Chapter – 41
ယခင်နှစ်လအတွင်း အကြီးအကဲ ဝူချင်ဖုန်းက အကောင်းဆုံးကြိုးစားကာ ဖန်းပေါ်နှင့် ယဲ့ဖန်းတို့ကို သင်ကြားပေးပြီး အမ္မတဖြစ်ရန် လျှောက်လမ်းသောလမ်းကြောင်းပေါ်သို့ တည့်မတ်ပေးသည်။
ဖန်းပေါ်၏ ကျင်ကြံခြင်းက အလွန်ချော့မွေ့ခဲ့သည်။ သူက သူ၏ကိုယ်ပိုင် အသက်ဘီးကို အာရုံခံနိုင်သည့်အပြင် အဆီအနှစ် ချီ လှည့်ပတ်အောင် လမ်းညွှန်နိုင်မည်လည်း ဖြစ်သည်။ သူ နောက်ထပ်လုပ်ရန် လိုအပ်သောအရာက အနာဂတ်တွင် နတ်စွမ်းအင်ရေကန်ကို ထုတ်လွင့်နိုင်ရန်အတွက် သူ၏ ဒုက္ခဆင်းရဲပင််လယ်ကို ဖွင့်ရန်ပင် ဖြစ်သည်။
ယဲ့ဖန်းကမူ သူ၏ အသက်ဘီးကို အာရုံမခံနိုင်သေးချေ။ ထိုနေရာက မည်သည့်အားလှိုင်းများမှ ထမနေဘဲ အားလုံးက တိတ်ဆိတ်နေခဲ့သည်။
သို့သော် နေ့စဥ်ကျင့်ကြံပြီးချိန်၌ သူက အမြဲတစေ လန်းဆန်းတက်ကြွပြီးကာ သက်တော့သက်သာရှိပြီး အားအင်အပြည့် ဖြစ်နေခဲ့သည်။ ဒီရက်များအတွင်း သူ၏ခွန်အားများ ဆက်တိုက်တိုးမြင့်လာခဲ့ကာ သူ၏ အရှိန်အဝါကလည်း ပြင်းပြင်းထန်ထန် မြင့်တက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ကပင် မမောနိုင် မပန်းနိုင်လောက်အောင် များပြားသော အဆီအနှစ် ချီ ဝိညာဥ်စွမ်းအားများပင် များပြားနေကြောင်း ခံစားနေရသည်။
ထိုသို့ဖြင့် အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မျက်တောင်တစ်ခက် အချိန်အတွင်း နှစ်လတာက ကုန်ဆုံးသွားလေသည်။ အကြီးအကဲ ဝူချင်ဖုန်းက ထွက်ခွာတော့မည်ဖြစ်ပြီး သူတို့ကို ဆက်လက်ပြီး တစ်ယောက်ထဲ မသင်ကြားနိုင်တော့ချေ။
“အမ္မတဖြစ်ဖို့ လျှောက်လမ်းတဲ့လမ်းကြောင်းက ခက်ခဲပြီး အန္တရာယ်များတယ်။ စိတ်ဓာတ်ခိုင်မာပြီး အဆက်မပြတ် ကြိုးသားနိုင်စွမ်းရှိတဲ့ လူကဘဲ အရာအားလုံးကို အောင်မြင်အောင် ကျော်ဖြတ်နိုင်လိမ့်မယ်။”
ထိုသို့ပြောပြီးနောက် အကြီးအကဲက ထွက်ခွာသွားသည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ထွက်ခွာသွားသော ဝူချင်ဖုန်း၏ နောက်ကျောကို ကြည့်နေမိကြသည်။ ထို့နောက် သူတို့က ဂါရဝပြုလိုက်ကြသည်။ ဒါက ယဥ်ကျေးမှုဖြင့် ပြုလိုက်ခြင်းမဟုတ်ဘဲ ရိုးသားသောစိတ်ရင်းဖြင့် ပြုလိုက်ခြင်း ဖြစ်သည်။
ထိုတောင်၏ အရှေ့တွင် တွဲဆက်လျက်ရှိသော တဲအိမ်သုံးအိမ်မှ ငါးအိမ်အထိရှိပြီး ဝါးတောအုပ်များလည်း ရှိသည်။ ထို့ကြောင့် တိတ်ဆိတ်ကာ ငြိမ်းချမ်းနေသည်။ ပုံမှန်အားဖြင့် သူတို့က ရိုးရှင်းသော လက်ဖက်ရည်နှင့် စားစရာများကိုသာ စားကြရသည်။ ယဲ့ဖန်းနှင့် ဖန်ပေါ်တို့က ဒီလိုဘဝတွင် ကျင့်သားရလာသည်။
မနက်ဖန်ဆိုလျှင် သူတို့က ဝိညာဥ် အပျက်အစီး တောင်ထိပ်သို့ သွားကာ ကျင့်ကြံရပေတော့မည်။ မူလက ယဲ့ဖန်းက တုန့်ဆိုင်းနေသေးသည်။ သူက စိတ်ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူသို့ မဝင်ထားချေ။ ထို့ကြောင့် ဖန်းပေါ်နှင့်အတူ ထိုနေရာသို့သွားရန် မသင့်တော်ချေ။
သို့ရာတွင် အကြအကဲ ဝူချင်ဖုန်းက သူ့ကို ကျားသစ်တံဆိပ်ပေးထားသည်။ ထိုတံဆိပ်နှင့်ဆိုလျှင် သူက ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ တပည့်ဂိုဏ်းသားမဟုတ်သော်လည်း ထိုနေရာတွင် သွားရောက်ပြီး ကျင့်ကြံ၍ရသည်။
တောက်ပသောလမင်းက ကောင်းကင်တွင် တွဲလျားဆွဲနေလေပြီ။ တောက်ပလွန်းသော လရောင်က အောက်သို့ ဖြာကျပေးနေ၏။ လရောင်က ညင်သာသိမ့်မွေ့ကာ ရေလှိုင်းများနှင့် တူသည်။ ထိုအနီးအနားတွင် ရှိသောတောအုပ်ကလည်း ဝေဝါးလာပြီး သဘာဝအလျှောက် အလင်းက တောက်ပလာသလို ဖြစ်လာသည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ကြယ်စင်ကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး အချိန်အတန်ကြာသည့်အထိ စကားမပြောဖြစ်ကြတော့ချေ။ သူတို့၏ နှလုံးသားထဲတွင် ကြယ်စင်များကို ရှာဖွေသလို ကြည့်နေမိကြသည်။ သို့သော် ညကောင်းကင်ရှိ ကြယ်စင်များကမူ အလွန်ထူးဆန်းသည်။ ရင်းနှီးကျွမ်းဝင်သော ကြယ်ကောင်းကင်များကို ပြန်မမြင်နိုင်ချေ။
အခြားလောက၏ ကြယ်စင်ကောင်းကင်သို့ ရောက်လာပြီးနောက် ကုန်လွန်သွားသော အတိတ်အချိန်ကို ပြန်တွေးမိချိန်တိုင်း သူတို့က ငေးရီသွားကြရသည်။ သူတို့၏ ယခင်က ရင်းနှီးကျွမ်းဝင်သော ကြယ်စင် ကောင်းကင်ကို မမြင်နိုင်တော့ချေ။
“ကောင်းကင်နန်းတော်ထဲမှာဆိုရင် ဘယ်နှစ်ဖြစ်နေမလဲ မသိဘူး။”
“လူတွေက ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို ခံစားရတယ်။ လမင်းကလည်း ပေါ်လိုက်ထွက်လိုက်ဖြစ်တယ်။ ဒီလူတွေ အသက်ရှည်ရှည် နေနိုင်ပါစေလို့ ငါဆုတောင်းတယ်။ ဒီလိုနဲ့ ငါတို့တွေ မိုင်ပေါင်းထောင်ချီ ဆက်လက်ပြီး ခရီးဆက်နိုင်ကြမှာပဲ။”
နှစ်ယောက်သားက မြက်ခင်းပြင်ပေါ်တွင် လဲလိုက်ကြပြီး ကောင်းကင်ကိုသာ ကြည့်နေကြသည်။ သူတို့က လက်ဖက်ရည်ခွက်များကို ကိုင်ထားကြသော်လည်း လက်ဖက်ရည်များကို ပါးစပ်ထဲသို့ မထည့်နိုင်ခဲ့ချေ။ အကြောင်းမူကာ သူတို့က ပက်လက်လှန်လိုက်သဖြင့် မျက်နှာပေါ်သို့ ကျမတတ်ဖြစ်သွားခဲ့သည်။
“ငါတို့ပြန်မသွားနိုင်တော့ဘူး။”
ထို့နောက် နှစ်ယောက်လုံးက အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်သွားကြပြန်သည်။ တိတ်တဆိတ် လဲနေပြီးနောက် ကြယ်စင်ကောင်းကင်ကို ကြည့်ပြီး စကားတစ်ခွန်းမှ မဆိုဖြစ်ကျတော့ချေ။
အချိန်အတန်ကြာမှသာ တိတ်ဆိိတ်မှုကို ဖြိုခွဲလိုက်သည်။
“ငါတို့ ကောင်းကောင်းနေပြီး ဆက်လက်ရှင်သန်သွားတာပဲ။”
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က အချိန်တွေကို အကောင်းဆုံး လိုက်ရောညီထွေမှုရှိအောင် နေတက်သူများ ဖြစ်ကြသည်။ ယာယီဆုံးရှုံးမှုက အတိတ်ကို နှုတ်ဆက်ခြင်းသာဖြစ်ပြီး ယခုက စတင်ပြီး သူတို့က အနာဂတ်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သူတို့က ဝမ်းနည်းစရာကိစ္စများကို လျင်လျင်မြန်မြန် ဖယ်ရှားလိုက်ကြပြီး ကျင့်ကြံခြင်းအတွက်သာ ဆက်လက်၍ ဆွေးနွေးနေကြတော့သည်။ သူတို့က နှစ်လသာ ကျင့်ကြံရသေးပြီး ဒါက သူတို့အတွက် ဘဝသစ်တစ်ခု ဖြစ်နေသည်။
မမျှော်လင့်ဖူးသော အတွေ့အကြုံလည်း ဖြစ်နေသည်။ တာအိုက ထာဝရ တည်ရှိနေမည်ဖြစ်ပြီး ရှေ့သို့လျှောက်လှမ်းရမည့် လမ်းကြောင်းကိုလည်း ခန့်မှန်း၍ မရသေးချေ။ သူတို့က ဒီလမ်းကြောင်းပေါ်သို့ ခြေချပြီးကတည်းက ဆက်လက်ပြီး သွားရန်သာ ရှိတော့သည်။
ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံက ယန် နယ်မြေ၏ အထွတ်အမြတ် နယ်မြေ ခြောက်ခုထဲမှ တစ်ခုဖြစ်သည်။ ကျော်ကြားသော ဂိုဏ်းကြီးများနှင့် မယှဥ်နိုင်သော်လည်း ကျင့်ကြံသူ ထောင်ကျော်ရှိပြီး ငယ်ရွယ်သော တပည့်ဂိုဏ်းသား ရာကျော်ရှိနေသေးသည်။
မနက်ခင်း နေမင်းက မြောက်တက်လာသောအခါ ရွှေရောင်နေရောင်ခြည်က တောင်ထိပ်ပေါ်သို့ ဖြာကျလာပြီး မျက်စိကျိန်းမတက် တောက်ပလာသည်။
ဝိညာဥ်အပျက်အစီး ချောက်ကမ်းပါးကို ခပ်နှိမ့်နှိမ့် ချောက်ကမ်းပါး ဆယ့်နှစ်ခုက ဝန်းရံပုံဖော်ထားခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခုက ဆက်စပ်မနေကြဘဲ အကွာအဝေးတစ်ခုစီ ခြားထားသည်။ ချောက်တစ်ခုစီတိုင်းက မမြင့်မားသလို ရှစ်မီတာခန့်သာလျှင် မြင့်နေသည်။
မနက်ခင်းအစောပိုင်းတွင် တပည့်ပေါင်းများစွာက ထိုနေရာတွင် စုဝေးရောက်ရှိနေကြလေပြီ။ ကျင့်ကြံခြင်းတွင် ကွာခြားချက်ကြောင့် သူတို့၏ ကျင့်ကြံမှုက သဘာဝအလျှောက်ပင် ကွာခြားသွားသည်။ သူတို့က သူတို့နားထောင်ချင်သည့် လျှို့ဝှက်ဆန်းကျယ်သည့် သိုင်းများအလိုက် မတူကွဲပြားသော တောင်များသို့ သွားနိုင်သည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်ကမူ စောစောရောက်လာသည်။ သူတို့က ဂိုဏ်းသို့ဝင်လာပြီကတည်းက အချိန်ကနောက်ကျနေ၍ ရွေးချယ်စရာ တစ်ခုပင်ရှိတော့သည်။ ထိုအချက်က နောက်ဆုံးတောင်ထိပ်သို့ သွားရန်ဖြစ်သည်။ ထိုနေရာတွင် လူပေါင်းများစွာ ရှိနေလေပြီး လှပတဲ့မင်းသမီး ပေါင်းများစွာရှိသည်။ အားလုံးက အယောက် လေးဆယ်မှ ငါးဆယ်အထိ ရှိသည်။ အငယ်ဆုံးက ခုနစ်နှစ် ရှစ်နှစ်အရွယ်များသာ ဖြစ်သည်။ သူတို့၏ မျက်နှာများကလည်း ကလေးဆန်နေသေးသည်။
အကြီးဆုံးကမူ အသက်သုံးဆယ် အရွယ်ဖြစ်သည်။ သူတို့၏ မျက်နှာကမူ ရင့်ကျက်မှု အပြည့်နှင့်ဖြစ်သည်။
ဝှစ် ….။
အလင်းက ဖျတ်ခနဲ လက်ပြီးနောက် အလင်းတန်းက လေထုကို ထိုးခွဲလာကာ တောင်ထိပ်ပေါ်သို့ ဆင်းသက်လာသည်။ အလင်းတန်း ပျောက်ကွယ်သွားသောအခါ အဖြူရောင်ဆံပင်နှင့် မုတ်ဆိတ်မွှေးကို ပိုင်ဆိုင်ထားသော တောင်ထိပ်ပေါ်တွင် ထိုင်နေသော လူအိုကြီးတစ်ယောက်ကို မြင်ရသည်။ သူက အောက်သို့ မျက်နှာသေဖြင့် ကြည့်ပြီးနောက် ဖန်းပေါ်နှင့် ယဲ့ဖန်းထံတွင် အကြည့်က ခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် လူတိုင်းကို ပြန်ကြည့်ပြန်သည်။ ဆက်လက်ပြီး သူ၏ သိုင်းပညာအကြောင်း ဆက်လက်ပို့ချသည်။
တစ်ချိန်ထဲတွင်ပင် အလင်းတန်းပေါင်း များစွာကလည်း အခြားသောတောင်ထိပ်များပေါ်သို့ ရောက်လာသည်။ ဝိညာဥ် အပျက်အစီး ကောင်းကင်ဘုံမှ အခြားသော အကြီးအကဲများလည်း ရောက်လာကြလေသည်။ သူတို့အားလုံးကလည်း အကွာအဝေး တစ်ခုဆီခြားကာ သင်ကြားပို့ချကြသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် နှောက်ယှက်မှုပေးလိမ့်မည် မဟုတ်ချေ။
မနက်ခင်း နေမင်းကို ရင်ဆိုင်ရပြီး သိုင်းပညာရပ်များအကြောင်း နားထောင်ရသည့် လူအများစုကမူ မြင့်မြတ်ကာ မှော်ဆန်သော ခံစားချက်မျိုးကို ရစေသည်။ အများစုက သိပ်မကြာခင်ကမှ တပည့်ဂိုဏ်းသားများ ဖြစ်နေကြသည်။ တောင်ကုန်းပေါ်မှ လူအိုကြီးက ရှေးဟောင်းရေတွင်းကြီးအလား တည်ငြိမ်နေသည်။ သူ၏အသံကလည်း တည်ငြိမ်နေသလို ခံစားချက်မဲ့သည်။ သူ၏ ရှင်းပြချက်များက အသေးစိတ်ကျသည်။ သူက ကျင့်ကြံခြင်းလမ်းစဥ်ပေါ်သို့ လျှောက်လမ်းကာစ လူများ ကြုံရလေ့ရှိသည့် အမှားအယွင်းများကိုလည်း ထောက်ပြပေးသည်။ နာရီဝက်ခန့်ကြာပြီးနောက် သင်ကြားခြင်းက အဆုံးသတ်သွားသည်။ လူအိုကြီးက မျက်နှာသေဖြင့် ငုံ့ကြည့်ပြီးနောက် ပြောသည်။
“မင်းတို့မှာ မေးစရာရှိရင် မေးနိုင်တယ်။ မရှိရင်တော့ ဒီလောက်နဲ့ပြီးပြီ။”
လူငယ်တစ်ချို့က အပြေးအလွှားလာကာ မေးခွန်းများမေးကြသည်။ လူအိုကြီးကလည်း တစ်ခုချင်းစီကို ဖြေပေးသည်။ မေးခွန်းများ ထပ်မရှိတော့သောအခါ သူက အလင်းတန်းကို စီးနှင်းလျက် ကောင်းကင်သို့ ပျံတက်သွားသည်။
ဒါက သူတို့က လျှို့ဝှက်ဆန်းကျယ်သော သိုင်းကို လာရောက် နားထောင်သူ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး သာမန်ဆန်လွန်းသည်ဟု ခံစားရသည်။ ထို့ကြောင့် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ကမူ အနည်းငယ်ပင် ပျင်းရိလာမိလေသည်။ ဒီနှစ်လ အတော်အတွင်း အကြီးအကဲ ဝူချင်ဖုန်း၏ လမ်းညွှန်ပြသမှုနှင့် အခြေခံ အလွန်ခိုင်မာသွားပြီဖြစ်လေရာ အာရုံစိုက်ထားသင့်သည့် အကြောင်းအရာများကိုလည်း သိထားပြီးသားဖြစ်လေသည်။
“တာအိုကျမ်းစာပိုဒ်ရဲ့ ပထမဆုံးအခန်းနဲ့တင် နှစ် နှစ်လောက် ကျင့်ကြံဖို့ လုံလောက်နေတာ ဒီလျှို့ဝှက်ဆန်းကျယ်တဲ့သိုင်းတွေက အရမ်းပျင်းစရာကောင်းတယ်။
လူအိုကြီးက ငါတို့ကို လမ်းညွှန်ပြသမှုတွေ ပေးထားပြီးသားဘဲ။”
“ဝါးနိုင်တာထက် ပိုမစားနဲ့။ လူအိုကြီးက ငါတို့ကို အခြေခံခိုင်မာအောင် လုပ်ရမယ်လို့ မပြောထားဘူးလား။ သူက ဒီလိုပြောထားကတည်းက အကြောင်းပြချက် ရှိမှာပေါ့။ ဒါကြောင့် ငါတို့ကို ဒီနေရာကို လာခိုင်းတာ ဖြစ်ရမယ်။”
နောက်ထပ် လဝက်ခန့်အတွင်းတွင် သူတို့နှစ်ယောက်က အလွန်ပင် ပျင်းရိနေသည့်တိုင်အောင် အဆုံးထိတောင့်ခံခဲ့ကြသည်။
အဆုံးတွင် သူတို့က အကျိုးအမြတ်ကို ရရှိလာသည်။ တောင်ထိပ်ပေါ်မှ သင်ကြားပေးခဲ့သော အကြီးအကဲက မကြာခဏဆိုသလို သူ၏အတွေ့အကြုံများအကြောင်း ကျင့်ကြံရသော တွေ့ကြုံမှုများအကြောင်း ဉာဏ်အလင်းပွင့်ရသော အကြောင်း ပြောပြသည်။
ထိုအခြေအနေက အလွန်အရေးကြီးသည်။ ထိုသို့သော ကျင့်ကြံခြင်းလမ်းစဥ်မျိုးက စတင်ကျင့်ကြံသူများတွင် ကြုံတွေ့ရခြင်း ဖြစ်လေသည်။ သူတို့၏ ကိုယ်ပိုင်အခြေအနေများနှင့်ယှဥ်သော် တစ်ဖက်လူများက ပြောပြသော အကြောင်းရာများမှတစ်ဆင့် ဉာဏ်အလင်းပွင့်သွားပြီး ကျင့်ကြံခြင်းအဆင့် တက်နှုန်း မြင့်မားသွားနိုင်သေးသည်။
နောက် မနက်ခင်းတွင် တောင်ထိပ်ပေါ်မှ အကြီးအကဲက လက်ဝါးကို ဖြန့်ပြသည်။ ချက်ချင်းလိုလို အလင်းတန်းဆယ်ခုကျော်က ဆင်းသက်လာလေပြီး ယဲ့ဖန်းနှင့် ဖန်းပေါ်တို့၏ လက်များပေါ်သို့ ကျသွားသည်။ လာရောက်နားထောင်သော တပည်ဂိုဏ်းသား တစ်ယောက်ချင်းစီတိုင်က သန့်ရှင်းကာ တောက်ပသော ကျောက်စိမ်းပုလင်းငယ်လေး တစ်လုံးစီ ရရှိလေသည်။ ဖွင့်လိုက်သောအခါ မွှေးပျံ့သောရနံ့က ချက်ချင်းလိုလို နှာခေါင်းဝထဲ ကျီဆယ်လာသည်။
“ဒါက မင်းတို့ကို ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်ပေးမဲ့ ဆေးရေပဲ။”
သင်ပြပေးသော အကြီးအကဲ၏ စကားက အလွန်တိကျပြတ်သားသည်။ သူက အပို စကားမပြောချေ။
ဒုက္ခဆင်းရဲပင်လယ်နှင့် အသက်ဘီးက အတူတွဲလျက် ရှိနေသည်။ အသက်ဘီးထဲတွင် ရှိနေသော ကြီးမားသော အဆီအနှစ်များစွာကို ထုတ်လွှင့်နိုင်ချင်လျှင် ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်နိုင်မှ ဖြစ်ပေလိမ့်မည်။
ထိုသေးငယ်သော ကျောက်စိမ်းပုလင်းထဲတွင် ရှိနေသော ဆေးရည်စက်လေးက အလွန်အဖိုးတန်လွန်းသည်။ သုံးလတစ်ကြိမ် တစ်ပုလင်းစီ ရရှိမည်ဖြစ်ပြီ တစ်နှစ်လျှင် လေးပုလင်းရရှိမည် ဖြစ်သည်။
ဖန်းပေါ်၏ ဒုက္ခဆင်းရဲပင်လယ်က တဖြည်းဖြည်း ပြောင်းလဲလာသည့်တိုင်အောင် သုံးလအတောအတွင်းတွင် သူက ဖုန်မှုန့်အရွယ်အစားခန့်မှ လက်သဲခွံအရွယ်အစားခန့်ထိ ပြောင်းလဲကာ ဖွင့်လာနိုင်သည်။ အထဲတွင်လည်း အသက်စွမ်းအင် အမျှင်ပေါင်းများစွာ ဝန်းရံနေပြီး သူ၏တစ်ကိုယ်လုံးက ပို၍ပင် တောင့်တင်း ခိုင်မာလာသလိုဖြစ်လာသည်။
ယဲ့ဖန်းကလည်း ထိုဆေးရည်ပုလင်းကို သောက်လိုက်သည့်တိုင်အောင် အနည်းငယ်သော ပြောင်းလဲမှုမှ ဖြစ်မလာခဲ့ချေ။ သူ၏ ဒုက္ခဆင်းရဲပင်လယ်က အလွန်ပင်တိတ်ဆိတ်နေသေးပြီး ပွင့်ပင် ပွင့်မလာခဲ့ချေ။ နှမ်းစေ့လောက်ပင် အသက်သွင်း မလာနိုင်သေးချေ။ ထို့ကြောင့် အသက် အဆီအနှစ်ကို အသက်သွင်းရန် ခက်ခဲလေသည်။
သို့ရာတွင် ဒီရက်များအတွင်း သူ၏အင်အားနှင့် အရှိန်နှုန်းက သိသိသာသာ တိုးတက်လာပြန်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိသော စွမ်းအင်များကလည်း ဆူပွက်တော့မတက်ဖြစ်လာကာ ချီနှင့်သွေးများကလည်း အလွန်အမင်း တက်ကြွလာ၏။ ၄င်းတို့က ပြင်းပြင်းထန်ထန် လှည့်ပတ်နေပြီး နဂါးတစ်ကောင်နှင့်ပင် ယှဥ်နိုင်လောက်သည်။
“ငါက ဒီတိုင်း ဖြည်းဖြည်းချင်းဘဲ ကျင့်သွားရလောက််တယ်။ ငါ ယာယီအားဖြင့် ဒုက္ခဆင်းရဲပင်လယ်ကို ကျင့်ကြံလို့ မရလောက်သေးဘူး။ ဒါမှမဟုတ် ငါက အသက်ဘီးနဲ့ ဆက်သွယ်လို့ မရနိုင်လောက်သေးဘူး။ ဒါပေမဲ့ ငါ့ရဲ့ခန္ဓာကိုယ်အခြေအနေက ပိုပြီးအင်အားကြီးသထက် ကြီးမားလာပြီ။ ဒါက ဆိုးရွားတဲ့ ကိစ္စတော့မဟုတ်ပါဘူး။”
“မင်းကသာ ငါ့ထက် အင်အားကြီးတယ်လို့ ခံစားနေရတယ်။ ငါက ဒုက္ခဆင်းရဲပင်လယ်ကို နေ့တိုင်းကျင့်ကြံနေပေမဲ့လည်း ခွန်အားလည်း မတိုးလာသလို အရှိန်နှုန်းလည်း မတိုးလာဘူး။ ငါ ဘာလျှို့ဝှက်ဆန်းကျယ်တဲ့သိုင်းကိုမှလည်း အသုံးမပြုနိုင်သေးဘူး။ ဒီအတိုင်းကျင့်ကြံတာက မှန်ရဲ့လား မသိတော့ပါဘူး။”
ဖန်းပေါ်က အထွတ်တက်သည်။
ဒုတိယမြောက်နေ့တွင် သူက ဆက်လက်ပြီး မတောင့်ခံနိုင်တော့ချေ။ တောင်ထိပ်အောက်တွင် သူက အကြီးအကဲကို လမ်းညွှန်မှု တောင်းခံသည်။
“အကြီးအကဲ ကျွန်တော်တို့ ဒီအတိုင်း ကျင့်ကြံလို့ အဆင်ပြေပါ့မလားလို့ မေးပါရစေ။ ကျွန်တော်တို့ ဘယ်အချိန်မှ သက်တန့်ရောင်စဥ် နတ်တိမ်ကို စီးပြီး ခရီးသွားနိုင်မှာလဲ။”
ထိုအကြီးအကဲက သူကိုကြည့်ပြီးနောက် မှိုင်တေတေဖြင့်ပြောသည်။
“ထမင်းစားရင်လည်း တလုတ်ချင်းစီ စားရတယ်။ လမ်းကိုလည်း တစ်လှမ်းချင်းစီ လျှောက်ရတယ်။ မင်းက လမ်းမလျှောက်တက်ဘဲ ပြေးချင်လို့ ရမလား။ ဒီလိုဆိုရင် လဲကျမှာပဲ။”
ထိုအကြီးအကဲက သူကို တည်ငြိမ်နေသည့်တိုင်အောင် အဖြေကို ပေးသွားသေးသည်။ အဓိက အကြောင်းပြချက်ကမူ လူတိုင်းအတွက် မျှော်လင့်ချက်ပေးနိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့် သူက အနာဂတ်မှ အခြေအနေများကိုလည်း ရှင်းပြပေးသေးသည်။
“ဒုက္ခဆင်းရဲပင်လယ်က လုံလောက်အောင် ကြီးမားလာတဲ့အခါမှာ နောက်ထပ် တက်ရမဲ့ အဆင့်က သယ်ဆောင်တာပဲ။ ဒီတော့ ဒုက္ခဆင်းရဲပင်လယ်ကို လမ်းကြောင်းဖွင့်နိုင်မဲ့ အသက်ဘီးနဲ့ ဆက်နိုင်မှ ဦးဆောင်နိုင်လိမ့်မယ်။ ဒီလိုဆိုရင် ပင်လယ်ရဲ့ အောင်ခြေပိုင်းမှာ ရှိတဲ့ အဲ့ဒီအသက်ဘီးနဲ့ ဆက်သွားနိုင်ပြီး စမ်းရေကန်ဖြစ်လာမယ်။ စမ်းရေကန် ဖြစ်လာတဲ့အခါ အဲ့ဒီထဲမှာရှိတဲ့ နတ်စွမ်းအင် အရင်းအမြစ်တွေဖြစ်တဲ့ အသက်ဘီးစွမ်းအားတွေကို အသုံးပြုလို့ရပြီ။ အဲ့ဒီအချိန်ကျမှ မင်းတို့က တစ်စုံတစ်ရာကို ထိန်းနိုင်တယ်လို့ သတ်မှတ်လို့ရတယ်။ အဲ့ဒီအချိန်ကျမှ လျှို့ဝှက်သိုင်းတွေကို သုံးနိုင်မယ်။ ဒီလိုမှ မင်းတို့ ဘာဆက်လုပ်နိုင်မယ်ဆိုတာကို မျှော်လင့်လို့ ရနိုင်မယ်။
အပိုင်း (၄၁) ပြီး၏။