ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၇၀ – သေဆုံးသွားသည့် ထာဝရသက်ရှိအတွက် အလှူလုပ်ခြင်း
နေထွက်မလာသေးသောကြောင့် လောကကြီးမှာ မှုန်ဝါးဝါးသာဖြစ်နေသည်။ သို့သော် ကမ်းခြေနား ရောက်လာသည်နှင့် သူတို့နှင့် ရင်းနှီးနေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။
“နှုတ်ဆက်ပါတယ်..”
ဝှစ်..
သူတို့ သုံးယောက်မြေပြင်ပေါ်သို့ အမြန်ပြေးတက်သွားလိုက်ကြသည်။ နောက်ဆုံးတော့ သူတို့ ရေထဲမှ လွတ်လာပြီး မြေပြင်ပေါ်သို့ ပြန်ရောက်လာလေပြီ။
ပင်လယ်ထဲတွင် ထိုသားရဲသည် သူတို့ကို လက်ပြနှုတ်ဆက်ပြီးနောက် ရေလှိုင်းနှင့်အတူ ပျောက်ကွယ်သွားလေသည်။
“ခင်ဗျားမှာ အခွင့်အရေးရှိရင် မြေထဲပင်လယ်ကနေ ထွက်ပြီး အရှေ့ပင်လယ်ကိုသွား .. ကျုပ် ခင်ဗျားတို့ကို ဖူရှန်သစ်ပင်အောက် ခေါ်သွားပြီး ပင်လယ်ဗဟိုချက်ကို ခေါ်သွားပေးမယ် .. အဲဒါဆို ခင်ဗျား နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်မှာ” ချူဖုန်း အော်ဟစ်လိုက်သည်။
ချူဖုန်းစကားများကို နားထောင်ပြီးသည်နှင့် ပင်လယ်သားရဲကြီးသည် ပင်လယ်အောက်အနက်ထဲသို့ ပျောက်ကွယ်သွားလေသည်။
ထိုငါးကြီး တိတ်တိတ်လေး ကျိန်ဆဲသွားသွားသည်။ “ဒီနတ်ဆိုးက ငါ့ကို သူ့ရဲ့စီးတော်ယာဉ်ဖြစ်စေချင်နေတာလား .. အရှေ့ပင်လယ်ကို သွား ဟုတ်လား .. အဲဒီနေရာက နဂါးအစစ်တွေ နေတဲ့နေရာဆိုတာ ငါကြားဖူးတယ်..”
ကမ်းခြေပေါ်သို့ ရောက်သွားပြီဖြစ်သည့် နွားနက်ကြီးမှာ နောက်တစ်ခေါက် ထပ်အိပ်ချင်လာသည်။ ဤနေ့ရက်များတွင် သူ ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝ။ သူ့ခန္ဓာကိုယ်မှာ ပူလောင်နေဆဲဖြစ်ပြီး အနန္တဝိညာဉ်ဆေးသစ်ပင်၏ ဆိုးကျိုးများမှာ ယခုထိ မပျောက်သေး။
“ဒီတစ်ခေါက်ကျရင် အရှေ့ပင်လယ်က ဖူရှန်းသစ်ပင် ထွက်လာလောက်တယ် .. အဲဒီငါး ရေနဂါးတွေ၊ ရွှေကျီးကန်းတွေနဲ့အတူတူ ဝင်ပါမလား မသိဘူး .. အဲဒီနေရာက ချဉ်းကပ်ဖို့ မလွယ်ဘူး..” နဂါးနက် သန်းဝေလိုက်သည်။
သူတို့ ဤနေရာ၌ ကြာကြာမနေရဲ။ သူတို့ ခွန်းလွန်တောင်သို့ ချက်ချင်း ပြန်ရောက်ချင်နေကြဖြစ်သည်။
“မြန်မြန် ပြန်သွားကြစို့ .. ငါတို့ကို စောင့်ကြည့်နေတဲ့ ဂြိုလ်တုတွေ ရှိနေမလား မပြောတတ်ဘူး” နွားနက်ကြီး ပြောလိုက်သည်။
သူတို့သုံးဦး လူများနေထိုင်ရာနေရာကို ရှောင်တိမ်းကာ တောင်တန်းများဘက်မှ သွားလိုက်သည်။
နေလုံးကြီး တောင်တန်းများအထက်သို့ ရောက်ရှိလာကာ တောအုပ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ ဖြန့်ကျက်ပေးလာသည်။
သူတို့ ခရီးစဉ်မှာ အတော်လေး ချောမွေ့နေသည်။ သူတို့ ဦးတည်ရာနေရာမှာ သိပ်မလိုတော့။
အရှေ့တိုင်းနှင့် ဥရောပအား ချိတ်ဆက်ပေးထားသည့် ထူးဆန်းသည့်လမ်းကြောင်းနား ရောက်သည့်အချိန်တွင်တော့ သူတို့သုံးယောက်လုံး အရှိန်လျော့လိုက်သည်။ ချောင်းတိုက်ခံရမည်စိုးသောကြောင့် သူတို့ ဘေးပတ်ဝန်းကျင်ကို သေချာစစ်ဆေးလိုက်သည်။
သူတို့ခြေရာများကို ဖုံးကာ မြူထဲသို့ ဝင်လာပြီး သန်းဝေလာကြသည်။
နေမြင့်နေပြီဖြစ်သော်လည်း နေရောင်မှာ လျိုမြောင်ထဲရှိ မြူများကို မထိုးဖောက်နိုင်သေး။
ချုံခိုတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ချူဖုန်း နွားနှစ်ကောင်ကို အဝေး၌ ပုန်းနေခိုင်းလိုက်သည်။ သူတို့နှစ်ဦးမှာ တိုက်ခိုက်ရန်မဖြစ်နိုင်သေး။ သူတို့ ထပ်မံ မူးဝေလာနေပြီဖြစ်သည်။
ချူဖုန်းသည် တတ်နိုင်သမျှ သဲလွန်စများကို ဖျောက်ပစ်ပြီး ငါးကီလိုမီတာကို တစ်ဖြည်းဖြည်းချင်းသွားလိုက်သည်။ သူသည် လက်တစ်ဖက်၌ ဓားမြောင်နက်ကို ကိုင်ထားပြီး အခြားတစ်ဖက်တွင် ချာကရမ်ကို ကိုင်ထားသည်။ ဓားပျံလည်း တိုက်ခိုက်ရန်အဆင်သင့်ပင်။
နောက်ဆုံး သူ အထူးဆန်းဆုံးနေရာသို့ ရောက်လာလေပြီ။
မည်သည့် ခြောင်းမြောင်းတိုက်ခိုက်မှုမှမရှိ။
ချူဖုန်း စိတ်မအေးနိုင်သေး။ ဝိညာဉ်တစ်ကောင်ကဲ့သို့ တောင်တစ်ဖက်သို့ ကပ်သွားလိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။
လျိုမြောင်ထဲ၌ ရန်သူ ရှိနေမည်ကို သူ ကြောက်နေဆဲပင်။
ယခုအချိန်တွင် သူ့အသက်ဓာတ်များကို ပိတ်သိမ်းထားသောကြောင့် သူ့ကို သတိပြုမိစရာအကြောင်းမရှိ။
တိတ်ဆိတ်နေသည့်လမ်းထဲ ချူဖုန်း နောက်ထပ် ဆယ်မိနစ် ထပ်လျှောက်လာလိုက်သည်။
နောက်ဆုံးတွင်တော့ သူ လျိုမြောင်ထဲမှ ထွက်လာပြီး အရှေ့ပိုင်းသို့ ပြန်ရောက်လာလေပြီ။ သူ ရှင်းကျန်းချိုင့်ဝှမ်းထဲ၌ ရပ်လိုက်သည်။ ဤနေရာတွင်လည်း မြူများ ဖုံးလွှမ်းနေသောကြောင့် ဘေးပတ်ဝန်းကျင်ကိုပင် မြင်နိုင်ရန် ခက်ခဲနေသည်။
ဤနေရာကို ဖြတ်ကျော်လိုက်သည်နှင့် သက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းများကို မြင်နိုင်တော့မည်ဖြစ်ကြောင်း သူသိသောကြောင့် သူ အနည်းငယ် စိတ်အေးသွားရသည်။
သို့သော် စက္ကန့်ပိုင်းအတွင်းတွင် သူ့ခန္ဓာကိုယ် တောင့်တင်းသွားပြီး ဆံပင်မွေးများထောင်တက်သွားသည်။ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူသိလိုက်လေပြီ။ ရန်သူများမှာ သူထင်ထားသည်ထက် ပို၍စဉ်းလဲနေသည်။ သူတို့သည် လျိုမြောင်ဝင်ပေါက်၌ မတိုက်ပဲ ထွက်ပေါ်၌ တိုက်ခိုက်နေကြသည်။
ဤနေရာမှာ သူတို့ပစ်မှတ်များ လွတ်မြောက်ပြီဆိုပြီး စိတ်အေးသွားလောက်သည့် နေရာပင်။
ရွှီး..
ကောင်းကင်ဓားသွားနှင့်တူသည့် ဓားအလင်းတန်းတစ်ခု ချူဖုန်းဦးခေါင်းထံသို့ ဦးတည်လာနေသည်။ ထိုအလင်းတန်းမှာ သူ့ဦးခေါင်းကို နှစ်ခြမ်းခွဲပစ်ချင်နေလေ၏။
အက်ဗီဒူး စတင်လှုပ်ရှားလိုက်ခြင်းပင်။
သူသည် လက်ထဲ၌ ဓားကိုင်ထားပြီး ခန္ဓာကိုယ်တွင်လည်း တောက်ပသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်များမှာ နောက်ကျောထက်၌ ဝဲကျနေပြီး မျက်လုံးများမှာ အေးစက်နေသည်။
ချွမ်း..
ဤအလင်းတန်းကို ရှောင်ရန် နောက်ကျလွန်းသွားလေပြီ။ ချူဖုန်း ချာကရမ်ဖြင့် ခုခံလိုက်သည်နှင့် မီးပွားများ လွင့်စင်ထွက်လာသည်။
များပြားလှသည့် ထူးခြားစွမ်းအင်များ ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာကာ ဘေးပတ်လည်မှ ကျောက်တုံးများအား လွင့်စင်သွားလေ၏။
ဤသည်မှာ ကျွမ်းကျင်သူနှစ်ဦးကြားမှ တိုက်ပွဲပင်။
အက်ဗီဒူး အစောကြီးကတည်းက တတိယမြောက် အချုပ်အနှောင်အား ဖြတ်တောက်နိုင်ထားသည့်အပြင် သူသည် ရိုမန်ကက်သလစ်အစိုးရအဖွဲ့အစည်း၏ ဓားအလင်းတန်းပညာကိုလည်း ကျွမ်းကျင်ပိုင်နိုင်နေသည်။
အချုပ်အနှောင်တစ်ခုကိုသာ ဖြတ်တောက်ထားရသေးသည့် အခြားလူတစ်ဦးဦးသာ ဤကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်ခံရပါက ပထမဆုံးတိုက်ခိုက်မှုကတည်းက နှစ်ပိုင်းပြတ်သွားလောက်လေပြီ။
သို့သော် ချူဖုန်း၏ ချာကရမ်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ထိုလက်နက်သည် ဓားကို ခုခံလိုက်နိုင်သည့်အပြင် ဓားအလင်းတန်းကိုလည်း ဖြတ်တောက်ပစ်နိုင်ခဲ့သည်။
သူ့ပေါ်သို့ ရောက်ရှိလာသည့် တိုက်ခိုက်မှုများမှာ တစ်နေရာတည်းမှမဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ဘုရင်အဆင့်သက်ရှိများစွာ ရှိနေပြီး အားလုံး သူ့ထံသို့ တစ်ပြိုင်နက် ပြေးလာနေကြသည်။
အက်ဗီဒူးနောက်တွင် တောင်ငယ်တစ်လုံးစာပမာဏရှိသည့် ဝက်ဝံဖြူတစ်ကောင် ရှိနေသည်။ သူ့လက်သည်းများမှာ ဝါးလုံးကြီးများကဲ့သို့ ကြီးမားလှသည်။
အက်ဗီဒူးဓားကို ခုခံပြီးသည်နှင့် ချူဖုန်း ချက်ချင်း ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ သူ ယခင်က ရပ်နေခဲ့သည့်နေရာမှ မြေကြီးများ ဖွာထွက်သွားလေ၏။
ထိုအခိုက်အတန့် ကမ္ဘာမြေကြီး အက်ကွဲသွားပြီး ကီလိုဂရမ်ပေါင်း ရာပေါင်းများစွာ လေလံသည့် ကျောက်တုံးများပင် လေထဲ လွင့်မျောလာသည်။ ဤသားရဲဘုရင်မှာ အလွန်စွမ်းအားကြီးလှသည်။
ရွှီး..
ချူဖုန်း ငြိမ်ငြိမ်မရပ်နိုင်သေးခင်မှာပင် စူးရှလှသည့် ဓားအလင်းတန်း ပေါ်လာကာ သူ ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ဤသည်မှာ တောက်ပသည့် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ဦးပင်။
ဤမိန်းမပျိုသည်လည်း အက်ဗီဒူးကဲ့သို့ အချုပ်အနှောင်သုံးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးပင်။
ဒုန်း..
ချူဖုန်း သူ၏ဓားပျံကို အသုံးပြုပြီး ထိုဓားအလင်းတန်းကို ကာကွယ်လိုက်သည်။
“ဂါး..”
သို့သော် ဤနေရာ၌ ရှိနေသည့် အင်အားမှာ သူထင်ထားသည်ထက် များပြားနေသည်။
ချူဖုန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏နွားနတ်ဆိုးလက်သီးဖြင့် ရန်သူအုပ်စုကြီးကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ပြီး သူ့အသံလှိုင်းများကို အားဖြည့်လိုက်သည်။
ချာကရမ်၊ ဓားမြောင်နက်နှင့် နီရဲတောက်ပနေသည့်ဓားပျံတို့ကို အသုံးပြုကာ သူ့ကို တိုက်ခိုက်လာသည့် တိုက်ခိုက်မှုများကို တားဆီးနေရင်းဖြင့် လျိုမြောင်ထဲသို့ ပြန်ပြေးသွားလိုက်သည်။
အရှေ့တိုင်းသို့ သွားသည့်လမ်းမှာ ပိတ်သွားပြီဖြစ်သောကြောင့် သူ သွား၍မရတော့။
“မင်းက ဘယ်သွားချင်နေတာလဲ..”
အက်ဗီဒူးဦးဆောင်ကာ ထိုလူများ သူတို့၏ ဘုရင်ဖိအားများကို ထုတ်လွှတ်ကာ သူ့နောက် ပြေးလိုက်လာကြသည်။
ဝုန်း..
လေထုကြီး ပေါက်ကွဲသွားကာ ထိုနေရာတစ်ခုလုံး တုန်ခါသွားသည်။
ချူဖုန်း ထိပ်တိုက် မတိုက်ခိုက်ပဲ ဂရိသို့ ပြန်ပြေးလာခဲ့လိုက်သည်။ သူ့အခြေအနေမကောင်း။ နွားနှစ်ကောင်လောက်ဆိုးသေးသော်လည်း သူ့စိတ်မှာ ရှုပ်ထွေးနောက်ကျနေသည်။
သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲနေဆဲပင်။ ယခုအချိန်မှာ တိုက်ခိုက်ရန်အတွက် မသင့်တော်။
ထို့အပြင် သူ့ရန်သူများမှာ ဘုရင်အဆင့်သက်ရှိများ ဖြစ်နေသည်။ သူသာ ထိပ်တိုက် တိုက်ခိုက်လျှင် သေချာပေါက် အခြေအနေဆိုးရွားလိမ့်မည်။ သူတို့ထဲမှ အနိမ့်ဆုံးပင် အချုပ်အနှောင်နှစ်ခု ဖြတ်တောက်ပြီးသွားပြီဖြစ်သည်။
ဝုန်း..
နွားနှစ်ကောင် ပုန်းနေသည့်နေရာကို ဖြတ်ပြေးကာ အဝေးသို့ ပြေးသွားလိုက်သည်။
သူ့နောက် လိုက်ဖမ်းနေသည့်သူများမှာ သူ့ထက်ပင် ပို၍ အရှိန်မြန်နေသောကြောင့် သူ့ကို တစ်ဖြည်းဖြည်း လိုက်မှီလာသည်။
နွားဝါလေးနှင့် နွားနက်ကြီးတို့မှာ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူတို့ တိုက်ပွဲထဲသို့ ချက်ချင်း ပြေးဝင်သွားချင်သော်လည်း သူတို့ ပုန်းနေပါ့မည်ဟု ချူဖုန်းအား ဂတိပေးထားခဲ့သည်ပင်။ သူ့နောက် လိုက်ဖမ်းနေသည့်သူများရှိပါက သူတို့နှစ်ဦး ခွန်းလွန်တောင်သို့ ပြန်သွားပြီး အခြားသူများအား အကူအညီတောင်းနိုင်လိမ့်မည်။
သူတို့အခြေအနေနှင့်ဆိုလျှင် တိုက်ခိုက်ရန်အတွက် မသင့်တော်သေး။ သူတို့ပြေးဝင်သွားလျှင်လည်း သေသွားရုံသာရှိလိမ့်မည်။
သူတို့မျက်လုံးများ နီရဲလာကာ စိတ်ထဲ မသက်မသာဖြစ်လာသည်။ သူတို့သည် သွေးအေးသတ္တဝါများမဟုတ်သောကြောင့် သူတို့ရဲဘော်ရဲဘက်နှစ်ဦး လိုက်ဖမ်းခံနေရသည်ကို မြင်သည့်အချိန် သူတို့ ဒေါသထွက်လာကြသည်ပင်။
“သွား..”
နောက်ဆုံးတွင်တော့ သူတို့နှစ်ဦး မြူထဲ ပြေးဝင်သွားကာ အရှေ့ဘက်သို့ ဦးတည်သွားလိုက်ကြသည်။
“ချူဖုန်း မင်း အသက်ရှင်ရမယ်နော်.. ငါတို့ မင်းကို ပြန်လာကယ်မယ်..” နွားနက်ကြီး ဟစ်ကြွေးလိုက်သည်။
“ရှီလာ .. ခင်ဗျား စောင့်နေလိုက်..” နွားဝါလေး အော်ဟစ်လိုက်သည်။ သူတို့သည် မူးဝေထိုင်းမိုင်နေသော်လည်း တတ်နိုင်သမျှ မြန်မြန်ပြေးသွားလိုက်သည်။ သူတို့ ရှင်းကျန်းကို ဖြတ်ကျော်ကာ ခွန်းလွန်သို့ သွားရမည်။
ကံမကောင်းစွာဖြင့် ရှင်းကျန်းနှင့် ခွန်းလွန်မှာ ဝေးကွာလွန်းလှသည်။
သူတို့နှစ်ဦးမှာ အလွန်လောနေကြလေပြီ. သူတို့သာ ပျံသန်းနိုင်သည့်သားရဲကို ဖမ်းနိုင်ပါက ပို၍ မြန်မြန်သွားနိုင်လိမ့်မည်။
သို့သော် ဤနေရာမှာ ခွန်းလွန်တောင်မဟုတ်သောကြောင့် ပျံသန်းနေသည့် သားရဲများသိပ်မရှိ။ ရှိလျှင်ပင် သူတို့ ချဉ်းကပ်ရန် မလွယ်ကူ။
“ချူဖုန်း .. မင်း အသက်ရှင်ရမယ်နော်..”
နှစ်ကောင်မှာ သွေးများ ဆူပွက်လာသည်အထိ ပြေးလာကြသည်။
ချူဖုန်းမှာ ဒုက္ခအကြီးကြီးတွေ့နေလေပြီ။ သူ့နောက်လိုက်နေသည့် ဘုရင်မှာ စုစုပေါင်း ၈ ဦးရှိသည်။ သူ အကောင်းဆုံးအခြေအနေ၌ ရှိနေလျှင်ပင် သူ ဤလူများ၏ ပြိုင်ဘက်မဟုတ်သေး။ သူသည် အချုပ်အနှောင်တစ်ခုကိုသာ ဖြတ်တောက်ရသေးသည်ပင်။
သူက ဘယ်လိုလုပ် ခုခံနိုင်မည်နည်း..
သူ ချာကရမ်ကို အသုံးပြုလျှင်ပင် ရန်သူတစ်ဦးသာ သတ်နိုင်လိမ့်မည်။
သို့သော် သူ ပြေးနေသည်ကို စက္ကန့်ဝက်မျှ ရပ်လိုက်သည်နှင့် သူ အဆုံးသတ်သွားလိမ့်မည်။
“ညီအစ်ကိုချူ .. မပြေးနဲ့တော့ .. ကျုပ်တို့ ဆွေးနွေးရအောင်..” အနောက်မှ အက်ဗီဒူး အော်ဟစ်လာသည်။ သူ့မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ရှိနေသည်ပင်။
ချူဖုန်း သူပြောနေသည်များကို စိတ်ထဲမထည့်တော့။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်၍ ဆုံးဖြတ်၍မရဆိုသည်မှာ တကယ်မှန်သည်။ သူတို့ ဗာတီကန်မြို့သို့ ရောက်သည့်အချိန်က ဤလူ သူတို့ကို မြို့အနှံ့ လိုက်လံပြသခဲ့သည်။ ထိုတုန်းက သူသည် အလွန်ဖော်ရွေသည့်သူပင်။
သူက ရှီလာ၏ ညာလက်ရုံးဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
ချူဖုန်း ပြေးနေရုံသာ တတ်နိုင်တော့သည်။
တောင်ငယ်တစ်လုံးစာရှိသည့် ဝက်ဝံဖြူကြီး သူ့ကို ခုန်အုပ်လာသည်။
ထိုဝက်ဝံကြီး၏ အရှိန်မှာ အလွန်လျင်မြန်လှသောကြောင့် ချူဖုန်း ထိုတိုက်ခိုက်မှုအောက် ရောက်သွားတော့မလိုဖြစ်သွားသည်။
ထို့ကြောင့် သူ ဦးတည်ချက် ပြောင်းရတော့သည်။ အက်ဗီဒူးသည် ထိုစက္ကန့်ပိုင်းလေးကို အခွင့်ကောင်းယူကာ သူ့ကျောထက်၌ ဒဏ်ရာရရှိအောင် ပြုလုပ်လိုက်သည်။ ထိုဒဏ်ရာမှာ သူ့အရိုးများကိုပင် မြင်နေရသည်အထိ စုတ်ပြဲသွားခြင်းပင်။
“မင်းတို့ ဒီနေ့ ငါ့ကို မသတ်နိုင်ရင် မင်းတို့ ပြန်ပေးဆပ်ရလိမ့်မယ်..”
ချူဖုန်း တောအုပ်ကြားထဲ ပြေးသွားလိုက်သည်။ သူသည် ယခုတလောကမှ ဤတောင်ထဲမှ ထွက်လာခြင်းဖြစ်သောကြောင့် သူ့ရန်သူများထက် ဤတောင်အကြောင်း ပိုသိသည်။
“မင်းက အသက်ရှင်ချင်နေသေးတာလား .. ရှီလာက မင်းကို သတ်ချင်နေတယ်၊ နဂါးနက်နဲ့ အာတိတ်ဘုရင်လည်း စားစရာမရှိတော့ဘူး .. အဲဒါကို မင်းက ဒီကမ္ဘာမြေကြီးပေါ် ရှင်သန်နိုင်လိမ့်ဦးမယ်လို့ ထင်နေတယ်ပေါ့ .. ဟာသပဲ..” သားရဲတစ်ကောင် ရယ်မောလိုက်သည်။
“ချီလင်း ဘယ်မှာလဲ .. သူက ဘာလို့ ဒီမှာ မရှိသေးတာလဲ .. သူသာ ငါတို့နဲ့ပေါင်းလိုက်ရင် လေထဲကနေ လိုက်ဖမ်းလို့ရပြီ .. အဲဒီလိုသာဆိုရင် ငါတို့ ဒီအရှေ့တိုင်းသား,ကောင်ကို အစောကြီးကတည်းက ဖမ်းမိပြီးနေပြီ” အခြားသားရဲဘုရင်တစ်ဦး ပြောလိုက်သည်။
“ချူလေးရေ .. မင်း ထွက်ပြေးနေတာကို ရပ်လိုက်တာနဲ့ မင်း အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်နော် .. ငါတို့က လူမျိုးစုတစ်ခုတည်းကဆိုတော့ ငါ မင်းကို ကာကွယ်ပေးမယ်”
ရွှေရောင်ဆံပင်နှင့် မိန်းမပျိုလေး ရယ်မောလိုက်သည်။ သူမ၏ မျက်နှာမှာ ချောမောလှပလှပြီး အသားအရေမှာလည်း ကြွေရုပ်ကဲ့သို့ လှပလှသည်။ သူမလက်ထဲတွင် ငွေရောင်ဓားတစ်လက်ကိုင်ထားပြီး သူမ၏ရွှေရောင်ဆံပင်များ လေထဲ၌ လွင့်မျောနေသည်။
“ချောင်းန .. ချူဖုန်းက သတ္တိကြောင်တဲ့သူ … သူငါတို့ကို ယုံမှာမဟုတ်ဘူး .. သူနေအောင်လို့ ဖိအားပေးလိုက်ကြတာပေါ့..” အက်ဗီဒူး ရယ်မောလိုက်သည်။
“ဘာ နတ်ဆိုးဘုရင်ချူလဲ .. သူက ငါတို့နဲ့တောင် ထိပ်တိုက်မတိုက်ရဲဘူး .. သူက အနောက်နိုင်ငံမှာ ပြဿနာရှာချင်သေးတာလား .. အားနည်းလိုက်တာ..” အနက်ရောင်မြေနဂါးတစ်ကောင် အော်ဟစ်လိုက်သည်။
သူသည် နဂါးနက်၏ လက်အောက်ငယ်သားဖြစ်ပြီး အတော်လေး စွမ်းအားကြီးလှသည်ပင်။
ချူဖုန်း သူတို့၏ ရန်စသည့်စကားအားလုံးကို လျစ်လျူရှုထားလိုက်သည်။ သူ့ရည်ရွယ်ချက်တစ်ခုသာရှိသည်။ ဤသည်မှာ ထွက်ပြေးရန်ပင်။ သူ အသက်ရှင်ရမည်။
သူ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသည်။
ဗွမ်း..
နောက်ဆုံး ချူဖုန်း ပင်လယ်ထဲ ဒိုင်ဗင်ထိုးချလိုက်သည်။
“မကောင်းတော့ဘူး .. သူ့ကို မလွတ်စေနဲ့..” အက်ဗီဒူး အမူအရာ ပြောင်းလဲသွားသည်။
“ဘယ်သူ ရေထဲမှာ ကောင်းကောင်းနေနိုင်လဲ .. ငါတို့ သူ့ကို ဒီမှာ သတ်မှရမယ်..” ချောင်းန အေးစက်စွာ ပြောလာသည်။
“ငါ သွားမယ်..” ဝက်ဝံဖြူကြီး ပင်လယ်ထဲ ခုန်ဆင်းလိုက်သည်။
“အတူတူသွားကြစို့ .. သူ့ကို လွတ်ပေးလိုက်လို့မရဘူး .. ဝက်ဝံဖြူတစ်ကောင်တည်းသွားရင် မတော်တဆမှုတွေ ဖြစ်လာနိုင်တယ်” သူတို့အားလုံး ရေအောက်မသွားဖူးသော်လည်း သူတို့သည် ဘုရင်အဆင့်သက်ရှိများဖြစ်သောကြောင့် ရေအောက်၌ လျင်မြန်စွာ လှုပ်ရှားနိုင်သည်ပင်။
သို့သော် သူတို့ အရှိန်ကတော့ နှေးသွားမည်ပင်။
ရှီလာ၊ နဂါးနက်နှင့် အာတိတ်ဘုရင်တို့သည် သူတို့ အယုံကြည်ရဆုံး လက်ထောက်များအား လွှတ်လိုက်ခြင်းပင်။
ပင်လယ်သားရဲများ ပေါ်လာမည်ကို သူတို့မကြောက်။ သူတို့ရှစ်ယောက်လုံး ဘုရင်အဆင့်ဖြစ်သောကြောင့် သူတို့က မည်သည်ကို ကြောက်ရမည်နည်း..
ထို့အပြင် မြေထဲပင်လယ်၌ ကြောက်စရာကောင်းသည့် ရေသားရဲများမရှိသည်ကို သူတို့သိထားသည်ပင်။
“နတ်ဆိုးဘုရင်ချူ .. ဒါက မင်းလုပ်နိုင်တာ အကုန်ပဲလား.. မင်းက ပြေးဖို့ပဲ သိတယ်ပေါ့ .. စိတ်ပျက်စရာကောင်းလိုက်တာ..”
“ဒီလိုစွမ်းရည်မျိုးနဲ့ မင်းကိုယ်မင်း နတ်ဆိုးဘုရင်ချူလို့ ခေါ်ရဲသေးတယ်လား..” မြေနဂါးနက်ကြီး အော်ဟစ်လိုက်သည်။
“ချူ မကြောက်နဲ့ .. ငါတို့ ဒီမှာ..” အက်ဗီဒူးလည်း အသံပို့လွှတ်လာသည်။
ဝုန်း..
ရုတ်တရက် သူတို့ရှေ့၌ ကြီးမားလှသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ အရှေ့ဘက်၌ ကြီးမားလှသည့် ပင်လယ်သားရဲနှစ်ကောင် တိုက်ခိုက်နေကြသောကြောင့် လှိုင်းလုံးများမှာ ကောင်းကင်ထိပင် ရောက်လာသည်။
“ဘုရားရေ .. အဲဒါတွေက ဘာသားရဲတွေလဲ..” ချောင်းန အော်ဟစ်လိုက်သည်။
ရေလှိုင်းများမှာ စူနာမီကဲ့သို့ စွမ်းအားကြီးလှသည်။
ထို့နောက်တွင်တော့ သူတို့ အနက်ရောင်သားရဲကို ခပ်ရေးရေးလေး မြင်လာရသည်။
“အဲဒါက ဘုရင်အဆင့်ဝေလငါးပဲ .. သူက ဘယ်လိုလုပ် ဒီမှာ ပေါ်လာတာလဲ.. မြေထဲပင်လယ်ထဲမှာ အကောင်တွေ မရှိဘူးလို့ ထင်နေတာ” အက်ဗီဒူး အံ့အားတကြီး ပြောလိုက်သည်။
ဤဝေလငါးမှ ထုတ်လွှတ်သည့် စွမ်းအင်မှာ အက်ဗီဒူးတို့အုပ်စုကို တုန်လှုပ်သွားစေသည်။ ဤသည်မှာ အနည်းဆုံး အချုပ်အနှောင်ငါးခုကို ဖြတ်တောက်ထားသည့် သက်ရှိပင်။
ခွပ်..
နောက်ဆုံးတွင် အခြားသားရဲမှာ ဝေလငါးဘုရင်ထံ ရှုံးနိမ့်သွားလေ၏။
“သူက ဝေလငါးဘက်ကို ထွက်ပြေးသွားတာ .. ငါတို့ ဆက်လိုက်ကြမလား..”
ဝက်ဝံဖြူကြီးမှာ စိုးရိမ်နေသည်။ သူ ချူဖုန်းနောက် ဆက်လိုက်ချင်သော်လည်း ဝေလငါးဘုရင်ကိုလည်း ကြောက်နေသည်။
“မကောင်းတော့ဘူး .. ပြေး..”
ချောင်းန အော်ဟစ်လိုက်သည်။ ထိုဝေလငါးကြီးသည် ပါးစပ်ဟကာ အရာအားလုံးကို စုတ်ယူပစ်မည့် ဝဲကတော့ကြီးတစ်ခု ဖန်တီးနေပြီဖြစ်သည်။
“ချူဖုန်းလည်း မြိုချခံလိုက်ရတာလား..” ကျွမ်းကျင်သူ ရှစ်ဦးမှာ အံ့အားသင့်သွားရသည်။
ထို့နောက် သူတို့ ဤနေရာသို့ ဆက်မနေရဲတော့ပဲ ပြေးထွက်သွားလိုက်ကြသည်။
“သူ ဒီလိုမျိုး သေသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..” အက်ဗီဒူး သက်ပြင်းချလိုက်သည်။ “ငါတို့ သူ့ခေါင်းကို ယူမသွားနိုင်တာ ဆိုးတာပဲ..” သူ ခေါင်းခါ၍ ပြောလိုက်သည်။
…
အပြင်လောကတွင် ယနေ့အဖြစ်အပျက်များ ပွက်လောရိုက်နေသည်။
ဗာတီကန်မြို့မှ အလောင်းပုံကြီးမှာ အဆင့် ၂၀ ရှိသည့် မြေငလျင်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။ အရှေ့တိုင်းတွင်ဖြစ်စေ အနောက်တိုင်းတွင်ဖြစ်စေ ဤသတင်းမှာ အုတ်အော်သောင်းတင်းဖြစ်နေသည်။
မျိုးနွယ်စုများစွာမှာ ဒေါသထွက်နေကြပြီး ဘာဖြစ်သွားသည်ကို သိချင်နေကြသည်။
အင်အားကြီးအဖွဲ့အစည်းအားလုံး ထိတ်လန့်သွားကြရသည်။ မြို့ထဲမှာ ဘာဖြစ်ခဲ့တာလဲ .. ဘယ်လိုလုပ် အချိန်တိုအတွင်း သားရဲဘုရင်ဒီလောက်အများကြီးကို သတ်လိုက်နိုင်တာလဲ..
သို့သော် မည်သူမှ ဗာတီကန်မြို့သို့ သွားမစုံစမ်းရဲ။ ဓာတ်ပုံများသာ အင်တာနက်ပေါ်၌ တက်လာသည်။
“တစ်ယောက်ယောက်က ဗာတီကန်မြို့ထဲက တားမြစ်နေရာကို ကျူးကျော်သွားပြီးတော့ အတိဒုက္ခကို အသက်သွင်းခဲ့လို့ ဒီလိုမျိုးဖြစ်လာတာ”
နောက်ဆုံး ဗာတီကန်မြို့မှ တရားဝင်စာထုတ်လာသည်။
“ငါ မယုံဘူး .. ဒီကိစ္စနောက်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိရမယ်..”
“ငွေလရောင်ဝံပုလွေ ဘယ်မှာလဲ..” တစ်စုံတစ်ယောက် မေးလာသည်။ “ဒီကပ်ဘေးကြီးထဲမှာ အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်တောင် သေသွားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်..”
“ငွေလရောင်ဝံပုလွေ ကျဆုံးသွားပြီ .. သူ ခေါင်းဖြတ်သတ်ခံလိုက်ရတာ” ထို့နောက် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာကာ အရှေ့တိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
ဤကဲ့သို့သော နဂါးအသိုက်မျိုးကို မည်သူက သွားစုံစမ်းရဲမည်နည်း..
“ချူဖုန်းရော .. သူလည်း သေသွားပြီလား..” တစ်ယောက်ယောက် မေးလိုက်သည်။
“သေပြီ..” ဗာတီကန်မြို့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ပြောလာသည်။ ချူဖုန်း အဆုံးသတ်သွားပြီဖြစ်ကြောင်း သူ အတည်ပြုချက် ရထားပြီးသားပင်။
“ဘာ.. ထာဝရချူ သေသွားပြီလား..” အရှေ့တိုင်းမှ လူများ သက်ပြင်းချလိုက်ကြသည်။ သူတို့ ခန့်မှန်းမိပြီးသားဖြစ်သော်လည်း တကယ်ကြားလိုက်ရသည့်အချိန်တွင် သူတို့အတွက် အတော်လေး ခက်ခဲနေဆဲပင်။
ချူဖုန်းနှင့် ပတ်သက်နေသည့်သူများကတော့ တုန်လှုပ်သွားကြရသည်။ သူတို့ ဤသည်ကို လက်မခံနိုင်။
“အဓိပ္ပာယ်မရှိတာ … ငါ့ညီအစ်ကို မသေသေးဘူး .. မင်းတို့စောင့်နေလိုက် .. ငါ မင်းတို့ကို လက်စားလာချေမှာ..” တစ်ရက်ကြာပြီးနောက် ခွန်းလွန်တောင်တွင် ကျယ်လောင်လှသည့် ဟစ်ကြွေးသံကြီး ထွက်ပေါ်လာသည်။
တစ်ရက်ကြာ ခရီးသွားပြီးနောက် နွားနှစ်ကောင် ခွန်းလွန်တောင်သို့ ပြန်ရောက်လာသည်။ နောက်ဆုံးတွင် သူတို့ ငှက်ကြီးတစ်ကောင်ကို သိမ်းသွင်းပြီး ထိုငှက်ကြီးကို စီးလာခဲ့ကြခြင်းပင်။ သားရဲဘုရင်များအားလုံး အံ့အားသင့်သွားကာ သူတို့နှစ်ယောက်ကို မေးခွန်းများ ဝိုင်းမေးလာကြသည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီး ပြောင်းပြန်လှန်သွားသည့်အချိန်တွင် သူတို့နှစ်ဦးသာ အသက်ရှင်လျက် ပြန်ရောက်လာနိုင်ခဲ့ကြသည်ပင်။
“ငါတို့ ညီအစ်ကိုကို သွားကယ်ရမယ်..” နွားနှစ်ကောင် အော်ဟစ်လိုက်သည်။ သူတို့သည် ချူဖုန်းကို ကယ်ဆယ်ရာ၌ ကူညီပေးရန် အခြားသားရဲဘုရင်များကို အကူအညီတောင်းလိုက်သည်။
သို့သော် သူတို့ ခရီးစမထွက်ခင်မှာပင် ထိတ်လန့်စရာကောင်းသည့်သတင်းတစ်ခု အရှေ့တိုင်းသို့ ပျံ့နှံ့လာသည်။
နဂါးနက်၊ အာတိတ်ဘုရင်နှင့် ရှီလာတို့သည် ခွန်းလွန်တောင်သို့ ရောက်လာကာ နွားနှစ်ကောင်အား ထုတ်ပေးရန် တောင်းဆိုလာကြသည်။ ဗာတီကန်မြို့မှ သွေးလွှမ်းသည့်အဖြစ်အပျက်မှာ ချူဖုန်း၊ နွားဝါလေး၊ နွားနက်ကြီးနှင့်ဆိုင်ကြောင်း ကြေငြာလာကြသည်။
ဤသည်မှာ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ထိပ်တန်းအဆင့် ကျွမ်းကျင်သူနှစ်ဦး အရှေ့တိုင်းကို အပြစ်ပေးရန်တိုက်ခိုက်လာကြတော့မည်။
အရှေ့တိုင်းမှ ကျွမ်းကျင်သူများမှာ အံ့အားသင့်ကာ ဒေါသထွက်သွားရသည်ပင်။ ဒီအနောက်တိုင်းဘုရင်တွေက ဘာလုပ်ချင်နေတာလဲ..
အချို့သူများ စိုးရိမ်နေကြသည့်အချိန်တွင် အချို့သူများကတော့ နှစ်ထောင်းအားရဖြစ်နေကြလေ၏။ အထူးသဖြင့် ချူဖုန်း သေဆုံးသွားကြောင်း သိလိုက်ရသည့်အချိန် သားရဲမျိုးနွယ်စုများစွာ ပြုံးပျော်သွားကြလေသည်။
ဒိမ်ဒိမျိုးရိုးဗီဇအုပ်စုရှိ လင်းအိမ်တွင် ဝမ်ရှုယီ အလွန်ပျော်ရွှင်နေသည်။ သူမသည် သံစဉ်လေးညီးကာ ဝိုင်တစ်ငုံ သောက်လိုက်လေသည်။
“ခေါင်းဆောင် ဒီလိုပုံစံနဲ့ သေသွားလိမ့်မယ်လို့ ငါမယုံဘူး .. သူ သေချာပေါက် အသက်ရှင်လျက် ပြန်လာမှာ .. သူ အဲဒီမကောင်းဆိုးဝါးတွေ မိစ္ဆာတွေအားလုံးကို ရှင်းပစ်လိမ့်မယ်..” တိဟွိုင်ကျင်း၊ ယုယန်ချင်းနှင့် အခြားသူများမှာ ချူဖုန်း သေဆုံးသွားပြီဟူသည့်သတင်းကို မယုံကြည်ကြ။
“ထာဝရချူ သေသွားပြီဆိုတော့ ငါတို့ သူ့အတွက် စက္ကူတစ်ချို့လောက် မီးရှို့ပေးရမယ်” ဟူရှန်း တိတ်ဆိတ်မနေတော့ပဲ စကားပြောလာသည်။
“အခု ငါ သူ့ကို နည်းနည်းလောက် ဆဲလို့ရပြီလား .. သူ သေသွားလောက်ပြီလေ .. ဗာတီကန်ကလည်း ဒါကို အတည်ပြုထားပြီးသား..” ရှုန်းခွန် ပြောလိုက်သည်။
“ဒီတစ်ခါကတော့ သူ တကယ်သေပြီထင်တယ် .. သူ အဲဒီကပ်ဘေးကနေ လွတ်ဖို့ ခက်ခဲလိမ့်မယ်” ဟူရှန်း ပြန်ပြောလိုက်သည်။
“ဒီလူက သေဘေးကနေ အမြဲတမ်း လွတ်နေတာမဟုတ်ဘူးလား .. သူက ဒီတိုင်းပဲ သေသွားပြီလား..” ကျန်းလော့ရှန်း ရေရွတ်လိုက်သည်။
လင်းနွိုင်လည်း အရှေ့ပင်လယ်ဘေးတွင်ရပ်ကာ ချူဖုန်း ဖုန်းကို အကြိမ်ကြိမ်ခေါ်နေခဲ့သည်။ သို့သော် ခေါ်၍မရခဲ့။
အပိုင်း ၁၇၀ ပြီး၏။