Chapter – 24
” ဒါက ယုံတယ် မယုံဘူးဆိုတာကို မေးရမှာမဟုတ်ဘူး။ ပြောရရင် မင်းက တကယ်ကို အဓိက သံသယဝင်ခံရမဲ့ သူဘဲ။ ”
လီရှောင်းမန်၏ ဘေးမှ ခါသဲ့က ဝင်ပြောသည်။
ဖန်းပေါ်၏ မျက်လုံးက ပြူးသွားသည်။
“အဝါရောင်ဆံပင်နဲ့ မိစ္ဆာကောင် မင်းက ဘာကိုဆိုလိုတာလဲ။ ယဲ့ဖန်က သတ်တယ်လို့ ထင်နေတာလား။”
“မဟုတ်ပါဘူး။ ငါလည်း ထင်တာမဟုတ်ဘူး။ ဒီတိုင်း အမှန်တရားကို ပြောပြနေတာ။ သူက လူသတ်သမားလို့လည်း ငါ မပြောမိပါဘူး။ ငါက ဒီအတိုင်းအချက်တစ်ခုကို ထုတ်ပြယုံဘဲ။ သူက သံသယ အဝင်သင့်ဆုံးလူဘဲ။”
ခါသဲ့က လေးနက်သောမျက်နှာနှင့် ခေတ်နောက်ကျနေသော အကြည့်မျိုးကို ပြုကာ အခြေအနေကို သုံးသပ်ပြသည်။
“လျိုယွမ်ကျစ် ပြောတာလည်း ဟုတ်တာဘဲ။ ယဲ့ဖန်းက အဲ့သူနဲ့ ကတောက်ကစ ဖြစ်ခဲ့တာလည်း မှန်တယ်။ သူက လူသတ်သမား ဖြစ်နိုင်ချေ အရှိဆုံးဘဲ။ ပိုဆိုးတာက အရမ်းနီးလွန်းတယ်။ ဒီတော့ အခြေအနေအရ သူ လှုပ်ရှားလို့ ဖြစ်နိုင်တယ်။”
သူက တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပီပီသသ မပြောနိုင်သော်လည်း လူတိုင်းက သူ၏ဆိုလိုရင်းကို နားလည်း။ ထိုရိုးရှင်းသော စကားများကတင် အဓိပ္ပါယ်အများကြီး ပါသွားသည်။
“နတ်ဆိုးကောင် မင်း လောကရဲ့ အကျိုးအကြောင်း နိယာမတရားတွေကို နားမလည်ဘူးဘဲ။ မင်းပြောတဲ့ပုံစံအရ သင်္ချာသီအိုရီတစ်ခုကို တွက်ပြနေသလိုဘဲ။ မင်းက တကယ်ကို သဘောထားရိုးရှင်းလွန်းတဲ့ကောင်ဘဲ။”
“ဘာကို နတ်ဆိုးလဲ။ ”
ထိုနိုင်ငံခြားသား ခါသဲ့က ပဟေဠိ ဖြစ်သွားသည်။
” မင်း ဒါကို ခဏခဏ ပြောတာ ငါ ကြားနေရတယ်။ မင်း ဘာကိုဆိုလိုတာလဲ။”
“မင်းက နတ်ဆိုး စိတ်သဘောထား ရိုးရှင်းတယ်။ ငါမင်းနဲ့ စကားဆက်ပြော မနေတော့ဘူး။ ”
ဖန်းပေါ်က စိတ်ရှုပ်ထွေးသွားပြီး လျစ်လျူရှုလိုက်သည်။ ထို့နောက် သူက လီရှောင်းမန်ကို ပြန်ကြည့်လိုက်သည်။
“မင်းက ဘာလို့မပြောတာလဲ။ မင်း ယဲ့ဖန်းကို ကောင်းကောင်း နားလည်တာ မဟုတ်ဘူးလား။”
လီရှောင်းမန်က ပိန်ပါးကာ ကျော့ရှင်းကြည့်ကောင်းသည်။ ဖုန်း၏ မှေးမှိန်သော အလင်းအောက်တွင် သူမ၏ အသားအရေများက လန်းဆန်းတောက်ပပြီး လှပလွန်းသော ကျောက်ပန်းဖြူလေးအလား ထင်ရကာ အမှောင်ထဲတွင် နူးညံ့သော မွှေးရနံ့ကို လွင့်ထုတ်နေသည့်အလား ထင်ရသည်။ သူမ၏ ရုပ်အသွင်က တည်ငြိမ်နေပြီး သဘာဝဆန်သည်။ သူမက နူးညံ့စွာ ပြောလာသည်။
“ငါ့ရဲ့ နှလုံးသား အောက်ခြေကဆန္ဒအရ ယဲ့ဖန်းဟာ လူသတ်သမားလို့ မယုံပါဘူး။ ဒါပေမဲ့ သူက တကယ်ကို သံသယဝင်သင့်တဲ့ သူဘဲ … ။ ”
” လီရှောင်းမာန် …။ ”
ဖန်းပေါ်က အလွန်ဒေါသထွက်သွားပြီး သူမ၏ နာမည်ကိုပင် ခေါ်သည်။ သူက သူမ၏ စကားများကို ဖြတ်ပြောလိုက်သည်။
“မင်းက တကယ်ကို နှလုံးသားမဲ့တာဘဲ။ မင်း ဒီလို စကားမျိုးတွေ ပြောလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ အခြားသူတွေ သူ့ကို မယုံရင်ရတယ်။ ဒါမဲ့ မင်းကတော့ ယုံရမယ်။ အခြားသူတွေ ယဲ့ဖန်းကို နားမလည်လည်းရတယ်။ ဒါပေမဲ့ မင်းက နားမလည်နိုင်ဘူးလား။ မင်းတို့တွေ ကွဲကွာသွားပြီဆိုတာသိပေမဲ့ ဒီလောက်ထိတော့ အကြင်နာမမဲ့သင့်ဘူး။ မင်းက ယဲ့ဖန်းရဲ့ နှလုံးသားကို ဆားဖြူးနေတာဘဲ။”
” ငါ ဘာကိုမှ သေချာမဆိုလိုပါဘူး။ ဒီအတိုင်း အချက်အလက်ကို ပြောပြရုံဘဲ။ ”
လီရှောင်းမန်က အလွန်တည်ငြိမ်နေသည်။ သူမ၏ မျက်နှာက တောက်ပပြီးလှပသော ကျောက်စိမ်းကဲ့သို့ပင် ဖြူဖျော့နေသည်။ သူမက မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြောသည်။
” ငါ ဘယ်သူ့ကိုမှ ပစ်ပယ်ထားမနေဘူး။ တကယ်လို့ လူသတ်သမားကသာ သတ်ရဲရင် သူ မလုပ်ရဲတာ ဘာမှမရှိလောက်ဘူးလို့ဘဲ ငါ ပြောချင်ယုံဘဲ။ ငါတို့အားလုံးက အန္တရာယ်ထဲ ရောက်နေတာ။ ဒီတော့ ပိုပြီးလက်တွေ့ဆန်ဖို့ ပိုပြီး နားလည်မှုရှိဖို့ မျှော်လင့်ပါတယ်။ ပြောရရင် ယဲ့ဖန်းက သံသယအဝင်သင့်ဆုံး လူတစ်ယောက်ဘဲ။ လူတိုင်းနီးပါးကလည်း သူကို သံသယဝင်ကြလိမ့်မယ်။”
ဖန်းပေါ်က နှာခေါင်းရှုံ့သည်။
“အဆုံးမှာတော့ ယဲ့ဖန်းက အကြီးဆုံး သံသယဝင်ခံသင့်တဲ့သူပေါ့လေ။ မင်းက သူ့ကို မယုံရင် ဘာလို့စကားအများကြီး ပြောနေသေးတာလဲ။”
သူက ခေါင်းငြိမ့်လိုက်ပြီးနောက် ပြောလိုက်သည်။
” ငါ မင်းကို တကယ်ကို အထင်မှားသွားတာ။ အတိတ်က မင်းက တစ်စုံတစ်ရာကို ဆုံးဖြတ်ပြီး အချိန်မပြောင်းတော့ဘူးဆိုတာကို နားလည်ထားတယ်။ ဒါပေမဲ့ အဲ့ဒီလို အခြေအနေမျိုးမှာ မင်းရဲ့ ဘယ်သူငယ်ချင်းကမှ မင်းကို မဖြောင့်ဖြနိုင်ဘူး။ အခုမှဘဲ မင်းရဲ့ အကျင့်စရိုက်အမှန်ကို အကြင်နာမဲ့တယ်ဆိုတာကို ငါနားလည်လိုက်ရတယ်။”
ထိုအချိန်တွင် အထိတ်တလန့်ဖြစ်နေသော တိုးလျားသည့် လေသံက ထွက်လာသည်။
“တကယ်တော့ ငါယဲ့ဖန်းကို ယုံတယ်။ သူက လူသတ်သမားမဟုတ်ဘူးလို့ ငါ ယုံတယ်။ ”
ဆင်းရဲသောဘဝတွင် နေထိုင်နေရသော ကျောင်းသူတစ်ယောက်က ဝင်ပြောသည်။ သူမ၏ ခန္ဓာကိုယ်က ပိန်ပါးပြီး အလွန်အားနည်းသည်။ သူမက ခေါင်းငုံ့လျက် လမ်းလျှောက်လာသည်။ သူမ၏ ပုံစံက မသက်မသာဖြစ်လွန်းနေသည်။
မူလက သန့်စင်ကာပျော်ရွှင်သော မိန်းခလေးက မပျော်ရွှင်သောဘဝကြောင့် ယခုကဲ့သို့ ယုံကြည်မှု မရှိသည့် ပုံစံဖြစ်သွားသည်။ သူမက ယခင်ကနည်းတူ တောက်ပပြီး တက်ကြွမနေတော့ချေ။ သူမက စကားကိုပင် လူအများ၏ရှေ့တွင် ချောချောမွေ့မွေ့ မပြောနိုင်ချေ။ သူမကို ကြည့်ရသည်မှာ မသက်မသာဖြစ်လောက်သည်။ ထိုအချက်ကြောင့်ဘဲ ယဲ့ဖန်းက သူမကို သနားပြီး ကူညီပေးလိုခြင်းဖြစ်သည်။
ဖန်းပေါ်ကလည်း ယဲ့ဖန်းနှင့်အတူ ဖြစ်သည်။ သူကလည်း ထိုကောင်မလေးကို သနားသည်။
အတိတ်တွင် သူက ယခုလို မဟုတ်ခဲ့ချေ။ သူမက ယဲ့ဖန်းနှင့် သူနှင့်ပင် မကြာခဏ ဟာသစကားများ ပြောတတ်ခဲ့သေးသည်။ သူတို့သုံးယောက်လုံးကလည်း ဆက်ဆံရေးကောင်းတစ်ခုကို ပိုင်ဆိုင်ထားနိုင်ခဲ့ကြသည်။ သူတို့အတူရှိချိန်က ပျော်ရွှင်ခဲ့ရသည်။
“လျိုယီယီ ကျေးဇူးတင်ပါတယ်။”
ယဲ့ဖန်းက ပြောကာ ခေါင်းငြိမ့်လိုက်သည်။
“ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ နင် ဘယ်သူ့ကိုမှ မသတ်ဘူးဆိုတာကို ငါ ယုံတယ်။”
လျိုယီ၏ စကားသံက တိုးလျားပြီး အားနည်းသည်။ သူမက ဒီတိုင်း မသက်မသာရပ်နေသည်ကို မြင်သောအခါ အလိုလို သနားစိတ်ဝင်လာစေသည်။
“ဒါဆိုရင် ဘယ်သူဖြစ်နိုင်မှာလဲ။ ”
လီကျန်းချင်က ဒေါသတကြီး ပြောလာသေးသည်။
“ယဲ့ဖန်းက လွဲပြီး ဘယ်သူက ဒီလိုသတ်ရဲမှာလဲ။ သူက ကလဲ့စားချေနေတာ။ ”
လျိုယွမ်ကျစ်၏ ဘေးနားမှ ကျောင်းသူကလည်း ဝင်ပြောသည်။
“ယဲ့ဖန်း နင် ဘာလို့ ဒီလောက်တောင် အကြင်နာတရား မဲ့ရတာလဲ။ ငါတို့ လေးနှစ်တောင် သိခဲ့တဲ့ အတန်းဖော်လေ။”
“ငါ ထပ်ပြောမယ်။ ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ ”
ယဲ့ဖန်းက ယခုလိုတာဝန်ယူခိုင်းသော ကိစ္စမျိုးတွင်ပင်အလွန်တည်ငြိမ်နေသည်။ သူက အလွန်တည်ငြိမ်စွာပြောသည်။
“မင်းတို့ ငါ့ကို သံသယဝင်လို့ရတယ်။ ဒါပေမဲ့ ကိစ္စကိုသေချာမစုံစမ်းခင် ငါကိုလာ မစွတ်စွဲနဲ့။”
“အမှန်တရားက ငါတို့ရှေ့မှာ ရှိနေပြီဘဲ။ မင်းက အချင်းချင်း ကပ်ပြီး လိမ်နေတာဘဲ။ အခြားသူတွေက မင်းကိုကျော်သွားပြီး သူ့ကို သတ်လို့လည်း မရနိုင်ဘူး။ ဒီတော့ မင်းကဘဲ သတ်တာဖြစ်ရမယ်။”
ဖန်းပေါ်က စိတ်ဆက်လွန်းသောသူ ဖြစ်သည်။ သူက ဒီဒေါသကို မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ထအော်လိုက်သည်။
“မင်းတို့ အကျိုးအကြောင်း ကောင်းကောင်း ပြောလို့ရမလား။ ဒီကိစ္စက သေချာမသိရခင် သောက်ကျိုးနည်း သူများအပေါ် အပြစ်လွှဲမချ စမ်းပါနဲ့။ ငါ တကယ်ကို နားမလည်တော့ဘူး။ မင်းတို့ ဘွဲ့ရတော့ မင်းနဲ့ လျိုယွမ်ကျစ်က အဆက်အဆံ မရှိကြတော့ဘူး။ ဒါပေမဲ့ အတိအကျပြောရရင် လျိုယွမ်ကျစ်က မင်းကို အထင်သေးပြီး လှောင်ပြောင်ခဲ့သေးတာ မဟုတ်လား။ ဒါက မင်းသာ သူ့ကို မုန်းတီးခဲ့စေတယ်လေ။ ဒါကို ဘာလို့ ခုမှ အရမ်းကို ဖားယားပြီး သူ့အတွက် အောင်ပွဲခံ ချီးကျူးပေးချင်နေတာလဲ။ ”
“မင်း ဒါက ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြင်းထန်တဲ့ တိုက်ခိုက်မှု ဖြစ်သွားပြီ … ။”
ကျောင်းသူက အလွန်အမင်း ဒေါသထွက်သွားသည်။ သူမ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမ၏ တစ်ကိုယ်လုံးက ဒေါသဖြင့် တုန်ရီနေပြီး ဖန်းပေါ်ကို လက်ညှိုးထိုးသည်။
“တိုက်ခိုက်တယ် ဟုတ်လား။ ဟုတ်တယ် ကြက်ကို တိုက်ခိုက်တာဘဲ။”
ဖန်းပေါ်က ဘယ်သောအခါမှ ပြိုင်ငြင်းရာတွင် ရှုံးမည့်သူမျိုး မဟုတ်ချေ။ တစ်ခုတစ်ရံတွင် သူ၏ပါးစပ်က အလွန်အဆိပ်ပြင်းသည်။ သူက ပြောသည်။
“အဆိပ်ကို အဆိပ်နဲ့ တိုက်တယ်လို့ခေါ်တယ်။ လူတစ်ယောက်ကို မြင်တဲ့အချိန်မှာ ငါတို့စကားပြော ကြည့်တယ်။ သရဲကို မြင်တဲ့အခါ သရဲဘာသာစကား ပြောရမယ်။ ဖားကို မြင်ရင်တော့ ငါ သေချာပေါက် တံတွေးထွေးရမှာဘဲ။”
“နင်…”
ထိုကျောင်းသူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရီလာသည်။ သူမက ဒေါသ ထွက်လွန်း၍ စကားပင် မပြောနိုင်တော့ချေ။
လျိုယွမ်ကျစ်၏ မျက်နှာကလည်း သုန်မှုန်လာသည်။ သူက ပြောသည်။
“တော်လောက်ပြီ ဖန်းပေါ်။ မင်း ယောကျာ်းရော ဟုတ်သေးရဲ့လား။ ဘာလို့ ဒီလိုစကားတွေ ပြောနေတာလဲ။ ”
သူ၏လက်ထဲရှိ ဗာဂျာရာ ငရုတ်ကျည်ပွေ့က အလင်းတန်းများကို လွင့်ထုတ်လာသည်။ ထိုအရာက မျက်စိဖမ်းစားလွန်းပြီး သူက အင်းအားတစ်ခု ပိုင်ဆိုင်နေကြောင်း သိလိုက်ရသည်။ အရှုပ်အထွေးသာ ဖြစ်လာလျှင် မည်သူကမှ ခုခံနိုင်မည် မဟုတ်လောက်ချေ။
ဖန်းပေါ်၏ မျက်နှာက မဲမှောင်သွားပြီး ပြောသည်။
“လူသတ်သမားက ယဲ့ဖန်း မဟုတ်ဘူး။ မင်းတို့အားလုံးက အဆုံးအစမဲ့အောင် ထပ်ပြီး မရပ်မနား အနှောက်ယှက်ပေးနေတာဘဲ။ ငါ မင်းတို့အားလုံကို ကိုယ့်သေးကို ပြန်တိုက်ပေးမယ်။”
ယဲ့ဖန်း၏ အကြည့်က လီရှောင်းမန် ထံရောက်ပြီးမှ လူတိုင်းထံ ရောက်သွားသည်။ ထိုအချိန်တွင် ကျောင်းသားသုံးယောက်က ရှေ့တက်လာသည်။
“ယဲ့ဖန်းက ဘယ်သူ့ကိုမှ မသတ်ဘူးလို့ ငါတို့ ယုံတယ်။”
လျိုယီယီ၊ ကျန်းကျစ်လင် နှင့် ဖန်းပေါ်အပြင် နောက်ထပ် သုံးယောက်က ယဲ့ဖန်း၏ ဘေး၌ရပ်နေကြသည်။ သူကိုယ်တိုင်အပါအဝင် အားလုံးပေါင်း ခုနစ်ယောက်ဖြစ်သွားသည်။ ထိုအချိန်တွင် လူဆယ့်ခြောက်ယောက်သာ ရှင်သန်တော့လေရာ တစ်ဝက်ခန့်နီးပါးက ယဲ့ဖန်းကို ယုံကြည်ကြသည်။
လင်းကျားက အလွန်ပင်လှပသည်။ သူမ၏ ပုံရိပ်က ကျော့ရှင်းကြည့်ကောင်းပြီး ဆွဲဆောင်မှု ပြင်းထန်သည်။ သူမက သဘာဝအလျှောက်ပင် ဖီးနစ်နီလို မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး ဒါလည်း ပြင်ထန်သော ဆွဲဆောင်မှုလည်း ဖြစ်နေသည်။
ဒီလိုအခြေနေမျိုးတွင်ပင် သူမက တည်ငြိမ်စွာ စကားပြောနိုင်သည်။ ထိုသို့ တည်ငြိမ်စွာ စကားပြောနေသည့်တိုင်အောင် သူက ဆွဲဆောင်မှု ပြင်းနေသေးသည်။
“ယဲ့ဖန်း မဟုတ်ဘူးလို့ ငါလည်း ခံစားရတယ်။ နင်တို့တွေအားလုံး သူ့ရဲ့အကျင့်ကို သိတာဘဲ။ သူက ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဒီလို အကြင်နာမဲ့တဲ့သူမျိုး မဟုတ်ဘူး။ သူက ဒီလိုသေးငယ်တဲ့ ကိစ္စနဲ့ အခြားသူတွေကို ဘယ်တုန်းက ပြိုင်ငြင်းဖူးလို့လဲ။”
လီကျန်းချင်က သဘောမကျ ဖြစ်သွားသည်။ သူက သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။
“သူကလွဲပြီး ဘယ်သူက ဖြစ်နိုင်မှာလဲ။ ငါတို့ထဲမှ ဘယ်သူက လူသတ်မှာလဲ။ ဘယ်သူက ဒီလိုအတွေးတွေ ရှိမှာလဲ။”
ဖန်းပေါ်က ချက်ချင်းဒေါသထွက်သွားပြီးနောက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“လီကျန်းချင် မင်း ဒီထက် ပိုကောက်ကျစ်တဲ့အကြံ ထုတ်ပြနိုင်ဦးမလား။ ဘယ်လိုတောင်မှ အခြားသူကို အလကားနေရင်း ဒုက္ခပေးပြီး စွတ်စွဲနေရတာလဲ။ ငါမင်းရဲ့မျက်နှာကို ကြေးနီရောင်ကျောက်ပြားနဲ့ တကယ်ဖိချပြီး ဖြတ်ရိုက်လိုက်ချင်တယ်။ အဲ့ဒီအခါ ဒီလိုယုတ်ညံ့တဲ့ စကားတွေ ထပ်ပြောနိုင်ဦးမလား ကြည့်ရသေးတာပေါ့။ ”
“ငါ မင်းနဲ့ ပြိုင်ငြင်းမနေဘူး။ ”
လီကျန်းချင်က ဒေါသထွက်စွာဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်လာသည်။ လက်ရှိအချိန်တွင် သူ၏ပါးများနှင့် နှာခေါင်းများက ယောင်ကိုင်းနေသေးသည်။ သက်တန့်ရောင် ယစ်ပုလ္လင်ပေါ်တွင် ဖန်းပေါ်က သူကို ဆက်တိုက်ရိုက်ခဲ့ခြင်း ဖြစ်သည်။
“ငါလည်း ယဲ့ဖန်းကို ယုံတယ်။ သူက ဒီလိုလူမျိုးမဟုတ်ဘူး။ သူက ဒီလို ရက်စက်တဲ့ အရာမျိုးကို မလုပ်ဘူး။ ”
ထိုအချိန်တွင် ဝမ်ကျစ်ဝမ်က အနားသို့ လျှောက်လာပြီး ယဲ့ဖန်းကို ယုံကြည်ရန် ရွေးချယ်သည်။
အစမှအဆုံးထိ ကျိုးရင်က ဘေးတွင် ဝင်ရပ်နေသူ ဖြစ်ခဲ့သည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင် သူက ရွေးချယ်လိုက်သည်။ သူက လျိုယွမ်ကျစ်၏ လက်ထဲမှတောက်ပနေသေးသော ဗာဂျာရာငရုတ်ကျည်ပွေ့ကို ကြည့်ပြီးနောက် တည်ငြိမ်စွာ ရှိနေသော ယဲ့ဖန်းကို ပြန်ကြည့်ကာပြောသည်။
“ငါတို့တွေ ဘယ်သူက လူသတ်သမားလဲဆိုတာကို ဒီအတိုင်း အလွယ်တကူ ဆုံးဖြတ်ချက်ချလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ယဲ့ဖန်းက ဒီလိုအတန်းဖော် အချင်းချင်း ဒုက္ခပေးမဲ့သူမျိုး မဟုတ်ဘူးလို့ ငါ ယုံတယ်။”
ထိုအချိန်တွင် ယဲ့ဖန်း၏ဘက်တွင် လူအလွန်များလာသည်။ တစ်ချို့သူများက ရိုးသားစွာပင် သူ့ကို ယုံကြည်ကြောင်း သူက နားလည်သည်။ တစ်ချို့သူများကမူ စစ်ဆေးအကဲဖြတ်ပြီးနောက် သူက လျိုယွမ်ကျစ်၏ ဗာဂျရာ ငရုတ်ကျည်ပွေ့ကို ရင်ဆိုင်ရချိန်တွင် အလွန်ပင် တည်ငြိမ်နေသည်။ သူတွင် ဝှက်ဖဲရှိသည်ဟု ထင်ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဒီလို ရွေးချယ်လိုက်ခြင်းလည်း ဖြစ်သည်။
” ယဲ့ဖန်း မဟုတ်ရင် ဘယ်သူလဲ။ ငါတို့ထဲမှာ လူသတ်သမား ရှိနေလို့လား .. ။”
လျိုယွမ်ကျစ်၏ မျက်နှာက အေးစက်လာသည်။ သူက ယဲ့ဖန်းကို ကြည့်ပြီးနောက် ဖန်းပေါ်ကို ပြောင်းကြည့်သည်။
“မင်းရဲ့ မျက်လုံးကို ဖယ်လိုက်စမ်းပါ။ မင်းက အလင်းရောင်ထွက်နေတဲ့ ငရုတ်ကျည်ပွေ့တစ်ခုကို ကောက်ကိုင်ထားတာနဲ့ဘဲ လူတိုင်းက မင်းကို ကြောက်မယ်လို့ ထင်နေလား။ ”
ဖန်းပေါ်က ဘာကိုမှ ဂရုမစိုက်တော့ချေ။ သူက အလွန်ကြမ်းတမ်း ခက်ထန်လာပြီး ပြောလိုက်သည်။
“ငါက ဒီကြေးနီရောင် ကျောက်ပြားကို သုံးပြီး မင်းရဲ့အဲ့ဒီအရာကို အရောင်မတောက်တော့အောင် ဖိရိုက်ပေးလို့ ရတယ်။”
လျိုယွမ်ကျစ်၏ မျက်နှာက ချက်ချင်း သုန်မှုန်သွားသည်။ သူက ထိုဗာဂျာရာ ငရုတ်ကျည်ပွေ့ကို ခပ်တင်းတင်းကိုင်ပြီးနောက် ရှေ့သုံးလှမ်းခန့် ရှေ့တိုးလာသည်။
ယဲ့ဖန်းက ဖန်းပေါ်ကို တားလိုက်သည်။ ထို့နောက် သူက လူတိုင်းကို ကြည့်ပြီး လေးလံသော မျက်နှာထားမျိုးနှင့် ပြောလိုက်သည်။
“လူသတ်သမားက ငါတို့ထဲက ဘယ်သူမှ မဟုတ်ဘူးလို့ဘဲ ငါ ပြောနိုင်မယ်။ ”
အပိုင်း (၂၄) ပြီး၏။