျော်လာတဲ့လူတွေ တွေ့လား .. ဒါက သတိပေးတာပဲ ရှိသေးတယ် .. ခင်ဗျားတို့ ခွန်လွန်တောင်ကို ကျူးကျော်ဖို့ စဉ်းစားနေတုန်းလား..” လူများစွာမှာ စိတ်လှုပ်ရှားနေကြရသည်။

အပိုင်း ၁၇၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset