Switch Mode

Chapter – 10

အသူရာ ဓားသွား

Chapter – 10 အသူရာ ဓားသွား

ရှီဖုန်းက ဘလက်ကီနှင့် ပြောပြီးနောက် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူ၏ ရုတ်တရက် ရောက်ရှိလာခြင်းကို မည်သူကမှ စိတ်ဝင်စားခြင်း မရှိကြချေ။ ထို့နောက် သူက လူမရှိသည့် လမ်းကြားထဲသို့ အလျင်အမြန် ဝင်လိုက်သည်။

ရွှေစင်ရတနာသေတ္တာကိုသာ ဖွင့်လိုက်လျှင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်မှာ ကျိန်းသေသလောက် ရှိသည်။

ရွှေစင်ရတနာသေတ္တာတစ်လုံးအား လူမြင်ကွင်းတွင် ဖွင့်ပြီး ကြွားဝါခြင်းကို ငနုံ၊ ငအများသာ လုပ်ကြပေလိမ့်မည်။ အပြင်လောကအစစ်နှင့် ဂိမ်းလောက ယှဉ်လိုက်လျှင် ဂိမ်းလောကထဲ၌ စည်းကမ်းများက တင်းကြပ်ထားခြင်း မရှိချေ။ ပြောရလျှင် ဂိမ်းလောကထဲ၌ အင်အားကြီးသူများကသာ စွမ်းအားကောင်းသော ရတနာများကို ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ကစားသမားတစ်ယောက်က ရရှိလာသည့် ရတနာပစ္စည်းကို ထိန်းသိမ်းနိုင်စွမ်း မရှိလျှင်လည်း အဆင့် သုည ရောက်သွားသည်အထိ သတ်ပစ်ခံရနိုင်သည်။ ကိုယ်ပိုင်ရတနာပစ္စည်းကို တခြားသူလက်ထဲ မရောက်သွားစေချင်လျှင် မြို့ထဲ၌ နေပြီး ရှင်သန်နိုင်သည်။ မြို့ထဲမှာပဲ နေရင်း လအနည်းငယ်ခန့် ကြာလျှင် မြို့လမ်းပြအဖြစ် ရာထူးတိုးသွားနိုင်၏။

ရှီဖုန်းကား လုယူခြင်း၊ ပုန်းကွယ်ခြင်းနှင့် လုပ်ကြံခြင်းတို့ကို ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူတစ်ယောက် မဟုတ်ပေ။ လက်ရှိတွင် သူက သူ့ကိုယ်သူပင် ကာကွယ်နိုင်စွမ်း မရှိသေးချေ။ ထို့ကြောင့် မထင်မရှားနေသည်က အကောင်းဆုံး ဖြစ်သည်။
ရှီဖုန်းက အတန်ကြာအောင် လမ်းကြားထဲသို့ လူလာ၊မလာ စောင့်ကြည့်နေပြီးမှ အနက်ရောင်ဓားရှည်ကို ထုတ်ယူလိုက်သည်။

အနက်ရောင်ဓားရှည်ကို ကြည့်ပြီး ရှီဖုန်း၏ မျက်ခုံးနှစ်ခုက ထိကပ်သွား၏။

အသူရာဓားသွား (မှော်လက်နက်)

လိုအပ်ချက် = ဓားသမား

“ဤလက်နက်ကို အသုံးပြုလိုပါသလား… “

“ငါ သုံးသင့်လား… မသုံးသင့်ဘူးလား… “ အသူရာဓားသွားကို ကြည့်ပြီး ရှီဖုန်းက ဝေခွဲမရ ဖြစ်လာသည်။

ရှီဖုန်းက မှော်လက်နက်များနှင့်ပက်သတ်၍ အလွန်ရင်းနှီး၏။ မှော်လက်နက်များသည် သာမန်လက်နက်များနှင့် မတူသကဲ့သို့ သူတို့ကို ခွဲခြားထားသည့်အဆင့်လည်း မရှိပေ။ ပြောရလျှင် ဒဏ္ဍာရီလက်နက်များထက်ပင် ပို၍ ရှားပါး၏။ ထို့ကြောင့် လက်နက်၏စွမ်းအားကတော့ စွမ်းအားကြီးမည်မှာ ပြောနေစရာပင် မလိုချေ။ သို့သော်လည်း မှော်လက်နက်များတွင် ဘေးထွက်ဆိုးကျိုး ရှိ၏။ မှော်လက်နက်များကို ဂရုတစိုက် မကိုင်ဆောင်လျှင် အမှားတစ်ခု လုပ်မိလိုက်ရုံဖြင့် ကစားသူ၏အကောင့်ကို ပျက်စီးသွားစေနိုင်သည်။

ယခင်ဘဝက စတားမွန်းနိုင်ငံတွင် မှော်လက်နက်ကိုင်ဆောင်ပြီး အဆင့်မြင့်ကျွမ်းကျင်သူများ ဖြစ်လာသည့် ကစားသမားအနည်းငယ် ရှိ၏။ ထိုအချိန်က ရှီဖုန်းသည် သူတို့အား မော်ကြည့်နေရသည့် အဆင့်၌သာ ရှိသေး၏။ သို့သော်လည်း ကာလအနည်းငယ် ကြာပြီးနောက်တွင် ထိုလူအနည်းငယ်ထဲမှ ၂ယောက်က မှော်လက်နက်၏ တန်ပြန်ထိခိုက်မှုကို မဖြေရှင်းနိုင်သောကြောင့် သူတို့၏အကောင့်များကို ဖျက်ပစ်လိုက်ရပြီး အစမှ ပြန်စခဲ့ရသည်။

“အဲ့အကြောင်းကို ခဏမေ့ထားလိုက်မယ်… လောလောဆယ် မစွန့်စားနိုင်သေးဘူး… “

အသူရာဓားသွားကို သိမ်းဆည်းရင်း ရှီဖုန်းက ခေါင်းရမ်းလိုက်သည်။ သူ့အနေဖြင့် ၁၀ရက်အတွင်း ခရက်ဒစ် ၁၆၀၀၀ကို ရအောင် ရှာရဦးမည် ဖြစ်သည်။ ထိုဖိအားက သေးသေးကွေးကွေး မဟုတ်ပေ။ တစ်ခုခုလွဲချော်သွားသည်နှင့် သူ့အစီအစဉ်များအားလုံး ပျက်စီးသွားနိုင်သည်။

ရှီဖုန်းက ရွှေစင်အဆင့် ရတနာသေတ္တာကို ထုတ်ယူလိုက်သည်။

သူက ရွှေရောင်လက်နေသည့် သေတ္တာကို ကြည့်ပြီး စိတ်လှုပ်ရှားလာသည်။

“အရင်တစ်ခေါက် လျှို့ဝှက်ငွေ ရတနာသေတ္တာထဲက ဆေးဖော်စမ်းနည်းနဲ့ ပန်းပဲပညာရပ်စာအုပ်တစ်အုပ် ပါလာတယ်… အခု ရွှေစင် ရတနာသေတ္တာက ဘာကို ပေးမလဲ… “

ရှီဖုန်းက နတ်ဘုရားနယ်မြေဂိမ်းကို ကစားလာသည်မှာ ၁၀နှစ်ကျော်သော်လည်း ရွှေစင်အဆင့် ရတနာသေတ္တာ အလုံး ၂၀ပြည့်အောင် မမြင်ဖူးပေ။

ယခင်ဘဝက ရွှေစင်ရတနာသေတ္တာကြောင့် တိုက်ပွဲများစွာ ဖြစ်ခဲ့ဖူး၏။ ယခုကဲ့သို့ ရွှေစင်ရတနာသေတ္တာတစ်လုံး ပိုင်ဆိုင်ရလိမ့်မည်ဟု ရှီဖုန်းက အိမ်မက်ပင် မမက်ရဲပေ။

ရှီဖုန်းက သေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ လမ်းကျဉ်းလေးတစ်ခုလုံးကို လင်းထိန်းသွားစေသည့် ရွှေရောင်အလင်းတန်းများက သေတ္တာအတွင်းမှ ထွက်ပေါ်လာသည်။ ယခုအချိန်သာ ညဖြစ်ပါက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားမှာ သေချာသည်။

သို့သော်လည်း ရှီဖုန်းက မစွန့်စားရဲပေ။ သေတ္တာအတွင်းမှ ပစ္စည်းများကို အလျင်အမြန် ထုတ်ယူလိုက်သည်။ သေတ္တာထဲတွင် ပစ္စည်းများ မရှိတော့မှ အလင်းရောင်များက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွား၏။

လမ်းထဲတွင် မည်သူမှ မရှိတာကြောင့် ခဏတာ လင်းထိန်သွားခြင်းကို မည်သူမှ မသိမထား မိလိုက်ကြချေ။

“နယ်ဘုရားနယ်မြေက ရတနာသေတ္တာတွေက တစ်ကယ် ပြဿနာတွေပဲ… နေ့ခင်းမို့လို့သာ တော်သေးတယ်… “

သူ့ဘေးရှိ ရတနာသေတ္တာကို ကြည့်ပြီးနောက် လက်ထဲမှ ပစ္စည်း၃ခုကို ကြည့်လိုက်သည်။

ရှေးဟောင်းစာအုပ် ၂အုပ်နှင့် တိုက်ပွဲဝင် စစ်ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်သည်။ တိုက်ပွဲဝင် စစ်ချပ်ဝတ်က လျှို့ဝှက်ငွေအဆင့် ချပ်ဝတ် ဖြစ်သည်။

ကောင်းကင်ချပ်ဝတ် (လျှို့ဝှက်ငွေအဆင့်)

ချပ်ဝတ်ပြား

တန်ဆာလိုအပ်ချက် : ခွန်အား ၂၀

တန်ဆာအဆင့် : ၅

ခုခံမှု +၂၅ ၊ သန်မာမှု +၆ ၊ ခံနိုင်ရည် +၃ ၊ သွက်လက်မှု +၃

သက်တမ်း ၃၀/၃၀

ထပ်ပေါင်းစွမ်းရည်။ ။ စွမ်းအားလျှော့ချခြင်း ။ တစ်ဖက်မှ တိုက်ခိုက်သည့် စွမ်းအားကို 15% လျှော့ချပေး၏။

စစ်ချပ်ဝတ်၏ စွမ်းရည်များကို ကြည့်ပြီး ရှီဖုန်းက အလွန်အံ့အားသင့်သွား၏။ စစ်ချပ်ဝတ်၏ အဆင့်က ယခင်ဘဝက ဝတ်ဆင်ခဲ့သည့် ချပ်ဝတ်ထပ် နိမ့်နေသော်လည်း ချပ်ဝတ်၏ စွမ်းရည်က ထိပ်တန်းအဆင့်၌ ရှိနေသည်။ ဤချပ်ဝတ်ကိုသာ စစ်သည်ကစားသူများသာ ဝတ်ဆင်လိုက်ပါက မြင့်မားသော ခုခံနိုင်စွမ်းနှင့် စွမ်းအားလျှော့ချခြင်းစွမ်းရည်ကြောင့် ဘော့စ်မွန်းစတားများကို တိုက်ခိုက်ရန်မှာ ပြဿနာတစ်ခု မဟုတ်တော့ပေ။ ဤချပ်ဝတ်ကိုသာ ရောင်းချလိုက်လျှင် ဈေးနှုန်းက မိုးထိအောင် ရောက်သွားနိုင်သည်။

“ဒီချပ်ဝတ်က အရမ်းမိုက်တယ်… အခု ငါ့မှာ အဆင့်၅ ချပ်ဝတ် ရှိပြီ… “ ရှီဖုန်းက ပျော်ရွှင်စွာဖြင့် ချပ်ဝတ်ကို သိမ်းဆည်းလိုက်သည်။ ဓားသမားများသည်လည်း ချပ်ဝတ်ကို ဝတ်ဆင်နိုင်သည်။ သူက အဆင့်၅သို့ ရောက်သောအခါ ဤချပ်ဝတ်ကို ဝတ်ဆင်လိုက်လျှင် ဒိုင်းစစ်သည်တော်တစ်ယောက်နှင့်ပင် ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။

ရှီဖုန်းက ရှေးဟောင်းစာအုပ်၂အုပ်ကို ကြည့်လိုက်သောအခါ စာအုပ်နာမည်များကို မြင်ပြီး ပို၍ပင် အံ့ဩသွားရသည်။

“ပန်းပဲပညာရပ်စာအုပ်နှင့် ဆေးရည်မှတ်တမ်း“

ဤစာအုပ်၂အုပ်သည် အလွန်ရှားပါးသော ရတနာစာအုပ်များ ဖြစ်သည်။

ပန်းပဲပညာရပ်နှင့် ဆေးရည်ဖော်စပ်ခြင်းကို သင်ယူရန် အလွန်ခက်ခဲကြောင်းကို လူတိုင်းသိကြ၏။ ပန်းပဲဆရာတိုင်းနှင့် ဆေးရည်ဖော်စပ်သူများသည် အဖွဲ့အစည်းတိုင်း၏ အမှတ်သင်္ကေတများ ဖြစ်ကြသည်။

မြို့ကြီး၁၀မြို့ ပိုင်ဆိုင်ခဲ့သော ရှဲဒိုးအဖွဲ့တောင်မှ ပန်းပဲဆရာ ၂ယောက်နှင့် ဆေးရည်ဖော်စပ်သူ ၅ယောက်သာ ပိုင်ဆိုင်ခဲ့သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် နန်းတွင်းမှ မင်းသား၊မင်းသမီးများကဲ့သို့ အရေးပေးခံရ၏။

ဤစာအုပ်၂အုပ်ဖြင့် ဆိုလျှင် ရှီဖုန်းသည် အနာဂါတ်တွင် ပန်းပဲဆရာနှင့် ဆေးရည်စပ်သူတစ်ယောက် ဖြစ်လာနိုင်သည်။

“အမှောင်လတောင်ကြားမှာ လျှို့ဝှက်တာဝန်တစ်ခု ရှိသေးတယ်… အဲ့နေရာမှာ ပန်းပဲပညာရပ်ကို အလကား သင်ပေးတဲ့အပြင် ပန်းပဲစွမ်းရည်ကိုလည်း ဆုလာဘ်အဖြစ် ရနိုင်သေးတယ်… ငါ့မှာသာ ပန်းပဲပညာရပ်စာအုပ်နဲ့ ပန်းပဲစွမ်းရည် နှစ်ခုစလုံးသာ ရှိမယ်ဆိုရင် ငါက တန်းမြင့်ပန်းပဲပညာရှင်အဖြစ်ကို ခဏလေးနဲ့ ရောက်မှာပဲ… အဲ့ဒါဆိုရင် ကြေးအဆင့် တန်ဆာတွေ ထုလုပ်ပြီး ပိုက်ဆံအများကြီး ရှာလို့ရပြီ… “

ရှီဖုန်းက ရှဲဒိုးအဖွဲ့မှ ဟမ်းမားထရိတ်ဒင်းဆိုသည့် အဖွဲ့ဝင်တစ်ယောက်ကို သတိရသွား၏။ သူက လျှို့ဝှက်တာဝန်တစ်ခုကို အောင်မြင်ပြီး ပန်းပဲဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ အမှောင်လတောင်ကြားသည် အဆင့်၄ မွန်းစတားများ ကျက်စားရာဒေသတစ်ခု ဖြစ်ပြီး လျှို့ဝှက်တာဝန်ကလည်း အချိန်အများကြီး ပေးရသော အလွန် ခက်ခဲသည့် တာဝန်တစ်ခု ဖြစ်သည်။

“ကြည့်ရတာ ပစ္စည်းတွေ ဝယ်ပြီး ပြင်ဆင်ထားသင့်တယ် ထင်တယ်… “

ရှီဖုန်းက စာအုပ်၂အုပ်ကို သိမ်းဆည်းလိုက်ပြီး ဘလက်ကီဆီသို့ ရောင်းဝယ်ရေးနေရာတွင် တွေ့ကြရန် စာပို့လိုက်သည်။ ထို့နောက် သူက ရောင်းဝယ်ရေးနေရာဆီသို့ ဦးတည်၍ ထွက်လာခဲ့လိုက်သည်။

ယခုအချိန်တွင် ရောင်းဝယ်ရေးနေရာ၌ ကစားသမား အများအပြား ရှိနေလေပြီ။ မွန်းစတားများကို သတ်ပြီးနောက် ပင်ပန်းလာကြသော ကစားသမားများသည် ရောင်းဝယ်ရေးနေရာသို့ လာပြီး စားသောက်ရင်း အနားယူကြသည်။ မွန်းစတားများကို သတ်ရာမှ ရရှိလာသော ပစ္စည်းများကို ရောင်းချနေကြသော ကစားသမားများလည်း အများအပြား ရှိ၏။

ရှီဖုန်းက နေရာလွတ်တစ်ခုကို ရှာပြီး အဖြူရောင်အဝတ်စတစ်ခုကို ခင်းလိုက်သည်။ ထို့နောက် သူ ရလာသော လက်နက်ကိရိယာများနှင့် ဆေးပင်များကို စတင်ရောင်းချလိုက်သည်။ သာမန် အဆင့်၄ ချည်သားချပ်ဝတ်ကို ငွေပြား၁ပြား နှင့် ကြေးပြား၂၀ဖြင့် ဈေးခေါ်ပြီး ကြေးအဆင့် ဒိုင်းကာကို ငွေပြား၂၁ပြားဖြင့် ဈေးခေါ်ထားလိုက်၏။ ယခုအချိန်က ဂိမ်းအစပိုင်း ဖြစ်သဖြင့် ထိုဈေးနှုန်းက သက်သာပြီး အသင့်အတင့် ရှိလေသည်။

“ရှားပါးတဲ့ ဆေးပင်တွေနဲ့ အဆင့်မြင့် ချပ်ဝတ်တန်ဆာတွေ ရမယ်နော်… စိတ်ဝင်စားတဲ့လူများ လာကြည့်နိုင်ပါတယ်… “ ရှီဖုန်းက အော်လိုက်သည်။

ရောင်းဝယ်ရေးနေရာတွင် ရောင်းချသူ အများစုမှာ ဆေးပင်နှင့် သတ္တုရိုင်းများကိုသာ အဓိကထား ရောင်းချကြပြီး ယခုအချိန်ထိ လက်နက်၊ချပ်ဝတ်များ ရောင်းချသည့် လူ မရှိသေးပေ။ ထို့ကြောင့် ရှီဖုန်း၏ အော်သံက လူအများကို စိတ်ဝင်စားသွားစေသည်။

“တစ်ကယ် လက်နက်၊ချပ်ဝတ်တွေ ရောင်းနေတာပဲ… ကြေးအဆင့် ဒိုင်းတောင် ပါသေးတယ်… “

“ဘယ်လိုတောင် ကံကောင်းလာတာလဲ… ငါ့မှာ အခုထိ သာမန်ချပ်ဝတ်တန်ဆာတစ်ခုတောင် မရှိသေးဘူး… သူက ကြေးအဆင့်လက်နက်ကိုတောင် ရနေပြီ… “

“ဒါက အဆင့်၅ လက်နက်ပဲ… ဟာသ မဟုတ်ပါဘူးနော်… ငါ အမြင်မှားတာတော့ မဟုတ်လောက်ပါဘူးနော်… “

“ဘာတွေ ထူးဆန်းနေတာလဲ… မြို့တော်ဝန်ကို သတ်သွားတဲ့ လူတောင် ရှိသေးတာ… မြို့တော်ဝန်က အဆင့်၁၅ လက်ရွေးစင်နော်… အခုဆို ဘယ်သူမှ မြို့တော်ဝန်ဆီကနေ တာဝန် မရတော့ဘူး… သူ့ဆီမှ တာဝန်ကို လက်ခံယူသွားတဲ့ သူတွေကတောင် ဒေါသထွက်နေကြတယ်… မြို့တော်ဝန်ကို သတ်သွားတဲ့ လူကို အသေရရ၊ အရှင်ရရ ဝါးစားချင်နေကြတာ… “

“ငွေပြား ၂၁ပြားလား… ဈေးအရမ်းကြီးလွန်းတယ်… ငါ့မှာဆို အဲ့ငွေရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိဘူး… “

ပတ်လည်ရှိ ကစားသမားများက အလွန်အံ့ဩနေကြသည်။ နတ်ဘုရားနယ်မြေဖွင့်တာမှ ၁၀နာရီပင် မပြည့်သေးချေ။ တစ်စုံတစ်ယောက်က ထိပ်တန်းအဆင့် လက်နက်ကို ရသွားလေပြီ။ မယုံနိုင်စရာကောင်းတာက ထိုလက်နက်ကို ရောင်းချနေခြင်းပင်။

အစည်းအရုံးများနှင့် အလုပ်ရုံများမှ ဆိုလျှင် သူတို့က ရရှိလာသည့် လက်နက်ကိရိယာများကို ရောင်းချခြင်း မရှိဘဲ သူတို့၏ စွမ်းရည်များ တိုးတက်လာစေရန်အတွက် သူတို့ကိုယ်တိုင်အတွက်သာ အသုံးပြုကြသည်။ ယခုအချိန်တွင် ကစားသမားများသည် အဆင့်၁သို့ ရောက်ရှိနေကြသော်လည်း အဆင့် ၅လက်နက်တန်ဆာတစ်ခုကို ရရန် လုံးဝ မဖြစ်နိုင်ပေ။ အဆင့် ၅ ကြေးအဆင့် ဒိုင်းဆိုလည်း ပိုတောင်မှ မဖြစ်နိုင်သေး၏။

သို့သော်လည်း ငွေပြား ၂၁ပြားသည် အလွန်များသည့် ငွေပမာဏတစ်ခု ဖြစ်သည်။ သာမန်ကစားသမားတစ်ယောက်၏ ဝင်ငွေသည် ကြေးပြား၂၀ ထပ် မပိုပေ။ ငွေပြား ၂၁ပြားသည် ကြေးပြား၂၁၀၀နှင့် ညီမျှ၏။

ရှီဖုန်းက တဖြည်းဖြည်း များပြားလာသည့် လာရောက်ကြည့်ရှုသူများအား ကြည့်ပြီး မသိမသာ ပြုံးလိုက်သည်။

သူ၏ ကြေးအဆင့် ဒိုင်းကို သာမန်ကစားသမားများ ဝယ်လိမ့်မည်ဟုလည်း တွေးမထားပေ။ သူ လိုချင်သည့်အချက်ကား လူသိများစေရန် ဖြစ်သည်။

ခဏအကြာတွင် ကစားသမားအုပ်စုကြီးတစ်ခု ရောက်လာသည်။ သူတို့ကို ဦးဆောင်လာသူကား ဒိုင်းစစ်သည်တော် တစ်ဦး ဖြစ်သည်။

“ဖယ်ကြစမ်း… ဖယ်ကြစမ်း… ဒီဆိုင်က ပစ္စည်းတွေအားလုံးကို ငါတို့ ရှဲဒိုးအဖွဲ့က ဝယ်မယ်… တခြားသူတွေအားလုံး ထွက်သွားလို့ ရပြီ… “

ရှဲဒိုးအဖွဲ့ဝင်များက ဒိုင်းစစ်သည်တော်အတွက် လမ်းရှင်ပေးလိုက်ကြသည်။ ရှီဖုန်းက သူတို့ကို တစ်ချက် ကြည့်လိုက်သောအခါ ရှဲဒိုးအဖွဲ့ကို ဦးဆောင်လာသူမှာ သူ သိသော ကစားသမားတစ်ဦး ဖြစ်နေသည်။ ထိုလူ၏ အမည်က ဖလိမ်းမင်းတိုက်ဂါးဟု ခေါ်ပြီး အနီရောင်သစ်ရွက်မြို့မှ ရှဲဒိုးအဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ယခင်ဘဝက ဖလိမ်းမင်းတိုက်ဂါးက သူ့၏တက်လမ်းကို ပိတ်ဆိုးထားခဲ့ဖူးသည့် လူတစ်ယောက် ဖြစ်သည်။ သူ့ကြိုးစားမှု၏ ၃၀ရာခိုင်နှုန်းခန့်လောက်ကို ဖလိမ်းမင်းတိုက်ဂါးက ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ ထိုလူကို ယခုကဲ့သို့ လျင်လျင်မြန်မြန် ပြန်တွေ့ရလိမ့်မည်ဟု ထင်မထားမိချေ။

“မင်းက ပိုင်ရှင်လား… “

ဖလိမ်းမင်း တိုက်ဂါးက အပြာရောင် ကြက်ခြေခတ်သဏ္ဍာန် ဒိုင်းကို ကြည့်ပြီး စိတ်လှုပ်ရှားလာသည်။ ထို့နောက် ရှီဖုန်းကို ကြည့်လိုက်သည်။ သူ့ထံတွင် အကဲခတ်မျက်လုံး မရှိသဖြင့် ရှီဖုန်း၏ အဆင့်ကို မမြင်ရချေ။ သို့သော်လည်း ရှီဖုန်းက ဂိမ်းအစကတည်းက ပေးထားသည့် ဝတ်စုံနှင့် ဖြစ်ပြီး အဖွဲ့အစည်းတစ်ခုခု၏ အမှတ်တံဆိပ်လည်း မရှိပေ။ ထို့ကြောင့် သာမန်ကစားသမားတစ်ဦး ဖြစ်မည်ဟု တွေးလိုက်သည်။

ရှီဖုန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်… “ဟုတ်တယ်… “

“ကောင်းပြီ… ငါ ဒီပစ္စည်းတွေအားလုံးအတွက် ငွေပြားတစ်ပြားပေးမယ်… “ ဖလိမ်းမင်း တိုက်ဂါးက ဂုဏ်မောက်စွာ ပြောလိုက်သည်။

သူ ပြောလိုက်သည့်ပုံစံက ရှီဖုန်း၏ပစ္စည်းများအားလုံးက တန်ဖိုးမရှိသော်လည်း သဘောထားကြီးကြီးဖြင့် ငွေပြား ၁ပြား ပေးဝယ်သည့် ပုံစံဖြစ်နေသည်။

“ငါက တစ်ခွန်းဈေးပဲ… မင်းက အရှင်သခင်တစ်ယောက်လို လာပြီး ငါ့ရဲ့အလုပ်ကို မနှောင့်ယှက်ပါနဲ့… “

ရှီဖုန်းက ဒေါသထွက်သည့်ဟန် မပြဘဲ ဖလိမ်းမင်း တိုက်ဂါးအား လျစ်လျူရှုလိုက်လေသည်။

ထိုအခါ ဖလိမ်းမင်း တိုက်ဂါးက အလွန် ဒေါသထွက်သွားပြီး ရှီဖုန်းအား ခက်ထန်စွာ ကြည့်၍ ပြောလိုက်သည်… “မင်းက ငါတို့ ရှဲဒိုးအဖွဲ့ကို ဆန့်ကျင်ချင်နေတာလား… နောက်တစ်ခါ အခွင့်အရေး ထပ်ပေးမယ်… မင်း မပြောခင် သေချာစဉ်းစားပါ… “

ချက်ချင်းဆိုသလိုပင် ရှဲဒိုးအဖွဲ့ဝင် ၅ယောက်က ရှီဖုန်းကို ဝိုင်းလာသည်။ သို့သော်လည်း ရှီဖုန်းက ဖလိမ်းမင်း တိုက်ဂါးကို ကြည့်ပြီး တဲ့ဒိုး ပြောချလိုက်သည်… “အရူးတွေ… “

အနီရောင်သစ်ရွက်မြို့ထဲတွင် သူတို့က သူ့အား တစ်ကယ် ခြိမ်းခြောက်ရဲနေသည်။ မြို့ထဲတွင် တိုက်ခိုက်ခြင်းအား တားမြစ်ထားသည်ကို သူတို့က မသိလေသလား။

“မင်းက သေချင်နေတာပဲ… “ ဖလိမ်းမင်း တိုက်ဂါး၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာသည်။ သူက ယခုချက်ချင်းပင် ရှီဖုန်းအား သတ်ပစ်ချင်နေသည်။

“ဟား… ဟား… ဟား… တစ်ကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ… အဆင့် ၅ ကြေးအဆင့် ဒိုင်းတစ်ခု ပေါ်လာတာကို ငါတို့ လုပ်ကြံသတ်ဖြတ်သူမဟာမိတ်အဖွဲ့က နောက်ကျနေလို့ ဘယ်ဖြစ်ပါ့မလဲ… “

နောက်ထပ် ကစားသမား၁၀ယောက် ကျော်သည့် အဖွဲ့တစ်ဖွဲ့ ရောက်လာသည်။ ထိုကစားသမားတိုင်းက လုပ်ကြံသတ်ဖြတ်သူမဟာမိတ် အဖွဲ့၏ တံဆိပ်ကို ဝတ်ဆင်ထား၏။ စကားပြောလိုက်သူမှာ ဝေဒနာ နှလုံးသား ဖြစ်သည်။ သူက ဆိုင်ပိုင်ရှင်ကို မြင်သောအခါ အံ့ဩသွား၏။ ဆိုင်ပိုင်ရှင်မှာ ကြေးဆုလာဘ်ပြိုင်ပွဲတွင် တစ်ကြိမ်တည်းဖြင့် အနိုင်ရသွားသည့်လူ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ယခုလည်း ထိုလူက အဆင့် ၅ ကြေးအဆင့် ဒိုင်းကို ရရှိထားသဖြင့် အဆင့်မြင့်လက်ရွေးစင်မွန်းစတားအား သတ်ဖြတ်ခဲ့သည်ဟု ခန့်မှန်းလိုက်သည်။ ထိုအတွေးအား တွေးမိပြီး ဝေဒနာ နှလုံးသားက ရှီဖုန်းအား ပို၍ပင် လေးစားသွား၏။

“ဒီမှာ ငွေပြား ၂၄ပြား… ဒီက ရှိတဲ့ပစ္စည်း အကုန်ယူမယ်… မိတ်ဖြစ်ဆွေဖြစ်ပေါ့… နောက်တစ်ခါ လက်နက်ကိရိကောင်းတွေ ရရင် ကျွန်တော့်ရဲ့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းကိုသာ ဆက်သွယ်လိုက်ပါ… “

ဝေဒနာ နှလုံးသားက ငွေပြား၂၄ပြားကို ချက်ချင်း ထုတ်ပေးလိုက်သည်။ သူတို့ အစည်းအရုံးအတွက် ငွေပြား၂၄ပြား စုဆောင်းရသည်မှာ မလွယ်ကူသော်လည်း ရှီဖုန်းကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက်နှင့် မိတ်ဆွေဖြစ်သွားလျှင် တန်သည်ဟု ဆိုရပေမည်။

“ကောင်းပြီလေ… ဒီလောက်တောင် ပွင့်လင်းနေမှတော့ ကြေးပြား၅၀ မယူတော့ပါဘူး… နောက်ထပ်ပစ္စည်းတွေ ရရင် ဆက်သွယ်လိုက်မယ်… “

ရှီဖုန်းကက ဝေဒနာ နှလုံးသား၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ပေသည်။ အင်အားကြီးသော အစည်းအရုံးတစ်ခုနှင့် တွဲလုပ်ရသည်မှာ သိပ်တော့ မဆိုးလှချေ။

ငွေပြား ၂၄ပြားကို ချက်ချင်း ထုတ်ပေးလိုက်သည့် လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းအား ဘေးပတ်ဝန်းကျင်မှ ကစားသမားများက ကြည့်ပြီး အံ့ဩနေကြသည်။ ထိုလုပ်ရပ်က တခြားကစားသမားများကို လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းအား ဝင်ရောက်ရန် တွန်းအားတစ်ခု ဖြစ်စေသည်။ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းနှင့် ယှဉ်လျှင် ရှဲဒိုးကဲ့သို့ အဖွဲ့မျိုးကို ဝင်ရောက်ခြင်းက သူတို့၏ အနာဂါတ်အတွက် မကောင်းနိုင်ပေ။ ထို့အတူ လူတိုင်းက ရှဲဒိုးအဖွဲ့အား အထင်သေးသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။

ရှီဖုန်း၏ အထင်သေးခြင်းကို ခံရပြီးနောက် လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်း၏ ပညာပေးခြင်းကိုပါ ခံရသဖြင့် ဖလိမ်းမင်း တိုက်ဂါး၏ မျက်နှာက ဒေါသကြောင့် နီရဲတွတ်လာသည်။ သူက အဖွဲ့မှ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အား ခေါ်ပြီး ပြောလိုက်သည်… “ကွိုက်ရက် ဝုဖ်… မင်း ဒီကောင်လေးကို စောင့်ကြည့်ထား… ရှဲဒိုးအဖွဲ့ကို ဆန့်ကျင်ရင် ဘယ်လိုဖြစ်တတ်လဲဆိုတာ သင်ပေးရမယ်… “

တခြားတစ်ဖက်တွင်တော့ ရှီဖုန်းက ငွေပြား ၂၄ပြားကို ယူပြီးနောက် ထိုနေရာမှ ထွက်လာခဲ့ကာ ရောင်းဝယ်ရေးနေရာတွင် လျှောက်သွားပြီး ပစ္စည်းတစ်ချို့ကို ဝယ်ယူနေလေသည်။

ယခု ရှီဖုန်းထံတွင် ငွေပြား ၂၄ပြား ရှိနေသည်။ ထိုပမာဏက သာမန်အစည်းအရုံးများ၏ စုစုပေါင်း ချမ်းသာမှုထက်ပင် များပြားနေသေး၏။ ထို့ကြောင့် ရှီဖုန်းက လူချမ်းသာ တစ်ယောက် ဖြစ်သွားပြီး လိုအပ်သည့်ပစ္စည်းများကို စိတ်ကြိုက်ဝယ်ယူနေတော့သည်။ သူက တစ်လုံးကို ကြေးပြား ၂၅ပြား တန်ကြေးရှိသည့် စတီးနက်ဘီယာ အလုံး၂၀ကို ဝယ်ယူခဲ့သည်။

ထို့အပြင် တစ်ခုလျှင် ကြေးပြား ၂၀တန်သည့် မီးခိုးဗုံး အလုံး ၃၀နှင့် တစ်ခုလျှင် ကြေးပြား ၅ပြားတန်သည့် ပန်းသီး ပိုင်မုန့် အလုံး ၁၀၀ကိုလည်း ဝယ်ယူခဲ့သည်။ ပန်းသီး ပိုင်မုန့်က တစ်ခုစားလျှင် တစ်စက္ကန့်ကို HP 30 ပြည့်ပြီး အချိန်၁၀စက္ကန့် ခံ၏။

သူက တစ်ဘူးလျှင် ကြေးပြား ၅ပြား တန်ကြေးရှိသည့် မှော်ရေဘူး ၁၀၀ကိုလည်း ဝယ်ယူခဲ့သေးသည်။ မှော်ရေဘူးကို သောက်လျှင် တစ်စက္ကန့် MP 20 ပြန်ပြည့်ပြီး အချိန် ၁၀စက္ကန့် ခံလေသည်။

ရှီဖုန်းက ပစ္စည်းအများအပြားကို ဝယ်ယူခဲ့သဖြင့် နောက်ဆုံးတွင် သူ့ထံ၌ ငွေပြား၃ပြားသာ ကျန်တော့၏။

“အစ်ကိုဖုန်း… မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့… အခု ငါတို့ ဘယ်ကို သွားကြမလဲ… “

ဘလက်ကီက ရှီဖုန်းအား စောင့်နေသည်မှာ အချိန်အတော် ကြာနေလေပြီ။ သူ့မျက်နှာက မည်းမှောင်နေကာ မကျေမချမ်းဖြစ်သည့် အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။

ယခု နတ်ဘုရားနယ်မြေဖွင့်လိုက်သည်မှာ ၉နာရီခန့်ပင် ရှိနေပြီ ဖြစ်သော်လည်း ဘလက်ကီက ယခုထိ စူးစမ်းသူဆိုသည့် ဘွဲ့နာမည်တစ်ခုမှ လွဲ၍ မည်သည့်အရာကိုမှ မရသေးချေ။

“လာ သွားကြစို့… မွန်းစတားတွေကို သွားသတ်မယ်… “ ရှီဖုန်းက ပြုံးပြီး ဘလက်ကီထံသို့ အဖွဲ့ဖွဲ့ရန် request ပို့ လိုက်လေသည်။

အပိုင်း ၁၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset