Switch Mode

Chapter – 168

ကမ္ဘာကြီးကို တုန်လှုပ်စေခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၈ – ကမ္ဘာကြီးကို တုန်လှုပ်သွားစေခြင်း

ဆေးခင်းတစ်ခုလုံး၌ မရေမတွက်နိုင်သည့် အလောင်းများ ပြန့်ကျဲနေသည်။ ချီလင်းဘုရင်နှင့် အက်ဗီဒူးတို့သည် ယခုမှ ဗာတီကန်မြို့ထဲမှ ပြန်ရောက်လာကြပြီး သူတို့လက်နက်တွင် သွေးများ စီးကျနေသည်။

“သွားမယ်..”

နွားနက်ကြီးမှာ လက်မလျော့ချင်သေးသော်လည်း မတတ်နိုင်တော့။ ဆက်စောင့်နေလျှင် သူတို့ ယူနိုင်တော့မည်မဟုတ်တော့။ အပင်မှ ပန်းပွင့်များကို သူတို့ ချက်ချင်း ခူးလိုက်ကြသည်။

ပန်းပွင့်ဖူးများမှာ အလွန်တောက်ပလှသည်။ ပန်းပွင့်များကို ခူးလိုက်သည်နှင့် ဤနေရတစ်ခုလုံး မွှေးပျံ့သွားသည်။

ဝှစ်..

ထို့နောက် သူတို့ သုံးဦး ချက်ချင်းပင် မြေကြီးထဲသို့ ပြန်ဝင်သွားလိုက်ကြသည်။

သူတို့လာရာလမ်းအတိုင်း ပြန်လှည့်ပြန်သွားလိုက်ကြသည်။ အချို့နေရာများတွင် ကျောက်တုံးကြီးများဖြင့် လမ်းပိတ်နေသော်လည်း မည်သည့်အရာကမှ သူတို့ကို မတားဆီးနိုင်။ ချူဖုန်းသည် သူ၏ဓားပျံဖြင့် လမ်းရှင်းကာ လမ်းဖောက်လိုက်သည်။

ရွှီး..

သူတို့သည် အဆီးအတားကို အောင်မြင်စွာ ထိုးဖောက်လိုက်နိုင်ပြီး ဗာတီကန်မြို့ဘက်သို့ ဦးတည်လာလိုက်သည်။ သူတို့သည် ဗာတီကန်မြို့ပြင်ရောက်သည်အထိ တူးသွားရန် ပြင်ဆင်လိုက်သည်။

သို့သော် ခဏကြာပြီးနောက် သူတို့ ပြဿနာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ အရှေ့ဘက်တွင် နတ်အလင်းတန်း အဆီးအတားတစ်ခုရှိနေသည်။ ထိုအဆီးအတားမှ စွမ်းအင်များ ထုတ်လွှတ်နေပြီး သူတို့ထွက်ပြေးမည့် လမ်းကို ပိတ်ဆို့ထားသည်။

ဤသည်မှာ ဗာတီကန်မြို့၏ အုတ်မြစ်ပင်။

“အောက်ဘက်သွားမယ်..”

သူတို့သုံးဦး မြေကြီးအနက်ပိုင်းသို့ ဆက်တူးသွားလိုက်သည်။ သို့သော် ဗာတီကန်မြို့၏ မြေအောက်လောကကြီးမှာ အလွန်ပင် ကြီးမားလှကြောင်း သူတို့တွေ့လိုက်ရသည်။ စာများ၊ ပုံများ ထွင်းထုထားသည့် ကျောက်ပြားများစွာကို သူတို့ တွေ့လိုက်ရသည်။

“ဒီကျောက်ပြားတွေအရဆိုရင် ငါတို့အောက်မှာ တစ်ခုခုကို ချိတ်ပိတ်ထားတယ်” ချူဖုန်း အံ့အားတကြီး ပြောလိုက်သည်။

ဗာတီကန်မြို့၏ အဆီးအတားမှာ အလွန်ကြီးမားလှပြီး နောင်လာမျိုးဆက်များကို သတိပေးထားသည့် ကျောက်ပြားကြီးအချို့ ရှိနေသောကြောင့် သူတို့ မသက်မသာခံစားလိုက်ရသည်။

“ငါတို့ ဘာလုပ်ကြမလဲ .. ငါတို့ မြေပြင်ပေါ်ကနေ ထွက်ပြေးကြမလား..”

နွားနက်ကြီး စိတ်ညစ်သွားရသည်။ သို့သော်လည်း ပန်းပွင့်များကို အရင်စားရန် သူ ဆုံးဖြတ်လိုက်သည်။ သူတို့ တစ်ယောက်တစ်ပွင့်စီ ယူလိုက်ပြီးနောက် နှစ်ပွင့်ကျန်နေသည်။

နွားနက်ကြီးသည် ထိုနှစ်ပွင့်ကို အညီအမျှပိုင်းလိုက်ရန် ပြင်လိုက်သည်။

“ထားလိုက်တော့ .. ခင်ဗျားတို့နှစ်ယောက် တစ်ယောက်နှစ်ခုစီယူလိုက် .. ကျုပ်တစ်ခုပဲ ယူလိုက်မယ် .. ဒီအနီရောင်သလင်းကျောက်တွေအတွက် အလျော်ပေးတာလို့ပဲ သဘောထားလိုက်” ချူဖုန်း ပြောလိုက်သည်။

“မင်း သေချာလား..” နွားနက်ကြီး အံ့အားသင့်သွားရသည်။ ဤပန်းပွင့်လေးများမှာ မြို့များစွာ တန်ကြေးရှိသည်။

မောင်နှမဖြစ်နေလျှင်ပင် ဤကဲ့သို့သော ပစ္စည်းမျိုးကို မည်သူမှ ငြင်းမည်မဟုတ်။ သူတို့ အညီအမျှအားစိုက်ထုတ်ခဲ့ရသောကြောင့် သူတို့ အညီအမျှခွဲယူမှသာ တရားမျှတလိမ့်မည်။

အနီရောင်သလင်းကျောက်များကို ချူဖုန်း အဘယ်ကြောင့်လိုအပ်သည်ကို နွားဝါလေး သိသည်ပင်။ ထိုထူးဆန်းသည့်မျိုးစေ့များ ဤသလင်းကျောက်ကြောင့် အပင်ပေါက်လာနိုင်မလားဆိုသည်ကို သူလည်း သိချင်သောကြောင့် မျက်လုံးများ အရောင်တောက်လာသည်။

“အဲဒီလိုပဲ ခွဲလိုက်တော့ .. ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နှစ်ခုစီယူပြီး ချူဖုန်းကတော့ ပန်းတစ်ပွင့်နဲ့ အနီရောင်သလင်းကျောက်တွေပေါ့ .. စိတ်မပူနဲ့ .. သူ အရှုံးမရှိဘူး .. နောက်ပိုင်းကျရင် သူ နတ်အပင်တစ်ပင်ကိုတောင် စိုက်ရင် စိုက်နိုင်လောက်တယ်” နွားဝါလေး ပြောလိုက်သည်။

ထိုစကားကြားလိုက်သည်နှင့် နွားနက်ကြီးသည် သဘောတူထားသည့်အတိုင်း ပန်းပွင့်များကို ခွဲပေးလိုက်သည်။ ထို့နောက် သူ့ဝေစုကို ချက်ချင်းပင် ပါးစပ်ထဲ ပစ်သွင်းလိုက်ကာ မြိုချလိုက်သည်။

နွားဝါလေးလည်း ထိုကဲ့သို့ပင်။ အနည်းငယ်ဝါးပြီးနောက် မြိုချလိုက်သည်။ သူတို့နောက် လိုက်နေသည့် လူများစွာ ရှိနေသောကြောင့် သူတို့ ဘာကိုမှ စောင့်နေစရာမလို။ သူတို့ ဖမ်းမိသွားလျှင် သူတို့ပန်းပွင့်များ ပါသွားပြီး အားလုံးကို ဆုံးရှုံးရလိမ့်မည်။

ချူဖုန်းလည်း ပန်းပွင့်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ အရသာမှာ အနည်းငယ် ချိုမြမြလေးပင်။ ပန်းပွင့်ကို စားလိုက်သည်နှင့် သူ့ပါးစပ်နှင့် နှာခေါင်းတွင် အလင်းများ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ထို့နောက် ထူးခြားသည်အသက်ရှူစည်းချက်ကို မြန်မြန်အသက်သွင်းလိုက်ပြီး ဝတ်မှုန်များကို စုတ်ယူလိုက်သည်။

သူတို့သုံးယောက်လုံးကို ချက်ချင်း အလင်းများ လွှမ်းခြုံသွားလေ၏။

ထို့နောက်တွင်တော့ ချွေးနှင့်အတူ အချို့အရာများ မွေးညှင်းပေါက်မှ ထွက်လာသည်။

ယခုအချိန်တွင် သူတို့ ရွေးချယ်ရ ခက်နေလေပြီ..သူတို့ ဒီနေရာမှာပဲ အခွင့်အရေးတစ်ခု ရတဲ့အထိ တိတ်တိတ်လေး စောင့်နေရမလား .. ဒါမှမဟုတ် သူတို့ချက်ချင်း ထွက်ပြေးလိုက်ရမလား..

“ဆက်သွားရအောင် .. သားရဲဘုရင် ၉၀ ရာခိုင်နှုန်းလောက် သေသွားပြီဆိုတာ မမြင်ဘူးလား .. ရှီလာက တကယ် ရက်စက်လွန်းတယ် .. ငါတို့ ဒီမှာ ဆက်နေနေရင် အန္တရာယ်များလိမ့်မယ်..” ချူဖုန်း အကြံပေးလိုက်သည်။

သူတို့မြေအောက်အနက်ပိုင်း၌ ပုန်းနေသော်လည်း မြေပြင်ထက်မှ နာကျင်စွာ အော်ဟစ်နေသည့်အသံများ၊ ဒေါသတကြီး အော်သံများကို ကြားနေရဆဲပင်။

ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ရှိမနေသည်ကို အခွင့်ကောင်းယူကာ သူတို့ ထွက်ပြေးရမည်။

ရှီလာပြန်ရောက်လာသည့်အချိန်ထိစောင့်နေလျှင် သူ၏အချုပ်နှောင်ခြောက်ခု ဖြတ်တောက်ထားသည့် နတ်အသိစိတ်နှင့်ဆိုလျှင် သေချာပေါက် သူတို့ကို သတိထားမိသွားလိမ့်မည်။

“အဲဒါဆိုလည်း သွားကြစို့ .. ငါတို့ လမ်းမှာသွားရင်းနဲ့ အဆင့်တက်သွားကြတာပေါ့..” နွားနက်ကြီး ပြောလိုက်သည်။

နောက်ဆုံးတွင်တော့ သူတို့ ဆေးခင်းကြီး၏အစွန်အဖျား၌ ပြန်ပေါ်လာသည်။ မြေပြင်ပေါ်သို့ ရောက်သည်နှင့် နှာဝ၌ သွေးနံ့များ မွှန်ထူလာပြီး သူတို့ရှေ့၌ အယောက်တစ်ရာထက်မနည်းသည့် အလောင်းပုံကြီး ရှိနေသည်။

ဤအလောင်းတစ်လောင်းစီတိုင်းမှာ မြို့များနှင့် နိုင်ငံများကို ဖျက်ဆီးပစ်နိုင်လောက်သည်အထိ စွမ်းအားကြီးသည့်သူများပင်။

အပြင်လောက၌ မည်မျှပင် လှုပ်ခတ်သွားမည်ကို စဉ်းစားကြည့်နိုင်သည်ပင်။

ဤကျွမ်းကျင်သူများအားလုံး ကမ္ဘာ၏နေရာအနှံ့မှ ရောက်လာကြခြင်းဖြစ်ပြီး အားလုံးမှာ သူတို့အမိမြေများတွင် လွှမ်မိုးနိုင်စွမ်းရှိသည့်သူများပင်။ ဤအဖြစ်အပျက်မှာ လောကတစ်ခုလုံးကို ရိုက်ခတ်သွားမည် ဆူနာမီကြီးပင်ဖြစ်လိမ့်မည်။

“ပြေး..” နွားဝါလေး တီးတိုးပြောလိုက်သည်။

ရှင်းလင်းသည့်အဖွဲ့ ဆေးခင်းအတွင်းနက်ပိုင်းထဲသို့ ဝင်သွားသည်ကို အခွင့်ကောင်းယူကာ သူတို့ ဗာတီကန်မြို့ထဲသို့ ဝင်သွားလိုက်ကြသည်။ ထို့နောက် သူတို့ အသက်လုပြေးကြတော့သည်။

သူတို့ အသံအတားအဆီးကို အချိုးဖောက်ရဲကြ။ မဟုတ်လျှင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ဤလူများ သတိထားမိသွားကြလိမ့်မည်။

သူတို့ ဗာတီကန်မြို့ထဲမှ ထွက်လာကာ တောင်တန်းများဘက်သို့ သွားလိုက်ကြသည်။ လုံခြုံသည့်အကွာအဝေးသို့ ရောက်သည်နှင့် သူတို့ မိုင်ကုန်ပြေးတော့သည်။

ချူဖုန်းနှင့် နွားနှစ်ကောင်သည် လျှပ်စီးကဲ့သို့သော အရှိန်နှုန်းဖြင့် မရပ်မနား ပြေးလာကြသောကြောင့် လေထုပင် ပေါက်ကွဲသွားပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ သူတို့သည် ကီလိုမီတာ ၂၀၀ အကွာ၌ ရှိနေသည့် လေဆိပ်သို့ ဦးတည်သွားနေကြခြင်းပင်။

သူတို့သည် ဘုရင်အဆင့်ဖြစ်ကြသော်လည်း ဤမျှအရှိန်ဖြင့် ကြာကြာမပြေးနိုင်။ ကီလိုမီတာ ၂၀၀ ပြေးပြီးနောက် သူတို့သွေးများ ဆူပွက်လာကာ ခန္ဓာကိုယ်များ ပူကျစ်လာသည်။

ထိုအချိန်တွင် ပန်းပွင့်များထဲမှ စွမ်းအင်များ ထွက်ပေါ်လာကာ သူတို့ခန္ဓာကိုယ်မှ ဒဏ်ရာများကို ဆက်တိုက်ကုသပေးလာသည်။

“အမ် .. ငါ့သွေးတွေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ .. ငါတို့ အဆင့်လွန်အရှိန်နဲ့ ဆက်ပြေးလို့ရပြီ..” နွားနက်ကြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ သူတို့၏ပြင်းထန်သည့်လှုပ်ရှားမှုများကြောင့် ဝတ်မှုန်များကို ပို၍မြန်မြန် စုတ်ယူလာနိုင်သည်။

ရုတ်တရက် သူတို့သုံးဦး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူတို့ အရှိန်မမြင့်မှီ အရှေ့ဘက်၌ သားရဲအော်သံများနှင့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

သူတို့သုံးဦးလုံး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် တောင်မြင့်တစ်တောင်ပေါ်တက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

တောင်ထိပ်ပေါ်မှနေ၍ တိုက်ပွဲတစ်ပွဲကို သူတို့ မြင်လိုက်ရသည်။ ကြီးမားလှသည့် အဖြူရောင်ဝံပုလွေတစ်ကောင်သည် ပြင်းထန်သည့်တိုက်ပွဲတစ်ပွဲ တိုက်ခိုက်နေရပြီး သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသည်။

“ငွေလရောင်ဝံပုလွေ..”

သူတို့သုံးဦး အံ့အားသင့်သွားရသည်။ ဝံပုလွေဘုရင်မှာ အခြေအနေဆိုးနေသည်။ သူ့ခြေထောက်တစ်ဖက် ထိခိုက်ထားပြီး နာကျင်စွာ အော်ဟစ်နေသည်။

သူ့ပြိုင်ဘက်မှာ ရှီလာပင်။ သူသည် ဓားတစ်လက်ကိုင်ထားပြီး သူ့ဓားကို ဝေ့ရမ်းလိုက်တိုင်း နတ်အလင်းများ ထွက်ပေါ်လာသည်။ ဓားအလင်းတန်းကြောင့် အနီးအနားမှ တောင်နှစ်လုံး ပြတ်ထွက်သွားလေ၏။ ဤသည်မှာ ကြောက်စရာကောင်းလှသည်။

“ကံဆိုးပြန်ပြီ..” နွားနက်ကြီးအမူအရာမှာ ခါးသီးနေသည်။ သူတို့ တစ်လမ်းလုံး ထွက်ပြေးလာခဲ့ကြပြီး ယခုမှသာ သူတို့ ငွေလရောင်ဝံပုလွေဘုရင်၊ ရှီလာတို့နှင့် တူညီသည့်အရပ်သို့ ပြေးလာမိကြောင်း သိရတော့သည်။

ကံကောင်းစွာဖြင့် သူတို့ ဤလူများကို စောစောသတိပြုမိသွားခဲ့သည်။ သူတို့ အရှိန်ကုန်တင်၍ပြေးလိုက်လျှင် ရှီလာရှာတွေ့သွားပြီး သေချာပေါက် သူတို့ သေသွားလိမ့်မည်။

“ကိစ္စမရှိပါဘူး .. ဒါက ပိုပြီးတော့တောင် လုံခြုံလောက်တယ် .. ငါတို့ ရှီလာရှိနေတဲ့ဘက်ကို ပြေးလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ.. သူတို့တိုက်ပွဲပြီးသွားမှ ငါတို့ ဆက်သွားမယ်” ချူဖုန်း ပြောလိုက်သည်။

နွားဝါလေး ခေါင်းညိမ့်လိုက်သည်။ ဤသည်မှာ အကောင်းဆုံး ရွေးချယ်မှုပင်။

အဝေးတွင် ငွေလရောင်ဝံပုလွေသည် ရှီလာ၏ တိုက်ခိုက်မှုများကို ခုခံရန်အတွက် သူ၏ဝှက်ဖဲအားလုံးကို ထုတ်သုံးနေရသည်။

သို့သော် သူသည် ဆေးခင်း၌ ဒဏ်ရာရရှိခဲ့ပြီး သူ့ခြေထောက်တစ်ဖက်ကို သုံး၍ မရတော့။ ထို့အပြင် သူ့ရင်ဘတ်၌လည်း ဒဏ်ရာရှိထားသည်။ သူ ရှီလာ၏ပြိုင်ဘက်မဟုတ်တော့။

ဝူး..

ငွေလရောင်ဝံပုလွေ အူလိုက်သည်။ သူ၏ငွေရောင်ခန္ဓာကိုယ်မှာ သတ္တုဖြင့် လုပ်ထားသကဲ့သို့ပင်။ သူလက်သည်းဖြင့် လွှဲရိုက်လိုက်တိုင်း မြေပြင်များ ကွဲအက်သွားပြီး တောင်များ အက်ကွဲလာသည်။

သူသည် ခြေထောက်တစ်ဖက် ဆုံးရှုံးထားသော်လည်း ပေါ့ပါးသွက်လက်နေဆဲပင်။ တောင်တစ်လုံးပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ရှီလာကို ထိုးနှက်လိုက်သည်။

ခွပ်..

ငွေလရောင်ဝံပုလွေ၏ လက်ဖြင့် ထိမိသွားသည်နှင့် တောင်ထိပ်တစ်ခု ပေါက်ကွဲသွားလေသည်။ ကံမကောင်းစွာဖြင့် ရှီလာသည် လေထဲသို့ ခုန်တက်လိုက်ကာ ဆန့်ကျင်ဘက်တောင်တစ်လုံးပေါ်သို့ တက်သွားလေသည်။

ကျွမ်းကျင်သူနှစ်ဦးကြားမှ တိုက်ပွဲမှာ ပို၍ပြင်းထန်လာလေပြီ။

ငွေလရောင်ဝံပုလွေသည် အလွန်ရဲစွမ်းသတ္တိရှိကာ စွမ်းအားကြီးသည့်သူဖြစ်သော်လည်း ကောင်းကင်ကို မဆန့်ကျင်နိုင်ပေ။

သူ့ရင်ဘတ်၌ နောက်ထပ်ဒဏ်ရာတစ်ခု ထပ်ရသွားကာ သွေးများ အဆက်မပြတ် စီးကျလာသည်။

“ရှီလာ .. မင်းက အရမ်းကို ဖိနှိပ်လွန်းတယ်..” ငွေလရောင်ဝံပုလွေ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက် ကျယ်လောင်လှသည့်အသံနှင့်အတူ လေထဲ၌ လျှပ်စီးတန်းများ ပေါ်လာပြီး ငွေလရောင်ဝံပုလွေကို လွှမ်းခြုံသွားသည်။ သူ့အရှိန်လည်း အလွန်လျင်မြန်သွားကြလေသည်။

ဂါး..

သူသည် လေဟုန်ကို ဆန်တက်ကာ ရှီလာထံသို့ တရှိန်ထိုးပြေးသွားလိုက်သည်။

“ပြီးပြီ .. မွန်ဂိုလီးယားလွင်ပြင်က စွမ်းအားရှင်က ဒီလိုပုံစံမျိုးနဲ့ အဆုံးသတ်သွားပြီ..” နွားနက်ကြီး သက်ပြင်းချ၍ ပြောလိုက်သည်။

ဤကဲ့သို့သော အဆင့်မျိုးရှိသည့် သက်ရှိသေဆုံးသွားခြင်းမှာ ကမ္ဘာကြီးအား သေချာပေါက် ရိုက်ခတ်သွားမည်ပင်။

ဖူး..

ရှီလာ သူ့ဓားကို လွှဲရမ်းလိုက်သည်နှင့် ငွေလရောင်ဝံပုလွေ၏ ကြီးမားလှသည့် ဦးခေါင်းကြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ထိုနေရာတစ်ခုလုံး သွေးရောင်နီရဲသွားသည်။

ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး အသတ်ခံလိုက်ရလေပြီ။

ချူဖုန်းနှင့် နွားနှစ်ကောင်၏ ခံစားချက်များ ရှုပ်ထွေးသွားရသည်။

ဝုန်း..

ထို့နောက် ငွေရောင်နေမင်းကြီး ပေါက်ကွဲလာသကဲ့သို့ ငွေလရောင်ဝံပုလွေ၏ ခန္ဓာကိုယ်မှ ငွေရောင်အလင်းများ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံး လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားသည်။ ထိုထဲမှ အကြီးဆုံးလျှပ်စီးတန်းတစ်ခုမှာ ရှီလာထံသို့ ဦးတည်လာနေလေ၏။

ရှီလာ အန္တရာယ်ကို ရှောင်တိမ်းလိုက်သော်လည်း ထိုအလင်းတန်း သူ့ခြေထောက်ကို ထိမှန်သွားကာ သူ လွင့်ထွက်သွားရသည်။

ရှီလာသည် သူ့အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီးနောက် ဝံပုလွေဘုရင်အလောင်းကိုသယ်ကာ ဗာတီကန်မြို့ဘက်သို့ ထွက်သွားလေသည်။

ချူဖုန်းတို့သုံးယောက် အံ့အားသင့်သွားရသည်။ သိထားရမည်မှာ ရှီလာ၏ခြေထောက်တစ်ဖက် ထိခိုက်ထားပြီး သူ အားစိုက်ရန် ခက်ခဲလိမ့်မည်ပင်။ သို့သော်လည်း သူသည် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် ငွေလရောင်ဝံပုလွေအဆလောင်းကိုသယ်ကာ တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

“ဒီရှီလာက အရမ်းကို စွမ်းအားကြီးတာပဲ .. ငွေလရောင်ဝံပုလွေတောင် အသတ်ခံလိုက်ရတယ်” နွားနက်ကြီး ရေရွတ်လိုက်သည်။

“သွားကြစို့..”

သူတို့ မိုင်ကုန်တင်ကာ ကီလိုမီတာ ရာပေါင်းများစွာဝေးသည့် လေဆိပ်သို့ ဦးတည်သွားလိုက်သည်။

ဆေးခင်းထဲတွင်..

“ထူးဆန်းတယ် .. အစောတုန်းက ဒီသစ်ပင်မှာ ပန်းပွင့်တစ်ချို့ တွေ့လိုက်ပါတယ် .. ဘာလို့ ပျောက်သွားတာလဲ..” အက်ဗီဒူး ရေရွတ်လိုက်သည်။ သူ ယခင်က ဤသစ်ပင်ကို အဆီးအတားအပြင်ဘက်မှနေ၍ ကြည့်ဖူးသည်ပင်။

“ငါလည်း ပန်းပွင့်အဖူးတွေကို တွေ့လိုက်တယ် .. အဖူးတွေက တော်တော်တော့ သေးသေးတယ် .. ဒါပေမဲ့ အခု မရှိတော့ဘူး” တောက်ပသည့် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးလည်း ပြောလိုက်၏။

“ဒါ ဆိုးတာပဲ .. ဒီမှာ တစ်ခြားတစ်ယောက်ယောက် ရှိလိမ့်မယ်” အက်ဗီဒူး သတိကြီးကြီးဖြစ်သွားသည်။

ထို့နောက် သူ အားလုံးကို စရှာခိုင်းလိုက်တော့သည်။

“တွေ့ပြီ .. ဒီမှာ သွေးရာတွေ ရှိနေတယ် .. ပြီးတော့ တွင်းပေါက်တစ်ပေါက်လည်းရှိတယ်” ဘုရင်တစ်ဦး ချူဖုန်းတို့သုံးယောက်၏ သဲလွန်စများကို တွေ့သွားသည်။

“ချူဖုန်းလား..” ချီလင်း ပြောလိုက်သည်။ သူ ထိုလူသားကို ဆက်တိုက်ရှာဖွေနေခဲ့သော်လည်း သူ့အကြွင်းအကျန်များပင် ရှာမတွေ့နိုင် ဖြစ်နေသည်။

“လိုက်..”

ဆေးခင်းထဲမှ ဘုရင်အဆင့်သက်ရှိအားလုံး ဒေါသထွက်သွားကာ သူတို့နောက် လိုက်ရန် ပြင်လိုက်သည်။

အဝေးတွင် စွမ်းအားကြီးသည့် လှိုင်းတစ်ခု ပျံ့လွင့်လာလေ၏။ ချီလင်းနှင့် အက်ဗီဒူးတို့ပင် တုန်ယင်သွားကြသည်။

ဝံပုလွေဘုရင်အလောင်းကိုသယ်ကာ ရှီလာ ရောက်လာလေပြီ။

“အရှင်..” အက်ဗီဒူးနှင့် အခြားသူများ ရောက်လာကာ သူ့အား တုန်ယင်စွာ နှုတ်ဆက်လိုက်ကြသည်။

ချူဖုန်းတို့အုပ်စု လေဆိပ်သို့ရောက်သွားပြီးသည့်နောက်တွင် ဂရိသို့သွားမည့် လေယာဉ်တစ်စင်းကို ရှာတွေ့သွားကြသည်။ ထို့နောက် သူတို့ ‘အထူးနည်းလမ်းများ’ကို အသုံးပြုကာ လေယာဉ်ပေါ် တက်သွားလိုက်ကြသည်။

သူတို့ ဘုရင်အဆင့် ဝိညာဉ်စွမ်းအင်နှင့်ဆိုလျှင် သာမန်လူများကို အိပ်မွေ့ချနိုင်သည်ပင်။

လေယာဉ်စတင်ထွက်ခွာမှသာ သူတို့ စိတ်အေးနိုင်တော့သည်။

“ဒီတစ်ခေါက် အဆင့်တက်တာက ထူးဆန်းတယ် .. အခုထိ မပြီးသေးဘူး .. ငါ့ခန္ဓာကိုယ်ကြီး ပူနေတုန်းပဲ..” နွားဝါလေး ပြောလာသည်။ ထို့အပြင် သူ ခေါင်းနောက်ကာ အိပ်ချင်လာသည်။

ချူဖုန်းနှင့် နွားနက်ကြီးတို့လည်း ထိုကဲ့သို့ ဖြစ်နေသည်ပင်။

ခဏကြာပြီးနောက် သူတို့ လေယာဉ်ပေါ် အိပ်ပျော်သွားကြသည်။

ခဏကြာပြီးသည့်နောက်တွင်တော့ ဤသတင်းမှာ လောကတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ ဗာတီကန်၌ အလောင်းများ တောင်ကဲ့သို့ပုံနေပြီး ထိုမြို့သို့ သွားခဲ့သည့် သားရဲအားလုံး သေဆုံးသွားကြလေပြီ။

ထို့နောက် ဗာတီကန်မြို့လေဆိပ်မှ ထွက်ခွာသွားသည့် လေယာဉ်အားလုံး ဖျက်ဆီးခံလိုက်ရလေသည်။

ဤသည်မှာလည်း နောက်ထပ် သတင်းထူးကြီးတစ်ခု ဖြစ်သွားသည်ပင်။ ဗာတီကန်မှ သတ်ဖြတ်မှုမှာ ခရီးသည်တင်လေယာဉ်များစွာကို ရိုက်ခတ်သွားခဲ့ကြောင်း အားလုံး သတိပြုမိလိုက်ကြသည်။

အပိုင်း ၁၆၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset