အပိုင်း ၁၆၂
” ခြောက်ထောက်ဆဠဂံငွေ၀ံပုလွေ ”
°°°
လက်ရှိအချိန်မှာ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ဟို့ယွိဟောင်ရဲ့စက်ကိရိယာကို ထိန်းချုပ်နိုင်စွမ်းက ပိုမိုကောင်းမွန်လာခဲ့ပါပြီ။ နယ်မြေအားလုံးစူးစမ်းရှာဖွေရေးစက်ကိရိယာကတော့ အရှေ့ကိုဆက်တိုက်မြန်မြန်ဆန်ဆန်သွားနေရင်း အသက်၀င်လာပုံရပါတယ်။ သူ့ရဲ့အရှိန်နှုန်းက အတော်ကိုမြန်ဆန်လာခဲ့ပြီ လမ်းကြောင်းကလဲ ရှင်းလင်းလို့နေခဲ့တယ်။
” သူဒီစက်ကိရိယာကို ထိန်းချုပ်တာပထမဆုံးအကြိမ်ဟုတ်မှဟုတ်ရဲ့လား ”
ခက်ခက်ကမေးလာခဲ့ပါတယ်။
” ပထမဆုံးပဲဖြစ်မှာပေါ့ ”
” ဒါပေမယ့်လေ ”
” လောကမှာပါရမီရှင်ရှိတယ်ဆိုတာသိတယ်မလားသူကဥပမာကောင်းပဲ ဟုတ်တယ်ဟုတ် ”
ကျွိီးကျင့်က ပြုံးပြရင်းပြောလာခဲ့ပါတယ်။
ခက်ခက်ကတော့ခေါင်းသာခါနေခဲ့တယ်။
” ငါမယုံဘူး သူဘယ်လောက်ပဲပါရမီရှိပါစေဦးတော့ ထိန်းချုပ်မှုတွေကို သေချာသိနိုင်ဖို့အတွက် အချိန်လိုဦးမယ်လေ အစ်မကြီးကျွီးကျင့်သူဘယ်လိုလုပ်လိုက်လဲသိလား ”
” ငါထင်သာမမှားဘူးဆိုရင် သူ့ရဲ့စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်ကြောင့်ပဲ ဖြစ်လိမ့်မယ်..တွေးကြည့်လိုက်ပါဦး …အကယ်၍ သူသာငါတို့နေရာရဲ့ မြေမျက်နှာအသွင်အပြင်ကို ကောင်းကောင်းအကဲဖြတ်နိုင်ပြီဆိုရင် ဒီစက်ကိရိယာကို ဘယ်လိုအခြေအနေမျိုးမှာ သင့်တော်အောင်ထားရမလဲဆိုတာကို တိတိကျကျထောက်ချဲ့နိုင်ပြီပေါ့ ဒါဆိုရင် သူထိန်းချုပ်ရတာ ပိုလွယ်သွားမယ်မလား နည်းနည်းပါးပါးလောက် လေ့ကျင့်ပြီအဆင်ပြေအောင်ထိန်းညှိလိုက်မယ်ဆိုရင် ငါတို့နှစ်ယောက်စလုံးထက် ၀ိညာဥ်လက်နက်ထက်ကိုပိုပြီးကောင်းကောင်းထိန်းချုပ်သွားနိုင်မှာပေါ့ ”
” ဒါပေမယ့် အဲ့ဒီလိုလုပ်ဖို့က တွက်ချက်မှုတွေအများကြီးလိုမယ်ဟုတ် ”
” ဒီကောင်က အဲ့ဒီလိုအရည်အချင်းမျိုးတွေမရှိဘူးလို့ နင်တကယ်ပဲထင်နေတာလား ဘာကြောင့် ကျောင်းတော်ကနေ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်တွေကို ရှာဖွေနေရလဲဆိုတာ ငါနောက်ဆုံးတော့နားလည်သွားပြီ စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်ပညာရှင်တွေက ၀ိညာဥ်လက်နက်ကိုထိန်းချုပ်တဲ့နေရာနဲ့ ဖန်တီးတဲ့နေရာမှာ ပြိုင်ဘက်ကင်းတဲ့အားသာချက်တွေရှိနေတာပဲ ဆရာရွှမ် သူ့ကိုအများကြီးမြင့်မြင့်မားမားမျှော်လင့်ချက်ထားတာ ဘယ်အံ့ဩစရာရှိတော့မလဲ ”
ဟို့ယွိဟောင်ကတော့ သူတို့နှစ်ယောက်ပြောနေတာကို ရှင်းရှင်းလင်းလင်းကြားရပါတယ်။ ဒါပေမယ့် သူက ၀ိညာဥ်လက်နက်ထိန်းချုပ်မှုထဲမှာသာ လုံး၀ကိုနစ်မြုပ်ထားခဲ့တယ်။ ၀ိညာဥ်စွမ်းအားတွေက ဆက်တိုက်ကုန်ဆုံးနေဆဲပါပဲ။ ဒါပေမယ့် ဒီစက်ကိရိယာတွေကို ဆက်တိုက်ရွေ့ဖို့အတွက် အမြဲတမ်းလိုလို၀ိညာဥ်စွမ်းအားတွေကို ထည့်နေစရာမလိုမှန်း သူရုတ်တရက်ဆိုသလို နားလည်လို့သွားခဲ့ပါတယ်။
ဒီစက်ကိရိယာရဲ့အထဲမှာ စွမ်းအားစုစည်းမှုဗျူဟာက ခြောက်ခုတိတိရှိပါတယ်။ ဒီဗျူဟာတွေက သူအစောပိုင်းတုန်းကထည့်သွင်းပေးလိုက်တဲ့ ၀ိညာဥ်စွမ်းအားတွေကို စုစည်းပေးပြီ တခြားဗျူဟာတွေထဲကိုကူးပြောင်းပေးတယ်….အကယ်၍ သူသာ၀ိညာဥ်စွမ်းအားကို ဆက်တိုက်ထည့်သွင်းနေမယ်ဆိုရင် ၀ိညာဥ်စွမ်းအားအစိတ်အပိုင်းအနည်းအငယ်က အလဟာသဖြစ်သွားမှာပါ ဒါ့အပြင် ဒီလိုကူးပြောင်းတဲ့ကြားအခြေအနေမှာ အပြည့်အ၀မကူးပြောင်းနိုင်တာလဲ ဖြစ်ပါလိမ့်မယ်။
စိတ်၀ိညာဥ်ထောက်လှမ်းမှုကနေ ဒါတွေဘာဖြစ်နေမှန်း သူကောင်းကောင်းပြောနိုင်နေခဲ့တယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ သူ့ရဲ့၀ိညာဥ်စွမ်းအားပြန်လည်တိုးတက်နိုင်မှုက သာမန်၀ိညာဥ်ပညာရှင်တွေထက် အများကြီးသာလွန်နေတာကြောင့် မိနစ်သုံးဆယ်ကျော်ကြာတဲ့အထိ ထိန်းချုပ်တာတောင် အခုအချိန်ထိ ၀ိညာဥ်စွမ်းအားတွေတော်တော်များများကျန်ရှိနေဆဲပါပဲ။
စက်ကိရိယာရဲ့အံ့ဩစရာကောင်းတဲ့ အားသာချက်တွေကို ဟို့ဟွိဟောင်လေ့လာနေချိန်မှာပဲ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကနေ သတိပေးချက်တစ်ခုထွက်ပေါ်လာပါတော့တယ်။
ချက်ချင်းဆိုသလိုစက်ကိရိယာက ရုတ်တရက်ဆိုသလို ရပ်တန့်လို့သွားခဲ့ပါပြီ။ သူ့ရဲ့ခြေထောက်ခြောက်ချောင်းကလဲ တစ်၀က်ထိုင်တဲ့အနေအထားအဖြစ်ကို ရောက်ရှိလို့သွားပါတော့တယ်။ ဟို့ယွိဟောင်လဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ နေရာတစ်ခုဆီကို စတင်ပြီတော့ စူးစမ်းရှာဖွေလိုက်ပါတော့တယ်။
နှစ်မီတာကျော်မြင့်မားပြီ ၀ံပုလွေနဲ့တူညီတဲ့၀ိညာဥ်သားရဲကောင်က ဒီစက်ကိရိယာဆီကို စိုးရိမ်ပူပန်းမှုအပြည့်နဲ့ကြည့်နေခဲ့ပြီ တစ်၀ုန်း၀ုန်းမြည်သံတွေလဲ ထုတ်လွှတ်နေပါသေးတယ်။
ဟို့ယွိဟောင်အနေနဲ့ ဒီ၀ံပုလွေကိုတွေ့ဖူးတာပထမဆုံးအကြိမ်ပါ။ ငွေဖြူရောင်တောက်ပနေခဲ့ပြီ သူ့ရဲ့အမွေးတွေက သတ္ထုတွေလိုပြောင်လက်လို့နေခဲ့ပါတယ်။ ပြင်းထန်တဲ့အလင်းတန်းကလဲ လုံး၀ကိုရောင်ပြန်ဟပ်လို့နေခဲ့ပြီ နေရောင်ရဲ့အောက်ဖက်မှာ တစ်လက်လက်တောက်ပလို့နေခဲ့တယ်။
သားရဲကောင်ရဲ့ကျင့်ကြံဆင့်ကို ရုပ်သွင်ကနေသူမပြောနိုင်ပါဘူး။
” အဲ့ဒါရှားပါးတဲ့ ၀ိညာဥ်သားရဲကောင်ငွေ၀ံပုလွေပဲ သူရဲ့အရွယ်အစားကိုကြည့်မယ်ဆိုရင် နှစ်သုံးထောင်ကျင့်ကြံဆင့်လောက်ရှိလိမ့်မယ်…ယွိဟောင် သတိထား ”
” ဒါဘယ်လိုသားရဲကောင်မျိုးလဲ ကျွန်တော်ဒီနာမည်ကို မကြားဖူးဘူး. ”
” ဒါကနေလနိုင်ငံတော်မှာပဲရှိတယ် ထူးခြားသားရဲကောင်လေ သူက သတ္ထုဓာတ်သဘောကို ပိုင်ဆိုင်ထားတဲ့သာမန်သားရဲကောင်မဟုတ်ဘူး…ရင်ဆိုင်ဖို့အတော်ခက်တယ်…ဒါ့အပြင် သူက အဓိကစားသုံးတဲ့ အစားအသောက်ဆိုတာ တခြားအရာတွေနဲ့မတူညီဘူး…သူက ငွေဖြူသတ္ထုကိုပဲအဓိကစားသုံးပြီတော့ များပြားတဲ့ငွေဖြူသတ္ထုစားသုံးရင်းနဲ့ လူသားဂူမန်စတာတွေအဆင့်တက်သလိုမျိုးပဲ သူတို့လဲအဆင့်တက်ကြရတယ်…ကောလဟာလတွေအရတော့ ငွေ၀ံပုလွေဘုရင်က အတိတ်အချိန်တုန်းက နှစ်တစ်သောင်းကျင့်ကြံဆင့်နဲ့ ပေါ်လာခဲ့တယ်တဲ့ သူကဒဏ်ရာတွေနဲ့ထွက်ပြေးလွှတ်မြောက်သွားပေမဲ့ သော့်လော့နှစ်ယောက်ကိုတောင် ခုခံနိုင်ခဲ့တယ်…ငွေ၀ံပုလွေဧကရာဇ်က နှစ်တစ်သိန်းသက်တမ်းရှိပြီ တစ်ခါမှပေါ်မလာဖူးဘူး…ဒါ့အပြင် သူ့ရဲ့အမွေးတွေနဲ့ အရိုးတွေအားလုံးက ၀ိညာဥ်လက်နက်တွေပြုလုပ်ဖို့အတော်လေး အသုံး၀င်တယ်..ဒါ့အပြင် သူတို့ရဲ့အသားကလဲ အရသာရှိပြီ ၀ိညာဥ်ပညာရှင်တွေရဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တယ် ”
ခက်ခက်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောလာခဲ့ပါတယ်။
” ငါသွားလိုက်မယ်…ငါသူ့ကိုရင်ဆိုင်ဖို့နည်းလမ်းရှိတယ် ”
” ကျွန်တော်ပဲသွားပါရစေ ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ကိုယ့်ကိုကိုယ် ဂရုစိုက် ”
ငွေ၀ံပုလွေက သူတို့စကားပြောနေချိန်မှာပဲ စတင်တိုက်ခိုက်နေခဲ့ပါပြီ။ သူရှေ့မှာရှိနေတဲ့ သတ္ထုလုံးကိုကြည့်ရင်း အတော်လေးမကျေမနပ်ဖြစ်နေပုံပါပဲ။ သူ့ရဲ့ငွေရောင်အမွေးတွေက တောက်ပလို့နေရင်း ငွေရောင်အလင်းလုံးကြီးတစ်လုံးကို ထွေးထုတ်ပြစ်လိုက်ပါတော့တယ်။
ဒီငွေရောင်အလင်းလုံးက ဘာအသံမှမထွက်ပဲ လေပေါ်ကိုတက်လာခဲ့ပါပြီ။ ဒါပေမယ့် ငွေအလင်းတွေက ချက်ချင်းဆိုသလိုပဲ စတင်ပြီတော့ အသွင်ပြောင်းလာပါတော့တယ်။ တကယ်ကိုကြီးမားတဲ့ မီးလုံးကြီးဖြစ်နေခဲ့ပြီ မြေပြင်ဆီကို ကြောက်စရာကောင်းလွန်လှတဲ့ အရှိန်နှုန်းနဲ့ပြေးပြီ ၀င်လာနေခဲ့တယ်။
ဟို့ယွိဟောင်လဲ ထိတ်လန့်လို့သွားခဲ့ပါတယ်။ သူလဲချက်ချင်းဆိုသလို စက်ကိရိယာကြီးကိုခုန်ဖို့အတွက် အမြန်အဆန်ပြုလုပ်ရပါပြီ။ ဒီမီးဘောလုံးကို အဲ့ဒီလိုခုန်ရှောင်လိုက်တာတောင် ကပ်သီးလေးလွှတ်သွားရုံသာရှိပါတယ်။ ဒါပေမယ့် ယာဥ်စက်ကိရိယာရဲ့ခြေထောက်နှစ်ခုက လုံး၀ထိခိုက်ခံလိုက်ရတဲ့အတွက် မျှချေညီတာကလဲ ပျက်စီးလို့သွားခဲ့ရတယ်။ ဟို့ယွိဟောင်လဲ ယာဥ်တစ်ခုလုံးကို မပြိုလဲသွားအောင်လို့ မြန်မြန်ဆန်ဆန်ချိန်ညှိနေခဲ့ရပါတယ်။
ငွေ၀ံပုလွေကတော့ ဒီအချိန်မှာ ဒုတိယအလင်းလုံးတစ်လုံးကိုထုတ်လုပ်လိုက်ပါပြီ။ နောက်ထပ် မီးဘောလုံးလို့ထင်နေပေမဲ့ တကယ်တော့ လေထုဓားသွားအများကြီးပါ၀င်တဲ့အလင်းတန်းတွေဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါ့အပြင် ဒီဓားသွားတွေက စက်ကိရိယာကြီးရဲ့ ပတ်ပတ်လည်ကို ဆက်တိုက်ဆိုသလို ခုတ်ပိုင်းနေခဲ့တာပါ။
ကံကောင်းစွာနဲ့ပဲ ကျွီးကျင့်က အဆင့်ငါး၀ိညာဥ်လက်နက်အတားအဆီးကို ထုတ်လွှတ်ရင်း လေဓားသွားတွေကို ခုခံလိုက်ပါတယ်။
” ဒီကောင်မှာဘယ်လိုမျိုး ဓာတ်သဘောသဘာ၀တွေရှိနေတာလဲ ”
ဟို့ယွိဟောင်က မေးလာခဲ့တယ်။
” ငွေ၀ံပုလွေက ဓာတ်သဘောသဘာ၀ခြောက်ခုကို ပိုင်ဆိုင်တဲ့အတွက် အရမ်းကိုသန်မာတယ်လေ သူပိုင်ဆိုင်တာ ရေ မီး လေ အလင်းနဲ့ အမှောင်ထုတွေပါတယ်…ဒါ့အပြင် သူ့ရဲ့စိတ်သဘောအတိုင်း ဘယ်အရောင်ရဲ့စွမ်းအားကိုမဆို ထုတ်သုံးနိုင်သေးတယ်…ဒါကြောင့်သာ ရင်ဆိုင်ဖို့ခက်ခဲနေရတာပဲ သူအနေနဲ့ မယှဥ်ပြိုင်နိုင်တဲ့ ဓာတ်သဘောသဘာ၀ဆိုတာ မရှိသလောက်ကိုရှားတယ်..အရင်တုန်းက ပြောကြတာကတော့ ငွေ၀ံပုလွေဘုရင်တွေက နှစ်ပေါင်းတစ်သောင်းကြာပြီတဲ့နောက်မှာ နောက်ထပ်ထူးခြားပြီ ရှားပါးတဲ့ဓာတ်သဘောသဘာ၀တစ်ခုကိုထပ်ပြီပေါင်းထည့်နိုင်တယ်တဲ့ နှစ်တစ်သိန်းကြာပြီတဲ့ချိန်မှာလဲ နောက်ထပ်တစ်မျိုးကိုရရှိတယ်…ကံကောင်းတဲ့အရာကတော့ တစ်ခုချင်းဆီတိုင်းမှာ အခြေခံအကျဆုံးတိုက်ခိုက်မှုတွေကိုပဲ ထုတ်လွှတ်နိုင်တယ် ”
ခက်ခက်ပြောလို့မပြီးသေးခင်မှာတင် တတိယငွေရောင်ဘောလုံးက ပြောင်းဖူးလိုအသွင်နဲ့ ရေခဲတိုက်ခိုက်မှုတွေကို စတင်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာကတော့ ကျွီးကျင့်ရဲ့၀ိညာဥ်စွမ်းအားတွေကမြန်မြန်ဆန်ဆန် ကုန်ဆုံးနေပြီဖြစ်တာကြောင့် အလွယ်တကူမကျော်လွှားနိုင်ခဲ့ပါဘူး။
ခက်ခက်လဲ အပြင်ကိုထွက်ပြီ တိုက်ခိုက်မဲ့ခလုတ်ကို နှိမ့်ချင်ပေမဲ့ ကျွီးကျင့်က သူ့ကိုတားလိုက်ပါတယ်။
” ယွိဟောင်ပဲလုပ်ပါစေ နင်ရဲ့တိုက်ခိုက်မှုက အပျက်အစီးများစေလွန်တယ်…ဒီနေရာမှာ အခုလိုရှားပါးတဲ့၀ိညာဥ်သားရဲကောင်ကို တောထဲ၀င်၀င်လာချင် တွေ့ရမယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး ”
သူမရဲ့စကားကိုကြားပြီတဲ့နောက် ဟို့ယွိဟောင်လဲ နောက်ထပ်ဘာမှမပြောတော့ပဲ ခုံရဲ့ညာဘက်ကိုရိုက်လိုက်ပါတယ်။ သူ့ရဲ့ခေါင်းပေါ်မှာရှိတဲ့ ပြတင်းပေါက်ကပွင့်သွားခဲ့ပြီ ခန္ဓာကိုယ်က အမြောက်ဆံတစ်ခုလိုမျိုး လွှင့်ထွက်လို့သွားခဲ့ပါပြီ။
ငွေ၀ံပုလွေက အဆင့်ငါး၀ိညာဥ်လက်နက်အတားအဆီးကို အလွယ်လေးမဖြတ်ကျော်နိုင်ပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင် ရုတ်တရက်ပေါ်လာတဲ့အတွက်လဲ လန့်နေခဲ့ပါတယ်။ သူခေါင်းမော့ကြည့်ရင်းနဲ့ နောက်တစ်ကြိမ်ငွေရောင်အလင်းတန်းတွေကို ထုတ်လွှတ်လိုက်ပြန်ပါပြီ။ ဒါကလေထုတိုက်ခိုက်မှုပါ များပြားတဲ့လေထုဓားတွေကနေရာတစ်ခုလုံးကို အပြည့်အ၀ဖုံးလွှမ်းလို့သွားပါတော့တယ်။ ဟို့ယွိဟောင် ခုန်ရှောင်ဖို့လဲ မလွယ်ကူပါဘူး။
နေရောင်ရဲ့အောက်မှာ တောက်ပတဲ့စိန်ပွင့်လိုရေခဲအစိုင်အခဲတွေက စတင်ပြီ ထွက်ပေါ်လာခဲ့ပါပြီ။ ငွေ၀ံပုလွေရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ ငွေရောင်အလင်းလုံးတွေထက်တောင် ပိုပြီးတောက်ပပါသေးတယ်။ ငွေရောင်ဓားသွားတွေက ဟို့ယွိဟောင်ရဲ့အကာအကွယ်ကို မဖောက်ထွက်နိုင်ခဲ့ပါဘူး။
ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သတ္ထုပြွန်ခြောက်ခုကလဲ ထွက်ပေါ်လာပါတော့တယ်။ ငွေ၀ံပုလွေဆီကို ဦးတည်ပြီတိုက်ခိုက်ရင်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ငွေ၀ံပုလွေကတော့ အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ နောက်ထပ်ဘောလုံးတွေကိုဆက်ပြီ ထုတ်လွှတ်နေဆဲပါ။ ဒါ့အပြင် လေထဲမှာတော့ ရေထုအကာအကွယ်ကြီးဖြစ်ပေါ်လာပြီ ၀ိညာဥ်အလင်းတန်းတွေကို အားနည်းလို့သွားစေခဲ့တယ်။ ၀ိညာဥ်အလင်းတန်းတွေ ရောက်ရှိလာချိန်မှာသူက အလွယ်လေးခုန်ရှောင်လိုက်ပြီဖြစ်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာခဲ့ရင်း ၀ံပုလွေကိုခုန်အုပ်လိုက်ပါတော့တယ်။
၀ံပုလွေက အဝေးပြစ်တိုက်ခိုက်မှုတွေကို ပိုပြီးကျွမ်းကျင်တဲ့ပုံပါ။ သူနောက်ကိုဆက်တိုက်ဆုတ်နေရင်း ဟို့ယွိဟောင်ကို ငွေရောင်အလုံးတွေနဲ့ ဆက်တိုက်ထွေးလွှတ်နေပါသေးတယ်။
ကျွီးကျင့်နဲ့ ခက်ခက်တို့ပြောပြီတဲ့နောက် သူလဲ ဒီသတ္တ၀ါကိုပိုပြီးတော့ နားလည်လာခဲ့တယ်။ သူ့မှာများပြားတဲ့ ဓာတ်သဘောသဘာ၀အလင်းတန်းလုံးတွေ ရှိနေခဲ့ပေမဲ့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုတော့ မကျော်လွှားနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ခြေထောက်အောက်မှာ အဖြူရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းက ထွက်ပေါ်လာခဲ့ပြီ စတင်တောက်ပလာခဲ့ပါပြီ။ အမျိုးသမီးနှစ်ယောက်ကတော့ ဒါကိုကြည့်ရင်း အထိတ်တလန့်ဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင်အနေနဲ့ ကျွီးကျင့် သူ့ကိုခြိမ်းခြောက်ပြီတဲ့နောက်ပိုင်းမှာ သူ့ရဲ့စွမ်းရည်တော်တော်များများကို မထုတ်ဖော်၀ံ့တော့ပါဘူး။ လက်ရှိအချိန်မှာတော့ ၀ိညာဥ်စွမ်းရည်သုံးခုစလုံးကို သူက တစ်ပြိုင်နက်ထဲ အသုံးပြုနေခဲ့ပါတယ်။
ခရမ်းရွှေရောင်အလင်းတန်းတွေက မျက်စိရှေ့ကနေ အပြင်ကိုပြေးထွက်သွားရင် ပျောက်ကွယ်လို့သွားပါတယ်။ ၀ံပုလွေကတော့ ကြောက်လန့်တကြားအော်ဟစ်ရင်းနဲ့ မြေပြင်ပေါ်ကို လှဲကျလို့သွားခဲ့ပါပြီ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ခြေထောက်မခိုင်တော့တဲ့အထိ ဖြစ်လာပါတယ်။ သူခေါင်းကြည်တဲ့ပုံမပေါ်ပါဘူး။ အစုလိုက်အပြုံလိုက် ထိခိုက်စေမှုနဲ့ စိတ်၀ိညာဥ်ထိတ်လန့်နှောင့်ယှက်မှုနှစ်ခုစလုံးက တစ်ပြိုင်နက်ထဲထိခိုက်နိုင်တာပါ။
ဟို့ယွိဟောင်က အခုလက်ရှိအချိန်မှာ အံ့ဩဆုံးအရာပါပဲ။ ဒီ၀ံပုလွေက နှစ်ထောင်ချီလောက်သာသက်တမ်းရှိတယ်လို့ထင်ရပေမဲ့ စိတ်၀ိညာဥ်စွမ်းအားက သူ့ထက် အတော်လေးလျော့ပါးနေရမှာပါ။ သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့်မသေရင်တောင် သေလုမြောပါးဖြစ်သွားခဲ့ပေမဲ့ အခုလက်ရှိအချိန်မှာတော့ မလဲကျသွားပဲ တွားသွားတဲ့အခြေအနေရှိနေခဲ့တယ်။
ဟို့ယွိဟောင် ထင်ထားတာထက်ကို ကျော်လွန်နေခဲ့ပါတယ်။ ဒါက စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်သားရဲကောင်ပါ။ ဒါပေမယ့် နှစ်သုံးထောင်ကျင့်ကြံဆင့်ပဲရှိတယ်ဆိုရင် သူ့အတွက် မသင့်တော်နိုင်ဘူး။
စိတ်ထဲမှာဘယ်လိုပဲတွေးနေပါစေ အရှိန်ကတော့မလျှော့ခဲ့ပါဘူး။ စိတ်၀ိညာဥ်ထိတ်လန့်မှုပေါ်လာချိန်မှာ သူ့အရှေ့ကိုပြေးထွက်ပြီသားဖြစ်နေခဲ့ပါပြီ။ ပြင်းထန်တဲ့အလင်းတန်းက အဆင့်ငါး၀ိညာဥ်ရှပ်ပြေးဆီကနေ ပေါ်ထွက်လာခဲ့ပါတယ်။ အရှိန်နှုန်းကို ချက်ချင်းမြင့်တင်လိုက်ရင်း ငွေ၀ံပုလွေဆီကို သူအရောက်သွားခဲ့တယ်။
ညာဘက်လက်ကိုအသုံးပြုရင်းနဲ့ ရိုက်ချလိုက်ချိန်မှာတော့ သူ့မျက်လုံးထဲကနေ အလင်းတန်းလဲ နောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပါတယ်။ ငွေ၀ံပုလွေကိုအသက်ရှုချိန်တောင် သူ မပေးခဲ့ပဲ နောက်တစ်ကြိမ်ထပ်ပြီစိတ်၀ိညာဥ်ထိတ်လန့်မှု ပြုလုပ်လိုက်ပါပြီ။ ၀ံပုလွေရဲ့ခန္ဓာကိုယ်အပေါက်တွေအားလုံးကလဲ သွေးတွေကစတင်ယိုစီးလာပါတော့တယ်။ ဒါ့အပြင် လည်ပင်းကိုလဲ ရွှေအိုရောင်အကြောက်တရားလက်သည်းနဲ့ ဖောက်ထွက်လိုက်ပြီ အဓိကသွေးကြောတွေအားလုံးကို ဆွဲဖြဲပြစ်လိုက်တယ်။
ဒီတိုက်ခိုက်မှုအားလုံးက အရမ်းကိုရိုးရှင်းပါတယ်…နှစ်သုံးထောင်၀ံပုလွေက ဟို့ယွိဟောင်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားရုံတင်မက ဆက်တိုက်ဆိုသလို ဖိနှိမ့်နေခဲ့ရတယ်။
ကျွီးကျင့်ကတော့ ခက်ခက်ကိုမျက်လုံးအပြူးသားကြီးနဲ့ ကြည့်ရင်းမေးလာခဲ့ပါတယ်။
” ဒီတောထဲမှာ ငါတို့သူ့ကို အနိုင်ရနိုင်ဦးမယ်လို့ နင်ထင်နေသေးလား ”
” အနီးကပ်တိုက်ပွဲမှာလဲ ဒီကောင်ကတအားကြောက်စရာကောင်းလွန်တယ်…ဒါက နှစ်သုံးထောင်ငွေ၀ံပုလွေကြီးလေ ဒါပေမယ့် ဒီကောင်ကို ရင်ဆိုင်ရတဲ့အချိန်မှာ တစ်ချက်လေးတောင် ပြန်မတိုက်ခိုက်နိုင်ဘူး…ဘယ်တုန်းကများ ငွေ၀ံပုလွေက ဒီလောက်အားနည်းသွားရတာလဲ ငါကြားတာကတော့ အဲ့ဒီ၀ိညာဥ်သားရဲကောင်တွေက အရမ်းသန်တယ်တဲ့ ”
” ငွေ၀ံပုလွေက အားနည်းတာမဟုတ်ဘူး…ဒီကောင်ကိုက အရမ်းအားကောင်းလွန်နေတာ သူ့ရဲ့နောက်ဆုံးတိုက်ခိုက်မှုမစခင်မှာတင် ငွေ၀ံပုလွေက တန်ပြန်တိုက်ခိုက်နိုင်တဲ့ အစွမ်းအစမရှိတော့ဘူး…သူ့ရဲ့အမြွှာသိုင်းပညာ၀ိညာဥ်က တကယ်ကြောက်စရာကောင်းလွန်တယ်…အကယ်၍ သူနဲ့အနီးကပ်သာရှိရမယ်ဆိုရင် အဆင့်ခြောက် အဆင့်ခုနှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတောင် သူ့ကိုခုခံနိုင်မှာတောင် မဟုတ်ဘူးလို့ ငါထင်မိတယ် ”
ခက်ခက်ကတော့ မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။
” ဒါဆိုသူ့ကိုအနားမကပ်စေရုံပေါ့ ”
ကျွီးကျင့်ကတော့ ခေါင်းသာခါနေခဲ့ပါတယ်။
” နင်ပြောရင်တော့ လွယ်လွယ်လေးပဲ သူ့အရှိန်နှုန်းကို ဘယ်လိုမြင့်လိုက်လဲဆိုတာ နင်မမြင်ဖူးလား အဲ့ဒါအဆင့်ငါး၀ိညာဥ်ရှပ်ပြေးလေ အဆင့်ခုနှစ်လက်နက်အတတ်ပညာရှင်တွေတောင် အလွယ်လေးမသုံး၀ံ့ဘူး…ဒါကခန္ဓာကိုယ်ကို ဘယ်လောက်ထိခိုက်မှုများစေလဲဆိုတာ နင်သိတဲ့အတိုင်းပဲ ငါတို့ရဲ့ခန္ဓာကိုယ်အင်အားနဲ့ဆိုရင် အဆင့်သုံး၀ိညာဥ်ရှပ်ပြေးကိုတောင် တခဏလောက်ပဲသုံးနိုင်တယ်…သူက ၀ိညာဥ်စက်ကွင်းသုံးကွင်းပဲရှိသေးတယ်… ၀ိညာဥ်စွမ်းအားကလဲ အဆင့်လေးဆယ်ပဲရှိသေးပေမဲ့ အဆင့်ငါး၀ိညာဥ်ရှပ်ပြေးကိုတောင် သုံးနိုင်နေပြီ ဒါ့အပြင် သုံးပြီတာနဲ့ချက်ချင်းတိုက်ခိုက်နိုင်တယ်…အဲ့ဒါဘာကိုဆိုလိုချင်လဲ နင်သိလား ”
အပိုင်း ၁၆၂ ပြီး၏။