Switch Mode

Chapter – 35

Chapter – 35

သူတို့ဝင်သွားသော ခန်းမ၏ မီးရောင်က ထိန်လင်းနေသည်။ အကြီးအကဲများ၏ မျက်ဝန်းကလည်း လျှပ်စီးလက်နေသလို တောက်ပစူးရှလွန်းနေသည်။ သူတို့က ယဲ့ဖန်းတို့၏ အဖွဲ့ကို အံ့အားတကြီး ကြည့်ကြသည်။
“ဘာလို့ မင်းတို့ ဝတ်ထားတာတွေက ထူးဆန်းနေတာလဲ။”
“ဘာလို့ ဆံပင် တိုနေပြန်တာလဲ။”
“မင်းတို့အားလုံးက သေမျိုးတွေပဲ။ ဘာလို့ အဲ့ဒီနေရာကို ဝင်ပြီး ပြန်ထွက်လာနိုင်ခဲ့တာလဲ။”
“ဘာလို့ မင်းတို့ပြောတဲ့ ဘာသာစကားက ထူးဆန်းနေတာလဲ။ မင်းတို့ ဘယ်နေရာက လာကြတာလဲ။”
“မင်းတို့ရဲ့ အင်အားနဲ့ဆိုရင် အဲ့ဒီနေရာကို ရောက်သွားပြီး သစ်သီးကို ခူးဖို့က ဖြစ်မှ မဖြစ်နိုင်တာ။”
အကြီးအကဲများက အလွန်သတိထားကာ တွက်ချက်ကြည့်ကြသည်။ သူတို့၏ မေးခွန်းတစ်ခုချင်းစီတိုင်းဖြင့် ဇစ်မြစ်ကို သိနိုင်ရန် ကြိုးစားကြသည်။
သူတို့က ​စကြာဝဠာကြီး၏ တစ်ခြားတစ်ဖက်မှလာပြီး ဒီနေရာနဲ့ အလင်းနှစ် ရာကျော်ဝေးကွာသည်။ သူတို့ကသာ အလင်းနှစ်သန်းပေါင်းများစွာကို ပျံသန်းနိုင်လောက်သည့်တိုင်အောင် ဒီဖက်ခြမ်းသို့ ဘယ်သောအခါမှ ရောက်နိုင်မည် မဟုတ်လောက်ချေ။
ထို့ကြောင့် ထိုသို့စကားများကို ထုတ်ပြော၍ မရချေ။ ယဲ့ဖန်းတို့၏ အဖွဲ့က တိတ်ဆိတ်နေရသည်။
“ဘာလို့ မင်းတို့က စကားမပြောကြတာလဲ။” အကြီးအကဲများ၏ မျက်ဝန်းက စူးရှသွားသည်။
“ကျွန်တော်တို့က အမှန်အတိုင်းပြောရင် ခင်ဗျားတို့က ယုံမှာလား။”
ယဲ့ဖန်းက ခမ်းမထဲရှိ လူအုပ်များကို တည်ငြိမ်စွာ ကြည့်ပြီး ဆက်ပြောသည်။
“ကျွန်တော်တို့ရဲ့ မွေးရပ်မြေက ဒီနေရာနဲ့ အရမ်းကို ဝေးကွာတယ်။ ကျွန်တော်တို့က ရှေးဟောင်းတောင်ပေါ်က ဆင်းသက်လာလို့ လောကရဲ့ အခြားတစ်ဖက်ခြမ်းကို ရောက်လာခဲ့တာဘဲ။ နောက်ပြီး ကျွန်တော်တို့ ဘယ်နေရာကို ရောက်လဲမှန်းလည်း မသိသလို နောက်ပြန်လှည့်ပြီးတော့လည်း ပြန်သွားလို့မရနိုင်တော့ဘူး။”
အကြီးအကဲ တစ်ချို့က အချင်းချင်း ကြည့်လိုက်ကြသည်။ တစ်ယောက်က ခေါင်းငြိမ့်သည်။
“ဒါက နားလည်နိုင်ပါတယ်။ အဲ့ဒီရှေးဟောင်းတောင်တန်းပေါ်မှာ အရှိန်အဝါ ချီစက်ကွင်း တစ်ခုကို ချခင်းခဲ့တဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိကိုရှိရမယ်။ အဲ့ဒီအရာက တောက်ပလာတဲ့အခါ နေနဲ့လတောင်မှ အရောင်အဝါ ဆုံးရှုံးရတယ်။ငလျင်က လှုပ်ရှားလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာတဲ့အခါမှာ နေရာရွေ့ပြောင်းသွားတာက ဖြစ်နိုင်ချေရှိတာပေါ့။ ဒါပေမဲ့ ဒါက ကြောက်စရာကောင်းလွန်းတယ်။”
အခြားသော အကြီးအကဲများက မေးခွန်းများ ဆက်မမေးကတည်းက ယဲ့ဖန်းတို့၏ အဖွဲ့က နဂါးအလောင်းကိုးလောင်းနှင့် အခေါင်းအကြောင်း ထည့်ပြောလိုက်မည် မဟုတ်ချေ။ သူတို့က စကြာဝဠာကြီးကို ဖြတ်သန်းသွားပြီး အခြားတစ်ဖက်ခြမ်းကို ရောက်လာကြောင်းကိုလည်း ထည့်ပြောလိမ့်မည် မဟုတ်ချေ။
ထိုအချိန်တွင် ယဲ့ဖန်းတို့အဖွဲ့၏ လက်ထဲမှ ကြေးနီရောင် မီးအိမ်၊ အရောင်အဝါ မှေးမှိန်နေပြီ ဖြစ်သော ခွက်နှင့် ရှေးဟောင်းခေါင်းလောင်းတို့ကို ထိုအကြီးအကဲများက အာရုံစိုက်လိုက်ကြသည်။
“ဒါက…”
အကြီးကဲတစ်ယောက်၏ မျက်နှာအမူအရာက လေးနက်သွားသည်။ သူက ယဲ့ဖန်း၏ လက်ထဲမှ မီးအိမ်ကို လှမ်းယူပြီးနောက် ဂရုတစိုက် စစ်ဆေးကြည့်သည်။ အချိန်တန်ကြာမှသာ သက်ပြင်းချပြီး ပြောသည်။
“ဘယ်လောက်တောင် ပြောင်မြောက်တဲ့ သိုင်းလဲ။ ဒီမီးအိမ်က အသိစိတ်တောင် ရှိခဲ့လောက်တယ်လို့ ငါသံသယဝင်တယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက ပျက်စီးသွားပြီ။ ပြန်ပြင်လို့လည်း မရနိုင်တော့ဘူး။”
ထို့နောက် သူက အခြားသော ပစ္စည်များကိုယူကာ ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် အမူအရာက အံ့အားတကြီး ဖြစ်သွားပြန်သည်။ သူက တအံ့တဩ ရေရွတ်သည်။
“အားလုံးက ပစ္စည်းကောင်းတွေပဲ။ ဘာကြောင့်များ ပျက်စီးသွားတာလဲ။ အတွင်းက တာအိုသင်္ကေတတွေ အားလုံးက အဖိုးတန်ပစ္စည်းတွေပဲ။ ဒါပေမဲ့ အဲဒီအရာတွေအားလုံး ဖျက်ဆီးခံထားရတယ်။ ဒီတော့ ဘယ်လိုနည်းနဲ့မှ ပြန်မပြင်နိုင်တော့ဘူး။”
“မင်းတို့ ဒါတွေကို ဘယ်လိုရလာတာလဲ။”
လူအိုကြီးများက စိတ်ဓာတ်ကျသွားကြသည်။ သူတို့၏ မျက်နှာများက ဝမ်းနည်းမှု အပြည့်ဖြစ်သွားကြသည်။
ထိုအချိန်တွင် ယဲ့ဖန်းက ပြန်မဖြေချေ။ သူ၏ ယခင်စကားများက သွေးတိုးစမ်းရုံသာ ပြောခဲ့ခြင်းဖြစ်သည်။ ကျိုးရင်တို့ကသာ အမှန်တရားကို ထုတ်ဖော်လိုက်မည်ဆိုလျှင် သူ၏စကားများက ယုတ္တိတန်တော့မည် မဟုတ်ချေ။ ဒီအတိုင်း သူ လာသောနေရာကနေ အလွန်ဝေးနေခြင်း ဖြစ်နေသေးသည်။
သို့ရာတွင် ယဲ့ဖန်းက ထိုသို့ အစပျိုး ပြောပြီးကတည်းက အခြားသူများက လိုက်ပါပြောရန် လိုအပ်သည်။ တစ်စုံတစ်ယောက်က ဦးနှောက်ကို အလုပ်ပေးပြီးနောက် သူတို့ဆီမှ အမွေနှစ်ပစ္စည်းများက ထိုရှေးဟောင်းတောင်တန်းပေါ်မှ သူတို့ယူလာခဲ့ခြင်း ဖြစ်ကြောင်း ပြောလိုက်ကြသည်။ သူတို့က သူတို့ ဒေသရှိ ရှေးဟောင်းတောင်တန်းမှ ယူလာခဲ့ပြီးနောက် ဒီတောင်တန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
သို့သော် လမ်းတောက်လျှောက် သူတို့က လက်ထဲကမချခဲ့ချေ။ ဒါက သူတို့၏ အမွေအနှစ်ပစ္စည်းလည်း ဖြစ်နေရာ လက်ထဲမှ ကိုင်ထားခြင်း ဖြစ်သည်ဟု ပြောပြလိုက်ကြသည်။
ယဲ့ဖန်းကသာ အမှန်တရားကို မပြောချင်သော သူ မဟုတ်။ လူတိုင်းကလည်း ပြောရန် မဖြစ်နိုင်ကြောင်း နားလည်ထားကြသည်။ ထိုကိစ္စ၏ အရေးကြီးမှုကို သတိထားမိကြသည်။
“ဆိုတော့ ဒီလိုကိုး ။ ငါ ပိုပြီးတော့တောင် မင်းတို့ပြောတဲ့ ရှေးဟောင်းတောင်တန်းကို စိတ်ဝင်စားလာပြီ။ ငါတကယ်ပဲ အဲ့ဒီကို သွားပြီး ကြည့်လိုက်ချင်တယ်။”
လူအိုကြီးက ပြုံးလိုက်သဖြင့် မျက်လုံးက မှေးကျဥ်းသွားသည်။ တစ်ဖက်လူများက အမှန်ပြောနေခြင်း ရှိ မရှိ မသေချာပြန်ချေ။ ထို့အပြင် သူက သံသယဝင်နေခြင်း ရှိ မရှိလည်း မသေချာပြန်ချေ။
“မင်းတို့ရဲ့ မူလစံအိမ်တော်က ဘယ်မှာလဲ။ ဘယ်နေရာလဲဆိုတာကို မင်းတို့ အကြမ်းဖျင်း ပြောနိုင်မလား။”
အခြားသော လူအိုကြီးတစ်ယောက် ဝင်မေးသည်။
လက်ရှိအချိန်တွင် လူတိုင်းက ယဲ့ဖန်း၏ အတွေးရေကြောနောက်မှ လိုက်ပြီး လိမ်ညာကြရမည် ဖြစ်သည်။ တစ်ချို့သော ကျောင်းသူများက သူတို့က အနောက်ဘက် ကုန်းမြေဘက်မှ လာကြောင်း ပြောလိုက်ကြသည်။
“အနောက်ဘက်ပိုင်း ဟုတ်လား။ ဒီလိုဆိုရင်တော့ မင်းတို့က အရမ်းကို ကျယ်​ပြောပြီး အကန့်သတ်မဲ့တဲ့ အနောက်ဘက် ကန္တာရပြင်က လာတာဖြစ်နိုင်တယ်။”
အဖိုးကြီး တစ်ယောက်က မျက်မှောင်ကြုံ့ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“အနောက်ဘက်ကန္တာရကနေ အရှေ့ဘက်ကုန်းမြေကိုလာရမဲ့ အကွာအဝေးက အရမ်းကို ဝေးကွာလွန်းတယ်။ ငါ ဒီသက်တန့်တိမ်စင်နဲ့ ပျံသန်းသွားမယ် ဆိုရင်တောင်မှ နှစ်သုံးဆယ်ကြာမှာကို စိုးရိမ်ရတယ်။ ဘယ်လောက်တောင် ပါရမီရှိလွန်းတဲ့ ပုဂ္ဂိုလ်ကြီးက အဲ့ဒီ ချီ စက်ကွင်းကို တောင်ပေါ်မှာ ချခင်းထားခဲ့တာများလဲ။ တကယ်ကို မယုံနိုင်စရာဘဲ။”
“ဒီလိုဆိုရင် ကျွန်တော်တို့ အရှေ့ဘက်ကုန်းမြေကိုပဲ ဆက်သွားတော့မယ်။”
ကျိုးရင်က အခွင့်ရေးကို လက်လွတ်မခံဘဲ မေးလိုက်သည်။
“အရှေ့ဘက်ကုန်းမြေက ဘယ်လောက်ကြီးပါသလဲ။”
“အရှေ့ဘက်ကုန်းမြေက သေမျိုးတွေရဲ့ သက်တမ်းတမျှ ကြီးမားတယ်။ အဲ့ဒီထက်တောင် ပိုနိုင်သေးတယ်။ ဒီတော့ မင်းတို့တွေရဲ့ ဘဝတစ်လျှောက်လုံး ခရီးဆက်နေမယ် ဆိုရင်တောင်မှ တစ်ဖက်ကို ရောက်နိုင်မှာမဟုတ်ဘူး။”
“အဲ့ဒီလောက် ကြီးတာလား။”
ယဲ့ဖန်းနှင့် အားလုံး၏ အမူအရာက တုန်လှုပ်ခြောက်ခြားသွားသည်။ သူတို့က မယုံကြည်နိုင်ကြတော့ချေ။
“သေမျိုးလောကမှာ ရှေးဟောင်းအဖော်မဲ့တားမြစ်နယ်မြေ အပိုင် တိုင်းပြည်ကို ယန်တိုင်းပြည်လို့ ခေါ်တယ်။ မြောက်ပိုင်းကနေ တောင်ပိုင်းက မိုင်နှစ်ထောင်ကျယ်ပြီး အရှေ့ပိုင်းကနေ အနောက်က မိုင် သုံးထောင်ကျော် ရှိတယ်။ ဒီလို ပိုင်တဲ့နယ်မြေက အရှေ့ဘက်ကုန်းမြေအတွက်တော့ သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတယ်။ ဒီလို တိုင်းပြည်ပေါင်းများစွာကလည်း မရေမတွက်နိုင်အောင်ပဲ ရှိတယ်။”
ထိုစကားများကို ကြားသောအခါ ဖန်းပေါ်က ထခုန်လုနီးပါး ဖြစ်သွားသည်။
“နေရာက ဘယ်လောက်တောင် ကြီးလိုက်လဲ။”
“နောက်ပြီး အဲ့ယန်ဆိုတဲ့ နယ်မြေကတောင် ဒီလောက်ကျယ်နေပြီ။ ဒါတောင်မှ အရှေ့ဘက်ကုန်းမြေအတွက် ဘာမှမဟုတ်သေးဘူးလား။ ဒီလိုဆိုရင် ဘယ်လောက်တာင် ကျယ်နေလောက်လဲ။”
အရှေ့ဘက်ကုန်းမြေကြီးက အကန့်သတ်မဲ့အောင် ကျယ်​ပြောသည်ဟာ ဆို၍ရသည်။ ထို့ကြောင့် မည်မျှကြီးမားကြောင်း စိတ်ကူးယာဥ်ရန် ခက်ခဲသည်။
“ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ။”
ဖန်းပေါ်က မျက်လုံးအပြူးသား ဖြစ်နေသည်။ ထိုအချက်အလက်များက သာမန်နားလည်နိုင်စွမ်းအားကို ကျော်လွန်သွားသည်။ ထို့အပြင် မယုံနိုင်စရာ ကောင်းလွန်းသည်။ သို့ရာတွင် သူက ဒီလောကမှ နတ်ဘုရားများ၏ တည်ရှိမှုကို တွေးမိသောအခါ ခေါင်းကိုသာ ခါလိုက်သည်။
ဖန်းပေါ်က အံ့ဩနေကြောင်း မြင်သောအခါ လူအိုကြီးများက ပြုံးလိုက်ကြသည်။ ထိုလူငယ်လေးက အသက်ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ်အစားသာ ထင်ရပြီး အနာဂတ်တွင် ပျိုးထောင်ရမည့် မျိုးစေ့ကောင်းများဟု သတ်မှတ်ထားကြသည်။ တစ်ယောက်က ဆက်ပြောသည်။
“ယန်တိုင်းပြည်က အရှေ့ဘက်ကုန်းမြေရဲ့ ထောင့်တစ်နေရာမှာဘဲ ရှိတယ်ဆိုပေမဲ့လည်း အမည်မသိတိုင်းပြည်တော့ မဟုတ်သေးဘူး။ ဒီရှေးဟောင်း အဖော်မဲ့ တားမြစ်နယ်မြေကြီးက ကျယ်​ပြောလှတဲ့ အရှေ့ဘက်ကုန်းမြေရဲ့ တားမြစ်နယ်မြေ ခုနစ်ခုထဲက တစ်ခုဖြစ်နေတယ်လေ။”
လူအုပ်က အချိန်အတန်ကြာ ဆွံ့အသွားကြရပြန်သည်။ သူတို့ လတ်တလောရရှိထားရသော သတင်းအချက်အလက်များက များလွန်းကာ အံ့အားသင့်ဖွယ် ကောင်းလွန်းနေသည်။
“အခု ​ခင်ဗျားတို့ပြောတဲ့ အနောက်ဘက် ကန္တာရမြေဆိုတာက အရှေ့ဘက် ကုန်းမြေနဲ့ ယှဥ်နိုင်လား။”
ဝမ်ကျစ်ဝမ်က သတိထားကာ မေးလိုက်သည်။
“အရွယ်အစားအရတော့ အနောက်ဘက်ကန္တာရနဲ့ အရှေ့ဘက်ကုန်းမြေက တူတူလောက်ပဲ။ နယ်မြေ နှစ်ခုလုံးက ကျယ်ပြောပြီး အကန့်အသတ် မဲ့တယ်။”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ နှလုံးသားက မုန်တိုင်းထန်သွားသည်။
ဒါဆို ဒီနယ်မြေကြီးက ဘယ်လောက်တောင် ကျယ်လိုက်မလဲ။
သို့ရာတွင် ပို၍ အံ့အားသင့်စရာကောင်းသော ကိစ္စက ရှိနေသေးသည်။ အဖိုးကြီးတစ်ယောက်က ဆက်ပြောသည်။
“အရှေ့ဘက်ကုန်းမြေ၊ အနောက်ဘက်ကန္တာရနယ်မြေ၊ တောင်ပိုင်းတောင်တန်းဒေသ၊ မြောက်ပိုင်းပြင်ကျယ်၊ အလယ်ပိုင်းလွင်ပြင်ကျယ် ဒီနေရာတွေ အားလုံးမှ ဗဟိုပြင်ကျယ်ဆိုတဲ့ အလယ်ပိုင်းပြင်ကျယ်က အကြီးမားဆုံးပဲ။ အဆုံးအစမဲ့အောင် ကျယ်ပြောပြီး လျှို့ဝှက်ဆန်းကျယ်လွန်းတယ်။ ကျင့်ကြံသူတွေတောင်မှ တစ်ဖက်ကို မဖြတ်နိုင်ဘူး။”
လူတိုင်းက ကျောက်ရုပ်ဖြစ်မတတ် ဆွံ့အသွားကြသည်။ သူတို့၏ ပါးစပ်က ခြောက်သွေ့သွားပြီး တစ်ခွန်းမှ မပြောနိုင်ကြတော့ချေ။
လူအိုကြီးများကမူ ထိုအမူအရာကြောင့် အလွန်ကျေနပ်သွားသည်။ ထို့ကြောင့် အားပေးလိုက်သည်။
“သေမျိုးတွေက အသက်တိုတယ်။ ပုရွက်ဆိတ်တွေလိုပဲ။ သူတို့က ဘယ်လိုလောကမှာ ရှင်သန်နေမှန်းတောင် မသိ​ကြဘူး။ ဒီနေ့ မင်းတို့အားလုံးက ကျယ်ပြောတဲ့ ကုန်းမြေကို အပေါ်စီးက ငုံ့ကြည့်နိုင်တဲ့ အခွင့်ရေးရထားပြီးပြီ။ မင်းတို့ကသာ ကျင့်ကြံဖို့ ဆန္ဒရှိတမျှ လေထုကို မွှေနှောက်ပြီး တိမ်စင်တွေကို ခွဲခြမ်းလို့ တိမ်စိုင်ပေါ်မှာ မားမားမတ်မတ် ရပ်​နေနိုင်စွမ်း ရှိလိမ့်မယ်။”
အားလုံးအတွက် အချိန်တန်ကြာမှ အသိပြန်ဝင်လာကြသည်။ တစ်ချို့က တုန့်ဆိုင်းစွာ မေးလိုက်သည်။
“ကျွန်မတို့ ကျင့်ကြံဖို့က…”
“ဟုတ်တယ်။ မင်တို့က တားမြစ်နယ်မြေကို ဝင်နိုင်ခဲ့တယ်။ မင်းတို့က ငယ်ရွယ်မှုကို ဆုံးရှုံးလိုက်ရပေမဲ့လည်း ဒီလောကက မျှတပါတယ်။ မင်းတို့က မင်းတို့ဆုံးရှုံးရတဲ့ အရာနဲ့ ညီမျှတဲ့ အကျိုးအမြတ်တွေ အများကြီးပဲ။ ဒီကျင့်ကြံခြင်းလောကက ဆူးတွေအပြည့်ပဲ။ လျှောက်လှမ်းဖို့ ခက်ခဲပေမဲ့လည်း မင်းတို့အတွက်တော့ လမ်းကြောင်းငယ်တစ်ခုက ပွင့်နှင့်နေပြီ။”
“ဟုတ်တယ်။ မင်းတို့ရဲ့ ဒုက္ခဆင်းရဲပင်လယ်က အသက်ဝင်သွားပြီ။ ဒီတော့ ဒုက္ခဆင်းရဲပင်လယ်ကို ဖြတ်လျှောက်ပြီး နတ်တံတားပေါ် တက်လှမ်းလိုက်တာနဲ့ ကိုယ်တိုင် နတ်ဘုရားကို ရှာဖွေဖို့က မခက်ခဲပါဘူး။”
အဖိုးကြီး တစ်ချို့က တွန်းအားပေးကြသည်။ တစ်ချို့ကမူ ကျင့်ကြံခြင်း လမ်းစဥ်ကို ညွှန်ကြားပေးချင် ကြသည်။
“ခင်ဗျားတို့ ဘယ်သူမှန်းတောင် ကျွန်တော်တို့ မသိသေးဘူး။”
ကျိုးရင်က အခွင့်ရေးကို လက်လွတ်မခံဘဲ ပြောသည်။
“ငါတို့လား။ ယန်တိုင်းပြည်မှာ ကောင်းချီး လှိုဏ်ဂူ ခြောက်ခုရှိတယ်။ လှိုဏ်ဂူဆိုတာ ဒီတိုင်း အမျိုးနာမည် တပ်ထားတာပါဘဲ။ ငါတို့ရဲ့နေရာက ကျင့်ကြံခြင်းနေရာက အဲ့ဒီခြောက်ခုထဲက ​တစ်ခုပဲ။ ပြောရရင် ဒီနေရာမှာမရှိဘူး။ သေမျိုးလောကမှာ မဟုတ်ဘူးပေါ့။”
အဖိုးကြီးတစ်ယောက်က ပြုံး၍ဖြေသည်။
“ယန်တိုင်းပြည်က အရှေ့ဘက်ကုန်းမြေ ပိုက်နက်နယ်မြေရဲ့ သမုဒ္ဒရာ ရေတစ်စက်ပဲ။ နောက်ပြီး ကောင်းချီးလှိုဏ်ဂူက လောကရဲ့ ထောင့်တစ်နေရာမှာပါပဲ။ ကောင်းကင်ဘုံ ဂိုဏ်းတွေကလည်း ဒီလိုလောကကြီးထဲမှာ အများအပြားရှိနေတယ်။”
ဖန်းပေါ်က ရေရွတ်သည်။
ထိုအဖိုးကြီးများက သူနှင့် ယဲ့ဖန်းကို မတူသောအမြင်ဖြင့် ကြည့်ကြောင်း သူတို့ကလည်း သိသည်။ ထိုကြောင့် သူတို့၏စကားကို ကြသောအခါ မကျေမနပ် အမူရာမပြကြဘဲ ပြုံးကာ ဖြေသည်။
“ရည်မှန်းချက် မကြီးပါနဲ့။ အခြေခံက အရေးကြီးဆုံးပဲ။ ငါတို့ရဲ့ ကောင်းချီးလှိုဏ်ဂူတွေက အထွတ်အမြတ်နယ်မြေက အမွေအနှစ်တွေ လက်ခံရရှိထားပြီးသား။ ဒါကြောင့် အခြေခံတွေက ဒီလောကကြီးထဲမှာ အကောင်းဆုံးပဲ။ ပိုဆိုးတာက မင်းတို့ကသာ အနာဂတ်မှာ ကောင်းကင်ပေါ် ပျံသန်းတက်ချင်ရင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ​နေရာကောင်းတစ်ခု လိုအပ်တယ်။ ငါတို့က အဲ့တာကို ထောက်ပံ့ပေးနိုင်တယ်။”
“ဟုတ်တယ်။”
အခြားသော လူအိုကြီးတစ်ယောက်က ဂုဏ်ယူစွာပြောသည်။
“ငါတို့က ဒီအတိုင်းကောင်းချီး ဂူတွေပဲ ဆိုပေမဲ့လည်း ငါတို့က အရှေ့ဘက် ကုန်းမြေနယ်နိမိတ်မှာ အကျော်ကြားဆုံး အထွတ်အမြတ်နယ်မြေနဲ့ သက်ဆိုင်တယ်။ မင်းတို့ကသာ လုံလောက်တဲ့ ပါရမီကို ထုတ်ပြနိုင်ရင် အဲ့ဒီနေရာကို ဝင်ခွင့်ရအောင် ငါတို့က ထောက်ပံ့ပေးနိုင်တယ်။”
ထိုအချိန်တွင် လူအိုကြီးအချို့က ဝေ့ဝေ့ဆိုသော ကောင်မလေးကို သဘောတကျ ကြည့်လိုက်ပြီးနောက် ပြောသည်။
“ဝေ့ဝေ့က ရှားပါးတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်။ ငါတို့ရဲ့ ကောင်းချီးလှိုဏ်ဂူမှာဆိုရင် နှစ်ထောင်ကျော်အတွင်းမှာ တစ်ကြိမ်လောက် ပေါ်လောက်တဲ့ ပါရမီမျိုးကို ပိုင်ဆိုင်ထားတာပဲ။ သူမက အထွတ်အမြတ်နယ်မြေကို သိပ်မကြာခင် စေလွှတ်ခံရတော့မှာ။ ငါတို့က သူမကို မလွှတ်ချင်ကြပေမဲ့လည်း ကျင့်ကြံ​တာကို အချိန်မဆွဲထားချင်ကြဘူးပေါ့။”
ထိုအချိန်တွင် အဝေးမှ ရယ်သံက ထွက်လာသည်။
“မင်းတို့ ကောင်ချီး လှိုဏ်ဂူကကောင်တွေက တတော်လေးကို တော်တာပဲ။ ပါရမီကောင်းတွေကို တွေ့တာနဲ့ မင်းတို့နေရာကိုပဲ ပို့လိုက်တယ်။ ငါတို့တွေကို မေ့နေကြပြီလား။ ငါကြားတဲ့အတိုင်းဆိုရင် မင်းတို့ဆီမှာ ကျင့်ကြံဖို့ သင့်တော်တဲ့ မျိုးစေ့ကောင်း ဆယ်ယောက်ကျော် ရှိနေတယ်ဆိုတာပဲ။”
ထို့နောက် နောက်ထပ် သက်တန့်ရောင်စဥ် ဆယ်ခုထက်မနည်း ထွက်ပေါ်လာပြီး နောက်တွင် မဖိတ်ခေါ်ထားဘဲ ခန်းမတွင်းသို့ ဝင်ရောက်လာကြသည်။
အပိုင်း (၃၅) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset