Chapter – 39
အကြီးအကဲ ဝူချန်ဖုန်း၏ လေသံက တည်ငြိမ်လျက် သူက ဆက်လက်ရှင်းပြသည်။
“အရာအားလုံးမှာ မွေးဖွားတဲ့နေရာရှိတယ်။ ငါတို့ရဲ့ ခန္ဓာကိုယ်မှာလည်း ဒီလိုနေရာရှိတယ်။ ဒါပေမဲ့ ဒါက အသက်အုတ်မြစ်ပဲ။ ငါတို့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းရည်တွေအားလုံးရဲ့ အဆီအနှစ်တွေကို စုစည်းပေးနိုင်တဲ့ နေရာလည်း ဟုတ်တယ်။ အဲ့ဒီနေရာကို အသက်အရင်းအမြစ်ရဲ့ အသက်ဘီး ဒါမှမဟုတ်ရင် အသက်ဘီးလို့ ခေါ်တယ်။”
“အသက်ဘီးဆိုတာက ဘယ်နေရာမှာ ရှိတာလဲ။”
ဖန်းပေါ်က မေးသည်။
” ချက်အောက်ပိုင်းမှာပဲ။”
အကြီးကဲ ဝူချင်ဖုန်းက ချက်အောက်ပိုင်း နေရာကို ညွှန်ပြလျက် ပြောသည်။
“ဒီနေရာက အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ခွဲလို့ အပြီးပြည့်စုံဆုံး နေရာပဲ။”
ယဲ့ဖန်းကမူ အနည်းငယ် အံ့ဩသွားပြီး ချက်ချင်းလိုလို လူသားခန္ဓာကိုယ်ထဲမှ ရွှေရောင်အခွဲကြောင်းကိုပင် တွေ့လိုက်မိသည်။ တိုက်ဆိုင်စွာဖြင့် အကြီးအကဲ ရည်ညွှန်းသောနေရာနှင့် သက်ဆိုင်နေသည်။ခြေထောက်မှ ခြေဖဝါးကအစ ခေါင်းထိဆိုလျှင် ၀.၆၁ အချိုး ၁ ဖြစ်ကာ ရွှေရောင် အပိုင်းအခြားမျဥ်းဟု ဆို၍ ရသည်။ ချက်အောက်ပိုင်း နေရာကမူ လူတိုင်း၏ အလှဆုံးအပိုင်းဟုလည်း ခေါ်ဆို၍ ရသည်။
အမှန်တိုင်းဆိုရသော လူ၏ခန္ဓာကိုယ်တွင် ရှိသော ထိုရွှေရောင် ခွဲကြောင်းက လူ၏ခန္ဓာကိုယ်တည်ဆောက်ပုံအရ အပေါ် အောက် ကွာခြားသော အခြေအနေမျိုးတွင် ရှိသည်။ ထိုအခွဲကြောင်းက ခန္ဓာကိုယ် အရေးကြီးဆုံး အပိုင်းလည်းဖြစ်သည်။
အကျဥ်းချုပ်ဆိုရသော် လူ၏ အကြီးမားဆုံး ရွှေရောင်အခွဲကြောင်းက ချက်အောက်တည့်တည့်နေရာဖြစ်သည်။ ပုံမှန်အားဖြင့် အရေးကြီးဆုံးနေရာဟုလည်း မထင်ရချေ။
ထိုအချိန်တွင် အကြီးအကဲ ဝူချင်ဖုန်းက အသက်ဘီးရှိကြောင်း ပြောလာမှသာ ထိုနေရာက ခန္ဓာကိုယ်၏ အရင်းအမြစ် အဆီအနှစ်များ စုစည်းနေသောနေရာဖြစ်ကြောင်း သိရပြီး ယဲ့ဖန်း၏ နှလုံးသားက လင်းလက်တောက်ပလာသလို ခံစားလိုက်ရသည်။
သူခန္ဓာကိုယ်မှ ရွှေရောင်အခွဲကြောင်း၏ အရေးကြီးဆုံး နေရာက အရာအားလုံး၏ မွေးဖွားရာနေရာ ဖြစ်နေသည်။
အသက်ဘီးက အမှတ် တစ်မှတ် မဟုတ်ဘဲ နယ်မြေတစ်ခု ဖြစ်နေသည်။ အကြီးအကဲ ဝူချင်ဖုန်း၏ စကားအရ ချက်ကို ဗဟိုပြုကာ စက်ဝိုင်းပုံစံ ရှိနေသည်။ လက်တစ်ဝါးစာကြီးပြီး အဆီအနှစ်များ သိုလှောင်ထားရာ နေရာလည်း ဖြစ်နေသည်။
အကြီးအကဲ ဝူချန်ဖုန်းက အသေးစိတ် ဖော်ပြပေးသည်။
“အသက်ဘီးက သေမျိုးတွေ ကလေးမွေးပေးတဲ့နေရာလိုပဲ။ တာအိုပညာရှင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို မွေးထုတ်ပေးရတယ်။ ကျင့်ကြံသူတွေရဲ့ အုတ်မြစ်လည်း ဟုတ်တယ်။”
အကြီးအကဲ ဝူချန်ဖုန်းက ပြောသော အခြေအနေအရ အသက်ဘီးက နတ်စွမ်းအားများ၏ အရင်းအမြစ်ဖြစ်သည်။
ကျင့်ကြံသူ တစ်ယောက်က အမ္မတလမ်းပေါ်သို့ လျှောက်လမ်းလျှင် ထိုနေရာမှ စရသည်။
“သေမျိုးတစ်ယောက်ရဲ့ ဘဝ အသက် အပိုင်းအခြား အတွင်းမှာ အသက်ဘီးက ဆက်တိုက် ခြောက်ကပ်နေတယ်။ နှစ်တိုင်းလိုလို အချိန်က အမှတ်အသားပြုလာပြီး သစ်ပင်က အသက်ကွင်းလိုမျိုးဘဲ ညှိုးနွမ်းခြောက်သွေ့ လာရလိမ့်မယ်။ လူတစ်ယောက်ရဲ့ သက်တမ်းကုန်သွားတာနဲ့ အသက်ဘီးက အချိန်ရဲ့ တိုက်စားမှု ဒဏ်ကို ခံရပြီး စွမ်းအင်တွေအားလုံး ကုန်ဆုံး ပျောက်ကွယ်သွားလိမ့်မယ်။”
“ဒါဆိုရင် အသက်ဘီးမှာလည်း အချိန်ကာလ တိုက်စားခံရတာနဲ့အမျှ သက်တမ်း အပိုင်းအခြားအလိုက် အမှတ်အသားတွေ ရှိနေမှာလား။”
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က အသက်နှစ်ဆယ်ကျော်စီ ဖြစ်နေကြပြီး ယခုမူကား ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် ပြန်ပြောင်းသွားသည်။ သူတို့၏ ခန္ဓာကိုယ်က ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်လာခဲ့သည်။
“မင်းရဲ့ အသက်ဘီးမှာ အမှတ်ဆယ့်တစ်မှတ် ရှိနေတယ်။”
ဆိုလိုသည်မှာ တစ်နှစ်လျှင် တစ်မှတ်ဟု ခေါ်သည်။
ထိုစကားကို ကြားသောအခါ ဖန်းပေါ်က ရယ်သည်။ ငယ်ရွယ်မှုကို ပျောက်ဆုံးသွားသော အတန်းဖော်များနှင့် ယှဥ်သော် သူ့တွင် ဖြစ်လာသော ကိစ္စက ကောင်းကင်ကိုပင် အန်တုနိုင်စွမ်းရှိသည်။ ထို့နောက် သူက ယဲ့ဖန်းကို ညွှန်ပြပြီးနောက် မေးသည်။
“သူက ဘယ်လိုနေလဲ။ ကျွန်တော်နဲ့ တူတူပဲလား။”
ဝူချင်ဖုန်းက ယဲ့ဖန်း၏ အခြေနေကို သတိထားမိသည်မှာ ကြာလှချေပြီ။ သို့တိုင်အောင် သူက စစ်ကြည့်ပေးသေးသည်။ သူက အခြားသူများပြောသလို တူညီသော အခြေအနေသုံးသပ်ချက်ကိုသာ ရလိုက်သည်။ ယဲ့ဖန်း၏ အသက်ဘီးက အလွန်တိတ်ဆိတ်နေသည်။ ဒုက္ခဆင်းရဲပင်လယ်ကလည်း နတ်သံမဏိတုံးလို ခိုင်မာပြီး ကျောက်ဆောင်လို တည်မြဲနေကာ မလှုပ်ရှားနိုင်ချေ။ ဖွင့်ရန် ခက်ခဲသည်။
“သူ့ရဲ့ ခန္ဓာကိုယ်က ထူးခြားတယ်။ ငါတောင် အမှန်ကို မမြင်နိုင်ဘူး။ အမှတ်တွေ ဘယ်လောက်ရှိသလဲ ဆိုတာတောင် မပြောနိုင်ဘူး။ ဒါပေမဲ့ မင်းနဲ့ အတူတူဘဲ နေမှာပါ။”
ထိုအချိန်တွင် အကြအကဲ ဝူချင်ဖုန်းက ထူးဆန်းသော မျက်နှာထားမျိုးဖြင့် ပြောသည်။
“ချီနဲ့သွေးတွေက အရမ်းကိုတက်ကြွလွန်းတယ်။ ရေဆင်တစ်ကောင်နဲ့တောင် ယဥ်နိုင်လောက်တယ်။ သူကသာ ကျင့်ကြံနိုင်ရင်… နှမြောစရာပဲ။”
“ဟင် …။”
ယဲ့ဖန်းက ပြောလာသည်။
“ဘီးရဲ့အသက် …။ ဝူ နဂါးရဲ့အသက်”
“အသက်ဘီးက ကျင့်ကြံသူ တစ်ယောက်ရဲ့ အုတ်မြစ်လို့ပြောလို့ရတယ်။ ဒဏ္ဍာရီလာ ကျင့်ကြံခြင်းအဆင့်ကိုသာ ရောက်သွားပြီး အသက်ဘီးက အမှတ်အသားတွေ အားလုံးက တလက်လက် တောက်ပလာပြီး ဖောက်ထွင်းမြင်ရမတက် ကြည်လင်ကာ တဖြည်းဖြည်း ပျောက်သွားခဲ့မယ်ဆိုရင် ဘာအမှတ်အသားမှ မရှိတော့ဘဲ ပြန်လည် စတင်မွေးဖွားလာသလို ဖြစ်သွားပြီး အမတတစ်ယောက် ဖြစ်ဖို့ အခွင့်ရေး ရလာလိမ့်မယ်။”
“ဒီလိုဆိုရင် အမ္မတဖြစ်ဖို့ အရမ်းကို ခက်ခဲတာပေါ့။”
“ထာဝရ ရှင်သန်သူတွေက ကောင်းကင်မှာ မြေလျှိုးမိုးပျံနိုင်တဲ့သူတွေပဲ။ ဒီတော့ ဒီလို ထာဝရ ရှင်သန်သူတွေ တကယ်ရှိလား ဆိုတာကို ပြောဖို့ ခက်ပါတယ်။ ငါ သိထားတဲ့အတိုင်းဆိုရင် အရှေ့ပိုင်း နယ်မြေကြီး တစ်ခုလုံးမှာ ရှိတဲ့ ဘယ်သူကမှ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အတောအတွင်းမှာ အမ္မတ မဖြစ်ခဲ့ဖူးသေးဘူး။
အထွတ်အမြတ်ကုန်းမြေတွေမှာ ဒါမှမဟုတ် ရှေးခေတ်မိသားစုကြီးတွေမှာပဲ ရှိလောက်တယ်။ ဒါမှမဟုတ် ရှေးဟောင်းမိစ္ဆာတွေကပဲ အမှန်တရားကို သိလောက်တယ်။
“အကြီးအကဲ …။ အကြီးအကဲက ကျွန်တော်တို့ရဲ့ ကြိုးစားတဲ့ အချိန်တွေကို ဖျက်ဆီးနေတာပဲ။ ကျွန်တော်တို့ ကျင့်ကြံချင်တယ်။ ဒါပေမဲ့ အမ္မတတွေက တကယ်မတည်ရှိဘူးလို့ ပြောနေပြန်တယ်။ ဒါက ပြင်းထန်တဲ့ ထိုးနှက်ချက်ကြီးပဲ။”
“နွေဦးပန်းပွင့်တွေက ဆောင်းတွင်းမှာ မရှင်သန်နိုင်ဘူး။ ပုစဥ်းရင်ကွဲကောင်တွေကလည်း နွေရာသီထိ မရှင်သန်နိုင်ပြန်ဘူး။ သေမျိုးတွေက နှစ်တစ်ရာဘဲ သက်တမ်းရှိတယ်။ နှစ်ထောင်ကျော် ရှင်သန်ချင်ရင် သဘာဝရဲ့ စည်းမျဥ်းတွေကို ဖောက်ဖျက်သလို ဖြစ်သွားပြီ။ ဒီတော့ သူတို့က အမ္မတတွေလို့ ပြောဖို့ထိုက်တန်ပါတယ်။”
ယဲ့ဖန်းနှင့် ဖန်းပေါ်က အကြီးအကဲက သူတို့ကို အယုံသွင်းနေကြောင်း သိလိုက်ရသည်။ ကျင့်ကြံသူ တစ်ယောက်က ကျင့်ကြံခြင်းလမ်းစဥ်ကို လျှောက်လှမ်းပြီးလျှင် သေမျိုးနယ်မြေကို ကျော်လွန်သွားပြီးသား ဖြစ်သည်။
ထို့ကြောင့် နှစ်ထောင်ကျော် ရှင်သန်နေထိုင်ပြီးသား ဖြစ်သည်။ ထိုသို့ဖြင့် ကောင်းကင်နှင့် မြေပြင်ကြား စည်းမျဥ်းကို ချိုးဖျက်ပြီးသား ဖြစ်လေသည်။ သူတို့ကသာ အဆုံးတွင် အမ္မတဖြစ်လာနိုင်သည့်တိုင်အောင် သူတို့၏ သက်တမ်းကို ဆွဲဆန့်နိုင်သဖြင့် ရှင်သန်ရသော အခြေအနေက အလကားမဟုတ်တော့ချေ။ မည်သို့ပင်ဆိုစေ သူတို့က သဘာဝ၏ စည်းမျဥ်းကို ဖောက်ဖျက်ပြီး သဘာဝကို ပြောင်လဲနိုင်ခဲ့သည်။
“တကယ်တော့ အမ္မတတွေရဲ့ တည်ရှိမှုတွေကို ငါတကယ် မငြင်းနိုင်ဘူး။ ဒီတိုင်း ငါတို့က သူတို့ရဲ့လောကကို ထိတွေ့နိုင်တာ ဖြစ်လောက်တယ်။”
ထို့နောက် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က မေးခွန်းတစ်ချို့ကို ဆက်မေးကြသည်။ အကြီးအကဲက ဆက်လက်ပြီး ရှင်းပြသည်။
“ဒုက္ခဆင်းရဲပင်လယ်အကြောင်း ပြောတာကို ကျွန်တော် ကြားနေရတယ်။ အဲ့တာက ဘာလဲ။”
“ဒုက္ခဆင်းရဲပင်လယ်ဆိုတာက အသက်တာအိုကို ဖုံးကွယ်ထားတဲ့ နေရာတစ်ခုပဲ။”
“ဘာကိုဆိုလိုတာလဲ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်က နားမလည်ချေ။
“ကျင့်ကြံသူတစ်ယောက်က အဆင့်တစ်ခု ရောက်သွားတဲ့အခါ အသက်တာအိုက လက်တစ်ဝါးစာပဲရှိတယ်။ အဲ့ဒီ အသက်တာအိုက အထဲမှာ လောကတစ်ခု ဖြစ်တည်လာလိမ့်မယ်။ ဒုက္ခဆင်းရဲပင်လယ်က အဲ့ဒီအတွင်းပိုင်းမှာ တည်ရှိတာ။”
“အသေးစိတ် ရှင်းပြပေးပါလား။ အသက်တာအိုနဲ့ ဒုက္ခဆင်းရဲပင်လယ်က တစ်နေရာထဲမှာ ရှိတဲ့ပုံပဲ။ ဆိုတော့သူတို့က ဘယ်လိုဆက်စပ်နေတာလဲ။”
“ဒုက္ခဆင်းရဲပင်လယ်နဲ့ အသက်တာအိုက ထပ်နေတာ။ တိတိကျကျပြောရရင် ဒုက္ခဆင်းရဲပင်လယ်က အသက်တာအိုထဲမှာ ရှိနေတာပဲ။ အသက်တာအိုကို ပိုပြီး အချိန်ကြာလေလေ သန်မာလာလေလေဖြစ်အောင် အားဖြည့်ပေးနေရုံတင်မကဘဲ ဒုက္ခဆင်းရဲပင်လယ်က အသက်တာအိုဆီကလည်း အားအင်ပြန်ယူရသေးတယ်။”
“ဒီတော့ ဒုက္ခဆင်းရဲပင်လယ်ကို ကျော်ဖြတ်ပြီး တည်ရှိနေပြန်တာပေါ့။”
အကြီးအကဲ ဝူချင်ဖုန်းက ခေါင်းငြိမ့်သည်။
“ဟုတ်တယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ အုတ်မြစ်က အသက်တာအိုဆီမှာ ရှိတယ်။ ဒီတော့ ကျင့်ကြံရင်းနဲ့ ချမှတ်ထားတဲ့ ပန်းတိုင်က ဒီဒုက္ခဆင်းရဲပင်လယ်ကို ကျော်ဖြတ်နိုင်ဖို့ပဲ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်က အံ့ဩသွားသည်။
“အကြီးအကဲ ပြောတဲ့အတိုင်းဆို ဒုက္ခဆင်းရဲပင်လယ်က အဆုံးအစမဲ့တယ်။ နောက်ပြီး အသက်တာအိုနဲ့လည်း အားဖြည့်ပေးနေရသေးတယ် ဆိုတော့ ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ဟုတ်တယ် အဆုံးစမဲ့တယ်။ ဒါကြောင့်ပဲ ပါရမီအရှိဆုံး ကျင့်ကြံသူတွေကပဲ နှစ်ထောင်ကျော် ကြာသွားပြီးတဲ့နောက်မှာ အခြေအနေအားလုံးကို ပြောင်းပြန်လှန်နိုင်တာပေါ့။”
အကြီးအကဲဝူချန်ဖုန်းက ခါးသီးသလို ခံစားလိုက်ရသော်လည်း မျက်နှာထားကမူ အလွန်အမင်း တောင်းတနေဟန်ရသည်။
“ဒဏ္ဍာရီအရ အစစ်အမှန် အမ္မတတွေက ဒုက္ခဆင်းရဲပင်လယ်ကို ကျော်ဖြတ်ပြီး အသက် စမ်းရေကန်အဖြစ် ပြောင်းလဲနိုင်တယ်။ အသက် စမ်းရေကန်ထဲက တစ်စက်ကသာ သေသူကို ပြန်ရှင်အောင် လုပ်ပေးနိုင်သည်။
” အားယား …။ ဒါက ဒဏ္ဍာရီပါပဲ။ ထာဝရ ရှင်သန်သူတွေ တကယ် ရှိ မရှိက သေမှ မသေချာတာ။”
ဖန်းပေါ်က သက်ပြင်းချသည်။
“ဘာလို့ တကယ်ရှိတဲ့ဟာတွေပဲ မပြောပြတာလဲ။”
“ဒုက္ခဆင်းရဲပင်လယ်က အဆုံးစမဲ့တယ်။ လူတစ်ယောက်က အသက်ရှည်ချင်ရင် အဲ့ဒီထဲမှာ ပိတ်လှောင်ခံရလို့ မရဘူး။”
အကြီးအကဲ ဝူချန်ဖုန်း၏ မျက်ဝန်းက တောက်ပလာသည်။
“ဒုက္ခဆင်းရဲပင်လယ်ထဲမှာ ပြန်လည်မွေးဖွားနိုင်ဖို့ အထီးကျန်ဆန်မှုတွေကို ခါးသီးကျော်ဖြတ်ပြီး အသက်စွမ်းအားအပြည့် ပြန်ဖြည့်ပေးနိုင်ဖို့ ကောင်းကင်တံတားထိုးနိုင်ဖို့ တခြားကမ်းစပ်ကို ရောက်ဖို့ ဒုက္ခဆင်းရဲပင်လယ်ရဲ့ အဆုံးကို ရောက်ဖို့ ဒါက ပန်းတိုင်တွေပေါ့ .. ”
ယဲ့ဖန်းကမူ အတွေးနက်သွားပြီးနောက် ပြောသည်။
“ဒုက္ခဆင်းရဲပင်လယ်က အသက်တာအိုထဲမှာရှိနေတယ်။ နောက်ပြီး ကောင်းကင်တံတားထိုးဖို့ အခြားကမ်းစပ်ကို ရောက်ဖို့ ဒုက္ခဆင်းရဲပင်လယ်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ဒါက အသက်တာအိုအတွင်းက ထွက်ခွာရတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်လား။ ဒါက ကျင့်ကြံသူ တစ်ယောက်ရဲ့ အုတ်မြစ်ကို ကျော်ဖြတ်လိုက်တာ မဟုတ်ဘူးလား။ ဒီနေရာကနေ လွတ်မြောက်နိုင်ပါ့မလား။”
အကြီးအကဲ ဝူချန်ဖုန်းက အသိအမှတ်ပြုကာ ခေါင်းငြိမ့်သည်။
“အသက်တာအိုက ကျင့်ကြံသူတစ်ယောက်ရဲ့အုတ်မြစ်လို့ ငါ ပြောခဲ့တယ်။ အုတ်မြစ်ဆိုတာ အရာအားလုံးပဲ။ ဒါပေမဲ့ အားလုံးရဲ့အပြင် ဘာမှမရှိတော့ဘူးလို့ မဆိုလိုဘူးလေ။”
ဖန်းပေါ်က မျက်လုံးပြူးသွားသည်။
“ဘာရှိသေးတာလဲ။”
“အမ္မတတစ်ပါး ဖြစ်လာဖို့ အသက်တာအိုကို ကျင့်ကြံယုံနှင့် မလုံလောက်သေးဘူး။ ကောင်းကင် တံတားထိုးတာက ဒုက္ခဆင်းရဲပင်လယ်ကို ကျော်ဖြတ်ပြီး တခြားခန္ဓာကိုယ်ထဲက လျှို့ဝှက်နယ်မြေတွေနဲ့ ဆက်သွယ်ဖို့ပဲ။”
“အသက်တာအိုက တစ်ခုမက ရှိနေတာလား။ ဒါဆို အခြားဟာတွေက ဘာလဲ။ တခြားစကားနဲ့ ပြောရရင် အသက်တာအိုနဲ့ တူတဲ့အရာတွေက လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတာလား။”
ယဲ့ဖန်းက အလွန်အံ့ဩသွားသည်။
“လောကက ထိပ်တန်းအင်အားစုကြီး ဖြစ်လာဖို့ အသက်တာအိုကို အကန့်သတ်အဆင့်ထိရောက်အောင် ကျင့်ကြံဖို့ လိုအပ်တယ်။ အမ္မတဖြစ်လာဖို့ အတွက်ကတော့ အသက်တာအိုတစ်ခုတည်းကို ကျင့်ကြံဖို့ မလုံလောက်တော့ဘူး။”
ထိုနေရာသို့ ရောက်သွားပြီးနောက် အကြီးအကဲ ဝူချန်ဖုန်းက ခေါင်းကိုခါသည်။ အကြောင်းမူကား သူသည်လည်း အမ္မတတွေ တကယ် ရှိ မရှိ မသေချာသောကြောင့် ဖြစ်သည်။ သူက ဆက်ပြောပြသည်။
“တစ်စုံတစ်ယောက်ကသာ အရမ်းကိုထူးချွန်ပြောင်မြောက်လွန်းတဲ့ ပါရမီရှင်ကြီးတစ်ယောက် ဖြစ်လာရင် သူတို့ရဲ့ တစ်ဘဝလုံး အသက်ဘီးလို ကျင့်ကြံနေထိုင်သွားလို့ရတယ်။ ဒီလိုနဲ့ အဆုံးစမဲ့တဲ့ အကျိုးကျေးဇူးတွေကို ရရှိလိမ့်မယ်။ ကောင်းကင်တံတားထိုးဖို့ တခြားကမ်းစပ်ကိုရောက်ဖို့ အသက်ရှင်ဖို့ကတော့ အရမ်းကြီး မလွယ်ကူသေးဘူး။ မှတ်ထားရမှာက ဝါးနိုင်တာထက် ပိုမစားမိဖို့ပဲ။ အုတ်မြစ်ခိုင်ဖို့က အရေးကြီးဆုံးပဲ။”
အပိုင်း (၃၉) ပြီး၏။