Chapter – 43
ဟန်ဖေးယီ၏ သုန်မှုန်သောမျက်နှာနှင့်အတူ အေးစက်သောမျက်ဝန်းကလည်း ပို၍တောက်ပလာသည်။ သူ၏နှုတ်ခမ်းထောင့်တွင် အထင်တသေးအပြုံးက ချိတ်ဆွဲထားလျက် ယဲ့ဖန်းနှင့်ဖန်းပေါ်ကို လူသေကောင်များကို ကြည့်သလို ကြည့်လိုက်သည်။
အနားမှ လူလေးယောက်ကမူ သူ၏ အမိန့်ကို ကြားသောအခါ လှောင်ပြောင်သော မျက်နှာထားမျိုးနှင့် ရှေ့သို့ လျှောက်လာကြသည်။ တဖြည်းဖြည်းချင်းဆီ ယဲ့ဖန်းနှင့်ဖန်းပေါ်ကို ဝိုင်းလိုက်သည်။
ထိုထဲမှ တစ်ယောက်က အသံကို တိုးပြီးနောက် လူအများ မကြားစေချင်သော ပုံစံမျိုးဖြင့် ပြောလိုက်သည်။
“အကြောက်အလန့်မဲ့တဲ့ အရူးတွေ။ ဝိညာဥ်အပျက်အစီး ကောင်ကင်ဘုံမှာ သူတို့ ရန်စလို့ မရတဲ့ လူအချို့ရှိတယ်။ ဂရုမစိုက်စွာနဲ့ ဒီနှစ်ကောင်က ဒီလိုစကားမျိုးကိုတောင် ပြောရဲတယ်ဆိုတော့ သေချင်နေတာပဲ ဖြစ်နိုင်တယ်။”
အခြားသောလူငယ်ကလည်း ခြေလှမ်းအနည်းငယ် ရှေ့တိုးသွားပြီး အထင်တသေး မျက်နှာထားမျိုးဖြင့် လှောင်လိုက်သည်။
“ဘယ်လောက် အံ့ဩစရာကောင်းလိုက်လဲ။ မင်းတို့က အခုမှ ဂိုဏ်းကို စဝင်လာခါစ။ ဒါတောင်မှ ဒီလောက်ထိ အကြောက်အလန့် မဲ့နေပြီ။ မင်းတို့က သေတယ်ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရလဲ မသိကြဘူးဘဲ။ ဒါပေမဲ့ မင်းတို့နှစ်ကောင်က သေတာထက် ဆိုးတဲ့ ဒုက္ခကို ခံရမယ်လို့ ငါ ယုံကြည်တယ်။ ဒီတိုင်း အလွယ်တကူတော့ သေခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။”
“တကယ်တော့ မင်းတို့နှစ်ယောက် ခံစားရသက်သာအောင် လုပ်ပေးလို့ရတဲ့ နည်းလမ်းတော့ရှိတယ်။”
အခြားတစ်ယောက်က ဝင်ပြောသည်။ သူ၏အသံက သာမန်ကိစ္စတစ်ခုကို ပြောနေသလိုသာ ဖြစ်နေပြီး ထိုနှစ်ယောက်က ဒီအတိုင်း အနင်းခံသင့်သော မြက်ပင်များထက် မပိုသော လူများအလား လှောင်လိုက်သည်။
“မင်းတို့ ကိုယ်ခြေထောက်ကို ချိုးလိုက်။ ပြီးတော့ ဒူးထောက်ပြီးတော့ အသနားခံ တောင်းပန်လိုက်။ အဲ့ဒီနောက် ကြာကန်ကို လေးဖက်ထောက်သွားပြီး ရွှံ့ထဲကို ခေါင်းသွားစိုက်လိုက်။ ဒီလိုဆိုရင်တော့ အေးအေးဆေးဆေး သေနိုင်လိမ့်မယ်။”
“ငါသာ မင်းတို့ နှစ်ယောက်ဆိုရင် ခံစားရသက်သာအောင် နံရံကို ခေါင်းနဲ့ ပြေးတိုက်လိုက်ပြီ။”
ထိုလေးယောက်က ယဲ့ဖန်းနှင့် ဖန်းပေါ်တို့ကို မျက်လုံးထဲပင် မထည့်ဘဲ ထိုသို့ ဆက်လှောင်နေကြသည်။ သူတို့က အရပ်မျက်နှာလေးခု၏ တစ်နေရာစီတွင် ရပ်လျက် တစ်ဘက်နှစ်ယောက် ထွက်ပြေးလွတ်မြောက်မည့် အခွင့်အရေးမပေးဘဲ ပိတ်ထားသည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်ကမူ ထိုသို့ အရှက်ခွဲခံရသော အခြေနေမျိုးကိူ ဘယ်သောအခါမှ မျိုချတက်သောသူများ မဟုတ်ချေ။ သို့ရာတွင် ထိုလေးယောက်က လွန်လွန်းအားကြီးလာသည်။ သို့သော် သူတို့က ဒေါသတကြီး တုန့်ပြန်ခဲ့ကြခြင်း မပြုဘဲ သာမန်အချင်းချင်း စကားပြောသလို လေသံဖြင့်သာ ပြန်ပြောလိုက်သည်။
” ဒီအရူးလေးကောင်က ဘာလာလုပ်နေတာလဲ။”
“သူတို့အပြင်ကို ထွက်လာတဲ့အချိန်မှာ သူတို့ရဲ့တစ်ခေါင်းလုံးကို တံခါးနဲ့ တိုက်မိသွားတာဖြစ်လောက်တယ်။ မဟုတ်ရင် ဘာလို့ ကြောင်တောင်တောင်စကားတွေကို ဆက်တိုက်ရေရွတ်နေမှာလဲ။”
ထိုနှစ်ယောက်ကမူ အပြင်လူက အရူးများကို ဆက်ကြည့်နေသည့်အလား ဆက်ပြောနေကြသည်။ ဒီကိစ္စတွင် သူတို့က မပါဝင်မပတ်သက်ဘဲ သူတို့က ပွဲကြည့်သူများအလား ထင်ရသည်။
အချိန်တိုင်းလိုလို သာမန်ပုံစံမျိုးဖြင့် မှတ်ချက်ပေးနေသော်လည်း ထိုလေးယောက်ကို ပို၍ဒေါသထွက်လာစေခဲ့သည်။ နှံကောင်လောက်ပင် စိတ်ထဲမထားသော အကောင်များက သူတို့ကိုပင် အကြောက်အလန့်မဲ့နေသည်။
သို့သော် သူတို့ကို ပြလာသော အပြုအမူအရ သူတို့ကို မျက်လုံးထဲမထည့်တာ သေချာသည်။ သူတို့၏ပါးစပ်များက ကြမ်းတမ်းပြီး သူတို့၏ဒေါသကို ပြင်းထန်လာစေသည်။ ထိုအချိန်တွင် အားလုံး၏မျက်နှာက ပျက်ယွင်းသွားကာ လှောင်ပြောင်သော အပြုံးများကိုပင် ဆက်ထိန်းမထားနိုင်တော့ချေ။
“အကျိုးအကြောင်း နားမလည်တဲ့အရူးတွေပဲ။”
တစ်ယောက်က ကျယ်လောင်စွာ အော်သည်။ သို့ရာတွင် ချက်ချင်း ရှေ့သို့ ပြေးမလာခဲ့ချေ။ သူတို့ကလည်း ထိုနှစ်ယောက်ကို ထူးခြားသောအင်အားမျိုး ပိုင်ဆိုင်ထားကြောင်းကို သတိထားမိပြီးလေပြီ။ ထို့ကြောင့် ဆိုးဆိုးရွားရွား မရှုံးချင်ကြချေ။
ချိ …။
သူ၏ချက်အောက်ပိုင်းမှ အလင်းတစ်စက်က ဖျတ်ခနဲလက်လာပြီးနောက် နတ်သင်္ကေတတစ်ခုက သံမဏိချိန်းကြိုးမှ လွတ်လာသလို ရေအားလှိုင်းတစ်ခုက ထွက်ပေါ်လာပြီး လျင်မြန်စွာ ယဲ့ဖန်းနှင့် ဖန်းပေါ်ကို ရစ်ပတ်လာသည်။
“ဒုက္ခဆင်းရဲပင်လယ်က ထွက်လာတဲ့ နတ်သင်္ကေတ။”
“သင်ပြပေးတဲ့ အကြီးအကဲပြောတဲ့အတိုင်းဆိုရင် ဒါက ကျင့်ကြံခြင်းအဆင့်မှာ အသေးစား အောင်မြင်တိုးတက်မှု ရရှိထားမှာပဲ ဒီလျှို့ဝှက်ဆန်းကျယ်တဲ့ သိုင်းမျိုးကို ထုတ်သုံးနိုင်လိမ့်မယ်။ သူက ကျွမ်းကျင်ပညာရှင်ပဲ။”
တစ်ချို့သူများထံမှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ လူအများစုကမူ ဂိုဏ်းသို့ ဝင်လာခါစဖြစ်နေလေရာ သူတို့အနေဖြင့် ထိုလျှို့ဝှက်ဆန်းကျယ်သောသိုင်းများကို သုံးတက်သူများကို တွေ့ရခဲလေသည်။
ထို့ကြောင့် လူတိုင်းက အံ့အားသင့်ဟန်ဖြစ်သွားသည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ လှုပ်ရှားမှုများက မြန်ဆန်ကြသည်။ သူတို့က ချက်ချင်းလိုလို ဘေးဘက်သို့ ခုန်ရှောင်ကြသည်။ ထိုသင်္ကေတချိန်းကြိုးက သူတို့၏ခန္ဓာကိုယ်နားမှ အသာအယာ ပွတ်တိုက် ဖြတ်ကျော်သွားသည်။ သို့ရာတွင် လျင်မြန်စွာဖြင့် ပြန်ရောက်လာကာ အနောက်မှ ရစ်ပတ်ရန် ကြိုးစားကြပြန်သည်။
ဒါက သူတို့အနေဖြင့် လျှို့ဝှက်ဆန်းကျယ်သော သိုင်းကို ထုတ်သုံးနိုင်သည့်သူကို ပထမဦးဆုံးအနေနှင့် ရင်ဆိုင်ရခြင်းဖြစ်နေသည်။ ထိုသင်္ကေတ၏ စွမ်းအားက မည့်သို့သောပုံစံ ရှိကြောင်းကိုလည်း မသိထားကြသေးချေ။ ထို့ကြောင့် မထိရဲကြချေ။ နှစ်ယောက်လုံးက ဆက်တိုက်ရှောင်နေကြသည်။
သို့ရာတွင် ထိုနတ်သင်္ကေတက အနားမှာ အရိပ်လိုဆက်လိုက်နေသည်။ သူတို့ ဖယ်ရှား၍ မရတော့ချေ။ ထို့အပြင် အလွန်အမင်း တောက်ပနေပြီး သတ္တုအရောင်အသွေးလည်း ရှိနေသေးပြန်သည်။ ထိုသို့ဖြင့်တောက်ပလျက် လျင်မြန်စွာဖြင့် သူတို့ကို ဝိုင်းပတ်လာပြန်သည်။
ဗမ်း …။
ယဲ့ဖန်းက ရုတ်တရက် ဘေးနားရှိ ကြီးမားသောကျောက်တုံးကြီးကို ကောက်မလိုက်ကာ ထိုနတ်သင်္ကေတကို ကြိုဆိုလျက် အောက်သို့ ဖိချလိုက်သည်။ နှစ်ဖက်က ထိပ်တိုက်ဆုံသွားသောအခါ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ အနည်းဆုံး ငါးရာကီလိုဂရမ်ခန့်လေးသော ထိုကျောက်တုံးကြီး၏ အပေါ်ယံမျက်နှာပြင်တွင် နက်ရှိုင်းသောအစင်းရာကြီး တစ်ခုက ထွက်ပေါ်လာသည်။ ဓား သို့မဟုတ် ပုဆိန်က ချန်ထားရစ်ခဲ့သလိုထင်ရသည်။
ထိုအခြေနေက ယဲ့ဖန်းနှင့် ဖန်းပေါ်တို့၏ မျက်နှာထားကို တစ်ချိန်တည်း ပြောင်းလဲသွားစေခဲ့သည်။ လျှိုဝှက်ဆန်းကျယ်သော သိုင်းများကို သုံးနိုင်သည့် ကျင့်ကြံသူများက အလွန်အင်အားကြီးမားသည်။ သေမျိုးတစ်ယောက်သာဆိုလျှင် ရင်ဆိုင်နိုင်မည် မထင်ချေ။
ထိုနတ်သင်္ကေတက ကျောက်တုံးကြီးကို အစင်းရာကြီးတစ်ခု ထင်အောင် လုပ်နိုင်ခဲ့သည့်တိုင် စွမ်းအားကုန်ဆုံး သွားသလိုဖြစ်သွားသည်။ တစ်ဖန် မှေးမှိန်သွားပြန်သည်။ ထို့နောက် လျင်မြန်စွာဖြင့်ပင် အရိပ်အဖြစ်ပြောင်လဲလျက် ထိုလူငယ်၏ ဒုက္ခဆင်းရဲပင်လယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်က တဆက်ဆက်တုန်နေပြီး ခြေနှစ်လှမ်းခန့်ပင် နောက်ဆုတ်လိုက်ရသေးသည်။
“နှံကောင်နှစ်ကောင်ရဲ့ အင်အားက သာမန်မဟုတ်ဘူး သတိထားကြ။ သူတို့ကြောင့် မင်းက ဒဏ်ရာရသွားရင် မျက်နှာပျက်ရလိမ့်မယ်။”
လူငယ်လေးယောက်ထဲမှ တစ်ယောက်က လေသံတိုးတိုးဖြင့် လှမ်းပြောသည်။
ဆွစ် ဆွစ် ဆွစ် ဆွစ် …။
အသံလေးသံ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် မတူသောအရောင်လေးရောင်ရှိသည့် အလင်းတန်းများက လူငယ်လေးယောက်၏ ဒုက္ခဆင်းရဲပင်လယ်ထံမှ ထွက်လာသည်။ နတ်သင်္ကေတ လေးခုက သံမဏိချိန်းကြိုးများအလား ယဲ့ဖန်းနှင့် ဖန်းပေါ်ကို အရပ်မျက်နှာလေးခုမှ တိုက်ခိုက်လာကြသည်။
တစ်ချိန်ထဲတွင်ပင် ယဲ့ဖန်းနှင့် ဖန်းပေါ်ကလည်း ပြန်လည်တိုက်ခိုက်လာသည်။ သူတို့က တောက်တန်းဝန်းကျင်တွင် ရှိနေလေရာ ကျောက်တုံးက မရှားချေ။ ထို့ပြင်ရှိနေကြသော ကျောက်တုံးကြီး ပေါင်းများစွာကလည်း အလွန်ကြီးမားနေသည်။ ထိုသို့ဖြင့် သူတို့က ငါးရာကီလိုဂရမ်ခန့် ကြီးသောကျောက်တုံးကြီး ပေါင်းများစွာကို သယ်မလျက် ခပ်ပြင်းပြင်း ရိုက်ချကြသည်။
ဗမ်း ဗမ်း ဗမ်း …။
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ထုတ်သုံးလိုက်သော နတ်အင်အားများက အလွန်အမင်း မှင်သက်ဖွယ်ကောင်းလွန်းသည်။ ထိုသို့ဖြင့် ကျောက်တုံးတစ်ခုပြီးတစ်ခုက လွင့်ထွက်သွားပြီး နတ်သင်္ကေများကို ထိမှန်သွားသည်။ တစ်ချိန်ထဲတွင်ပင် မြောက်များစွာသော ကျောက်တုံးကြီးများကလည်း ထိုလူငယ်များထံသို့ ဆက်လက်ဝင်ရောက်သွားသည်။
လူငယ်လေးယောက်က သိပ်မကြာခင်ကမှ နတ်သိုင်းများကို လေ့ကျင့်ဖူးကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့က ဖိအားများသွားကြသည်။ သူတို့က နတ်စွမ်းအင်အရင်းအမြစ် အနည်းငယ်ကို လေ့ကျင့်နိုင်ခဲ့ပြီး နတ်တင်္ကေတများကို သိပ်သည်းကာ ချိန်းကြိုးများလို အသုံးပြုနိုင်သော်လည်း ထိုနတ်သင်္ကေများ၏ အရှိန်နှုန်းကို လျင်မြန်အောင် မထိန်းချုပ်နိုင်ကျသေးချေ။ ထိုကျောက်တုံးကြီးများကို လျင်မြန်စွာ မရှောင်နိုင်ကြချေ။ ထိုသို့ဖြင့် သူတို့၏ပြိုင်ဘက်များကို အောင်မြင်စွာဖြင့် မရင်ဆိုင်နိုင်ကြတော့ချေ။
ဒုက္ခဆင်းရဲပင်လယ်ထဲမှ နတ်စွမ်းအားများစွာကို လေ့ကျင့်သင်ကြားပြီးနောက် သူတို့၏ခန္ဓာကိုယ်က အတော်လေး တိုးတက်လာခဲ့သည်။
သို့ရာတွင် ခွန်အားသီးသန့်အရဆိုသော် သူတို့က ယဲ့ဖန်းနှင့်ဖန်းပေါ်ကို မယှဥ်နိုင်ကျချေ။ တစ်ခဏအတွင်း ကြီးမားသောကျောက်တုံးကြီးများက ကီလိုဂရမ် ငါးရာခန့်ကျော်နေရာ သူတို့ထံ ဆက်တိုက် ဝင်ဆောင့်တိုးလာချိန်တွင် သူတို့ ရှောင်ရှားရန်သာ တက်နိုင်တော့သည်။
ကျောက်တုံးကြီးများက လေထဲတွင် ကခုန်နေသည်။ ငယ်ရွယ်သော ကျင့်ကြံသူလေးယောက်က တားဆီးနေရရုံသာမကဘဲ ဆက်တိုက် နောက်ဆုတ်နေရသည်။ ထိုသို့ဖြင့် သူတို့က အလွန်ကြီးမားသောကျောက်တုံးများက ထိမှန်ပြီး ပိကျသွားမည်ကို စိုးရိမ်နေကြရသည်။
ဝှစ် …။
ထိုအချိန်တွင် ယဲ့ဖန်းက ရုတ်တရက် အလွန်အမင်း မြန်ဆန်သောအရှိန်နှုန်းဖြင့် ရှေ့သို့ ခုန်တက်သွားပြီးနောက်တွင် ပုံရိပ်ယောင်ကိုသာ ချန်ထားရစ်ခဲ့သည်။
ဗမ်း …။
ထို့နောက် တစ်ဖန် တစ်ခဏအတွင် ငယ်ရွယ်သောကျင့်ကြံသူ တစ်ယောက်၏ ရှေ့တွင် ရောက်သွားသည်။ ထိုသို့ဖြင့် ရိုးရှင်းကာ တိုက်ရိုက်ကျသော လက်သီးဖြင့် ထိုလူငယ်၏ပါးစပ်နှင့် နှာခေါင်းကို ထိုးချလိုက်ကာ ထိုလူငယ်ကို လေထဲတွင် လွင့်ထွက်သွားစေသည်။
ယဲ့ဖန်းက အလွန်လှပပြီး အင်အားကြီးသော လက်သီးကို ထုတ်သုံးလိုက်ခြင်းဖြစ်သည်။ ယဲ့ဖန်းက ကျော့ရှင်းကြည့်ကောင်းစွာဖြင့် ခန္ဓာကိုယ်ကို ဝှေ့ထုတ်လိုက်ပြီး လက်မောင်းကိုတစ်ချက် ဖြာယမ်းလိုက်သည့်အချိန်တွင် သဘာဝအလင်းတန်းက ဖြာထွက်လာသလိုမျိုး ပေါ့ပါးစွာဖြင့် ကိုင်တွယ်လိုက်နိုင်ခြင်း ဖြစ်သည်။ သို့ရာတွင် သူက လက်သီးကို ယမ်းချလိုက်ချိန်တွင်မူ အလွန်ပြင်းထန်လွန်းလှလျက် ထိုသူငယ်က လွင့်ထွက်သွားရပြီး ဆယ်မီတာကျော်အထိ ရောက်သွားသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုလူငယ်၏ ပါးစပ်နှင့် နှာခေါင်းမှ ဆက်တိုက်ပန်းထွက်လာသော သွေးများကို မြင်နိုင်သေးသည်။ ထိုသွေးများက မီတာပေါင်းများစွာရောက်သည်အထိ ကောင်းကင်တွင် ပွင့်လန်းသွားကာ သွေးစက်ဝိုင်းခြမ်းတစ်ခုပင် ဖြစ်လာသေးသည်။
တစ်ချိန်ထဲတွင် နောက်ထပ် သွားခုနှစ်ချောင်း ရှစ်ချောင်းခန့်ကလည်း မြေပြင်သို့ ပြုတ်ကျသွားသည်။ တစ်ခြားတစ်ဖက်တွင်မူ ဖန်းပေါ်ကလည်း ခပ်ငြိမ်ငြိမ် ရပ်ကြည့်နေသည် မဟုတ်ချေ။ သူကလည်း တိုက်ခိုက်လိုက်သည်။ သူ၏အရှိန်နှုန်းကလည်း အလွန်အမင် း မြန်ဆန်နေသည်။ သူက ကြမ်းတမ်းစွာဖြင့် ခုန်ဝင်လာပြီးနောက် ကြီးမားသောကျောက်တုံးကြီး တစ်တုံးကို မြှောက်ကိုင်လိုက်ကာ အခြားသောကျင့်ကြံသူကို ကိုင်ပေါက်လိုက်သည်။ ထိုနေရာတွင်ပင် အရိုးကွဲအက်သံများက ထွက်ပေါ်လာသည်။ ကျောက်တုံးနှင့် အပစ်ခံရသောသူက မြေပြင်သို့ တိုက်ရိုက်ကျွံကျသွားသည်။
ဗမ်း ဗမ်း …။
နောက်ထပ် လေးလံသော အသံနှစ်သံထွက်လာပြီးနောက် ကျန်ရစ်သော လူနှစ်ယောက်ကလည်း အလားတူပင် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ကြောင့် လွင့်ထုတ်သွားရပြန်သည်။
ထိုအချိန်တွင် သူတို့က ပြင်းထန်သောခွန်အားကို အလှပြနေသလိုပင် ထင်ရသည်။ သူတို့၏ လက်ကြီးများက သံမဏိတူကြီးများအလား ထိုလူနှစ်ယောက်ကို သွေးများအန်ထုတ်ရသည်အထိ ဆက်တိုက်ထွေးအန်နေကြရသည်။
ထိုအချိန်တွင် ထိုလူငယ်လေးယောက်၏ တောက်ပသော နတ်သင်္ကေတများ၏ အလင်းတန်းကလည်း မှေးမှိန်သွားပြီး လျင်မြန်စွာဖြင့်ပြင် သူတို့၏ ဒုက္ခဆင်းရဲပင်လယ်ထဲသို့ ဝင်သွားသည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ဒုက္ခိတဖြစ်သွားသော ကျင့်ကြံသူလေးယာက်ကိုသာ မြေပြင်တွင် ကန့်လန့်ထားပေးလိုက်ကြပြီး မျက်နှာချင်းဆိုင် ရပ်ကာ ငုံ့ကြည့်လိုက်ကြသည်။
“မင်းတို့လေးယောက် ဘာပြောကြတာလဲ။ ငါတို့ နှစ်ယောက်က ကောင်းကင်နဲ့မြေပြင်ရဲ့ အတိမ်အနက်ကို မသိတဲ့ သူတွေဟုတ်လား။ ငါတို့က သေခြင်းရှင်ခြင်းရဲ့ ကွာခြားချက်ကိုတောင် မသိဘူးဆိုပဲ။ အခု ငါ မေးပါရစေ။ မင်တို့ကရော သိရဲ့လား။”
ထိုအချိန်တွင် ဖန်းပေါ်က ပြေးတက်သွားပြီးနောက် လေးကြိမ်ခန့် ကန်ကျောက်ပြန်သည်။ ထိုသို့ဖြင့် ထိုလေးယောက်ကို ရောင်စုံဘောလုံးများလို လွတ်သွားစေသည်။
“မင်းတို့လေးယောက်က နှံကောင်လို့သတ်မှတ်ထားတဲ့ ငါတို့နှစ်ယောက်က မင်းတို့ကို ကျေနပ်သလို သတ်လိုက်လို့ရတယ်ဆိုတာ နားလည်လား။”
“ငါတို့က ကိုယ့်ခြေထောက်ကို ချိုး ဒူးထောက်ပြီး အသနားခံရဦးမယ်ပေ့ါ။ နောက်တော့ လေးဖက်ထောက်သွားပြီး ကြာကန်ထဲကို ခုန်ဆင်းပြီး ရေထဲကို ခေါင်းစိုက်ရဦးမယ်ဆိုပဲ။”
“မင်းတို့က ငါတို့ကို သေတာထက် ဆိုးတဲ့ဘဝကို ရစေချင်တယ်။ မသေခင်ဆိုးရွားတဲ့ နှိပ်စက်မှုတွေကိုတောင် ခံစားစေချင်သေးတယ်။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကြွားဝါမှုလဲ။”
ဗမ်း ဗမ်း ဗမ်း …။
ယဲ့ဖန်းနှင့် ဖန်းပေါ်က ထိုလေးယောက်ကို မကျေမနပ်ဖြစ်နေကြသည်။ သူတို့က အနည်းငယ်မျှပင် သနားစိတ်မရှိကြသလို စာနာစိတ်လည်း မရှိကြချေ။
ထို့ကြောင့် ဆက်တိုက်ပင် ကန်ကြောက်နေကြသည်။ သဲအိတ်ကြီးများကို ဆက်တိုက် တက်နင်းသလို တက်နင်းသည်။ ထိုလေးယောက်လုံးက ရွှံ့နွံ လေးပုံဖြစ်သွားသလို ဆက်တိုက်ပင် ထိုးနက်ခံကြရသည်။
“တော်လောက်ပြီ .. ။”
ထိုအချိန်တွင် တစ်ချိန်လုံး အေးဆေးစွာ စောင့်ကြည့်နေသော ဟန်ဖေးယီက အနားသို့ရောက်လာသည်။ သူ၏မျက်လုံးများက အလွန်အမင်း အေးစက်နေပြီး မျက်နှာကမူ သုန်မှုန်နေကာ ရေညှစ်ချ၍ပင် ရသည်။
ဖန်းပေါ်က သူ့ကိုတစ်ချက်ကြည့်သည်။
“မင်းက တော်လောက်ပြီလို့ပြောတိုင်း ငါတို့က တော်ရမှာလား။ မင်းကို မင်း ဘာသောက်ကောင်လို့ ထင်နေတာလဲ။”
“သူတို့ကို လွှတ်လိုက်စမ်း .. ။”
ဟန်ဖေးယီ၏ အသံက အလွန်အေးစက်လာသည်။ ပတ်ဝန်းကျင်ရှိ လူများကမူ သူတို့က ရေခဲခန်းထဲသို့ ရောက်သွားသည်ဟု ခံစားလိုက်ကြရသည်။
တစ်ဖက်က ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ်ခန့်သာ ရှိသော်လည်း သူ၏လေသံနှင့် အပြုအမူအရှိန်အဝါများက အသက်နှင့်ပင် မလိုက်ဖက်ချေ။ အလွန်အမင်း မဲမှောင်နေလွန်းသည်။
” ငါတို့က ဘာလို့ မင်း ပြောတာကို နားထောင်ရမှာလဲ။”
ဖန်းပေါ်ကလည်း သူ ရောင်းသည့်ပစ္စည်းကို မဝယ်ချေ။
ယဲ့ဖန်းတစ်ယောက်ကမူ လျစ်လျူသာ ရှုထားသည်။ သူက ထိုနေရာတွင်သာ ဒီတိုင်း ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် မြေပြင်ပေါ်မှ လူနှစ်ယောက်ကို ဒရွတ်တိုက်ဆွဲလာသည်။ ထို့နောက် ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီးနောက် လက်မောင်းကို ရမ်းလာကာ လှလှပပဖြင့် လွင့်ပစ်လိုက်သည်။
ထိုနှစ်ယောက်ကမူ လေထဲတွင် လှံရှည်များလို တဖြောင့်ထဲ ထိုးထွက်သွားလေပြီး မီတာလေးဆယ် ငါးဆယ်အကွာအထိရောက်ကာ ကြာကန်၏အလယ်တွင် ခေါင်းသွားစိုက်ကျသည်။ တစ်ကိုယ်လုံးနီးပါးက အထဲသို့ ကျွံဝင်နေသလိုမျိုး ခြေထောက်နှစ်စုံကသာ အပြင်တွင် ထွက်လျက် ကျန်တော့သည်။
“မင်းက သေချင်နေတာပဲ။”
ဟန်ဖေးယီက အလွန်အမင်း ဒေါသထွက်သွားသောမျက်နှာထားကို ထုတ်ပြသည်။ သူ၏ တကိုယ်လုံးက အလွန်အမင်းအေးစက်သော လေထုကို လွင့်ထုတ်ကာ ရှေ့တက်လာသည်။ ယဲ့ဖန်းက သူ့ကို လျစ်လျူရှုထားပြီးနောက် နောက်နှစ်ယောက်ကို ထပ်ကောက်ပြန်ကာ ထိုသို့လွင့်ပစ်လိုက်ပြန်သည်။
ထိုသို့ဖြင့် တဖူးဖူးအသံနှင့် နောက်နှစ်ယောက်ကလည်း မြေပြင်ထဲသို့ ခေါင်းစိုက်လျက် အပြင်ဘက်တွင် ခြေထောက်နှစ်စုံကိုသာ ဖော်လျက် ကျန်ရစ်သည်။
ပတ်ဝန်းကျင်ရှိ လူထုကမူ အလွန်အမင်း အံ့အားသင့်ကာ ဆွံ့ရနေကြရပြန်သည်။ ဟန်ဖေးယီ၏ ဒုက္ခဆင်းရဲပင်လယ်က ပွင့်ထွက်လာပြီးနောက် အလွန်အမင်း မျက်စိကျိန်းမတတ် တောက်ပသောအလင်းတန်းများကို လွင့်ထုတ်လာသည်။
ထိုသို့ဖြင့် လေးထောင့်ပုံစံရှိသည့် သစ်သား စည်းတံဆိပ်တစ်ခုက ထွက်ပေါ်လာသည်။ ထိုစည်းတံဆိပ်က တစ်လက်မခန့်ပင် မရှိချေ။
သို့သော် အစိမ်းရင့်ရောင် အလင်းတန်းများ တောက်ပနေပြီး တဖြည်းဖြည်းချင်း ကြီးသည်ထက် ကြီးမားလာကာ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ထံ ဖိအားပေးရန် ကြိုးစားလာသည်။
ပတ်ဝန်းကျင်ရှိ လူများကလည်း ပို၍ပင် တအံ့တဩ အော်ဟစ်ကြရပြန်သည်။ ယင်းက အစစ်အမှန် စိမ်းစိုသောတောအုပ် ချိတ်စည်းတံဆိပ်ဖြစ်ပြီး ဒုက္ခဆင်းရဲပင်လယ်မှ နတ်စွမ်းအင်လောက်နှင့် ဖန်တီး၍ မရချေ။ ထို့ကြောင့် ယခင်တွေ့လိုက်ရသော နတ်သင်္ကေတလေးခုက ယှဥ်နိုင်လိမ့်မည်မဟုတ်ချေ။
ထိုစိမ်းစိုသော တောအုပ် ချိတ်စည်းတံဆိပ်က ဒုက္ခဆင်းရဲပင်လယ်ထဲမှ ထွက်လာပြီးသည်နှင့် အစိမ်းရောင်စွမ်းအင်များကို ထုတ်လွင့်တော့ကာ နေရာတိုင်းကို ဖိအားပေးတော့သည်။
အပိုင်း (၄၃) ပြီး၏။