ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၃ – အကျိုးဆက်
နှင်းကဲ့သို့ ဖြူဖွေးနေသည့် လှိုင်းလုံးများသည် တောင်ထိပ်များကဲ့သို့ မြင့်တက်လာသည်။ ထို့နောက် ထိုလှိုင်းလုံးများကို အရိပ်တစ်ခုမှ နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။
ချူဖုန်းသည် ရေနဂါးတစ်ကောင်ကဲ့သို့ ပင်လယ်ထဲ၌ လှည့်ပတ်သွားလာနေခဲ့သည်။ တတိယမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ပြီးနောက် သူ တည်ငြိမ်သွားရန် အချိန်ခဏသာ ယူလိုက်ရသည်။ ယခုတော့ သူ မည်မျှစွမ်းအားကြီးသည်ကို စမ်းသပ်နေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မကြာခင် သူ စစ်ပွဲထဲ ဆင်နွှဲတော့မည်။
အရှေ့တိုင်းကို ကျူးကျော်နေသည့်သူများ ရှိနေသောကြောင့် သူက ဘယ်လိုလုပ် ဤအခွင့်အရေးကို လက်လွှတ်နိုင်မည်နည်း..
ယခုတော့ သူ့အရှိန်သည် အသံနှုန်းထက် လေးဆ မြန်ဆန်နေပြီး တစ်ချက်ပြေးလိုက်သည်နှင့် ပျံသန်းနေသကဲ့သို့ မီတာရာပေါင်းများစွာ ရောက်သွားသည်။
ဝုန်း..
ချူဖုန်း ခြေချလိုက်သည်နှင့် ရွှေရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး ပင်လယ်ကြမ်းခင်းကြီး ပျက်စီးသွားသကဲ့သို့ ပင်လယ်တစ်ခုလုံး ဖိနှပ်ခံလိုက်ရသည်။
နတ်ခြေထောက်၏စွမ်းအားမှာ ပြင်းထန်ကာ ကြောက်စရာကောင်းလှသည်။ သာမန်သားရဲဘုရင်တစ်ဦးကို တစ်ချက်ကန်ရုံဖြင့် သတ်နိုင်နေပြီဟု သူ ခံစားနေရသည်။
ဖုန်း..
သူ ကမ်းခြေပေါ်သို့ ဆင်းသွားလိုက်သည်နှင့် သဲများမှာ လှိုင်းလုံးကဲ့သို့ လွင့်စင်သွားလေသည်။
သူ ရပ်လိုက်သည့်နေရာတွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွားသည်။
ထို့နောက် ချူဖုန်း၏ပုံရိပ်မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ဤနေရာ၌ ဆူညံမှုများ ပြုလုပ်မိသွားပြီဖြစ်သောကြောင့် ဤနေရာ၌ ကြာကြာမနေသင့်မှန်း သူသိသည်။
ခဏကြာပြီးနောက် လူများစွာ ရောက်ရှိလာပြီး သူတို့ရှေ့မှ ပျက်စီးနေသည့် မြင်ကွင်းများကို မြင်လိုက်ရသည့်အချိန် သူတို့အားလုံး ဆွံ့အသွားရသည်။
ဘယ်လိုလုပ် ဒီလောက်တောင် ဆိုးရွားနေတာလဲ .. သဲကမ်းခြေပင် လျှိုမြောင်တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။
“ဘုရားရေ .. ဒီမှာဘာတွေဖြစ်ခဲ့တာလဲ..”
…
ချူဖုန်း ယခု အခြားကမ်းခြေတစ်ခုသို့ လျှောက်သွားနေပြီဖြစ်သည်။
သူ၏စွမ်းအားအသစ်၊ ခန္ဓာကိုယ်အသစ်နှင့် ကျင့်သားရအောင် လုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ သဲပေါ်၌ ရပ်လိုက်သည်နှင့် သူလည်း ကမ်းခြေနှင့် တစ်သားတည်းဖြစ်သွားသလို ခံစားလိုက်ရကာ မြေကြီးထဲမှ ထူးဆန်းသည့်စွမ်းအင်များကို စုတ်ယူနိုင်လုနီးပါးပင်။
ဓားနီသည် သူ့ဘေးတစ်ဝိုက်တွင် ပျံဝဲနေပြီး အနီရောင်မြူများ ထုတ်လွှတ်နေသည်။ ဓား၏အမြန်နှုန်းလည်း အလွန်တိုးတက်လာခဲ့သည်ပင်။
ယခုအချိန်တွင် ချူဖုန်းအလွန်တက်ကြွနေသည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားလည်း တိုးတက်လာသောကြောင့် သူ့မျက်လုံးများ ကြည်လင်နက်ရှိုင်းနေပြီးသည်။
သူ ဝိညာဉ်စွမ်းအားသုံးလိုက်သည်နှင့် နတ်ဘုရားတစ်ပါးကဲ့သို့ သူ့နဖူးထက်တွင် အဖြူရောင်အလင်းများ သိသိသာသာ ထွက်ပေါ်လာသည်။
ဝှစ်..
ဓားပျံသည် မီတာသုံးရာအထိ ရောက်သွားသည်။ သူ ထပ်သွားချင်သေးလျှင် ရသေးသော်လည်း ဤသည်မှာ တိုက်ခိုက်ရာတွင် အကောင်းဆုံးအကွာအဝေးပင်။
ဓားပျံသည် နဂါးနီတစ်ကောင်ကဲ့သို့ လေထဲ၌ ဝေ့ဝိုက်ကာ သူ့ထံသို့ လျင်မြန်စွာ ပြန်ရောက်လာကာ မြေကြီးအောက်ထဲသို့ ထိုးစိုက်သွားသည်။
ရွှီး..
ရွှေရောင်ကမ်းခြေမှာ ကွဲထွက်သွားပြီး နက်ရှိုင်းလှသည့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။ ဤဓားချက်သာ အသွေးအသားပေါ်သို့ ကျရောက်သွားပါက မည်သူက တောင့်ခံနိုင်မည်နည်း..
သာမန်သားရဲဘုရင်များနှင့် ရင်ဆိုင်ရလျှင် သူ့ဓားပျံဖြင့် နှစ်ပိုင်းပိုင်း၍ရသည်ဟု ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်နှင့် စိတ်စွမ်းအားနှစ်ခုလုံး အတော်လေး တိုးတက်လာခဲ့သည်ပင်။
သူ့စွမ်းအားများကို ချူဖုန်း အလွန်ကျေနပ်နေသည်။ ယခု သူ ပို၍ ယုံကြည်ချက် ရှိလာလေပြီ။
ဂွီ..
သူ့အစာအိမ်မှ အော်ဟစ်နေလေပြီ။ ဘုရားနယ်မြေ၌ အဆင့်တက်ခဲ့သည့်အတိုင်း သူ အလွန်ဆာလောင်နေပြီဖြစ်သည်။
သို့သော် ယခုတစ်ခေါက်ကတော့ ထိုတစ်ခေါက်ကထက် ပိုပြင်းထန်လှသည်။ အဘယ်ကြောင့်ဆိုသော် သူ အချုပ်အနှောင်နှစ်ခု ဖြတ်တောက်ထားသည်ပင်။
“ငါ သည်းမခံနိုင်တော့ဘူး .. မြို့ထဲဝင်ပြီးတော့ စားဖို့ နေရာတစ်နေရာ ရှာရမယ်..”
သူ အစောပိုင်းက လေ့ကျင့်ခန်းများ ပြုလုပ်နေခဲ့သောကြောင့် ပိုဆာနေခြင်းလည်း ဖြစ်နိုင်သည်ပင်။
…
ဂျေရုဆလင် ..
လူများစွာသည် ဝေလငါးဘုရင်ကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ်၌ တင်လိုက်ကြသည်။
ဤနေရာ၌ ဝေလငါးများကို မမြင်ဖူးကြသောကြောင့် ဤကဲ့သို့ ကျွန်းတစ်ကျွန်းအရွယ်အစားရှိသည့် သားရဲကြီး ပေါ်လာသည့်အချိန်တွင် ဤသတင်းမှာ ခေါင်းကြီးပိုင်းသတင်း ဖြစ်သွားသည်ပင်။
သို့သော် ယခုအချိန်တွင် သားရဲများစွာ ထွက်ပေါ်လာနေသောကြောင့် ဤသတင်းမှာ အာရုံစိုက်မှု သိပ်မရရှိလိုက်ပေ။
အားလုံးမှာ အရှေ့တိုင်းရှိ ခွန်းလွန်တောင်ကို တိုက်ကြတော့မည့် နဂါးနက်ဘုရင်နှင့် အာတိတ်ဘုရင်တို့ကိုသာ အာရုံစိုက်နေကြသည်။
သို့သော် အချို့လူများကတော့ ဤဝေလငါးကြီးကို စိတ်ဝင်စားနေကြ၏။ ဤလူများမှာ ချူဖုန်းနောက် လိုက်ဖမ်းခဲ့ကြသည့် ဝက်ဝံဖြူ၊ ချောင်းနနှင့် အက်ဗီဒူးတို့ပင်။ ဤသည်မှာ ချူဖုန်းကို မြိုချခဲ့သည့် ဝေလငါးကြီးဖြစ်ကြောင်း သူတို့ ချက်ချင်း မှတ်မိသွားကြသည်။
“သူက ဂျေရုဆလင်ထိ ကူးသွားနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ .. အဲဒါလည်း ကောင်းတာပါပဲ .. ငါ ဂျေရုဆလင်ကို သံတမန်အနေနဲ့သွားဖို့ ရှိတယ် .. ဘယ်သူ ငါနဲ့လိုက်ခဲ့ချင်လဲ..” အက်ဗီဒူး မေးလိုက်သည်။
ရှီလာသည် စွမ်းအားကြီးသော်လည်း ဂျေရုဆလင်ကိုတော့ သတိထားနေရသည်။ ထို့ကြောင့် သူတို့နှင့် မိတ်ဆွေဖွဲ့ရန်အတွက် သံတမန်တစ်ဦး စေလွှတ်လိုက်ခြင်းပင်။
“ငါ မင်းနဲ့ လိုက်ခဲ့မယ်..” ဝက်ဝံဖြူ ပြောလိုက်သည်။
“ရှင်တို့တွေ လမ်းမှာ ဝေလငါးဘုရင်ကို ရှာပြီးတော့ သူ့ကို ခေါ်ခဲ့လိုက် .. အဲဒါဆို ပိုကောင်းလိမ့်မယ်..” ချောင်းန ပြုံး၍ ပြောလိုက်သည်။
ပင်လယ်မှာ လူသားများအတွက် တားမြစ်နေရာတစ်ခုပင်။ ပင်လယ်ထဲသို့ သွားနိုင်ရန် ခက်ခဲပြီး ရေအောက်တွင် သက်ရှိမျိုးစုံ ရှိနေသည်။
“ငါတို့ သူ့ကို အတ္တလန်တစ်ကို ရှာပေးနိုင်ကြောင်း၊ ဒါမှမဟုတ် သူ အရှေ့ဘက်ကို နယ်ချဲ့ဖို့ ကူညီပေးနိုင်ကြောင်း ပြောပြီး စည်းရုံးလိုက်..” ချောင်းန ပြုံး၍ ပြောလိုက်သည်။
“ဒီအကြံမဆိုးဘူး..” အက်ဗီဒူး ရယ်မော၍ ပြောလိုက်သည်။
ဝေလငါးဘုရင်၏စံအိမ်မှာ ဂျေရုဆလင်အနားတွင် ရှိလိမ့်မည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။
နောက်ဆုံးတွင်တော့ အက်ဗီဒူးနှင့် ဝက်ဝံဖြူတို့သည် ရှီလာကို ကိုယ်စားပြုကာ ဂျေရုဆလင်သို့ ထွက်ခွာလာခဲ့လိုက်ကြသည်။
ထိုအချိန်တွင် အရှေ့နှင့်အနောက်တိုင်းတို့၏ စစ်ပွဲများ စတင်နေပြီဖြစ်သည်။ လူအင်အားကို ဖြန့်ကျက်၍မရသောကြောင့် ချောင်းနနှင့် မြေနဂါးတို့သည် ဤနေရာမှ ထွက်သွား၍မရပဲ ဖြစ်လာမည့်တိုက်ပွဲအတွက် အဆင်သင့် စောင့်နေရသည်။
ဂျေရုဆလင်တွင်..
ချူဖုန်း စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်ပြီး အစားအစာများစွာကို မှာလိုက်သည်။ သူ အလွန်အကျွံစားနေသောကြောင့် စားပွဲထိုးများပင် သူ့ကို ကြောက်ရွံ့လာလေသည်။
သူ့ဘေးနားထပ်နေသည့် ပန်းကန်ပုံမှာ လူဆယ်ယောက်စားရန် လုံလောက်သည်။
စားပွဲထိုးလေးမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ဆံပင်များပင် ထောင်လာသည်။ သူ လူသားပုံစံရှိနေသည့် သားရဲဘုရင်တစ်ဦးနှင့် တွေ့နေသည်လား သူ သံသယဝင်လာသည်။ သာမန်လူဆိုလျှင် ဤမျှစားနိုင်စရာအကြောင်းမရှိ။
နောက်ဆုံးတော့ မန်နေဂျာပင် ထိတ်လန့်လာသည်။ တစ်ထပ်ပြီးတစ်ထပ် ပုံလာသည့် ပန်းကန်များကိုကြည့်ပြီး သူ ချွေးစေးပြန်လာသည်။
ချူဖုန်းကိုယ်တိုင်လည်း ထိတ်လန့်သွားလေသည်။ သူ့ အစာခြေစနစ်က ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ .. ဒီလောက် အစားအစာတွေ အများကြီးကို အစာချေပြီး ထူးဆန်းတဲ့စွမ်းအင်အဖြစ် ပြောင်းနိုင်တာလား..
နောက်ဆုံးတော့ သူ အနည်းငယ်ပင် ရှက်ရွံ့လာသည်။ သူ စားသမျှအားလုံးမှာ သဲထဲရေသွန်လိုက်သကဲ့သို့ လျင်မြန်စွာ စုတ်ယူခံလိုက်ရသည်။
“ငါ အဟာရဓာတ်မြင့်တဲ့ အစားအစာလိုအပ်တယ်..” သာမန်အစားအစာများမှာ သူ့ကို ကျေနပ်စေနိုင်မည်မဟုတ်ကြောင်း သူ သိလိုက်ရသည်။
နောက်ဆုံး ချူဖုန်း ဓားနှင့်ခက်ရင်းကို ချထားလိုက်တော့သည်။ သူ ဗိုက်ဆာနေဆဲဖြစ်သော်လည်း ဤနည်းလမ်းနှင့် အလုပ်မဖြစ်သည်ကို သူသိသည်။ သူ ဘယ်လောက်စားစား အကျိုးရှိမည်မဟုတ်။
“အရင်တစ်ခေါက်က ဘုရားနယ်မြေမှာတုန်းက ငါ ဘုရင်တစ်ဝက်အဆင့်သားရဲကို စားခဲ့တာ .. အခု ငါ ဘယ်ကနေ သွားရှာစားရမှာလဲ..”
ချူဖုန်း ထရပ်လိုက်သည်နှင့် မန်နေဂျာသည် ဗျူငှာစွာဖြင့်ပင် သူ့ကို တံခါးပေါက်ထိ လိုက်ပို့လာလေသည်။ သူသည် ပိုက်ဆံပင် မယူတော့ပဲ ဤကဲ့သို့သော စားသုံးသူမျိုး ထပ်မလာရန်သာ ဆုတောင်းနေတော့သည်။
ချူဖုန်းလည်း ဤကဲ့သို့သော အခြေအနေမျိုး တွေ့ကြုံရလိမ့်မည်ဟု သူ မထင်ထားခဲ့။ သူ မြို့ထဲ၌ လှည့်ပတ်ကြည့်လိုက်ကာ ရှေးဟောင်းမြို့၏ အငွေ့အသက်ကို ခံစားလိုက်သည်။
ရှေးဟောင်းနံရံတစ်ခုဖြစ်သည့် ‘ငိုကြွေးခြင်းနံရံ’အား ဖြတ်လာသည့်အချိန်တွင် ဤနံရံထဲ၌ စွမ်းအင်တစ်မျိုးရှိနေသည်ကို သူ ခံစားလိုက်ရသည်။
သိပ်မဝေးသည့်နေရာ၌ ရှိနေသည့် နန်းတော်အချို့မှလည်း နတ်အလင်းတန်းများ ထုတ်လွှတ်နေသည်။
ပြောင်းလဲမှုကြီး ဖြစ်လာပြီးနောက် အရာအားလုံး မတူညီတော့။ ရှေးဒဏ္ဍာရီများ အသက်ပြန်ဝင်လာသကဲ့သို့ အချို့ ရှေးဟောင်းအမွေအနှစ်များမှ နေ့နေ့ညညအလင်းများ ထုတ်လွှတ်နေသည်ပင်။
ဤနေရာနှင့်ပတ်သက်သည့် ပုံပြင်များစွာ ရှိသည်ပင်။
ရိုမန်ကက်သလစ်အဖွဲ့အစည်းမှ ဘုန်းတော်ကြီးအချို့ပင် ဤနေရာ၌ မြှုပ်နှံထားကြပြီး သူတို့ အုတ်ဂူများကို ခပ်ဝေးဝေး၌ မြင်နေရသည်ပင်။ သူတို့ခန္ဓာကိုယ်များ ပျက်စီးသွားပြီဖြစ်သော်လည်း သူတို့အခေါင်းများမှ နတ်အလင်းများ ထွက်ပေါ်နေဆဲဖြစ်သောကြောင့် ဤမြင်ကွင်းမှာ တကယ်ကို အံ့အားသင့်စရာကောင်းလှသည်။
ရုတ်တရက် ထိုအုတ်ဂူများထဲမှ ကလေးမလေး လမ်းလျှောက်ထွက်လာသည်ကို သူတွေ့လိုက်ရသည်။ သူမ၏ ဆံပင်မှာ ရွှေရောင်တောက်ပနေပြီး သူမ မျက်နှာလေးမှာ နတ်သမီးလေးကဲ့သို့ပင်။ သူမသည် ချူဖုန်းကို လှည့်ကြည့်ပြီးနောက် ချိုသာစွာ ပြုံးပြလာလေ၏။
ထိုနေရာတွင် နတ်အော်ရာများ သိပ်သည်းလှသောကြောင့် မည်သူမှ ထိုနေရာသို့ မသွားရဲ။ သို့သော် သူမကတော့ အလွယ်တကူပင် လမ်းလျှောက်ထွက်လာသည်။
ထိုကလေးမလေးလက်ထဲတွင် ရှေးဟောင်းစာလိပ်တစ်ခုရှိနေပြီး သူမသည် ထိုစာလိပ်အား ရွတ်ဖတ်နေသည်ပင်။ ထို့နောက် သူမသည် သန့်စင်သည့်ရွှေဖြင့် လုပ်ထားသကဲ့သို့ တောက်ပနေသည့် နာမည်အကြီးဆုံး နတ်ဘုရားကျောင်းထဲသို့ ဝင်သွားလေသည်။
ပုံမှန်အားဖြင့် ထိုနေရာကို လူများ အရိုအသေပေး ရှိခိုးကြပြီး မည်သူမှ ဝင်မသွားရဲကြ။
ချူဖုန်း အံ့အားသင့်နေရ၏။ ထိုကဲ့သို့သော နေရာမျိုးကို ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကတော့ စောင့်ကြပ်နေမည်ပင်။ သို့သော် ထိုကလေးမလေးကတော့ အတားမခံရသလို ငြင်းဆန်ခြင်းလည်း မခံရ။
သူမ ထိုနေရာနှင့် အလွန်ရင်းနှီးနေပြီး အထဲ၌ ရှိနေသည့် ကျွမ်းကျင်သူနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိနေသည်မှာ သေချာသည်။
ခဏကြာပြီးနောက် ထိုကလေးမလေး ပြန်ပေါ်လာကာ ချူဖုန်းထံသို့ လျှောက်လာသည်။ ထို့နောက် သူ့ကို အစားအစာတစ်ခုပေးလာသည်။ ထိုမုန့်မှာ မည်းနက်နေပြီး အရသာရှိပုံမပေါ်။
ထို့နောက် သူမသည် ချူဖုန်းအား လက်ဝှေ့ရမ်းပြပြီး ရှေးဟောင်းအဆောက်အဦးများကြား ပျောက်ကွယ်သွားလေ၏။
သူ ခေါင်းငုံ့ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ ကိတ်နှင့်တူသည့် အစားအစာဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ ဒါက သူ့ကို ပေးတာလား .. သူ ဤသည်ကို မမျှော်လင့်ထားခဲ့။
သူ တစ်ကိုက်ကိုက်လိုက်ကာ အနည်းငယ်ဝါးပြီး မြိုချလိုက်သည်။ အရသာမှာ ဘာမှမထူးခြားသော်လည်း သူ မျက်လုံးများ ပြူးကျယ်သွားရသည်။
သူ၏ အလွန်အမင်းဆာလောင်နေမှုမှာ ပျောက်ကင်းသွားလေပြီ။ သူ ဆာလောင်မှုကို မခံစားရတော့။
အားလုံး စားပြီးသွားသည့်နောက်တွင်တော့ သူ တစ်ဝက်လောက် ဗိုက်ပြည့်သွားပြီဖြစ်သည်။ သူသာ နောက်ထပ်နှစ်ခုလောက် ထပ်စားလိုက်ရလျှင် ဗိုက်ပြည့်သွားလောက်သည်။
အစက သူ အိတ်ထဲမှအနီရောင်သလင်းကျောက်များကို အသုံးပြုပြီး အစေ့များ အပင်ပေါက်မပေါက် စမ်းကြည့်ချင်ခဲ့သည်။ သို့သော် လက်ရှိအခြေအနေအရတော့ သူ ဤကိစ္စကို ခဏနောက်ဆုတ်ထားရမည်ထင်သည်။
အချုပ်အနှောင်နှစ်ခုကို ဖြတ်တောက်ပြီးနောက် သူ အခြေခိုင်အောင် လုပ်ရဦးမည့်အပြင် အဆင့်တက်ပြီးလျှင် စားရမည့်အစားအစာကိုလည်း ကြိုတင်ပြင်ဆင်ရဦးမည်။
“မဖြစ်တော့ဘူး .. ငါ အနောက်နိုင်ငံဘက်သွားပြီးတော့ စွမ်းအားမြင့်အစားအစာတွေ ရှာရဦးမယ် .. နှောင့်နှေးလို့မရတော့ဘူး” ချူဖုန်း ရေရွတ်လိုက်သည်။
သို့သော် အနောက်ဘက်သို့ သွားရန်အတွက် လုံခြုံသည့် လေကြောင်းလိုင်းတစ်လိုင်းသာ ရှိသည်ကို သူ တွေ့လိုက်ရသည်။
သူ ရက်အချိုု့ စောင့်ရတော့မည်။
“သူတို့ လာပြီလား..”
ဒုတိယညတွင် သူ ရင်းနှီးနေသည့် မျက်နှာအချို့ကို တွေ့လိုက်ရသည်။ ဤလူများမှာ အက်ဗီဒူးနှင့် ဝက်ဝံဖြူပင်။
သူ ချက်ချင်း လှည့်ထွက်သွားလိုက်သည်။
“အမ်..” အက်ဗီဒူးမှာ အလွန်အမြင်စူးရှသည်။ လူတစ်ယောက်၏ပုံရိပ် လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသည်ပင်။ “သူများလား .. သူက အသက်ရှင်နေသေးတာလား..”
“တစ်ချက်သွားကြည့်ကြစို့..”အက်ဗီဒူးမျက်လုံးမှ နတ်အလင်းများ ထွက်ပေါ်လာသည်။ တစ်ရာရာခိုင်နှုန်း မသေချာသော်လည်း သူ ထိုအရိပ်နောက် လိုက်သွားလိုက်သည်။
ချူဖုန်း ဗိုက်ထဲ အသံမြည်နေလေပြီ။ သူ့နောက်လိုက်နေသည့်နှစ်ယောက်ကို သူမကြောက်။ ထိုအစား သူ သွားရည်စီးကျလာသည်။
သူ လူမြင်ကွင်း၌ ပြဿနာမရှာချင်ရုံသာ။
အပိုင်း ၁၇၃ ပြီး၏။