Switch Mode

Chapter – 172

နတ် ခြေထောက်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၂ – နတ်ခြေထောက်

ချူဖုန်း ရှုပ်ထွေးသွားရသည်။ မြင့်မြတ်မြေရဲ့ ကမ်းခြေဟုတ်လား.. သူ့ရှေ့မှ တောက်ပနေသည့် ကလေးမလေးကိုကြည့်ကာ သူ အတ္တလန်တစ်သို့ ရောက်လာသလားဟု ထင်မိသွားသည်။

ပြောင်းလဲမှုကြီး ဖြစ်ပြီးသည့်နောက်တွင် ဒဏ္ဍာရီများစွာ အသက်ဝင်လာခဲ့သည်ပင်။

ပျောက်ကွယ်သွားသည့် တိုက်ကြီးများ ပြန်ပေါ်လာလျှင်ပင် အံ့ဩစရာကိစ္စဖြစ်မည်မဟုတ်တော့။

မည်သို့ပင်ဖြစ်စေ အတ္တလန်တစ်တိုက်ကြီး၏ သဲလွန်စများကို ဂရိမှတ်တမ်းများမှ တွေ့ရှိခဲ့ပြီး သူလည်း ဤနေရာကို ဂရိမှ ရောက်လာခြင်းပင်။

ဂီး..

ပင်လယ်ထဲမှ မီတာတစ်ထောင်ရှည်သည့် ဝေလငါးဘုရင်ကြီး အော်ဟစ်လိုက်ကာ ကောင်းကင်ထိမြှင့်သည့် လှိုင်းလုံးများကို ဖန်တီးလာသည်။ ဤသည်မှာ ကြောက်စရာကောင်းသည့်မြင်ကွင်းတစ်ခုပင်။ ရေနေသတ္တဝါဖြစ်သော်လည်း သူ့အော်သံမှာ သားရဲကောင်များထက်ပင် ကြောက်စရာကောင်းနေသည်။

သူ့ခန္ဓာကိုယ်မှ ဆူပွက်နေသည့် သွေးစွမ်းအင်များ ထုတ်လွှတ်နေပြီး ဤစွမ်းအင်များမှာ ဒုံးကျည်တစ်ခုကို ရိုက်ချရန်ပင် လုံလောက်သည်။

ချူဖုန်းသည် သူ အဆိပ်မိနေသည်ကို အခွင့်ကောင်းယူပြီး သူ့ခန္ဓာကိုယ်ထဲ၌ ပုန်းနေခဲ့သည်ကို သူ မကျေမနပ်ဖြစ်နေခြင်းပင်။

“ရပြီ တော်ပြီ .. စိတ်မတိုနဲ့တော့ .. ရှင်တို့နှစ်ယောက်က ရန်သူတွေမှ မဟုတ်တာ..” ကလေးမလေး ဝေလငါးဘုရင်ကို နှစ်သိမ့်ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်..” ဝေလငါးဘုရင် စိတ်ငြိမ်သွားကာ စိတ်ထဲမှ အသံပို့လွှတ်လိုက်သည်။ သူတို့သည် တစ်ယောက်၏ဘာသာစကားကို အခြားတစ်ယောက်မှ မသိသောကြောင့် ဤပုံစံသာ ဆက်သွယ်နိုင်သည်။

ထို့နောက် သူသည် ချူဖုန်းကို သားကောင်ချောင်းနေသည့် ကျားတစ်ကောင်ကဲ့သို့ စိုက်ကြည့်လာသည်။

“တောင်းပန်ပါတယ် .. အဲဒီအချိန်တုန်းက ကျွန်တော့်နောက်ကို လုပ်ကြံတဲ့လူတစ်စု လိုက်နေတော့ အသက်လုပြေးနေခဲ့ရတာ .. အဲဒီတုန်းက ခင်ဗျား မြိုချတာကို ခံလိုက်ရပြီးတော့ ရက်နည်းနည်းလောက် သတိလစ်သွားတာ .. ကျွန်တော် အန္တရာယ်ကြီးကနေ ကပ်သီလေး လွတ်ခဲ့တာလို့ ပြောလို့ရတယ်” ချူဖုန်း ရှင်းပြလိုက်သည်။

ဝေလငါးဘုရင် သူ့ကို မျက်လုံးထောင့်မှ စိုက်ကြည့်လိုက်သည်။ ဒီကလေးက သူ မတရားခံခဲ့ရသလို ငါ့ကို လာပြောနေတာလား..

“ဒါက ဂျေရုဆလင်ရဲ့ မြင့်မြတ်ကုန်းမြေပါ..” နတ်သမီးလေးမှာ ချူဖုန်း၏အတွေးများကို သတိပြုမိသည့်အလား ရှင်းပြလာသည်။

ချူဖုန်း အံ့အားသင့်သွားရသည်။ သူ ပင်လယ်ထဲမှာ ဘယ်နှစ်ရက်ကြာအောင် မျောနေခဲ့တာလဲ .. သူက အရှေ့အလယ်ပိုင်းကိုတောင် ရောက်လာပြီ။ သိထားရမည်မှာ ပြောင်းလဲမှုများ ဖြစ်လာပြီးသည့်နောက်တွင် ပင်လယ်ကြီးမှာ အဆပေါင်းများစွာ ကျယ်ပြန့်သွားပြီဖြစ်သည်။

သူ မနေနိုင်ပဲ ဝေလငါးဘုရင်ကို ကြည့်လိုက်သည်။ ဤသားရဲကောင်ကြီးမှာ တကယ်ကို စွမ်းအားကြီးလှသည်။ သူ့ကို ဖူဆန်းသစ်ပင်အတွက် တိုက်ပွဲဝင်ခိုင်းမည့် နည်းလမ်းများ ရှိမလားဟု ချူဖုန်း စဉ်းစားလိုက်သည်။

သူ့အတွေးကို စိတ်ဖြင့် ပြောပြရုံရှိသေးသည်။ ဝေလငါးဘုရင်ကြီးမှ သူ့စကားကို ဖြတ်ပြောလာသည်။ “အဲဒီတော့ မင်းက ငါ့ကို အရှေ့ပင်လယ်ထိ သယ်သွားမှာလား..”

ဤသားရဲကောင်ကြီးနှင့် စကားကောင်းကောင်းပြော၍မရလောက်။ ချူဖုန်း လှည့်ထွက်လာခဲ့လိုက်သည်။

ဝေလငါးဘုရင်မှာ ငတုံးမဟုတ်။ ဤကောင် အရှေ့ပိုင်းသို့ ရောက်သည်အထိ အလကားစီးသွားချင်နေကြောင်း သူသိသည်ပင်။

ချူဖုန်း ကလေးမလေးကို သတိကြီးကြီးထားနေရသည်။ သူ သူမအဆင့်ကို မမြင်နိုင်ဖြစ်နေသည်။ သူမသည် အသက် ၇ နှစ်၊ ၈ နှစ်သာ ရှိသေးသော်လည်း သူမတစ်ကိုယ်လုံး နတ်အလင်းတန်းများ ထုတ်လွှတ်နေသည့်အပြင် သူမထံတွင် ထူးခြားသည့်စိတ်နေစိတ်ထားလည်း ရှိနေသည်။

ဤသည်မှာ ပြောင်းလဲခြင်းရလဒ်ကြောင့်ဖြစ်သည်ကိုသာ သိမထားပါက ဤကလေးမလေးမှာ နတ်ဘုရားမျိုးဆက်ဖြစ်လိမ့်မည်ဟု သူ ထင်မိသွားလိမ့်မည်။

ချူဖုန်း သူမနှင့် စကားခဏပြောလိုက်ပြီး သူမအကြောင်းပိုသိရရန် ကြိုးစားလိုက်သည်။ သို့သော် သူမသည် သူ့ကို များများစားစားမပြောခဲ့။ သူမ ဂျေရုဆလင်၌နေကြောင်း ရှေးဟောင်းမှတ်တမ်းများအား လေ့လာရသည်ကို သဘောကျကြောင်းကိုသာ ပြောခဲ့သည်။

ကလေးမလေး ဆက်မပြောချင်တော့သဖြင့် သူလည်း ထပ်စပ်စုမနေတော့။ သို့သော် သူ မတည်ငြိမ်နိုင်တော့။ အဘယ်ကြောင့်ဆိုသော် သူမထံမှ ထူးခြားသည့်အော်ရာတစ်ခု ရနေသည်ပင်။

သူမ ပုံစံမှာ နွားဝါလေးနှင့် ဆင်လှသည်။

နွားဝါလေး လူသားပုံစံ ပြောင်းပြီးသည့်နောက်တွင် ရွှေရောင်ဆံပင်နှင့် အရုပ်လေးကဲ့သို့ လှပနေသည်ပင်။

သူ့ခန့်မှန်းချက် သူကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။ ဒီကလေးမလေးက ဒီလောကက မဟုတ်ဘူးလား..

“ကျွန်မသွားရတော့မယ် .. နောက်မှတွေ့မယ်..” ထို့နောက် ကလေးမလေးသည် သူတို့ကို လက်ဝေ့ရမ်းပြပြီးနောက် ဂျေရုဆလင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

“တစ်နေ့ကျရင် ငါ နွားဝါလေးကို ခေါ်လာပြီးတော့ သူ့ဇစ်မြစ်ကို သိအောင် လုပ်ရမယ် .. သူက ‘ဆင်းသက်လာသူ’ တွေထဲကတစ်ယောက်ဖြစ်နေမလား..” ချူဖုန်း စဉ်းစားလိုက်သည်။

ထူးခြားသည့်လမ်းကြောင်းမှ ကမ္ဘာမြေပေါ်သို့ဆင်းသက်လာနိုင်သည့်သူများမှာ ထူးချွန်သည့်သူများဖြစ်ကြောင်း သူသိထားပြီးသားပင်။

ဖူး..

သူ့အနောက်မှ ဝေလငါးဘုရင်သည် မီတာပေါင်း ရာပေါင်းများစွာ မြင့်သည့် လှိုင်းများပြုလုပ်ပြီး သူ့ထံသို့ ရိုက်ချလာသည်။

“မင်း..”

ချူဖုန်း မြန်မြန်ပြေးလိုက်သော်လည်း လှိုင်းများကြား စိုရွှဲသွားဆဲပင်။ သူ ဝေလငါးဘုရင်ကို စိုက်ကြည့်လိုက်သည်။

ဝေလငါးဘုရင်မှာ ချူဖုန်းပုံစံကို တွေ့သည်နှင့် အလွန်ပျော်ရွှင်သွားလေသည်။ သူသည် လက်စားချေတတ်သောသတ္တဝါဖြစ်သော်လည်း ရက်စက်သည့်သူမျိုးမဟုတ်။ ချူဖုန်း သူ့အပေါ်တင်နေသည့် အကြွေးကို ပြန်ယူရန်အတွက် နည်းနည်းကစားချင်ရုံသာ။

“ခင်ဗျား တကယ်ပဲ အရှေ့ပင်လယ်က နဂါးသိုက်ကိုသွားပြီးတော့ နဂါးတစ်ကောင် မဖြစ်ချင်ဘူးလား.. ခင်ဗျား နဂါးဖြစ်သွားရင် ခင်ဗျား ရေထဲမှာပဲ ပိတ်မိနေတော့မှာ မဟုတ်ဘူး .. ခင်ဗျား ကောင်းကင်ဘုံကိုးခုလုံးကို ပတ်သွားလို့ရပြီ”

“ခွေးကောင်လေး .. ငါ အသက်ရှင်လာတာ နှစ်ရာပေါင်းများစွာ ရှိနေပြီ .. ဒီလိုပုံစံမျိုးနဲ့ ငါ့ကို လှည့်စားလို့ရမယ်လို့ ထင်နေတာလား .. ရွှံ့တွေနဲ့ သွားဆော့နေချည်..” ဝေလငါးဘုရင် လှောင်ပြောင်လိုက်သည်။

ချူဖုန်း လှည့်ထွက်လာခဲ့လိုက်သည်။ သူ လေကုန်မခံချင်တော့။

အဝေးတွင် လူများစွာ ပေါ်လာပြီး ဝေလငါးဘုရင်ကို လာကြည့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် မြေထဲပင်လယ်တွင် မည်သည့်ဝေလငါးမှမရှိဟု အားလုံး ယုံကြည်ထားသည်ပင်။ ထို့ကြောင့် ကျွန်းတစ်ကျွန်းစာမျှကြီးမားသည့် ဝေလငါးကြီးအား တွေ့လိုက်ရသည့်အချိန် အားလုံး အံ့အားသင့်သွားရသည်။

ချူဖုန်း လူအုပ်ကြီးကို မြန်မြန်ရှောင်လိုက်သော်လည်း သူ့ဓာတ်ပုံကို လူအချို့ ရိုက်မိသွားဆဲပင်။

ထိုလူအားလုံးသည် သူတို့ဖုန်းများကို ထုတ်ကာ ဝေလငါးကြီးကို ဓာတ်ပုံရိုက်လာကြသည်။ မည်သူမှတော့ အနားမကပ်သွားရဲကြ။

ဝေလငါးဘုရင်သည် သူ့အမြှီးကို လှုပ်ခါကာ သက်တောင့်သက်သာဖြင့်ပင် ထွက်သွားလေသည်။

ချူဖုန်းသည် သူ၏ဆိုးဝါးသည့်အင်္ဂလိပ်စကားဖြင့် ဘေးဘက်မှ လူတစ်ဦးထံမှ ဖုန်းငှားနိုင်ခဲ့သည်။ သူ့ဖုန်းကတော့ တိုက်ပွဲအတွင်းပျက်စီးသွားလေပြီ။

သူ့မိဘများ စိုးရိမ်နေမည်စိုးသောကြောင့် သူ့မိဘများကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်သွားပြီး သူ ‘အမေ’ ဟုခေါ်လိုက်သည့်အချိန်တွင် ဖုန်းတစ်ဖက်ခြမ်းမှ အသံတိတ်သွားသည်။ ထို့နောက် ငိုရှိုက်သံများ ထွက်ပေါ်လာသည်။

ဝမ်ကျင်းမှာ သူမ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပဲ ဆက်တိုက်ပင် ငိုကြွေးလာသည်။

ချူဖုန်း စိတ်ထဲ မသက်မသာဖြစ်သွားရသည်။ သူ သူ့မိသားစု စိတ်ဆင်းရဲအောင် လုပ်မိသွားသည်ကို သူသိသည်။ ဤအတောအတွင်း သူ့မိဘများ ခက်ခဲခဲ့လိမ့်မည်ပင်။

“အမေ .. မငိုပါနဲ့တော့ .. ကျွန်တော် မှားသွားပါတယ် .. ကျွန်တော် အမေတို့ကို စိတ်ပူစေမိပြီ” ချူဖုန်း နူးညံ့စွာ ပြောလိုက်သည်။ ဤသည်မှာ သူ မည်မျှအားနည်းနေကြောင်း ပထမဆုံးအကြိမ် စဉ်းစားမိသွားခြင်းပင်။

ကျွမ်းကျင်သူအစစ်အမှန်မှာ သူတို့မိသားစု စိတ်ဆင်းရဲရအောင် လုပ်မည်မဟုတ်။

ဝမ်ကျင်းသည် အချိန်အတော်ကြာ ငိုပြီးသွားမှသာ စိတ်ငြိမ်သွားပြီး လက်ရှိဖြစ်ပျက်နေသည့် အကြောင်းအရာများကို ပြောပြလာသည်။

သူမသည် ချူဖုန်း ကြုံတွေ့ခဲ့ရသည်များကို အသေးစိတ်မေးလိုက်ပြီးနောက် ချူဖုန်းကို သတိထားပြီး အလောတကြီးမလုပ်ရန် ထပ်ခါတလဲလဲ မှာကြားလိုက်သည်။ ချူဖုန်းကို ဘေးကင်းကင်းဖြင့် အိမ်ပြန်လာရန်လည်း ပြောာလာသည်။

ထို့နောက် ချူဖုန်း ချူကျင်းယွမ်နှင့် စကားအနည်းငယ် ပြောလိုက်သည်။ အိမ်ရှိလူအားလုံး အဆင်ပြေကြောင်း၊ သူ စိတ်ပူရန်မလိုကြောင်း ချူကျင်းယွမ် ပြောလာသည်။

နောက်ဆုံးတွင်တော့ သူ မကြာမီအချိန်အတွင်း အိမ်ပြန်လာမည်ဖြစ်ကြောင်း၊ သူ့အတွက် စိတ်ပူစရာမလိုကြောင်း သူ ပြောလိုက်ပြီး ဖုန်းချလိုက်သည်။

ချူဖုန်း ဖုန်းပြန်ပေးလိုက်ပြီးနောက် သူ့မျက်နှာမှာ လေးနက်နေသည်။ သူ့မိဘများထံမှတစ်ဆင့် ယခုတလော ဖြစ်ပျက်နေသည့် ကိစ္စများကို သူသိလိုက်ရလေပြီ။

သူ မရှိသည့်အချိန်အတွင်း နဂါးနက်နှင့် အာတိတ်ဘုရင်တို့သည် အရှေ့တိုင်းဘက်သို့ ကျူးကျော်လာပြီး ယခု ရှင်းကျန်းလွင်ပြင်၌ ရောက်ရှိနေပြီဖြစ်သည်။ သူတို့နှင့် ခွန်းလွန်တောင်ကြားတွင် အချိန်မရွေး တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သည်။

“တကယ်ကို အနိုင်ကျင့်နေတာပဲ..” ချူဖုန်း လက်သီးတင်းတင်းဆုပ်၍ ပြောလိုက်သည်။

ပထမဆုံး သူတို့ ဗာတီကန်၌ လုပ်ကြံခံရသည်။ ထို့နောက် အမြှောက်ဖြင့် ပစ်ချခံရပြီးနောက် ကျွမ်းကျင်သူတစ်စု လိုက်ဖမ်းခြင်းခံရသည်။ ယခုတော့ သူတို့သည် ဗာတီကန်၌ ဖြစ်ပျက်ခဲ့သည့်ကပ်ဆိုးအတွက် အပြစ်တင်ခံနေရသည်။

နဂါးနက်နှင့် အာတိတ်ဘုရင်တို့သည် ယခုတော့ အရှေ့တိုင်းသို့‌ ချီတက်လာကာ ဖြေရှင်းချက်တောင်းနေသည်။ သို့သော် သူတို့၏ ပစ်မှတ်အစစ်မှာ ခွန်းလွန်တောင်ပင်ဖြစ်သည်။

“ခင်ဗျားတို့ကို နည်းနည်းလောက် နာကျင်အောင် မလုပ်နိုင်ရင် ကျုပ် ကျေနပ်မှာ မဟုတ်ဘူး..” ချူဖုန်း ဟစ်ကြွေးလိုက်သည်။

သူ ဂျေရုဆလင်မြို့ထဲသို့ မဝင်သေး။ ဤဘာသာတရားသုံးခု၏ မြင့်မြတ်မြေကို သူ မရင်းနှီးသေး။ ဤမြို့သည် ဗာတီကန်ထက်ပင် နာမည်ကြီးသောကြောင့် ထိုသားရဲများ၏လူများ ဤမြို့မှ ဘာမှလုပ်ရဲမည်မဟုတ်။

“ငါ ပိုပြီး အင်အားကြီးလာဖို့ လိုတယ်” ချူဖုန်း ရေရွတ်လိုက်သည်။

သူ့ရန်သူများကို အရှေ့တိုင်းသို့ ကျူးကျော်နေသောကြောင့် သူ အနောက်ဘက်ကို တိုက်ခိုက်ရမည်ပင်။

ယခု သူ သေသွားပြီဟု တစ်လောကလုံး ယုံကြည်နေကြသည်။ အချို့မှာ ဝမ်းနည်းနေကြပြီး အချို့မှာတော့ သူ သေသွားသည့်အချိန်မှာပင် သူ့ကို စွပ်စွဲပြောဆိုနေကြသည်။ ဤလူများအားလုံးကို သူ အံ့အားသင့်သွားအောင် လုပ်ရမည်။

ချူဖုန်း ကမ်းရိုးတန်းတစ်လျှောက် လျှောက်သွားပြီးနောက် လူသူကင်းမဲ့သည့်နေရာသို့ ရောက်လာသည်။

ရွှေရောင်ကမ်းခြေကြီးမှာ အလွန်နူးညံ့လှပြီး နေ့ခင်းရောင်ခြည်များကြောင့် နွေးထွေးနေသည်။ ချူဖုန်း သဲပေါ် ခြေဗလာဖြင့် တက်နင်းလိုက်သည်။ သူ့သားရဲအရေခွံအိတ်ကို အောက်သို့ ပစ်ချလိုက်ပြီး သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။

ရက်ပေါင်းများစွာ အိပ်စက်ခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင် အံ့အားသင့်စရာကောင်းလောက်သည့် စွမ်းအင်များ စုစည်းနေသည်။ သူ့သွေးနှင့်ကြွက်သားများမှာ တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်နေကြသည်။

သူ အဆင့်တက်နိုင်ရန်အတွက် ခြေလှမ်းတစ်ဝက်လောက်သာ လိုတော့သည်ပင်။

အိပ်ပျော်နေစဉ်အတွင်း သူ ပန်းပွင့်မှ ဆေးစွမ်းများကို သေချာ စုတ်ယူနိုင်ခဲ့သည်။

ခွပ်..

ချူဖုန်း အားထည့်လိုက်သည်နှင့် မြက်ပင်ခြောက်ကို ဆွဲနှုတ်လိုက်သကဲ့သို့ သူ့ခြေထောက်ပတ်လည်၌ ထူးခြားသည့်မြူများ ထွက်ပေါ်လာပြီး အလင်းတန်းများ တောက်ပလာသည်။ ထို့နောက် ထိုအလင်းတန်းများ သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။

သူ အချုပ်အနှောင်တစ်ခုကို ဖြတ်တောက်နိုင်လိုက်လေပြီ။

ထိုအခိုက်အတန့်တွင် သူ့ညာခြေထောက်မှ များပြားလှသည့် စွမ်းအင်များ ထုတ်လွှတ်ပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့နေသည်ကို သူခံစားလိုက်ရသည်။

သူ့ အောက်ငုံ့ကြည့်လိုက်သည့်အချိန်တွင် သူ့ညာခြေထောက်မှ ရွှေရောင်အလင်းထွက်ပေါ်လာပြီးနောက် သူ့အရိုးများထံသို့ ပျံ့နှံ့သွားသည်ကို သူတွေ့လိုက်ရသည်။

အချုပ်အနှောင်တစ်ခု ချိုးဖျက်လိုက်သည်နှင့် သူ့အော်ရာမှာ ချက်ချင်းပင် အဆပေါင်းများစွာ တိုးတက်လာသည်။ သူ့ခွန်အားလည်း ပေါက်ကွဲထွက်လာပြီး ယခင်ကနှင့် အတော်လေးကွာခြားသွားသည်။

သူ ညာခြေထောက်ဖြင့် မြေပြင်ထက်သို့ ပြင်းထန်စွာ စောင့်ချလိုက်သည့်အချိန်တွင် ထိုနေရာမှာ ဥက္ကာခဲကြီး ကျလာသကဲ့သို့ အက်ကွဲသွားလေသည်။

ချူဖုန်း ခြေထောက်ကို ပြန်ဆွဲထုတ်ပြီး အံ့အားသင့်နေရသည်။ အဘယ်ကြောင့်ဆိုသော် သူ အားသိပ်မသုံးခဲ့ပေ။

အမ်..

သူ နောက်ထပ်အချုပ်အနှောင်တစ်ခုအား ဖြတ်တောက်နိုင်သေးသည်ဟု ခံစားနေရသည်။

ဤသည်မှာ သူ့ကို အံ့အားသင့်သွားစေသည်။ ပုံမှန်ဆိုလျှင် အချုပ်အနှောင်နှစ်ခုကို ဆက်တိုက်ချိုးဖျက်နိုင်မည်မဟုတ်။ သူတို့စွမ်းအင်များ သိပ်သည်းသွားစေရန် အချိန်လိုအပ်သည်ပင်။

ယခုတစ်ခေါက် သူ ရခဲ့သည့် ကံကောင်းမှုမှာ များပြားလွန်းလှသောကြောင့် သူ နောက်တစ်ခု ဖြတ်တောက်နိုင်သေးသည်ဟု သူ့အသိစိတ်မှ ပြောနေသည်။

သူ ဤအခွင့်အရေးကို လက်မလွှတ်ချင်။ ဒုတိယမြောက်အချုပ်အနှောင်အား ချိုးဖျက်ပြီးနောက် ဤမျှစွမ်းအားကြီးလာလျှင် တတိယမြောက်အချုပ်အနှောင်အား ဖြတ်တောက်ပြီးလျှင် သူ မည်မျှစွမ်းအားကြီးလာမည်နည်း.. ထို့နောက် သူ နောက်တစ်ခုကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။

ယခုတစ်ခေါက်ကတော့ အတော်လေး ကြာသွားသည်။ သူ ပုံစံများစွာ စမ်းသပ်ပြီးနောက် သူ့ ဘယ်ဘက်ခြေထောက်မှ အချုပ်အနှောင်မှာ ချိုးဖျက်ရန် အသင့်တော်ဆုံးဖြစ်သည်ကို တွေ့လိုက်ရသည်။ ချိုးဖျက်တော့မည့် အရိပ်အယောင်များပင် ပြနေလေပြီ။

ချူဖုန်း သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ပြီး သူ့တစ်ကိုယ်လုံးကို နေမင်းကဲ့သို့ တောက်ပအောင် ပြုလုပ်လိုက်သည်။

ဝုန်း..

ယခုတစ်ခေါက် သူ့ဘယ်ခြေထောက်မှ အချုပ်အနှောင်အား ဖြတ်တောက်လိုက်နိုင်လေပြီ။ ထို့နောက် သူ့ခြေထောက်များ လွတ်လပ်ပေါ့ပါးသွားပြီး အလွန်သက်သောင့်သက်သာ ဖြစ်လာသည်။

ဘေးပတ်လည်တွင် ထူးခြားသည့်စွမ်းအင်များ ပျံ့လွင့်နေပြီး သူ့ဘယ်ဘက်ခြေထောက်ကို လွှမ်းခြုံသွားသည်။ သူ့တစ်ကိုယ်လုံးလည်း ရွှေရောင်နတ်အလင်းတန်းများကြား နှစ်မြှုပ်နေသည်။

ထို့အပြင် သူ့ကိုယ်ထဲ၌ ပေါက်ကွဲထွက်တော့မည့် ခွန်အားကိုလည်း ခံစားနေရသည်။

သူ ပို၍စွမ်းအားကြီးလာပြီဖြစ်ကြောင်း သူသိသည်။

အချိန်အတော်ကြာသွားမှသာ ရွှေရောင်အလင်းများ သူ့ခန္ဓာကိုယ်ထဲ ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားသည်။ ယခု သူ့ ကန်ချက်၊ ထိုးချက်အားလုံး ကြောက်စရာကောင်းသည့်စွမ်းအားများ ပါဝင်နေလေပြီ။

ဒုန်း..

ချူဖုန်း ပင်လယ်ထဲ ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့် ရွှေရောင်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်နှင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာလေသည်။

သူပင် ထိတ်လန့်သွားခဲ့ရသည်။

သိထားရမည်မှာ သူသည် စွမ်းအင်အနည်းငယ်ကိုသာ ထုတ်လွှတ်ခဲ့ခြင်းပင်။

ထို့နောက် ချူဖုန်း အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် ပြေးသွားလိုက်သည်။ သူ့အရှိန်ကို သူပင် မယုံကြည်နိုင် ဖြစ်နေသည်။

ဝုန်း..

တစ်စက္ကန့်ပင်မကြာသေး၊ သူ မီတာထောင်ချီ ဖြတ်ပြေးပြီးသွားလေပြီ။

ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့အမြန်နှုန်းကြီးလဲ..

တစ်ခုခုတော့ မဟုတ်သေး။ သူ ယခင်ကပြေးလျှင် အသံနှုန်းထက် မြန်သည်ဆိုသော်လည်း အနည်းငယ်သာ မြန်သည်။ သူ အချုပ်အနှောင်နှစ်ခုကို ချိုးဖျက်လိုက်လျှင်ပင် ဤမျှမမြန်သင့်။

အဘယ်ကြောင့်ဆိုသော် ဘုရင်အဆင့်သို့ ရောက်လာသည်နှင့် စွမ်းအားတိုးအောင်လုပ်ရသည်ထက် အမြန်နှုန်းပိုမြင့်အောင် လုပ်ရသည်က ပိုခက်သည်ပင်။

လက်ရှိအဆင့်တွင် သူ့အရှိန်သည် အသံနှုန်းထက် ၁ ဆ၊ ၂ ဆလောက်သာ မြန်သင့်သည်။ ဤထက်မပိုသင့်။

ထို့နောက် ချူဖုန်း သူ့အမြန်နှုန်းကန့်သတ်ချက်ကို စမ်းသပ်ကြည့်လိုက်သည်။ လေဟာနယ်ပေါက်ကွဲသံနှင့်အတူ မျက်စိတစ်မှိတ်အတွင်းတွင် သူ မီတာပေါင်းတစ်ထောင်ကျော်သို့ ရောက်ရှိသွားသည်။

ဤသည်မှာ အသံနှုန်းထက် ၄ ဆ နီးပါး မြန်နေသည့် အမြန်နှုန်းပင်။

ချူဖုန်း ထိုနေရာ၌ပင် ဆွံ့အစွာ ရပ်နေမိသည်။ ထို့နောက် ဤအချုပ်အနှောင်ဖြတ်တောက်ခြင်းမှ သူ မည်သည့်စွမ်းရည် ရခဲ့သည်ကို သေချာပြန်စဉ်းစားကြည့်လိုက်သည်။

နတ်ခြေထောက်..

ယနေ့ သူ အချုပ်အနှောင်နှစ်ခုကို ဆက်တိုက် ချိုးဖျက်ခဲ့သည်။ သူ့ခြေထောက်များမှာ အလွန်ပေါ့ပါးနေသကဲ့သို့ မယုံနိုင်လောက်သည့် စွမ်းအားလည်းပိုင်ဆိုင်ထားသည်။ သူ တစ်ချက်ကန်လိုက်ရုံဖြင့် တောင်ငယ်လေးတစ်လုံး တစ်စစီဖြစ်သွားနိုင်သည်။

သူ အံ့အားအသင့်ဆုံးမှာ သူ၏အမြန်နှုန်းပင်။

ယခုတော့ သူ၏သတ်ဖြတ်မှုကို စတင်၍ ရလေပြီ။

အပြင်လောကတွင် ချူဖုန်း သေဆုံးသွားပြီဟူသည့် သတင်းများ ပျံ့နှံ့နေသော်လည်း သူကတော့ အင်္ကျီလက်ခေါက်တင်လိုက်ပြီး လာမည့်တိုက်ပွဲကို ဆင်နွှဲရန် ပြင်ဆင်လိုက်သည်။ သူ သေချာပေါက် အကွက်ကြီးကြီး ရွှေ့တော့မည်။

အပိုင်း ၁၇၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset