Chapter – 11 စတီးနက် ဘီယာ
အနီရောင်သစ်ရွက်မြို့မှ ထွက်လာပြီးနောက် ရှီဖုန်းက ဘလက်ကီနှင့်အတူ အမှောင်လတောင်ကြားဆီသို့ ဦးတည်၍ ထွက်လာခဲ့လိုက်သည်။
“အစ်ကိုဖုန်း… ကျွန်တော်တို့ သွားနေတဲ့ နေရာက အမှောင်လတောင်ကြားလား… အဲ့နေရာက အဆင့်၄ မွန်းစတားတွေ ကျက်စားတဲ့နေရာကြီးလေ… ကျွန်တော်တို့ တခြားလုံခြုံတဲ့နေရာတစ်ခု ရှာလို့ မရဘူးလား… “
ရှီဖုန်းက အဆင့်၄ မွန်းစတားနယ်မြေကို ဦးတည်၍ သွားနေသောအခါ ဘလက်ကီက ထိတ်လန့်စွာ မေးလိုက်သည်။
နတ်ဘုရားနယ်မြေတွင် အဆင့်မြင့်သည့် ရန်သူများကို တိုက်ခိုက်ရန် အလွန်ခက်ခဲ၏။ သာမန်အားဖြင့် ကစားသမားများသည် ၁ဆင့် သာလွန်သည့် မွန်းစတားများကို တိုက်ခိုက်ကြလေ့ ရှိသည်။ အဆင့် ၂ဆင့်မြင့်သည့် မွန်းစတားများကို တိုက်ခိုက်မည်ဆိုလျှင် အနည်းငယ် ကစားသမား ၆ယောက်ပါသော အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး တိုက်ခိုက်ကြ၏။ ထိုအုပ်စုတောင်မှ အဆင့်၂ဆင့် မြင့်သည့် မွန်းစတားကို ကျိန်းသေ နိုင်မည်ဟု မသေချာပေ။ ထို့ကြောင့် အဆင့် ၁ဆင့်မြင့် သည့် မွန်းစတားများကို သတ်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။
ယခုက သူတို့က ၂ယောက်တည်း ဖြစ်သည့်အပြင် သူကိုယ်တိုင်ကလည်း အဆင့် သုည ကစားသမား ဖြစ်သည်။ အဆင့် ၄မွန်းစတားများအတွက် သူတို့က အလကားရသည့် အစာတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် သူတို့၂ယောက်တည်းဖြင့် အဆင့် ၄မွန်းစတားများကို သွားရောက် သတ်ဖြတ်ခြင်းက သူတို့ကိုယ် သူတို့ သတ်နေသည်နှင့် မခြားပေ။
ရှီဖုန်းက ဘလက်ကီ၏ အတွေးများကို သိနေဟန်ဖြင့် ပြုံးပြီး ဖြေပေးလိုက်သည်… “စိတ်အေးအေး ထားစမ်းပါ… ငါ အဆင့်၂ကို ရောက်ပြီးတာ မင်း မမြင်ဘူးလား… ငါ့ရဲ့ သူငယ်ချင်းက ကျွမ်းကျင်တဲ့ ဘီတာစမ်းသပ်သူပဲ… ငါတို့ ၂ယောက်က အရမ်းခင်နေလို့သာ လျှို့ဝှက်ချက်တွေ ပြောပြတာ… အဲ့တော့ မင်းအဆင့်က ဒုံးပျံလို တက်သွားဖို့သာ စောင့်နေလိုက်တော့… “
ရှီဖုန်းက သူ၏ပြန်လည်မွေးဖွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် ပြဿနာအားလုံးကို မရှိသည့် သူငယ်ချင်းအား လွဲချလိုက်သည့်အတွက် သူ့အပေါ် သံသယဝင်သည့်လူ ရှိမှာ မဟုတ်တော့ပေ။ ဘလက်ကီကလည်း သူ့အား ယုံကြည်သောကြောင့် များစွာ မရှင်းပြရချေ။
“အစ်ကိုဖုန်းမှာ ဘီတာစမ်းသပ်သူ သူငယ်ချင်း တစ်ကယ် ရှိတာလား… သူ့ရဲ့အကူအညီနဲ့ဆို အစ်ကိုဖုန်းက ရှဲဒိုးအဖွဲ့ကို မဝင်ရင်တောင် နတ်ဘုရားနယ်မြေမှာ ပိုက်ဆံအများကြီး ရှာနိုင်မှာပဲ… ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း ပျော်ရွှင်မှုက အစ်ကိုဖုန်းအပေါ် မူတည်နေပြီနော်… “ ဘလက်ကီက စိတ်သက်သာရာ ရသွားဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။
သူက ရှီဖုန်းနှင့် အုပ်စုဖွဲ့ပြီးနောက်တွင် ရှီဖုန်းက အဆင့်၂သို့ ရောက်နေသည်ကို မြင်သောအခါ အလွန် အံ့အားသင့်ခဲ့၏။
လက်ရှိတွင် အနီရောင်သစ်ရွက်မြို့၌ အဆင့်၂ ကစားသမား တစ်ယောက်မှ မရှိသေးပေ။ အစည်းအရုံးများမှ ကျွမ်းကျင်သူများပင် အဆင့်၂သို့ မရောက်သေးသော်လည်း ရှီဖုန်းကတော့ အဆင့်၂သို့ ရောက်နေလေပြီ။ ရှီဖုန်း၏ အဆင့်တက်နှုန်းက သူ့အတွက် အလွန် အံ့အားသင့်စရာ ကောင်းနေသည်။
ဘလက်ကီက ရှီဖုန်း၏ ကျွမ်းကျင်မှု ဘယ်လောက်ရှိလဲ အသိဆုံး ဖြစ်သည်။ ရှီဖုန်းက ကစားရာတွင် မဆိုးဘူးဟု ဆိုနိုင်သော်လည်း ကျွမ်းကျင်အဆင့်များထဲ မပါပေ။ ယခင်က ဘီတာစမ်းသပ်သူ ရှိ၊မရှိကို သံသယ ဝင်နေသေးသော်လည်း ရှီဖုန်း၏ အဆင့်၂ကို မြင်ပြီးနောက်မှသာ စိတ်သက်သာရာ ရသွား၏။ ၁၀ရက်အတွင်း ခရက်ဒစ် ၁၆၀၀၀ ရှာမည်ဆိုသည့် ရှီဖုန်း၏ စကားကိုလည်း ယုံကြည်စ ပြုလာလေပြီ။
“ဝေးဝေးသွားစမ်း… ငါက လိင်တူချင်း စိတ်မဝင်စားဘူး… “ ရှီဖုန်းက ဘလက်ကီကို ကြည့်ပြီး ဘလက်ကီနှင့် နည်းနည်း ခွာလိုက်သည်။ သို့သော်လည်း ဘလက်ကီ၏ အကြည့်များက ညစ်ညမ်းမှုများ ပါနေဆဲပင်။
“အစ်ကိုဖုန်း ဘာတွေ တွေးနေတာလဲ… ကျွန်တော့်အိမ်မက်ချစ်သူက နှင်းနတ်ဘုရားမလေး ဖြစ်တဲ့ ဂျမ်းတဲလ်စနိုး (Gentle Snow)ပဲ… “ ဘလက်ကီက ရှီဖုန်း၏ အတွေးများကို ရိပ်မိနေသည့်အလား အလျင်အမြန် ရှင်းပြလိုက်သည်။
“ဂျမ်းတဲလ်စနိုးလား… “
သူမက ရှီဖုန်း လေးစားသည့် ကစားသမားများထဲမှ တစ်ဦး ဖြစ်သည်။ သူမက ပုံရိပ်ယောင်ဂိမ်းများတွင် ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သူ ဖြစ်ပြီး အလွန်လှပသော မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက် ကစားသမားများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူ ဖြစ်သည်။
နတ်ဘုရားနယ်မြေဖွင့်ပြီး ၃နှစ်အကြာတွင် သူမက တစ်နိုင်ငံလုံး၌ ထိပ်ဆုံးအဆင့် စစ်သည်တော် ကစားသမား၁၀ဦးထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ သူမကို စစ်နတ်ဘုရားမဟုလည်း ခေါ်ကြ၏။ ထို့အပြင် သူမက စီးပွားရေးကြောငြာများတွင်လည်း ကြယ်ပွင့်တစ်ပွင့် ဖြစ်သည်။ ထိုအချိန်က သူမ၏ ပိုင်ဆိုင်မှုသည် ၁၀ဘီလီယံအထက်တွင် ရှိ၏။ သူမက အုရိုဘိုရိုအဖွဲ့၏ ဒုတိယခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သန်းနှင့်ချီသည့် ကစားသမားများက သူမ၏ လက်အောက်တွင် ကစားကြရသည်။ ထိုအချိန်က ရှီဖုန်းသည် မထင်မရှား ကစားသမားတစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် အချိန်တစ်ခု ကြာပြီးနောက်တွင် ဂျမ်းတဲလ်စနိုးက နတ်ဘုရားနယ်မြေဂိမ်းမှ ပျောက်ကွယ်သွားခဲ့သည်။ အချိန်တော်တော်ကြာသည့်တိုင်အောင် သူမ ပျောက်ကွယ်သွားသည့် သတင်းက နတ်ဘုရားနယ်မြေတွင် ထိပ်ဆုံးသတင်းတစ်ခုအဖြစ် ရှိနေခဲ့သည်။
“အစ်ကိုဖုန်း… အဲ့ဒါက လက်ရွေးစင် မွန်းစတားတစ်ကောင်ပဲ… “ ဘလက်ကီက အဝေးမှ နှင်းလိုဖြူဖွေးနေသည့် မြေခွေးတစ်ကောင်ကို ညွှန်ပြလိုက်သည်။
ရှီဖုန်းက ရွှေရောင်ကွင်းပြင်ထဲသို့ လှမ်းကြည့်လိုက်ရာ ယုန်တစ်ကောင်ကို ကိုက်ချီထားသည့် အဖြူရောင်မြေခွေးကို တွေ့လိုက်ရ၏။
စဉ်းလဲသော နှင်းမြေခွေး (ရှားပါး လက်ရွေးစင်)
အဆင့် ၂
HP 450
“ဘလက်ကီ… မင်းရဲ့ မျက်လုံးက တော်တော်မြင်တတ်တာပဲ… ရှားပါး လက်ရွေးစင်ကိုတောင် ရှာတွေ့တယ်… ဒီတစ်ခါတော့ ငါတို့ ကံကောင်းပြီပဲ… “ ရှီဖုန်းက ဘလက်ကီကို ပြောရင်း မြေခွေးဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။
“ဘလက်ကီ… မင်းက အဝေးကနေ တိုက်… ကျန်တာ ငါလုပ်လိုက်မယ်… “
ရှားပါးလက်ရွေးစင်များသည် အထူး လက်ရွေးစင်တစ်မျိုး ဖြစ်ပြီး လက်ရွေးစင်များကဲ့သို့ အစွမ်းများ ရှိသော်လည်း ရရှိသည့် ဆုလာဘ်များကတော့ သာမန်လက်ရွေးစင်များဆီမှ ရသည့် ဆုထက် အများကြီး ပိုကောင်း၏။ ထို့ကြောင့် သူတို့က အသတ်ခံရပြီးလျှင် အချိန်တော်တော်ကြာမှသာ ပြန်လည်ရှင်သန်ကြသည့်အတွက် ရှားပါးလက်ရွေးစင်တစ်ကောင်ကို ကံကောင်းမှသာ တွေ့နိုင်လေသည်။
“အစ်ကိုဖုန်း… မင်း ရူးနေပြီလား… အဲ့တာက အဆင့် ၂ ရှားပါး လက်ရွေးစင်လေ… ကျွန်တော်တို့က ဘယ်လိုလုပ် နိုင်အောင် တိုက်နိုင်မှာလဲ… “
ဘလက်ကီက ရှီဖုန်းကို ရပ်တန့်စေချင်သည်။ ရှားပါးလက်ရွေးစင် တစ်ကောင်ကို အဆင့်တူ ကစားသမားများ စုပေါင်းပြီးမှသာ သတ်ဖြတ်ရန် ဖြစ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် တစ်ယောက်တည်း တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ်သူ သတ်သေသည်နှင့် မခြားနားပေ။
သို့သော်လည်း ဘလက်ကီက တားမြစ်ရန် အလွန်နောက်ကျသွားလေပြီ။ ရှီဖုန်းက နှင်းမြေခွေးကို ရုတ်တရက် တိုက်ခိုက်လိုက်ရင်းဖြင့် နှင်းမြေခွေး၏ နောက်သို့ ရောက်အောင် အလျင်အမြန် သွားလိုက်သည်။
“ခုတ်ချက်… “
ဓားချက်တစ်ချက်က နှင်းမြေခွေး၏ ဝမ်းဗိုက်ဆီသို့ ပျံလွှင့်သွား၏။
နှင်းမြေခွေး၏ တုန့်ပြန်မှုကလည်း အလွန်လျင်မြန်သော်လည်း ဝမ်းဗိုက်၏အဓိကနေရာကို မထိရန်သာ ရှောင်နိုင်လိုက်သဖြင့် နှင်းမြေခွေး၏ ခေါင်းထက်တွင် -32ပေါ်လာသည်။
“ဒီလို သွက်လက်တဲ့ လှုပ်ရှားမှုလည်း ရှိတယ်… ခုခံမှုကလည်း နိမ့် မနေဘူး… “ ရှီဖုန်းက နှင်းမြေခွေးကို ကြည့်ပြီး ကောက်ချက်ချလိုက်သည်။
ရှီဖုန်းက စစ်သည်တစ်ထောင်အလား ခွန်အားရှိသူ ဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသဖြင့် သူ၏စွမ်းရည်များအားလုံးက 10% တိုးနေသည့်အပြင် သန်မာမှုနှင့် ခံနိုင်ရည်စွမ်းတွင်လည်း အပို၅မှတ် ထပ်ပေါင်း ရရှိထား၏။ ထို့ကြောင့် ယခုအချိန်တွင် သူ၏သွက်လက်မှုက ၁၇မှတ်ထိ ရှိနေပြီး တိုက်ခိုက်မှုစွမ်းအားက ၂၉နှင့် သွေးက 260HP ရှိနေလေသည်။
ဒေါသထွက်နေသည့် နှင်းမြေခွေးက အလွန်လျင်မြန်သည့်နှုန်းဖြင့် ရှီဖုန်း၏ လည်ပင်းကို ကိုက်ရန် ခုန်ဝင်လာသည်။ နှင်းမြေခွေးသည် သူ၏စကေးဖြစ်သည့် အသေတိုက်ကွက်စကေးကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း သွက်လက်မှုတွင် ၁၇ရှိနေပြီဖြစ်သည့် ရှီဖုန်း၏ အမြန်နှုန်းက နှင်းမြေခွေးထက်တော့ နိမ့်ကျ မနေပေ။ နှင်းမြေခွေးက ခုန်ဝင်လာသည့်အချိန်တွင် ရှီဖုန်းကလည်း နှင်းမြေခွေး၏ ဦးခေါင်းဆီသို့ ဓားဖြင့် အပေါ်မှ ခုတ်ပိုင်းလိုက်သည်။
“ဖုန်း… “
ရှီဖုန်းက သန်မာမှုတွင် ၁၃မှတ်သာ ရှိသေးသဖြင့် နှင်းမြေခွေး၏ တိုက်ခိုက်မှုကို ကာကွယ်ရန် မလုံလောက်သေးပေ။ ရှီဖုန်း၏ ဦးခေါင်းထက်တွင် ထိခိုက်မှု -49က ချက်ချင်း ပေါ်လာပြီး ဓား၏ သက်တမ်းကလည်း ၁မှတ်လျော့သွား၏။
တစ်ခြားတစ်ဖက်တွင်တော့ နှင်းမြေခွေးက ထိခိုက်မှု ၅မှတ်သာ ဖြစ်ခဲ့သည့်အတွက် သူတို့ ၂ဦးကြားမှ ကွာခြားမှုသည် အသိသာကြီးပင် ဖြစ်သည်။
“ငါတို့တော့ သေပြီ… ငါတို့တော့ သေပြီ… ဒီတစ်ကြိမ်တော့ သေပြီပဲ… “ ဘလက်ကီ၏ နဖူးတွင် ချွေးများ ချက်ချင်း ထွက်လာသည်။ ရှီဖုန်းနှင့် နှင်းမြေခွေး၏ တိုက်ခိုက်မှုကို ကြည့်ပြီး သာမန်လက်ရွေးစင်နှင့် ရှားပါး လက်ရွေးစင်ကြားတွင် ကွာခြားချက်က ဤမျှအထိ ကြီးမားနေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ရှီဖုန်းက ဓားနဲ့ ကာကွယ်ပြီး ထိခိုက်မှု ၄၉သာ ရှိခဲ့ခြင်းက အလွန်ကံကောင်းနေ၍ပင် ဖြစ်လိမ့်မည်ဟု စိတ်ထဲမှလည်း တွေးလိုက်သည်။ အကယ်၍ ရှီဖုန်းသာ သေဆုံးသွားခဲ့ပါက ခက်ခက်ခဲခဲ ရောက်ရှိထားသည့် အဆင့်၂သည် အဆင့်၁သို့ ပြန်ဆင်းသွားပေလိမ့်မည်။
ထိုအချိန်တွင် ရှီဖုန်းထံမှ အသံထွက်ပေါ်လာသည်။
“ဘလက်ကီ… တိုက်တော့… “
“ဒီကောင် တစ်ကယ်ပဲ ရူးသွားပြီလား… ကောင်းပြီလေ… အလွန်ဆုံးမှ သေရုံပေါ့… ငါက ဘာမှဆုံးရှုံးစရာ မရှိဘူး… “ ဘလက်ကီက အံကြိတ်ပြီး ကျိန်စာကို ရွတ်ဆိုရင်း လက်များက သင်္ကေတအမျိုးမျိုး လှုပ်ရှားနေလေသည်။
ရုတ်တရက် မြှားနက်တစ်ချောင်းက ပြေးထွက်သွားပြီး နှင်းမြေခွေး၏ ခေါင်းပေါ်တွင် ထိခိုက်မှု -5ကို ဖြစ်ပေါ်လာစေသည်။
ဘလက်ကီက သူ၏တိုက်ခိုက်မှုကို ကြည့်ပြီး လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက စွမ်းရည်အမှတ်များအားလုံးကို ဉာဏ်ထက်မြတ်မှုတွင် ထည့်ပေါင်းထားတာတောင်မှ သူ၏တိုက်ခိုက်မှုက ထိခိုက်မှု ၅ကိုသာ ဖြစ်စေခဲ့သည်။ ရှားပါးလက်ရွေးစင်သားရဲ၏ ခုခံမှုက သူ့ကို အံ့အားသင့်သွားစေသည်။
ထိုအချိန်တွင် နှင်းမြေခွေးနှင့် ရင်ဆိုင်နေသည့် ရှီဖုန်းကတော့ ဖိအားများ ပိုမိုများပြားလာသည်။ နှင်းမြေခွေးက အလွန်လျင်မြန်သည့်အတွက် သူက ခုတ်ချက်စကေးကို သုံးလျှင်တောင်မှ ရှောင်နိုင်စွမ်း ရှိနေသည်။ ထို့ကြောင့် ရှီဖုန်းက တစ်ချက်လျှင် ထိခိုက်မှု ၁၈သာပေးနိုင်သည့် ပုံမှတ်တိုက်ခိုက်မှုများကိုသာ သုံးပြီး တိုက်ခိုက်နေရတော့သည်။ သို့သော်လည်း နှင်းမြေခွေး၏ ကိုက်ချက်အပြည့်အဝ ထိသွားလျှင် ထိခိုက်မှုက အမှတ်၁၀၀ကျော်နိုင်သဖြင့် သူတို့၂ယောက်ကြားမှ ကွာခြားမှုက အလွန်ကို မမျှမတ ဖြစ်နေသည်။
၁၀စက္ကန့် ကြာပြီးနောက်တွင် နှင်းမြေခွေး၏ HP က 244 ရှိနေသေးသော်လည်း ရှီဖုန်း၏ HPမှာ 31သို့ ရောက်နေလေပြီ။
“ဒီလို လျင်မြန်မှုမျိုးနဲ့ မွန်းစတားကို ထိပ်တိုက်ရင်ဆိုင်ပြီး သတ်ဖို့က ငါ့အတွက် မဖြစ်နိုင်သေးဘူးပဲ… “ ရှီဖုန်းက နှင်းမြေခွေး၏ တစ်ဝက်ကျော် ကျန်နေသေးသည့် HPကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။ ဤအတိုင်းသာ ဆက်တိုက်နေပါက သူက အရင် သေဆုံးသွားပေလိမ့်မည်။
ရှီဖုန်းက သူ့အိတ်ထဲမှ စတီးနက်ဘီယာတစ်ဘူးကို ထုတ်ယူပြီး ပါးစပ်ဖြင့် ၂လုတ်အပြည့် သောက်လိုက်သည်။ သူက သောက်လိုက်သည်နှင့် မြင်ကွင်းက အနည်းငယ် ဝါးလာသည်။ သူက မြေဆွဲအားလွတ်မြောက်ခြင်းစကေးကို ချက်ချင်း အသုံးပြုလိုက်ရာ သူ၏အမြန်နှုန်းက ယခင်ကထက် တော်တော်မြန်သွားပြီး နှင်းမြေခွေး၏ ဘေးသို့ ချက်ချင်း ရောက်သွားသည်။
ရှီဖုန်းက နှင်းမြေခွေးကို ကြည့်လိုက်သည့်အချိန်တွင် အဆင့် သုညဖြစ်နေလေသည်။ ထိုအချိန်တွင် အဆင့်ကွာခြားမှုကြောင့် ဖြစ်ပေါ်နေသည့် ဖိအားများ ပျောက်ကွယ်သွားပြီး ရှီဖုန်း၏ တိုက်ခိုက်မှုစွမ်းအားများကလည်း တိုးလာသည်။ ထို့အတူ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရသည်မှာလည်း ခက်ခဲလာသည်။
“သေစမ်း… “ ရှီဖုန်း၏ မျက်လုံးများက အေးစက်၊ခက်ထန်နေပြီး လက်က ဓားကို ဆုပ်ကိုင်ကာ တိုက်ခိုက်လိုက်သည်။
“မိုးကြိုးလျှပ်စီး… “
အလင်းကဲ့သို့ လျင်မြန်လှသော ဓားချက်၃ချက်က နှင်းမြေခွေး၏ ခါးကို ထိမှန်သွားပြီး နာကျင်စွာ အော်ဟစ်သံတစ်ခု ပေါ်လာစေသည်။ တစ်ချိန်တည်းမှာပင် ထိခိုက်မှု -30, -36, -42 က နှင်းမြေခွေး၏ ဦးခေါင်းထက်တွင် ပေါ်လာပြီး နှင်းမြေခွေး၏ hp လေးပုံ တစ်ပုံကို နှုတ်ယူသွား၏။
မိုးကြိုးလျှပ်စီးနောက်မှ ပါလာသည့် ခုတ်ချက်စကေးက နှင်းမြေခွေး၏ 43HP ကို နုတ်ယူသွားပြန်သည်။
နှင်းမြေခွေးက အပြင်းအထန် ခုခံနေသော်လည်း ရှီဖုန်းက မြေဆွဲအားလွတ်မြောက်ခြင်းနည်းစနစ်ကို အသုံးပြုပြီးနောက်တွင် လှုပ်ရှားမှုများက အလွန် လျင်မြန်လာခဲ့သည်။ သူက မူးနေသည်ဆိုလျှင်တောင်မှ သူ၏များပြားလှသော တိုက်ပွဲအတွေ့အကြုံများကြောင့် သူ့ခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းသိမ်းနိုင်စွမ်း ရှိ၏။
“ဘယ်လိုဖြစ်သွားတာလဲ… အစ်ကိုဖုန်း စောနက သောက်လိုက်တဲ့ဟာက ဘာအရည်လဲ… အစ်ကိုဖုန်းက အဲ့တာကြောင့် ကြမ်းသွားတာလား… “ ရှီဖုန်း၏ ရက်စက်ပြင်းထန်သော တိုက်ခိုက်မှုများကို မြင်ပြီး ဘလက်ကီက အလွန်အံ့အားသင့်နေလေသည်။ ယခုအချိန်တွင် နှင်းမြေခွေးသည် ရှီဖုန်းတိုက်ခိုက်မှုကို အလူးအလဲ ခံနေရပြီး ပြန်တောင်မှ မတိုက်နိုင်တော့ချေ။
နှင်းမြေခွေး၏ HPက 42သာ ကျန်တော့သည့်အချိန်တွင် ရှီဖုန်းက နှင်းမြေခွေးအား နောက်ဆုံးဓားချက်ကို ပေးရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရှီဖုန်းက သူ၏လည်ပင်းနောက်မှ တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားမှုသည် ဓားမြောင်တစ်ချာင်းက သူ့လည်ပင်းဆီသို့ တိုးဝင်လာနေသလိုပင်။ ထို့ကြောင့် သူက ရှေ့သို့ ခုန်ထွက်လိုက်သည်။ ထိုအခိုက်တွင် သူရှိနေခဲ့သည့်နေရာကို တောက်ပနေသည့် နှင်းဓားမြှောင်တစ်ချောင်းက ဖြတ်သွားလေသည်။
ရှီဖုန်း၏ နောက်တွင် အံ့အားသင့်နေသည့် အမူအရာနှင့် ရုပ်သွင်တစ်ခု ပေါ်လာသည်။ ထိုလူက သူ၏တည်ရှိမှုကို တခြားသူ မသိအောင် သေချာပုန်းနေခဲ့သည်။ ထို့အပြင် သူက အဆင့် ၁ကို ရောက်ပြီးနောက် သူ၏သွက်လက်မှုက အမှတ်၁၀သို့ ရောက်နေလေပြီ။ သို့သော်လည်း သူ၏ အလစ်တိုက်ခိုက်မှုကို ရှီဖုန်းက ရှောင်ရှားနိုင်ခဲ့သဖြင့် သူက အံ့အားသင့်နေခြင်း ဖြစ်သည်။
“မိတ်ဆွေ… ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိလည်း မသိဘူး… ရန်ငြိုးရန်စလည်း မရှိဘဲနဲ့… ဒီလိုလုပ်ကြံတာကတော့ မကောင်းဘူးနော်… “ ရှီဖုန်းက ရုတ်တရက် ပေါ်လာသည့် လုပ်ကြံသတ်ဖြတ်သူကို ကြည့်ပြီး ပြောလိုက်သည်။
“မင်း အပြစ်တင်ချင်ရင် ရှဲဒိုးအဖွဲ့ကို ဒေါသထွက်အောင် လုပ်ခဲ့တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့… မင်း အခုချိန်မှ နောင်တရလည်း နောက်ကျသွားပြီ… “ ကွိုက်ရက် ဝုဖ် က ဓားမြှောင်ကို ပြောင်းပြန်ကိုင်ထားပြီး ရှီဖုန်းအား ပြောလိုက်သည်။
ကွိုက်ရက် ဝုဖ်က ရှီဖုန်းကို နောက်ယောင်ခံလိုက်ရင်း သူ၏တည်နေရာကိုလည်း သတင်းပို့ပေးနေခဲ့သည်။ သူက နောက်မှ လိုက်ရင်း ရှားပါးလက်ရွေးစင်တစ်ကောင်ကို ရှာတွေ့လိမ့်မည်ဟုလည်း ထင်မထားမိခဲ့ချေ။ ရှီဖုန်းက ကျွမ်းကျင်မှု အနည်းငယ် ရှိသော်လည်း ယခုအချိန်တွင် နှင်းမြေခွေးက ရှီဖုန်းကို ပစ်မှတ်ထားနေသည့်အတွက် သူက ရှီဖုန်းအား အလစ်ချောင်းတိုက်ခိုက်ကာ သတ်ပစ်နိုင်သည်။ တခြားတစ်ဖက်မှ ကျိန်စာအသုံးပြုသူကတော့ အဆင့် သုညသာ ရှိသေးသည့် အမှိုက်ကောင်ဖြစ်နေသဖြင့် အရေးစိုက်စရာ မလိုပေ။
နှင်းမြေခွေးကတော့ မည်သည့်အရာကိုမှ ဂရုမစိုက်ချေ။ သူ့စိတ်ထဲတွင် ရှီဖုန်းကို သတ်ရန်သာ သိ၏။
ရုတ်တရက် နှင်းမြေခွေးက အူလိုက်ရာ သူ၏နှင်းလို ဖြူဖွေးနေသည့် အရေပြားက အနီရောင်သို့ ပြောင်းသွားပြီး HPကလည်း 20% တိုးလာသည်။ ထို့နောက်တွင် နှင်းမြေခွေးက သူ၏နောက်ဆုံးစကေးဖြစ်သည့် ဆုတ်ဖြဲကိုက်ချက်ကို အသုံးပြုလိုက်သည်။ စကေးက တိုက်ခိုက်မှုစွမ်းအား၏ ၅၀%ကို ထပ်ပေါင်း ရရှိထားပြီး သွေးထွက်မှုမှလည်း -30 ထိခိုက်မှုကို ၅စက္ကန့် ဖြစ်ပေါ်စေသည်။
“မင်း အခု နောင်တ ရနိုင်ပြီ… နှင်းမြေခွေးကိုတော့ မင်းအစား ငါက ဆက်ပြီး တာဝန်ယူလိုက်မယ်… “
ကွိုက်ရက် ဝုဖ်က ရှီဖုန်းဆီသို့ ပြေးသွားလိုက်သည်။ ရှီဖုန်းက နှင်းမြေခွေး၏ စကေးကို ရှောင်ပြီးသည်နှင့် သူက ရှီဖုန်းအား တိုက်ခိုက်ရန် ပြင်ဆင်ထား၏။
အပိုင်း ၁၁ ပြီး၏။