Switch Mode

Chapter – 12

အချိန်ကိုက် ထုတ်သုံးလိုက်သော တန်ပြန် ခုခံမှု စကေး

Chapter – 12 အချိန်ကိုက် ထုတ်သုံးလိုက်သော တန်ပြန် ခုခံမှု စကေး

စနစ်။ ။ ကစားသူ ကွိုင်ရက်ဝုဖ်က သင့်အား တိုက်ခိုက်လိုက်သည့်အတွက် အဝါရောင်နာမည်အဖြစ် သတ်မှတ်ခံလိုက်ရပါသည်။ ကြာချိန်က ၁နာရီ။ အဝါရောင်နာမည်နှင့် ကစားသမားများကို တိုက်ခိုက်သော ကစားသမားများသည် ပြစ်ဒဏ် ပေးခံရမည် မဟုတ်။

ရှီဖုန်းက လက်ရှိတွင် HP 32သာ ကျန်တော့သည့်အပြင် နှင်းမြေခွေးနှင့် ကွိုင်ရက်ဝုဖ်၏ တိုက်ခိုက်မှုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည်။

“ယုတ်မာလွန်းတယ်… “

ခပ်လှမ်းလှမ်းတွင် ရပ်နေသော ဘလက်ကီက ချုံခိုတိုက်ခိုက်လာသော ကွိုက်ရက်ဝုဖ်ကို ကျိန်ဆဲလိုက်သည်။ သို့သော် အခြေအနေကို ပြောင်းလဲနိုင်ရန် သူ့တွင် အစွမ်း မရှိချေ။ သူက ကွိုက်ရက်ဝုဖ်ကို ထိအောင် တိုက်ခိုက်နိုင်ရန် အလွန်ခက်ခဲ၏။ ထို့ကြောင့် ကွိုက်ရက်ဝုဖ်က နှင်းမြေခွေးကို ကြားထဲမှ အမြတ်မထုတ်နိုင်စေရန် ဘလက်ကီက သူ၏ တိုက်ခိုက်မှုများကို နှင်းမြေခွေးဆီသို့သာ အာရုံစိုက်ထားလိုက်သည်။

မှော်စရာများသည် တိုက်ခိုက်မှုစွမ်းအား များသော်လည်း လှုပ်ရှားနေသည့် ပစ်မှတ်များကို ထိမှန်အောင် တိုက်ခိုက်ရသည်မှာ အလွန်ခက်ခဲ၏။ အဘယ်ကြောင့်ဆိုသော် မြှားနက်က ပြေးထွက်သွားသည်နှင့် လမ်းကြောင်းပြမျဉ်းက ပေါ်လာသောကြောင့် ဖြစ်သည်။ အကွာအဝေးက ဝေးနေမည်ဆိုလျှင်လည်း အနည်းငယ် ကျွမ်းကျင်မှု ရှိသော ကစားသမားများအနေဖြင့် မြှားနက်ကို အလွယ်တကူ ရှောင်ရှားနိုင်ပေလိမ့်မည်။ တစ်ကယ့် ကျွမ်းကျင်သမားသမားများဆိုလျှင် မြှားနက်ကို ထမင်းစား၊ရေသောက်သကဲ့သို့ အလွန်လွယ်ကူစွာ ရှောင်တိမ်းနိုင်ပေသည်။

နှင်းမြေခွေးနှင့် ကွိုက်ရက်ဝုဖ်က ပြေးလာသည့်အချိန်တွင် ရှီဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။ သူက ကွိုက်ရက်ဝုဖ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ဖူးသဖြင့် ကွိုက်ရက်ဝုဖ်၏ သန်မာမှုနှင့် အမူအကျင့်များကို ကောင်းကောင်း ရင်းနှီးနေသည်။ ရှီဖုန်းက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရာ နှင်းမြေခွေးနှင့် ကွိုက်ရက်ဝုဖ်ကြားတွင် တြိဂံသဏ္ဍာန် ဖြစ်သွား၏။ ထို့နောက် သူက ဓားကို ရင်ဘတ်ရှေ့တွင် ထားလိုက်ပြီး သူတို့၏ တိုက်ခိုက်မှုများကို ငြိမ်သက်စွာဖြင့် စောင့်ကြိုနေလိုက်သည်။

“သူ အရှုံးပေးလိုက်တာလား… “ ဓားဖြင့် ခုခံရန် ပြင်နေသည့် ရှီဖုန်းအား ကြည့်ပြီး ကွိုက်ရက်ဝုဖ်က နှာခေါင်းရှုံ့လိုက်သည်။ ကစားသမားများက တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခုခံနိုင်သော်လည်း နှင်းမြေခွေးက ရှားပါးလက်ရွေးစင် ဖြစ်နေသည်။ ရှီဖုန်းက ခုခံနိုင်လျှင်တောင်မှ ထိခိုက်မှု ၅၀လောက်တော့ ထိဦးမည် ဖြစ်သည်။ လက်ရှိတွင် ရှီဖုန်းက HP 31 သာ ကျန်တော့သဖြင့် အသက်ရှင်ရန် မဖြစ်နိုင်ချေ။

နှင်းမြေခွေးက ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး ရှီဖုန်းအား ခုန်ဝင်၍ ကိုက်ခဲလိုက်သည်။

“ဒီအချိန်ပဲ… “ ရှီဖုန်းက နှင်းမြေခွေးဆီသို့ ချက်ချင်း တိုးဝင်သွားလိုက်သည်။

သူ့လက်မှ ဓားက နှင်းမြေခွေး၏ ပါးစပ်ကို ကာပြီး အသက်ကယ်စကေးဖြစ်သည့် တန်ပြန်ခုခံမှုစကေးကို အသုံးပြုလိုက်သည်။ တန်ပြန်ခုခံမှုစကေးက ရှေ့မှ တိုက်ခိုက်မှုတစ်ခုကို ခုခံပေးနိုင်သည်။ တစ်ဆက်တည်းဆိုသလိုပင် နှင်းမြေခွေးအား ပင့်ပြီး ကွိုက်ရက်ဝုဖ်ဆီသို့ လမ်းကြောင်းပြောင်းပေးလိုက်သည်။ အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားသည့်အပြင် ကွိုက်ရက်ဝုဖ်က ရှီဖုန်းဆီသို့ ပြေးသွားနေသည့် အချိန်လည်း ဖြစ်သဖြင့် သူ့ဆီသို့ ဝင်လာသည့် နှင်းမြေခွေးကို မကာကွယ်နိုင်ငံ ပခုံးကို အကိုက်ခံလိုက်ရသည်။

ကွိုက်ရက်ဝုဖ်၏ ခေါင်းထက်၌ ထိခိုက်မှု -164 ပေါ်လာသည်။ သူ၏ HP က ချက်ချင်း သုညသို့ ပြောင်းလဲသွား၏။

ဘယ်လို ဖြစ်သွားတာလဲ… “ ကွိုက်ရက်ဝုဖ်က မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ ရှီဖုန်း၏ လှောင်ပြုံးကို ကြည့်ပြီး သူ့စိတ်ထဲတွင် မခံချင်စိတ်များ ပြည့်လာသည်။ ကစားသမားများက ဤကဲ့သို့ ပြုလုပ်၍ ရမည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူးပေ။ လုပ်၍ ရမှန်းသာ သိနေခဲ့လျှင် အသတ်ခံရန် ရှေ့သို့ ပြေးသွားမိလိမ့်မည် မဟုတ်ချေ။

ယခုအချိန်ရောက်မှတော့ သူ့အနေဖြင့် ရလဒ်ကို လက်မခံချင်လည်း လက်ခံရတော့ပေမည်။ သူက သေဆုံးသွားရသည့်အပြင် သူ့ဆီမှ ကိရိယာတစ်ခုပင် ကျနေခဲ့သေး၏။ အနည်းငယ် ဝေးသော နေရာတွင် ရှိသည့် ဘလက်ကီက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မှင်သက်သွားကာ နှင်းမြေခွေးအား တိုက်ခိုက်ရန်ပင် မေ့လျော့သွား၏။

“ဘလက်ကီ… နေ့ခင်ကြောင်တောင် အိမ်မက် မက်မနေနဲ့… နှင်းမြေခွေးကို မြန်မြန်တိုက်… “ ရှီဖုန်းက နှင်းမြေခွေးထဲသို့ ပြေးသွားရင် အော်ပြောလိုက်သည်။

ရှီဖုန်း၏ အသံကြားမှ ဘလက်ကီက အသိစိတ် ပြန်ဝင်လာပြီး ကျိန်စာတစ်ခုကို ရွတ်ကာ နှင်းမြေခွေးအား အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

ကွိုက်ရက်ဝုဖ်၏ နှောင့်ယှက်မှုသာ မရှိခဲ့ပါက နှင်းမြေခွေးသည် အစောကတည်းက သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။ ၁၀စက္ကန့်အတွင်းမှာပင် နှင်းမြေခွေး၏ HPက သုညသို့ ကျဆင်းသွားပြီး မြေပြင်ပေါ်သို့ အော်မြည်ရင်း လဲကျသွားလေသည်။

စနစ်။ ။ ရှားပါးလက်ရွေးစင် စဉ်းလဲသော နှင်းမြေခွေးကို သတ်လိုက်နိုင်သည့်အတွက် EXP 130 ရရှိပါသည်။

ရှီဖုန်းက ယခုအချိန်တွင် အဆင့် ၂သို့ ရောက်နေပြီ ဖြစ်သည့်အတွက် EXP 130မှာ ဘာမှ မဟုတ်ချေ။ ရှီဖုန်စိတ်ဝင်စားသည့်အရာကာ ရှားပါးလက်ရွေးစင်ဆီမှ ကျလာသည့် ပစ္စည်းကိုသာ ဖြစ်သည်။ ရှားပါးလက်ရွေးစင်များသည် ရှားပါးသော ပစ္စည်းများကို ချပေးတတ်သောကြောင့် နတ်ဘုရာနယ်မြေအတွင်းတွင် ရှားပါးလက်ရွေးစင်များမှာ ကစားသမားတိုင်း၏ အချစ်တော်များ ဖြစ်ကြသည်။

“ဒါ မယုံနိုင်စရာပဲ… ဒီနှင်းမြေခွေးက လက်နက်ကို တစ်ကယ်ပဲ ချပေးတယ်ပေါ့… “ ရှီဖုန်းက မှော်တုတ်တံတစ်ချောင်းနှင့် လက်မောင်းကာတစ်ခုကို ရလိုက်သည်။

သစ်နက် မှော်တုတ်တံ(ကြေးအဆင့်)

အဆင့် ၁

တန်ဆာ လိုအပ်မှု = သန်မာမှု ၅

တိုက်ခိုက်မှုစွမ်းအား +၈

ဉာဏ်ထက်မြက်မှု +၃ ၊ အသက်စွမ်းအင် +၁

Mana +30

သက်တမ်း ၂၀/၂၀

ဤမှော်တုတ်တံက မှော်ဆရာတစ်ယောက်၏ စွမ်းအားကို အများကြီး တိုးသွားစေနိုင်သည်။ တိုက်ခိုက်မှုစွမ်းအား မြင့်နေရုံသာမက ဉာဏ်ထက်မြတ်မှုကိုလည်း ၃မှတ်‌ ပေါင်းပေးနိုင်၏။ ဤမှော်တုတ်တံကိုသာ မှော်ဆရာများသာ တပ်ဆင် အသုံးပြုလိုက်လျှင် မှော်တုတ်တံတိုက်ခိုက်မှုစွမ်းအားက အဆင့်၂ဆင့်လောက်ထိ တိုးမြင့်သွားနိုင်သည်။

မြေခွေးသားရေ လက်အိတ် (သာမန်အဆင့်၊ သားရေချပ်ဝတ်)

အဆင့် ၁

တန်ဆာ လိုအပ်မှု = သန်မာမှု ၃

ခုခံမှု +၄

သက်တမ်း ၂၀/၂၀

တစ်ဖက်တွင်လည်း ကွိုက်ရက်ဝုဖ်ထံမှ ခုခံမှု ၃မှတ် ပေါင်းပေးနိုင်သည့် သာမန်အဆင့် သားရေဖိနပ်တစ်ရံကို ရရှိလိုက်သည်။

“ငါက ခဲရောင် အမှိုက်ဖိနပ်လို့ ထင်နေတာ… ကြည့်ရတာ သာမန်အဆင့် တန်တာတစ်ခုကို ရတယ်ဆိုတော့ ကွိုက်ရက်ဝုဖ်ရဲ့ကံက အဆိုးကြီး မဟုတ်ဖူးပဲ… “

ရှီဖုန်းက ကွိုက်ရက်ဝုဖ်အပေါ် အမြင်အနည်းငယ် ပြောင်းသွား၏။ ဂိမ်းစပြီး မကြာခင်တွင် သာမန်အဆင့် တန်ဆာတစ်ခုကို ရရှိနိုင်ရန်မှာ ကံပေါ်တွင်လည်း မူတည်၏။ သို့သော်လည်း ကွိုက်ရက်ဝုဖ်၏ ကံကောင်းမှုများက ရှီဖုန်းအတွက် ဖြစ်သွားလေပြီ။ ဓားသမားများသည်လည်း ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်နိုင်သည်။ ယခု ရှီဖုန်းက အိုင်တမ်အသစ်၂ခုကို ရရှိထားသဖြင့် သူ၏ ခုခံမှုက ပို၍ တိုးလာလေပြီ။

“ဘလက်ကီ… ဒါ မင်းအတွက်… “ ရှီဖုန်းက သစ်နက်မှော်တုတ်တံကို ဘလက်ကီထံသို့ ပေးလိုက်သည်။

သို့သော်လည်း ဘလက်ကီက မှော်တုတ်တံကို လက်မခံဘဲ မျက်နှာပေါ်တွင် တုန့်ဆိုင်းနေသည့် အမူအရာများ ပေါ်နေလေသည်။ နှင်းမြေခွေးကို သတ်သည်မှာ အစမှ အဆုံးထိ ရှီဖုန်းသာ လှုပ်ရှားသွားခြင်း ဖြစ်သည်။ သူက ဘာမှပင် မကူညီလိုက်ရပေ။ ဒါတောင်မှ ရှီဖုန်းက သူ့အား ရရှိသည့် အိုင်တမ်းထဲမှ အကောင်းဆုံးအိုင်တမ်ကို သူ့အား ပေးနေသည်။

“မင်း ဘာဖြစ်နေတာလဲ… ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား… ဘာတွေ အားနာနေတာလဲ… ပြီးတော့ မင်းက ကျိန်စာအသုံးပြုသူတစ်ယောက်ပဲ… မင်းက အဆင့်၁ကို ရောက်တာနဲ့ ဒီအိုင်တမ်ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ‌ဖော်ထုတ်နိုင်လိမ့်မယ်… အဲ့တာဆိုရင် ငါတို့အဆင့်တက်တာ ပိုမြန်လာလိမ့်မယ်… “ ရှီဖုန်းက ဘလက်ကီ၏အတွေးများကို သိနေသည့်အလား တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ခဏလောက် တွေးကြည့်လိုက်ပြီးနောက် ဘလက်ကီက မငြင်းတော့ဘဲ သစ်နက်မှော်တုတ်တံကို လက်ခံလိုက်သည်။

“ကျေးဇူးပဲ… ဒါကို ငါ ကောင်းကောင်း သုံးပါ့မယ်… “

“အခု ပိုကောင်းသွားပြီ… “ ရှီဖုန်းက ရယ်မောလိုက်သည်။

“သွားရအောင်… ငါတို့ အခု အမှောင်လတောင်ကြားကို သွားနေတာနော်… “
…………………………………………………

သစ်ရွက်နီမြို့… ။

“ကွိုက်ရက်ဝုဖ်… မင်း ဘာတွေ လုပ်နေတာလဲ…. မင်းက သေရုံတင် မဟုတ်ဘူး… ဈေးကြီးတဲ့ အိုင်တမ်တောင် ကျကျန်ခဲ့သေးတယ်… အဲ့အိုင်တမ်က ဘယ်လောက်တန်လဲ သိတယ်မလား… “ ဖလိမ်းမင်းတိုက်ဂါးက အော်ပြောလိုက်သည်။

ကွိုက်ရက်ဝုဖ်၏ အမူအရာက သုန်မှုန်နေသည်။ ထိုဖိနပ်အား ရရန် မွန်းစတားများကို ၇ နာရီခန့် သတ်ဖြတ်ခဲ့ရသည်။ ယခု ဆုံးဆုံးလိုက်ရပြီ ဖြစ်သည့်အတွက် သူ၏နှလုံးမှ သွေးများ ယိုစီးကျနေသကဲ့သို့ ခံစားနေရသည်။ သူက ရှင်းပြင်ချင်သေ်ာလည်း ဘယ်လို ရှင်းပြရမလဲ သူ မသိတော့ချေ။ ရှီဖုန်း၏ ကစားခြင်းကို ခံခဲ့ရသည်ဟုလည်း ဝန်မခံချင်ပေ။

အိုင်တမ်းကို ပြန်လိုချင်လျှင်တောင်မှ သူက ရှီဖုန်း၏ ပြိုင်ဘက် မဟုတ်ပေ။

“အစ်ကိုတိုက်ဂါး… ကျွန်တော်က တောထဲမှာ ရှားပါးလက်ရွေးစင်ကို တွေ့ခဲ့တယ်… အဲ့ရှားပါးလက်ရွေးစင်မွန်းစတားကို သတ်မဲ့အချိန်မှာ အဲ့ကောင်က ကျွန်တော့်ကို တွေ့သွားတယ်… သူက နောက်ထပ် ကစားသမားတစ်ယောက်ကိုတောင် ခေါ်လာခဲ့သေးတယ်… ကျွန်တော်က ရှားပါးလက်ရွေးစင်နဲ့ သူတို့၂ယောက်ကို ၃ယောက်၁ယောက် ရင်ဆိုင်ခဲ့ရတော့ ကျွန်တော်လည်း မယှဉ်နိုင်ခဲ့ဘူး… “

ကွိုက်ရက်ဝုဖ်က ဒေါသထွက်နေဟန် လုပ်ပြီး ဆက်ပြောလိုက်သည်… “အဲ့ကောင် အခုလောက်ဆို ရှားပါးလက်ရွေးစင်ကို သတ်ပြီးလောက်ပြီ… ရှားပါးလက်ရွေးစင်ဆီကနေ ရတဲ့အိုင်တမ်က အကောင်းစားတွေချည်းနေမှာ… သူတို့က အခု အမှောင်လတောင်ကြားကို သွားတဲ့လမ်းမှာပဲ ရှိသေးတယ်… ငါတို့ သူတို့ကို လိုက်ရင် မီသေးတယ်… သူတို့ကို သတ်ပြီးရင် အိုင်တမ်အကောင်းစားတွေလည်း ရနိုင်တယ်… “

“ရှားပါးလက်ရွေးစင်လား… “ ဖလိမ်းမင်းတိုက်ဂါး၏ မျက်လုံးများက လောဘကြောင့် တောက်ပလာသည်။ သူက ကွိုက်ရက်ဝုဖ်ကို ထပ်မေးရန် စိတ်မဝင်စားတော့ဘဲ ရှားပါးလက်ရွေးစင်မှ ချပေးသည့် အိုင်တမ်ကိုသာ စိတ်ဝင်စားသွား၏။ ထို့နောက် သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“သွားကြမယ်… အခုပဲ သူတို့နောက်ကို လိုက်မယ်… သူတို့ကများ ငါ့ဆီက အိုင်တမ်ကို လုယူရဲတယ်ပေါ့လေ… သူတို့ကို နောင်တ ဘယ်လိုရလဲ လုပ်ပြလိုက်မယ်… “

ဖလိမ်းမင်းတိုက်ဂါးက အနီရောင်သစ်ရွက်မြို့အတွင်းရှိ အားလုံးကို စုလိုက်ပြီး သူနှင့်အတူ အဖွဲ့ဝင် ၁၁ယောက်ကို ခေါ်ကာ အမှောင်လတောင်ကြားသို့ ဦးတည် ထွက်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှီဖုန်းကို သတ်ပြီး အိုင်တမ်ကို ယူရန်သာ သူ့စိတ်ထဲတွင် စွဲနေလေသည်။

ထိုအချိန်တွင် ရှီဖုန်းနှင့် ဘလက်ကီကတော့ အမှောင်လတောင်ကြားသို့ ရောက်နေပြီဖြစ်သည်။ စီးဆင်းနေသော ချောင်းငယ်လေး၏ ဘေးတွင် ပန်းပဲဖိုတစ်ခု ရှိနေသည်။ ရှီဖုန်းနှင့် ဘလက်ကီက ထိုရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ရင်ဘတ်ပြောင်းနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်ကို ကြည့်နေကြခြင်း ဖြစ်သည်။ သူ့လက်ထဲတွင် သံမဏိတူတစ်ချောင်း ရှိပြီး ကြက်သွေးနီရောင် သတ္တုရိုင်းကို တဒုန်းဒုန်း ထုနေလေသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။

“အစ်ကိုဖုန်း… ကျွန်တော်တို့ ဆက်စောင့်ဦးမှာလား… စောင့်နေတာ နာရီဝက်တောင် ရှိနေပြီ… “ ဘလက်ကီက ပြောလိုက်၏။

“ငါတို့ စောင့်ရမယ်… စိတ်မရှည်ဘူးဆိုရင် သူက ငါတို့ကို တာဝန်ပေးမှာ မဟုတ်ဘူး… “ ရှီဖုန်းက သေချာနေသည့်ဟန်ဖြင့် ပြောလိုက်သည်။

ယခင်ဘဝက ဟမ်းမားထရိတ်ဒင်းသည် ဤနေရာကို မတော်တဆ ဖြတ်သွားမိဘူး ဤနေရာကို ရှာတွေ့ခဲ့သည်။ သို့သော်လည်း သူက ဘယ်လိုပြောပြော ပန်းပဲဆရာက သူ့အား အဖက် မလုပ်ခဲ့ပေ။ ထို့ကြောင့် ဟမ်းမားထရိဒင်းက ပန်းပဲဆရာအား စိတ်ပျက်ငြီးငွေ့အောင် လုပ်မည်ဟု ဆုံးဖြတ်ချက် ချကာ ပန်းပဲဆရာ၏ ဘေးတွင် ရပ်ပြီး ပန်းပဲဆရာအား မကြည်ကြည့်များဖြင့် စိုက်ကြည့်နေလေသည်။
အချိန်တစ်ခုကြာပြီးနောက်တွင် ပန်းပဲဆရာက သူ့အား စကားပြောလာလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ပန်းပဲဆရာက သူ့အား လျှို့ဝှက်တာဝန်တစ်ခု ပေးခဲ့ရုံတင် မဟုတ်ဘဲ ပန်းပဲစွမ်းရည်ကိုပါ သင်ပေးခဲ့သည့်အတွက် သူက ခေတ်တစ်ခု၏ ပန်းပဲမာစတာတစ်ယောက် ဖြစ်လာခဲ့သည်။

ပန်းပဲစွမ်းရည်ကို ရရှိမည့်အကြောင်းတွေးပြီး ပန်းပဲပညာရပ်စာအုပ်နှင့်သာ တွဲဖက်လိုက်လျှင် သူက တန်းမြင့်အဆင့် ပန်းပဲပညာသင်တစ်ယောက်ဖြစ်ရန်မှာ အလွန်လွယ်ကူသွားပေလိမ့်မည်။ သူကသာ တန်းမြင့် ပန်းပဲပညာသင်တစ်ယောက် ဖြစ်လာလျှင် သူ၏အိတ်ကပ်ထဲသို့ ရွှေပြားများ မိုးရွာသလို ကျလာလိမ့်မည် ဖြစ်သည်။

နောက်ထပ် ၁၀မိနစ်ကျော်အောင် စောင့်ဆိုင်းပြီးနောက်တွင် ပန်းပဲဆရာက စကားပြောလာသည်။

“မင်းတို့၂ယောက် ပန်းပဲပညာရပ်ကို စိတ်ဝင်စားလား… “

“ဟုတ်ကဲ့… ကျွန်တော်တို့က ပန်းပဲပညာရပ်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတာပါ… “ ရှီဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

ပန်းပဲဆရာက ခေါင်းညိတ်ပြီး ကျေနပ်သောအသံဖြင့် ပြောလိုက်သည်… “ပန်းပဲပညာရပ်ကို မင်းတို့ သင်ချင်ရင် သင်ပေးနိုင်ပါတယ်… ဒါပေမဲ့ မင်းတို့ ငါ့ကို ဥက္ကာခဲ သတ္တုရိုင်း ၁၀၀ခဲကို ရှာပေးနိုင်မလား… အဲ့တာတွေကို ကြက်သွေးရောင်ကြယ်မိုင်းတွင်းရဲ့ အနောက်ဘက်မှာ ရှာနိုင်တယ်… “

“ရပါတယ်.. ကျွန်တော်တို့ ဝမ်းမြောက်စွာ ကူညီပေးပါ့မယ်… “ ရှီဖုန်းက လေးစာစွာ ပြန်ဖြေလိုက်သည်။

စနစ်။ ။ လျှို့ဝှက်တာဝန် ‘ပန်းပဲပညာရပ်လမ်းစဉ်’ ကို လက်ခံပြီးပါပြီ။ ကစားသူက ပန်းပဲမာစတာဂျက်ကို ဥက္ကာခဲသတ္တုရိုင်း ၁၀၀ခဲ ရှာပေးရမည်။

ကြက်သွေးရောင်ကြယ်စင်မိုင်းတွင်းသည် အဆင့်၄ ကိုဘိုးမွန်းစတားများ၏ အသိုက်ဖြစ်သည်။ ထိုမွန်းစတားများက သတ္တုရိုင်းများကို အလွန်နှစ်ခြိုက်ပြီး နေ့စဉ် မိုင်းတွင်းများထဲ၌ သတ္တုတူးနေကြလေ့ ရှိသည်။ ထို့ကြောင့် ကိုဘိုးမွန်းစတားများက ခွန်အားတွင် အလွန်အားကောင်းကြသည်။ သို့သော်လည်း သူတို့၏ ခြေလက်များက သာမန်ထက် တိုနေလေသည်။ ထို့အတူ သူတို့က မြေအောက်ထဲတွင်သာ နေလေ့ ရှိသဖြင့် သူတို့၏ အမြင်အာရုံက ၃၅ကိုက်အတွင်းသာ မြင်နိုင်စွမ်း ရှိ၏။ ထိုအကွာအဝေးသည် မှော်ဆရာများ၏ အဝေးဆုံး တိုက်ခိုက်နိုင်သော အကွာအဝေး ဖြစ်သည်။

မိုင်းတွင်း၏ အဝတွင် ကိုဘိုးများက လမ်းလျှောက်နေကြသည်။ သူတို့က တစ်ကောင် အတိုက်ခံရသည်နှင့် တခြားကောင်များက ရန်သူကို ဝိုင်းဝန်းတိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။

ကိုဘိုးမွန်းစတား

အဆင့် ၄

HP 420

“ဒီမှာပဲ… အရင်ဆုံး စားသောက်ပြီး အားဖြည့်ထားရမယ်… စားပြီးမှ အလုပ်လုပ်ကြတာပေါ့… “ ရှီဖုန်းက စတီးနက်ဘီယာတစ်ဘူးနှင့် ပန်းပဲပိုင်မုန့်တစ်ခုကို ထုတ်ပေးလိုက်သည်။

ဘလက်ကီက ရှီဖုန်းလုပ်နေသည့်အရာများကို နားမလည်သော်လည်း ရှီဖုန်းက လုပ်ခိုင်းနေခြင်း ဖြစ်သည့်အတွက် သူက ထိုင်ချပြီး စတင်စားသောက်လိုက်သည်။

ပန်းသီးပိုင်မုန့်ကို စားပြီး ၁၀စက္ကန့်အကြာတွင် ဘလက်ကီ၏စွမ်းရည်များအားလုံးက တစ်မှတ်စီ တိုးလာသည်။ ထိုအာနိသင်က မိနစ်၃၀ ခံ၏။

စတီးနက်ဘီယာကို သောက်ပြီးသောအခါ ဘလက်ကီ၏ အမြင်အာရုံက စတင် ဝေဝါးလာသည်။ သူက ခပ်လှမ်းလှမ်းရှိ ကိုဘိုးများကို ကြည့်လိုက်သောအခါ သူတို့၏ အဆင့်က ၂ဆင့်လျော့သွားပြီး အဆင့်၂သာ ရှိတော့လေသည်။

“ကဲ စကြရအောင်… စတီးနက်ဘီယာရဲ့ အာနိသင်က ၃၀ မိနစ်ပဲ ခံမှာ… “

ရှီဖုန်း မတ်တပ်ထရပ်ပြီး မီးခိုးဗုံးတစ်လုံးကို ထုတ်ယူကာ မိုင်းတွင်း၏အပေါက်ဝအနီးသို့ ကပ်သွားလိုက်သည်။ ထို့နောက် မီးခိုးဗုံးကို အဆင့်၄ ကိုဘိုးမွန်းစတားအုပ်စုထဲသို့ လှမ်းပစ်လိုက်သည်။ ထိုအုပ်စုတွင် ကိုဘိုးမွန်းစတား၁၀ကောင်ကျော် ရှိနေသည်။

မီးခိုးဗုံး

၁၀ကိုက် ပတ်လည်အတွင်းရှိ ရန်သူများ၏ အမြင်အာရုံကို ၁၀ကိုက် လျော့ချပေးနိုင်ပြီး ကြာချိန်က တစ်နာရီ ဖြစ်သည်။

အမြင်အာရုံ ၁၀ကိုက် လျှော့ချပေးခြင်းက တခြားမွန်းစတားများအတွက် လွန်စွာ အသုံးမဝင်သော်လည်း အမြင်အာရုံ ချို့တဲ့သော ကိုဘိုးမွန်းစတားများနှင့် ရင်ဆိုင်ရန်အတွက်ကတော့ အလွန်သင့်တော်သည်။ ကိုဘိုးများ၏ အမြင်အာရုံက ယခုဆိုလျှင် ၂၅ကိုက် ဖြစ်သွားသည့်အတွက် မှော်ဆရာတစ်ယောက်က ကိုက်၃၀အကွာအဝေးမှ တိုက်ခိုက်လျှင် ကိုဘိုးများက မှော်ဆရာကို လုံးဝ မြင်ရမည် မဟုတ်ဘဲ သူတို့၏ သေခြင်းတရားသာ ထိုင်စောင့်နေရလိမ့်မည် ဖြစ်သည်။

“တိုက်တော့… “ ရှီဖုန်းက မီးခိုးငွေ့များထဲမှ ကိုဘိုးများကို ညွှန်ပြလိုက်သည်။

ဘလက်ကီက ရှီဖုန်း၏လုပ်ရပ်အပေါ်တွင် သံသယအနည်းငယ် ရှိသော်လည်း ရှီဖုန်းကို ယုံကြည်ရန် ရွေးချယ်လိုက်ကာ ကျိန်စာတစ်ခုကို ရွတ်ဆိုလိုက်သည်။ ချက်ချင်းဆိုသလိုပင် မြှားနက်တစ်ချောင်း ပြေးထွက်သွားပြီး ရှေ့ဆုံးမှ ကိုဘိုးမွန်းစတား၏ ကိုယ်ပေါ်သို့ ထိမှန်သွား၏။

အပိုင်း ၁၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset