Switch Mode

Chapter – 45

Chapter – 45

ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ဟန်ဖေးယီကို ဖိနှိပ်နိုင်ခဲ့သောသတင်းက လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်စေသည်။ လူတိုင်း၏ အမြင်တွင် ထိုဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ်သာရှိသေးသော လူငယ်နှစ်ယောက်က အရှုပ်အထွေးလုပ်နေသည်ဟု ထင်နေကြသည်။ သိသာစွာဖြင့် သူတို့နှစ်ယောက်က နတ်စွမ်းအင်အရင်းအမြစ်ကိုပင် မလေ့ကျင့်နိုင်ကြသေးချေ။
သို့တိုင်အောင် အကြီးအကဲတစ်ယောက်၏မြေးကို ဒုက္ခိတဖြစ်လုနီးပါး ရိုက်နှက်လိုက်သည်။ ထိုကြောင့် လူအများက ကြောင်တောင်တောင် ဖြစ်သွားကြသည်။
“ဒီနှစ်ယောက်က အတော်လေး ကြောက်ဖို့ကောင်းတာပဲ။”
“သူတို့က ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ်ဘဲရှိသေးတယ်။ ဒါတောင်မှ ဒီလောက်​ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပြီ။”
“သူတို့က လက်ဗလာနဲ့ တိုက်ခိုက်ကြတာ။ နောက်ပြီး ဟန်ဖေးယီကိုလည်း နိုင်လိုက်တယ်။ အကြီးအကဲဟန်က သူ့ကိုပေးထားတဲ့ စိမ်းစိုသော တောအုပ်ချိတ်စည်းတံဆိပ်ကိုလည်း လွင့်ပစ်နိုင်လိုက်သေးတယ်။ တကယ်ကို မယုံနိုင်စရာပဲ။”
လူအုပ်ကမူ အပူတပြင်း ဆွေးနွေးနေကြသည်။
ထိုအခိုက် ဂိုဏ်းသို့ အစောပိုင်း ဝင်ခဲ့ကြသော တပည့်ဂိုဏ်းသားများနှင့် ကျင့်ကြံခြင်းအဆင့်မြင့်သော လူများကပင် ဒီအခြေအနေကို အာရုံစိုက်လာကြသည်။ သူတို့က အကြီးအကဲဟန်၏မြေး ဟန်ဖေးရီက ရိုက်နှက်ခံရသောကိစ္စကို ကြားမိကြသည်။
“ဒီဆယ်ကျော်သက်နှစ်ယောက်က တကယ်ကို ငယ်ရွယ်လွန်းသေးပေမဲ့ ကြောက်စရာကောင်းလွန်းနေပြီ။ စာအုပ်အဖုံးကိုကြည့်ပြီး အထဲကစာတွေကို ဆုံးဖြတ်လို့မရတာ သေချာနေတာပဲ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်ကမူ တိုးတိိတ်စွာသာ နေလိုကြသည်။ သို့သော် ယခုအခါ လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်သွားလေပြီ။ တောင်ထိပ်အောက်ခြေမှ အခြားသော တပည့်ဂိုဏ်းသားများကလည်း ရောက်ရှိနေကြပြီးနောက် ကြောက်စရာကောင်းသော လူများကို ကြည့်ရန် ကြိုးစားကြသည်။
“ဘာ ဖန်းပေါ်က အမန္တမျိုးစေ့ ဟုတ်လား။”
လူတိုင်းက ထိုသတင်းကို ကြားသောအခါ အံ့ဩသွားကြသည်။ ဂိုဏ်းသို့ အစောပိုင်း ဝင်ခဲ့သောသူများကလည်း အမန္တမျိုးစေ့ဆိုတာ ဘာကိုဆိုလိုကြောင်း သိထားကြပြီးလေပြီ။ ထိုလူများက အနာဂတ် ဆက်ခံသူဖြစ်ပြီး ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူ၏ မျှော်လင့်ချက်လည်းဖြစ်သည်။ သူတို့က ဂိုဏ်းကို အောင်မြင်မှုများ ဆောင်ကျင်းပေးနိုင်သည့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်လာပေလိမ့်မည်။
“သူက အမန္တမျိုးစေ့။ သူက ဒီလောက်ထိ ရဲရင့်ပြီး ပါရမီကြီးနေတာ အံ့ဩစရာ မရှိလောက်ဘူး။”
“ဟန်းဖေယီက ဒီတစ်ကြိမ် သံပြားကို ကန်လိုက်မိတာပဲ။ သူက အနာဂတ်မှာ ကလဲ့စားချေချင်ရင်တောင်မှ ချေလို့မရတော့ဘူး။ သူက ဒေါသကို မျိုသိမ့်ထားရုံဘဲ တက်နိုင်တော့မယ်။”
လက်ရှိအချိန်တွင် လူတိုင်းက ဖန်းပေါ်ကို စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုးနှင့် ကြည့်ကြသည်။ သူတို့၏ ခံစားချက်ကိုပင် ပြောရန် ခက်ခဲလာသည်။ လူအများစုက ခပ်မြန်မြန် စိတ်ဆုံးဖြတ်လိုက်ကြကာ ဖန်းပေါ်နှင့် အနာဂတ်တွင် ရင်းနှီးအောင်လုပ်ရန် ကြိုးစားလာကြသည်။
ထိုအချိန်တွင် ယဲ့ဖန်းနှင့်ဖန်းပေါ်က ထိုနေရာတွင် ဆက်မနေကြတော့ချေ။ သူတို့က လူအုပ်၏အကြည့်များကို လျစ်လျူရှုပြီးနောက် နတ်ဆေးပုလင်းများကို တစ်ခုပြီးတစ်ခု ကောက်လိုက်ကြသည်။ အားလုံးက ပုလင်းသုံးဆယ်ကျော်သည်။ သူတို့ကို စတင်တိုက်ခိုက်ခဲ့သောလူငယ်ကစပြီး နောက်ပိုင်းလူများအားလုံး၏ နတ်ဆေးပုလင်းများက မြေပြင်တွင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာအားလုံးကို ယဲ့ဖန်းနှင့်ဖန်းပေါ်က ကောက်လိုက်ကြသည်။
တပည်ဂိုဏ်းသားသစ်များက သုံးလမှ တစ်ကြိမ်သာ ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ထိုပုလင်းများက မည်မျှအဖိုးတန်ကြောင်း သိနိုင်သည်။ သူတို့နှစ်ယောက်က ယခုပုလင်းသုံးဆယ်ကျော်ကို ရရှိလေရာ သူတို့အား အခြားသူများက မနာလိုဖြစ်သွားကြသည်။
“ဒီကောင်တွေက နတ်သင်္ကေတတွေကိုတောင် ဖန်တီးနိုင်ပြီဆိုတော့ သူတို့မှာရှိတဲ့ အရာတွေက ပိုကောင်းနေပြီ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်က မကျေနပ်ကြသေးချေ။
သူတို့၏အကြည့်များက ရွှံ့နွံထဲ အမြှုပ်ခံလိုက်ရသလို လူအများထံရောက်သွားသည်။ ထိုလူငယ်များက နတ်စွမ်းအင်များကို စီရင်လိုက်ကြပြီး နတ်သင်္ကေတများကိုပင် ဒုက္ခဆင်းရဲပင်လယ်ထဲမှ ဆွဲထုတ်နိုင်ကြပြီဖြစ်သည်။ သူတို့၏ကျင့်ကြံခြင်း အ​ခြေခံအရ အခြားသူများထက် သာနေကြောင်း သိသာနေလေရာ အခြားသူများထက် ချမ်းသာနိုင်သည်။
