Chapter – 8 ရှရူအား သတ်ခြင်း
ရှီဖုန်း၏ တိုက်ခိုက်မှုစွမ်းအားက အလွန်အားနည်းသော်လည်း ရှရူးအား အိပ်မောကျနေရာမှ နိုးသွားစေသည်။
မည်သူမဆို အိမ်မောကျနေရာမှ ရုတ်တရက် အနှိုးခံလိုက်ရလျှင် ဒေါသထွက်ကြပေလိမ့်မည်။
“နို့နံတောင် မစင်သေးတဲ့ လူသားကများ ငါ့ကို ရန်စရဲတယ်ပေါ့… မင်းကို ပြားနေအောင် လုပ်ပစ်မယ်… “
ကျောက်ဘီလူးရှရူးက အော်ဟစ်ပြီး ရှီဖုန်းရှိရာဆီသို့ တစ်လှမ်းချင်း လျှောက်သွား၏။
ရှရူးအား မည်သည့်အခွင့်အရေးမှ မရစေနိုင်ရန် ရှီဖုန်းက ရှရူးလာရာ လမ်းကြောင်းတွင် ပေါက်ကွဲဘယ်ရီသီးတစ်လုံးကို ပစ်ပေါက်လိုက်သည်။
လျင်မြန်မှုသည် အမြဲတမ်း ကျောက်ဘီလူးကြီး၏ အားနည်းချက် ဖြစ်သည်။ အထူးလက်ရွေးစင်တစ်ယောက်သည်ပင် ချွင်းချက် မဟုတ်ပေ။ ရှရူးတွင်ကား ပို၍ ကြီးမားသော အရွယ်အစား၊ သာလွန်သော တိုက်ခိုက်မှုနှုန်း နှင့် ပိုများသော တိုက်ခိုက်ရေးနည်းလမ်းများ ရှိသည်။ ၎င်း၏ ရွေ့လျားမှုနှုန်း နှင့် တိုက်ခိုက်မှုနှုန်းက တခြားကျောက်ဘီလူးများထက် အနည်းငယ်ပို၍ မြန်ဆန်သော်လည်း ပေါက်ကွဲဘယ်ရီသီးများ၏ နှေးကွေးစေနိုင်သော သက်ရောက်မှုကြောင့် လိပ်ပမာ နှေးကွေးလျက် ရှိနေလေသည်။
ရှရူး၏ခေါင်းအထက်တွင် ထိခိုက်မှုများ အစဉ်လိုက် ပေါ်လာသည်။
-2, -2, -2, -2
ထိုမျှမကဘဲ နောက်ထပ်ခုတ်ပိုင်းလိုက်သော ခုတ်ချက်စကေးကြောင့် ထိခိုက်မှု -6 က ဦးခေါင်းထက်တွင် ထပ်မံပေါ်လာသည်။
ပြောရလျှင် ရှရူးများတွင် ကြောက်မက်ဖွယ်ရာ ခုခံနိုင်စွမ်းရှိသည့်အတွက် မိုးကြိုးလျှပ်စီး၏ထပ်ပေါင်း ထိခိုက်နိုင်စွမ်းနှင့်ပင် အဆင့်(၂) ခုတ်ချက်စကေးသည် ထိခိုက်မှု ၆ သာရှိလေသည်။ အဆင့်(၁) ခုတ်ချက်ဆိုလျှင် ထိခိုက်မှု ၄ သာရှိပေမည်။
ဆက်တိုက် တိုက်ခိုက်မှုများစွာကို ခံရပြီးမှ ရှရူးက တစ်ဖက်သို့ လှည့်လာနိုင်၏။ ရှရူးက သူ၏ တောင်တစ်လုံး အရွယ်အစားခန့် ရှိသည့် ခြေထောက်ကြီးအား မ၍ ရှီဖုန်းထံသို့ ဖိနင်းလိုက်သည်။
ပြန်လည်မွေးဖွားခဲ့သူတစ်ယောက်ဖြစ်သည့် ရှီဖုန်းသည် နတ်ဘုရားနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော တိုက်ပွဲအလီလီကို ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ရှရူးနှင့် ရင်ဆိုင်နေစဉ် သူ့က ကြောက်လန့်မနေပေ။ ရှရူး၏ နှေးကွေးလှသော တိုက်ကွက်ကို ခြေတစ်လှမ်းတည်းဖြင့် ရှရူး၏နောက်သို့ ရှောင်ထွက်သွားပြီး ဆက်တိုက် မရပ်မနား တိုက်ခိုက်ပြန်သည်။
၅စက္ကန့် ကုန်လွန်ပြီးနောက် ရှရူး၏ HPက 18 HP ပြန်ပြည့်လာပြီး 886 HP ကျန်ရှိသေးသည်။ ထိုတစ်ခဏလေးအတွင်း၌ ရှီဖုန်း၏ အားထုတ်မှု တစ်ဝက်ခန့်ကား သဲထဲရေသွန် ဖြစ်သွားလေသည်။
သာမန်အမျိုးအစားများနှင့်ယှဉ်လျှင် လက်ရွေးစင် မွန်းစတားများ သို့မဟုတ် ထိုထက်မြင့်သည့် မွန်းစတားများသည် တိုက်ပွဲအတွင်း၌ ငါးစက္ကန့်လျှင် HP ၂ ရာခိုင်နှုန်း ပြန်လည်ပြည့်၏။ ရှရူးတွင် 900HP ရှိသည့်အတွက် ငါးစက္ကန့်လျှင် 18HP ပြန်လည်ပြည့်သည်။
ရှရူ၏ HP ပြန်လည်ပြည့်နှုန်းသည် ရှီဖုန်း၏ ပုံမှန်တိုက်ခိုက်မှုများမှ ထိခိုက်မှုများထက်ပင် သာနေသေးသည်။
ဤသို့ ဖြစ်နေသည့်တိုင်အောင် ရှီဖုန်းက တည်ငြိမ်စွာပင် ဓားကိုဝှေ့ယမ်း၍ ရှရူး၏ HP များကို ဆက်တိုက် နုတ်ယူလျက် ရှိသည်။
သာမန်ကစားသမားတစ်ယောက်ကသာ ထိုကဲ့သို့ မြင့်မားလှသော HP နှင့် ပြန်လည်ပြည့်နိုင်စွမ်းကို မြင်လျှင် ချက်ချင်း လက်လျှော့သွားမည် ဖြစ်သော်လည်း ရှီဖုန်းကား လက်မလျှော့ချေ။ သွက်လက်မှုတွင် ၁၆မှတ် ရှိနေခြင်းက ရှီဖုန်းအား တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်နိုင်စေပြီး သူ၏တိုက်ခိုက်မှုနှုန်း မြင့်မားခြင်းကလည်း ရှရူး၏ အသက်ပြန်ပြည့်နှုန်းကို လုံးဝ တိုက်ခိုက်စေသည်။ သို့သော်လည်း ရှရူးကို သတ်လိုပါက အချိန်များစွာ လိုအပ်ပေလိမ့်မည်။
ရှောင်ရှားခြင်း နှင့် တိုက်ခိုက်ခြင်းကိုသာ ဆက်တိုက် ပြုလုပ်နေပါက လွန်စွာ ပျင်းရိဖွယ်ကောင်းလှသည့်အပြင် ပြင်းထန်သောတိုက်ကွက်များ ထုတ်သုံးနေရသည်မှာလည်း ကိုယ်ရောစိတ်ပါ အလွန်ပင်ပန်းစေသည်။
စက္ကန့်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ရှရူး၏ HP သည်လည်း ဆက်တိုက် ကျဆင်းလာသည်။
ဆယ့်ငါးစက္ကန့်ကြာပြီးနောက်… ။
မိုးကြိုးလျှပ်စီး၏ ထပ်ပေါင်းသက်ရောက်နိုင်စွမ်း ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှီဖုန်း၏ ထိခိုက်နိုင်စွမ်းကား သိသိသာသာ လျော့ကျသွားပြီး ဓားချက်တစ်ခုစီက ထိခိုက်မှု ၁မှတ်သာ ရှိတော့ပြီး ခုတ်ချက်ကလည်း ရှရူးထံမှ 4HP သာ ယူနိုင်တော့သည်။ ထိုအခါ ရှီဖုန်းသည် အခြေအနေ မဟန်လှသော တိုက်ပွဲအတွင်း ရောက်သွားလေသည်။
နောက်ထပ် ၅စက္ကန့်ကုန်လွန်ပြီးနောက် ရှရူးသည် 18HP ပြန်လည် ပြည့်လာပြန်သည်။
သို့ရာတွင် ရှီဖုန်းကား ထို၅စက္ကန့်အတွင်း ထိခိုက်နိုင်စွမ်း 17 အထိသာ တိုက်ခိုက်နိုင်ခဲ့သဖြင့် ရှရူး၏ ပြန်လည်အသက်ပြည့်နိုင်စွမ်းကို အမှီလိုက်ရန် မလုံလောက်ပေ။
ရှီဖုန်း မျက်မှောင်ကျုံ့လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ရှရူးကို သတ်ရန် ခက်ခဲလွန်းလှသည်။ သူ၏ တိုက်ခိုက်မှုစွမ်းအားက အသက်ပြန်ပြည့်နှုန်းကို မယှဉ်နိုင်လျှင် သူ၏တိုက်ခိုက်မှုများက အကျိုးမရှိသည့် ကြိုးစားအားထုတ်မှုများ ဖြစ်နေပေလိမ့်မည်။
“ငါ လက်လျှော့လိုက်ရမလား… “
ထိုကဲ့သို့ တွေးနေစဉ်မှာပင် ရှရူးက အော်ဟစ်၍ ခြေကို ဆောင့်ချလိုက်သည်။
“မင်းကို ပြားနေအောင် နင်းချေပစ်မယ်… “
ရုတ်တရက် ဂူကြီးတစ်ခုလုံး သိမ့်သိမ့်ခါသွားပြီး ချွန်ထက်လှသော ကျောက်စက်ပန်းဆွဲများက ဂူမျက်နှာကျက်မှ တစ်ခုပြီးတစ်ခု ပြုတ်ကျလာကာ ဂူတစ်ခုလုံးအား ဖုံးအုပ်သွားသည်။
“အဖွဲ့လိုက်သတ်ဖြတ်ခြင်း စကေးပါ ရှိတာလား… “
အခြေအနေ မဟန်တော့သည်ကို မြင်၍ ရှီဖုန်းက ပြုတ်ကျနေသော ကျောက်စက်ပန်းဆွဲများကို ရှောင်ရှားရင်း ရှရူးနှင့်ဝေးရာသို့ အလျင်အမြန် သွားလိုက်သည်။
ကျောက်စက်ပန်းဆွဲများသည် အဆက်မပြတ် ကျလျက်ရှိပြီး ကျလာသည့်အရှိန်ကလည်း မြန်လှသည်။ အကယ်၍ အဖွဲ့လိုက်သာ ဤနေရာ ကျဉ်းကျဉ်းလေးသို့ ရောက်လာပါက ရှောင်စရာနေရာပင် ကျန်လိမ့်မည်မဟုတ်ဘဲ တစ်ဖွဲ့လုံး ဇာတ်သိမ်းသွားနိုင်သည်။ သူ၏ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်နှင့် ကျယ်ဝန်းသောနေရာကြောင့်သာ မဟုတ်လျှင် ရှီဖုန်းတောင်မှ ပြုတ်ကျလာသော ကျောက်တုံးများကို ရှောင်ရန် ခက်ခဲပေလိမ့်မည်။
ရှရူးသည် စကေးကို ထုတ်သုံးပြီးသောအခါ ပင်ပန်းသော အမူအရာကို ပြသလာသည်။ ထိုအခါ ရှီဖုန်း၏မျက်လုံးများက အရောင်တောက်လာပြီး ရှေ့သို့ အလျင်အမြန် ပြေးသွားလိုက်သည်။
“မိုးကြိုးလျှပ်စီး… “
“ခုတ်ချက်… “
-4, -5, -6, -10
ရုတ်တရက် ကြောက်မက်ဖွယ်ရာ ထိခိုက်မှုများ ဆက်တိုက် ထွက်ပေါ်လာသည်။
(ခြေကုန်လက်ပမ်းကျခြင်း) အခြေအနေသည် ဘော့စ်မွန်းစတားတစ်ကောင်က စွမ်းအားမြင့် တိုက်ကွက်တစ်ခု ထုတ်သုံးပြီးနောက်တွင် ဖြစ်ပေါ်လာသော အခြေအနေ ဖြစ်သည်။ ဤအခြေအနေတွင် ဘော့စ်၏ တိုက်ခိုက်မှုနှင့်ခုခံမှု နှစ်ခုစလုံးက သိသိသာသာ လျော့ကျသွား၏။
ထို့ကြောင့် ရှီဖုန်းက ရှရူးကို သတ်နိုင်ရန် မျှော်လင့်ချက်ကို ပြန်လည်ရရှိလာသည်။
ရှီဖုန်းသည် အခွင့်အရေးကို မလွတ်မပေးဘဲ ပြင်းပြင်းထန်ထန် ဆက်တိုက်တိုက်ခိုက်လိုက်သည်။
-4, -4, -4…
ရှရူး၏ ခြေကုန်လက်ပမ်းကျချိန်နှင့် ထပ်ပေါင်းထိခိုက်မှု ၁၅စက္ကန့်အတွင်း၌ ဓားချက်တစ်ချက်တိုင်းက 4HP နုတ်ယူသွား၏။
ထိုအချိန်အတွင်း ရှရူး၏ အသက်ပြန်ပြည့်နှုန်းသည်လည်း တစ်ရာခိုင်နှုန်းသို့ လျော့ကျသွားသည်။
ရှရူးက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားချိန်တွင် ရှီဖုန်းက ရှရူး၏ HP ၁၅ ရာခိုင်နှုန်းကို နုတ်ယူပြီးဖြစ်၏။
နောက်ပိုင်းတိုက်ခိုက်မှုများတွင် ရှီဖုန်းက ရှရူ၏ အသက်ပြန်ပြည့်နှုန်းကို မီနိုင်ရန်အတွက် ကြိုးစားပန်းစား တိုက်ခိုက်နေ၏။ စက္ကန့် ၃၀တိုင်း မိုးကြိုးလျှပ်စီးစကေးဖြင့် တိုက်ခိုက်ကာ ကျောက်ဘီလူးရှရူ၏ HPကို အထိနာစေသည်။ ထို့နောက်တွင် ရှရူးက အဖွဲ့လိုက်သတ်ဖြတ်ခြင်းစကေးအား ထုတ်သုံးမည့်အချိန်ကို စောင့်၏။ အဖွဲ့လိုက်သတ်ဖြတ်ခြင်းစကေးသည် ကစားသမားအဖွဲ့များအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သော်လည်း ရှီဖုန်းအတွက်ကား အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် အချိန်အတိုင်းအတာတစ်ခု ကြာသောအခါ ရှရူးသည် အဖွဲ့လိုက် သတ်ဖြတ်ခြင်းစကေးကို ထုတ်သုံးတော့သည်။ ရှီဖုန်းက ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ ရှရူး၏ HP ၁၆ ရာခိုင်နှုန်းကို နုတ်ယူလိုက်သည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။
ဘယ်ရီသီး ၅လုံး သုံးပြီးနောက် ရှရူးတွင် HP ၃၂ ရာခိုင်နှုန်းသာ ကျန်တော့သည်။
ရှရူးက အဖွဲ့လိုက်သတ်ဖြတ်ခြင်းစကေးအား နောက်တစ်ခါ ထပ်သုံးသောအခါ ရှီဖုန်းသည် ရှရူး၏ နောက်ထပ် HP ၁၆ ရာခိုင်နူန်းကို နုတ်ယူလိုက်သည်။ ထို့ကြောင့် ရှရူး၏ HPက ၁၆ ရာခိုင်နှုန်းသာ ကျန်တော့သည်။
ရှရူး၏ HPက ၁၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားချိန်တွင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှရူး၏ ခန္ဓာကိုယ်သည် ချက်ချင်း ကျုံ့ဝင်သွားပြီး သူ၏တိုက်ခိုက်မှုနှင့် ခုခံမှုကလည်း လျော့ကျသွား၏။ သို့သော်လည်း ရွေ့လျားမှုနှုန်းနှင့် တိုက်ခိုက်မှုနှုန်းက မြန်လာသည်။ ထိုပြောင်းလဲမှုသည် ရှီဖုန်းအား ဒုက္ခဖြစ်စေသည်။
ပေါက်ကွဲဘယ်ရီသီး၏ အကျိုးသက်ရောက်မှုက ကျန်နေသေးသော်လည်း ရှရူး၏ တိုက်ခိုက်မှုများက မြန်သထက် မြန်လာပြီး ရှီဖုန်းကိုပင် ထိခိုက်လုနီး ဖြစ်သွား၏။
ရှီဖုန်းသည် အဆင့်၂ သာ ရှိသေးသည့်အတွက် ရှရူး၏ တိုက်ခိုက်မှုစွမ်းအားက လျော့ကျသွားလျှင်တောင်မှ တစ်ချက်ထိသွားရုံမျှဖြင့် ရှီဖုန်းက အဆုံးသတ်သွားနိုင်သည်။ သူသာ သေသွားပါက အဆင့်တစ်ခုနှင့် စကေးကျွမ်းကျင်မှုများပါ ဆုံးရှုံးသွားနိုင်သည်။ ထိုရလဒ်သည် သူလိုချင်သည့် အရာ မဟုတ်ပေ။
“တိုက်… ”
မြေဆွဲအားလွတ်မြောက်ခြင်းစကေးကို အသုံးပြုလိုက်သည်နှင့် ရှီဖုန်းက ရှရူ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရသည်မှာ ပိုလွယ်ကူလာသည်။
သူ့အနေဖြင့် HP ၁၅ ရာခိုင်နှုန်းသာ ကျန်တော့သည့် အထူးလက်ရွေးစင်မွန်းစတားကို အလွယ်တကူ လက်လျှော့ပစ်ရန် မဖြစ်နိုင်ပေ။
ရှီဖုန်းက ရှရူအား စက်ဝိုင်းပုံ ပတ်၍ ဓားဖြင့် အဆက်မပြတ် တိုက်ခိုက်လေသည်။
ဓားချက်တစ်ခုစီက ထိခိုက်မှု -3 ဖြစ်စေကာ ရှရူး၏ HPကို တဖြည်းဖြည်း လျှော့နေ၏။
14%… 10%… 9%… 8%… 5%…
မြေဆွဲအားလွတ်မြောက်ခြင်း၏ အချိန်ကား တစ်ဖြည်းဖြည်း နည်းလာပြီး ၇စက္ကန့်သာ ကျန်တော့သည့်အချိန်တွင် ရှရူး၏ hp က ၅ရာခိုင်နှုန်း ကျန်နေသေး၏။ ရှရူး မသေခင် မြေဆွဲအားလွတ်မြောက်ခြင်း၏ အချိန်က အရင်ကုန်သွားလျှင် သူက ရှရူး၏ လက်ချက်ဖြင့် ကျိန်းသေ သေဆုံးရပေလိမ့်မည်။
“မြန်စမ်း… မြန်စမ်း… မြန်စမ်း… “
ရှီဖုန်း၏မျက်လုံးများက နီရဲလာကာ သူ၏ဓားချက်များ မြန်သည်ထက် မြန်လာသည်။
ရှရူး၏ HPက 10HPသာ ကျန်တော့သည့်အချိန်တွင် မြေဆွဲအားလွတ်မြောက်ခြင်းစကေး၏ အချိန်က ပြည့်သွား၏။
ရှီဖုန်း၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားသည့်အတွက် ရှရူး၏ မျက်နှာထက်တွင် လူသားတစ်ယောက်ကဲ့သို့ အေးစက်ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာကာ ရှီဖုန်းကို လက်သီးဖြင့် ထိုးလိုက်သည်။
“သေစမ်း… “
ထိုအခိုက်အတန့်တွင် မိုးကြိုးလျှပ်စီးစကေး၏ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းရသည့်အချိန်က ပြန်ပြည့်သွား၏။
“မိုးကြိုးလျှပ်စီး… “
တစ်ခဏအတွင်းမှာပင် ရှရူး၏ ခန္ဓာကိုယ်တစ်လျှောက် အလင်းတန်း သုံးတန်း ဖြတ်ပြေးသွားသည်။
-4, -5, -6.
ရှရူး၏ လက်ကျန်10HPက နုတ်ယူခံလိုက်ရလေပြီ။
“ဘုန်း… “ ရှရူးက ကျောက်တုံးပုံတစ်ခုအဖြစ် ပြောင်းသွား၏။
စနစ်။ ။ အထူးလက်ရွေးစင် ရှရူးကို သတ်နိုင်လိုက်ပါပြီ။ အဆင့် ကွာခြားချက် ၄။ EXP 400% တိုးသည့်အတွက် ရရှိသည့် EXPက 940 ဖြစ်ပါသည်။
ရှီဖုန်း၏ EXP တန်းက ၂၇ရာခိုင်နှုန်း တိုးသွားပြီး အဆင့်၃ ရောက်ရန် အနည်းငယ် နီးကပ်လာသည်။
ရှရူးကို သတ်ပြီးနောက် ရှီဖုန်းက ကျောက်ခဲပုံဘေးတွင် မွှေနှောက်ရှာလိုက်သည်။
အထူးလက်ရွေးစင်ဆီမှ ကျသည့် အိုင်တမ်များသည် သာမန်လက်ရွေးစင်မှ ကျသည့် အိုင်တမ်များထက် အများကြီး ပိုကောင်း၏။ ရှီဖုန်းက ရှရူးဆီမှ လက်နက်တစ်ခု၊ စကေးစာအုပ်တစ်အုပ်နှင့် ကြေးပြား၁၆ပြားကို ရရှိလိုက်သည်။
“အဆင့်ပိုမြင့်တဲ့ ကောင်တွေဆီက ရတဲ့ ဆုတွေက တကယ်ကို ကောင်းတာပဲ… ကြေးဒိုင်းတောင် ရလိုက်သေးတယ်… ပြန်ရောင်းရင် ဈေးကောင်းကောင်းနဲ့ ရမှာပဲ… “
ရှီဖုန်းက လက်ထဲရှိ အပြာရောင် ကြက်ခြေခတ်သဏ္ဍာန်ဒိုင်းကို ကြည့်ပြီး အဖွဲ့အစည်းများက ဈေးကြီးပေး၍ ဝယ်ကြမည်ကို မြင်ယောင်ကြည့်လိုက်သည်။
သံမာဒိုင်း (ကြေး အဆင့်)
တပ်ဆင်ရန် လိုအပ်မှု: သန်မာမှု ၈
ကိရိယာ အဆင့်: ၅
ခုခံမှု +၂၁
ခုခံမှုနှုန်း ၂၃%
ခွန်အား +၂
ခံနိုင်ရည်စွမ်း + ၄
HP +30
ဒိုင်းက ဤကဲ့သို့ စွမ်းရည်များ ရှိနေသောကြောင့် အဆင့်မြင့်အရည်အသွေး ရှိသည်ဟု သတ်မှတ်နိုင်သည်။ ဒိုင်းကို တပ်ဆင်လိုက်ပါက ခုခံမှုကလည်း များစွာ တိုးလာပြီး HPကလည်း အမှတ်၁၁၀ တိုးလာပေလိမ့်မည်။ ထိုHPပမာဏသည် အဆင့်၅ စစ်သည်တစ်ဦး၏ HP ၅ပုံ ၁ပုံခန့် နှင့် ညီမျှပြီး အဆင့်၅ မြေအောက်ဘုံကို ဝင်ရောက်ရန် အတွက် လိုအပ်သည်ထက်ပင် ပိုနေလေပြီ။
စကေးစာအုပ်ကလည်း အမျိုးအစားများအားလုံး အသုံးပြုနိုင်သည့် (တန်ပြန်တိုက်ခိုက်ခြင်း)စကေးတစ်ခု ဖြစ်သည်။ စကေးကို သုံးရန် လက်နက်တစ်ခု လိုအပ်ပြီး အရှေ့မှလာသည့် တိုက်ခိုက်မှုတစ်ခုကို ကာကွယ်နိုင်သည်။ ပြန်လည်အသုံးပြုရန် ကြာချိန်ကတော့ စက္ကန့်၃၀ ဖြစ်၏။
တန်ပြန်တိုက်ခိုက်ခြင်းစကေးသည် အနီးကပ်တိုက်ပွဲများတွင် ကျော်ကြားသော စကေးတစ်ခု ဖြစ်ပြီး စစ်သည်များအတွက် မဖြစ်မနေ သင်ယူရသည့် စကေးတစ်ခုလည်း ဖြစ်သည်။ တန်ပြန်တိုက်ခိုက်ခြင်းစကေးက အသက်ကယ်စကေးတစ်ခု ဖြစ်သည့်အတွက် ကျသည့်နှုန်းက အလွန်နည်းသည့်အပြင် ဆိုင်များတွင် ရောင်းချခြင်းလည်း မမြင်ဖူးသလောက်ပင် ဖြစ်သည်။
တန်ပြန်တိုက်ခိုက်ခြင်းစကေးကို အရေးကြီးသည့်အချိန်တွင် အသုံးပြုလိုက်လျှင် ကြုံနေရသည့် ဒုက္ခများကို ကျော်လွှားပေးနိုင်သည်။ အထူးသဖြင့် ဘော့စ်မွန်းစတားများနှင့် တိုက်ခိုက်သည့်အချိန် ဖြစ်သည်။ ကုသသူများက အချိန်မီ ကုသနိုင်စေရန် တန်ပြန်တိုက်ခိုက်ခြင်းစကေးကို သုံး၍ မွန်းစတား၏ တိုက်ခိုက်မှုကို ကာကွယ်ကာ အချိန်ဆွဲပေးနိုင်သည်။
စကေးကို ကြည့်ပြီးနောက် သင်ယူရန် ဆုံးဖြတ်လိုက်သည်။ စကေးစာအုပ်ကို ဒိုင်းနှင့်အတူ ရောင်းလိုက်ပါက ငွေများ ပိုရနိုင်သော်လည်း ထိုလုပ်ရပ်သည် ကြက်ဥကို လိုချင်၍ ကြက်ကို သတ်လိုက်သည်နှင့် မခြားနားပေ။ ရှီဖုန်းကတော့ ဘယ်တော့မှ ထိုသို့ လုပ်လိမ့်မည် မဟုတ်ချေ။
ရှရူးကို သတ်ပြီးနောက် ရှီဖုန်း တောင်ပေါ်သို့ ဆက်တက်လေသည်။
ကြေးအဆင့်ဒိုင်းသည် ငွေကြေးအနည်းငယ်သာတန်၏။ တကယ့် တန်ဖိုးအရှိဆုံး ရတနာသည် လျှို့ဝှက်ငွေရတနာသေတ္တာ ဖြစ်သည်။
ရှီဖုန်းတွင် လက်ရှိ ပေါက်ကွဲဘယ်ရီသီး လေးလုံးသာ ကျန်တော့သော်လည်း ခရီးက သုံးပုံ တစ်ပုံပင် မရောက်သေးချေ။ နားနေသည့် နေရာများတွင်လည်း မွန်းစတားများနှင့် တွေ့နိုင်သေး၏။ ထို့ကြောင့် ရှီဖုန်းက သွားမည့်လမ်းကြောင်းကို ဂရုတစိုက် ရွေးချယ်လိုက်သည်။
နာရီဝက် ကြာပြီးနောက်… ။
ရှီဖုန်းက တောင်ပေါ်သို့ ဂရုတစိုက်ဖြင့် တက်လာခဲ့ပြီး နောက်ဆုံးတွင် တောင်ထိပ်သို့ ရောက်လာခဲ့လေပြီ။ တိမ်များနှင့် မြူခိုးများကြောင့် တောင်ထိပ်မှ မြင်ကွင်းသည် မှုန်ဝါးနေကာ ရှေ့ကိုက် ၂၀ လောက်သာ မြင်နိုင်၏။
တောင်ပေါ်သို့ တက်လာသည့် လမ်းတစ်လျှောက်တွင် သူက ကျန်ရှိနေသေးသော ဘယ်ရီသီးလေးလုံးကို ကျောက်ဘီလူးများနှင့် တိုက်ခိုက်ရာတွင် သုံးခဲ့ရသည်။ ယခုအချိန်တွင် နောက်ထပ် ကျောက်ဘီလူးတစ်ကောင် ပေါ်လာပါက လက်လျှော့၍ အစမှ ပြန်စရုံသာ ရှိတော့မည်။
ရှီဖုန်းက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်သည်။ ရှီဖုန်း၏ အမြင်အာရုံက ရှေ့ကို မှုန်ဝါးဝါးအရိပ်များသာ မြင်နိုင်လေသည်။
ထိုအချိန်တွင် စနစ်မှ အရေးပေါ် သတိပေးချက် ထုတ်ပြန်လာသည်။
စနစ်။ ။ ကစားသူသည် ပျောက်ဆုံးနေသောနယ်မြေကို ရှာတွေ့ခဲ့ပါပြီး လျှို့ဝှက်တာဝန် ‘အတိတ်မှ ကျော်ကြားမှု’ ကို အသက်သွင်းလိုက်ပါပြီ။ ဒါ့ကြောင့် ကစားသူကို အပြင်လောကနှင့် ယာယီအဆက်အသွယ် ဖြတ်တောက်ထားပါမည်။ တာဝန် မပြီးမချင်း ထွက်မသွားနိုင်ပါ။
“သေစမ်း… အဲ့ဒီလုပ်ကြံသတ်ဖြတ်သူတွေက လိမ်ထားတာပဲ… “ ရှီဖုန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ထိုလုပ်ကြံသတ်ဖြတ်သူများက သတင်းများကို ထိန်ချန်ထားခြင်း ဖြစ်ရပေမည်။
တောင်ထိပ်ပေါ်မှ အခြေအနေသည် လုပ်ကြံသတ်ဖြတ်သူများ တင်ပြထားသည့် အခြေအနေနှင့် လုံးဝ ကွာခြားနေသည်။
အပိုင်း ၈ ပြီး၏။