Chapter – 32
ထိုကျားဟိန်သံက ကောင်းကင်ကိုပင် လှုပ်ခါမတက် တုန်ခါသွားစေပြီး အရွက်များကိုပင် လေသို့မြှောက်တက်သွားစေသည်။ ကြီးမားသော ကျားဟိန်းသံကြီးက တောင်တန်းတစ်ခုလုံးကို မိုးကြိုးပစ်ချလိုက်သလိုမျိုး တသိမ့်သိမ့်တုန်သွားစေခဲ့သည်။
လူတိုင်း၏ မျက်နှာအမူအရာကိုလည်း ပြောင်းလဲသွားစေခဲ့သည်။ အသံလာရာဘက်က သူတို့ အခုလေးတွင်အနားယူခဲ့သော နေရာဖြစ်သည်။
ဖန်းပေါ်နှင့် ကျန်းကျစ်လင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ လျှိုယွမ်ကျစ်နှင့် လီကျန်းချင်တို့အားလုံး အဆုံးသတ်မည်ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့က ကျားအသိုက်ထဲတွင် ကြိုးချည်ခံထားလျက် ရှိနေသည့်အပြင် မည်သို့မှမလွတ်နိုင်တော့ချေ။ ထို့အပြင် ကျားကလည်း ပြန်ရောက်လာလေပြီ။ ထို့ကြောင့် ကျားမကြီးက ကျားပေါက်များက်ုပင် အစာကျွေးလောက်သည်။
လူတိုင်း၏ မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့က လွင်ထီးခေါင်ကုန်းမြေမှ ထွက်လာကာစ ရှိသေးသည်။
မျှော်လင့်မထားဘဲ ကြီးမားသော သားရဲကြီးနှင့် ကြုံနေရလေပြီ။ သူတို့ကသာ ရှေ့ဆက်သွားနေရင် မည်သည့်သတ္တဝါများနှင့် ကြုံရမည်ဖြစ်လေရာ အားလုံးက ထိတ်လန့်နေကြသည်။ သူတို့က ထိုအကြောင်းအရာကို တွေးမိသောအခါ ဒီတားမြစ်နယ်မြေက ညဘက်တွင် အလွန်အမင်းကြောက်စရာကောင်းသည့်တိုင်အောင် ထိုသို့ အန္တရာယ်များသော သားရဲများရှိကြောင်း သတိရသွားသည်။
“မိကျောင်းဘိုးဘေးကို ရှောင်ရှားဖို့အတွက် ငါတို့အားလုဲး အန္တရာယ်ပေါင်းများစွာကို ကျော်ဖြတ်လာရတယ်။ တိတ်ဆိတ်ငြိမ်းချမ်းပြီး လူသူကင်းမဲ့တဲ့ စကြာဝဠာကြီးကို ကျော်ဖြတ်လာရပြီးနောက်ဆုံး အသတ်စွမ်းအင် အပြည့်အဝရှိတဲ့ လောကကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ ငါတို့ ဒီနေရာမှ အသက်ဆုံးရှုံးနိုင်သေးတယ်။ နှမြောစရာဘဲ။”
ကျိုးရင်က ကျန်ရစ်ခဲ့သော နှစ်မိုင် သုံးမိုင်အကွာကို လှမ်းကြည့်သည်။ ကျားဟိန်းသံက လျှိုယွမ်ကျစ်၊ လီကျန်းချင်တို့ကြောင့် ဖြစ်လာခြင်းဖြစ်နိုင်သည်။ ထိုအကြောင်းကို တွေးမိလိုက်သော လူတိုင်းက ကျောစိမ့်သွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် သွေးများနှင့်မြင်ကွင်းကိုပင် မြင်ယောင်မိသွားကြသည်။
ကြောက်မတ်ဖွယ်ကောင်းသော ကျားက ခန္ဓာကိုယ်သုံးခုကို ဆွဲဖြဲလောက်သည်။ သူ၏ ထက်ရှသော လက်သည်းကြီးများ ဖြူဖွေးသော သွားကြီးများက သွေးများစိုရွှဲနီရဲနေလောက်သည်။ ထို့နောက် အသားများကို ဝါးစားနေလောက်သေးသည်။ ထိုသို့ ကြောက်မတ်ဖွယ်ကောင်းလွန်းသော မြင်ကွင်းက လူတိုင်းကို ကျောစိမ့်သွားစေသည်။
” သွားရအာင် … ။”
မည်သူကမှ ဆက်မနေရဲကြတော့ချေ။ ကျား ရှိနေကတည်းက ပတ်ဝန်းကျင်က သူ၏ပိုင်နက် ဖြစ်လောက်သည်။ သူတို့က နောက်ထပ် လေးငါးမိုင်ခန့် ဆက်လက်ပြေးလွှားပြီးမှသာ လူတိုင်းက စိတ်အေးသွားကြသည်။
“ဘာလို့ တောအုပ်က အရမ်းကို တိတ်ဆိတ်နေတာလဲ။ ငါတို့ တားမြစ်နယ်မြေကို ပြန်ရောက်သွားတာလား။”
ကောင်းကင်တွင် ရှေးဟောင်းသစ်ပင်များက မိုးထိုးနေသည်အထိ မြင့်မားကာ အုပ်စိုင်းနေသည့်တိုင်အောင် ထိုတောကြီးတစ်ခုလုံးက တိတ်ဆိတ်လွန်းနေခဲ့ခြင်းဖြစ်သည်။ မည်သည့် ငှက်၊ သားရဲ၊ ပျား၊ လိပ်ပြာကိုမျှ မမြင်ရသေးချေ။ ထိုသားရဲများအားလုံးက ရုတ်တရက်ပင် ပျောက်ကွယ်သွားသလို ဖြစ်နေသည်။
ဦးတည်ရာဘက်က မမှားချေ။ သို့သော် လူတိုင်းက တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်ကြသည်။ ထို့ကြောင့် အလွန်သတိထားလာကြသည်။
မီတာနှစ်ထောင်ခန့် ဆက်လျှောက်ပြီးနောက် အမျိုးမျိုးသော မိုးထိုးနေသော သစ်ပင်ကြီးများက တဖြည်းဖြည်းချင်း ကျဲသည်ထက် ကျဲလာပြီးနောက် ဟင်းလင်းပြင် ကွင်းပြင်တစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာက ပြန့်ပြူးနေသော ကုန်းမြေကြီး ဖြစ်သည်။ တောင်တန်းများကလည်း ခြောက်ကပ်နေသည်။ ထိုကုန်းမြေကို နင်းလိုက်သောအခါ စကျင်ကျောက် အမာသားအပေါ် နင်းရသလို ခံစားချက်မျိုးကိုသာ ရသည်။ ဒီနေရာတွင် မည်သည့် မြက်ပင်ကိုမှ မမြင်ရသလို ကြီးမားသော ကျောက်တုံးကြီးကလည်း အနည်းငယ်သာလျှင် ရှိသည်။
“ဘာလို့ အရှေ့က အရမ်းပူနေတာလဲ။ အဲ့တာက ဘာလဲ။ အဲ့တာက ကြည့်ရတာ အရမ်းကို ကြီးမားတဲ့ အနက်ရောင် ရေကန်ကြီးဘဲ။”
ထိုနေရာက ကြီးမားသောကျောက်တုံးကြီးများ ပိတ်ဆို့နေသောကြောင့် လူတိုင်းက သေသေချာချာ မမြင်နိုင်ကြချေ။ ထို့ကြောင့် ကျောက်တုံးကြီးများကို ကျော်ဖြတ်သွားပြီးမှသာ ရှေ့က မြင်ကွင်းကို မြင်လိုက်ကြရသည်။ ထိုအခါ လူတိုင်းက အံ့ဩသွားကြရပြန်သည်။ သူတို့၏ရှေ့တွင် ကြီးမားသောရေကန်ကြီး ရှိနေသည်။ ရေကန်ကြီးထက် ရေအိုင်ကြီးဖြစ်သည်။ ကြီးမားသော သံမဏိတုံးကြီး တစ်တုံးသာ ရှိနေကာ အခြားသော ကျောက်စရစ်ခဲများကိုလည်း မမြင်ရချေ။
အံ့အားသင့်စရာ အကောင်းဆုံးက အရောင်ဖြစ်သည်။ ထိုအရာက မှင်ရည်ကဲ့သို့ ပင်းပိတ်အောင် မဲမှောင်နေကာ ကြောက်စရာကောင်းလောက်အောင် မဲနက်နေသည်။
“အခု နောက်ဆုံးတော့ ဒီလောကမှာလဲ မိစ္ဆာရေကန်ရှိကြောင်း ငါ နားလည်သွားပြီ။ ဒီရကန်ကို ဘယ်လိုဘဲကြည့်ကြည့် မသက်မသာဖြစ်စေတယ်။ ဒီလောက်မဲနက်နေတဲ့ ရေကန်မျိုး တစ်ခါမှ မမြင်ဖူးဘူး။”
ထိုအနက်ရောင် ရေကန်ကြီးက အသက်မဲ့နေပြီး မည်သည့် အသက်စွမ်းအင်မှ ရှိမနေခဲ့ချေ။ ထိုမျှသာမကဘဲ ပတ်ဝန်းကျင်ရှိ တောင်တန်းတစ်ခုလုံး၏ မြေပြင်တစ်ခုလုံးက ခြောက်သွေ့နေပြီး သေဆုံးနေသကဲ့သို့ ဖြစ်နေသည်။ မည်သည့်အပင်မှလည်း မပေါက်ချေ။ ထို့ကြောင့် အသက်စွမ်းအား တားမြစ်နယ်မြေကဲ့သို့ ဖြစ်နေသည်။
” ငါ့အထင် ငါ အသံတစ်ခုခုကို ကြားမိသလိုဘဲ။” ကျောင်းသူတစ်ယောက်က တုန်ရီသောလေသံဖြင့် ဝင်ပြောသည်။ သူမ၏ မျက်နှာက ဖြူဖျော့နေသည်။
ထိုအချိန်တွင် လူတိုင်းကလည်း ဖျော့တော့သော်လည်း ထူးဆန်းသော အသံကို ကြားလိုက်ရသည်။ အသံက အလွန်တိုးသည်။ လူတစ်ယောက်က ငြီးနေသလို ဖြစ်နေသည်။ အသံက နာကျင်မှုကြောင့် ငြီးတွားသံဖြစ်သည်။
ခရော့ …။
ရုတ်တရက် ကွဲအက်သံနှင့်အတူ တစ်စုံတစ်ရာက ကြိုးပျက်သွားသလို ဖြစ်သွားသည်။
“ဒါ အဲ့ဒီမှာဘဲ။ ”
လျိုယီယီ၏ မျက်နှာက ဖြူဖျော့နေသည်။ ရေကန်ကမ်းစပ်နားသို့ လက်ညှိုးထိုးပြသည်။ ထိုနေရာတွင် ဆယ်မီတာကျော် ကြီးမားသော ကျောက်တုံးကြီး တစ်တုံးရှိနေသည်။
ကျောက်တုံးကြီးပေါ်တွင် တစ်စုံတစ်ရာက လဲလျောင်းနေသလို ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းကသာ ပေါ်နေသည်။ ပေါ်နေသည့် ထူထည်းသောအရေပါးကလည်း အနက်ရောင် သတ္ထုသားလို မောကျောနေသည်။ အရောင်ကမူ ရွှေရောင်နှင့် အနက်ရောင် ရောစပ်ထားသော အရာကဲ့သ်ု့ ပြောင်လက်နေပြန်သည်။
“ဒါက ဘာလဲ။”
လူတိုင်းက အံ့ဩသွားရပြန်သည်။
“မစိုးရိမ်နဲ့။ ဒီနေရာက မြန်မြန် ထွက်သွားရအောင်။”
ကြီးမားသော အနက်ရောင်ရေကန်ကြီး။
သေဆုံးနေသော တောင်တန်း ကဲ့သို့သော နေရာမျိုးက နေရန် မသင့်တော်ချေ။ မည်သည့်သားရဲမှ မရှိမည်မှာသေချာသည်။
ခရော …။
ကွဲအက်သံက တစ်ဖန်ထွက်လာသည်။ ထို့နောက် ပို၍ နာကျင်နေသော ဟိန်းသံတစ်သံက ကပ်ပါလာပြီး အသံက အလွန် ရုန်းကန်နေရသည်နှင့် တူသည်။ ခန္ဓာကိုယ်ကြီးက ကျောက်တုံးကြီးကို ခပ်ပြင်းပြင်းရိုက်နေသည်။
ခုနှစ်မီတာ ရှစ်မီတာခန့် မြင့်သော ကျောက်တုံးကြီးက ဆယ်မီတာခန့် ရှည်ပြီး ချက်ချင်းလိိုလို ကန်ထုတ်ခံလိုက်ရသည်။ ထိုကျောက်တုံးကြီးက ရေကန်ထဲသို့ လှိမ့်ကျသွားပြီး အနက်ရောင်အားလှိုင်းများကို ထလာစေသည်။
ထိုအချိန်တွင် လူတိုင်းက နောက်ဆုံးတွင် မိစ္ဆာသားရဲကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအကောင်ကြီးက သုံးမီတာပင် မရှိချေ။ မီတာဝက်ခန့်ပင် မမြင့်ချေ။ သူတို့ထင်ထားသည့်တိုင်း ကြီးမားခြင်းမရှိသည့်တိုင်အောင် ထိုအကောင်ကြီး၏ ပုံပန်းသွင်ပြင်က ပို၍ အံ့အားသင့်စေခြင်းဖြစ်သည်။ သူ၏ သုံးမီတာခန့်ပင် မရှိသော ခန္ဓာကိုယ်က ဆယ်မီတာကျော်သော ကျောက်တုံးကြီးကို ကန်ချနိုင်ခဲ့လေသည်။ ထိုအင်အားက ကြောက်စရာကောင်းလွန်းလေသည်။
“ဒါက ဘာလဲ။”
မည်သူကမှ ထိုသို့သော သားရဲမျိုးကို မမြင်ဖူးကြချေ။ ထိုသားရဲသည် အမွှေးမရှိသလို ကြေးခွံများလည်း မရှိချေ။ အနက်ရောင် ပြောင်လက်နေသော သံမဏိတုံးကြီးနှင့်သာ တူသည်။ ခန္ဓာကိုယ်က မဲနက်နေပြီး နက်ရွှေရောင်ပင် လက်နေသေးသည်။
သုံးမီတာခန့် မရှိသော ကိုယ်ကြီးက အနက်ရောင် သံမဏိတုံးကြီးနှင့် တူနေသေးပြန်သည်။
ထို့အပြင် အလွန်မာကျောပြီး ပြိုင်ဘက်ကင်းသော အင်အားကို ပိုင်ဆိုင်ထားသော တစ်ချက်ကြည့်ရုံဖြင့်ပင် သန်မာသော နွားသိုးကြီးနှင့်တူသည်။
အနီးကပ်ကြည့်မှ ကွာခြားကြောင်း သိလိုက်ရသည်။ ထိုအကောင်၏ ခေါင်းထိပ်တွင် ထက်ရှသော ဦးချိုကိုးခုပင် ရှိနေသည်။ ထိုအရာက အလွန်အမင်း ချွန်ထက်နေပြီး သိပ်သည်းသော အနက်ရောင်အလင်းကို လွှင့်ထုတ်နေသည်။
ပို၍ဆိုးသည်မှာ မျက်လုံးငါးလုံးပါခြင်း ဖြစ်သည်။ မျက်လုံးများက ပွင့်လိုက် ပိတ်လိုက် လုပ်နေသလို အေးစိမ့်သော သွေး အလင်းတန်းကို လွှင့်ထုတ်နေပြန်သည်။ ပါးစပ်ကြီးထဲတွင် ထက်ရှသော သွားများက ခြေထောက်တစ်ဝက်ခန့် ရှည်သည့်အပြင် ဓားမြှောင်များကဲ့သို့ ထင်ရသည်။ အေးစိမ့်သော အလင်းရောင် လွင့်ထုတ်နေပြီး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းနေသည်။ သူ၏ကိုယ်မှလည်း ခါးသီးကာ ကြောက်မတ်ဖွယ်ကောင်းသော အရှိန်အဝါကို လွင့်ထုတ်နေသည်။ ထိုအကောင်ကြီးက မည်သူမှ မမြင်ဖူးသော ကြောက်စရာကောင်းသော သားရဲကြီးဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အလွန်အမင်း အင်အားကြီးမားကြောင်း သိနိုင်သည်။ အဝေးမှ မြင်ရသည့်တိုင် လူတိုင်း၏ နှလုံးသားက ထိတ်လန့်ခြောက်ခြားသွားရသည်။
” အရည် အရည် အရည်ပျော်နေသလိုဘဲ။”
တစ်စုံတစ်ယောက်က အံ့အားသင့်သော အမူအရာဖြင့် ဝင်ပြောသည်။
သားရဲကြီး၏ ကျောဘက်တွင် အနည်းငယ် ပွင့်ထွက်နေသော အပေါက်ကြီးတစ်ပေါက် ရှိသည်။ တဖြည်းဖြည်းချင်း အတွင်းမှ ခန္ဓာကိုယ် အသစ်တစ်ခုကို ထပ်ထွက်လာသည်။ ထိုအရာက ပို၍ မဲမှောင် တောက်ပသည်။ ရွှေနက်ရောင် သံမဏိတုံးတစ်ခုမှ သွင်းလုပ်ထားသလို ထင်ရသည်။
“ဒါဆို ဒါက အရေခွံလဲနေတာ။ ငါတို့ ဒီနေရာကနေ မြန်မြန်ထွက်သွားရမယ်။”
ထိုအကောင်က ပုစင်းရင်ကွဲကောင်က ကြေးခွံကို ခွဲထုတ်ပြီးနောက် ပြန်လည်ကြီးထွားရန် အသုံးပြုနေသော နည်းလမ်းလိုမျိုး ဖြစ်နေသည်။ ထိုအကောင်ကြီး၏ နည်းလမ်းက ထူးဆန်းသော်လည်း မိစ္ဆာဆန်လွန်းသည်။ ကံကောင်းစွာဖြင့် ပြောင်းလဲနေသော အလှည့်ဖြစ်သည်။ မဟုတ်လျှင် လူတိုင်းက ကြုံရနိုင်သည့် အသေးစိတ်အချက်လက်ကို မတွေးနိုင်ချေ။
သူတို့အားလုံးကလည်း အခုလေးတင် မိုးခြိမ်းသံသမျှ ပြင်းထန်ကျယ်လောင်သော အသံကို လွင့်ထုတ်သော ကြောက်မတ်ဖွယ် သားရဲကြီးကို ရှာတွေ့ပြီး ထိုအကောင်ကြီးကိုသာ သူတို့ရှေ့ရှိ သားရဲကြီးနှင့် ရင်ဆိုင်ခိုင်းမည်ဆိုလျှင် ကြောင်ပေါက်လေးကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ခံစားမိနေကြသည်။
ထိုအကောင်က ခုနစ်မီတာ ရှစ်မီတာခန့် မြင့်မားပြီး ဆယ်မီတာခန့်ရှိသော ကျောက်တုံးကြီးကိုပင် ရေကန်ထဲသို့ ပစ်ချနိုင်ခဲ့သည်။ ထိုကြောင့် တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းကြောင်း သိနိုင်သည်။
လူတိုင်းကလည်း အလွန် ခြောက်ခြားသွားကြသည်။ သို့သော် သူတို့က အန္တရာယ်ကို မကြုံတွေ့ရသေးချေ။ သူတို့က ရေကန်ကို ပတ်လိုက်ပြီးနောက် ထွက်လာခဲ့ကြသည်။ သို့သော် နောက်မှ ကြားနေရသော နာကျင်သော ငြီးသံက ကြားနေရသည်။
ထို့နောက် တစ်ဖန် သူတို့က တောင်ပုလေးတစ်ခုပေါ် ကုန်းတက်လိုက်ကြ၏။ တောင်ထိပ်ပေါ်သို့ တက်လိုက်ကြပြီးနောက် အဝေးသို့ လှမ်းကြည့်သည်။
ထိုအခါ အဆောက်အဦးများက ပို၍ ကြည်လင်ပြတ်သား ရှင်းလင်းလာသည်။ နန်းတော်များက ကပ်လျက်ရှိနေပြီး ဟိုးအဝေးတွင် တစ်တန်းတည်း ရှိနေသော အဆောက်အဦးများကိုလည်း မြင်နိုင်သေးသည်။ ကောင်းကင်ဘုံမှ နန်းတော်များနှင့်တူသော ထိုအရာများက လူသားလောကသို့ ကျရောက်လာသည်နှင့် တူသည်။
“ဘာလို့ ငါ့ရဲ့ ခန္ဓာကိုယ်က ပူလာတယ်လို့ ခံစားရတာလဲ။”
ကျောင်းသူတစ်ယောက်က အခြားသော ကျောင်းသူတစ်ယောက်ကို ပြောသည်။
” ငါရောဘဲ။”
ထိုအချိန်တွင် လူတိုင်းက ပုံမှန်မဟုတ်သော အချက်ကို ရှာတွေ့လိုက်ကြသည်။ သူတို့၏ အသားအရေက ကြောက်စရာကောင်းလောက်အောင် နီရဲလာပြီး သွေးများက စိမ့်ထွက်လာသည်နှင့် တူသည်။ လူတိုင်းကလည်း အလွန်အမင်း ပူလောင်လာသည်မှာ သူတို့၏ ခန္ဓာကိုယ်ထဲမှ မီးဖိုတစ်ခု တောက်လောင်နေသလို ဖြစ်လာသည်။
ရာသီဥတု ပူလောင်သောကြောင့် ဖြစ်လာသည်မဟုတ်ပေ။ သူတို့၏ ခန္ဓာကိုယ် အခြေအနေက ပြောင်းလဲလာခြင်းဖြစ်သည်။ လူတိုင်းကလည်း သူတို့၏ခန္ဓာကိုယ် အရေပြားနှင့် အသွေးအသားများက နာကျင်လာကြောင်း ခံစားလာကြရသည်။ သူတို့က မီးပူပေါ် အပြုတ်ခံလိုက်ရသလို ထင်ရသည်။
” ငါ တောင့်မခံနိုင်တော့ဘူး။ ဒါက မသက်မသာဖြစ်လွန်းတယ်။”
ကျောင်းသူတစ်ယောက်က မြေပြင်တွင် ဆောင့်ကြောက် ထိုင်လိုက်သည်။ သူမက နာကျင်လွန်းသောကြောင့် အော်သည်။
“နာလိုက်တာ။ ငါ့ရဲ့ အသားတွေက ခြောက်ကပ်တော့မယ်လို့ ခံစားရတယ်။”
သူမက ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များက ကျဆင်းလာသည်။ ထို့နောက် မြေပြင်ပေါ်သို့ လည်း ကျသွားကာ လှဲအိပ်နေတော့သည်။
ထိုအခါ နောက်ထက် ဒုတိယမြောက် တတိယမြောက်ကျောင်းသူများက တောင့်မခံနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးက နီရဲလျက် သူတို့၏ ခန္ဓာကိုယ်မှ သွေးများအားလုံးက ညစ်ထုတ်ခံနေရသလိုမျိုး ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည်။ မြေပြင်သို့ လဲကျသွားပြီး လှိမ့်နေတော့သည်။
“ဘာတွေဖြစ်တာလဲ။ ဘာဖြစ်တာလဲ။”
လူတိုင်းကလည်း ထိုကိစ္စ၏ အရေးကြီးမှုကို နားလည်သွားကြသည်။ ထိုအချိန်တွင် မည်သူကမှ မတ်တပ်ရပ်မနေနိုင်ကြတော့ချေ။ လူတိုင်းနီးပါးက မြေပြင်တွင် လဲကျကာ ပူလွန်းသောကြောင့် လှိမ့်နေကြသည်။ သူတို့၏ အသားများက အရေခွံခွာလို့ရသလို ဖြစ်နေလေပြီ။ တစ်ကိုယ်လုံးက နာကျင်လွန်းနေသည်။ ထို့ပြင် ဓားနှင့် မွန်းခံနေရသလို ခံစားနေရသည်။
“အား…”
နောက်ဆုံးတွင် တစ်ယောက်က တောင့်မခံနိုင်တော့ချ။ သူဟာ အသံကုန် အော်ပြီး လှိမ့်တော့သည်။ ထို့သို့ဖြင့် မြေပြင်တွင် သွေးများ စွန်းထင်သွားသည်။
” ငါ မသေချင်သေးဘူး။”
တစ်စုံတစ်ယောက်ကလည်း ထိတ်လန့်တကြားအော်သည်။
ဒါက ရုတ်တရက် ဖြစ်လာသာ ကပ်ဘေးဖြစ်သည်။ မည်သူကမှ ဘာဖြစ်သွားကြောင်း မသိကြချေ။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်လာကြောင်းကိုလည်း နားမလည်ကြသေးချေ။ သူတို့က တဖြည်းဖြည်းချင်း အပြုတ်ခံရကာ ပြန်လည်သန့်စင်ခံရတော့မလို ခံစားနေရသည်။
“ငါ့ကို သေခွင့်ပေးပါ။ ဒါက မသက်မသာဖြစ်လွန်းတယ်။”
သူတို့က ရုန်းကန်သည်။ အော်ကြသည်။ လှိမ့်ကြသည်။ တစ်ဖန် ထပ်အော်ကြသည်။ လူအများက စိတ်ဓာတ်ကျလာကြသည်။ သူတို့က ပြင်းထန်ကျယ်လောက်စွာ အော်ကြပြီး နာကျင်မှုက သူတို့၏ အသိစိတ်ကို ဝေဝါးလာစေသည်။
အဆုံးတွင် လူတိုင်းကို သွေးချီများကသာ ဝိုင်းပတ်သွားသည်။ ထိုသွေးရောင်ချီများက တဖြည်းဖြည်းလောင်ကျွမ်းသွားပြီး မီးတောက်များ ဖြစ်လာသည်။ ပြင်းထန်သည့် အတွင်းပိုင်း ရုန်းကန်ခံရမှုနှင့် နာကျင်သော ဟိန်းသံများက တောင်တစ်ခုလုံး မငြိမ်းချမ်းစေခဲ့ချေ။ အနီးအနားရှိ ငှက်များနှင့် သားရဲများကပင် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
ဒါက လူသားမဆန်သော နှိပ်စက်မှုဖြစ်သည်။ တလောကလုံးတွင်ရှိသော အဆိုးရွားဆုံး နှိပ်စက်မှုလည်း ဖြစ်နိုင်လောက်သည်။ အဆုံးတွင် လူတိုင်းက ပြင်းထန်သည့်နာကျင်မှုကြောင့် မေ့မြောသွားကြသည်။ မည်သူကမှ အသိမရှိကြတော့ချေ။
အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိသောအချိန်တွင် တောင်က ငြိမ်သက်သွားသည်။ နာကျင်သော ဟိန်းသံများကလည်း ပျောက်ကွယ်သွားသည်။
နှစ်နာရီခန့်ကြာပြီးနောက် ပေါင်းပင်များကို ကျောပေးလျက် မေ့လဲနေသော ယဲ့ဖန်းက ပထမဦးဆုံး နိုးလာသည်။ ကောင်းကင်က အပြာရောင်အလင်းကို လွင့်ထုတ်နေပြီး ကျေးငှက်သံများ ပိုးကောင်သံများကိုလည်း ကြားနေရသေးသည်။ သူက ခပ်မြန်မြန် ထထိုင်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက နာကျင်မှုက မခံစားရတော့ချေ။
ပြောရလျှင် သူက အားအင်အပြည့်ဖြင့် တက်ကြွနေသည်။ သူ၏တစ်ကိုယ်လုံးက အလွန်သက်တောင့်သက်သာဖြစ်နေသည်။ သူ၏ ကိုယ်ထဲတွင် အဆုံး မသတ်နိုင်သော စွမ်းအင်များက ရှိနေရခြင်းဖြစ်သည်။ သူကသာ ဆန္ဒရှိလျှင် ထို ဆေဘာ လွှသွားကျားကို လက်ဖြင့်ဆွဲဖြဲနိုင်သည်ဟု ခံစားလိုက်ရသည်။
သို့ရာတွင် သိပ်မကြာခင် ထူးဆန်းသော အချက်ကို ရှာတွေ့လိုက်သည်။ သူ၏ ကိုယ်ပေါ်မှ အဝတ်များက အလွန်ကြီးနေသည်။ သူ၏ကိုယ်တွင် အလွန်လျော့ကျနေပြီး သူနှင့်မတော်တော့ချေ။ သူက လက်ကို ဆန့်လိုက်ပြီး အင်္ကျီလက်ကို ဖြဲကြည့်သည်။
ထိုအချိန်တွင် အလွန်အမင်း တည်ငြိမ်တတ်သောသူကပင် ရုတ်တရက် အလန့်တကြား အော်လိုက်မိသည်။
” အား …။ ”
“ဒါက သူ့ရဲ့လက်တွေလား။ ဘာလို့ အရင်ထက် အများကြီး အများကြီး သေးပြီး အများကြီး ချောမွေ့သွားတာလဲ။ အရွယ်ရောက်သော လူတစ်ယောက်၏ လက်နှင့်ပင် မတူတော့ချေ။”
ယဲ့ဖန်းက ခပ်မြန်မြန် ထထိုင်လိုက်သည်။
အရာအားလုံးက မယုံနိုင်စရာကောင်းလွန်းသည်ဟု ထင်ရသည်။ သူ၏ခန္ဓာကိုယ်ရှိ အဝတ်များက အလွန်အမင်း လျော့ကျနေပြီး အော်ဘရာ အဆိုတော် တစ်ယောက်၏ ဝတ်စုံများကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် ဝတ်စုံများက ပို၍ ကြီးသွားသည်ဟု မထင်ချေ။
ထို့အစား သူ၏ခန္ဓာကိုယ်ကသာ သေးငယ်သွားခြင်းဖြစ်သည်။ သူ၏ခန္ဓာကိုယ်က အသက်ဆယ့်တစ်နှစ် ဆယ်နှစ်နှစ်ခန့်သာ ရှိတော့သည်။
ထိုအချိန်တွင် သိပ်မဝေးသောနေရာမှ ဖန်းပေါ်ကလည်း နိုးလာသည်။ သူက သူ၏ အိပ်ချင်နေသော မျက်လုံးကို ပွတ်ပြီးနောက် သိပ်မဝေးသောနေရာတွင် ရပ်နေသော ယဲ့ဖန်းကို မြင်သောအခါ အံ့အားသင့်သော အမူအရာဖြင့် လှမ်းပြောလာသည်။
“အားနည်းတဲ့ကောင်လေး မင်းက ဘယ်သူလဲ။ ဘယ်နေရာက ရောက်လာတာလဲ။ သောက်ကျိုးနည်း …။ ဘာလို့ မင်းက ယဲ့ဖန်းရဲ့ အဝတ်ကြီးဝတ်ထားရတာလဲ။”
ထိုအချိန်တွင် သူက တစ်စုံတစ်ရာက မှားနေကြောင်း သတိထားလိုက်မိသည်။ သူကလည်း ထထိုင်လိုက်ပြီးနောက် ချက်ချင်းလိုလို မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် အလန့်တကြား သရဲတွေ့သလို အော်တော့သည်။
“ဘာလို့ ငါ့ရဲ့အဝတ်တွေက အရမ်းကြီးသွားရတာလဲ။ ဘာလို့ ငါ့ရဲ့ခန္ဓာကိုယ်က သေးသွားရတာလဲ။”
ထိုသို့ပြောပြီးနောက် သူက ယဲ့ဖန်းကို ကြည့်ကာ အော်သည်။
” မင်း မင်းက ယဲ့ဖန်းလား။”
ထိုအချိန်တွင် သူက သူ ပါးစပ်သူ ပြန်အုပ်လိုက်သည်။ အကြောင်းမူက သူ၏အသံက ကလေးသံပေါက်နေသောကြောင့် ဖြစ်သည်။ ရင့်ကျက်မှုလည်း မရှိချေ။
သိပ်မဝေးသောနေရာမှ ဖန်းပေါ်ကို ကြည့်ပြီးနောက် ယဲ့ဖန်က တိတ်ဆိတ်သွားသည်။ သူက အလွန်အမင်း ငယ်ရွယ်ကာ မရင့်ကျက်သော ပုံပေါက်နေသည်။ ထို့အပြင် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ် သာဖြစ်သည်။ သို့သော် အရွယ်ရောက် ဖန်းပေါ်၏ သွင်ပြင်များကို မြင်နိုငသေးသည်။
“ငါတို့ ဘာဖြစ်သွားတာလဲ။”
ဖန်းပေါ်က ယဲ့ဖန်း၏ အနားသို့လာပြီးနောက် စိတ်လှုပ်တရှားအော်သည်။ သူက အားတိုးဆေး စားထားသလို အလွန်အမင်း တက်ကြွနေသည်။
” ငါ့အထင် ငါတို့ပြန်ငယ်သွားတာ ဖြစ်နိုင်တယ်။”
ယဲ့ဖန်းလည်း ဘာဖြစ်သွားမှန်း မသိသည့်တိုင်အောင် ထို့ထက်ပင် အံ့ဩနေရသေးသည်။ သူက ဒီအတိုင်းသာ အကဲဖြတ်လိုက်ရသည်။ သူတို့နှစ်ယောက်လုံးက မရင့်ကျက်သေးသော ကလေးသာသာပုံစံသာ ဖြစ်နေသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဆွံ့အသွားကြသည်။
“သောက်ကျိုးနည်း။ ဘာလို့ ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စက ငါတို့ဆီမှာ ဖြစ်လာတာလဲ။”
ဖန်းပေါ်က အသားကုန် အော်သည်။ သူကလည်း မည်သည့်အတွက်ကြောင့် ဒီလိုဖြစ်လာကြောင်း နားမလည်တော့ချေ။
” မြန်မြန် အခြားသူတွေကို သွားကြည့်ရအောင်။”
ယဲ့ဖန်းက သူ့ကိုခေါ်ပြီးနောက် တောင်ပေါ်သို့ ပြန်လျှောက်တက်လိုက်ကြသည်။ လက်ရှိအချိန်တွင် တောင်က ဆယ်မီတာခန့်သာလျှင် မြင့်နေခြင်းဖြစ်သည်။
ကံကောင်းစွာဖြင့် လမ်းက ချောမွေ့နေပြီး အပင်ကလည်း အလွန်များပြားသည်။ မဟုတ်လျှင် သူတို့ဒုက္ခရောက်ပေလိမ့်မည်။
စဥ်းစားကြည့်ရုံဖြင့်ပင် သူတို့ ယခင်က ရုန်းကန်ခဲ့ရပုံတွေ နှိုင်းယှဥ်သော် ယခု သူတို့ဖြစ်နေသော ပုံစံကိုကြည့်ပြီး ခြောက်ခြားသွားကြသည်။ ထိုနာကျင်မှုက ကြောက်စရာကောင်းလွန်းသည်။
သူတို့က တောင်ထိပ်ပေါ်သို့ ရောက်သောအခါ ယဲ့ဖန်းနှင့် ဖန်းပေါ်က ကြောင်သွားသည်။ ဖန်းပေါ်က အော်သည်။
“ဒီအဖိုးကြီးတွေနဲ့ အဖွားကြီးတွေက ဘယ်သူတွေလဲ။ ဘာလို့ အချိန်မရွေး သေတော့မလို ဖြစ်နေတာလဲ။”
သူတို့ မြင်ရသော အရာကို ကြည့်ပြီး နှစ်ယောက်လုံးက အလွန် ခြောက်ခြားသွားကြပြန်သည်။ တစ်ချ်န်ထဲလိုလို ကြောက်လန့်သွားခဲ့ရသည်။
ထိုနေရာတွင် လူ ဆယ်ယောက်ထက် မနည်း လဲကျနေကြသည်။ သူတို့မြင်နိုင်သမျှက ဖြူဖွေးသောခေါင်းများနှင့် ပါးရေတွန့်နေသော အရေပြားများဖြစ်သည်။ ထို့အပြင် အလွန်အမင်း အိုလွန်းနေသည်။
သို့ရာတွင် ထိုလူများက သူတို့ ရင်းနှီးသောလူများ၏ ဝတ်စုံများကို ဝတ်ထားသေးသည်။
ပြောရလျှင် ထိုလူများအားလုံးက အသက်ခုနှစ်ဆယ် ရှစ်ဆယ်အရွယ်များ ဖြစ်နေကြသည်။ မမှတ်မိနိုင်လောက်အောင် အိုသွားကြသည်။
သူတို့က ကျိုးရင်၊ ဝမ်ကျစ်ဝမ်၊ လင်းကျား၊ လီရှောင်းမန်နှင့် အခြားသူတွေတော့ မဟုတ်လောက်ပါဘူးနော်။”
ထိုအချိန်အတွင်း အလှတရားများအားလုံးက အိုမင်းရင့်ရော်သွားသည်။ သူတို့နှစ်ယောက်ကမူ ကိုယ်ပါးစပ်ကို ပိတ်လိုက်ကြသည်။ သူတို့၏ လျှာများကလည်း ခြောက်လန့်သလို ခံစားရပြီး ထိုနေရာတွင် ရွံ့စေးရုပ်များလို ထိုအတိုင်းသာ ဆက်နေဖြစ်သွားကြသည်။
အပိုင်း(၃၂)ပြီး၏။