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး စတင်ကာ ကြက်သွန်ပင်များကို ဆွဲနှတ်သလို ထိုလေးယောက်ကို ဆွဲနုတ်ကြတော့လေသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်ကို ရှာဖွေကြလေသည်။
“ဘာလို့ မင်းတို့မှာ ဆေးပင်တစ်ရာဆေးရည် နည်းနည်းဘဲ ရှိနေရတာလဲ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က သူတို့၏ခန္ဓာကိုယ်ကို ရှာဖွေပြီးနောက် တစ်ယောက်မှ ငါးပုလင်းခန့်သာ တွေ့ကြသည်။ သူ၏ ယခင်ရထားသော ပမာဏထက်ပင် နည်းပါးနေသေးလေသည်။ သူတို့က မကျေမနပ်ဖြစ်သွားကြလေရာ ပတ်ဝန်းကျင်ရှိလူများက ဆွံ့အသွားကြလေသည်။
တောင်ထိပ်တိုင်းတွင် ဆေးရည်ပုလင်းများ ခွဲဝေပေးသည်။ ထိုဆေးရည်ကို ရရှိသောပမာဏကလည်း သူတို့၏ကျင့်ကြံခြင်း အဆင့်အလိုက် ကွာခြားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုလူငယ်များအနေဖြင့် တစ်ယောက်ငါးပုလင်းစီရှိသော ပမာဏကပင် မနည်းပါးတော့ချေ။
လီဖေးနှင့်ဝမ်ကျင်းကမူ ထွက်မသွားသေးသဖြင့် ထိုမြင်ကွင်းအားလုံးကို မြင်လိုက်ရပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဆွံ့အသွားကြပြန်သည်။
ထိုအချိန်တွင် မြေပြင်တွင်လဲနေသော လူငယ်များကမူ ရွှံ့ပုံကြီးများနှင့်ပင် တူနေသေးသည်။ သူတို့က ကိုယ်တိုင် ထရပ်နိုင်စွမ်း မရှိကြချေ။ ယဲ့ဖန်းနှင့်ဖန်းပေါ်က သူတို့ကို ရှာဖွေပြီးနောက် သူတို့ကတစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် ကြာပန်းကန်ထဲသို့ ပစ်ထည့်လိုက်ကြ​ပြန်သည်။
သို့ရာတွင် ဒီတစ်ကြိမ်ကမူ ခေါင်းစိုက်၍မကျသွားကြဘဲ ခန္ဓာကိုယ်တစ်ကိုယ်လုံးဖြင့် အလျားလိုက် ကျသွားကြသည်။ ထပ်မံ၍ခေါင်းစိုက်ကျမည်ဆို သူတို့သေသွားလောက်လေသည်။ ထို့နောက် သူတို့က ထိုလူငယ်များကို တစ်ဖန်ပြန်ဆွဲထုတ်ပြီး ရေအိုင်ထဲသို့ ပြန်ပစ်ထည့်လိုက်ကြသေးသည်။
နောက်ဆုံးတွင် ယဲ့ဖန်းနှင့်ဖန်းပေါ်က စိမ်းစိုသောတောအုပ်စည်းတံဆိပ် အနားသို့သွားပြီးနောက် တွန်းကြည့်ရန် ကြိုးစားသည်။ ထိုအရာက အလွန်လေးလွန်းသည်ဟု သူတို့က ခံစားရသည်။ သူတို့က မ မနိုင်သည့်တိုင်အောင် ဒါကိုသုံးပြီး မတိုက်ခိုက်နိုင်လောက်ချေ။ နှစ်ကြိမ်ခန့် ကန်ကျောက်ပြီးမှ ထွက်သွားခဲ့ကြသည်။
လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့က ကျိုင်းကောင်ကြီးများ နှင့်တူသည်။ လူအုပ်ရှေ့တွင် ရှိနေသည့်တိုင် အထိတ်တလန့် မဖြစ်ကြဘဲ သူတို့လုပ်ချင်နေသည့်အရာများကို လုပ်ချင်နေကြသည်။ အကယ်၍သာ သူတို့ကသာ ထိုစည်းတံဆိပ်ကိုသာ မပြီး တိုက်ခိုက်လိုက်မည်ဆိုလျှင် ရူးသွားလောက်လေသည်။

“စီနီယာလီဖေး၊ စီနီယာဝမ်ကျင်း ကျေးဇူးအများကြီးတင်ပါတယ်။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က လူအုပ်ထဲမှ တိုးထွက်လာပြီးနောက် လှမ်းအော်လိုက်ကြသည်။ ထို့နောက် ခပ်မြန်မြန် ထွက်သွားကြတော့သည်။
ဟန်းဖေယီ၏မျက်နှာက ပြာနှမ်းနေသည်။ သူက အလွန်ဒေါသထွက်နေသည်။ သူက ချိတ်စည်းတံဆိပ်ကိုပင် မသိမ်းနိုင်ခဲ့ဘဲ တိုက်ရိုက်ပင် ထွက်ခွာခဲ့ရသည်။
သူက ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ် နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းတွင်ရှိသော ချိုင့်ဝှမ်းတစ်နေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ထိုချိုင့်ဝှမ်းက အလွန်ကျယ်သည်။ ထိုနေရာတွင် ဆေးပင်ပေါင်းများစွာကို မြင်နိုင်သည်။ ထူးဆန်းသော ပန်းများ ဆေးပင်းများကိုလည်း နေရာအနှံ့ စိုက်ပျိုးထားသည်။ ဆေးရနံ့များကလည်း သင်းပြန့်နေသည်။ ဝိညာဥ်စွမ်းအင်များကလည်း သိပ်သည်းနေသည်။
ထိုချိုင့်ဝှမ်းတစ်ခုလုံးက ရှားပါးသောဆေးပင်များဖြင့် ပြည့်နက်နေခဲ့သည်။ ထိုနေရာတွင် အခြားသော ဆေးပင်များ မရှိချေ။ အားလုံးက စိတ်ဝိညာဥ်ဆေးပင်များကိုသာ စိုက်ပျိုးထားသည်။ စိမ်းရနံ့များနှင့် အပင်အဆီအနှစ်များက စီးဆင်းနေပြီး ထိုနေရာကို စိတ်ဝိညာဥ်ချိုင့်ဝှမ်း တစ်ခုအဖြစ် ပြောင်းလဲထားသည်။
လမ်းတွင် အချို့သော ဆေးစိုက်ခင်းများမှ တပည့်ဂိုဏ်းသား အချို့က ဟန်ဖေးယီကို ဂါရဝပြုကြသော်လည်း သူက အားလုံးကို လျစ်လျူရှုထားသည်။ သုန်မှုန်သော မျက်နှာထားဖြင့် တိုက်ရိုက်ပင် အနက်ရှိုင်းဆုံးအပိုင်းတွင်ရှိသော ဂူထံသို့ သွားသည်။ ဆေးရနံ့က ထိုနေရာတွင် ပို၍ ပြင်းထန်​နေသည်။ သူ၏အရှေ့တွင်မူ ကြီးမားသော ဆေးအိုး ဆယ့်ရှစ်ခုကို မြင်နိုင်သည်။ ထိုကြီးမားသော ဆေးအိုးကြီးများက လူ၏ ခါးတစ်ဝက်ခန့်အထိမြင့်ပြီး ထိုအရာကို မည်သို့သောသတ္တုဖြင့် လုပ်ထားကြောင်းကိုလည်း မသိနိုင်ချေ။ သို့သော် တစ်ချက်ကြည့်ယုံဖြင့်ပင် အလွန်လေးမည်ကြောင်း သေချာသည်။
“ယီအာ …။ ဘာလို့ ဒီလိုဖြစ်လာတာလဲ။”
အထဲမှ အိုမင်းသောလေသံကြီးက ထွက်လာသည်။ သို့သော် လူက ထွက်မလာချေ။ သို့သော် သူက အားလုံးကိုမြင်နိုင်​လေသည်။
“အဲ့ဒီနှစ်ယောက်ထဲက တစ်ယောက်က အမန္တမျိုးစေ့တဲ့။”
ဟန်ဖေးယီက အပြင်တွင် ရပ်လျက် ပြောလိုက်သည်။ သူက အံကိုကျိတ်ထားသည်။ သူက သူ၏ မဟာဦးလေးကို အသေးစိတ်ပြန်ပြောပြသည်။
“သူတို့က နတ်ဆေးကို စားခဲ့တာကို စောစောသာ သိထားခဲ့မယ်ဆိုရင် သူတို့ရဲ့သွေးနည်းနည်းကိုပဲ လိုချင်ခဲ့မှာပဲ။ ကံဆိုးစွာနဲ့ ငါ သတင်းရတာ နောက်ကျသွားတယ်။ ဒီတော့ ပြဿနာ အများကြီး တက်သွားတာပေါ့။”
ထိုသို့ပြောပြီးနောက် အကြီးအကဲဟန်က တိတ်ဆိတ်သွားသည်။ ထို့နောက် ထပ်မေးသည်။
“အမန္တမျိုးစေ့ဆိုတဲ့သူကိုတော့ ရန်မစနဲ့တော့။ နောက်ထပ်တစ်ယောက်ကတော့ စောင့်ကြည့်ရအောင်။”
“ဟုတ်ကဲ့ မဟာဦးလေး။ ဦးလေးဆိုလိုတာက…”
ဟန်ဖေးယီ၏မျက်ဝန်းက ရုတ်တရက် အလင်းတန်းများ ထွက်ပေါ်လာသည်။
“ငါဆိုလိုတာက မင်း ဘာမှ လုပ်စရာမလိုတော့ဘူးဆိုတာပဲ။ ကိုယ်ဘာကိုပဲ ကျင့်ကြံ။”
ထိုသို့ပြောပြီးနောက် ဘာအသံမှ ထွက်မလာတော့ချေ။ အရာအားလုံးက တိတ်ဆိတ်သွားသည်။
“ဟုတ်ကဲ့။”
ဟန်ဖေးယီက လက်မလျော့ချင်ခဲ့ချေ။ သို့သော် အကြီးအကဲဟန်ကိုလည်း ရင်မဆိုင်ရဲပြန်ချေ။ ထို့ကြောင့် ဂါရဝပြုပြီး ထွက်ခွာသွားလေသည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က သူတို့၏နေရာသို့ ပြန်ပြီးနောက် ရရှိလာသောပစ္စည်းများကို ချကာ ရေတွက်ကြသည်။ အားလုံးပေါင်း သူတို့က ခြောက်ဆယ့်ခြောက်ပုလင်းကို ရရှိခဲ့သည်။ ပမာဏက များပြားသည်ဟု ဆို၍ရသည်။
“အဲ့ဒီ မျိုးရိုးနာမည် ဟန်နဲ့ ကောင်က လူကောင်းပဲ။”
နှစ်ယောက်လုံးက ချီးကျူးလိုက်ကြသည်။
ပုလင်းများအားလုံးကို ခွဲဝေပြီးနောက် ယဲ့ဖန်းနှင့်ဖန်းပေါ်က ဆိတ်ငြိမ်သွားကြသည်။ သူတို့က ဟန်ဖေးရီ၏ အဖွဲ့ကို တိုက်ခိုက်ခဲ့သည်။
သို့သော် ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိခဲ့ကြသည်။ သန်မာသောခန္ဓာကိုယ်နှင့် ဆင်တစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်ထားယုံမျှဖြင့် သူတို့က သေမျိုးများကြားတွင် လွမ်းမိုးနိုင်မည်ဖြစ်သည်။ သို့သော် နတ်စွမ်းအင်ကို လှည့်ပတ်နိုင်ပြီး လျှို့ဝှက်ဆန်းကျယ်သောသိုင်းများကို ကျင့်ကြံထားသောသူများနှင့် နှိုင်းယှဥ်သော် သူတို့က မည်သည့်နည်းနဲ့မှ မယှဥ်နိုင်ကြချေ။
လက်ရှိအခြေနေတွင် သူတို့က ကျင့်ကြံရန် လိုအပ်သည်။ ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်ရန်လည်း လိုအပ်သည်။ အသက်ဘီးနှင့် ဆက်ရန် လိုအပ်သည်။
တစ်နည်းအားဖြင့် ကောင်းကင်စမ်းရေကို စီးဆင်းခွင့် ပြုရပေမည်။ နတ်စွမ်းအင် အရင်းအမြစ်က သူတို့၏ထိန်းချုပ်မှုအောက်ကို ရောက်မှသာလျှင် သူတို့က အစစ်အမှန် အင်အားကြီးမားလာသည်ဟု ဆို၍ရသည်။ သို့မှသာလျှင် ဒါက ကျင့်ကြံသူတစ်ယောက်၏ အုတ်မြစ်က စတင်နိုင်မည်ဟု ဆိုနိုင်ပေမည်။
အန္တရာယ်ကို ခံစားမိပြီးနောက် နှစ်ယောက်လုံးက သန်မာချင်စိတ် ပြင်းထန်လာကြပြီး ပြင်းပြင်းထန်ထန် ကြိုးစားလာကြတော့သည်။ နောက်တစ်ရက်တွင် ဖန်းပေါ်က ဆေးရည်ခြောက်ပုလင်းကို သောက်လိုက်သည်။ လျှို့ဝှက်ဆန်းကျယ်သော သိုင်းကိုလည်း တစ်ခါထဲ လေ့ကျင့်လိုက်သေးသည်။
ထိုသို့ဖြင့် သူ၏ ဒုက္ခဆင်းရဲပင်လယ်က နောက်ဆုံးတွင်ကြီးမားလာသည်။ သို့ရာတွင် ခုနစ်ပုလင်းမြောက်ကို သောက်ပြီးနောက်တွင် ရုတ်တရက် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ခံစားရသည်။ သူ၏ဒုက္ခဆင်းရဲပင်လယ်က ဝရုန်းတုန်းကားဖြစ်လာပြီးနောက် အပ်များဖြင့် ထိုးခံရသလိုဖြစ်လာသည်။
အို …။ မကောင်းတော့ဘူး။ သွားပြီ။ အရှိန်နှုန်း လျော့ချရအောင်။ အကြီးအကဲ ပြောတဲ့အတိုင်းဆို တပည့်ဂိုဏ်းသားအသစ်တွေက တစ်ကြိမ်မှာအများကြီး သောက်လို့ မရဘူးဆိုပဲ။ သုံးလမှ တစ်ပုလင်းကသာ လုံလောက်ပြီ။
ဖန်းပေါ်၏ နှဖူးက ချွေးစေးများ ပြန်လာသည်။
“ငါ တစ်ယောက်ယောက် သွားခေါ်လိုက်မယ်။”
ယဲ့ဖန်းက တံခါးဖွင့်ကာ ထွက်ရန် ပြင်လိုက်သည်။
“မလိုဘူး။ ငါ အံကျိတ်ပြီး တောင့်ခံနိုင်တယ်။”
ဖန်းပေါ်က သည်းခံသည်။ သူက နေ့တစ်ဝက်လုံးလုံး သည်းခံပြီးမှသာ နာကျင်မှုက ပျောက်ကွဲသွားသည်။ ထို့နောက် ခါးသီးစွာပြုံးသည်။
ကြည့်ရတာ စားနိုင်တာထက် ပိုစားလို့မရသလို တစ်လမ်းထက် ပိုပြီး လျှောက်လို့ မရဘူးဘဲ။ သာမန်တပည့်ဂိုဏ်သားများက သုံးလမှ တစ်ပုလင်းပဲ သောက်လို့ရ်ယ်။ ဒါပေမဲ့ ငါ အမန္တမျိုးစေ့က ခြောက်ပုလင်းကနေ ခုနစ်ပုလင်း နှစ်ရက်အတွင်း သောက်လိုက်နိုင်တယ်။ ဒါကတင် ကောင်းကင်ကို အန်တုနိုင်တာ ဖြစ်နေလောက်ပြီ။”
ထိုအချိန်တွင် ဖန်းပေါ်က ထူးဆန်းသော မျက်နှာထားမျိုးဖြင့်ပြောသည်။
“မင်းကလည်း ခြောက်ပုလင်းကနေ ခုနစ်ပုလင်းအထိ သောက်ထားတာပဲ။ ဒါပေမဲ့ ဘာမှမဖြစ်ဘူး ဟုတ်လား။ အဲ့ဒီအစား မင်းက ပိုပြီးတော့တောင် အားအင်တက်ကြွလာသေးတယ်။ ဘာဖြစ်တာလဲ။ ဒုက္ခဆင်းရဲပင်လယ်မှာ ဘာအားလှိုင်းမှ မချထားဘူးလား။”
ယဲ့ဖန်းက ခေါင်းခါသည်။ သူ၏အသက်ဘီးနှင့် ဒုက္ခဆင်းရဲပင်လယ်က တိတ်ဆိတ်နေသည်မှာ အားလှိုင်းများပင် မရှိခဲ့ချေ။ တစ်ခုတည်းသော တာအိုကျမ်းစာကို လေ့လာနေရခြင်း အားသာချက်ကမူ သူ၏စွမ်းအားချည်က ပိုမို၍ အားအင် တက်ကြွလာခြင်းဖြစ်သည်။
“ခြောက်ပုလင်းကနေ ခုနစ်ပုလင်းအထိ သောက်ပြီး ဘာပြဿနာမှ မရှိဘူးဆိုရင် ကြည့်ရသာ လက်ခံနိုင်သေးလို့ဖြစ်မယ်။ ယဲ့ဖန်း ဆက်သောက်။ ဘယ်သူသိမှာလဲ။ အံ့အားသင့်စရာကောင်းသော သက်ရောက်မှုတွေ ရှိလာနိုင်သေးတာပဲ။”
“ငါ အဲ့ဒီလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါက ငါ့ရဲ့ခန္ဓာကိုယ်အတွက်နဲ့တင် ဒီဆေးပုလင်းတွေ အများကြီးကို ဖြုန်းသလို ဖြစ်သွားလိမ့်မယ်။ အဲ့ဒီအစား မင်း အဆင့်တက်ဖို့ ချန်ထားတာက ပိုကောင်းတယ်။ ဒါမှ မင်း အမြန်ဆုံး အဆင့်တက်နိုင်မှာပဲ။”
“မစိုးရိမ်ပါနဲ့။ သူတို့ကလည်း ငါ အမန္တမျိုးစေ့ဆိုတာကို အသိအမှတ်ပြုပြီးကတည်းက ငါ့ကို အရင်ထက် ပိုမြှင့်တင်ပေးကြလိမ့်မယ်။ အကြီးအကဲဝူချင်ဖုန်းကလည်း ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်အခြေအနေက အရေးကြီးဆုံးဘဲလို့ ပြောထားတယ် မဟုတ်ဘူးလား။ သူက ငါ့ရဲ့ အလားအလာကို ကောင်းကောင်းသိထားတယ်။ ဒါပေမဲ့ ငါ့ကို အရမ်းကို မြန်မြန်ဆန်ဆန် အဆင့်မတက်စေချင်ခဲ့ဘူး။ ဒါကြောင့် အဲ့ဒီတောင်ထိပ်မှာတောင် ကျင့်ကြံခိုင်းခဲ့တာ မဟုတ်ဘူးလား။ ဒါက ဒီပြဿနာကို ဖော်ပြထားပြီးသား ဖြစ်နေလေပြီ။ သူကငါ့ရဲ့စိတ်ကို ထက်ရှစေချင်နေတာပဲ။ ဒါကြောင့် အရာအားလုံးကို ပြောင်းလဲနိုင်အောင် ငါက အနာဂတ်မှာ ဆက်လက်ပြီး ကြိုးစားသွားရလိမ့်မယ်။ နောက်ပြီး ငါ့အတွက်လည်း ဒီဆေးရည်ပုလင်းတွေက ရှားပါးမယ်လို့ မထင်ဘူး။”
ဖန်းပေါ်၏ စကားများက အကျိုးအကြောင်း သင့်လျော်သည်။ ထို့ကြောင့် ယဲ့ဖန်းက တုန့်ဆိုင်းမနေတော့ချေ။ သူတို့နှစ်ယောက်ကြားတွင်လည်း တယဥ်တကျေးလုပ်နေစရာ မလိုအပ်ချေ။ ထို့ကြောင့် သူက ဆက်လက်ပြီး သောက်နေလိုက်သည်။
တစ်ပုလင်း နှစ်ပုလင်း သုံးပုလင်း…
ယဲ့ဖန်းက တိတ်တဆိတ် လျှို့ဝှက်သော ​ကျမ်းစာပိုဒ်ကို လှည့်ပတ်ရင်းဖြင့် ဆက်တိုက်သောက်နေလိုက်သည်။ ထိုအခိုက် မည်သည့် ထူးဆန်းသောအရာမျှမှ ဖြစ်မလာခဲ့ချေ။ သို့သော် ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားသည့် ပြောင်းလဲမှုတစ်ခုက စတင်ဖြစ်ပျက်လာခဲ့လေသည်။
အပိုင်း ( ၄၅ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset