ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၁ – ပြန်လည်ရှင်သန်လာခြင်း
“ဖုန်းလေး .. သားတကယ် အဲဒီမှာ မရှိတော့ဘူးလား..” ချူဖုန်း အိမ်၌ သူ့အမေ ဝမ်ကျင်းမှာ မျက်လုံးများနီရဲနေသည်အထိ ငိုကြွေးနေခဲ့သည်။
“မငိုပါနဲ့ .. ငါတို့ကလေးက အမြဲတမ်းကံကောင်းတယ် .. သူ အကောင်းအတိုင်း ပြန်ပေါ်မလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ..” သူကိုယ်တိုင် မျက်ကွင်းများ ချောင်နေသော်လည်း ချူကျင်းယွမ် သူ့ဇနီးကိုနှစ်သိမ့်လိုက်သည်။
ချူဖုန်းမှာ သူတို့၏ တစ်ဦးတည်းသောသားပင်။ သူ၏ကံဆိုးသည့်သတင်းမှာ သူတို့ကို နေ့လည်ခင်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရိုက်ခတ်သွားသည်။ ဇနီးမောင်နှံမှာ ဝမ်းနည်းပူဆွေးနေကြရသည်။
ကျောက်စိမ်းဂူကျောင်းထဲမှ လုထုန်သည် ပြတင်းပေါက်နားရပ်လိုက်ပြီး လေထဲ လွှဲရမ်းနေသည့် မိုးမခပင်ကြီးအားကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ ချူဖုန်းအား အနောက်နိုင်ငံသို့ လွှတ်လိုက်မိသည့်အတွက် သူ နောင်တရမိသည်။
သတင်းကြားသည့်အချိန်က သူ မျှော်လင့်ချက်အချို့ရှိသေးသည်။ ချူဖုန်း ဗာတီကန်မြို့၌ အဆုံးမသတ်လောက်ဟု သူ ထင်ထားခဲ့သည်။ သို့သော် လေး၊ ငါးရက်ကြာသွားသော်လည်း သူ့အကြောင်း ဘာသတင်းမှ မရတော့။ ထို့ကြောင့် သူ ဤသတင်းကို လက်ခံလိုက်ရတော့သည်။
ဘောဓိဇီဝမျိုးရိုးဗီဇ၊ နိုင်ငံခြားယဉ်ကျေးမှုအဖွဲ့အစည်းနှင့် ထော်ဂုအဖွဲ့အစည်းကဲ့သို့ အင်အားကြီးသော အဖွဲ့အစည်းများသည် ဗာတီကန်၌ မည်သည့်အဖြစ်အပျက်များ ဖြစ်ခဲ့သည်ကို ခန့်မှန်းနေကြပြီး နောက်ဆုံးတွင်တော့ ချူဖုန်း ထိုနေရာ၌ တကယ် သေသွားပြီဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြသည်။ မဟုတ်လျှင် သူ့ပုံစံနှင့်ဆိုလျှင် အင်တာနက်ပေါ်၌ ပြဿနာရှာပြီးသည်နှင့် အနှေးနှင့်အမြန် မျက်နှာပြလာမည်ပင်။
“ဒီတစ်ခေါက်တော့ သူ တကယ်သေသွားပြီ .. နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နတ်ဆိုးဘုရင်ချူက အနောက်နိုင်ငံမှာ အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..”
သားရဲမျိုးနွယ်စုများကြား ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။ သူတို့အတွက်တော့ ချူဖုန်းမှာ အလွန်ထူးခြားလှသည့် လူငယ်လေးတစ်ဦးပင်။
“ဟား ဟား .. နတ်ဆိုးဘုရင်ချူက နောက်ဆုံးတော့ သေသွားပြီ .. ငါတို့ အောင်ပွဲခံသင့်တယ် .. သူ မသေရင်လည်း ငါတို့ သူ့ကို သတ်ဖို့ ပြင်ဆင်ထားတာ..”
ဤသည်မှာ ချူဖုန်းကို အရိုးထဲထိမုန်းနေသည့် ဒေါင်းမျိုးနွယ်စုနှင့် မီးခိုးပြာဝံပုလွေကဲ့သို့သော သားရဲမျိုးနွယ်စုများပင်။ သူတို့အားလုံး သူသေရန် မျှော်လင့်နေကြသည်ပင်။
အရှေ့တိုင်းမှာ မတည်ငြိမ်တော့။ အားလုံး ဗာတီကန်မြို့ထဲ၌ ဖြစ်ပျက်ခဲ့သည့်ကိစ္စများအကြောင်း ဆွေးနေနေကြသည်။
အင်အားကြီးအဖွဲ့အစည်းများမပြောနှင့် သာမန်ပြည်သူများပင် ဤကိစ္စကို သံသယဝင်နေကြသည်ပင်။ ကန့်သတ်ချက်တစ်ချို့ကို ချိုးဖောက်မိတာနဲ့ ဘယ်လိုလုပ် ဒီလောက်များတဲ့ဘုရင်အဆင့်သက်ရှိတွေ ရုတ်တရက် သေသွားတာလဲ..
သတင်းအားလုံးမှာ ချူဖုန်းတို့သုံးယောက်ကြောင့် အားလုံး သေဆုံးသွားခြင်းဖြစ်သည်ဟု ဖော်ပြထားကြသည်ပင်။
“နတ်ဆိုးဘုရင်ချူ .. ခင်ဗျားက သေသွားတာတောင် အပြစ်သားဖြစ်နေတုန်းပဲ .. ခင်ဗျားက သက်ရှိတွေအများကြီးကို ထိခိုက်စေခဲ့တာ..”
နောက်ဆုံးတွင်တော့ ချူဖုန်းနှင့် မတည့်သည့် သားရဲမျိုးနွယ်စုအချို့ ချူဖုန်းကို အပြစ်တင်ဝေဖန်လာကြသည်။
“ဘယ်သူ ငါ့ညီအစ်ကိုကို မကောင်းပြောရဲလဲ.. ဒီဖေဖေက သူ့ကို ရှင်းပစ်မယ်..”
ခွန်းလွန်တောင်ထဲမှ နွားနက်ကြီး ဒေါသတကြီး ပြောလိုက်သည်။ ချူဖုန်းသည် သူနှင့် နွားဝါလေး ထွက်ပြေးနိုင်ရန်အတွက် ကံဆိုးခဲ့ရခြင်းပင်။
ယခုအချိန်တွင် နွားနက်ကြီးနှင့် နွားဝါလေးတို့ပင် မျှော်လင့်ချက်မရှိတော့။ ချူဖုန်း အနောက်နိုင်ငံ၌ အဆုံးသတ်သွားပြီဟု ယုံကြည်လိုက်ကြပြီဖြစ်သည်။
ယခု သူတို့ နောင်လာမည့်တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။ သူတို့ ထိုအပြစ်ပေးရန်လာသည့်ဆိုသည့်စစ်တပ်ကြီးကို သေသည်အထိ တိုက်ခိုက်ပစ်မည်။ သူ့ညီအစ်ကို လက်စားချေရန်အတွက် သွေးချောင်းစီးသည်အထိ တိုက်ခိုက်ပစ်မည်။
နဂါးနက်နှင့် အာတိတ်ဘုရင်တို့ သူတို့စစ်တပ်များကို ဦးစီးကာ အရှေ့တိုင်းဘက်သို့ လာတော့မည်။ သူတို့သည် နတ်ဘုရားများ၏ စံအိမ်ဖြစ်သည့် ခွန်းလွန်တောင်အား ပစ်မှတ်ထားနေခြင်းပင်။
ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေပြီး တစ်လောကလုံး ဤစစ်ပွဲကို အာရုံစိုက် စောင့်ကြည့်လာကြသည်။
“ခွန်းလွန်တောင်က နွားနတ်ဆိုး .. ခင်ဗျားက အားလုံးကို ငြင်းချင်နေတုန်းလား .. ခင်ဗျားတို့သုံးယောက်ကြောင့်မဟုတ်ရင် ဘယ်လိုလုပ် လူတွေ ဒီလောက်ထိ သေသွားမလဲ..”
အချို့လူများသည် နွားနှစ်ကောင်ကို အပြစ်တင်ကာ ရေဆိုးကို မွှေနှောက်ရန် ကြိုးစားလာကြသည်။
“မိုက်ရိုင်းလိုက်တာ .. မင်းလိုကောင်မျိုးကများ ငါ့ညီအစ်ကိုကို စွပ်စွဲရဲတယ်ပေါ့ .. အမှန်တရားက မကြာခင် ပေါ်လာလိမ့်မယ်..” နွားနက်ကြီး ဤလူများကို ရိုက်သတ်ပစ်ချင်လာသည်။
လူများစွာ ချူဖုန်းကို မုန်းတီးနေကြကြောင်း သူသိသည်။ အထူးသဖြင့် အနောက်နိုင်ငံမှ ထိုသားရဲဘုရင်များ၏ အင်အားစုများပင်။ သူတို့သည် အမှန်ကို အမှားဖြစ်အောင် လုပ်ချင်နေကြသည်။
နွားနှစ်ကောင်က ဘယ်လိုလုပ် ငြိမ်ငြိမ်နေနိုင်မည်နည်း.. သူတို့သည် ဗာတီကန်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စအသေးစိတ်အားလုံးကို ရေးသားလိုက်ကြသည်။
“ဒါ အမှန်တရားပဲ..”
နွားဝါလေး ထွက်လာကာ ရှည်လျားလှသည့် အသေးစိတ်အစီရင်ခံစာကို ကြေငြာလိုက်သည်။
တစ်လောကလုံး တုန်လှုပ်သွားကြသည်။ နွားဝါလေး ပြောတဲ့အတိုင်းဆိုရင် ဘုရင်အဆင့်သက်ရှိတွေအကုန်လုံး လုပ်ကြံခံလိုက်ရတာလား..
ရှီလာ၊ နဂါးနက်နဲ့ အာတိတ်ဘုရင်က ဒီလောက်တောင် အထင်ကြီးဖို့ ကောင်းတာလား .. အားလုံးကို သူတို့ အစီအစဉ်ဆွဲခဲ့ကြတာလား .. အင်အားကြီးအဖွဲ့အစည်းများပင် တစ်ခဏခန့် ဆွံ့အသွားကြလေ၏။
“ရဲတင်းလိုက်တာ .. ဒါက တကယ်ပဲ ဆရာရှီလာရဲ့ အကြံအစည်ဆိုရင် ခင်ဗျားတို့သုံးယောက်က ဘယ်လိုလုပ် လွတ်လာတာလဲ.. ဒါတွေအားလုံးက ခင်ဗျားတို့ လောဘကြီးလို့ ဖြစ်လာတာ..”
အချို့လူများ နွားနှစ်ကောင်ကို စတင်ပြောဆိုလာသည်။
“ငါတို့ သက်သေလုပ်ပေးနိုင်တယ် .. ချူဖုန်းက တကယ့်လက်သည်တရားခံပဲ .. သူက လောဘကြီးပြီးတော့ ဗာတီကန်ရဲ့ အလေးအမြတ်သစ်ပင်ကို သွားထိလိုက်တာ .. သူက သစ်ပင်ကို အလောတကြီးသွားထိလိုက်လို့ ဒီလို အတိဒုက္ခကြီး ဖြစ်လာတာ ..”
ရွှေရောင်ခြင်္သေ့ဘုရင်နှင့် ခွေးနီဘုရင်တို့ သက်သေလုပ်လာကြလေသည်။ အာဖရိကမှ သားရဲဘုရင်များမှာ ဗာတီကန်နှင့် မည်သည့်ဆက်ဆံရေးမှ မရှိလောက်ဟု လူများ ထင်နေကြမည်ပင်။ ထို့ကြောင့်လည်း သူတို့က ‘မသက်ဆိုင်သည့်သက်သေ’ အဖြစ် ထွက်လာကြသည်။
ခြင်္သေ့ဘုရင်မှာ အသက်ရှင်နေဆဲဖြစ်ပြီး သူပင် သက်သေထွက်ဆိုလာသောကြောင့် နွားနှစ်ကောင် အံ့အားသင့်သွားရသည်။
ခြင်္သေ့မှာ အလွန်စွမ်းအားကြီးသည်ပင်။ အချုပ်အနှောင်လေးခုကို ဖြတ်တောက်ထားပြီးသည့်သူဖြစ်သောကြောင့် သူ အသက်ရှင်နိုင်ခဲ့သည်။ သူသည် ချူဖုန်းတို့သုံးယောက်ကို အလွန်မုန်းတီး စက်ဆုပ်နေသည်ပင်။
ချူဖုန်း ချာကရမ်ကို သုံးလိုက်သောကြောင့်သာ။ မဟုတ်လျှင် သူတို့သုံးယောက် ထိုနေ့ကတည်းက သေသွားလောက်လေပြီ။
“အခြေအနေ မကောင်းတော့ဘူး .. ဒီခြင်္သေ့နောက်မှာ ခြင်္သေ့ဘုရင်အိုကြီး ရှိသေးတယ် .. ပြောကြတာတော့ သူက လွန်ခဲ့တဲ့ ၂၁ နှစ်ကတည်းက ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ဖြစ်ခဲ့တာတဲ့..”
သူတို့ ပြဿနာမှာ ပို၍ရှုပ်ထွေးလာကြောင်း နွားနက်ကြီး သတိထားမိသွားသည်။ ရှီလာနှင့် ပူးပေါင်းထားသည့်သူများမှာ နဂါးနက်ကြီးနှင့် အာတိတ်ဘုရင်နှစ်ယောက်တည်း မဟုတ်တော့။
သူတို့ ပြောသမျှကို နွားနက်ကြီးနှင့် နွားဝါလေးတို့ငြိမ်ခံနေမည်မဟုတ်။ သူတို့ ပြောသမျှကို ပြန်ငြင်းလိုက်သော်လည်း ဤသည်မှာ ပြင်းထန်သည့် ဆွေးနွေးမှုများကိုသာ ဖြစ်ပေါ်လာစေသည်။
အနောက်တိုင်းရှိ လူအချို့မှာ အောင်ပွဲခံနေကြလေ၏။ သားရဲဘုရင်များစွာ သေဆုံးသွားသောကြောင့် သူတို့ ဖိအား လျော့ကျသွားလေပြီ။
“ကျုပ်တစ်ခုတည်း မေးလိုက်မယ် .. ခရီးသည်တင်လေယာဉ်ဆယ်ခုကို ပစ်ချဖို့ ဘယ်သူ အမိန့်ပေးခဲ့တာလဲ .. အဲဒီကိစ္စကြောင့် ငါ့ညီအစ်ကိုချူဖုန်း ထိခိုက်သွားခဲ့တာ .. တစ်နေ့ကျရင် ဒီကိစ္စကို စာရင်းရှင်းရဦးမှာ..”
နွားနက်ကြီး လက်စားပြန်ခြေမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။
ဤသတင်းမှာ ထပ်မံရိုက်ခတ်ပြန်သည်ပင်။
ချူဖုန်း ကောင်းကင်ထက်မှ ပစ်ချခံလိုက်ရသောကြောင့် သူ ထွက်ပြေးနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။ မဟုတ်ပါက သူ အစောကြီးကတည်းက အရှေ့တိုင်းသို့ ပြန်ရောက်နေလောက်လေပြီ။
“ချူဖုန်းက .. အစောကြီး သေသွားပြီ .. နှမြောစရာကောင်းလိုက်တာ..”
လူများစွာ ချူဖုန်းအတွက် ဝမ်းနည်းနေကြသည်။ သူသည် ငယ်ရွယ်ကာ အဆုံးမရှိသည့် အောင်မြင်မှုများ ပိုင်ဆိုင်ထားသည့်သူပင်။
ချူဖုန်းသည် လူငယ်မျိုးဆက် ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ယခုတော့ အစောကြီး ကြွေလွင့်သွားလေပြီ။
နဂါးနက်နှင့် အာတိတ်ဘုရင်တို့မှာ သူတို့နောက်လိုက်များကို စုစည်းကာ အရှေ့တိုင်းသို့လာသည့် လမ်း၌ ရောက်နေပြီဖြစ်သည်။
“စာရင်းရှင်းတယ်ဆိုတာ အကြောင်းပြချက်သက်သက်ပဲ .. သူတို့တွေ အရှေ့တိုင်းက ထာဝရတောင်တွေကို လိုချင်နေကြတာ..”
ဤအချက်ကို လူများစွာ သတိပြုမိကြသည်ပင်။ ဤသည်မှာ အရှေ့တိုင်းနှင့် အနောက်တိုင်းကြားမှ ပထမဆုံးတိုက်ပွဲပင်။
…
မြေထဲပင်လယ်ထဲတွင် မီတာပေါင်းတစ်ထောင်ရှည်သည့် ဝေလငါးကြီးသည် သွေးစီးကျနေသည့်ဒဏ်ရာဖြင့် ရေပြင်ကို ဖြတ်ကျော်နေသည်။
ပုံမှန်ဆိုလျှင် မြေထဲပင်လယ်၌ ဤမျှစွမ်းအားကြီးသည့် သက်ရှိမရှိသော်လည်း ယခုတော့ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ဝေလငါးတစ်ကောင်ရှိနေသည်။
ဤမျှကြီးမားသည့် သားရဲသည် မြစ်ချောင်းများ၊ ပင်လယ်များကို အလွယ်တကူ ပြောင်းပြန်လှန်ပစ်နိုင်ပြီး သူ့အမြှီးတစ်ချက် လွှဲရမ်းလိုက်ရုံဖြင့် တောင်များကို ရေအောက်ပို့ပစ်နိုင်သည်။
သူသည် အခြားရေအောက်သားရဲတစ်ကောင်နှင့် တိုက်ခိုက်ထားပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ ထိုပြိုင်ဘက်ကို မောင်းထုတ်နိုင်ခဲ့သော်လည်း သူလည်း အဆိပ်မိသွားခဲ့သည်။ ထို့ကြောင့် သူ မှတ်မိနေသည့် မြင့်မြတ်ကုန်းမြေသို့ ဦးတည်သွားနေခြင်းပင်။
သူ့အသိစိတ်များ ဝေဝါးနေသော်လည်း သူ၏ဦးတည်ရာသို့ အလွန်လျင်မြန်သည့်အရှိန်ဖြင့် ကူးခတ်နေဆဲပင်။
သူ့ဗိုက်ထဲရှိ ချူဖုန်း၏အခြေအနေလည်း ကောင်းမနေပေ။ သူသည် မူးဝေနေကာ အသိစိတ်တစ်ဝက်သာ ရှိတော့သည်။ ဝေလငါးကြီး အဆိပ်များ ထွေးထုတ်ကာ ရေများ စုတ်ယူလိုက်သည့်အချိန်က သူ ထိုရေထဲ ပါသွားခြင်းပင်။
သူသည် အစက ဤဝေလငါး၏ခန္ဓာကိုယ်ကို ကွယ်ကာ ထိုနေရာမှ ထွက်ပြေးရန် စီစဉ်ထားခြင်းပင်။ သို့သော် သူ့တစ်ကိုယ်လုံး ပူလောင်နေကာ သူ တောင့်ခံနိုင်ရုံလေးသာ တောင့်ခံနိုင်တော့သည်။
အစပိုင်းတွင် ဘေးထွက်ဆိုးကျိုးများမှာ ဤမျှမဆိုးရွား။
သို့သော် အဆင့်တက်နေစဉ်အတွင်း အကြိမ်များစွာ နှောက်ယှက်ခံရပြီးနောက် ဤကဲ့သို့ ဖြစ်သွားသည်ပင်။
သူ ဗိုက်ထဲ၌ ရုန်းကန်နေသော်လည်း အရေးအကြီးဆုံးအချိန်တွင် သူ့ခန္ဓာကိုယ်တောက်ပလာပြီး ထူးဆန်းသည့်စွမ်းအင်အလွှာတစ်လွှာ ထွက်ပေါ်လာကာ သူ့ကို ကာကွယ်ပေးလာကြောင်း တွေ့လိုက်ရသည်။
ထို့အပြင် သူ အသက်ရှူရပ်လိုက်လျှင်ပင် သူ့ခန္ဓာကိုယ်မှာ အသက်ရှိနေဆဲပင်။
ထို့နောက် သူ့စိတ်ဝိညာဉ် အသက်ရှူနေသေးသော်လည်း သူ့ခန္ဓာကိုယ် စတင်အိပ်စက်လာသည်ကို သူ သတိထားမိသွားသည်။ အိပ်တစ်ဝက်နိုးတစ်ဝက် အနေအထားတွင် သူ့ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့ကို အန္တရာယ်များမှ ကာကွယ်ပေးထားကြောင်း တွေ့လိုက်ရသည့်အချိန်တွင် သူ အားလုံးကို လွှတ်ချလိုက်ပြီး အိပ်လိုက်တော့သည်။
ချူဖုန်း ရက်ပေါင်းများစွာ အိပ်စက်နေခဲ့သည်။
နောက်ဆုံးတွင်တော့ ဝေလငါးမှာ ကမ်းခြေတစ်ခုကို မြင်ခဲ့လေပြီ။ သူ့အခြေအနေမှာ သိပ်မကောင်း။ သူ အလွန်အားနည်းနေပြီဖြစ်သည်။
အခြားပင်လယ်သားရဲတစ်ကောင်ကိုက်ခံလိုက်ရပြီးနောက် ထိုအကောင်၏ အဆိပ်မှာ အလွန်ပြင်းထန်လှသည်။ သူကဲ့သို့ စွမ်းအားကြီးသည့်သူပင် ထိုအဆိပ်ကို တောင့်ခံရန် ခက်ခဲနေသည်။ ထို့ကြောင့် သူ အကူအညီလာရှာရခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ယခင်တစ်ခေါက်က ဤနေရာရှိ လူတစ်ယောက် သူ့အား ကယ်ပေးခဲ့သည်ပင်။
ပင်လယ်လှိုင်းများကြားတွင် သာယာနာပျော်ဖွယ်ကောင်းသည့် ပုလွေသံစဉ်တစ်ခုကို သူ ကြားနေရသည်။
သူ ရှာနေသည့်လူ ဤနေရာတွင် ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည့်အချိန် သူပို၍ မြန်မြန်ကူးသွားလိုက်သည်။
ကမ်းခြေတွင် ကောင်မလေးတစ်ဦး ရှိနေသည်။ သူမ၏ဆံပင်ရှည်များသည် လေနှင့်အတူ ယိမ်းနွဲ့နေပြီး ကြည်လင်တောက်ပနေသည်။ သူမသည် အနောက်တိုင်းမိန်းကလေးဖြစ်သော်လည်း အရှေ့တိုင်းပုလွေကို မှုတ်နေသည်။
ကလေးမလေးမှာ အသက် ၇ နှစ်၊ ၈ နှစ်ခန့်သာ ရှိလိမ့်ဦးမည်။ သူမသည် အလွန်ချောမောလှသည်။ သူမမျက်နှာသွင်ပြင်မှာ အနာအဆာကင်းမဲ့ပြီး သူမ၏ ဝိုင်းစက်နေသည့်မျက်လုံးများမှာ ပြာလဲ့လဲ့လေး အရောင်တောက်နေသည်။
ပုလွေသံ ထွက်ပေါ်လာသည့်အချိန်တွင် ကမ်းခြေတစ်ခုလုံး တိတ်ဆိတ်သွားသလိုပင်။ ပင်လယ်ငှက်များ သူမဘေးပတ်လည်၌ ရပ်နားလာကြပြီး ငါးများလည်း ကမ်းခြေနား ကူးခတ်လာကြသည်။ အားလုံးမှာ သူမ ပုလွေသံအား နားထောင်နေကြသည်ပင်။
ဝေလငါးဘုရင်လည်း သူမနား ပိုကပ်သွားလိုက်သည်။
“မင်း ဒဏ်ရာရလာပြန်ပြီလား..” ကလေးမလေး ရေရွတ်လိုက်သည်။ သူမ ပုလွေချလိုက်သည်နှင့် တစ်ကိုယ်လုံး ရွှေရောင်အလင်း တောက်ပလာ၏။ ထို့နောက် သူမသည် ရှေးဟောင်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်ကာ စတင်ရွတ်ဖတ်လိုက်သည်။
သူမ ခန္ဓာကိုယ်နှင့်အတူ စာလိပ်ကြီးလည်း တောက်ပလာကာ အလင်းတန်းများသည် ဝေလငါးဘုရင်ထံသို့ ဦးတည်စီးဆင်းလာလေ၏။ ခဏကြာပြီးနောက် ဝေလငါး၏ ဒဏ်ရာများ ပျောက်ကင်းသွားသည်။
ဝေလငါးဘုရင်သည် သူ့အမြှီးကို လှုပ်ခါလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
ထိုအချိန်တွင် သူ့ဗိုက်ထဲ၌ ရှိနေသည့် ချူဖုန်းမှာ လူးလိမ့်ခံလိုက်ရသိလိုဖြစ်သွားသောကြောင့် နိုးလာသည်။ သူ မြန်မြန်ထထိုင်လိုက်သည့်အချိန်တွင် အနန္တဝိညာဉ်သွေးပင်၏ ဆိုးကျိုးများ ပျက်ပြယ်သွားပြီကို တွေ့လိုက်ရသည်။
သူ့အခြေအနေ အတော်လေး တိုးတက်လာပြီး ယခင်ကထက် ပို၍ စွမ်းအားကြီးမားလာသည်ကို သူ ခံစား၍ရသည်။
ဝှစ်..
နောက်ဆုံး ချူဖုန်း ဝေလငါးဘုရင်၏ပါးစပ်ထဲမှ အပြင်သို့ ထွက်လာလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်နှင့် သူ့ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။
ချူဖုန်း ကမ်းခြေပေါ်သို့ ဆင်းသက်လိုက်ပြီး ဝေလငါးဘုရင်နှင့် စိတ်ဝင်စားနေသည့်ကလေးမလေးကို ကြည့်လိုက်သည်။
“ရှင်ဘယ်သူလဲ..” ကလေးမလေးသည် လက်ထဲ၌ စာလိပ်ကိုင်ကာ မေးလာ၏။ သူမသည် နတ်သမီးလေးနှင့်ပင် တူနေသည်။
“ဒါက ဘယ်နေရာလဲ..” ချူဖုန်း မေးလိုက်သည်။
သူ့နောက်တွင်ရှိနေသည့် ဝေလငါးဘုရင်သည် အော်ဟစ်ကာ ကြောက်စရာကောင်းသည့် ဘုရင်အဆင့်အော်ရာများကို ထုတ်လွှတ်လာသည်။
“ဒါက မြင့်မြတ်ကုန်းမြေရဲ့ ကမ်းခြေပါ” ကလေးမလေး ပြန်ဖြေလာ၏။
အပိုင်း ၁၇၁ ပြီး၏။