Switch Mode

Chapter – 44

Chapter – 44

ယဲ့ဖန်းနှင့်ဖန်းပေါ်က ရှောင်ချိန် မရှိတော့ချေ။ ထိုမိုးပြာရောင် သစ်သား စည်းတံဆိပ်က နတ်စည်းတံဆိပ်များထက် ပို၍မြန်ဆန်သည်။ ချက်ချင်းလိုလို သူတို့နှစ်ယောက်လုံး၏ ခေါင်းပေါ်သို့ တိုက်ရိုက်လွမ်းခြုံလာသည်။
လေးထောင့်ပုံစံရှိသော ထိုစိမ်းစိုသော တောအုပ်စည်းတံဆိပ်က စပေါ်လာခင်က တစ်လက်မပင် မရှိချေ။ သို့သော် မျက်တောင်တစ်ခက် အချိန်အတွင်း အိမ်တစ်လုံးစာ ကြီးမားသွားပြီဖြစ်ပြီး တိမ်စိုင်များလို အစိမ်းရောင် မြူထုများဖြင့်ပင် လွမ်းခြုံထားလေသည်။
ကြီးမားသောဖိအား၏အောက်တွင် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က တောင်တန်းကြီးတစ်တုံးက သူတို့ပေါ်မှာ ဖိချလာသည်ဟုပင် ခံစားလာရပြီး မှင်သက်ဖွယ်ခက်ခဲလာကြသည်။
ဗမ်း ဗမ်း ဗမ်း ….။
နှစ်ယောက်လုံးက လက်နှစ်ဖက်လုံးကို မြှောက်ကာ ခပ်ပြင်းပြင်းခုခံရန် ကြိုးစားကြပြီး ထိုစည်းတံဆိပ်ကိုအဝေးသို့ လွင့်ပစ်လိုကြသည်။ သို့ရာတွင် မမျှော်လင့်ထားသည်မှာ မြေပြင်မှ စတင်ကွဲအက်လာပြီး သူတို့၏ခြေထောက်များက အောက်သို့ တောက်လျှောက် ကျွံကျသွားသည်။ ထိုသို့ဖြင့် သူတို့က ခံစားနေရသောဖိအားက မည်မျှများကြောင်း သိနိုင်သည်။
ဗမ်း …။
စိမ်းစိုသော တောအုပ် စည်းတံဆိပ်က တုန်ရီသွားပြီးနောက် အဆုံးမသတ်နိုင်အောင် များပြားသောအစိမ်းရောင် မြူထုများက လေထဲသို့ လွမ်းခြုံထားပြန်၏။ ၄င်းက တဖြည်းဖြည်း ပြန့်ကားသထက် ပြန့်ကားလာကာ အလွန်အမင်း မြင့်မားခမ်နားလွန်းသော နန်းတော်ကြီးတမျှ ဖြစ်လာသည်။
” ဂျင်တစ်သောင်းရှိတဲ့ ကျောက်တုံးကြီးတောင် လွင့်ထွက်သွားရတယ်။ ဒါက သောက်ကျိုးနည်း ဘာကြီးလဲ။ ဘာလို့ ဒီလောက်ထိ လေးတာလဲ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ လက်မောင်းများက လေးလံသည်ထက် လေးလံလာသည်။ ထို့နောက် သူတို့၏ ခြေထောက်များက ကျွံသည်ထက် ကျွံကျလာသည်။ သူတို့၏ ဒူးခေါင်းများကပင် ကျွင်းထဲသို့ ဝင်နစ်နေပြီဖြစ်သည်။ ကြီးမားသည့် အက်ကွဲကြောင်းကြီးများကလည်း ဆက်တိုက်ပေါ်လာသည်။
“မင်းတို့က အစိမ်းရောင် ကြက်သွန်နီတွေကို ဇောက်ထိုးစိုက်ချင်ကြတာမဟုတ်လား။ အခု ငါက မင်းတို့ကို လူသားသစ်ပင်အဖြစ် ပြောင်းစိုက်ပေးမယ်။”
ဟန်ဖေးယီက ရှေ့သို့လျှောက်လာသည်။ သူက အေးစက်စွာ အော်ရယ်သံက လူတိုင်း၏ ကျောများကို စိမ့်တက်စေသည်။
ဗမ်း ….။
စိမ်းစိုသော တောအုပ်စည်းတံဆိပ်က တစ်ဖန် တုန်ရီသွားပြီးနောက် အစိမ်းရောင် မြူထုများက ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်ကို မြူထုအလွှာပါးပါး​ဖြင့် လွမ်းခြုံလာသည်။
ချက်ချင်းလိုလို ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ အပေါ်တွင်ရောက်နေသောဖိအားက တစ်ဖန်မြင့်မားသွားပြန်သည်။ ခန္ဓာကိုယ်က တဖန် နစ်မြှုပ်သွားပြန်သည်။ ထိုအချိန်တွင် သူတို့၏ခြေထောက်အားလုံးက မြေကြီးထဲသို့ ရောက်သွားပြန်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကသာ ကျန်ရစ်တော့သည်။
“ဒီအတိုင်းတာ ဆက်ဖြစ်နေရင် ငါတို့ အသားအပိုင်းအစအဖြစ် ပြောင်းသွားရလိမ့်မယ်။”
ယဲ့ဖန်းက ဆိုးရွားသောခံစားချက် ရနေသည်။ သူက ဖန်းပေါ်ကို ပြောလိုက်သည်။
“မစိုးရိမ်နဲ့။ ငါ မင်းတို့ကို အလွယ်တကူ မသေခိုင်းပါဘူး။”
ဟန်ဖေးယီက အေးစက်စွာ ရယ်သည်။ သူကဆက်တိုက် တွေးတောမနေတော့ဘဲ ထိုနှစ်ယောက်ကို နှိပ်စက်ရန် ကြိုးစားလိုက်တော့သည်။
ထိုအချိန်တွင် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ လက်မောင်းက ထုံထိုင်းနာကျင်လာလေပြီ။ ဒီအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် သူတို့က ခုခံစွမ်းအား မရှိကြတော့ဘဲ မြေကြီးထဲသို့ ကွဲအက်ကာ ကြေမွသွားရတော့မည်။
ယဲ့ဖန်းက ဖန်းပေါ်ကို မျက်နှာရိပ် မျက်နှာကဲပြလိုက်ပြီးနောက် ကျောက်တုံးကို လွင့်ကာ အပြင်သို့​ ထွက်ရန် ကြံစည်ခိုင်းလိုက်သည်။ သို့သော် ဖန်းပေါ်ကမူ ငြင်းသည်။ သူ ထွက်သွားလျှင် ယဲ့ဖန်း ခံစားရသောအားက အလွန်ပြင်းထန်သွားပြီး အသားတုံးဖြစ်သွားမည့်အရေးကို စိုးရိမ်သွားသည်။
“အချိန် မရှိဘူး။ မြန်မြန် လုပ် ..။ ရွေးစရာ မရှိတော့ဘူး။”
ယဲ့ဖန်းကမူ အံကိုကျိတ်ပြီးနောက် ထိုစကားလုံးများကို ပြောလိုက်သည်။ အပေါ်မှခံစားနေရသောဖိအားက အလွန်အမင်းကြီးသည်။ သူက ရေဆင်တစ်ကောင်၏ ခွန်အားကို ထုတ်သုံးနိုင်စွမ်းအားရှိသည့်တိုင်အောင် ကြာကြာ မခုခံနိုင်လောက်ချေ။
ဖန်းပေါ်ကမူ လက်ရှိအခြေအနေကို နားလည်နေသည့်အတွက် လျင်လျင်မြန်မြန် ခုန်ထွက်သွားလိုက်ပြီးနောက် ဟန်ဖေးယီကို တစ်ယောက်တည်း အဆုံးသတ်လိုက်နိုင်သည်။ ဒီအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် ထွက်လမ်းရှိတော့မည် မဟုတ်ချေ။
သို့ရာတွင် ကျတ်ရစ်ခဲ့သောသူကလည်း အခြေအနေ ပိုဆိုးနိုင်သေးလေသည်။ ယခုက စိမ်းစိုသောတောအုပ်ချိတ်စည်းတံဆိပ်ကို လူနှစ်ယောက်ပေါင်းမှ ထိန်းထားရသည့်တိုင်အောင် ထိုမျှထိ ခက်ခဲနေလေရာ တစ်ယောက်တည်းသာဆိုလျှင် အခြေအနေက ပို၍ အန္တရာယ်များသွားနိုင်သည်။
သို့သော် ရွေးချယ်စရာက မရှိတော့ပြန်ချေ။ တစ်ယောက်က ကျန်နေရစ်ခဲ့ပြီး ထိုစည်းတံဆိပ်ကို တောင့်ခံထားရမည်ဖြစ်သည်။ ဖန်းပေါ်ကမူ စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်သူတစ်ယောက် မဟုတ်သည့်အတွက် သူကလည်း အချိန်မဆွဲရဲတော့ချေ။ သူက လက်ကို ဆွဲဆန့်လိုက်ပြီးနောက် မြေပြင်ကို ဖိအားပေးကာ ချက်ချင်းလိုလို ​ခန္ဓာကိုယ်တစ်ဝက်ကို အပြင်သို့ ဆွဲထုတ်သွားသည်။
ဗမ်း …။
စည်းတံဆိပ်က တုန်ခါသွားပြီး ​ဖျော့တော့သော အစိမ်းရောင်အလင်းကို လွင့်ထုတ်လာသည်။ ကြီးမားသောဖိအားများက ယဲ့ဖန်း၏လက်မောင်းများကို တုန်ယင်လာစေသည်။ သူက တဖန် ကျွံကျသွားပြန်သည်။ သူ၏ရင်ဘက်အောက်ပိုင်းရှိ အရာအားလုံးက မြေကြီးထဲ ရောက်နေလေပြီ။ စိမ်းစိုသောတောအုပ်စည်းတံဆိပ်က မြေပြင်နှင့် တစ်မီတာပင် မဝေးကွာတော့ချေ။
ဖန်းပေါ်ကမူ ထိုအခြေနေကြောင့် အထိတ်တလန့်ဖြစ်သွားပြီး ချွေးစေးများပင် ပြန်လာသည်။ သူက မြှားတစ်စင်းလို ချက်ချင်းလိုလို ခုန်ထွက်သွားလိုက်သည်။ သူ၏ အလျင်နှုန်းက အလွန်မြန်ဆန်သည်။
ဗမ်း …။
အစိမ်းရောင် အလင်းတန်းများက တဖျက်ဖျက်လက်လာပြီး စည်းတံဆိပ်က တုန်ခါလာပြန်သည်။ ဖန်းပေါ်က ခုန်ထွက်လာသည်နှင့် ကြီးမားသောစည်းတံဆိပ်ကြီးက မြေပြင်သို့ ဖိချလိုက်ကာ ယဲ့ဖန်းကို မြေကြီးထဲမြှုပ်သွားစေသည်။
ဖန်းပေါ်၏ နှလုံးသားက တုန်ရီသွားသည်။ သူ၏ တစ်ကိုယ်လုံးက အလွန်အမင်း မြန်ဆန်စွာ ရွေ့လျားပြီးနောက် အရူးတစ်ယောက်လိုမျိုး ဟန်ဖေးယီကို ​ပြေးဖက်လိုက်သည်။ သူ၏လက်နှစ်ဖက်က ဂဏန်းလက်မနှစ်ခုလိုမျိုး ဟန်ဖေးယီ၏ကိုယ်ကို ဆွဲညှစ်ရန်ကြိုးစားလေသည်။
ဟန်ဖေးယီကမူ သူတို့ထဲက တစ်ယောက်က ချက်ချင်းခုန်ထွက်လာပြီး သူ့ကို ခုန်အုပ်လာမည်ဟု မထင်ထားချေ။ တစ်ဖက်အကောင်က ဆာလောင်နေသောဝံပုလွေတစ်ကောင်လို သူကိုဆွဲဖြဲရန် ကြိုးစားလာလေသည်။
ဗမ်း ဗမ်း ဗမ်း …။
ဖန်းပေါ်က ဟန်ဖေးယီ၏ ကိုယ်ကို ဗုံတစ်လုံးလို ဆက်တိုက်ထုရိုက်သည်။ လက်သီးများဖြင့်လည်း ဆက်တိုက်ပင် ထိုးသေးသည်။ ကြည့်ရှုသူများက အလွန်အံ့ဩသွားပြသည်။ ဖန်းပေါ်က ထိုသိုခုန်ထွက်လာမည်ဟု မည်သူကမှ မထင်ထားကြချေ။
ဟန်ဖေးယီ၏ခွန်အားက ဖန်းပေါ်လောက် မမြင့်မားသော်လည်း မည်သို့ပင်ဆိုစေ သူက နတ်စမ်းရေကို စတင်ကာ လေ့ကျင့်နိုင်နေပြီဖြစ်ရာ ခန္ဓာကိုယ်ထဲတွင် အဆီအနှစ်များကို လှည့်ပတ်နိုင်နေသေးပြီး သူ၏ခန္ဓာကိုယ်အပြင်ပိုင်းကို နတ်အလင်းတန်းဖြင့် ကာကွယ်ထားနိုင်သည်။
ဖန်းပေါ်၏ လက်သီးများက သူ့ကို ပြင်းပြင်းထန်ထန် ထုရိုက်နေသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာမရစေခဲ့ချေ။ သို့သော် သွေးတစ်စက်သာ ထွက်လာသည်။
သို့တိုင်အောင် ဟန်ဖေးယီ၏မျက်လုံးများက နီရဲလာသေးသည်။ သူ ယခင်က ယခုလိုမျိုး အရှုံးကြီးမရှူံးဖူးသေးချေ။ သူက ချက်ချင်းလိုလို အင်အားအပြည့်ထုတ်ရန် ကြိုးစားလိုက်သည်။ သူ၏ခါးသီးသော ဒုက္ခဆင်းရဲပင်လယ်က အလင်းတန်းများဖြင့် တောက်ပလာလေပြီး ဖန်းပေါ်ကို လွင့်ထွက်သွားစေလိုက်သည်။ ထို့နောက် သူ၏ဒုက္ခဆင်းရဲပင်လယ်ထဲမှ နတ်အရုပ်စာလို ချိန်းကြိုးကြီးများက ပေါ်ထွက်လာပြန်သည်။
ထိုချိန်းကြိုးများက အလွန်အမင်း တောက်ပနေပြီး ဖန်းပေါ်ကို ချုပ်နှောင်ထားသည်။ ဖန်းပေါ်က ချက်ချင်းလိုလို ဖယ်ထုတ်နိုင်အောင်ကြိုးစားသည်။
ဖန်းပေါ်က ချက်ချင်း ရုန်းကန်သည်။ သူက ဘေးဘက်ရှိ ကြီးများသောကျောက်တုံးကြီးကို ကောက်မကာ ရိုက်ချပြန်သည်။ ထိုသို့ဖြင့် ခပ်ကြမ်းကြမ်း ထုခွဲလိုက်သည်။
“ငါ မင်းကို ဆုပ်ဖြဲပြမယ်။”
ဟန်ဖေးယီ၏မျက်နှာက အလွန်အမင်းကြောက်စရာကောင်းလာသည်။ နတ်အရုပ်စာ ချိန်းကြိုးများစွာက သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံနေလေပြီး မိုးကြိုးအလင်းတန်းများလိုလက်လျက် ဖန်းပေါ်ထံ ပစ်လွှတ်လိုက်သည်။
ဗုန်း ..။
ထိုအခိုက် မြေပြင်တွင် ဖိချထားသော စိမ်းစိုသောတောအုပ် ချိတ်စည်းတံဆိပ်က ရုတ်တရက် မြောက်တက်လာသည်။ ယဲ့ဖန်းက လက်နှစ်ဖက်လုံးဖြင့်မလိုက်လျက် မြေကြီးထဲမှ ခုန်ထွက်လာခြင်းဖြစ်သည်။ သူက အားပြင်းပြင်းသုံးလျက် ဟန်ဖေးယီကို ထိုအတုံးကြီးဖြင့် ပြန်ပစ်ပေါက်သည်။
အစိမ်းရောင်အလင်းတန်းများက ဖျတ်ခနဲလက်လာပြီးနောက် အဖြူရောင်မြူထုက ဝေဝါးသွားသည်။ အသေးစား တောအုပ်တစ်ခုက ဟန်ဖေးယီထံ လွင့်ပစ်ခံလိုက်ရသည်နှင့် တူသည်။ ဟန်ဖေးယီ၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် တစ်ချိန်တည်းတွင် နှစ်ခုမလုပ်နိုင်သေးချေ။ သူက ချိတ်စည်းတံဆိပ်ကို ထိန်းချုပ်နေပြီး တစ်ဖက်ကလည်း နတ်ချိန်းကြိုးကို ထိန်းချုပ်ထားရသည်။
လက်ရှိအချိန်တွင် သူက ဖန်းပေါ်နှင့် တိုက်ခိုက်နေလျက် ယဲ့ဖန်းက ထွက်ပြေးရန် အခွင့်အရေးကောင်းရသွားသည်။ ယဲ့ဖန်း၏ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီးသည့်နောက် ပုံရိပ်ယောင်များကိုသာ ချန်ထားရစ်ခဲ့သည်။ သူက ချက်ချင်းလိုလို ချိတ်စည်းတံဆိပ်၏ နောက်မှ ကပ်လိုက်လာသည်။
ထိုအချိန် ချိတ်စည်းတံဆိပ်က တစ်ဖန်ပြန်လှည့်လာကြောင်း မြင်သောအခါ ဟန်ဖေးယီ၏မျက်နှာက ပြောင်းလဲသွားသည်။ သူက အလျင်အမြန် ဖန်းပေါ်ကိုတိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ထိုနတ်ချိန်းကြိုးများကို ပြန်ဆုတ်လိုက်သည်။ သူက ချိတ်စည်းတံဆိပ်ကိုလည်း ထိန်းချုပ်ပြီး ထိုနှစ်ယောက်လုံးက်ို သတ်လိုက်ချင်သည်။
သို့ရာတွင် ယဲ့ဖန်း၏ လှုပ်ရှားမှုက အလွန်အမင်းမြန်ဆန်သွားသည်။ သူက ချိတ် စည်းတံဆိပ်ရောက်လာသည်နှင့် တစ်ချိန်တည်းလိုလို ဝင်ရောက်လာသည်။ ဟန်ဖေးယီက ချိတ်စည်းတံဆိပ်ကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်ခင် ယဲ့ဖန်းက သူ၏အရှေ့သို့ ရောက်သွားပြီဖြစ်သည်။ သူ၏ ညာခြေက မြှောက်ပြီးနောက် ဟန်ဖေးယီ၏မျက်နှာကို ခပ်ကြမ်းကြမ်း စောင့်ကန်လိုက်သည်။
ထိုသို့ဖြင့် သွေးများက ပတ်ဝန်းကျင်သို့ လွင့်စင်သွားသည်။ ဟန်ဖေးယီ၏ နှာခေါင်းနှင့်ပါးစပ်က သွေးများစီးကျလာသည်။ သူက မီတာနှစ်ဆယ်ကျော်အကွာသို့ လွင့်ထွက်သွားသည်။ ချိတ်စည်းတံဆိပ်ကလည်း ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ယဲ့ဖန်းက မရပ်တံ့ချေ။ သူ၏တစ်ကိုယ်လုံးက အလင်းတန်းဖြင့် ပြောင်းလဲလိုက်လျက် ဟန်ဖေးယီ၏ အနောက်သို့ လိုက်သည်။ ဟန်ဖေးယီက မြေပြင်ပေါ်သို့ ပြုတ်မကျခင် ယဲ့ဖန်းက သူ၏ အရှေ့သို့ ရောက်သွားပြီဖြစ်သည်။ ယဲ့ဖန်း၏ခြေထောက်က လေထဲတွင် တစ်ဖန် လှုပ်ရှားသွားပြီးနောက် ပြင်းထန်စွာဖြင့် စောင့်ကန်လိုက်လေရာ ပတ်ဝန်းကျင်ရှိ လူများကို တုန်ရီသွားစေခဲ့သည်။ မြေပြင်ကပင် တသိမ့်သိမ့်တုန်သွားသည်။ ဟန်ဖေးယီ၏ကိုယ်က နှစ်ပိုင်း ကျိုးလုနီးပါး ဖြစ်သွားသည်။
တစ်ချိန်တည်းတွင်ပင် ဖန်းပေါ်က သူ၏ ရှေ့သို့ရောက်လာသည်။ သူကလည်း ခြေထောက်ကို မြှောက်ပြီးနောက် ဟန်ဖေးယီ၏ ဝမ်းဗိုက်အောက်ပိုင်းကို ခပ်ကြမ်းကြမ်း စောင့်ကန်လိုက်သည်။
“သူရဲ့ခေါင်းကို တိုက်ခိုက်။ သူ့ကို အာရုံမစိုက်စေနဲ့။” ယဲ့ဖန်းက လေသံတိုးတိုးဖြင့် အော်သည်။
ဖန်းပေါ်က ချက်ချင်းလိုလို အဓိပ္ပါယ်ကို နားလည်သွားသည်။ ယဲ့ဖန်းက ပြောသော အာရုံမစိုက်စေနဲ့ဆိုသောစကားက ထိုစည်းတံဆိပ်ကို ပြန်၍ ထိန်းချုပ်မည့်အရေးကို စိုးရိမ်၍ ဖြစ်သည်။ မဟုတ်လျှင် သူတို့နှစ်ယောက် ဒုက္ခရောက်ပေလိမ့်မည်။
ဗမ်း ဗမ်း ဗမ်း …။
နှစ်ယောက်လုံးက အလွန်အင်အားကြီးမားကြသည်။ တစ်ယောက်၏ ခြေထောက်တစ်ဖက်ချင်းစီတိုင်းက ပေါင်တစ်ထောင်ကျော်သော ကျောက်တုံးကြီးကို လွင့်ထုတ်အောင် ကန်နိုင်သည်။ ထို့ကြောင့် သူတို့က ဟန်ဖေးယီ၏ ကိုယ်ကို ခပ်ကြမ်းကြမ်း ကန်ကျောက်နေရာ မြေကြီးကပင် တုန်ရီရသည်။
ဟန်ဖေးယီ၏ ဒုက္ခဆင်းရဲပင်လယ်ထဲက နတ်စွမ်းအင်များက ဆက်တိုက်ထွက်လာပြီး သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသောကြောင့်သာ မဟုတ်လျှင် သူက သူတို့နှစ်ယောက်ကြောင့် အသားအပိုင်းအစများ ဖြစ်သွားသည်မှာ ကြာလောက်ချေပြီ။
ပတ်ဝန်းကျင်ရှိ လူများက မှင်သက်နေကြလေသည်။ ထိုနှစ်ယောက်က မူလက ဖိနှိပ်ခံထားရပြီး စိတ်ပျက်အားငယ်နေရသော ကာလမျိုးပင်ဖြစ်သည်။
သို့သော် ရုတ်တရက် အခြေအနေအလှည့်အပြောင်းကို ဖြစ်သွားစေပြီး အန္တရာယ်များသော အခြေအနေက တစ်ဖက်လူဖြစ်သွားကာ ဟန်ဖေးယီက ပြန်လည်ခုခံနေရသည်။ အခြေအနေက မယုံနိုင်စရာကောင်းလွန်းလေသည်။
“မင်းက ငါတို့နှစ်ယောက်ကို သေတဲ့အထိ နှိပ်စက်ချင်နေတယ်။ မင်းက ဒီအသက်အရွယ်မှာတောင် ဒီလောက် အကြံအစည်ကြီးနေပြီ။ မင်း အရွယ်ရောက်လာတဲ့အခါ ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲဆိုတာ ဘယ်သူက သိမှာလဲ။ ဒီတော့ မင်းကို အသေ ဆောင့်ကန်သတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။”
သူတို့က ထိုသို့ပြောလိုက်သော်လည်း နှစ်ယောက်လုံးက မည်သူ့ကိုမှ မသတ်ချင်ကြချေ။ ထိုသို့သာ သတ်လိုက်မိလျှင် ကိစ္စက ပိုကြီးသွားပေလိမ့်မည်။ သူတို့ကလည်း ဟန်ဖေးယီကို ဒီတိုင်း ပြန်မလွှတ်ပေးချင်ကြသည့်တိုင်အောင် ဖနောင့်ထဲကိုသာ အားပိုထည့်လိုက်လျက် ခန္ဓာကိုယ်မျက်နှာပြင်ပေါ်မှ တောက်ပသောအလင်းများကို မှိန်သည်ထက် မှိန်အောင် လုပ်နေရသည်။
ဟန်ဖေးယီက စိမ်းစိုသော တောအုပ် စည်းတံဆိပ်ကို ထိန်းချုပ်ချင်သည်။ သို့သော် အချိန်တိုင်းလိုလို ကျရှုံးနေခဲ့သည်။ စိမ်းစိုသော စည်းတံဆိပ်က အကြိမ်အနည်းငယ်လွင့်ထွက်ပြီး မြေပြင်ပေါ်သို့သာ မကြာခဏ ပြုတ်ကျနေခဲ့သည်။ သူက တဖြည်းဖြည်းချင်း မူးဝေလာရသည်။ သူ့အနေဖြင့် အာရုံစိုက်ရန် အလွန်အမင်းခက်ခဲလာခဲ့သည်။
အဆုံးတွင် ဟန်ဖေးယီက မည်သည့်ခွန်အားမှ မကျန်ရစ်တော့ချေ။ ဒုက္ခဆင်းရဲပင်လယ်ထဲမှ စွမ်းအင်များကလည်း ယခင်ကလို နတ်အလင်းတန်းများကို မလွင့်ထုတ်နိုင်တော့ချေ။ သူက ထိုလူနှစ်ယောက်၏ ဆောင့်ကန်ခံရပြီး နတ်အလင်းတန်းများကို ဆက်တိုက်သုံးစွဲနေရလျက် တဖြည်းဖြည်းချင်း စွမ်းအင်များက ကုန်ဆုံးလာခြင်းဖြစ်သည်။ ထိုသို့ဖြင့် ဆက်တိုက်စောင့်ကန်ခံနေရချိန်တွင် နာကျင်စွာဖြင့် လှိမ့်လျက် ညီးညူနေကြရသည်။
“ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်နိုင်ပြီး နတ်စွမ်းအင်အရင်းအမြစ် အနည်းငယ်လောက်ကို စပြီးကျင့်နိုင်တာနဲ့ဘဲ မင်းကိုမင်း ဆရာသခင်လို့ ထင်နေတာ။ မင်းကများ ငါတို့နှစ်ယောက်ကို သတ်ချင်တယ်။ မင်းက အရည်အချင်း မပြည့်မှီသေးဘူး။”
“ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး။ ဘာလို့ ငါတို့ကို လာပြီး ပစ်မှတ်ထားနေတာလဲ။”
“ဒီလောက်ငယ်ငယ်လေးနဲ့တောင် ဒီလောက် အကြံကြီးနေတယ်။ မင်းက ငါတို့ကိုတောင် သေတဲ့အထိ ရိုက်သတ်ချင်နေပါလား .. ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ဘာကိုမှ မထိန်ချန်ထားကြချေ။ သူတို့က ဟန်ဖေးယီက ဟန်ဆောင်နေမည်ကို စိုးရိမ်သည့်အတွက် ခပ်ကြမ်းကြမ်း တိုက်ခိုက်ကြသည်။ သိပ်မကြာခင်တွင် ဟန်ဖေးယီ၏ ပါးများက ယောင်ကိုင်းလာပြီး သွေးများက စီးကျလာသည်။ သူ၏ ပါးစပ်နှင့် နှာခေါင်းများကလည်း သွေးများစီးထွက်နေသည်။ ခေါင်းကလည်း ဝက်ခေါင်းလို ယောင်ကိုင်းလာသည်။
ဟန်ဖေးယီက နာကျင်မှုကို တောင့်မခံနိုင်ဘဲ ဆက်တိုက်အော်ဟစ်နေရသည့်တိုင်အောင် ထိုနှစ်ယောက်ကို ခပ်ကြမ်းကြမ်း ကြည့်​နေ​သေးသည်။
“ဒီကောင်က အတော့်ကို စရိုက်ကြမ်းတာပဲ။ ဒီတော့ သူ့ကို ဖယ်ရှားဖို့ လိုအပ်မယ်လို့ ထင်တယ်။”
“ငါတို့ကို ဒီလိုပစ်မှတ်ထားနေပြီး ရန်ငြိုးထားထားမယ်ဆိုရင် ငါတို့ သူ့ကို ဖယ်ရှားနိုင်တဲ့အခါ ဒုက္ခများသွားလိမ့်မယ်။”
ထိုနှစ်ယောက်၏ ဆွေးနွေးသံကို ကြားသောအခါ ဟန်ဖေးယီက နောက်ဆုံးတွင် ကြောက်လာသည်။ သူက အော်သည်။
“ငါ့ကို မသတ်ပါနဲ့…”
သူ့အသံက အလွန်ကျယ်သည်။ သူက တစ်စုံတစ်ယောက်ကို ကြားစေချင်သည့်အလား ထင်ရသည်။ သိပ်မကြာခင် သူက လေသံတိုးတိုးဖြင့်ပြောသည်။
“ငါ့ကို မသတ်ပါနဲ့။ ငါ့ရဲ့ မဟာဦးလေးက ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံက အကြီးအကဲတစ်ယောက်ပဲ။ မင်းတို့က ငါ့ကို သတ်ရင် မင်းတို့လည်း အသက်ရှင်ခွင့် ရမှာမဟုတ်ဘူး။”
ယဲ့ဖန်းနှင့်ဖန်းပေါ်က ချက်ချင်းလိုလို မျက်မှောင်ကြုံ့လိုက်ကြသည်။ ကိစ္စက ဒုက္ခများသည်ဟု သူတို့ကလည်း ခံစားရသည်။
“ရန်ငြိုးက ရှိပြီးမှတော့ ဘယ်လိုဖြစ်ဖြစ် ဖြေရှင်းရတော့မှာပဲ။”
ဟန်ဖေးယီက ထိုစကားများကြောင့် အထူးသဖြင့် ကြောက်ရွံ့လာသည်။ သူက ပြောသည်။
“ငါ့ကို မသတ်ပါနဲ့။ ဒီရန်ငြိုးက ဘာမှမဟုတ်သေးပါဘူး။ ငါ မင်းတို့ကို အနာဂတ်မှာ ဒုက္ခမပေးပါဘူး။”
ယဲ့ဖန်းနှင့်ဖန်းပေါ်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ လူတိုင်း၏ရှေ့တွင် သူတို့က သူ့ကိုသတ်၍ မရချေ။ မဟုတ်လျှင် ထိုအကြီးအကဲက သူတို့ကို ဒုက္ခလာရှာပေလိမ့်မည်။
အဆုံးတွင် ယဲ့ဖန်းက သူ့ကို ကြာကန်၏ အစွန်းသို့ခေါ်သွားပြီး ခြေထောက်နှစ်ချောင်းကို ကိုင်ကာ ဇော်ထိုးဆွဲထားလျက် အထဲသို့ ပစ်ထည့်ရန် ကြိုးစားသည်။
“မင်း…”
ဟန်ဖေးယီ၏မျက်ဝန်းများက မီးများတောက်လောင်လာသည်။ ထိုနှစ်ယောက်က သူ့ကို ဇောက်ထိုးဆွဲလိုက်လျှင် သူ၏ရှိသမျှ မျက်နှာတိုင်းကပျက်ပြီး ဒီကောင်းကင်ဘုံတွင် ဆက်နေရန် ခက်ခဲပေလိမ့်မည်။
ဆွေ့ ဆွေ့ …။
အလင်းတန်း ဖျတ်ခနဲလက်လျက် နတ်သက်တန့်ရောင်စင် တိမ်စိုင်နှစ်ခုက ထိုတောင်ထိပ်အနီးနားသို့ ရောက်လာပြီး ချောက်ကမ်းပါးဘေးဘက်သို့ ဆင်းလာသည်။
လူတိုင်းက ချက်ချင်းလိုလို နောက်ဆုတ်လာသည်။ ထိုနှစ်ယောက်က ထိုတိမ်စင်များကို ထိန်းချုပ်နိုင်ကတည်းက ကျွမ်းကျင်ပညာရှင်များ ဖြစ်ရပေမည်။ ခါးသီးသောပင်လယ်တွင် နတ်စမ်းရေကန်က သေချာပေါက် ရှိနေပေလိမ့်မည်။ ထို့အပြင် အသက်ဘီးနှင့်လည်း ဆက်သွယ်နိုင်သဖြင့်သာ ထိုတိမ်စင်စွမ်းအားကို ထုတ်သုံးနိုင်ချင်းဖြစ်သည်။
“စီနီယာအကို လီဖေး၊ စီနီယာမ ဝမ်ကျင်း”
ဟန်ဖေးယီက ထိုနှစ်ယောက်ကို မြင်သောအခါ ချက်ချင်းလှမ်းအော်သည်။
“စီနီယာတို့က ဒီနေ့ တရားစီရင်ရေးဌာနက ကင်းလှည့်တဲ့အဖွဲ့တွေ မဟုတ်လား။ မြန်မြန်လာပြီးတော့ သူတို့ကိုဆွဲကြပါ။ သူတို့က ကျွန်တော်ကို သတ်ချင်နေတယ်။”
ထိုအမျိုးသားနှင့် အမျိုးသမီးက အသက်နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ် ဝန်းကျင်ဖြစ်သည်။ အမျိုးသားက ကျော့ရှင်းကြည့်ကောင်းပြီး အမျိုးသမီးကမူ အလွန်အမင်း လှပလွန်းသည်။ သူတို့က အလွန်အမင်းချောမောကာ လှပနေခြင်းမရှိသော်လည်း မြင့်မြတ်သော အရှိန်အဝါမျိုးကို ထုတ်လွင့်နေသည်။
လီဖေးက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ပြောသည်။
“ဘာဖြစ်သွားလဲဆိုတာကို ငါတို့မြင်ခဲ့ပြီးသား။ မင်းကအရင်စတာပဲ။ သူတို့အမှားမှ မဟုတ်တာ။”
“မင်း…”
ဟန်ဖေးယီက ဒေါသထွက်ကာ အံ့ဩသွားသည်။ သို့ရာတွင် သူက ထိုနှစ်ယောက်ကိုပင် ရင်မဆိုင်ရဲချေ။
ဝမ်ကျင်းက ရှေ့နှစ်လှမ်းတိုးလာပြီးနောက် ယဲ့ဖန်းကိုပြောသည်။
“သူက မှားတယ်ဆိုပေမဲ့လည်း သူလည်း ခံစားရထားပြီးပါပြီ။ သူ့ကိုလွှတ်ပေးလိုက်ပါလား။”
ယဲ့ဖန်းက ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။ ထိုနှစ်ယောက်က ဟန်ဖေးယီကို ကယ်တင်လိုစိတ် မရှိကြောင်းကိုလည်း မြင်သည်။ ထို့ကြောင့် သူက ပြန်မငြင်းတော့ချေ။ ထိုသို့ဖြင့် ဟန်ဖေးယီကို ကမ်းစပ်ဘေးနားသို့ ပစ်ထုတ်လိုက်သည်။
ဟန်ဖေးယီက မတ်တပ်ထရပ်လာသည်။ သူ၏မျက်လုံးက မီးတောက်နေသည်။ သူက ဖန်းပေါ်နှင့် ယဲ့ဖန်းကို ခပ်ကြမ်းကြမ်းကြည့်သည်။
တစ်ချိန်ထဲတွင်ပင် လီဖေးနှင့် ဝမ်ကျင်းကိုလည်း မကျေမနပ်ကြည့်သေးသည်။ သူက အေးစက်စွာနှာခေါင်းရှုံ့ပြီးနောက် လှည့်ကာထွက်သွားရန် ပြင်သည်။
လီဖေးက သူ့ကိုလှမ်းတားကာ ပြောသည်။
“ဂျူနီယာ ညီငယ်ဟန် အနာဂတ်မှာ ဒီလို စိတ်လိုက်မာန်ပါ မလုပ်ဖို့ အကြံပေးချင်တယ်။ ဖန်းပေါ်က အကြီးအကဲဝူချင်ဖုန်းကိုယ်တိုင် အမ္မတ မျိုးစေ့အဖြစ် တရားဝင်သတ်မှတ်ထားပြီးသား။ တကယ်လို့ နောက်တစ်ခါ ဆက်ရှုပ်မယ်ဆိုရင် မင်းရဲ့မဟာဦးလေးကတောင်မှ မကာကွယ်နိုင်လောက်ဘူး။”
“ဘာ ..။ ” ဟန်ဖေးယီက ခပ်ကြမ်းကြမ်း ကြည့်လာသည်။ သူ၏ မျက်နှာတွင် အံ့အားသင့်မှုက အထင်းသားပေါ်လာသည်။
“သူက အမန္တမျိုးစေ့ဟုတ်လား။”
“ဟုတ်တယ် အမန္တမျိုးစေ့ပဲ။”
သာမန်တပည့်ဂိုဏ်းသားများက အမန္တမျိုးစေ့က ဘာကို ကိုယ်စားပြုကြောင်း မသိလောက်သော်လည်း သူက အကြီးအကဲတစ်ယောက်၏ မြေးဖြစ်သဖြင့် ဟန်ဖေးယီက နားမလည်ဘဲ မနေချေ။ မည်သည့်ကောင်းကင်ဂူတွင် မဆို ကောင်းချီးပေးခံရသော နေရာတွင်မဆို အမန္တမျိုးစေ့များကို ရတနာများကဲ့သို့ သတ်မှတ်ထားကြသည်။ ဒါက သူတို့ရဲ့အနာဂတ်အင်အားကို အုတ်မြစ်ခိုင်မာစေရန် ကြိုးစားကြလေသည်။
သဘာဝအလျှောက်ပင် ထိုသို့သော လူများကို ရှစ်နှစ် ဆယ်နှစ်အတွင်း လိုက်ရှာမည်ဆိုလျှင်ပင် တွေ့ရန်အလွန်အမင်း ခက်ခဲလေသည်။ ထို့ကြောင့် ထိုသူများက မည်မျှရှားပါးကြောင်း သိနိုင်​လေသည်။
ရှာတွေ့လိုက်သည်နှင့် ဂိုဏ်း၏ဆက်ခံသူများအဖြစ် သဘာဝအလျှောက် ပြုစုပျိုးထာင်ခံရလေသည်။ လက်ရှိအချိန်တွင် ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ အမန္တမျိုးစေ့များက ငါးယောက်ပင် မပြည့်ချေ။
“မဖြစ်နိုင်ဘူး .. ။”
ဟန်ဖေးယီ၏ မျက်နှာက မယုံကြည်နိုင်မှုက အထင်းသားပေါ်နေသည်။
“သူက အမန္တမျိုးစေ့ဆိုရင် ဘာလို့ ဒီနေရာကို လာပြီးသင်တာလဲ။”
ဝမ်ကျင်းက ပြန်ဖြေသည်။
“ဒါက အကြီးအကဲ ဝူချင်ဖုန်းက သူ့ကို အရမ်းထူးခြားတယ်လို့ မထင်စေချင်လို့ပဲ။ ပြောရရင် အကြီးအကဲ ဝူချင်ဖုန်း ကိုယ်တိုင်ကိုယ်ကျ သူ့ကို လွန်ခဲ့တဲ့လအနည်းငယ်က သင်ကြားပေးခဲ့ပြီးသား။ ဒီတော့ တာအိုကျမ်းစာကိုလည်း လက်ဆင့်ကမ်းထားပြီးသားပဲ။”
ဝမ်းကျင်းက ပြန်ဖြေသည်။ ဟန်ဖေးယီ၏ မျက်နှာက ဖြူဖျော့လာသည်။ အထူးသဖြင့် အကြီးအကဲ ဝူချင်ဖုန်းကိုယ်တိုင်က တာအိုကျမ်းစာကို လက်ဆင့်ကမ်းထားပြီးကြောင်း ကြားရချိန်တွင်ဖြစ်သည်။ ထို့​ကြောင့်ဖန်းပေါ်က အမန္တမျိုးစေ့ဖြစ်ကြောင်း သေချာသွားသည်။
လီဖေးက ဆက်ပြောသည်။
“အကြီးအကဲ ဝူချင်ဖုန်းက သူတို့ကို အမြဲတမ်း အာရုံစိုက်ထားတယ်။ အခုအခြေအနေကိုလည်း သူမြင်တော့ ဖန်းပေါ်က အမန္တမျိုးစေ့ဆိုတာကို ကြေညာဖို့ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် အနာဂတ်မှာ နင်စိတ်လိုက်မာန်ပါ မလုပ်ဖို့ လိုအပ်နတယ်။”
ဟန်ဖေးယီ၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းလာသည်။ သူက လက်ကို ဝေ့ယမ်းပြီး ထွက်သွားရန် လှည့်လာသည်။
ဖန်းပေါ်က မှင်သက်နေရာမှ ယခုမှ အသိပြန်ဝင်သည်။ ဟန်ဖေးယီက ထွက်သွားတော့မည့်အချိန်တွင် ထူးဆန်းသောမျက်နှာထားနှင့် လီဖေးနှင့်ဝမ်ကျင်းကို လှမ်းမေးလိုက်သည်။
“ဒီလိုဆိုရင် ကျွန်တော်အနာဂတ်မှာ သူ့ကို စိုးရိမ်စရာ မလိုဘူးပေါ့။”
ဝမ်ကျင်းကလည်း သူက စိုးရိမ်နေကြောင်း သိရသဖြင့် နှစ်သိမ့်ပေးလိုပ်သည်။
“မစိုးရိမ်ပါနဲ့။ သူက အကြီးအကဲရဲ့မြေး ဖြစ်နေရင်တောင် မကဘူး …။ ဂိုဏ်းခေါင်းဆောင်ရဲ့မြေးဆိုရင်တောင်မှ ဂရုစိုက်စရာ မလိုတော့ဘူး။”
“ဒါဆိုရင်တော့ စိတ်အေးပြီ။”
ဖန်းပေါ်က ခြေလှမ်းကျဲကြီးများဖြင့် နောက်မှလိုက်သွားသည်။ သူက ကြောက်စရာမလို စိုးရိမ်စရာမလိုသောအခါ ထိုအကောင်ကို ရိုက်နှက်လိုက်ချင်သည်။
ထိုအခြေနေက လီဖေးနှင့်ဝမ်ကျင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ သူတို့ ဘာပြောရမည်မှန်း မသိတော့ချေ။
ဟန်ဖေးယီ၏မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ခွေးအသေတစ်ကောင်ကို စားလိုက်ရသလို ခံစားလိုက်ရသည်။ သူက ဒေါသကို ဖိနှိပ်ပြီးနောက် လူအုပ်ကြားမှ အမြန်တိုးထွက်ကာ ပျောက်ကွယ်သွားတော့သည်။
အပိုင်း(၄၄)ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset