Switch Mode

Chapter – 9

စစ်သည် တစ်ထောင်အလား ခွန်အားရှိသူ

Chapter – 9 စစ်သည် တစ်ထောင်အလား ခွန်အားရှိသူ

ထိုလုပ်ကြံသတ်ဖြတ်သူများ၏ လိမ်ညာမှုက ရှီဖုန်းကို ဒေါသထွက်စေသော်လည်း ဘာမှမသိရသေးသည့် အခြေအနေကို ရင်ဆိုင်ရန်အတွက် သူက စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။

အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်များသည် တစ်ချို့သော ရှာဖွေတွေ့ရှိများကို လျှို့ဝှက်ထားတတ်ပြီး ကိုယ်ကျိုးအတွက် အသုံးချတတ်ကြသည်။ အဖွဲ့အစည်းတိုင်းတွင် ထိုကဲ့သို့ လူမျိုးများက အများအပြား ရှိပြီး တစ်ခါတစ်ရံတွင် သာမန်အဖွဲ့ဝင်များ သို့မဟုတ် လက်ရွေးစင်အဖွဲ့ဝင်များထဲမှ အလွန်အစွမ်းထက်သည့် ကစားသမားများ ပေါ်လာတတ်သည်။ ရှီဖုန်းလည်း ထိုကဲ့သို့ လူတစ်ယောက် ဖြစ်သည်။ မဟုတ်လျှင် သူက ရှဲဒိုးအဖွဲ့၏ လက်ရွေးစင်တစ်ယောက်ဖြစ်လာပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

“သူတို့က ပျောက်ဆုံးနေသောနယ်မြေထဲ ရောက်သွားပြီး လျှို့ဝှက်ငွေ ရတနာသေတ္တာတစ်ခုကလွဲပြီး ဘာမှ မတွေ့ခဲ့ဘူးလို့ အဖွဲ့ကို ပြန်သတင်းပို့ခဲ့တာ… ဒီနေရာမှ လျှိုဝှက်ငွေရတနာသေတ္တာထက် ပိုပြီး တန်ဖိုးကြီးတာ ရှိရမယ်… ပြီးတော့ ဒါက လျှို့ဝှက်တာဝန်မလား… “ ရှီဖုန်းက စနစ်၏ တာဝန်အကြောင်း ဖော်ပြထားသည့် စာမျက်နှာကို ဖော်လိုက်ရာ ‘လျှို့ဝှက်တာဝန် – အတိတ်မှ ကျော်ကြားမှု’ ဟု ဆိုသည့် စာတန်းကို တွေ့လိုက်ရ၏။

ရှီဖုန်းက လျှို့ဝှက်တာဝန်နှင့် ပတ်သတ်၍ နာမည်မှလွဲပြီး တခြားမည်သည့် အချက်အလက်များကိုမှ မသိရပေ။ ဘာလုပ်ရမည်ဆိုတာတောင် မသိသေးပေ။

“နယ်မြေအသက်သွင်းတာဝန်လား… “ နတ်ဘုရားနယ်မြေတွင် ၁၀နှစ်ကျော် အတွေ့အကြုံ ရှိနေခြင်းကြောင်း လျှို့ဝှက်တာဝန်အကြောင်းကို ခပ်မြန်မြန်ပင် နားလည်သွား၏။

နတ်ဘုရားနယ်မြေတွင် တချို့တာဝန်များသည် ထူးခြားသော အခြေအနေများနှင့် တည်ရှိနေသည်။ ထိုတာဝန်များက သတ်မှတ်နယ်မြေတွင်သာ ထမ်းဆောင်ရပြီး မည်သည့်အချက်အလက်ကိုမှ မသိရသည့်အပြင် တာဝန်တစ်ခုလုံးတွင် ကိုယ့်ကိုယ်ကိုသာ အားကိုးရမည် ဖြစ်သည်။

တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပြီးသွားလျှင် ဤနေရာသို့ နောက်တစ်ယောက် ရောက်လာလျှင်တောင်မှ တာဝန်က နောက်တစ်ကြိမ် ပေါ်လာမည် မဟုတ်တော့ချေ။ ထို့ကြောင့် ဤကဲ့သို့ တာဝန်မျိုးကို ပြိုင်ဘက်ကင်းတာဝန်အမျိုးအစားဟုပင် သတ်မှတ်နိုင်သည်။ ထို့အပြင် ဤကဲ့သို့ တာဝန်မျိုးသည် အန္တရာယ်များဖြင့် ပြည့်နေ၏။

ဘာကိုမှ မသိထားသည့် နယ်မြေတွင် တာဝန်ပြီးမြောက်နိုင်ရန်အတွက် နည်းလမ်းကို ရှာရင်း သူ မသိသေးသည့် မွန်းစတားများနှင့် တွေ့နိုင်သည်။ ဤကဲ့သို့ သတ်မှတ်နယ်မြေအတွင်းရှိ မွန်းစတားများသည် တခြားနေရာမှ မွန်းစတားများထက် ပိုမို အစွမ်းထက်ကြ၏။

ဤတာဝန်ကို သာမန်ကစားသမားတစ်ယောက်က အောင်မြင်ရန် အခွင့်အလမ်း မရှိပေ။ ယခင်က ဤနေရာသို့ အဆင့်၂၀ကျော် လုပ်ကြံသတ်ဖြတ်သူ ၆ယောက်ကို လွှတ်ခဲ့သည့်အပြင် ဤနေရာရှိ မွန်းစတားအများစုသည် အဆင့်၅များသာ ဖြစ်သောကြောင့် တာဝန်ကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

“စိုးရိမ်စရာတော့ မရှိပါဘူး… ဒီက မထွက်နိုင်သေးမှတော့ ဒီနေရာကို လျှောက်ပတ်ကြည့်ရမယ်… အလွန်ဆုံး ဒီနေရာမှာ သေပြီး မြို့ကို ပြန်ပို့ခံရရုံပေါ့… “

ရှီဖုန်းက မြူထဲတွင် အတန်ကြာအောင် လျှောက်ပြီးနောက် မှုန်ဝါးဝါးသဏ္ဍာန်များကို တွေ့လိုက်ရသည်။

သူတွေ့လိုက်သည့် အရာကား မြို့တစ်မြို့ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ပျက်စီးသွားခဲ့ဟန် တူသည်။ မြို့ထဲတွင် ပျက်စီးနေသည့် အိမ်များရှိသော်လည်း အိမ်များ၏ ပုံသဏ္ဍာန်အရ အဖြူရောင်မြစ်မြို့ထက်ပင် ပိုပြီး ကျော်ကြားစည်းကားခဲ့ပေလိမ့်မည်။ သို့သော်လည်း ထိုကဲ့သို့ စည်ကားခဲ့သည့် မြို့တော်က ယခုအချိန်တွင် မြို့ထဲ၌ လူအရိပ်တစ်ခုတောင် မရှိတော့ပေ။ ရှီဖုန်းက မြို့ထဲသို့ ဂရုတစိုက်ဖြင့် ဝင်သွားလိုက်ပြီး တာဝန်အတွက် သဲလွန်စ ရနိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် ပတ်ဝန်းကျင်ကို လေ့လာနေလေသည်။

အလွန်ကျယ်ဝန်းသည့် မြို့ထဲတွင် သဲလွန်စ ရှာရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေရသလိုပင်။

နာရီများက လျင်မြန်စွာ ကုန်ဆုံးနေသည်။ လမ်း ၁၀လမ်းနှင့် အိမ်ပေါင်း၁၀ကျော်ကို ရှာပြီးသော်လည်း သဲလွန်စတစ်ခုတောင် မတွေ့သေးချေ။ ယခုအချိန်တွင် အပြင်ဘက်ရှိ ကစားသမား အများစုက အဆင့်၁သို့ ရောက်နေပြီ ဖြစ်သော်လည်း ရှီဖုန်းက သူ၏အချိန်များကို ရှာဖွေရင်းဖြင့် ကုန်ဆုံးနေရသည်။ သို့သော်လည်း ရှီဖုန်းက အဆင့်၂ ကို ရောက်ပြီးသည့်အပြင် EXP က ၃၄% သို့ ရောက်နေလေပြီ။

ထို့ကြောင့် ရှီဖုန်းက တာဝန်ကို ဆက်ပြီး လုပ်ရမလား သို့မဟုတ် တာဝန်ကို အဆုံးရှုံးခံပြီး မြို့ကိုပဲ ပြန်ရမလား ဝေခွဲမရ ဖြစ်လာသည်။

“နောက်တစ်နာရီလောက်တော့ ဆက်ရှာလိုက်ဦးမယ်… ဒါမှ မတွေ့ရင် မြို့ကိုပဲ ပြန်တာပေါ့… “

ယခုကဲ့သို့ တာဝန်မျိုးက အလွန်တန်ဖိုး ရှိသော်လည်း သူက ရှာဖွေနေရင်းဖြင့် အချိန်မဖြုန်းနိုင်ပေ။ ထို့အပြင် သူက တခြားတာဝန်များ ရနိုင်သည့် နေရာများကို သိရှိထား၏။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။

ရှီဖုန်းက မြို့၏ ဗဟိုမျှော်စင်ဆီသို့ ရောက်သွား၏။ ဗဟိုမျှော်စင်သည် မှော်ပညာရှင်များအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်ပြီး မှော်ပညာ သင်ယူရန်အတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း ယခု ထိုနေရာကား ပျက်စီးနေပြီး မှော်သလင်းကျောက်တောင်မှ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေလေပြီ။

ရှီဖုန်းက မျှော်စင်ပေါ်သို့ တက်သွားပြီးနောက် နက္ခတာရာကြည့်ခန်းတွင် ရပ်ကာ မြို့၏ မြင်ကွင်းကို အပေါ်စီးမှ ကြည့်လိုက်သည်။ ရှီဖုန်းက အလျင်စလို မဖြစ်ဘဲ မြို့၏ မြင်ကွင်းကို ဖြည်းဖြည်းချင်း ကြည့်ရှုခံစားနေလေသည်။

ရှီဖုန်းက တစ်ပတ်ပြည့်အောင် ကြည့်ပြီးသော်လည်း ထူးခြားချက် တစ်စုံတစ်ရာကိုမှ မတွေ့ရပေ။

ရှီဖုန်းက ထွက်သွားရန် ပြင်လိုက်ချိန်တွင် “စွန့်စားသူ လူငယ်လေး… ကောင်းကင်မြို့တော်မှ ကြိုဆိုပါတယ်… “

မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ယောက်က ရုတ်တရက် ပေါ်လာပြီး ရှီဖုန်းအား ပြောလိုက်သည်။ အဘိုးအို၏ လေသံက လောကဓံတရားများနှင့် ဉာဏ်ပညာကြွယ်ဝမှုများ ပေါင်းစပ်ပါဝင်နေသလိုပင်။ အဘိုးအို၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ရှီဖုန်းက အနည်းငယ် ထိတ်လန့်သွား၏။ သူက အဘိုးအိုကို မွန်းစတားတစ်ကောင်ဟု ထင်လိုက်သော်လည်း အဘိုးအို၏ ခေါင်းထက်မှ အဝါရောင်တန်းကို မြင်ပြီး စိတ်သက်သာရာ ရသွား၏။

“ကောင်းကင်မြို့တော်… “

နတ်ဘုရားနယ်မြေအတွင်းမှ ကောင်းကင်မြို့တော်အကြောင်းကို တွေးမိသွားပြီး ရှီဖုန်းက အလွန်အံ့အားသင့်သွား၏။

တစ်ချိန်က ကောင်းကင်မြို့တော်ကြောင့် နတ်ဘုရားနယ်မြေတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ဖူးသည်။ မြို့ထဲတွင် များပြားလှသော ဒဏ္ဍာရီ အလုပ်အကိုင်အမျိုးအစားများလည်း ရှိပြီး အလွန်ကျော်ကြားသော နတ်ဘုရားတစ်ပိုင်းအဆင့် ဓားသူတော်စင် အယ်တီးယားတောင်မှ ရှိ၏။ ကောင်းကင်မြို့တော်သည် နတ်ဘုရားအဆင့်များတောင် ကြောက်ရသည့် မြို့တစ်မြို့ ဖြစ်သော်လည်း တတိယနတ်ဘုရားစစ်ပွဲအတွင်းတွင်းတွင် ပျက်စီးသွားခဲ့ရပြီး နတ်ဘုရားနယ်မြေတစ်ခုလုံးအတွက် နောင်တရစရာတစ်ခု ဖြစ်ခဲ့သည်။

“မြင့်မြတ်သော အကြီးအကဲ… ကျွန်တော်အနေနဲ့ တစ်ခုခုများ ကူညီနိုင်တာ ရှိပါသလား… “ ရှီဖုန်းက တလေးတစား မေးလိုက်သည်။

“အကူအညီလား… “ အဘိုးအိုက ခေါင်းယမ်းပြီး ပြုံးကာ ဆက်ပြောလိုက်သည်… “ငါက ဘာအကူအညီကိုမှ မလိုပါဘူး… မင်းက အစွမ်းထက်ချင်ရင်တော့ ငါ ကူညီပေးနိုင်တယ်… ဒါပေမဲ့ မင်းက ငါ့စမ်းသပ်မှုကို လက်ခံချင်စိတ် ရှိရဲ့လား… “

“လက်ခံချင်ပါတယ်… အကြီးအကဲဆီက စမ်းသပ်မှုကို လက်ခံချင်ပါတယ်… “ တာဝန်၏ သဲလွန်စကို ရလိုက်ပြီဖြစ်၍ ရှီဖုန်းက စိတ်သက်သာရာ ရသွား၏။

“ငါ မင်းကို ရွေးချယ်စရာ ၃ခု ပေးမယ်… ပထမတစ်ခုက သာမန်ခက်ခဲမှုအဆင့်ပဲ… အဲ့ဒီစမ်းသပ်မှုကို အောင်မြင်ရင် ထူးခြားသံရတနာသေတ္တာကို ရမယ်… ဒုတိယကတော့ ပြင်းထန်ခက်ခဲမှုအဆင့်ဖြစ်ပြီး အောင်မြင်ရင် လျှို့ဝှက်ငွေသေတ္တာကို ရမယ်… ထပ်ပြီးပြောရမယ်ဆိုရင် မင်းရဲ့အောင်မြင်နှုန်းပေါ် မူတည်ပြီး နောက်ထပ်ဆုတွေလည်း ရနိုင်တယ်… တတိယတစ်ခုကတော့ ငရဲခက်ခဲမှုအဆင့်ပဲ… အဲ့အဆင့်ကို အောင်မြင်သွားရင် ရွှေစင်အဆင့် ရတနာသေတ္တာကို ရမယ့်အပြင် ထပ်ပေါင်းဆုတွေ ရနိုင်သေးတယ်… “

“စွန့်စားသူ လူငယ်လေး… သင် ဘာကို ရွေးမလဲ… “

ရွေးချယ်မှု၃ခုတွင် အခက်အခဲက ပိုပြီး အဆင့်မြင့်လေ ဆုများက ပိုပြီး မက်လောက်စရာ ဖြစ်လာသည်။ ယခင်က အဆင့်၂၀ကျော် လုပ်ကြံသတ်ဖြတ်သူ ၆ယောက်က ပြင်းထန်ခက်ခဲမှုအဆင့်ကို ရွေးချယ်ပြီး လျှို့ဝှက်ငွေ ရတနာသေတ္တာကို ရရှိခဲ့ကြသည်။ အဘိုးအို၏ ပြောစကားအရ ထပ်ပေါင်းဆုများက လျှို့ဝှက်ငွေသေတ္တာထပ်ပင် ပိုပြီး အဖိုးတန်သည်ဟု ဆိုလိုသည်။ ထိုသို့ ဆိုလျှင် လုပ်ကြံသတ်ဖြတ်သူ ၆ယောက်က လျှို့ဝှက်ငွေသေတ္တာကိုသာ အဖွဲ့အစည်းအား ပြန်အပ်ခဲ့ကြပြီး ထပ်ပေါင်းဆုများကို လျှို့ဝှက်ထားခဲ့ဟန် တူသည်။

အချိန်ခဏလောက် စဉ်းစားပြီးနောက်တွင် ရှီဖုန်းက ရဲရဲဝင့်ဝင့် စိန်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ပြန်လည်မွေးဖွားလာသည့် သူလို လူမျိုးက သတ္တိတော့ ရှိသင့်ပေသည်။

“အကြီးအကဲ… ကျွန်တော် ငရဲခက်ခဲမှုကို ရွေးပါတယ်… “ ရှီဖုန်းက သူ့ကိုယ်သူ ယုံကြည်မှု ရှိသည့်ဟန်ဖြင့် ပြောလိုက်သည်။ သူကသာ ဤတာဝန်ကို အောင်မြင်လျှင် ရရှိလာမည့် ဆုလာဘ်က သူ့အနာဂါတ်အတွက် အလွန်အထောက်အကူ ပြုပေလိမ့်မည်။

“ဟား… ဟား… ဟား… လူငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု တအားရှိကြတာပဲ… ငါ မင်းကို တကယ်လေးစားမိတယ်… ဒါပေမဲ့ မင်းရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နောင်တမရပါစေနဲ့… “

ပြောပြီးသည်နှင့် အဘိုးအိုက ပျောက်ကွယ်သွား၏။

စနစ်။ ။ “အတိတ်မှ ကျော်ကြားမှု” တာဝန်အား လက်ခံလိုက်ပါပြီ။ အဆင့်တူ မွန်းစတား အကောင် ၁၀၀၀အား ရင်ဆိုင်ရမည်။ မွန်းစတားအကောင် ၅၀၀ သတ်နိုင်လျှင် အောင်မြင်မည်။ အချိန်သတ်မှတ်ချက် ၄နာရီ။ တာဝန်ကျရှုံးလျှင် သင်၏ စွမ်းရည်အမှတ်အားလုံး ၁၀မှတ်စီ လျော့ခံရမည်။

စွမ်းရည်အမှတ်များသည် ကစားသမားအားလုံးအတွက် အသက်များ ဖြစ်သည်။ သူ၏စွမ်းရည်အမှတ်များကိုသာ ၁၀မှတ်စီ လျော့ချခံလိုက်ရလျှင် သူက မသန်မစွမ်းတစ်ယောက်နှင့် ခြားနားတော့မည် မဟုတ်ပေ။

“ဒီအပြစ်ဒဏ်က လုံးဝကို ရက်စက်တာပဲ… “

ရှီဖုန်းက မျှော်စင်အောက်တွင် ပေါ်လာသော တစ္ဆေစစ်သည်များအား ကြည့်ပြီး ခေါင်းကိုက်ချင်သလိုပင် ဖြစ်သွား၏။

အချိန်ရေတွက်မှုက စတင်လာပြီး တစ္ဆေမွန်းစတားများ မတိုက်ခင် ၅စက္ကန့်သာ ကျန်တော့သည်။

တစ္ဆေစစ်သည် (သာမန်အဆင့် မွန်းစတား)

အဆင့် ၂

HP 230

သူတို့ကို တစ်ကောင်ချင်းစီ တိုက်ခိုက်လျှင် လွယ်ကူသော်လည်း သမုဒ္ဒရာကဲ့သို့ များပြားလှသော တစ္ဆေစစ်သည်အုပ်စုကြီးကြောင့် ရှီဖုန်းတောင်မှ ထိတ်လန့်မိသွား၏။ တစ္ဆေစစ်သည်အုပ်ထဲသို့သာ ဝင်ပြီး တိုက်ခိုက်လျှင် သူ့ကိုယ်သူ သတ်သေတာနဲ့ မခြားပေ။ ထို့ကြောင့် အကောင်းဆုံးက တစ်ဦးချင်း တိုက်ခိုက်ရန် ဖြစ်သည်။ သူက မျှော်စင်ပေါ်မှ ပြေးဆင်ပြီး လှေကားထစ်များ၌ ရပ်လိုက်သည်။

လှေကားထစ်များက တစ်ခါတက်လျှင် မွန်းစတား၂ကောင်ခန့်သာ တက်နိုင်သည့်အတွက် လှေကားထစ်တွင် တိုက်ခိုက်ခြင်းက သူ့အတွက် အကောင်းဆုံး ဖြစ်သည်။

၅စက္ကန့်လျှင် မွန်းစတားတစ်ကောင်နှုန်းဖြင့် မျှော်စင်ဆီသို့ ပြေးတက်လာကြသည်။ သို့သော်လည်း မျှော်စင်မှ လှေကားထစ်များက နေရာကျဉ်းသောကြောင့် သူတို့အချင်းချင်း ပိတ်မိကုန်ပြီး ရှီဖုန်းဆီသို့ ၂ကောင်သာ ရောက်လာသည်။ မွန်းစတား၂ကောင်၏ တိုက်ခိုက်မှုများအရ ရှီဖုန်းက သူတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်လေသည်။

“မိုးကြိုးလျှပ်စီး… ခုတ်ချက်… “

အလင်းတန်း၃ခု လက်သွားပြီး 2*10ကိုက်အတွင်းရှိ မွန်းစတားများအားလုံး ပြင်းပြင်းထန်ထန် ထိခိုက်မှုသွား၏။ နောက်မှ လိုက်လာသည့် ခုတ်ချက်စကေးကလည်း မွန်းစတားများ၏ ခေါင်းပေါ်တွင် -33 ဖြစ်ပေါ်စေသည်။

မျက်စိတစ်ခတ်အတွင်းမှာပင် ရှေ့ဆုံးမှ တစ္ဆေစစ်သည်၏ HP တစ်ဝက်က ချက်ချင်း ပျောက်ကွယ်သွားပြီး သူ့နောက်မှ ၁၀ကောင်ကျော်ကတော့ HP လေးပုံ တစ်ပုံ လျော့သွား၏။

ရှရူးနှင့် တိုက်ခိုက်ခဲ့စဉ်က ရှရူးသည် ခုခံအား အလွန်ကောင်းပြီး သူ့ထက်လည်း အဆင့်၄ဆင့် မြင့်နေသဖြင့် မိုးကြိုးလျှပ်စီးနှင့်ခုတ်ချက်စကေးတို့သည် ကောင်းကောင်း အစွမ်းမပြနိုင်ခဲ့ကြပေ။

ယခုတော့ ရှီဖုန်းက အဆင့်တူ မွန်းစတားများနှင့် တိုက်ခိုက်နေရခြင်းကြောင့် AOEစကေးတစ်ခုဖြစ်သည့် မိုးကြိုးလျှပ်စီးက တစ္ဆေစစ်သည်များကို ကောင်းကောင်းအစွမ်းပြနေလေသည်။

မိုးကြိုးလျှပ်စီး၏ ပြင်းထန်သည့် တိုက်ခိုက်မှုစွမ်းအားနှင့် ဆိုလျှင် ပထမတစ်ကောင်ကို သတ်ရန် ဓားချက် ၅ချက်သာ ထုတ်သုံးရန် လိုအပ်ပေလိမ့်မည်။

သူက တိုက်ခိုက်နှုန်းကို မြင့်ရန်အတွက် မြေဆွဲအားလွတ်မြောက်ခြင်းစကေးကို အသုံးပြုလိုက်သည်။

မြင့်တက်လာသည့် တိုက်ခိုက်မှုနှုန်းနှင့် ဆိုလျှင် မွန်းစတားတစ်ကောင်ကို သတ်ရန် အချိန် ၃စက္ကန့်ဆို လုံလောက်နေလေပြီ။ သို့သော်လည်း စိတ်မကောင်းစရာက တစ္ဆေစစ်သည်များသည် EXP မပေးခြင်း ဖြစ်သည်။ ထိုအစား အဆင့်တူချင်း တိုက်ခိုက်လျှင် ၂၀ရာခိုင်နှုန်းသာ ပေးသည့် စကေးကျွမ်းကျင်မှုအမှတ်ကို ၁၀၀ ရာခိုင်နှုန်း ပေးနေလေသည်။

တစ္ဆေစစ်သည်များ သေဆုံးသွားတိုင်း ရှီဖုန်း၏ စကေးကျွမ်းကျင်မှုအမှတ်များက ပို၍ ပို၍ များပြားလာသည့်အတွက် ရှီဖုန်းက အလွန်ပျော်ရွှင်နေသည်။

အကြီးအကဲ NPC သည် အဆင့်၂ ကစားသမားတစ်ယောက်တွင် ဤကဲ့သို့ အဆင့်မြင့်သည့် AOEစကေးတစ်ခု ရှိမည်ဟု မထင်ထားမိချေ။ ထို့အပြင် ရှီဖုန်းက တစ္ဆေစစ်သည်၂ဦး၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်နေသည်။ ထို့ကြောင့် ဤကဲ့သို့သာ ဆက်သွားနေလျှင် ရှီဖုန်းက တာဝန်ကို အောင်မြင်သွားလိမ့်မည်ဖြစ်ကြောင်း အကြီးအကဲ NPCက ခန့်မှန်းလိုက်သည်။

၂နာရီ ကျော်လာပြီးနောက် မိုးကြိုးလျှပ်စီး၏ စကေးကျွမ်းကျင်မှုအမှတ်က ၃၀၀အထိ ရောက်သွားကာ အဆင့်၂သို့ ရောက်သွား၏။ အဆင့် ၂သို့ ရောက်သွားသည်နှင့် တိုက်ခိုက်မှုစွမ်းအားက 130%မှ 135%သို့ တိုးသွားကာ ပြန်လည်အသုံးပြုရန် ကြာချိန်ကလည်း စက္ကန့်၃၀မှ ၂၈စက္ကန့်သို့ လျှော့ကျသွားသည်။

ခုတ်ချက်စကေး၏ ကျွမ်းကျင်မှုအမှတ်ကလည်း 426/600 အထိ ရောက်သွားပြီး အဆင့်၃သို့ ရောက်ရန် အနည်းငယ်သာ လိုတော့၏။ မိုးကြိုးလျှပ်စီးက အဆင့်၂သို့ ရောက်သွားသောကြောင့် သူ၏ သတ်ဖြတ်နှုန်းကလည်း ပိုမြန်လာသည်။ မွန်းစတားများက တစ်ကောင်ပြီးတစ်ကောင် မြေပေါ်သို့ လဲကျနေပြီး မွန်းစတား အကောင်၂၀ကျော်သာ ကျန်တော့သည့်အချိန်တွင် တာဝန်ပြီးဆုံးရန်အချိန်က တစ်နာရီခွဲ ကျန်နေသေး၏။ ရှီဖုန်းက မိုးကြိုးလျှပ်စီးကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်သောအခါ ကျန်နေသည့် တစ္ဆေစစ်သည်များအားလုံး သေဆုံးသွား၏။

“မဆိုးဘူး… ဒီမှာ မင်းရဲ့ဆုလာဘ်… “ အကြီးအကဲက ရယ်ပြီး ရွှေစင်အဆင့် ရတနာသေတ္တာနှင့် နက်မှောင်နေသည့် ဓားရှည်တစ်ချောင်းကို ထုတ်ပေးလိုက်သည်။

စနစ်။ ။ တာဝန် ပြီးဆုံး အောင်မြင်သွားပါပြီ။ ရွှေစင်ရတနာသေတ္တာနှင့် မှော်လက်နက်တစ်မျိုးကို ရရှိပါသည်။ စစ်သည်တစ်ထောင်အလား ခွန်အားရှိသူ ဆိုသည် ဘွဲ့အမည်တစ်ခုကိုလည်း ရရှိပါသည်။

“စစ်သည်တစ်ထောင်အလား ခွန်အားရှိသူ” (ဘွဲနာမည်)

ဤဘွဲ့နာမည်အား အသုံးပြုလိုက်လျှင် ကိုက်၃၀အတွင်းရှိ မဟာမိတ်များ၏ စွမ်းရည်အမှတ်များကို ၁၀ရာခိုင်နှုန်း တိုးလာစေပြီး အသုံးပြုသူကိုယ်တိုင်ကလည်း သန်မာမှု +၅နှင့် ခံနိုင်ရည် +၅ကို ထပ်ပေါင်း ရရှိပါမည်။

“ဆုလည်း ချီးမြှင့်ပြီးပြီးဆိုတော့ မင်း ထွက်သွားလို့ ရပြီ… “ အဘိုးအိုက ပြောပြီးသည်နှင့် လက်ကို ဝေ့ရမ်းလိုက်သည်။

ရှီဖုန်း၏ မြင်ကွင်းက ချက်ချင်း ဝေဝါးလာသည်။ ထို့ကြောင့် မျက်လုံးကို မှိတ်လိုက်ပြီး ပြန်ဖွင့်ကြည့်ရာ သူက အနီရောင်သစ်ရွက်မြို့ထဲရှိ ဈေးရုံတစ်ခုထဲတွင် ရောက်နေလေသည်။

“တီ… တီ… တီ… “

ရှီဖုန်း၏ ဆက်သွယ်ရေးအချက်ပေးစနစ်က ချက်ချင်း အသုံးမြည်လာသည်။ သူက ကြည့်လိုက်ရာ ခေါ်ဆိုနေသည့်လူများ ဘလက်ကီဖြစ်ကြောင်း သိလိုက်၏။

“အစ်ကိုဖုန်း နောက်ဆုံးတော့ ကိုင်ပြီပဲ… အရင်က အစ်ကို့ကို ဘယ်လိုဆက်သွယ် ဆက်သွယ် မရဘူး ဖြစ်နေတာ… အခု ကျွန်တော်က တခြားသူတွေထက် အဆင့်၁ဆင့် နောက်ကျနေပြီ… ဘယ်လိုလုပ်ရမလဲ… “

ဘလက်ကီက စိုးရိမ်နေသော်လည်း ရှီဖုန်းကို ယုံကြည်နေသောကြောင့် စိတ်ရှည်လက်ရှည်ဖြင့် မေးမြန်းလိုက်သည်။

သူက အနီရောင်သစ်ရွက်မြို့ကို လာရန် အချိန် ၇နာရီခန့် အလကား ဖြစ်ခံခဲ့ရသည်။ တခြားကစားသမားများ အဆင့် ၁သို့ ရောက်နေချိန်တွင် သူက အဆင့် သုညသာ ရှိနေသေး၏။

ထိုကွာခြားချက်ကို သူ့အနေဖြင့် လိုက်မီရန် မဖြစ်နိုင်ချေ။ သူက အဆင့် သုညသာ ဖြစ်နေသဖြင့် တခြားသူများကလည်း သူနှင့် အဖွဲ့ မဖွဲ့ချင်ကြပေ။

“ငါ မကောင်းတာပါ… တာဝန်ကို ပြီးအောင် လုပ်နေရလို့ ကြာသွားတာ… မင်း ဗဟိုဈေးရုံကိုလာခဲ့… ငါ မင်းကို အဆင့်မြန်မြန် တက်အောင် လုပ်ပေးမယ်… “ ရှီဖုန်းက တောင်းပန်ရင်း ဘလက်ကီအား သူ ရှိသည့်နေရာသို့ ခေါ်လိုက်သည်။

ယခု နတ်ဘုရားနယ်မြေစတင်ဖွင့်သည်မှာ ၈နာရီခန့် ရှိနေလေပြီ။ ရှီဖုန်းက ၅နာရီခန့်ကို လျှို့ဝှက်တာဝန် လုပ်ရင်း ကုန်ဆုံးခဲ့သည်။

လက်ရှိတွင် ကစားသမားအများစုသည် အဆင့် ၁သို့ ရောက်နေကြပြီး တချို့ကျွမ်းကျင်ကစားသမားများကတော့ အဆင့် ၂သို့ ရောက်ရန် နီးကပ်နေလေပြီ။

သို့သော်လည်း ပြန်လည်မွေးဖွားလာသော ရှီဖုန်းအတွက် ဘလက်ကီကို အဆင့်တက်အောင် လုပ်ပေးရန်မှာ အလွန်လွယ်ကူလှသဖြင့် တခြားကျွမ်းကျင်ကစားသမားများနှင့် တန်းတူဖြစ်အောင် လုပ်ပေးရန်အတွက် အချိန်အများကြီး ကြာလိမ့်မည် မဟုတ်ပေ။

အပိုင်း ၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset