Chapter – 33
ယဲ့ဖန်းက အချိန်အတန်ကြာသည့်တိုင်အောင် ထိုတစ်ခေါင်းလုံး ဖြူဖွေးနေသော လူအိုကြီးများ၊ အဖွားကြီးများကို ကြည့်ကာ ဆွံ့အသွားနေသည်။ ထိုသူများက သူ၏အတန်းဖော်များ ဖြစ်မည်မှာ အလွန်သေချာသည်။ သို့သော် သွေးပျက်သွားရသည်။ ထိုအရာက ကြောက်စရာကောင်းလွန်းသည်။
ဖန်းပေါ်ကလည်း ကြောင်တောင်တောင်ဖြစ်နေသည်။ သူကလည်း အလွန်ထိတ်လန့်နေမိသလို တုန်လှုပ်ခြောက်ခြားနေမိလေသည်။ သူကသာ ထိုသို့ဖြစ်သွားလျှင် သေတာက ပိုကောင်းသည်ဟု ခံစားမိလောက်သည်။
သူတို့နှစ်ယောက်လုံးက အလျင်အမြန်သွားပြီး လူတိုင်း၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ထိုသူများအားလုံးက အသက်ရှူနေသေးသည်။ အန္တရာယ် မရှိချေ။
” ဟေ့ …။ ”
ဖန်းပေါ်က လျိုယီယီကို မြက်ခင်းပြင်တွင် တွေ့လိုက်သည်။ သူမက အသက်ငယ်သွားခြင်းလည်း မရှိသလို ကြီးသွားခြင်းလည်း မရှိချေ။ ယခင်ကအတိုင်း နူးညံ့ချောမွေ့ကာ လှပနေဆဲဖြစ်သည်။ သူမက မျက်လုံးပိတ်လျက် အိပ်ပျော်နေသည်။ သို့သော် သူမ၏ပုံစံလေးက သနားစရာကောင်းလွန်းနေသည်။
ထိုအချက်က ဖန်းပေါ်နှင့် ယဲ့ဖန်းကို ပျော်ရွှင်သွားစေသည်။ သူတို့က လျိုယီယီနှင့် ကျောင်းတွင်ကတည်းက ဆက်ဆံရေးကောင်းသည်။
လက်ရှိအချိန်တွင်လည်း သူမအပေါ် သနားစိတ်က ပို၍ပြင်းထန်နေသည်။ သူမ ဘာမှ မဖြစ်လျှင် ပို၍ကောင်းသည်။
ယဲ့ဖန်းက ကျန်းကျစ်လင်ကိုလည်း သစ်ပင်အိုကြီး၏ အောက်တွင် ရှာတွေ့လိုက်သည်။ တစ်ဖက်လူကမူ အသက်လေးဆယ်အရွယ် ဖြစ်နေသည်။ သူကလျှင် အသက်အနည်းငယ် ကြီးသွားသော်လည်း ကျိုးရင်တို့လောက် မအိုသွားချေ။
“ချောမောတဲ့ ကျစ်လင်က ဦးလေးကြီး ဖြစ်သွားပြီ။”
“အဖိုး ကျစ်လင်ထက်တော့ ကောင်းပါသေးတယ်။”
ယဲ့ဖန်းနှင့် ဖန်းပေါ်က အချင်းချင်း စကားတီးတိုးပြောနေကြသည်။
သိပ်မကြာခင် လျိုယီယီက နိုးလာသည်။ သူမက ယဲ့ဖန်းနှင့် ဖန်းပေါ်ကို မြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သိပ်မကြာခင် ကျန်းကျစ်လင်ကလည်း နိုးလာသည်။ သူက သူ့အခြေအနေကို သိသွားသောအခါ အသားကုန်ကုန်းအော်တော့သည်။ ငယ်ရွယ်နုနယ် ချောမောသော လူငယ်တစ်ယောက်၏ အနေအထားမျိုးမှ ရိုးသားသော ဦးလေးကြီးအဖြစ် ပြောင်းသွားသည်။ မည်သူကမှ ထိုအချက်ကို လက်ခံနိုင်တော့မည် မဟုတ်ချေ။
“ကျစ်လင် အရမ်းကြီး စိတ်မလှုပ်ရှားနဲ့ .. ။ သူတို့တွေရဲ့ အခြေအနေကို ကြည့်လိုက်။ မင်း ခံစားချက် ကောင်းသွားလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ ကျိုးရင်၊ လီရှောင်းမန်တို့ အားလုံးကို ကြည့်လိုက်ပြီး ကြောင်သွားသည်။ ထိုအခါမှသာ သူ၏အခြေအနေက မဆိုးရွားကြောင်း သိလိုက်ရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
သူက မှင်သက်သွားသည်။ သို့သော် ယခင်ကထက် အခြေအနေ ပိုကောင်းသွားသည်။
လူဆယ်ယောက်ကျော် ရှိနေကြပြီး ယဲ့ဖန်းနှင့် ဖန်းပေါ်က ပြန်ငယ်သွားသည်။ လျိုယီယီက ပုံစံ မပြောင်းချေ။ ကျန်းကျစ်လင်ကမူ အသက်နှစ်ဆယ် ပိုသွားသည်။ အခြားသူများကမူ အဖိုးကြီး အဖွားကြီးများ ဖြစ်သွားကြသည်။ သူတို့ ခန္ဓာကိုယ်များက သေခါနီးဆဲဆဲ ဖြစ်သွားကြသည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးကလည်း သူတို့စားခဲ့သော သလင်းရောင် ကြည်လင်နေသည့် အနီရောင်သစ်သီးကို သတိရလိုက်ကြသည်။ သူတို့က ထိုအစာကို စားခဲ့ချိန်က ပါးစပ်ထဲတွင် အမွှေးနံ့က စွဲနေခဲ့ပြီး အင်အားများက ပြည့်နှက်လာခဲ့ကြောင်းကိုလည်း ခံစားမိလာကြသည်။
လက်ရှိအချိန်မှသာ ထိုအသီးက အလွန်ထူးခြားကြောင်း သိလိုက်ရသည်။ မှော်ဆန်လွန်းသည်ဟုပင် ဆိုရမည်ဖြစ်သည်။
အမည်မသိရသော အကြောင်းပြချက်များအတွက် လူတိုင်းက အိုသွားကြရသည်။ သစ်သီးစားထားသော သူများကသာ သက်ရောက်မခံရခြင်း ဖြစ်သည်။
“သူတို့ရဲ့ ငယ်ရွယ်မှုတွေ အသက်စွမ်းအင်တွေကို လုယက်နိုင်တာက ဘယ်လိုစွမ်းအင်မျိုး ဖြစ်နိုင်မလဲ။”
ဖန်းပေါ်က ပဟေဠိ ဖြစ်သွားသည်။
“ငါ့အထင် ဒါက တားမြစ်နယ်မြေကြောင့် ဖြစ်လောက်တယ်။”
ယဲ့ဖန်းက တွက်ချက်ပြသည်။ နာမည်အတိုင်း အဓိပ္ပါယ်ကို နားလည်သင့်သည်။ ရှေးဦးခေတ်ကာလကတည်းက သို့မဟုတ် ထိုတားမြစ်နယ်မြေကြီးက ရှေးဦး လူသားများ မတည်ရှိခင်ကတည်းက ရှိနေခြင်းလည်း ဖြစ်နိုင်သည်။ ငှက်များ၊ သားရဲများ၊ ပိုးကောင်များ၊ ပုရွက်ဆိတ်များကပင် ထိုနေရာကို ရှောင်ရှားကြသည်။ ထိုနေရာက တိတ်ဆိတ်ပြီး အသက်မဲ့သည်။
ထိုကဲ့သို့သော နေရာမျိုးက အန္တရာယ် အလွန်များပြီး မိစ္ဆာစွမ်းအား အပြည့်ရှိလောက်သည်။
သို့ရာတွင် သူတို့က လုံလုံခြုံခြုံဖြင့် မည်သည့်အန္တရာယ်မှ မတွေ့ဘဲ ထွက်လာနိုင်ခဲ့သော အချိန်က ထူးဆန်းလွန်းနေခဲ့သည်။ ထိုသို့ဆိုလျှင် တားမြစ်နယ်မြေ မထိုက်တန်လောက်တော့ချေ။
“ဟုတ်တယ်။ အဲ့ဒီတားမြစ်နယ်မြေကြောင့် ဖြစ်လောက်တယ်။”
ဖန်းပေါ်ကလည်း ထိုကိစ္စကို နားလည်သည်။
သူတို့၏ တွက်ချက်မှုကို အခြေခံပြီး ထိုနေရာတွင် ကြောက်စရာကောင်းလွန်းသော စွမ်းအားတစ်မျိုးက ငယ်ရွယ်နုနယ်တဲ့ အသက်စွမ်းအားများကို လုယက်သွားကြောင်း သိလိုက်သည်။ သို့သော် သူတို့ ထွက်လာပြီးမှ သက်ရောက်မှုပြသည့် အချက်ကို သူတို့က နားမလည်ကျချေ။
“ဖြစ်နိုင်တာက အဲ့ဒီစွမ်းအင်က ကျိန်စာနဲ့ တူတယ်။ အထဲကို ဝင်သွားတာနဲ့ ကျိန်စာက သက်ရောက်မှုခံရမှာဘဲ။ ငါတို့ ထွက်လာလာ မထွက်လာလာ အရေးမကြီးတော့ဘူး။ ဒီတော့ ငါတို့ မလွတ်မြောက်နိုင်ဘူး။”
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ကံကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။ ထိုထူးဆန်းသော သစ်သီးများကိုသာ မစားခဲ့လျှင် သူတို့ကလည်း အိုမင်းပြီး ဒုက္ခရောက်နေလောက်ပြီ။
အချိန်တစ်ခုကြာပြီးနောက် လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။ ထိုတောင်ထိပ်ပေါ်တွင် စူးရှသော အော်ဟစ်သံများက ပြည့်နှက်သွားသည်။ အော်ဟစ်သံများက လူတစ်ယောက်၏ ဆံပင်မွှေးကိုပင် ထောင်စေလောက်သည်။ ထို့ပြင် ဝမ်းနည်းမှုအသံများက ထွက်ပေါ်လာပြန်သည်။
လောကတွင် အိုမင်းသွားခြင်း၊ ဆံပင်ဖြူလာခြင်းက သာမန်ဖြစ်ရိုးဖြစ်စဥ် ကိစ္စတစ်ခုဖြစ်သည်။ သို့သော် အသက်နှစ်ဆယ်အရွယ်က ဘဝ၏ အထွတ်အထိပ် အချိန်ကောင်းဖြစ်သော်လည်း မျက်တောင်တစ်ခပ်အချိန်အတွင်း ဆံပင်များက ဖြူသွားပြီး ပါးရေများက တွန့်သွားသည်။
မည်သူကမှ ထိုအခြေအနေကို လက်မခံနိုင်ကြချေ။ ထို့ကြောင့် သူတို့ သေချင်စိတ်ပေါက်လောက်အောင် နာကျင်သွားကြရသည်။
“ဘာလို့ ငါက ဒီလိုဖြစ်သွားရလဲ။”
ကျိုးရင်က တုန်ရီကာ ပျော့ပြောင်းသော အရေပြားကို ကြည့်ပြီး ပြောလိုက်သည်။ ထို့နောက် သူက သူ၏ ဆံပင်ဖြူများကိုလည်း ဆွဲနုတ်ကြည့်ပြီးနောက် တအံ့တဩပြောသည်။ သူ၏အသံကပင် အိုမင်းသံပေါက်နေသည်။
“ဘာလို့လဲ။”
သူ့အပြင် ဝမ်ကျစ်ဝမ်ကလည်း တုန်ရီနေသည်။ သူက သူ၏အခြေနေကိုလည်း စစ်ဆေးပြီးလေပြီ။ သူ၏ မျက်လုံးများကလည်း မြူဆိုင်းနေကာ မျက်လုံးအောက်မှ မျက်ရည်အိတ်ကြီးကပင် ပင်ဂွင်း ဥလောက် ကြီးနေသည်။ ထို့အပြင် အလွန်အမင်း အိုလွန်းနေပြီး တုန်လှုပ်ခြောက်ခြားသော လေသံဖြင့်ပြောလာသည်။
” ငါ ငါ မယုံကြည်နိုင်တော့ဘူး။”
” အား …။ ”
လင်းကျားကမူ ပြိုလဲလုမတတ် ဖြစ်သွားသည်။ သူမ၏ အော်သံက တောထဲမှ ငှက်များကိုပင် ပြန်ပြေးစေသေးသည်။
အမျိုးသမီးတစ်ယောက်၏ ရုပ်ရည်က ပထမဦးဆုံး အရေးကြီးဆုံး အချက်ဖြစ်သည်။ အထူးသဖြင့် နဂိုကလှပလွန်းသော အမျိုးသမီးများက သူတို့၏ ရုပ်ရည်ကိုဂရုအစိုက်ဆုံးဖြစ်သည်။
သဘာဝအလျှောက်ပင် ထိုသို့လှပလွန်းသည့်အပြင် ဆွဲဆောင်မှုပြင်းသူများ ညှို့ငယ်နိုင်စွမ်းအားပြင်းသူများ အတွက်မူ ပို၍အရေးကြီးသည်။ သူမကဲ့သို့ ပြီးပြည့်စုံသော သူများအနေဖြင့် သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရောင်က ပျောက်ဆုံးသွားပြီး အိုမင်းရွတ်တွလာသောအခါ အသက်ခံရသည်ထက် ပို၍လက်ခံရ ခက်ခဲသည်။
အခြားတစ်ဖက်တွင် လီရှောင်းမန်ကလည်း ထိုနည်းတူဖြစ်သည်။ သူမက နာကျင်ရလွန်းသဖြင့် သတ်သေချင်သွားသည်။ သူမ၏ ကြာပန်းပွင့်လေးလို လှပလွန်းသော မျက်နှာပုံစံလေးမှ ခြောက်သွေ့သွားသော ကြာရွက်လို ဖြစ်သွားသည်။ သူမ၏ အနက်ရောင် ဆံပင်များကလည်း ဖြူဖျော့နေပြီး ထိုးမှိုင်းညှိုးငယ်နေသည့် ပေါင်းပင်ကြီးများကဲ့သို့ ဖြစ်နသည်။ သူမ၏ အသားအရောင်ကလည်း ပျော့တွဲကျကာ အရေတွန့်နေသည်။ သူမ၏ မြူစိုင်းသောမျက်ဝန်းများကလည်း ဝေဝါးလာကာ မျက်နှာကလည်း ပါးရေများတွန့်နေသည်။
ယဲ့ဖန်းက အနားသို့ လျှောက်လာကြောင်း မြင်သောအခါ လီရှောင်းမန်က အော်သည်။
” အနား မလာနဲ့။”
သူမက သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး ကွယ်ထားသည်။ ထို့နောက် ခေါင်းကိုလည်း ဒူးခေါင်းကြား ညှပ်လိုက်သည်။
ယဲ့ဖန်းက သူမကို ဒုက္ခ မပေးစေရန် ရှေ့ဆက် မလျှောက်သွားတော့ချေ။ သူက လူအုပ်ကိုသာ တစ်ချက်ကြည့်ပြီး အော်ပြောလိုက်သည်။
“အားလုံးပဲ စိတ်မပျက်ကြပါနဲ့။ ဒီလောကမှာ နတ်ဘုရားတွေတောင် တည်ရှိနေသေးတာဘဲ မဟုတ်လား။ ဒီတော့ ဖြစ်နိုင်တာ ဘာရှိမှာလဲ။ သေချာပေါက် ဖြေရှင်းချက် ရှိမှာပါ။”
ထိုတောင်ထိပ်တစ်ခုလုံး ထိုင်းမှိုင်းသော လေထုတစ်ခုလုံးက ဖုံးအုပ်ထားသည်။ လူအများစုကမူ သက်သေရန်ပင် မျှော်လင့်နေကြသည်။ အထူးသဖြင့် ယဲ့ဖန်းနှင့် ဖန်းပေါ်က ဆယ်တစ်နှစ် ဆယ်နှစ်နှစ် အရွယ်ကလေးများ ပုံစံရှိကြောင်း မြင်ရခြင်း ပင်ဖြစ်သည်။
လူအများစုက အိုသွားကြသော်လည်း ထိုနှစ်ကောင်ကမူ ငယ်ရွယ်နေသေးသည်။ ထိုအခြေအနေက လူတိုင်း၏ နှလုံးသားကို သွေးစိမ့်စေသည်။
” အို ဘုရားရေ ဘုရားရေ။ သောက်ကျိုးနည်း။”
ခါသဲ့ကလည်း အလွန်အမင်း ဒေါသထွက်နေသည်။ သူက တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာကို ရောကာပြောပြီး မကျေနပ်ချက်ကို ထုတ်ဖော်သည်။
” နတ်ဆိုးကောင် တအားကြီး စိတ်လှုပ်ရှားမနေစမ်းနဲ့။”
ဖန်းပေါ်က အနားသို့သွားပြီးနောက် မချေမငံ ပခုံးကို ဖျန်းခနဲ ရိုက်လိုက်သည်။
” ဖြည်းဖြည်းပေါ့။ မင်း ချစ်ရတဲ့ လူနဲ့အတူ တဖြည်းဖြည်းချင်း အိုမင်းသွားရတာက လောကမှာ ရိုမန့်တစ် အဆန်ဆုံး အရာဘဲ။”
ခါသဲ့က ချက်ချင်း ငိုချင်သွားသည်။ သူက ကလေး တစ်ယောက်ကဲ့သို့ ငိုသည်။
” ငါ့ရဲ့ကောင်မလေးက ဒီနေရာမှာမှ မရှိတာ။ ဘာမှ ရိုမန့်တစ် မဆန်ဘူး။”
ဖန်းပေါ်က ဆွံ့အသွားသည်။ သူက လီရှောင်းမန်ကို ကြည့်ပြီးနောက်တွင် အခြားသူများထံသို့ စကားမပြောဘဲ လျှောက်သွားလိုက်တော့သည်။
” ယဲ့ဖန်း ဘာလို့ မင်းတို့နှစ်ယောက်က အသက်မကြီးသွားတာလဲ။”
ကျိုးရင်က ပထမဦးဆုံး တည်ငြိမ်သွားသူ ဖြစ်သည်။ သူ၏မျက်ဝန်းများက ယဲ့ဖန်းနှင့်ဖန်းပေါ်ကို ကြည့်လိုက်သည်။ သူ၏ မြူစိုင်းနေသော မျက်ဝန်းများမှပင် အလင်းတန်းများက ထွက်လာသည်။
အခြားသူများက ယာယီအားဖြင့် ကိုယ့်အခြေနေကိုယ်မေ့ပြီး ဖန်းပေါ်နှင့် ယဲ့ဖန်းကိုသာ ကြည့်လိုက်ကြသည်။
ဖန်းပေါ်ကမူ ကျိုးရင်၏ စကားကိုနားထောင်ပြီး မသက်မသာ ဖြစ်သွားသဖြင့် မကြင်မနာ ပြန်ပြောလိုက်သည်။
” ငါ ပြောမယ် အဖိုးကျိုး။ ငါတို့နှစ်ယောက်ကို သံသယမဝင်သင့်ဘူး ဟုတ်ပြီလား။ ငါတို့က ကြီးမြတ်တဲ့ မှော်စွမ်းအင်တွေကိုသာ ပိုင်ဆိုင်ထားရင် ငါတို့ နတ်ဘုရားတွေတောင် ဖြစ်နေလောက်ပြီ။ ဘာလို့ မင်းတို့လို သေမျိုးတွေနဲ့ ရပ်နေမှာလဲ။”
လင်းကျားကမူ အငိုရပ်သွားပြီ ဖြစ်သည်။ သူမက ယဲ့ဖန်းကို လှမ်းကြည့်လိုက်ပြီးနောက် ရိုးသားစွာဖြင့် မေးလိုက်သည်။ သို့သော် သူမ၏လေသံက တောင်းပန်သံနှင့်တောင် တူနေသည်။
“ယဲ့ဖန်း ငါ့ကို အမှန်တိုင်း ပြောပါဦး။ နင်တို့ ဘာလို့ ပြန်ငယ်သွားတာလဲ။ နင်တို့ ဘာလုပ်လိုက်လဲ။”
ထိုအချိန်တွင် ယဲ့ဖန်းက သူမကိုသာ နှစ်သိမ့်ပြီး မျှော်လင့်ချက်သာ ပေးနိုင်သည်။ သူတို့တွေ့ခဲ့ရသော သစ်သီးကို စားမိသည်မှာ ကြာလှချေပြီ။ သို့သော် အခြားသော နည်းလမ်းလည်း မရှိတော့ချေ။
” ဒီနေရာကနေ ထွက်ပြီး အဲ့ဒီ အမတ နန်းတော်ဆီကို သွားရအောင်။”
ကျိုးရင်က တုန်တုန်ရီရီဖြင့် မတ်တပ်ထရပ်လာပြီးနောက်တွင် အဝေးရှိတောင်ကို လက်ညှိုးထိုးသည်။ ထိုနေရာတွင် ကောင်းကင်သို့ ထိုးတက်လုနီးပါး မြင့်မားစွာဖြင့် တည်ရှိနေသော နန်းတော်ကြီးပေါင်း များစွာရှိသည်။
ကောင်းကင်ဘုံမှ သေမျိုးလောကသို့ တဖြည်းဖြည်းချင်း ဆင်းကျလာသည်နှင့်ပင် တူလေသည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်က အိုမင်းသွားသော်လည်း သူ၏ စိတ်ကမူ မအိုမင်းသွားသေးချေ။
ထို့ကြောင့် မျှော်လင့်ချက်ကို ရှင်းရှင်းလင်းလင်း ညွှန်ပြနိုင်သည်။ ဒီနေရာတွင် အမတများသာရှိလျှင် အရာအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်ပေလိမ့်မည်။
သူတို့အဖွဲ့က တစ်ယောက်ကို တစ်ယောက် ဖေးမပြီးနောက် တောင်အောက်သို့ ဆင်းကြသည်။ လူအများစုက အိုနေပြီး ခပ်ဖြည်းဖြည်းသာ သွားနိုင်ကြလေသည်။ ယဲ့ဖန်း၊ ဖန်းပေါ်၊ လျိုယီယီနှင့် ကျန်းကျစ်လင်တို့က ရွေးချယ်စရာမရှိဘဲ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ကိုင်တွယ်ဖေးမပေးရသည်။
“အဖိုးကျိုး၊ အဖိုးဝမ် ငါ မင်းတို့ကို တွဲပေးမယ်။”
ဖန်းပေါ်က အလယ်တွင်ရပ်ပြီးနောက် ဘယ်ညာမှ ကျိုးရင်နှင့် ဝမ်ကျစ်ဝမ်ကို တွဲထားပေးသည်။ ထိုအခါ ဝမ်ကျစ်ဝမ်က ခါးသီးစွာ ရယ်သည်။ ကျိုးရင် မျက်နှာတည်နေသည်။
တစ်ချို့သော အကြောင်းပြချက်များကြောင့် လီရှောင်းမန်က ယဲ့ဖန်းကိုသာ တွဲခိုင်းသော်လည်း မည်သည့်စကားမျှ မဆိုချေ။ သူမက မရပ်မနားသာလျှင် ငိုနေပြီး အဆုံးတွင် မေ့လဲလုနီးပါးဖြစ်နေသည်။
” ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ငါ့တို့ကြားမှာ တောင်ရှိနေသေးတာလဲ။”
ယဲ့ဖန်းတို့အားလုံးက တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်ကြသည်။ ရှင်းလင်းစွာဖြင့်ပင် သူတို့က ထိုအမတနန်းတော်နှင့် တောင်တစ်တောင်သာ ခြားနေခြင်းဖြစ်သည်။ သို့သော် တောင်ထိပ်တစ်ခုသို့ တစ်ဖန် တက်ပြီး ထပ်ကြည့်လိုက်သောအခါ တောင်တစ်တောင်က ခြားသေးပြန်သည်။ ဘာမှ ပြောင်းလဲမသွားခဲ့ချေ။
” ခုဏကအတိုင်း ဖြစ်နေသေးတာဘဲ မဟုတ်လား။ ငါတို့ကြားက အကွာအဝေးက အမြဲတောင်တစ်တောင်ခြားနေတုန်းဘဲ။ ဘာလို့ ရှေ့ဆက်သွားလို့ မရတာလဲ။”
သူတို့က အဝေးကို လှမ်းကြည့်လိုက်ကြပြီး တစ်ဖန်စိတ်ရှုပ်သွားကြပြန်သည်။ သူတို့က တောင်တစ်တောင်ကို ထပ်တက်ကြသည်။ သို့သော် အဆုံးတွင် တူညီနေသည်။ ထိုအချိန်တွင် လူတိုင်းကလည်း နီးကပ်သွားရန် မဖြစ်နိုင်ကြောင်း သိလိုက်ကြသည်။
“ရွေးချယ်စရာ မရှိတော့ဘူး။ ငါတို့ ဒီဘက်ကို ဆက်မသွားသင့်တာလည်း ဖြစ်နိုင်တယ်။ အဲ့ဒီနေရာက ဘယ်တော့မှ မရောက်နိုင်တဲ့ တစ်နေရာဖြစ်လောက်တယ်။”
ရုတ်တရက် သူတို့၏နှာခေါင်းထံ အညှီနံ့က ထွက်ပေါ်လာသည်။ တောအုပ်ကပင် ရမ်းခါသွားသလိုမျိုး ဖြစ်သွားပြီးနောက် ငါးမီတာခန့်မြင့်မားသော အနက်ရောင် သားရဲကြီးတစ်ကောင်က သူတို့ကို ခုန်အုပ်လာသည်။ သူ၏ ထက်ရှသော လက်သည်းများက အေးစက်သော အလင်းရောင်ကိုပင် ထုတ်လွင့်နေသေးသည်။ ခန္ဓာကိုယ်က တစ်ခုလုံးကလည်း သိပ်သည်းသော အနက်ရောင်အမွှေးများဖြင့် ဖုံးလွှမ်းနေသည်။ ထိုအမွှေးများက ခြေထောက်တစ်ဝက်ခန့်အထိ ရှည်သည်။
ပုံစံကြီးက ကျောချမ်းဖွယ်ကောင်းပြီး ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်နေသည်။ ခန္ဓာကိုယ်ကြီးကလည်း မျောက်ဝံတစ်ကောင် ပုံစံရှိနေသော်လည်း ခေါင်းကမူ အလွန်အမင်း ထူးဆန်းသည်။
ထို့အပြင်လည်း ခြေထောက်တစ်ချောင်းထက် ပိုရှည်သော နှုတ်သီး ရှိနေသေးပြန်သည်။ ထိုအကောင်က အသိစိတ်ဝင်လာသော ငှက်မိစ္ဆာနှင့်ပင် တူနေသည်။ ထိုကဲ့သို့သော သားရဲကြီးမျိုးကို သူတို့က မမြင်ဖူးကြချေ။ လူအများစုကမူ အလွန်အမင်း ထိတ်လန့်ခြောက်ခြား သွားရသည်။ လူနှစ်ယောက်ဆိုလျှင် လဲကျလုနီးပါး ဖြစ်သွားကြသည်။ သူတို့ကိုသာ ထိုကြောက်မက်ဖွယ်ကောင်းသော အကောင်ကြီးက ခုန်အုပ်လာလျှင် စုတ်ပြဲခံရမည်မှာ သေချာသည်။
” ယဲ့ဖန်း ဂရုစိုက် … ။”
ဖန်းပေါ်က လှမ်းအော်လိုက်သည်။ အကြောင်းမူကာ ယဲ့ဖန်းက ရှေ့ဆုံးတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။ ဖန်းပေါ်ကလည်း ကြေးနီရောင်ကျောက်ပြားကြီးကို ချက်ချင်းဆွဲကိုင်ပြီး ရှေ့သို့ခုန်ပြေးသွားလိုက်သည်။
ယဲ့ဖန်းက သူ၏ဘေးနားမှ ကောင်မလေးနှစ်ယောက်ကို ဘေးဘက်သို့ တွန်းလိုက်ပြီးနောက် ဗာဂျာရာငရုတ်ကျည်ပွေ့ကို ညာလက်ဖြင့် ကိုင်လိုက်သည်။ သူက ထိုအရာကို လျှိုယွမ်ကျစ်ထံမှ ယူခဲ့ခြင်းဖြစ်သည်။ ထိုအရာကို သူ၏ အရှိန်အဝါအပြည့်ဖြင့် လွှဲရိုက်လိုက်သည်။
ဝုန်း …။
ဗာဂျာရာငရုတ်ကျည်ပွေ့က လင်းလက်နေသော လက်သည်းနှင့် ထိပ်တိုက်တွေ့လိုက်ချိန်တွင် ကြီးမားသော အနက်ရောင်သားရဲကြီး၏ လက်ဝါးက ချိုင့်ဝင်သွားသည်။ သူက ရှုံးသွားသည်မှာ သေချာသည်။
လူတိုင်းကလည်း ကြောင်သွားသည်။ ဒါက ထိုဗာဂျာရာငရုတ်ကျည်ပွေ့၏ စွမ်းအားကြောင့်ဟု ထင်လိုက်ကြသည်။ ယဲ့ဖန်းသာ ဒါက သူ၏ ကိုယ်အတွင်းမှ စွမ်းအင်ဖြစ်ကြောင်း သိနေခဲ့ခြင်းဖြစ်သည်။ ငရုတ်ကျည်ပွေ့မှ စွမ်းအားကို လျှိုယွမ်ကျစ်က သုံးပြီးလေပြီ။
ယင်းကြောင့် သူပင် အလွန်အံ့ဩသွားရသည်။ ဒါကသာ အရင် အသက်နှစ်ဆယ်အရွယ်သူဖြစ်လျှင်ပင် ထိုသို့ မလုပ်နိုင်လောက်သော်လည်း ယခုငယ်ရွယ်လွန်းသောသူက ထိုသို့လုပ်နိုင်လေသည်။ သူ၏တစ်ကိုယ်လုံးအနှံ့ စွမ်းအင်ရှိနေသလို ခံစားနေရလေသည်။ သူက နတ်ဘုရားစွမ်းအားပါလာပြီး ကျားများကို စုတ်ဖြဲနိုင်လောက်သည်။
ကြီးမားသော ထိုသားရဲကြီးက စူးရှလွန်းသော အော်ငြီးသံကို ပြုသည်။ သူက ပါးစပ်ကြီးကို ဖြဲပြီး ယဲ့ဖန်းကို ထိုးဆိတ်ရန် ကြံစည်သည်။ တစ်ချိန်ထဲတွင်ပင် အခြားသော လက်သည်းများကလည်း သူ့ကို စုတ်ဖြဲရန် ချဥ်းကပ်လာလေသည်။ ယဲ့ဖန်း၏ လှုပ်ရှားမှုများက ပို၍မြန်ဆန်သည်။ သူက မယုံနိုင်စရာကောင်းသော အရှိန်နှုန်းဖြင့် ခပ်မြန်မြန် ရှောင်ရှားလိုက်သည်။ သူက ထိုအကောင်ကြီး၏ အနားသို့ ချက်ချင်းရောက်သွားသည်နှင့် ငရုတ်ကျည်ပွေ့ကို အားဖြင့် ထုတ်သုံးကာ ထိုအကောင်ကြီး၏ ခေါင်းကို ရိုက်ချလိုက်သည်။ ထိုသို့ဖြင့် အရိုးကွဲသံများက ချက်ချင်ထွက်ပေါ်လာသည်။
” အုံး …။ ”
အင်အားက မည်မျှကြီးမားကြောင်း စိတ်ကူးကြည့်နိုင်သည်။ ငါးမီတာခန့်မြင့်သော ထိုအနက်ရောင် သားရဲကြီးက ငရုတ်ကျည်ပွေ့၏ အရိုက်ခံရပြီး သစ်သားရုပ်လေးလို ရှစ်မီတာ ကိုးမီတာခန့်အထိ လွင့်ထွက်သွားသည်။ ထို့နောက်မြေပြင်ပေါ်သို့ ပြင်းထန်သော အရှိန်ဖြင့် ပြန်ပြုတ်ကျပြီးနောက် အချိန်တစ်ခုအထိတိုင် ဆက်ငင်ဆက်ငင် ဖြစ်နေပြီးနောက် မလှုပ်ရှားတော့ချေ။ လူတိုင်းက ကြောင်သွားပြန်သည်။ သူတို့မြင်လိုက်ရသော အရာကို မယုံနိုင်ကြတော့ချေ။ ယဲ့ဖန်း၏ နာမည်ပြောင်က လူထွားကြီးဖြစ်သလို ထိုလူထွား၏ အရွယ်ရောက် ခန္ဓာကိုယ်ကပင် အသက်ဆယ်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ်အစားထိ ပြောင်းလဲသွားပြီးသည့်တိုင်အောင် သူက အလွန်အင်အားကြီးမားနေသေးသည်။ သူက ယခင်ထက်ပို၍ ငယ်ရွယ်သွားသလို ထင်ရသည်။
သို့သော် သူ၏အင်အား အရှိန်နှုန်းကမူ မယုံနိုင်စရာ အဆင့်အထိ ရောက်ရှိသွားပြီဖြစ်သည်။ ထိုအခြေနေက အံ့ဩမှင်တက်စရာ ကောင်းလွန်းနေသည်။
လူတိုင်းကမူ သက်ပြင်းအရှည်ကြီးကို ချလိုက်ကြသည်။ ထို့နောက် သူတို့က ဆွေးနွေးကြသည်။ ယဲ့ဖန်းက မည်သည့်အတွက်ကြောင့် ထိုနတ်စွမ်းအင်ကို ပိုင်ဆ်ိုင်ထားကြောင်း နားမလည်ကြချေ။ သူတို့အားလုံးက မနာလိုဖြစ်နေကြသည်။
ကောင်းကင်က မဲမှောင်နေလေပြီ။ နောက်ဆုံးသောနေ၏ အလင်းရောင်များက ပျောက်ကွယ်သွားလေပြီ။ လူတိုင်းကလည်း လက်လျော့ရန် ဆန္ဒမရှိသေးဘဲ နောက်ထပ်တောင်တန်းတစ်ခုကို ဆက်တက်လိုက်ကြသည်။ ထိုတောင်ထိပ်ပေါ်သို့ ရောက်သွားပြီးသည့်တိုင် ထိုကောင်းကင်နန်းတော်နှင့် သူတို့က တောင်တစ်တောင် ခြားနေသေးပြန်ကြောင်း သိလိုက်ရသည်။ အကွာအဝေးက ပြောင်းလဲမသွားခဲ့ချေ။
ထိုအချိန်တွင် လူတိုင်းက စိတ်ပျက်သွားကြပြီး ဆက်မသွားရန် ဆုံးဖြတ်လိုက်ကြသည်။ သို့ရာတွင် ထိုအခိုက် ကောင်းကင်တွင် သက်တန့်တိမ်စင်တစ်ခုကို မြင်လိုက်ရသည်။
ထိုတိမ်စင်က ကောင်းကင်ကို ထိုးခွဲပြီး တဖြည်းဖြည်းချင်း ရွေ့လျားနေခြင်းဖြစ်သည်။ ထို့ကြောင့် ညအမှောင်တွင် မျက်စိဖမ်းစားလွန်းသည်။
” ဒါက…”
လူတိုင်းက အံ့ဩသွားသည်။ ထိုသက်တန့်ရောင် တိမ်စင်လေး၏ အထက်တွင် လူသားတစ်ယောက်၏ ပုံရိပ်ကို မြင်လိုက်ရသည်။ ထိုပုံရိပ်က လွတ်လပ်စွာပင် ရွှေ့လျားနေခဲ့သည်။ သူက သေမျိုးပင် မဟုတ်လောက်ချေ။
ဝှစ် …။
သက်တန့်ရောင်စင်အလင်းတန်းက အရပ်မျက်နှာပြောင်းလဲပြီးနောက် သူတို့ဘက်သို့ လာသည်။
အရှိန်နှုန်းက အလွန်အမင်း မြန်ဆန်ပြီး လူတိုင်းကို ဆွံ့အစေသည်။ ထိုသက်တန့်ရောင်စင်က ကောင်းကင်ကို ထိုးခွဲလာပြီးနောက် မျက်တောင်တစ်ခပ်အချိန်အတွင်း သူတို့၏ ရှေ့နားသို့ ရောက်ရှိလာတော့သည်။
အပိုင်း (၃၃) ပြီး၏။