Switch Mode

Chapter – 40

Chapter – 40

မျက်တောင်တစ်ခပ် အချိန်အတွင်း အချိန်များက ဆက်တိုက်ကုန်ဆုံးနေပြီး သုံးလတာက ကုန်ဆုံးသွားသည်။ ယဲ့ဖန်းနှင့် ဖန်းပေါ်က ထိုနေရာတွင် နေသားကျနေပြီ ဖြစ်သည်။ သူတို့၏ စိတ်မှ အပြောင်းအလဲအရ ဒီနေရာကို တဖြည်းဖြည်းခြင်း လက်ခံနိုင်လာသည်။
ထိုအချိန် အတောအတွင်း သူတို့နှစ်ယောက်က ကျင့်ကြံရန် မကြိုးစားကြသေးချေ။
ထို့အစား ဗဟုသုတများကိုသာ လေ့လာဆည်းပူးနေကြပြီး အနာဂတ်လမ်းအတွက် တွေးတောနေကြသည်။ အကြအကဲ ဝူချင်ဖုန်းကလည်း သူတို့ကို တွန်းအားမပေးချေ။ ထို့အစား သူတို့ကို အမျိုးမျိုးသော ကျင့်ကြံခြင်း အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုများကိုသာ ဝေမျှပေးနေခဲ့သည်။
ထိုအချက်များကလည်း ယဲ့ဖန်းနှင့် ဖန်းပေါ်အတွက် အရေးကြီးနေပြန်သည်။ နောက်ထပ် တစ်လကြာပြီးနောက် သူတို့က နောက်ဆုံးတွင် အရာအားလုံးကို နားလည်သွားပြီး စတင်ကျင့်ကြံနိုင်သွားသည်။
“အသက်ဘီးနဲ့ ဒုက္ခဆင်းရဲပင်လယ်က ဟန်ချက်ညီနေမှ ဖြစ်မယ်။ အသက်ဘီးကို ကျင့်ကြံဖို့ ဒုက္ခဆင်းရဲပင်လယ်ကိုလည်း ကျင့်ကြံရလိမ့်မယ်။ ဒါကြောင့် ဒုက္ခဆင်းရဲပင်လယ်ကနေ စကျင့်ကြံတယ်လို့ ပြောလို့ရတယ်။”
ကျင့်ကြံခြင်းလမ်းကြောင်းက ခက်ခဲသည်။
အထူးသဖြင့် အမ္မတလမ်းသို့ တက်လှမ်းရာတွင် ဖြစ်သည်။ တစ်စုံတစ်ယောက်က လမ်းညွှန်ပေးရန် လိုအပ်နေသေး​​​ပြန်သည်။ မဟုတ်လျှင် မည်သည့်နေရာက စ၍ မည်သည့်နေရာသို့ ဆင်းသက်ရမည်ဖြစ်ကြောင်း မသိနိုင်ချေ။
“နောက်နှစ်လအတောအတွင်း ငါက မင်းတို့ကို ကူညီပြီး ထာဝရ ရှင်သန်ခြင်း လမ်းစဥ်ထဲကို ဝင်နိုင်အောင် တရားဝင် ​ကျင့်ကြံသူတစ်ယောက်ဖြစ်အောင် သင်ပြပေးမယ်။ အဲ့ဒီနောက်တော့ ငါ မင်းတို့ကို ဆက်မသင်ပေးနိုင်တော့ဘူး။ ငါတစ်ယောက်ထဲလည်း သင်လို့မရတော့ဘူး။ ဒီတော့ မင်းတို့က ဝိညာဥ်အပျက်အစီး တောင်ထွတ်ကို သွားပြီး အခြားသူတွေနဲ့အတူ လျှို့ဝှက်ဆန်းကျယ်တဲ့ သိုင်းတွေအကြောင်းကို သင်ကြားရမယ်။ ဆရာတွေ ပြောပြတာကို နားထောင်ရမယ်။”
ယဲ့ဖန်းက ဒီဂိုဏ်းသို့ မဝင်သော်လည်း အကြီးအကဲ ဝူချန်ဖုန်းက သူ့ကို ထွက်ခွာရန် မမေးမြန်းချေ။ ဖန်းပေါ်နှင့် တစ်တန်းထဲ ဆက်ဆံပေးသည်။ ထိုအကြီးအကဲကလည်း ယဲ့ဖန်းကသာ ဆက်လက်ပြီး ကျင့်ကြံနေလျှင် ငရဲလမ်း မရှိနိုင်ကြောင်း သိထားသည်။ သို့သော် ရှေးဦးခေတ် မတိုင်ခင်က ယဲ့ဖန်း၏ ခန္ဓာကိုယ်က အကောင်းဆုံးဟု ခေါ်ဆို၍ ရခဲ့သည်။ ယခုမူ အသုံးမဝင်သော ခန္ဓာကိုယ် တည်ဆောက်ပုံ ဖြစ်သွားသည်။
ထာဝရ ရှင်သန်ခြင်း လမ်းစဥ်သို့ ဝင်ခါစ လူများအနေနှင့် အုတ်မြစ်တည်​ဆောက်ခြင်းက အရေးကြီးဆုံး ချက်ဖြစ်သည်။ ထို့မှသာ အနာဂတ်တွင် မြင့်မြင့်တက်လှမ်းနိုင်မည်ဖြစ်သည်။ ​အကြီးအကဲ ဝူချင်ဖုန်းက အင်အားအကြီးဆုံး အခြေခံသိုင်းဖြစ်သည့် တာအိုကျမ်းစာသိုင်းကို ထုတ်ပြလာသည်။
တာအိုကျမ်းစာဟု ဆိုသည့်အတိုင်း ထိုကျမ်းစာထဲတွင် မဟာတာအို အဆင့်မြင့်သိုင်းတစ်ခုကို မှတ်တမ်းတင်ထားသည်။ ဒဏ္ဍာရီအရ ကျယ်ပြောသော အရှေ့ပိုင်းနယ်မြေတွင် ရှေးဟောင်းကျမ်းစာ အနည်းငယ်ကသာ ထိုသိုင်းမျိုးကို ယှဥ်နိုင်သည်ဟု ဆိုသည်။ အခြားသော မည်သူကမှလည်း ထိုသိုင်းကို အကန့်အသတ်ထိရအောင် မကျင့်ကြံနိုင်ကြချေ။
သို့သော် ဝိညာဥ် အပျက်အစီး ကောင်းကင်ဘုံအနေနှင့် အစစ်အမှန် တာအိုကျမ်းစာမျိုးကို ပိုင်ဆိုင်ရန် ခက်ခဲလေသည်။ ကောင်းချီးပေး ကောင်းကင်နယ်မြေများတွင် ထိုကဲ့သို့သော အုတ်မြစ်ကျမ်းများကို ပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် ယခုက ထိုတာအိုကျမ်းစာ၏ ပထမပိုင်းသာဖြစ်သည်။ ပို၍ဆိုးသည်မှာ ထိုပထမအပိုင်းက ယန်တိုင်းပြည်တွင် တစ်ခုတည်းသော တည်ရှိသည့် သိုင်းလည်း မဟုတ်ချေ။ မဟုတ်လျှင် ဂိုဏ်းက ပျက်စီးသွားရပေလိမ့်မည်။
သံသယဝင်ရန် မလိုလောက်အောင် ဝိညာဥ်ပျက်စီးခြင်း ကောင်းကင်ဘုံက ထုတ်ပေးနိုင်သော ထိုတာအိုကျမ်းစာကို ပါရမီကြီးလွန်းသော တပည့်ဂိုဏ်းသားများအတွက်သာ ရည်ရွယ်ထားလေသည်။ ဤနည်းအားဖြင့် သူတို့၏ အုတ်မြစ်ကို ခိုင်မာလာစေသည်။ ဤနည်းအားဖြင့် အနာဂတ်တွင် အကျိုးကျေးဇူး များစွာရရှိလာမည် ဖြစ်သည်။
အဆီအနှစ်အုတ်မြစ်က အရေးကြီးသော်လည်း ဂိုဏ်းတစ်ဂိုဏ်းတွင် ဒီလို သိုင်းမျိုးကို ပိုင်ဆိုင်သောအချက်က လျှို့ဝှက်ချက် မဟုတ်​တော့ချေ။
ထို့ကြောင့် အကြီးအကဲ ဝူချန်ဖုန်းအနေဖြင့် ယဲ့ဖန်းထံမှ ဖုံးကွယ်ထားရန် မလိုအပ်ဘဲ နှစ်ယောက်လုံးကို တိုက်ရိုက်သင်ကြားပေးနိုင်သည်။
တာအိုကျမ်းစာက အလွန်နက်ရှိုင်းကာ အဆင့်မြင့် ရှေးဟောင်းကျမ်းစာကြီး ဖြစ်သည်။
မဟုတ်လျှင် အရှေ့ပိုင်း အဖော်မဲ့ ပိုင်နက် နယ်မြေကြီးတွင် နှစ်ပေါင်းများစွာကြာအောင် ကျော်ကြားလိမ့်မည်မဟုတ်ချေ။ အဖွင့်စာပိုဒ်ကတင် နက်နဲသော အဓိပ္ပါယ်များ ပေါ်လွင်နေပြီဖြစ်သည်။ စကားလုံး ထောင်ဂဏန်းအနည်းငယ်သာလျှင် ပါရှိသော်လည်း အကြီးအကဲဝူချန်ဖုန်းက လဝက်ခန့် အချိန်ယူကာ ရှင်းပြပေးရသည်။
တာအိုကျမ်းစာမှ စာကြောင်းတိုင်းက လေးနက်သော အဓိပ္ပါယ်များပါသည်။ အဆုံးစမဲ့သော လျှို့ဝှက်ဆန်းကျယ်မှုများကလည်း ပါဝင်နေသေးကာ အထွတ်အထိတ်ထိရောက်အောင် တောက်လျှောက်ရှင်း​ပြသွားလိုက်နိုင်သည်။ အင်အားကြီးမားသော ကျင့်ကြံသူတစ်ယောက်ကပင် ထိုစာပိုဒ်များကို ဖတ်ပြီး သက်ပြင်းချရလောက်သည်။ ဤအခြေခံအကျဆုံး စာပိုဒ်ကပင် လျှို့ဝှက်ဆန်းကျယ်လွန်းနေသည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်က နေ့ရက်တိုင်းလိုလို အလေးအနက်ထား ကျင့်ကြံကြသည်။ တာအိုကျမ်းစာ စာပိုဒ်အရ သူတို့က ပထမဦးဆုံး ကိုယ့်အသက်ဘီးကို ခံစားမိကြမည်ဖြစ်ပြီး အဆီအနှစ် ချီကို လမ်းညွှန်ကာ ဒုက္ခဆင်းရဲပင်လယ်ကို တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုဖြစ်စဥ်တွင် သဘာဝအလျှောက်ပင် အလွန်အမင်း လျှို့ဝှက်ဆန်းကျယ်လွန်းသည့် အာရုံခံသည့် နည်းလမ်းတစ်မျိုးကိုလည်း ထုတ်သုံးရန် လိုအပ်သည်။ ဒါက တိကျသော လမ်းညွှန်ပေးသော အချက်ဖြစ်သည်။
သို့ရာတွင် ဒီတစ်ကြိမ်က မလုံလောက်သေးချေ။ မည်သို့ပင်ဆိုစေ ကိုယ်တိုင်ကျင့်ကြံရာတွင် ထိုတံခါးကို ကိုယ်တိုင်ချိုးဖျက်ရလေရာ အလွန်ခက်ခဲနေသေးပြန်သည်။ လူတစ်ယောက်က ကောင်းကင်ဘုံ ချီဖြင့် လမ်းညွှန်ပြသပေးရန် လိုအပ်သည်။
အကြီးအကဲ ဝူချန်ဖုန်းက ကိုယ်တိုင်ကိုယ်ကျ ထိုသို့လုပ်ပေးသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အဆီအနှစ် အုပ်မြစ်ကို ဆက်တိုက်လှည့်ပတ်ပြီးနောက် သူ၏ လက်များက ယဲ့ဖန်းနှင့် ဖန်းပေါ်တို့၏ ချက်အောက်ပိုင်းနေရာသို့ ဖိထားလျက် လမ်းညွှန်ပြသပေးခြင်း ဖြစ်သည်။
ဆယ်ရက်ကျော်ခန့် ကြာပြီးနောက် ဖန်းပေါ်က နောက်ဆုံးတွင် အသက်ဘီး၏ တည်ရှိမှုကို ခံစားမိလာသည်။ နောက်ရက်အနည်းငယ် ကြာပြီးနောက် သူက အသက်ဘီးထဲတွင် ပုန်းအောင်းနေသော ချည်အဆီအနှစ်များကို လမ်းညွှန်ပေးလျက် ဒုက္ခဆင်းရဲပင်လယ်ကို တိုက်ခိုက်နိုင်သွားသည်။ သို့ရာတွင် ယဲ့ဖန်းကမူ မအောင်မြင်သေးချေ။ သူ၏ အသက်ဘီးက တိတ်ဆိတ်နေသည်။ နတ်သတ္တုတုံးကြီးကဲ့သို့ မာကျောကာ တိတ်ဆိတ်နေခြင်းဖြစ်ပြီး အကြီးအကဲ ဝူချန်ဖုန်းကဲ့သို့ အင်အားကြီးမားသောသူပင် ဒါကို ဖောက်ဖို့ မဖြစ်နိုင်သည့်အတွက် လမ်းညွှန်ရန် မဖြစ်နိုင်ချေ။
“ဒီလို ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ရှိတာက တကယ်ကို မျှော်လင့်ဖို့ ခက်ခဲတာပဲ။”
အကြီးအကဲ ဝူချန်ဖုန်းက မျက်မှောင်ကြုတ်သည်။ အဆုံးတွင် သူက ရွေးချယ်စရာ မရှိတော့ဘဲ လက်လျော့လိုက်ရသည်။ သူက ခန္ဓာကိုယ်ထဲက အဆီအနှစ်တိုင်းနည်းပါးကို ထုတ်သုံးခဲ့သည့်တိုင်အောင် ထိုအသက်ဘီး မလှုပ်ခါသွားခဲ့ချေ။ အကြီးအကဲ ဝူချန်ဖုန်းက လက်လျော့တော့မည့် အနေအထားမျိုး ဖြစ်ကြောင်းကို မြင်ရသောအခါ ဖန်းပေါ်က အလျင်စလို အသနားခံသည်။
“အကြီးအကဲ ..။ အကြီးအကဲ ဆက်တိုက်ဝင်ပြီး ကူညီရမယ်။ အကြီးအကဲ ယဲ့ဖန်းကိုသာ ကူညီပေးရင် သူနောက်တစ်ချိန်ဆိုရင် အောင်မြင်သွားမှာပါ။”
အကြီးအကဲ ဝူချန်ဖုန်းက ခေါင်းခါသည်။
“ဟူး …။ ငါက မကူညီချင်တာမဟုတ်ဘဲ နည်းလမ်းမရှိတော့တာပဲ။ ဒီလို ခန္ဓာကိုယ်တည်ဆောက်ပုံအရ ဘယ်သူကမှ လမ်းမညွှန်ပေးနိုင်ဘူး။ သူကိုယ်တိုင်ကဘဲ အားကိုးရလိမ့်မယ်။”
ဖန်းပေါ်က ပြုံးကာ အသနားခံပြန်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့ အကြီးအကဲ ဆက်ပြီး မစမ်းကြည့်ရတာလဲ။”
ဒီလိုခန္ဓာကိုယ် တည်ဆောက်ပုံမျိုးက ရှေ့ဦးမူလခေတ်မှာဆိုရင်တော့ ပထမတန်းစား အထွတ်အမြတ် ခန္ဓာကိုယ်တည်ဆောက်ပုံပဲ။ သဘာဝအလျှောက်ပဲ။ ငါတို့တွေ ဘယ်နားလည်နိုင်ပါ့မလဲ။ လျှို့ဝှက်ချက်တွေ အများကြီးပဲ။ ဒီလျှို့ဝှက်ချက်တွေကိုလည်း မသိနိုင်သေးဘူး။ ဒါပေမဲ့ အချို့အကြောင်းပြချက်တွေကြောင့် ယခင်အတိုင်း မအောင်မြင်နိုင်တော့ဘူး။ ဒီတော့ ထူးခြားတဲ့ သိုင်းတစ်ခု လိုအပ်တာလား။ ထူးခြားတဲ့ နည်းလမ်းတစ်ခု ရှိနေတာလား မသိနိုင်တော့ဘူးပေါ့။”
ထိုအချိန်တွင် ယဲ့ဖန်းက တရားထိုင်နေဆဲ ရှိနေသေးသည်။ သူက အသိမဝင်သေးချေ။
ဖန်းပေါ်က ဆက်ပြောသည်။
“အကြီးအကဲ ကြည့်သင့်တယ်လို့ ထင်တာပဲ။ အကြီးအကဲ အကြောင်းပြချက်တွေကို ရှာတွေ့ရင် ဒါက ရှေးဦးခေတ် ကတည်းက ကျော်ကြားခဲ့တဲ့ ပထမတန်းစား အထွတ်အမြတ်ခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းသွားနိုင်သေးတာပဲ။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက ကောင်းကင်အထိ ထိုးတက်သွားလိမ့်မယ်။”
အကြီးအကဲ ဝူချန်ဖုန်းက သက်တမ်းကြာရှည်စွာ နေထိုင်ခဲ့ပြီး ဖြစ်လေရာ လောက၏ အတွေ့အကြုံပေါင်းများစွားကို တွေ့ကြုံခဲ့ပြီးလေပြီ။ သူ့ကို ဖန်းပေါ်က အရူး မလုပ်နိုင်ချေ။ သူက ခေါင်းကိုခါကာ ပြောသည်။
“အကြို ရှေးဦးခေတ်တုန်းက ဒီလိုတည်ဆောက်ပုံမျိုး အများကြီး ပေါ်ခဲ့ဖူးတယ်။ အရှေ့ပိုင်းကုန်းမြေက အထွတ်အမြတ်နယ်မြေတွေတောင် ကူကယ်ရာမဲ့ခဲ့ရတယ်။ ငါတို့ရဲ့ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက အခွင့်အရေး ရှိမယ်ထင်လို့လား။”
“အား”
ထိုအချိန်တွင် အကြီးအကဲ ဝူချန်ဖုန်းက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ ယဲ့ဖန်း၏ ချက်အောက်သို့ ပို့ထားသော လက်က အဆီအနှစ်များကို တစ်ဖန်စုစည်းကာ ထိုးသွင်းရန် ကြိုးစားပြန်သည်။
“ဘယ်လိုနေလဲ အကြီးအကဲ။ မျှော်လင့်ချက်ရှိလား။”
ဖန်းပေါ်က စိုးရိမ်တကြီး မေးသည်။
အချိန်အတန်ကြာပြီးနောက် ဝူချင်ဖုန်းက လက်ကိုပြန်ရုတ်ကာ ခေါင်းခါသည်။
“အသက်ဘီးနဲ့ ဒုက္ခဆင်းရဲပင်လယ်က အရင်အတိုင်း မာကြောနေတုန်းပဲ။ သူတို့က ဘာဖိအားမှ မထုတ်လွင့်ဘဲ တိတ်ဆိတ်နေကြတာ။ ဒါပေမဲ့ ငါ ထူးဆန်းတဲ့ ခံစားချက်ရတယ်။ သူ့ရဲ့ သွေးအဆီအနှစ်က အရင်ကထက် ပိုပြီး အားအင်ပြည့်ဝလာတယ်။ နောက်ပြီး ဖမ်းမိဖို့​တောင် ခက်ခဲလာတယ်။ ငါ အခုလေးတင် အားလှိုင်းတစ်ခုကို ခံစားမိလိုက်သလိုပဲ။”
“သွေးအဆီအနှစ်က အားပြည့်လာတယ် ဟုတ်လား။” ဖန်းပေါ်ကလည်း စိတ်ရှုပ်သွားသည်။
“ဟုတ်တယ် မင်းတို့နှစ်ယောက် ရှေးဦးခေတ်က အထွတ်အမြတ် သစ်သီးကို မတော်တဆ စားမိသွားကြတယ် မဟုတ်လား။ နောက်တော့ နတ်ရေစင်ကိုလည်း သောက်ခဲ့ကြတယ်လေ။ ဒီတော့ မင်းတို့ရဲ့ ခန္ဓာကိုယ်က ပြန်လည်မွေးဖွားလာသလို အများကြီးတိုးတက်လာခဲ့တယ်။ မင်းတို့ရဲ့ သွေးအဆီအနှစ်ကလည်း အရမ်းကို အားအင်ပြည့်ဖြိုးလာခဲ့တယ်။”
ထိုအချိန်တွင် အကြီးအကဲ ဝူချန်ဖုန်းက ပဟေဠိဖြစ်သော မျက်နှာထားမျိုးဖြင့်ပြောသည်။
“ကုန်လွန်ခဲ့တဲ့ ရက်တွေမှာ တာအိုကျမ်းစာပိုဒ်ကို လေ့ကျင့်​တော့ သူက ဘာတိုးတက်မှုမှ မရှိခဲ့ဘဲ အရင်အတိုင်းပဲ။ ဒါပေမဲ့ အခု ဘာလို့ သူရဲ့ သွေးအဆီအနှစ်က မင်းထက်တောင် လျှို့ဝှက်ဆန်းကျယ်နေသေးတာလဲ။ နောက်ပြီး မင်းထက်​တောင် ပိုပြီး ခမ်းနားနေသေးတယ်။”
ဖန်းပေါ်က ဆွံ့အသွားပြီးနောက် ပြောသည်။
“တာအိုကျမ်းစာက အရှေ့ဘက်ကုန်းမြေမှာ အင်အားအကြီးဆုံးသိုင်းတစ်ခုလို့ ပြောထားတယ် မဟုတ်လား။ ဒါက ဒဏ္ဍာရီလာ ထာဝရ ရှင်သန်ခြင်းသိုင်းလေ။ ဒီတော့ နဂိုကတည်းက ထူးခြားတဲ့ ဝိသေသတွေက ရှိပြီးသားပဲ။ နောက်ပိုင်းမှ အသက်ဘီးကို ကျင့်ကြံရတယ်။ ဒါပေမဲ့ သူက ဘာလို့ သွေးအဆီအနှစ်ကို ကျင့်ကြံနေတာလဲ။”
“ဒါက…”
ဝူချင်ဖုန်းက မျက်မှောင်ကြုံ့သည်။ သူသည်လည်း အဖြေမသိချေ။ ထိုအချိန်တွင် ယဲ့ဖန်းက မျက်လုံးဖွင့်လာသည်။ သူ၏ မျက်ဝန်းက အလွန်တောက်ပနေသည်။ ထိုထဲတွင် အားအင်အပြည့်ရှိသည်။
သူက အလွန်တက်ကြွနေကြောင်း မြင်သောအခါ အကြီးအကဲ ဝူချင်ဖုန်းက ပို၍စိတ်ရှုပ်သွားသည်။ သူက မေးလိုက်သည်။
“မင်းရဲ့ အသက်ဘီးကို အာရုံခံမိလား။”
ယဲ့ဖန်းက ခေါင်းခါကာ ရိုးသားစွာ ဖြေသည်။
“အာရုံမခံနိုင်သေးပါဘူး။”
“ဒါဆိုလည်း တစ်ခုခုထူးဆန်းတာကို မခံစားမိဘူးလား။”
အကြီးအကဲက ဆက်မေးသည်။
ယဲ့ဖန်းက ဘာကိုမှ မဖုံးကွယ်ချင်ချေ။ အကြောင်းမူကား ထိုအကြီးအကဲက သူ့ကို ကောင်းကောင်းဆက်ဆံသလို သူ့ကို အကောင်းဆုံးဆက်ဆံသူလည်း ဖြစ်သည်။ သူ၏ ထူးခြားသော ခန္ဓာကိုယ်ကြောင့် သူ့ကို ဆိုးရွားစွာ မဆက်ဆံသော လူတစ်ယောက်လည်း ဖြစ်လေရာ ယဲ့ဖန်းက အလွန်ကျေးဇူးတင်မိသည်။
“ကျွန်တော် အသက်ဘီးကို အားရုံမခံမိပေမဲ့ ကျွန်တော်အရမ်းကို သက်တောင့်သက်သာရှိပြီး အားအင်တက်ကြွနေသလို ခံစားရပါတယ်။”
“ဘာအပြောင်းအလဲမှ မရှိဘူးလား။”
အကြီးအကဲ ဝူချင်ဖုန်းက ဆက်မေးပြန်သည်။
“ကျွန်တော့မှာ အဆုံးစမဲ့တဲ့ စွမ်းအင်တွေ ရှိနေသလိုပဲ။”
ထိုအချိန်တွင် ယဲ့ဖန်းက တဲအိမ်ရှေ့မှ ရှိသော ကြီးမားသောကျောက်တုံးကြီး တစ်တုံးကို လက်တစ်ဖက်ထဲဖြင့် မြှောက်ကိုင်လိုက်သည်။ သူက အလွန်တည်ငြိမ်နေသည်။
ထိုကျောက်တုံးကို အားဖြင့် မြှောက်ပြသေးသည်။ သူက အင်အား များများစားစား ထုတ်ထားဟန်လည်း မရချေ။ အကြီးအကဲ ဝူချင်ဖုန်းက လေအေးများကို ဖြေချလိုက်ကာ ပြောသည်။
“မင်းရဲ့ ခပ်အေးအေးဖြစ်နေပုံကို ကြည့်ရတာ မင်းရဲ့ အင်အားက လက်မောင်းတစ်ဖက်မှာတင် ဂျင်ထောင်ကျော်ရှိနေလောက်တယ်။ မင်းကသာ လက်နှစ်ဖက်လုံး သုံးလိုက်ရင် ဆင်တစ်ကောင်ရဲ့ အင်အားကို ပိုင်ဆိုင်သွားပြီ။”
ဘေးဘက်မှ ဖန်းပေါ်ကမူ အလွန်အံ့ဩနေသည်။ သူနှင့် ယဲ့ဖန်းက ထူးဆန်းသော ပြောင်းလဲမှုများစွာကို အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည်။ သူတို့၏ ခွန်အားက အကန့်အသတ်ရှိနေခဲ့ပြီးသည့်တိုင်အောင် လက်ရှိနေထိုင်ရာ သူက ယဲ့ဖန်း၏ လက်ခွန်အားကို မယှဥ်နိုင်ချေ။
အကြီးအကဲ ဝူချန်ဖုန်းက စိတ်ရှုပ်ထွေးစွာဖြင့် ထွက်သွားသည်။ မည်သည့်အတွက်ကြောင့် ယခုလိုဖြစ်လာကြောင်း သူက နားမလည်သေးချေ။ ယဲ့ဖန်းက အသက်ဘီးကို အာရုံမခံမိသေးသည့်တိုင်အောင် သေမျိုးတစ်ယောက်ဟု စဥ်းစား၍ မရတော့ပြန်ချေ။
ထိုအကြီးအကဲက ထွက်ခွာသွားပြီးနောက် ယဲ့ဖန်းက ထိုတောင်ပတ်ပတ်လည်တွင် လေပြင်းတိုက်ခက်သလို ဆက်တိုက်ပြေးလွှားသည်။ ဖန်းပေါ်ကမူ ချက်ချင်းလိုလို အံ့အားသင့်သော အမူအရာမျိုးဖြင့် ပြောသည်။
“သူက ခွန်အားတိုးရုံတင် မဟုတ်ဘဲ အရမ်းလည်း မြန်လာတာပဲ။”
ယခင်ရက်များတွင် အကြီးအကဲက သူတစ်ယောက်တည်း ဆက်သင်၍ မရတော့ကြောင်း ပြောသည်။ အချိန်တစ်ခုကြာပြီးနောက် ယဲ့ဖန်းနှင့် ဖန်းပေါ်က ဝိညာဥ်အပျက်အစီး တောင်ထွတ်သို့ သွားကာ လျှို့ဝှက်ဆန်းကျယ်သော သိုင်းများကို လူအုပ်နှင့်အတူ နားထောင်ရမည်ဖြစ်သည်။
ဆရာက လမ်းကြောင်းကို ဦးဆောင်ပေးပြီး ဖြစ်သလို ကျင့်ကြံခြင်းလမ်းစဥ်ကို ကိုယ်တိုင် ဆက်လျှောက်ရမည်ဖြစ်သည်။ သူတို့က ထာဝရ ရှင်သန်ခြင်း လမ်းကြောင်းသို့ တရာဝင် ဝင်ရောက်လိုက်ကြသည်နှင့် ကိုယ့်ကိုကိုသာ မှီခိုရတော့မည်။
ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံက လျှို့ဝှက်ဆန်းကျယ်သောသိုင်းများနှင့် ဆေးရည်များကို ထောက်ပံ့ပေးပေလိမ့်မည်။ အမေးအဖြေမေးခွန်း ကဏ္ဌာန်အတွက်မူကာ တစ်ခါထဲ သိချင်သောအရာများကို မေးမြန်း၍ ရသည်။
မည်သို့ပင်ဆိုစေ အကြီးအကဲများကလည်း ကျင့်ကြံရန် လိုအပ်နေသေးရာ အခြားသောအချိန်များတွင် သူတို့ကို သင်ကြားရင်းဖြင့် အချိန်ကုန်၍ မရချေ။
“သိပ်မကြာခင် မင်းတို့တွေ ဝိညာဥ်အပျက်အစီး တောင်ထိပ်ကို သွားရမယ်။ ဒါပေမဲ့ တိုးတိုးတိတ်တိတ် နေဖို့ သတိထားကြ။ မင်းတို့ သည်းခံနိုင်သမျှ သည်းခံကြ။ အလျင်စလို မပြုမူကြနဲ့။”
အပိုင်း (၄၀) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset