Chapter – 34
ထိုတိမ်စင်က တစ်မီတာခန့်ရှိပြီး နှစ်မီတာခန့် ရှည်သည်။ ထို့အပြင် အလွန်အမင်းတောက်ပနေရာ အမှောင်ထုထဲတွင် တဖျတ်ဖျတ်ပင် လက်နေသေးသည်မှာ ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေသော သလင်းတုံးအလား ထင်ရသည်။
အပေါ်တွင် တစ်ဆယ့်ခုနစ်နှစ် တစ်ဆယ့်ရှစ်နှစ် အရွယ်ရှိသော ကောက်မလေးတစ်ယောက် ရှိနေခြင်းဖြစ်သည်။ သူမ၏ အသားအရေက ကျောက်စိမ်းကဲ့သို့ တောက်ပ လှပလွန်းပြီး ခန္ဓာကိုယ်ကလည်း ပိန်သွယ်သည်။ ခါးက တိမ်ပြီး ခြေထောက်များက ရှည်သည်။ သူမက အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက လေတွင် လွင့်နေသည်။ သူမက အခြားသော လောကမှ ဆင်းသက်လာသော နတ်မိမယ်အလား ထင်ရသည်။
လူတိုင်းက မှင်တက်သွားကြသည်။ ထိုငယ်ရွယ်ကာ လှပလွန်းသော ကောင်မလေးက နတ်မိမယ်တစ်ပါးနှင့် တူသည်။ သေမင်းလောက၏ အရှိန်အဝါကိုလည်း မထုတ်လွင့်နေခဲ့ချေ။ သူမက အခြားသောလောကမှ ပြီးပြည့်စုံလွန်းသော အလှတရားမျိုးကို ပိုင်ဆိုင်ထားကာ သန့်စင်ဖြူဖွေးလွန်းသည့် ကြာပန်းလေးမှ အရေအစက်လေးများ လှိမ့်ဆင်းလာစေသလိုမျိုး သို့မဟုတ် နှင်းတောင်တန်းပေါ်တွင် ပေါက်သော လတ်ဆတ်လွန်းသည့် နှင်းကြာပွင့်လိုမျိုး ခံစားချက်မျိုး ဖော်ထုတ်ပေးနေခဲ့သည်။
ဤလောကတွင် အလွန်အမင်း လှပလွန်းသော မိန်းခလေးများက မရှားချေ။ သို့သော် ထိုသို့ထူးခြားလွန်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသော လူများက မရှိခဲ့ဖူးချေ။ သို့သော် သူမက သေမျိုးလောကထဲမှသာ ခုန်ထွက်လိုက်မည်ဆိုလျှင် တစ်ဘဝနှင့်ပင် တစ်သားထဲ ရောနှောသွားလောက်သည်။
ထိုမိန်းခလေးက အလွန်အမင်း တည်ငြိမ်နေသည်။ သူမက လူအုပ်ကို ငုံ့ကြည့်ပြီး တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။ သူမ၏ အသံက နားထောင်ရ အလွန်ကောင်းနေသည်။
သို့ရာတွင် လူအများကမူ သူမ၏ ဆိုလိုရင်းကို နားမလည်သဖြင့် အချိန်ခဏခန့် ယူလိုက်ရသေးသည်။ သူမက သူတို့၏ နောက်ခံကို မေးမြန်းနေခြင်းဖြစ်သည်။ သူမ၏ စကားပြောသံက ရှေးခေတ်တရုတ်ဘာသာစကားနှင့်တူပြီး နူးညံ့သော ခံစားချက်မျိုးကို ရစေသည်။ ဂရုတစိုက် နားထောင်ပြီးမှာသာ နားလည်သွားကြသည်။
“ငါတို့က လမ်းပျောက်နေတဲ့ လူသားတွေပါ။ မင်းက နတ်မိမယ်လား။ မင်းက ငါတို့ကို ကယ်တင်ပေးနိုင်လား။”
ကျောင်းသူတသ်ယောက်က ရုတ်တရက် ထငိုသည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်က အိုမင်းနေလေပြီး အသားအရေများကလည်း ပါးရေများ တွန့်နေပြီ။ သူမက အလွန်အိုမင်းကာ နွမ်းနယ်လွန်းနေသည်။ နောက်ဆုံးတွင် နတ်မိမယ်တစ်ပါးနှင့်တူသော မိန်းခလေးတစ်ယောက်ကို မြင်လိုက်လေရာ သူမက ငိုယိုတော့သည်။
လင်းကျားနှင့် လီရှောင်းမန်တို့ကလည်း ရှေ့တက်သွားကာ မျှောင်လင့်ချက်အပြည့်ဖြင့် ငိုသည်။ သူတို့က အလွန်အမင်း လှပလွန်းသော မိန်းခလေးများဖြစ်ခဲ့သော်လည်း ယခုကဲ့သို့သော ပြင်းထန်သည့် ထိုးနက်မှုကြီးတစ်ခုကို ခံစားလိုက်ရကာ သေသည်ထက်ဆိုးသော အခြေအနေမျိုးကို ကြုံတွေ့နေကြရသည်။ ထို့ကြောင့် အလွန်အမင်း လှပကာ ငယ်ရွယ်သော မိန်းခလေးတစ်ယောက်ကို မြင်ရသောအခါ သူတို့၏ မူလရုပ်သွင်များကိုပင် ပြန်လည်လိုချင်သွားကြသည်။
ကောင်းကင်တွင် အလင်းမှုန်များက လင်းလက်နေသည်။ သက်တန့်ရောင်စင် အလင်း၏အဆီအနှစ်က အလင်းဖြင့် ထုတ်လွင့်ပေးထားသောကြောင့် ထိုနေရာတစ်ခုလုံးကို လှပလာစေလေသည်။
အမှန်အတိုင်းဆိုရသော် သလင်းသားကဲ့သို့ ထင်ရသော သက်တန့်ရောင် တိမ်စင်က ထုထည်တစ်ခုအဖြစ် တည်ရှိနေခြင်းမဟုတ်ဘဲ အနည်းငယ်သော ပုံပန်းသွင်ပြင်ဖြင့် တည်ရှိနေခြင်းဖြစ်သည်။
အတွင်းရှိ မိန်းခလေးက အောက်သို့ကျွံကျ မလာသော အချက်က အံ့အားသင့်စရာကောင်းသည်။ သူမ၏ အနက်ရောင်ဆံပင်များက ရေတံခွန်များကဲ့သို့ စီးကျနေပြီး လေတွင် ညင်သာစွာဖြင့် ကခုန်နေသည်။ သူမ၏ မျက်ဝန်းများကမူ ရေငွေ့များ ထင်ဟပ်နေသလို မြူစိုင်းနေသလိုမျိုး လျှို့ဝှက်ဆန်းကျယ်နေသည်။
သူမ၏ သွားများက နှင်းဖြူရောင်ကဲ့သို့ ထင်ရပြီး အနည်းငယ် တောက်ပနေသေးသည်။ သူမက အခြားလောကမှဟု ထင်ရအောင် ဒီလောကနှင့် ကွဲထွက်နေသော လှပမှုမျိုး ဖြစ်သည်။
“နင်တို့က တားမြစ်ရှေးဟောင်းနယ်မြေကို ဝင်ခဲ့တာလား။”
နောက်ထပ် ညင်သာသော နားထောင်ဖွယ်ကောင်းသော အသံက ထပ်ထွက်လာသည်။ လူတိုင်းက အချိန်ခဏခန့် နားထောင်ပြီးမှသာ အဓိပ္ပါယ်ကို နားလည်သွားသည်။
“ငါ့တို့ အဲ့ဒီကနေ ထွက်ပြေးလာခဲ့တာပါ။”
အိုမင်းနေသော ကျောင်းသူတစ်ယောက်က ဝင်ပြောသည်။ သူမက ကောင်းကင်သို့ အသနားခံသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။ အမျိုးသမီး တစ်ယောက်အတွက် အခုလို သနားဖွယ်အဖြစ်အပျက်က ပြင်းထန်လွန်းသော ထိုးနှက်ချက်ကြီးဖြစ်သည်။ သူမက အမူအရာ ထိန်းရန်ပင် မေ့သွားပြီး ချက်ချင်းလိုလို မစဥ်းစားမဆင်ခြင်ဘဲ ဝင်ပြောလာသည်။
သက်တန့်ရောင်စင် အလင်းတန်းပေါ်က မိန်းခလေးက ထိုစကားကို ကြားသောအခါ သူမ၏ တည်ငြိမ်သော မျက်နှာထားက ပြောင်းလဲပြီး အံ့အားသင့်ဟန် ဖြစ်သွားသည်။
“ဒီလို အရှင်လတ်လတ် လမ်းလျှောက်ထွက်နိုင်ဖို့ ဆိုရင် ကိစ္စက မလွယ်ကူဘူးဘဲ။”
သူမက ညင်သာစွာဖြင့် ပြောသည်။ ပို၍ဆိုးသည်မှာ သူမ၏မျက်ဝန်းက လျိုယီယီ၊ ကျန်းကျစ်လင်၊ ယဲ့ဖန်းနှင့် ဖန်းပေါ် တို့ထံ ရောက်နေခြင်းဖြစ်သည်။ အဆုံးတွင် သူမက တစ်စုံတစ်ရာကို တွေးမိပြီးနောက် အလွန်အံ့ဩသွားကာ စိုးရိမ်တကြီးမေးသည်။
“ဒါက နင်တို့ရဲ့ တကယ့်အသက်လား။”
“မဟုတ်ဘူး။ ငါတို့က ဒီလောက်ထိ မအိုသေးပါဘူး။ ငါတို့က ဆယ်ကျော်သက် အသက်နှစ်ဆယ်ကျော် အရွယ်ဘဲ ရှိနေသေးတာ။ ဒါပေမဲ့ ရုတ်တရက် ဘာလို့ ဒီလိုဖြစ်သွားမှန်း မသိဘူး။”
ကျောင်းသားတစ်ယောက်က အလျင်အမြန်ဝင်ဖြေသည်။ ထို့နောက် သူက ကောင်းကင်မှ မိန်းခလေးကို ထိတ်လန့်တကြား ဖြစ်နေသောအကြည့် မျှော်လင့်ချက် အပြည့်ပါသောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
သို့သော် မိန်းခလေးကမူ သူ့ကိုမကြည့်ချေ။ သူတို့က ငယ်ရွယ်မှုကို ပျောက်ဆုံးသွားကြောင်း သိထားပြီး သတို့၏ အသက်စွမ်းအင်များက ခြောက်ကပ်နေသည်။ သို့သော် သူမက မေးလိုက်သည်မှာ ယဲ့ဖန်းနှင့် ဖန်းပေါ်ကို ဖြစ်သည်။
ယဲ့ဖန်းက ပြောသည်။
“ငါတို့က အရင်ထဲက အသက်နှစ်ဆယ်ကျော်တွေပါ။ ဒါပေမဲ့ ဘာလို့ ရုတ်တရက် တစ်ချို့တွေက အသက်ကြီးသွားပြီး တစ်ချို့တွေက ပြန်ငယ်သွားလဲ မသိပါဘူး။”
“တကယ်လား … ။”
ကောင်းကင်က မိန်းခလေးက အံ့အားသင့်သွားသည်။ ထို့နောက် ယဲ့ဖန်းနှင့် ဖန်းပေါ်ကို ကြည့်ပြီးမေးသည်။
“နင်တို့ အနီရောင်အသီးကို စားခဲ့လား။ အဲ့တာက နီရဲတောက်ပပြီး တလက်လက် တောက်ပနေလိမ့်မယ်။ နောက်ပြီး သလင်းလိုလည်း ကြည်လင်နေသေးတယ်။”
ယဲ့ဖန်းကမူ သူတို့စားခဲ့သော ထူးဆန်းသည့်အသီးက ထိုမိန်းခလေး ဖော်ပြသောအသီးနှင့် တထေရာထဲ တူကြောင်း သေချာသွားသည်။
ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ဝန်ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူတို့၏ လူအားလုံးကလည်း မြင်ခဲ့ပြီးဖြစ်လေရာ ချက်ချင်းခေါင်းငြိမ့်လိုက်သည်။ ကောင်းကင်ရှိ မိန်းခလေးက အလွန်ထူးဆန်းသော မျက်နှာထားမျိုး ဖြစ်သွားပြီးနောက် ဖန်းပေါ်နှင့် ယဲ့ဖန်းကိုသာ ဆက်ကြည့်နေသည်။ သူမက အလွန်အမင်း ထူးခြားသော ရတနာများကို မြင်နေရသလို ဖြစ်လာသည်။ ထိုမျှ သန့်စင်ကာ လှပလွန်းသော မိန်းခလေးတစ်ယောက်၏ စိုက်ကြည့်ခံရခြင်းက သူတို့နှစ်ယောက်ကို အနည်းငယ်မသက်မသာ ဖြစ်စေသည်။
“အိုမင်းသွားတဲ့ လူတွေကို ကယ်တင်နိုင်သေးလားလို့ မေးပါရစေ။”
ဝမ်ကျစ်ဝမ်က မတည်ငြိမ်နိုင်တော့ဘဲ ဝင်မေးလာသည်။
“စိတ်ဓာတ်မကျပါနဲ့။ နင်တို့ရဲ့ မူလရုပ်ရည်ကို ပြန်ရဖို့က ခက်ခဲတယ်ဆိုပေမဲ့လည်း နင်တို့က နင်တို့ဆုံးရှုံးသွားတဲ့ ငယ်ရွယ်မှုကို ပြန်ရနိုင်ပါသေးတယ်။ အပြင်လောကမှာ နင်တို့ကို လုယက်ကြမဲ့ လူတွေအများကြီးဘဲ။”
သူတို့၏ ထူးဆန်းသော အမူအရာများကို မြင်သောအခါ ကောင်မလေးက ဆက်ပြောသည်။
“မစိုးရိမ်ပါနဲ့။ နင်တို့ကို လုယက်ကြမယ်ဆိုတာက ဆိုးရွားတဲ့ အရာမဟုတ်ဘူး။ ဒါပေမဲ့ နင်တို့အတွက် အခွင်ရေးဘဲ။”
“ငါ ငါ့ရဲ့ ရုပ်ရည်ကို ပြန်လိုချင်တယ်။”
ကျောင်းသူတစ်ယောက်က ငိုပြန်သည်။ သူမက ထိုအသက်ထိ ကြီးရင့်သွားသည်။ သူမ အသက်ဆက်ရှင်ရန်ပင် မျှော်လင့်ချက် မရှိတော့ချေ။
“ကောင်းပြီ။ ငါ မင်းတို့ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်။”
ကောင်မလေးက သွယ်လျသောလက်ကို မြှောက်လိုက်သောအခါ ချက်ချင်းလိုလို သက်တန့်ရောင်စင်တိမ်က အောက်သို့ ဆင်းသက်လာပြီး လူတိုင်းကို လွှမ်းခြုံသွားသည်။ သူမက ဖြည်းညင်းစွာဖြင့် သူတို့ကို သယ်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် ဘေးချင်းယှဥ် ရပ်ခိုင်းသည်။
ဒါက လျှို့ဝှက်ဆန်းကျယ်လွန်းသော နေရာကြီးဖြစ်သည်။ လူတိုင်းကလည်း ဒါက ကောင်းကင်ဘုံ တိုင်းပြည်တစ်ခုဖြစ်ကြောင်း သေချာသည်။
“ဒီနေရာက လူသားတွေ နေတဲ့နေရာနဲ့ အရမ်းကိုဝေးတယ်။ နင်တို့ကသာ ဒီနေရာကနေ လမ်းလျှောက်ထွက်မယ်ဆိုရင် မဖြစ်နိုင်သလောက်ဘဲ။ နောက်ပြီး ရှေးဟောင်းတောအုပ်ထဲမှ ကြောက်စရာသားရဲတွေက အများကြီးပဲ။ ငါတောင်မှ အဲ့ဒီသားရဲတွေနဲ့ တွေ့တဲ့အခါ ထွက်ပြေးဖို့ဘဲ ရွေးချယ်ရလိမ့်မယ်။”
ဖန်းပေါ်ကမူ အလွန်ထူးဆန်းသော မျက်နှာထားမျိုး ဖြစ်သွားပြီးနောက် မေးသည်။
“မင်းက အရှေ့က ကောင်းကင်ဘုံ နန်းတော်ထဲက လာတာမဟုတ်ဘူးလား။”
“ကောင်းကင်ဘုံ နန်းတော်ဟုတ်လား။”
ကောင်မဘေးက အလွန် စိတ်ရှုပ်ထွေးသွားသည်။
” ဘာကောင်းကင်ဘုံ နန်းတော်လဲ။”
ဖန်းပေါ်က သူတို့အရှေ့ရှိ မြင့်မားသော တောင်ကြီးကို လက်ညှိုးထိုးကာ ပြောသည်။
“အဲ့ဒီမှာ ကောင်းကင်ဘုံနန်းတော်တွေ အများကြီးပဲ မဟုတ်လား။ သူတို့က ငါတို့မြင်ရသမျှ အဆုံးထိက ကောင်းကင်ဘုံ နန်းတော်တွေချည်းပဲလေ။ နောက်ပြီး အရမ်းခမ်းနားတယ်။ နန်းတော်တွေကလည်း အရမ်းများလွန်းတယ်။ အဲ့ဒီမှာ ပျံသန်းနေတဲ့ သရဖူ အနီရောင်နဲ့ ကြိုးကြာငှက်တွေကိုလည်း မြင်နိုင်တာဘဲ။”
“ဒဏ္ဍာရီတွေက မှန်နေတာဘဲ။”
ကောင်မလေးက ထူးဆန်းသော အမူအရာဖြစ်သွားသည်။
“ဘာ ဒဏ္ဍာရီလဲ။ မင်း မမြင်ရဘူးလား။”
“ဟုတ်တယ် ငါ မမြင်ရဘူး။”
သက်တန့်ရောင်စင် တိမ်စိုင်ကြားမှ မိန်းခလေးက လေ့လာတွေးတောသော မျက်နှာထားမျိုး ဖြစ်သွားပြီးနောက် ပြန်ဖြေသည်။
“ရှေးခေတ် အဖော်မဲ့တားမြစ်နယ်မြေက အသက်စွမ်းအင်ကို တားမြစ်ထားတဲ့နေရာတစ်ခု ရှိတယ်။ ရှေ့ခေတ် အချိန်ကတည်းက ဝင်သွားပြီး အသက်ရှင်ပြီး ပြန်ထွက်လာတဲ့လူတွေက ကောင်းကင်ဘုံ နန်းတော်ကို မြင်ရတယ်လို့ ပြောကြတယ်။ သူတို့ရဲ့ အရှေ့မှာရှိနေပေမဲ့ ဘယ်တော့မှ ချဥ်းကပ်သွားလို့ မရကြဘူး။”
မျှော်လင့်ထားသည့်အတိုင်း လူတိုင်းက နားလည်ဟန်ပြုကြသည်။
“ဆိုတော့ ဒါက ထင်ယောင်ထင်မှားလား။”
“ထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်ဘူး။ အဲ့ဒီနေရာကို နီးကပ် ချဥ်းကပ်သွားဖို့ အချိန်နဲ့ ထူးခြားတဲ့လမ်း ရှိနေတာဘဲ။ ဒါပေမဲ့ ဒီလို ကံကြမ္မာကောင်းကို သာမန်သေမျိုးတွေက ဘယ်ရနိုင်ပါ့မလဲ။ ဒီတော့ မြင်ယုံဘဲမြင်ရတယ်။ မရနိုင်တဲ့ အရာတစ်ခုဘဲ။”
ကျိုးရင်ကမူ သူ၏ပြသနာကို ပို၍ စိတ်ဝင်စားသည်။
“တားမြစ်နယ်မြေထဲ ဝင်သွားတဲ့လူတွေထဲမှာလည်း ပြန်ထွက်လာနိုင်တဲ့ လူတွေရှိတယ်မဟုတ်လား။ အဲ့ဒီလူတွေရဲ့ ကံကြမ္မာကရော ဘယ်လိုဖြစ်သွားလဲ။”
လှပသော ကောင်မလေးက သူ့ကိုကြည့်ပြီးနောက် တည်ငြိမ်စွာဖြေသည်။
“ဝင်သွားတဲ့သူတွေရဲ့ အသက်စွမ်းအင်က အဆတစ်ရာနီးပါး မြန်ဆန်စွာ ကုန်ဆုံးသွားတယ်။ သူတို့က အရှင်လတ်လတ် ပြန်ထွက်လာနိုင်ရင်တောင်မှ သူတို့ရဲ့ဆံပင်တွေက နှင်းလိုဖြူဖွေးပြီး အသက်စွမ်းအင်ကလည်း ကုန်ဆုံးလုနီးပါး ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ ဒုက္ခဆင်းရဲပင်လယ်က ဝင်လာလိမ့်မယ်။ ဒါကြောင့် သူတို့ကသာ ကျင့်ကြံခြင်းလမ်းစဥ်ကို လျှောက်လမ်းမယ်ဆိုရင် ပုံမှန်လူတွေ ကြိုးစားအားထုတ်တာထက် တစ်ဝက်လောက်ပဲ အားထုတ်ရင်တောင်မှ ရလဒ်က နှစ်ဆဖြစ်လိမ့်မယ်။ ”
“သူတို့က ပြန်ငယ်သွားမှာလား။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ကျင့်ကြံခြင်းအဆင့် မြင့်လာတာနဲ့အမျှ သူတို့ရဲ့ အသက်စွမ်းအင်က သဘာဝအလျှောက်ပဲ ပြန်ဖြစ်ပြီး စွမ်းအားကြီးမားလာလိမ့်မယ်။ အဆင့်တစ်ခုထိ ရောက်သွားရင် သူတို့ ရုပ်အသွင်ကို ပြောင်းလဲနိုင်တယ်။”
ကောင်မလေး၏ စကားက လူအများကို မျှော်လင့်ချက် ဖြစ်လာစေသည်။
“ရှေးဦးခေတ်ရဲ့ တားမြစ်နယ်မြေက တကယ်ဘဲ ဘာလဲ။ ဘယ်လိုစွမ်းအင်တွေကများ ငါတို့ကို ငယ်ရွယ်မှု ပျောက်ဆုံးစေတာလဲ။”
ဝမ်ကျစ်ဝမ်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
ထိုအချက်ကို လူတိုင်းက ပဟေဠိ ဖြစ်နေကြခြင်းဖြစ်သည်။ သူတို့က မုန်းတီးမိသော်လည်း ဘာမှလည်း မလုပ်နိုင်ပြန်ချေ။ ဒီမေးခွန်းက အတော်လေး ဟောင်းနေပြီဟု ပြောရမည်။
” ရှေးခေတ်အချိန်ထဲက လူတွေက ဒီမေးခွန်းကို မေးနေခဲ့ကြတာ။ ဘယ်သူကမှ ရှင်းလင်းတဲ့ အဖြေကို မထုတ်နိုင်ကြဘူး။ ”
ကောင်မလေးက သူတို့အဖွဲကို ဦးဆောင်ပျံသန်းသွားပြီးနောက် အလင်းပုံများက သူတို့ကို ဝိုင်းပတ်သော ပုံစံမျိုးနှင့် လွှမ်းခြုံလာပြီးနောက်တွင် ကောင်းကင်ကို ထိုးခွင်းသွားသည်။ အရှိန်နှုန်းက တဖြည်းဖြည်းခြင်း မြန်ဆန်လာသည်။ ညင်သာသော လေပြေအလင်းက ပတ်ဝန်းကျင်မှ လေထုကို တားဆီးထားသည်။ ဒီနည်းအားဖြင့် သူတို့က အခက်အခဲမရှိ စကားပြောနိုင်သည်။ သူမက ဆက်ပြောသည်။
“ဒဏ္ဍာရီတွေအရ တားမြစ်တောအုပ်ထဲမှာ အသက်စွမ်းအင်ကို တားမြစ်ထားတယ်။ အဲ့ဒီတောအုပ်ရဲ့ အောက်မှာ ချောက်ကမ်းပါး တစ်ခုရှိတယ်။ အဲ့ဒီနေရာကို အဖော်မဲ့ ချောက်ကမ်းပါးလို့ ခေါ်တယ်။ ရှေးဦးခေတ်က လူတစ်ယောက် အဲ့ဒီနေရာမှ ရှိနေတဲ့ပုံပဲ။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေလည်း ရှိတယ်။”
“ဘယ်သူကမှ အဲ့ဒီနေရာကို မစူးစမ်း မရှာဖွေကြဘူးလား။”
ယဲ့ဖန်းက ဝင်ပြောသည်။
“ရှေးဦးခေတ်ကတည်းက လူပေါင်း မရေမတွက်နိုင်အောင် ဝင်ရောက်လာပြီး မတော်တဆမှုပေါင်းများစွာနဲ့ သေဆုံးသွားခဲ့ကြတာ။”
လျှို့ဝှက်ဆန်းကျယ်သော မိန်းခလေးက အနောက်မှတောအုပ်ကို ပြန်လှည့်ကြည့်ပြီးနောက် ပြောသည်။
“ဒီနေရာရဲ့ နေရာတစ်ခုချင်းစီတိုင်းက သွေးလို နီရဲနေတယ်။ ဒါက အလောင်းတောင်ဖြစ်ခဲ့တာဘဲ။ ဝင်လာတဲ့ သူတိုင်းက စူးစမ်းလေ့လာသူတွေချည်းပဲ။ ဒါပေမဲ့ သူတို့အားလုံးသေကြတယ်။ အတိတ်ကဆိုရင် ထာဝရှင်သန်ခြင်းအဆင့် အမတ ဂိုဏ်းတွေရှိတဲ့ တော်ဝင်နယ်မြေကတောင် သူတို့ရဲ့ အင်အားများစွာကို စုရုံးရောက်ရှိပြီး အခြား ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို စေလွတ်ခဲ့ပေမဲ့ အဆုံးမှာ မရေမတွက်နိုင်တဲ့ စတေးမှုတွေကိုလုပ်ပြီး သူတို့က ရှေးဦးခေတ် တားမြစ်နယ်မြေထဲကို ဝင်ရောက်လာခဲ့တာ။ အဲ့ဒီနောက် သူတို့က ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုကို ရရှိခဲ့တယ်။ ဒါပေမဲ့ လူသောင်းကျော်က သေဆုံးသွားခဲ့ရတယ်။ အဲ့ဒီတော်ဝင်မြေက ထာဝရ ရှင်သန်ခြင်း အမတ ဂိုဏ်းဝင်တွေအားလုံးက သမိုင်းက ပျောက်ကွယ်လုနီး ဖြစ်သွားခဲ့ကြတယ်။ အဆုံးမှာတော့ လူ ငါးယောက်ပဲ လွတ်မြောက်ခဲ့တယ်။ အဲ့ဒီငါးယောက်ရဲ့ သက်တမ်းကလည်း သေလုနီးပါးဘဲ။”
“အဲ့ဒီလောက်တောင် ကြောက်စရာကောင်းတာလား။”
ဖန်းပေါ်က ဆွံ့အသွားသည်။
“အဆုံးအစမဲ့တဲ့ သွေးတွေ ပြည့်နက်နေတဲ့ မိစ္ဆာနယ်မြေဖြစ်နေတာကိုး ။ နှမြောစရာကောင်းတာက အဲ့ဒီလူသောင်းကျော်က ပြာအဖြစ် ပြောင်းလဲသွားရတာဘဲ။ ဒါပေမဲ့ အချို့ကတော့ အဖော်မဲ့ ကျွန်တွေဖြစ်သွားတယ်။ သူတ်ို့က ထာဝရအသက်ရှင်နေနိုင်ပြီး ထာဝရကျွန်ဖြစ်သွားတယ်။”
လူတိုင်းက ထိုစကားကို ကြားသောအခါ မီတာရာပေါင်းများစွာ ရှည်လျားသော ကြီးမားသော သံမဏိချိန်းကြိုးများဖြင့် အချုပ်ခံထားရသည့် ကြောက်စရာအရိပ်ကြီးကို သတိရသွားသည်။ ထိုအရာက အဖော်မဲ့ ကျွန်ဖြစ်နိုင်သည်။
သက်တန့်ရောင်စင် တိမ်စိုင်က အလွန်မြန်ဆန်သည်။ လျှပ်စီးကဲ့သို့ ဖျတ်ခနဲ လက်ပြီးသည်နှင့် အဆုံးစမဲ့အောင် ကျယ်ပြောသော ရှေးဦးတောအုပ်ကြီးကို လျင်မြန်စွာဖြင့် ချန်ထားရစ်ခဲ့နိုင်သည်။ သို့တိုင်အောင် တစ်နာရီနီးပါး ပျံသန်းပြီးမှသာ တောအုပ်၏ အစွန်းသို့ ရောက်သွားသည်။
ထိုအချိန်တွင် ကောင်းကင်က မှောင်နေလေပြီ။ အဝေးတွင် မီးလင်းနေသော မြို့ငယ်လေးကို မြင်ရသည်။ သူတို့က နီးကပ်လာသည်နှင့် တိမ်စင်အရိပ် ခုနစ်ခု ရှစ်ခုခန့်က ကောင်းကင်ပေါ်သို့ ထိုးတက်လာသည်။ အားလုံးက အရောင်အမျိုးမျိုးနှင့် ဖြစ်သည်။ သို့သော် တစ်ခုချင်းစီတိုင်းတွင် လူတစ်ယောက်စီ ရှိနေသည်။
“ဝေ့ဝေ့ ပြန်လာပြီ။”
“မင်း ရှေးဦးခေတ် တားမြစ်နယ်မြေထဲမှာ ဘာရှာတွေ့ခဲ့လဲ။ ဒီအနီးနားက ကောင်းကင်ဘုံ ဂိုဏ်းတွေက သူတို့ရဲ့ ပညာရှင်တွေကို စေလွှတ်ထားခဲ့ကြတယ်။ သူတို့က တစ်ခုခုကို ရှာနေသလိုဘဲ။ ငါတို့ တစ်ခုခုများ မတွေ့ခဲ့ဘူးလား။”
“ဘိုးဘေးကိုယ်တိုင်က ထူးဆန်းမှုကို အာရုံခံမိကတည်းက အခြားသောကျွမ်းကျင်ပညာရှင်တွေကလည်း သေချာပေါက် အာရုံခံနိုင်မှာပေါ့။”
ထိုတိမ်စင်များ၏ အတွင်းတွင် အကြီးအကဲတစ်ချို့ ရှိနေကြခြင်းဖြစ်သည်။ သူတို့က ဝေ့ဝေ့ဟုအမည်ရသော မိန်းခလေးကို လှမ်းမေးသည်။
“ဒီလူတွေက…”
” သူတို့က မတော်တဆ အထဲကိုဝင်လာပြီး အရှင်လက်လက် ပြန်ထွက်လာနိုင်ကြတာလား။”
ကောင်မလေးထံမှ အဖြေကို ရပြီးနောက်တွင် အားလုံးက အော်ရယ်ကြသည်။
“ဟ ဟ မဆိုးပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဆင်းရဲဒုက္ခပင်လယ်ဆိုတဲ့ ခါးသီးမှုပင်လယ်က အသက်ဝင်သွားပြီ။ ဒီတော့ သူတို့ဆက်ပြီး ကျင့်ကြံလို့ရတယ်။သူတို့က မျိုးစေ့ကောင်းတွေပဲ။”
မျိုးစေ့ …။
သူတို့က မြို့ပေါ်သို့ ခပ်မြန်မြန် ဆင်းတက်ကြပြီးနောက် ခန်းမတစ်ခုထဲသို့ ဝင်သည်။
“သူတို့က ဘာလို့ ဒီလောက်ငယ်နေတာလဲ။”
ယဲ့ဖန်းနှင့် ဖန်းပေါ်ကို မြင်သောအခါ အကြီးအကဲများက မယုံကြည်နိုင်တော့ချေ။
“သူတို့က ဒဏ္ဍာရီလာ သစ်သီးကို စားခဲ့တာများလား။ ဒါ ဒါ မဖြစ်နိုင်တာဘဲ။”
အကြီးကဲ တစ်ယောက်က မယုံကြည်နိုင်စွာ ပြောသည်။ သူက အံ့အားတကြီး ဆက်ပြောသည်။
“ရှေးဦးခေတ်က အသူရာ ချောက်ကမ်းပါးနယ်မြေကြောင့် တော်ဝင်တောင်တန်းကိုးခု ဖြစ်တည်လာခဲ့တယ်။ ဒဏ္ဍာရီအရ အဲ့ဒီမှာ တော်ဝင် စမ်းရေကန်နဲ့ ထူးဆန်းတဲ့ တော်ဝင်သစ်ပင်တွေ ရှိတယ်လို့ ပြောတယ်။ တစ်တောင်ချင်းစီတိုင်းမှာ အဲ့ဒီလို ရတနာတွေရှိတယ်။ တော်ဝင်စမ်းရေကန် ကိုးခုနဲ့ ထူးဆန်းတဲ့ တော်ဝင်သစ်သီးကိုးမျိုး ရှိတာသေချာတယ်။ တစ်ခုကို ရတာနဲ့ သေချာပေါက် ပြန်လည်မွေးဖွားသူတွေ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ သေမျိုးတွေက အဲ့ဒီနေရာကို ဘယ်လို ချဥ်းကပ်နိုင်မှာလဲ။”
အပိုင်း ( ၃၄ ) ပြီး၏။