Chapter – 29
“မင်းရဲ့မျက်နှာ ဘယ်လောက်ရှည်မှန်း မင်းကိုမင်းရောသိရဲ့လား။ မင်းလောက် အရှက်မရှိတဲ့ လူမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး။”
ဖန်းပေါ်က သူ၏လက်ကို ဖြတ်ရိုက်ချလိုက်ပြီးနောက် သစ်သီးသုံးလုံးကို ပြန်သိမ်းသွားသည်။
“မင်း ဘယ်လိုမျိုး ဒီလိုပြောနိုင်တာလဲ။”
လီကျန်းချင်က အနည်းငယ် ရှက်သွားပြီးနောက် မဲမှောင်သော မျက်နှာထားမျိုးနှင့် ပြောသည်။
“ငါတို့က အတန်းဖော်တွေလေ။ ငါတို့က ထူးဆန်းတဲ့လောကကို အတူရောက်လာကြတာ။ ဒီတော့ အချင်းချင်း ကူညီသင့်တယ်။ အခု လူတိုင်းက စာလောင်နေကြတာ။ ဒီတော့ မင်းက စားစရာတစ်ခုခု ရှာတွေ့ထားရင် အတူ ဝေမျှပြီး စားသင့်တာပေါ့။
“ဘာလို့ မင်းတစ်ယောက်ထဲ စားချင်နေရတာလဲ။”
” ထွီ … မင်းက ဒီလိုစကားမျိုး ပြောရဲသေးတာလား။”
ဖန်းပေါ်က နှခေါင်းရှုံ့သည်။
“ကြေးနီရောင် အခေါင်းထဲမှာ ချောကလက်တွေ ခိုးစားတာ ဘယ်အကောင်လဲ။ အဲ့ဒီအချိန်ကျတော့ လူတိုင်းဆိုတဲ့ စကားလုံးကို မင်းက မတွေးမိတော့ဘူးလား။ မင်းတစ်ယောက်ထဲ ဖြောင့်မတ်မှန်ကန်သလို လာပြီး သရုပ်ဆောင်ရဲသေးတယ်။ ငါ ရွံတယ် … ရွံလိုက်တာ။ မင်းကိုလေ နတ်မိကျောင်း ပုတ်ပွနေတဲ့အကောင်တွေကို မြင်ရထက်တောင် ရွံသေးတယ်။ ဘေးဘက်ကို သွားနေစမ်း။ ငါ့ကို လာမရှူပ်နဲ့ …။”
လီကျန်းချင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက ဝန်မခံနိုင်ချေ။ သူက စကာလုံးအနည်းငယ် ပြန်ငြင်းပြီးနောက် အားအင်မဲ့သွားရသည်။
ဖန်းပေါ်၏ စကားက ပြတ်သားကာ ကြမ်းတမ်းသော်လည်း သူ၏အတွေးများက ရက်စက်သည်ဟု ဆိုလို၍ မရပေ။ လီကျန်းချင်၏ ရည်ရွယ်ချက်ကို သဘာဝအလျှောက်ပင် သိထားသည်။ သူက ဝေစုတစ်ခုရလျှင် အဆင်ပြေလိမ့်မည်။ မရလျှင်မူ ဖန်းပေါ်နှင့် ယဲ့ဖန်းကို ခွာထားပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် လူက အလွန်များသည်။ သူက လူတိုင်းကိုလည်း လိုက်မပေးနိုင်လျှင် အခြားသူများက တစ်ခြားသူများက တစ်မျိုးထင်ကြပေလိမ့်မည်။
“အားလုံးပဲ ငါ စိတ်မကောင်းပါဘူး။ ဘုန်းကြီးတွေ များပေမဲ့လည်း အသား နည်းနည်းလောက် မစားနိုင်သလိုမျိုးဘဲ ငါက သစ်သီးက ငါးလုံးဘဲ ကောက်လာတာ။ ဒီတော့ ဝေမျှပေးဖို့ မလုံလောက်ဘူး။ ယီယီရဲ့ ခန္ဓာကိုယ်လေးက ပိန်ပါးနေတယ်။ ဒီတော့ ယီယီကို နှစ်လုံးပေရင် ဘယ်သူကမှ မငြင်းဘူးလို့ ထင်တယ် ဟုတ်တယ်မလား။”
ဖန်းပေါ်က လူအုပ်ကို မျက်စိမကြည့်တော့ဘဲ ချက်ချင်းလိုလို သူ့ဘာသာသူ ခွဲခြားလိုက်သည်။ သူကပြောသည်။
“ကျန်းကျစ်လင် ငါမင်းကို တစ်လုံးပေးမယ်။” ထိုသို့ပြောပြီးနောက် သူက တစ်လုံးပစ်ပေးလိုက်သည်။
“ဒီငါးလုံးကို ငါနဲ့ယဲ့ဖန်းက ကောက်လာတာဆိုပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ငါတို့ကိုယ်တိုင်ကလည်း တစ်လုံးစီတော့ စားသင့်တာပေါ့။”
ဖန်းပေါ်က လေးလုံးမြောက်သစ်သီးကို ယဲ့ဖန်း၏ ပါးစပ်ထဲကို ထိုးထည့်ပြီး ငါးလုံးမြောက်သစ်သီးကို သူကကောက်စားလိုက်သည်။
ထိုသို့ဖြင့် ငါးလုံးက ခွဲဝေပြီးနောက် ယီယီက အနည်းငယ် မသက်မသာ ဖြစ်ပြီးနောက် ပြောသည်။
” ငါ တစ်ဝက်ထဲနဲ့လည်း ဝပါတယ်။ လူတိုင်းနဲ့ ဝေမျှပြမယ်လေ။” သူမက အနီရောင်သစ်သီးကို ပြန်ပေးသော်လည်း ယဲ့ဖန်းက ပြန်တိုးပြီးနောက် ပြောသည်။
“မလိုဘူး။ ဒီနေရာက အရွက်တွေက ဘယ်လောက်များလိုက်သလဲ။ ငါတို့ သေချာပေါက် သစ်သီးတွေ ပြန်ရှာနိုင်မှာပါ။”
ဖန်းပေါ်က သူမကို တစ်ချက်ကြည်ပြီးနောက် ခပ်မြန်မြန်စားရန် အမူအရာပြသည်။ သူမကို ငြင်းဆန်ခွင့် မပေးချေ။ သူကိုယ်တိုင်ကလည်း ထိုသစ်သီးတွေက သာမန်မဟုတ်ကြောင်း သတိထားပြီးနောက် အားအင်တက်ကြွပြီး မောပန်းနွမ်းနယ်မှုများ ပယ်ပျောက်သွားပေလိမ့်မည်။ ထို့ပြင် အခြားသောအကျိုးကျေးဇူးများ ရှိ မရှိကိုလည်း သူကမသိသေးချေ။
” ဒါပေမဲ့… ”
လင်ယီယီက အနည်းငယ် ရှက်သွားပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်သည်။
“ယီယီ .. မင်းက အရမ်းကြင်နာတက်တာဘဲ။ ဒါပေမဲ့ အဲ့ဒီလိုမလုပ်နဲ့ .. ။” ဖန်းပေါ်က လေသံတိုးတိုးဖြင့် ပြောသည်။
“ဒီလူတွေ အများစုရဲ့လက်ထဲမှာ ချောကလက်တွေရှိနေတုန်းဘဲ။ ဒါပေမဲ့ လူတိုင်းစားဖို့ မဝေမျှကြဘူး။”
ယဲ့ဖန်းကလည်း ခေါင်းငြိမ့်ပြကြောင်း မြင်သောအခါ လင်ယီယီက ဆက်လက်ပြီး မငြင်းဆန်တော့ချေ။
“ငါမှာလည်း ချောကလက် အနည်းငယ်ရှိနေသေးတယ်။ အားလုံးဘဲ ဝေမျှပြီး စားကြရအောင်။”
ထိုအချိန်တွင် လျိုယွမ်ကျစ်က ရှေ့သို့ ဝင်တိုးလာပြီးနောက်တွင် ချောကလက်များပါသော အိတ်ထုပ်ကို ထုတ်ပြီး လူတိုင်းကို ဝေမျှစားရန် ပေးလိုက်သည်။
“သောက်ကျိုးနည်း ..။”
ဖန်းပေါ်က ဒေါသထွက်သွားသည်။ ဒါက သူ့ကို တရားဝင် မျက်နှာပျက်အောင် ဖျက်လိုက်ခြင်းဖြစ်သည်။ သူက မုန်းတီးလွန်းသဖြင့် သွားကြားကပင် ယားယံလာရသည်။
သို့တိုင်အောင် သူက လူမမြင်နိုင်ရသော ပါးရိုက်ချက်ကို သည်းခံရမည်ဖြစ်သည်။ သူက ခုန်ထွက်နိုင်သည့်တိုင် ဘာမှပြောစရာမရှိချေ။
” လီယွမ်ကျစ်တို့ မျှော်လင့်ထားတဲ့ အတိုင်းပါဘဲ .. ။” လီကျန်းချင်က ချောကလက်တစ်ခုကို အခွံခွာပြီးနောက် ပါးစပ်ထဲသို ကိုက်စားသည်။
တစ်ချိန်ထဲတွင်ပင် ဖန်းပေါ်နှင့် ယဲ့ဖန်းကို လှမ်းကြည့်ရန်လည်း မမေ့ချေ။
“ငါတို့က ကိစ္စတွေ အလှည့်အပြောင်းတွေ အများကြီး ကျော်ဖြတ်ပြီးမှဘဲ လူတစ်ယောက်ရဲ့ နှလုံးသားအစစ်အမှန်ကို မြင်ရတော့တယ်။”
လျိုယွမ်ကျစ်၏ ဘေးမှ ကျောင်းသူတစ်ယောက်က ဝင်ပြောသည်။
ထိုအချက်က ဖန်းပေါ်၏ မျက်နှာကို ပူပြီး အရှက်ရသွားစေသည်။ သူက လေသံတိုးတိုးဖြင့် ဆူပူလိုက်သည်။
“ဒါဆိုရင် ဘာလို့ အရင်မထုတ်တာလဲ။ အခုတောင်တန်းက အပြည့်ဘဲ။ ဒီတော့ ငါတို့ သစ်သီးတွေစားနိုင်ပါသေးတယ်။ ချောကလက်က ဘာမှအသုံးမဝင်တော့လို့ ခုမှ ထုတ်လာတာမလား။ သောက်ကျိုးနည်းကောင်။”
“ခရီးရှည်က မင်းရဲ့သက်လုံကို စစ်ဆေးတာဘဲ။ အချိန်က လူတစ်ယောက်ရဲ့ နှလုံးသားကို ထင်းခနဲ ပြသနိုင်တယ်။ အနာဂတ်မှာ ငါတို့ အပြင်လောကကို လျှောက်လမ်းသွားတဲ့အခါ လျိုယွမ်ကျစ် ငါ မင်းရဲ့အနောက်ကိုဘဲ လိုက်မယ်။”
လီကျန်းချင်က ခံစားသွားရသော မျက်နှာထားမျိုးနှင့် ပြောလိုက်သည်။ ထို့နောက် သူက သက်ပြင်းချပြီးနောက် ဆက်ပြောသည်။
” အားယား …။ ”
သူက ဖန်းပေါ်နှင့် ယဲ့ဖန်းတို့ကို လှမ်းကြည့်ရန်လည်း မမေ့ချေ။
ဖန်းပေါ်က အလွန်ဒေါသထွက်နေပြီး လျိုယွမ်ကျစ်ကို တိုက်ရိုက်ဆွဲကာ ရိုက်နှက်လိုက်ချင်သော်လည်း လူတိုင်း၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် တောင့်ခံလိုက်သည်။ လူတိုင်းက ပတ်ဝန်းကျင်ရှိ တောင်တန်းနေရာများကို ဂရုတစိုက် စိုက်ကြည့်နေကြပြီးနောက် ဦးတည်ရာဘက်ကို ခွဲခြားသတ်မှတ်ရန် ကြိုးစားနေကြသည်။ သူတို့ကလည်း ထိုဦးတည်ရာဘက် လိုက်မည်ဆိုလျှင် ဒီတောင်တန်းမှ အချိန်တိုအတွင်း လွတ်မြောက်နိုင်ပြီး လူသားများ နေထိုင်ရာ နေရာရောက်မည်ဟု သေချာနေကြသည်။
အချိန်ဖြုန်းမနေတော့ဘဲ လူတိုင်းက တောင်ပေါ်မှ ဆင်းကြပြီး တောအုပ်ထဲသို့ ဝင်သည်။ သူတို့က သတိကြီးကြီးထားကာ ရှေ့ဆက်နေကြသလို သူတို့၏ လက်ထဲတွင်လည်း သစ်သားတုတ်တစ်ချောင်းစီ ကိုင်ထားကြပြီး သားရဲကောင်များ၏ တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ရန် ကြိုးစားကြသည်။
မည်သို့ပင်ဆိုစေ နတ်ဘုရား အမွေအနစ်ပစ္စည်းများက အသုံးမဝင်တော့ချေ။ သို့ရာတွင် နေ့တစ်ဝက်ခန့် လျှောက်ပြီးသည့်တိုင်အောင် ကြွက်တစ်ကောင်၊ ငှက်တစ်ကောင်ကိုတောင် မမြင်ရသလို ကြောက်မက်ဖွယ် သားရဲကြီးကိုလည်း မမြင်ရချေ။
“တကယ်ကို တားမြစ်နယ်မြေဘဲ။ ငှက်တွေတောင်မှ အညစ်အကြေး လာမစွန့်ဘူး။”
လီကျန်းချင်က ရေရွတ်သည်။
ဖန်းပေါ်က ဝင်ပြီး လှောင်သည်။
“မင်း ဝမ်းသာသင့်တယ်။ အရမ်းကို ကြီးမားတဲ့ သားရဲကြီးတွေနဲ့သာ ရင်ဆိုင်ရရင် မင်းသေချာပေါက် အမွှေးတောင်မပါဘဲ လွတ်မြောက်ဖို့ ဆုတောင်းနေရလောက်တယ်။”
တောင်တန်းက စိမ်းလန်းကာ ကျယ်ပြောပြီး လူတိုင်းကလည်း သစ်သီးရိုင်းများကို ကောက်ယူနိုင်ကြပြီး ယာယီအားဖြင့် အစာပြဿနာကို ဖြေရှင်းနိုင်ကြသည်။ သို့ရာတွင် ကောင်းကင်က မှောင်လာသည့်တိုင်အောင် သူတို့က တောအုပ်ထဲမှ မထွက်နိုင်ကြသေးချေ။
အဆုံးအစမဲ့သော တောင်တန်းနယ်မြေကြီးတွင် သူတို့က အဆုံးသတ်မည်ဟုပင် မထင်ရတော့ချေ။ တစ်တောင်ပြီးတစ်တောင် ဆက်တိုက်တက်နေရသည်။
“ငါတို့ ဦးတည်ရာဘက်များ မှားသွားတာလား။ ငါတို့တောင် အပြင်ဘက်ကို ဦးတည်နေတာ မဟုတ်ဘဲ အနက်ရှိုင်းဆုံးအပိုင်းကိုများ ဦးတည်နေမိတာလား။”
လူတစ်ယောက်က သံသယကို ထုတ်ပြောလာပြီး အဆုံးတွင် ရှေ့ဆက်သွားကြသည်။
ကောင်းကင်က မဲမှောင်သွားလေပြီ။ လူတိုင်းက ရွေးချယ်စရာမရှိတော့ဘဲ တောင်တန်းတောအုပ်ထဲတွင် ရပ်တန့်လိုက်ရသည်။ သူတို့က နောက်တစ်ရက်မှ ဆက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ညက မသက်မသာဖြစ်စေသည်။ ညလယ်တွင် လူတိုင်းက ဆံပင်မွှေးများ ထောင်မတက် ကျယ်လောင်သော ဟိန်းသံကို ကြားရသည်။ ထိုအသံထဲတွင် ဝမ်းနည်းပူဆွေးမှုက အပြည့်ပါလွန်းလှကာ ကျယ်လောင်လွန်းသော ချိန်းကြိုးများ၏ အသံကိုကြားရပြန်သည်။ လူတိုင်း၏ ခေါင်းအစ ခြေအဆုံး စိတ်ဓာတ် ကျလာပြန်သည်။
မဲမှောင်သော တောင်တောအုပ်ထဲတွင် အရာအားလုံးက ကြောက်စရာကောင်းလွန်းနေသည်။ ထိုကြီးမားလွန်းသော အကောင်ကြီးက ချုပ်နှောင်ထားသော တစ်စုံတစ်ရာမှ လွတ်မြောက်အောင် ရုန်းကန်နေခြင်းက လူတိုင်း၏ နှလုံးသားကို အထိတ်တလန့် ဖြစ်လာစေသည်။
”ကြည့်ရတာ ဒါက တားမြစ်ရှေးဟောင်းနယ်မြေရဲ့ ချောက်ထဲက လာသလိုပဲ … ။”
လူတိုင်းက ထိုအသံကြောင့် ကြောက်လန့်တကြား ဖြစ်သွားကြပြီး အဝေးသို့ လှမ်းကြည့်မိကြသည်။
ညက နက်လာသောအခါ သစ်ပင်၏ အရိပ်များက လေထဲတွင် ကခုန်လာပြီး ရှေးဟောင်းတောအုပ်ကလည်း လေပြင်းများဖြင့် လွင့်မျောနေသော သရဲရိပ်များနှင့် တူလာသည်။
ဟိန်းသံက ကျယ်သည်ထက်ကျယ်လာပြီးနောက် တောအုပ်တစ်ခုလုံးက တသိမ့်သိမ့် တုန်လာသည်။ အနီးအနားဝန်းကျင်တွင်ရှိသော သစ်ပင်များအားလုံးကလည်း ယိမ်းယိုင်လှုပ်ခါသွားပြီး အရွက်ပေါင်းများစွာကလည်း ဝရုံးသုန်းကား ပြုတ်ကျပြန်သည်။
ကျောချမ်းဖွယ်ကောင်းသော အသံကြီးတစ်သံက ချောက်နက်ပိုင်းမှ ထွက်လာပြီး လူတိုင်း၏ တစ်ကိုယ်လုံးကို အံဩတုန်လှုပ်ကာ လှုပ်ခါသွားစေပြန်သည်။ သိထားရမည်မှာ အသံက အလွန်အမင်း ဝေးကွာသော်လည်း ကြောက်စရာကောင်းသော အရှိန်အဝါကို ခံစားမိခြင်းဖြစ်သည်။ ထိုအရှိန်အဝါက အလွန်အမင်း ကြောက်စရာကောင်းလွန်းလေသည်။
ရှိန်း …။ ရှိန်း …။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဝေးရှိ ညကောင်းကင်သို့ ရောက်သွားသည့်တိုင် တုန်ခါသံက ပဲ့တင် ထွက်ပေါ်လာသည်မှာ ကြောက်မက်ဖွယ် မကောင်းဆိုးဝါးကြီး တစ်ကောင်က သံကြိုးမှ လွတ်မြောက်အောင် ရုန်းကန်နေသည်နှင့်ပင် တူနေသည်။
ထို့ပြင် တောင်တန်းတောအုပ်ကပင် တုန်ခါလာသည်။ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားပြီးနောက် တူညီသော တစ်စုံတစ်ရာကို တွေးလိုက်မိသည်။
“ဒါဆိုရင် ချောက်ကမ်းပါးကို ကြီးမားတဲ့ နဂါးအလောင်းကိုးလောင်းနဲ့ ကြေးနီရောင်ခေါင်းလောင်းက…”
“ဖြစ်နိုင်တာ…”
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် တစ်စုံတစ်ရာကို ထိမိသော အသံမျိုးက နဂါးအလောင်းကိုးလောင်းနှင့် ကြေးနီရောင်အခေါင်းကြီး၏ ကြိုးက မြေပြင် ချောက်ကမ်းပါး၏ အောက်သို့ ပြုတ်ကျသွားခြင်းပင် ဖြစ်နိုင်လောက်သေးသည်။
“ဒါက ဘာလဲ။”
လူတိုင်းက အလွန်အမင်း အံ့ဩသွားကြသည်။ ရုတ်တရက်တွင်ပင် လူတိုင်းက ထိတ်လန့်သွားရပြန်သည်။ ကြေးနီရောင်အခေါင်းက လျှို့ဝှက်ဆန်းကြယ်သည့်တိုင်အောင် အခုချိန်ထိ အဓိပ္ပါယ်ကို မည်သူမှ နားမလည်သေးသော်လည်း မည်သူက ထုရိုက်နေကြောင်း မသိပြန်ချေ။
သိထားရမည်မှာ ကြေးနီရောင်အခေါင်းကြီးက လူတိုင်း၏လက်ထဲမှ နတ်ဘုရား၏အမွေအနစ်များ၏ ကြီးမားသောစွမ်းအားကို စုပ်ယူနိုင်သည်။
“တားမြစ်ရှေးဟောင်းနယ်မြေ ဆိုလိုတာက ဒီနေရာက ရှေးဦးကတည်းက ရှိခဲ့တာလား။”
“ရှေးဦးခေတ် ဟုတ်လား။ ဒါက အတော်လေးကို ကြာနေခဲ့ပြီပဲ ..။ အဲ့ဒီအချိန်ထဲက ဘယ်သူကမှ ဒီနေရာကို ခြေမချခဲ့တာလား။”
ရှိန်း …။ ရှိန်း …။
ကျယ်လောင်သော အသံက ထွက်ပေါ်လာပြန်သည်။ ထို့ပြင် တစ်စုံတစ်ရာကို ထုရိုက်နေသလို ပြင်းထန်သောအသံကြီးနှင့်အတူ ကြေးနီရောင်အခေါင်း၏ ပဲ့တင် ထွက်လာသည့်အသံက ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသည်။ မြေပြင်က တုန်ရီလာပြီး အရွက်များနှင့် သစ်ပင်များအားလုံးက ဆက်တိုက်လှုပ်ခါနေသည်မှာ အရိပ်များကို လေတွင်လွင့်နေစေသည်။
ဟိန်းသံထဲတွင် ဒေါသသံများက ပါလာလေသည်။
ထို့အပြင် သနားစဖွယ် ငိုငြီးသံက ပို၍ကြောက်မတ်ဖွယ် ကောင်းလာသည်။ စိတ်ကူးကြည့်ရုံဖြင့်ပင် ချောက်နက်ထဲတွင် မည်သို့သောအခြေအနေမျိုး ဖြစ်နေကြောင်းကို သိရန်ခက်ခဲသည်။
“ငါတို့ ကျေးဇူးတင်သင့်တယ်။ ဒီကြေးနီရောင်အခေါင်းနဲ့ နဂါးလောင်းကိုးလောင်းသာ ချောက်ထဲကို ပြုတ်မကျသွားခဲ့ဘဲ အဲ့ဒီအရာကြီးရဲ့ အာရုံကို မဆွဲဆောင်သွားခဲ့ရင် သူက ထွက်လာမှာကိုတောင် ကြောက်ရတယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါ ငါတို့ ရှင်သန်ဖို့ ခက်ခဲသွားလိမ့်မယ်။”
ယင်းက အမှန်တရားဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒီနေရာက တားမြစ်ရှေးဟောင်းနယ်မြေဟု ခေါ်နေရာ ငှက်များနဲ့သားရဲများကပင် ဒီနေရာကို မလာရဲချေ။ စိတ်ကူးကြည့်ရုံဖြင့်ပင် ထိုနေရာက မည်မျှကြောက်စရာကောင်းကြောင်း သိနိုင်ပြီး အလွန်အန္တရာယ်များသောကြောင့် ဖြစ်နိုင်သည်။ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာပင် ရှိနေနိုင်သည်။
“မူလခေတ်ဦး နယ်မြေကတည်းက တည်ရှိခဲ့တဲ့ တစ်စုံတစ်ရာကြောင့်လား။ တကယ်ကို မယုံနိုင်စရာဘဲ။”
“ကြည့်ရတာ အဲ့ဒီအရာက အခေါင်းကို ဘာမှမလုပ်နိုင်ဘူးဘဲ။ ကံကောင်းသွားတယ်။”
ထိုညက အိပ်ပျက်ည ဖြစ်သည်။ လူအများစုက ကောင်းကောင်းမအိပ်နိုင်ကြချေ။
ခြိမ်း ..။
ရုတ်တရက် ပြင်းထန်သည့် ပေါက်ကွဲသံက ထွက်လာပြန်သည်။ အဝေးရှိ တောင်တန်းများမှ ပြင်းထန်သော ငလျင်လှုပ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံက ချိုင်းဝှမ်းထံမှ လာနေခြင်းဖြစ်ပြန်သည်။ အဆုံးစမဲ့သော အနက်ရောင်မြူထုများက လှိမ့်တက်လာပြီးနောက်တွင် ကောင်းကင်တစ်ခုလုံးကို အပြည့်အဝ အုပ်မိုးသွားသည်။ ကြယ်စင်နှင့်လမင်းကလည်း ပျောက်ကွယ်သွားပြီး အရာအားလုံးကို ဖိနှိပ်ခံသလို ဖြစ်သွားသည်။
ဝုန်း …။
ရုတ်တရက် အနက်ရောင်မြူထုများအားလုံးက ချောက်ကမ်းပါးထဲသို့ ပြန်လည်စုပ်ယူခံလိုက်ရပြီး ကောင်းကင်ရှိ ကြယ်စင်များက တစ်ဖန်ပြန်လည် လင်းလက်လာသည်။ သို့ရာတွင် လူတိုင်းက မှင်သက်ဖွယ်ကောင်းသောမြင်ကွင်းကို မြင်လိုက်ရသည်။
အလွန်အမင်းကြီးမားသော လူလား သရဲလား မပြောနိုင်သော အရိပ်ကြီးတစ်ရိပ် ပေါ်လာခြင်းဖြစ်သည်။
ထိုအရိပ်၏ ကိုယ်ကို မီတာရာပေါင်းများစွာရှည်သော ချိန်းကြိုးကြီးများက ချုပ်နှောင်ထားသည်။ ထိုအကောင်ကြီးက ကောင်းကင်သို့ မော့ကြည့်ကာ ဟိန်းဟောက်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးက လောကတစ်ခုလုံး ခြောက်လန့်သွားစေလောက်အောင် လုံလောက်နေပြီဖြစ်သည်။ အလွန်အမင်း ဝေးကွာလွန်းသော နေရာမှမြင်ရသည့်တိုင်အောင် ချိန်းကြိုးများက မည်မျှထူထဲကြောင်း သိနိုင်သည်။
ဟိန်းသံက နားကွဲမတက် ပြင်းထန်ပြီး တောအုပ်ထဲရှိ လူများကလည်း မေ့မြောလုနီးပါ ဖြစ်သွားကြရသည်။ အသံအားလှိုင်းများက သူတို့၏ နားစည်ကို နာကျင်စေသည်။ ထိုအရာကြီးကို ကြီးမားသော ချိန်းကြိုးများဖြင့် ချည်နှောင်ထားသည်။
သို့သော် ကောင်းကင်သို့ ဟိန်းဟောက်နေနိုင်သေးပြီး ကြောက်စရာကောင်းသော အရှိန်အဝါက ပြိုင်ဘက်ကင်းနေသည်။ ထိုအကောင်းကြီးက အရမ်းကိုစိတ်ကြီးနေသည်နှင့်တူသည်။
ထိုသို့ဖြင့် သနားစဖွယ်ကောင်းသော အသံကို ဟိန်းဟောက်နေ၍ ကောင်းကင်မှ တစ်ဖန်ပြန်လည် ခုန်ဝင်သွားသည်။
ခြိမ်း …။ ခြိမ်း …။
ကြေးနီရောင်အခေါင်းက ထုရိုက်သံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။
“သူက အခေါင်းကြီးထဲက အခေါင်းကို ဖွင့်ဖို့ကြိုးစားနေတယ်လို့ မင်းတို့ထင်လား။”
“အဲ့ဒီလို ဖြစ်လောက်တယ်။ ဘာပဲဖြစ်ဖြစ် အခေါင်းက ပွင့်သွားပြီလေ။ ဒီတော့ ထုရိုက်စရာအကြောင်း မရှိတော့ဘူး။”
လူတိုင်းကလည်း အံ့အားသင့်ကာ ကြောက်လန့်သွားရပြန်သည်။ ထိုညလယ်ကောင်က ထို့နောက်မှသာ တစ်ဖန်ပြန်လည် ငြိမ်တက်သွားသည်။ ချောက်ကမ်းပါးထဲမှလည်း မည်သည့်အသံမှ ထွက်မလာတော့ဘဲ လူတိုင်းကလည်း အိပ်မောကျသွားကြသည်။
နောက်တစ်ရက်တွင် နေမင်းက ကောင်းကင်ထက်တွင် ထွက်ပေါ်နေလေပြီ။ လူတိုင်းကလည်း တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။ သူတို့က စမ်းချောင်းနားတွင် သန့်ရှင်းရေး လုပ်ပြီးနောက် တောရိုင်းသစ်သီးများကို ခူးဆွတ်ကာ စားကြပြီး ရှေ့ဆက်သွားကြသည်။
နှစ်နာရီ သုံးနာရီခန့်အထိ သွားပြီသည့်တိုင်အောင် သူတို့က အနားမယူခဲ့ကြချေ။ သူတို့က ဒီနေရာမှ အလျင်စလို ထွက်ခွာနေချင်ကြသည်။ ရှေးဟောင်း တားမြစ်နယ်မြေကြီးက အလွန်အမင်း ကြောက်စရာကောင်းလွန်းပြီး သူတို့ ဒီနေရာမှ ညမရောက်ခင် ထွက်ခွာချင်နေကြသည်။
နေ့လယ်တွင် ကောင်းကင်တွင် တောက်လောင်နေသော နေမင်းကြီးက ရှိနေသည်။ ကံကောင်းစွာဖြင့် သစ်ပင်ရိပ်များက ရှိနေသည်။ သူတို့က မြင့်မားသောတောင်တန်းပေါ်သို့ ကုန်းတက်သောအခါ အဝေးမှသားရဲဟိန်းသံကို လူတစ်ယောက်က ကြားလိုက်ရသည်။
“သိပ်မကြာခင် ငါတို့ တားမြစ်နယ်မြေက ထွက်နိုင်တော့မယ် ထင်တယ်။”
“မင်းတို့တွေ အဝေးက တောင်ထိပ်ပေါ်မှ အဆောက်အဦတွေကို မမြင်ကြဘူးလား … ။”
ဝမ်ကျစ်ဝမ်က ရုတ်တရက် လက်ညှိုးထိုးလိုက်သည်။ အလွန်အမင်း မြင့်မားသော တောင်တန်းကြီး၏ တစ်နေရာသို့ သူက လက်ညှိုး ထိုးပြနေခြင်းဖြစ်သည်။ အလှမ်း အလွန်ဝေးသေးသည်။ ပတ်ပတ်လည်တွင်လည်း တောင်ထိပ်ဆယ်ခုထက်မနည်း ရှိနေပြီး သေးငယ်သော တောင်တန်းလေးများက ရွေ့လျားနေသည်။
“တကယ်ကို အဆောက်အဦးဘဲ။ ကြည့်ရတာ အဆုံးသတ်တောင် မရှိလောက်ဘူး။ ”
လူတိုင်းကလည်း အံ့အားတကြီး ဖြစ်သွားသည်။ သူတို့ ညမရောက်ခင် ထိုနေရာကို ရောက်နိုင်သည်။
“အဲ့ဒီမှာ အနီရောင် သရဖူနဲ့ ကြိုးကြာငှက်တွေ ရှိနေသလိုဘဲ။ ဒါက အမတ ကုန်းမြေများလား။ ထာဝရရှင်သန်သူတွေ အမတတွေ အဲ့ဒီမှာများ ရှိနေနိုင်လား။”
လူတစ်ချို့ကမူ သူတို့၏ အတွေးများကို ထုတ်ပြောလာသည်။ သူတို့က ချက်ချင်းလိုလို ဒဏ္ဍာရီလာ အမတများကို တွေ့လိုက်မိကြသည်။ လူတိုင်းက အရှိန်နှုန်းကို မြင့်လိုက်ကြသည်။ လမ်းတွင် နှစ်ယောက်စ သုံးယောက်စ ခွဲ၍ လျှောက်လာကြသည်။ လူအများစုကမူ လေသံတိုးတိုးဖြင့် ဆွေးနွေးနေကြသေးသည်။ ထို့နောက် လူများသောနေရာသို့ ရောက်သွားပြီးလျှင် သူတို့က လူစုခွဲကာ ဆက်သွားချင်ကြသည်။
ထိုအချိန်တွင် ယဲ့ဖန်းက လျိုယီယီက တစ်ခုခုဖြစ်ပြီး မပျော်မရွှင်ဖြစ်နေကြောင်း သတိထားမိသဖြင့် သွားမေးလိုက်သည်။
“ဘာဖြစ်တာလဲ။”
“ဝမ်ယမ်က ငါ့ရဲ့ပုတီးကို ယူသွားတယ်။ ငါ မပေးချင်တာလဲ မရဘူး။”
လျိုယီယီက ခံစားလိုက်ရပြီး အလွန်ဒေါသထွက်လာသည်။
“သူမလား။ ဒီလျိုယွမ်ကျစ်ရဲ့ အကြံအစည်ဘဲ ဖြစ်ရမယ်။”
ဖန်းပေါ်က ချက်ချင်းလိုလို ဒေါသထွက်သွားသည်။ ဝမ်ယမ်က လျိုယွမ်ကျစ်နှင့် အတူပါလာသော ကျောင်းသူဖြစ်ပြီး ယဲ့ဖန်းနှင့် ဖန်းပေါ်ကို အမြဲတစေ ပစ်မှတ်ထားသူလည်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖန်းက မည်သည့်စကားမှ မဆိုဘဲ ခြေလမ်းအကျဲကြီးများဖြင့် လျိုယွမ်ကျစ်၊ ဝမ်ယမ်နှင့် လီကျန်းချင်တို့ကို တားမြစ်လိုက်သည်။ ထို့နောက် လက်ဖြန့်ကာပြောသည်။
“ပြန်ပေး။”
“မင်း ဘာလာ ပြောနေတာလဲ။”
လီကျန်းချင်က မေးလိုက်ပြီး အားနည်းဟန် မပြချေ။
“ပေါက်ကရတွေ မပြောနဲ့။ ပုတီး ပြန်ပေး။”
ယဲ့ဖန်းက စိတ်တိုလွယ်သောသူ မဟုတ်သော်လည်း သူက အမြဲတစေ ထိန်းထားရုံသာ ဖြစ်ခဲ့သည်။ သူက ဒေါသထွက်လာသည်နှင့် အလွန်ကြောက်စရာကောင်းသွားသည်။
” အိုး … နင်က ဒါကို ပြောနေတာလား။”
ဝမ်ယမ်ကရှင်းပြသည်။
” ငါ ဒီအတိုင်း ယူဆော့ကြည့်ရုံပါ။ နောက်တော့ ငါ သဘောကျသွားတယ်။ ဒီတော့ ယီယီဆီ ငါ သွားလဲခဲ့တာဘဲ။ ခေါင်းလောင်းနဲ့ လဲ လိုက်တာပဲ။
ယဲ့ဖန်းက လျိုယီယီကို ပြန်ကြည့်လိုက်သောအခါ အခြားသူများကလည်း ခေါင်းလှည့်ကြည့်လိုက်သည်ကို မြင်ရသည်။
“ငါ ငါ သူနဲ့ လဲ လိုက်တာမဟုတ်ဘူး။ သူက အတင်းယူသွားပြီး ခေါင်းလောင်းကို အတင်းထိုးထည့်သွားတာ။ ”
လျိုယီယီကလည်း မှားယွင်းခံရသလို ခံစားလိုက်ရသည်။ လူတိုင်း၏ အကြည့်တွင် သူမက အလွန်မသက်မသာဖြစ်ပြီး သနားစရာကောင်းလာသည်။
” ယီယီ …။ နင် အဲ့ဒီလို မပြောနဲ့လေ။ နင်ဘဲ ကိုယ်တိုင်ကိုယ်ကျ လဲချင်နေတာ ရှင်းလင်းနေတာဘဲ။” ဝမ်ယမ်ကပြောသည်။
“ပြန်ပေး။ ငါ အပိုစကား ဆက်မပြောချင်ဘူး။”
ထိုအချိန်တွင် ယဲ့ဖန်းက လျှိုယွန်ကျစ်၊ ဝမ်ယမ်နှင့် လီကျန်းချင်တို့ကို ကြည့်ကာပြောသည်။
“အခု ငါ ဘာစိတ်မှ မရှည်ချင်တော့ဘူး။ ငါ လွတ်မြောက်တော့မှာမို့လို့ အမှားတွေလည်း ထပ်မလုပ်ချင်ဘူး။”
အပိုင်း(၂၉)ပြီး၏။