Chapter – 27
ကျယ်ပြောသော စကြာဝဠာကြီးထဲတွင် သိပ္ပံပညာရှင်ပေါင်းများစွာက မြေကမ္ဘာတစ်ခုကသာ အသက်အရင်းအမြစ် ရှိသောနေရာဟု တွက်ချက်ခဲ့ကြသည်။
ယခင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း လူသားများက မရေမတွက်နိုင်သော တွက်ချက်မှုများအရ အသက်စွမ်းအင် အရင်းအမြစ်ရှိမည့် ဂြိုလ်များကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ သို့ရာတွင် နက်ရှိုင်းလွန်းသော ကြယ်စဥ်ကောင်းကင်ထဲတွင် အဆုံးအစမဲ့အောင် ကျယ်ပြောသော စကြဝဠာကြီးက သီးသန့်ကွဲထွက်နေသော သုဿန်ပြင်ကြီးလိုဖြစ်နေကာ တိတ်ဆိတ်ငြိမ်သက်လွန်းနေခဲ့သည်။ အဆုံးအစမဲ့သော အမှောင်ထုကသာ ကြီးစိုးနေလေရာ မည်သည့် အသက်စွမ်းအင်ကိုမှ မရှာဖွေနိုင်ခဲ့ချေ။
စကြာဝဠာကြီးက အလွန်ကျယ်ပြောလွန်းသည်။ အဆုံးသတ်လည်း မရှိချေ။
လက်ရှိနည်းပညာနှင့် လူသားများ တည်ဆောက်ထားသော အာကာသစခန်းများက စကြာဝဠာကြီးထဲမှ နေစွမ်းအားကင်းလွတ်မှုမှတစ်ဆင့် ဖောက်ထွက်နိုင်ခဲ့ပြီး နှစ်သန်းပေါင်းများစွာကြာအောင် ခရီးဆက်ခဲ့သည်။ သို့မဟုတ် နှစ်သန်းပေါင်းကြာအောင် ခရီးဆက်နိုင်ခဲ့သည်။
သို့သော် သူတို့အတွက်ပင် ကြယ်စင်ကောင်းကင်၏ အခြားတစ်ဖက်သို့ ရောက်ရန် ခက်ခဲလွန်းနေခဲ့ပြန်သည်။ ကြယ်စင်ကောင်းကင်ကြီး၏ စူးစမ်းရှာဖွေမှုသမိုင်း တစ်ခုလုံးကို ဒီနေ့က ပြန်လည် ရရှိနိုင်လောက်သည်။
အချို့သမိုင်းက လူသားများက ကြယ်စင်ကောင်းကင်ထက်သို့ ရောက်လာနိုင်သည့်အပြင် အလင်းနှစ် တစ်ဆယ်ကျော် သို့မဟုတ် ရာကျော်ကို ဖြတ်သန်းလာနိုင်ပြီး လူသားဖြစ်တည်မှုများ၏ ခရီးတစ်ခုကို အတွေ့ကြုံရလိုက်သည်။ သို့ရာတွင် ထိုအခြေနေက မြေကမ္ဘာပေါ်ရှိ လူသားများ သိကြလိမ့်မည် မဟုတ်ချေ။ မည်သူကမှ ယုံကြည်ကြမည် မဟုတ်ချေ။ မည်သူကမှလည်း ယင်းအား ပွဲခံဂုဏ်ပြုပေးလိမ့်မည် မဟုတ်ချေ။
ကြေးနီရောင်အခေါင်းကိုဆွဲသော ကြီးမားသော နဂါးအလောင်းကြီးက ကြယ်စင်ကောင်းကင်၏ အခြားတစ်ဖက်ခြမ်းသို့ ရောက်သွားသည်။
ကြယ်စင်ကွင်းပြင်ကို ဖြတ်သန်းပြီးနောက် ကြီးမားသော ထျယ်ကြီးရှိရာနေရာသို့ ဦးတည်သွားခြင်းဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန်းက အသိဝင်လာသည်။ သူ၏လက်ဝါးက ကြေးနီရောင်အခေါင်းထံမှ လွတ်သွားသည့်အခါ သူ၏နှလုံးသားထဲတွင်လည်း ရှေးဟောင်းစာသား ရာကျော်က ထွင်းထုထားပြီးလေပြီ။
ထိုစကားလုံးများက နားလည်ရန်ခက်ခဲပြီး အဆင့်မြင့်မားလွန်းလှလေရာ ဖယ်ရှား၍လည်း မရနိုင်တော့မည်ကို ခံစားရသည်။ လျှို့ဝှက်ဆန်းကျယ်သော နတ်ဘုရားသံစဥ်ကလည်း ထိုအချိန်တွင် အပြည့်အဝ ပျောက်ကွယ်သွားသည်။
မဟာတာအိုက ရိုးရှင်းသည်။
ထိုစကားလုံးများက ရွှေကဲ့သို့ အဖိုးတန်လွန်းလှသည်။ အရာအားလုံးက အဆုံးသတ်တော့မလို ဖြစ်လာသည်။ အရာအားလုံးက ပျက်စီးသွားပြီး ရှိသမျှ အရာအားလုံးက မူလအတိုင်းပြန်ဖြစ်သွားတော့မလို ခံစားလိုက်ရသည်။
ယဲ့ဖန်းက အတွေးနက်သွားသည်။ သူက ရေရွတ်လိုက်သည်။
“စကြာဝဠာကြီးက ပိုလျှံနေတာတွေကို သယ်သွားပြီး လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးတယ် ဆိုတာက ဒီလိုဖြစ်လာတာဘဲ။”
“ယဲ့ဖန်း အဆင်ပြေရဲ့လား။”
ဖန်းပေါ်က စိုးရိမ်တကြီး မေးလာသည်။
” ငါ အဆင်ပြေပါတယ်။ ”
ထိုဖြစ်စဥ်အတောအတွင်း ကြေးနီရောင်အခေါင်းက ပြင်းပြင်းထန်ထန် လှုပ်ခါလာပြီး လူတိုင်းက မူးဝေသွားကြသည်။ နဂါးအခေါင်းကြီးက အဆုံးသတ်သို့ ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။
ထိုအချိန်တွင် တသီးတခြား ထူးခြားစွာရှိနေသော ကြေးနီရောင်ရုပ်ပုံများ အားလုံးက လှပသော နတ်အလင်းများကို လွင့်ထုတ်လာပြီး ဝေဝါးသော အလင်းကာတစ်ခုကို ဖန်တီးလိုက်သည်။
ထို့နောက် စိတ်ကူးယဥ်ကြည့်ရန်ပင် ခက်ခဲသော စွမ်းအင်တစ်မျိုးကို ထုတ်ဖော်လိုက်ပြန်သည်။ ထိုနောက် ထိပ်တိုက်ဝင်တိုက်မိသော အသံက ထွက်ပေါ်လာပြီးနောက် အခေါင်းက ပြန်ငြိမ်သွားသည်။
နောက်ဆုံး ဗုံးခနဲ အသံနှင့်အတူ အခေါင်း၏အဖုံးက နဂိုနေရာမှ ဘေးဘက်သို့ ပွင့်ထွက်သွားပြီး အခေါင်းကလည်း မြေပြင်သို့ ပြုတ်ကျသွားသည်။
“အလင်း ….။ ငါ နောက်ဆုံးတော့ အလင်းတစ်ခုကို ပြန်မြင်နိုင်ပြီ။ ရင်းနှီးကျွမ်းဝင်တဲ့ အလင်းရှိတဲ့ လောကဘဲ …။ ”
ကြေးနီရောင်အခေါင်းထဲမှ လူတိုင်းက အော်ဟစ်မိသွားကြသည်။ ရှေ့ခေတ်မားစ်ဂြိုလ်ကဲ့သို့ မှေးမှိန်ကာ တိတ်ဆိတ်ပြီး သွေးနီရောင်အပျက်အစီး ကွင်းပြင်က သူတို့၏ရှေ့တွင် မရှိတော့ချေ။ သူတို့၏ မျက်နှာကို လတ်ဆက်သောလေက တိုက်ခိုက်လာသည်။
မြေသားရနံ့၊ ပန်းနှင့်မြက်ရနံ့တို့ကလည်း သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာသည်။ သဘာဝ၏ ရနံ့က ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေပြီး အပြင်ဘက်တွင် အသက်စွမ်းအား အပြည့်ရှိနေလေသည်။ လူတိုင်းက ချက်ချင်း မတ်တက်ရပ်လိုက်ကြပြီး အထဲမှအပြင်သို့ ထွက်လိုက်ကြသည်။ သူတို့ မြင်လိုက်ရသည်များက ခမ်းနားကာ လှပလွန်းသော မြင်ကွင်းကြီးဖြစ်သည်။
ထိုအချိန်တွင် သူတို့က မမြင့်လွန်း မနိမ့်လွန်းသော တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေခြင်းဖြစ်ပြီး အရှေ့ရှိမြင်ကွင်းများကို မြင်နိုင်သည်။ ဘေးတွင် အလွန်အမင်း လှပသော တောင်ထိပ်များနှင့် သစ်ပင်ပေါင်းများစွာက ဆက်စပ်နေသော မြင်ကွင်းကို မြင်လိုက်ရသည်။
အနီးအနားဝန်ကျင်ရှိ တောင်ထိပ်များကလည်း ကျောက်တုံးများ၊ ရှေးဟောင်းသစ်ပင်များနှင့် ပြည့်နှက်နေသေးပြန်သည်။ ထို့အပြင် ရေပုန်းတစ်ခုစာ ထူထဲသော နွယ်ပင်အိုးကြီးများကလည်း နဂါးများရစ်ခွေနေသလို ဖြစ်နေကြောင်းကိုလည်း မြင်နေရသည်။ ထို့အပြင် အစိမ်းရောင်မြက်ပင်ကြီးများ၊ မွှေးပျံ့သော တောရိုင်းပန်းကြီးများ အားလုံးက အသက်စွမ်းအားအပြည့် ဖြစ်နေသည်။
မားစ်မှ တိတ်ဆိတ်ငြိမ်သက်မှုနှင့် နှိုင်းယှဥ်သော် ဒီနေရာက သံသယဝင်ရန် မလိုလောက်သော ကောင်းကင်ဘုံဖြစ်သည်။
“ကောင်းလိုက်တာ … ။ ငါတို့နောက်ဆုံးတော့ မှောင်မဲပြီး တိတ်ဆိတ်လွန်းတဲ့ နေရာက လွတ်မြောက်လာခဲ့ပြီး နောက်ဆုံးတော့ ဒီလိုလှပတဲ့ နတ်ဘုရားနယ်မြေကို ရောက်လာပြီ။”
“နောက်ဆုံးတော့ ငါတို့ကြောက်စရာ မလိုတော့ဘူး။ ”
လူတိုင်းက ပျော်ရွှင်တက်ကြွစွာဖြင့် အောင်ပွဲခံကြသည်။ တစ်ချို့ကမူ ပျော်ရွှင်လွန်းသဖြင့် ငိုကြသည်။ သေဆုံးမှုနှင့် အလည့်အပြောင်းများစွာကို ကြုံတွေ့ပြီီးနောက် သူတို့က နောက်ဆုံးတွင် တက်ကြွကာ သဘာဝဆန်သော လောကသို့ ပြန်ရောက်သွားလေသည်။
“နေမင်းကြီးကို အနမ်းပေးပြီး ငါ့ကို ငါ ကျန်းကျန်းမာမာနဲ့ နေမယ်လို့ ကတိပေးရမယ်။”
လင်းကျားကမူ ဒီမြင်ကွင်းကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ဖန်းပေါ်က တောင်ထိပ်သို့ ရပ်ပြီးနောက် အဝေးသို့ လှမ်းအော်သည်။
” ငါ နောက်ဆုံးတော့ နေကို ပြန်မြင်နိုင်ပြီ။ အရင်ကနဲ့ မတူဘူးဆိုပေမဲ့လည်း ငါ ဘဝသစ်ကို ရနိုင်သမျှ ကျယ်ကျယ်လောင်လောင် အော်နိုင်ဦးမှာဘဲ။ ”
ခြိမ်း …။
ထိုအချိန်တွင် ကြေးနီရောင်အခေါင်းကြီးက ရုတ်တရက် သတ္တုသံကို ထုတ်လွှင့်လာသည်။
သူတိုင်း၏ သွေးကြောများက ထောင်တက်သွားပြီး သက်ရောက်ခံလိုက်ရသည်။ သူတို့အားလုံးက လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ ချောက်ကမ်းပါးအဝတွင် တွဲလျားကြီး ဖြစ်နေသည့် နဂါးကြီးကိုးကောင် အလောင်း၏ ကိုယ်တစ်ဝက်ခန့်ကျော်ကို မြင်လိုက်ရသည်။ ထို့အပြင် ကြေးနီရောင်အခေါင်းကြီးကလည်း ချောက်ကမ်းပါးနှင့် သိပ်မဝေးတော့ချေ။
ထိုအချိန်တွင် နဂါးအလောင်းကိုးလောင်းက သံမဏိမြို့ရိုးကြီးတစ်ခုလို တဖြည်းဖြည်းချောက်ကမ်းပါးပေါ်မှ လျောကျကာ ကြေးနီရောင်အခေါင်းကလည်း မြို့ရိုးကြီးအောက်သို့ လျောကျသွားသည်။
ဝုန်း ….။
နဂါးအလောင်းကိုးလောင်းနှင့် ကြေးနီရောင်အခေါင်းကြီးက ပြုတ်ကျသွားသောအခါ အသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူတို့၏ အရှိန်က မြင့်သည်ထက်မြင့်သွားပြီး အောက်သို့ပြုတ်ကျသွားသည်။
လူတိုင်းကလည်း အံ့ဩလွန်းလှသဖြင့် ချွေးစေးများပင် ပြန်သွားကြသည်။ တောင်ထိပ်၏ တစ်ခြားတစ်ဖက်ခြမ်းက ချောက်ကမ်းပါး ဖြစ်နေသည်။
သူတို့သာ အခေါင်းဖုံး ပွင့်သည်နှင့် အလျင်စလိုသွားလိုက်မိပြီး အကျိုးဆက်က မယုံနိုင်စရာကောင်းလွန်းလှသည်။
ကြီးမားသောနဂါးအလောင်းကိုးလောင်းနှင့် ကြေးနီရောင်အခေါင်းကြီးက ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားပြီးနောက် မည်သည့်အသံမှ ဆက်မကြားရတော့ချေ။ ထိုအချက်က တစ်ချိန်ထဲမှာ လူတိုင်းကို တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်အားလျော့စွာ ကြည့်မိကြစေသည်။ တစ်ချိန်ထဲတွင်ပင် သူတို့က အံ့အားသင့်နေကြသည်။
ထိုအချိန်တွင် သူတို့၏ မြင်ကွင်းကို ပိတ်ဆို့ထားသော ကြေးနီရာင်အခေါင်းကြီး မရှိတော့သောအခါ သူတို့က ချောက်ကမ်းပါး၏တစ်ဖက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“ငါတို့ရပ်နေတာက ကြီးမားတဲ့မီးတောင်ကြီးရဲ့ အဝမှာဖြစ်နလောက်လား။ ”
လူတိုင်းကမူ အံ့အားသင့်သော အမူအရာများကို ထုတ်ပြောကြသည်။ အကြောင်းမူကာ ဒီနေရာက အလွန်နက်ရှိုင်းသော ချောက်ကမ်းပါးကြီး ရှိနေသောကြောင့် ဖြစ်သည်။
“မီးတောင်အဝတော့ မဖြစ်လောက်ဘူး။ ဒီလောက် ထူပြီးတုတ်တဲ့ မီးတောက်ကြီး မြင်ဖူးလို့လား။ ”
လူတစ်ယောက်က ဂရုစိုက်ကြည့်မည်ဆိုလျှင် အလားတူ ဆက်စပ်နေသော တောင်ကြီးကိုးတောင်ရှိနေပြီး အလွန်အမင်း ကြီးမားကာ နက်ရှိုင်းသော ချောက်ကမ်းပါးတစ်နေရာကိုလည်း မြင်နိုင်မည်ဖြစ်သည်။ သာမန်အသိစိတ်အရဆိုလျှင် တစ်ချက်ကြည့်လိုက်ရုံနှင့် အဆုံးကိုမြင်ရသော အဝပွင့် ချိုင့်ဝှမ်းကြီး ဖြစ်သင့်ပေသည်။ တောင်တန်းကိုးခုက တိမ်စိုင်များနှင့်အတူ မျော်စင်သဖွယ် ထိုးထွက်နေသောကြောင့် ငုတ်ကြည့်လိုက်သောအခါ ပိန်းပိတ်အောင် မဲမှောင်နေပြီး အဆုံးစမဲ့သော အရာကိုသာမြင်လေသည်။ သူတို့က ငရဲ၏ မြစ်ဝါလမ်းကြောင်းကို တိုက်ရိုက် ကျော်ဖြတ်လာသလိုမျိုး ဆိုးရွားသည့် ခံစားချက်မျိုးကို ရလိုက်ကြသည်။
တောင်တန်းကိုးခုက ပေါင်းစပ်ပြီး အဆုံးသတ်မဲ့သော တောင်တန်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ကြီးမားသော နဂါးအလောင်းကိုးလောင်းနှင့် ကြေးနီရောင်အခေါင်းကြီးက ပြုတ်ကျသွားပြီးနောက် မည်သည့်ဟိန်းထွက်သံကိုမျှ မကြားရလေရာ သူတို့က အဆုံးသို့ ရောက် မရောက် မသေချာတော့ချေ။
“ဘယ်လောက်တောင် နက်လိုက်မလဲ။ တွေးကြည့်ဖို့တောင် ခက်ခဲတယ်။”
“ဒါက ဘယ်နေရာလဲ။ ဘာလို့ ဒီလောက်ကြီးတဲ့ ချောက်ကြီးရှိနေတာလဲ။”
လူတိုင်းက အံ့အားသင့်နေကြပြန်သည်။ ဒီလောကက ထင်သလောက် မငြိမ်းချမ်းနိုင်ကြောင်း သိလိုက်ရသည်။ ယဲ့ဖန်းက ပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်ပတ်ကြည့်ပြီးနောက် ပြောလိုက်သည်။
” မင်းတို့တွေ သတိထားမိလား။ ဒီမှာ ငါးရောင်ခြယ်ယစ်ပုလ္လင် မရှိဘူး။ ကြည့်ရတာ ငါတို့ ကောင်းကင်ပေါ်က တိုက်ရိုက် ပြုတ်ကျလာတာ ဖြစ်နိုင်တယ်။ ဒီမှာ ကြယ်တာရာဂိတ်လည်း မရှိလောက်ဘူး။”
ထိုစကားကို ကြားသောအခါ လူတိုင်းက အံ့ဩသွားကြပြန်သည်။ ထိုအခါမှသာ ဒီနေရာတွင် ငါးရောင်ခြယ်ယစ်ပုလ္လင် မရှိကြောင်း သိလိုက်ကြသည်။ ကြေးနီရောင်အခေါင်းကြီးမှ ကျယ်ပြောသော သံထည်ကြီးက ပြိုမကျသွားခဲ့ချေ။ တွင်းချိုင့်ပင် မထင်သွားခဲ့ချေ။ အက်ရာ အနည်းငယ်သာ ရှိသည်။
သူတို့က ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး ဤနေရာနှင့်သာ ထိသွားမည်ဆိုလျှင် အကျိုးဆက်က မယုံနိုင်စရာကောင်းသည်။ သို့သော် တောင်တန်းကမူ ပြင်းပြင်းထန်ထန် ထိခိုက်သွားသော လက္ခဏာလည်း မရှိခဲ့ချေ။ ထို့ကြောင့် ပုံမှန် မဟုတ်တော့ချေ။
“ဒီမှာ ငါးရောင်ခြယ်ယစ်ပုလ္လင် မရှိရင် ဘာလို့ ငါတို့က ဒီနေရာမှာ ပေါ်လာတာလဲ။ ဒဏ္ဍာရီလာ စကြာဝဠာကြီးက ကျိုးပျက်သွားခဲ့လို့ ဒီနေရာမှာ ရပ်တန့်သွားတာလား။
ထိုဟာသက နားထောင်၍ မကောင်းချေ။ မည်သူမှလည်း မပြုံးကြချေ။ သူတို့အားလုံးက ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် စတင်ကာ စူးစမ်းကြတော့သည်။
“ဒီမှာ တစ်ဝက်ပေါ်နေတဲ့ ကျောက်တုံးတွေ ရှိတယ်။ ”
ထိုအချိန်တွင် ကျန်းကျစ်လင်က ထပြောသည်။
တောင်ထိပ်ပေါ်တွင် ကျောက်တုံးအပုံလိုက်ရှိနေပြီး ကြီးမားလွန်းသော ရှေးဟောင်းသစ်ပင်ကြီးများကို ရေပုံးတစ်ပုံးစာ ထူထပ်တုတ်ခိုင်လွန်းသော နွယ်ပင်ကြီးများက အဖော်ပြုထားသည်။ နွယ်ပင်များ၏ ကြားတွင်လည်း ကျောက်တုံးပြား အကျိုးတစ်ခု ရှိနေပြီး သဘာဝက အမွှန်းတင်ထားသော အခြေအနေ အနေထားကိုလည်း မြင်နိုင်သေးသည်။
လူတိုင်းက ခပ်မြန်မြန်ပင် ထိုနေရာသို့ သွားလိုက်ပြီးနောက် နွယ်ပင်များကို ဖယ်ရှားလိုက်၏။ အပေါ်မှသစ်ရွက်အားလုံးကို ဖယ်လိုက်သောအခါ ချက်ချင်းလိုလို ရှေးကျသော ခံစားချက်မျိုးကို ရလိုက်ကြသည်။
ထိုနေရာတွင် စကားလုံးသုံးလုံးကိုသာ ထွင်းထုထားပြီး အင်အားအပြည့်ပါကာ သိပ်သည်းလွန်းသည်။ ကြောက်မတ်ဖွယ်ကောင်းသော နဂါးကြီးက အရှိန်အဝါအပြည့်ကို ထုတ်လွင့်နေသလို ထင်ရသည်။ သူတို့က တည်ရှိနေသည်မှာ နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်ကြောင်း မသိနိုင်တော့ချေ။
” ဘာ ရေးထားတာလဲ။”
လူအများစုက မဖတ်တက်ကြချေ။ ယဲ့ဖန်းက အကောင်းဆုံးကြိုးစားပြီးနောက် မသေချာမရေရာမှုများဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ တားမြစ် ရှေးဟောင်းအဖော်မဲ့နယ်မြေ ဆိုတဲ့အဓိပ္ပါယ်ဘဲ ဖြစ်နိုင်တယ်။”
“တားမြစ်ရှေးဟောင်းအဖော်မဲ့နယ်မြေ ဟုတ်လား။ ဘာကို ဆိုလိုတာလဲ။ တကယ်ကို လူမနေကြဘူးလား။”
မည်သူကမှ အဓိပ္ပါယ်ကို ရှာမတွေ့ကြချေ။
“ဒါက ဒီအတိုင်းပျက်စီးနေတဲ့ ကျောက်ပြားဘဲ။ ဒီတော့စကားလုံးတွေက အပြည့်အစုံ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဒီကျောက်ပြားက ပျက်စီးနေပြီဆိုတော့ ပြန်မသိနိုင်တော့ဘူး။”
ဖန်းပေါ်က နွယ်ပင်များကို ဖယ်ပြီးနောက် ပေါင်းပင်များကိုလည်း ဖယ်နုတ်သည်။ ထိုနေရာတွင် ကွဲကြေနေသော ကျောက်တုံးအများအပြား ရှိနေသည်။ သူတို့ကိုမူ မိုးကြိုးပစ်ထားသည့်အလား ထင်ရသည်။
“ရှေးဟောင်း စကားလုံးသုံးလုံးက ဒီတောင် ဒါမှမဟုတ် ချောက်ကမ်းပါး နာမည်ဖြစ်နိုင်တယ်။”
ကျိုးရင်က တွေးတွေးဆဆ ဝင်ပြောသည်။
“ဒါပေမဲ့ တားမြစ်ဆိုတဲ့ စကာလုံးနဲ့ ဆက်စပ်လို့ရတဲ့စကားလုံးတွေက အများကြီးရှိတာ မဟုတ်ဘူး။ အများဆုံးမှ မြေသားဆိုတဲ့ စကားလုံးဆိုရင် လိုက်ဖက်ညီတယ်။”
“တားမြစ် ရှေးဟောင်း လူသူကင်းမဲ့တဲ့ နယ်မြေများဖြစ်မနေဘူးလား။ ဒီလိုဆို ပိုပြီး မဆီလျော်ဘူးလား။ ”
ကျောင်းသားတစ်ယောက်က စကားလုံးလေးလုံးကို စီကြည့်ပြီးနောက် မျက်နှာထားက ပြောင်းလဲသွားပြန်သည်။ အခြားသူများက မျက်မှောင်ကြုံ့ပြန်သည်။ ထိုနာမည်က လူတိုင်းကို စိုးရိမ်စိတ်ဝင်လာစေသည်။
“ဒီချောက်ကမ်းပါး ပတ်ပတ်လည်နေရာက သန့်စင်နယ်မြေ ဒါမှမဟုတ်ရင် တော်ဝင်နယ်မြေတောင် မဟုတ်နိုင်တာ သေချာတယ်။”
လူတစ်ယောက်က ပြောသည်။
သန့်စင်နယ်မြေ သို့မဟုတ် တော်ဝင်နယ်မြေပင် မဟုတ်နိုင်ချေ။ ထို့ပြင် ကျောက်ပြားပေါ်တွင် ရေးသားထားသော စကားလုံးအရ နေရာကောင်းတစ်ခုပင် မဟုတ်နိုင်ချေ။
“မင်းတို့တွေ သတိထားမိလား။ ဒီနားမှာ ငှက်တွေ သားရဲတွေတောင် ရှိတဲ့ ပုံစံ မပေါ်ဘူး။ အားလုံးက တိတ်ဆိတ်ငြိမ်သက်လွန်းနေတယ်။”
ဝမ်ကျစ်ဝမ်က တက်တက်ကြွကြွ ရှိသူပီပီ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်ရသည်။
“ဟုတ်သားပဲ … ။”
လူတိုင်းက သတိထားမိသွားပြီး ခေါင်းငြိမ့်ကြသည်။
ဒီနေရာတွင် အပင်များ၊ ပန်းများ၊ မြက်များ၊ နွယ်များရှိသည်။ အပေါ်ယံတွင် အရာအားလုံးက အသက်စွမ်းအင် အပြည့်ရှိနေသော်လည်း ဂရုစိုက်စစ်ဆေးကြည့်သော် ထူးဆန်းလွန်းနေပြန်သည်။
ပတ်ဝန်းကျင်တွင် မည်သည့်တိရိစ္ဆာန်မှ မရှိချေ။ ကြီးမားသော တောင်တန်းကြီးရှိနေလျှင် ငှက် သို့မဟုတ် သားရဲများက ရှိနေသင့်သည်။
သို့သော် ထိုအရာများ မရှိလျှင်လည်း ပိုးကောင်၊ အင်းဆက်များက ရှိသင့်ပေသည်။ ထိုအရာများ၏ သဖြစ်တည်မှုကိုလည်း မတွေ့ရဘဲ တုန်လှုပ်ခြောက်ခြားကာ တိတ်ဆိတ်နေသည်။
ကောင်းကင်တွင်လည်း မည်သည့်ငှက်မှ မပျံနေကြပေ။ တိတ်ဆိတ်မှုကပင် ကြီးဆိုးနေသည်။
ဖန်းပေါ်က ဝင်ပြောသည်။
“ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေရာမှာ အပင်တွေက စိမ်းလန်းနေတာဘဲ။ ဒီတော့ ပတ်ဝန်းကျင်က ငါတို့ ရှင်သန်ဖို့ လုံလောက်တယ်။ ဒါပြင် ဒီမှာကျောက်ပြားလဲ ရှိတာဘဲ။ ဒီတော့ ဒီကမ္ဘာမှာ လူရှိနိုင်တယ်။ ငါ့အထင် ဒီလိုလှပလွန်းတဲ့ လောကက လူသူကင်းမဲ့နယ်မြေ လို့တော့မယုံဘူး။”
“ဒီနေရာမှာ တိရိစ္ဆာန်လည်း မရှိဘူးလို့ ဘယ်သူပြောလဲ။ ငှက်တွေ မရှိဘူးလို့ ဘယ်သူပြောလဲ ပြောကြည့်လိုက်။”
ယဲ့ဖန်းက ကိစ္စတစ်ခုကို ရှာတွေ့ထားပြီး အဝေးသို့ လက်ညှိုးထိုးပြသည်။
အဝေးရှိ ကောင်းကင်တွင် ကြီးမားသော သိန်းငှက်အကြီးကြီး တစ်ကောင်က ပျံသွားလေသည်။ အလွန်အမင်း ထူးခြားသည်မှာ သူ၏ တစ်ကိုယ်လုံးက ရွှေရောင်တောက်ပနေခြင်း ဖြစ်သည်။
ထို့အပြင် အလွန်အမင်း ဝေးကာလွန်းနေသည့်တိုင် သူ၏ခန္ဓာကိုယ် ကြီးမားမှုကို ခံစားမိနိုင်သေးသည်။ ရွှေရောင်အလင်းကိုလည်း လွှင့်ထုတ်နေသည်မှာ သူ၏ခန္ဓာကိုယ်ကပင် ရွှေရောင်အလင်းကို လွှမ်းခြုံထားသည်ဟု ထင်ရသည်။
ထိုအချိန်တွင် ရွှေရောင်သိန်းငှက်ကြီးက အကွာအဝေးတစ်ခုကို ပျံသန်းလိုက်ပြီးနောက် ကြည်လင်သည်ထက် ကြည်လင်လာသည်။ ထို့နောက် သူက ရုတ်တရက် တောင်တန်းတစ်ခု၏ နေရာသို့သွားလိုက်သည်။ ထို့နောက် ချက်ချင်းလိုလို ကောင်းကင်သို့ တစ်ဖန်ထိုးတက်သွားပြန်သည်။ ထိုအချိန်တွင် သူ၏လက်သည်းများထဲတွင် သားရဲတစ်ကောင် ပါသွားသည်။ ထိုနောက် သူက ချောက်ကမ်းပါးထံ ဦးတည်သွားသည်။
“ငါ ငါ အမြင်မှားတာ မဟုတ်ပါဘူးနော်။”
ထိုမြင်ကွင်းကို မြင်ပြီးနောက် ဖန်းပေါ်ကပင် ကြောင်အသွားသည်။
တစ်ခြားသူများကလည်း ထိတ်လန့်သွားကြပြီး ရုပ်ထုလိုဖြစ်သွားကြသည်။ သူတို့က သူတို့၏ မျက်လုံးကို မယုံကြည်နိုင်တော့ချေ။
“ဘာလို့ အဲ့ဒီလက်သည်းအောက်က အကောင်ကြီးက ကြီးမားတဲ့ ဆင်ကြီးနဲ့ တူနေတာလဲ။”
လီကျန်းချင်ကပင် ထိတ်လန့်တကြား အော်လိုက်သည်။ သူ၏ ပါးစပ်များကပင် ခြောက်သွေ့သွားရသည်။
“ထင်တာမဟုတ်ဘူး။ တကယ်ကို အဲ့တာဘဲ .. ။”
ဝမ်ကျစ်ဝမ်က ဝင်ပြောသည်။
“သူက ဆင်ကိုတောင် ဖမ်းနိုင်တယ်။ မယုံနိုင်စရာဘဲ။ ဒီလိုဆို ဒီသိန်းငှက်ကြီးက ဘယ်လောက်ကြီးမလဲ သိနိုင်တယ်။ ”
ထိုအချိန်တွင် သူက ဆွံ့အသွားရသည်။
လူတိုင်း၏ ဆုံးဖြတ်ချက်က မမှားယွင်းချေ။ သူက အလွန်ဝေးကွာ နေသေးသည့်အတွက် အရွယ်အစားကို ဆုံဖြတ်ရန် မှားနိုင်သေးသော်လည်း ထိုထူးဆန်းသောငှက်ကြီးက အလွန့်အလွန်ကြီးမားမည်မှာ သေချာသည်။
ယဲ့ဖန်းက အဝေးရှိ ကောင်းကင်ကို ကြည့်ပြီးနောက် ပြောသည်။
“ဒီလောက်ကြီးတဲ့ သိန်းငှက်ဆိုတာ မရှိဘူး။ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်ရှိတယ်။ နောက်ပြီး ရွှေရောင်အလင်းကိုလည်း လွှင့်ထုတ်နေသေးတယ်။အရွယ်အစားကလည်း အရမ်းကို ကြီးတယ်။ ဒီတော့ ဒဏ္ဍာရီလာ ရွှေတောင်ပံဖန်းငှက်နဲ့ မတူနေဘူးလား။”
ထိုစကားကို ကြားသောအခါ လူတိုင်းက တိတ်ဆိတ်သွားကြသည်။
အပိုင်း (၂၇) ပြီး၏။