Switch Mode

Chapter – 23

Chapter – 23

အမှောင်ထဲတွင် လူတစ်ချို့က တီးတိုးငြီးနေကြပြီး တစ်ချို့သူများကမူ တုန်ရီနေကြသည်။ သူတို့က မျက်လုံးကို မှိတ်လိုက်သည့် အချိန်တိုင်း သူတို့၏ နဖူးထိုးဖောက်ခံရကာ သွေးများပန်းထွက်လာကာ ဦးနှောက်အပိုင်းအစများ မြင်ကွင်းကိုသာ မြင်နေရသည်။ ထိုအရာက အိမ်မက်ဆိုးလို မြင်နေရသည်။ သို့ရာတွင် သရဲတစ်ကောင်လိုလည်း သူတို့၏ နှလုံးသားထဲတွင် ရစ်ဝဲနေပြန်သည်။
အတန်းဖော်များ၏ ဆိုးရွားသော သေခြင်းကို မေ့ပျောက်ရန် ခက်ခဲနေကြသည်။ ထို့ပြင် ဝမ်းနည်းဖွယ်ကောင်းသော သွေးမြင်ကွင်း အဆုံးအစမဲ့သော စိတ်ပျက်အားငယ်မှု မပိတ်နိုင်သောမျက်ဝန်းများနှင့် ငယ်ရွယ်သော မျက်နှာများက သူတို့၏ရှေ့တွင် အထင်းသား မြင်နေခဲ့ရပြီးဖြစ်သည်။ လေးနှစ်တာကာလပတ်လုံး အတူရှိခဲ့သော အတန်းဖော်များထဲမှ အသက် ဆယ့်သုံးသက်က သေဆုံးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် တစ်ရက်ထဲ သေဆုံးသွားခြင်း ဖြစ်သည်။ ကြေးနီရောင်အခေါင်းထဲတွင် အလွန်အမင်း မဲမှောင်နေသည်။ သို့သော် တစ်ချို့သော ကျောင်သူများက တရှုံ့ရှုံ့ ငိုနေ့ကြသည်။ တစ်ချို့သော ကျောင်းသားများကမူ သက်ပြင်းချနေပြသည်။ သူတို့က လွတ်မြောက်ခဲ့လည်း လမ်းကြောင်းက ရှည်လျားကာ ခန့်မှန်းရခက်ခဲ နေသေးသည်။
“နဂါးအလောင်း ကိုးလောင်းက အခေါင်းကို ဆွဲခေါ်သွားမှာလဲ။ ဘယ်နေရာကို ထပ်ရောက်သွားမှာလဲ။ သူတို့ရဲ့ဘုံက ဘယ်နေရာမှာလဲ။”
ထိုနေရာတွင် အလင်း မရှိချေ။ ခါးသီးမှု ပင်လယ်ကသာ လှိုင်းထန်နေသည်။ ထို့ပြင် နတ်ဘုရားများ လျှောက်သော ရှေးဟောင်းလမ်းကို သူတို့ လိုက်ရမည်လား မသေချာသေးချေ။
နတ်ဘုရားများ၏ ကံကြမ္မာ နတ်ဘုရားများ၏ ဦးတည်ရာက မည်သို့သောနေရာ ဖြစ်ကြောင်းကိုလည်း သူတို့က မသိကျပြန်ချေ။ အချိန်အတန်ကြာပြီးနောက် အခေါင်းကြီးက ရုတ်တရက် ငြိမ်သက်သွားသည်။
မြေကမ္ဘာမှ အချိန်အရဆိုလျှင် ယခုက ညနက်နေလောက်ပြီ။ လူတိုင်းက ပို၍ ပင်ပန်းနွမ်းနယ်နေကြပြီး စိတ်ဓာတ်ကျနေကြကာ အိပ်မောကျသွားကြသည်။
လူအများစုက စိုးရိမ်စိတ်ဝင်နေပြသည်။ သူတို့က အိမ်မက်ထဲတွင်ပင် ငိုနေကြသည်။ သူတို့က သူတို့၏ လက်ထဲမှ ပစ္စည်းများကိုသာ ခပ်တင်းတင်းကိုင်ထားကြသည်။ သူတို့က တစ်စုံတစ်ရာကို မှီခိုချင်နေကြသည်။
ထိုနေ့က မုန်တိုင်းထန်လွန်းသောည ဖြစ်ခဲ့သည်။ လူအများက ကောင်းကောင်း မအိပ်နိုင်ခဲ့ကြချေ။ သူတို့က မကြာခဏလိုလို အိမ်မက်ဆိုးမှ လန့်နိုးလာကြသည်။ သို့သော် မိန်းခလေးများကမူ နိုးလာသည့်အခါ ငိုကြသည်။ သူတို့က အားနည်းလွန်းသောကြောင့် မဟုတ်ဘဲ အတွေ့အကြုံက ကြောက်စရာကောင်းသောကြောင့် ဖြစ်သည်။ ကိစ္စပေါင်းများစွာကို တွေ့ကြုံခဲ့ရပြီး အစစ်အမှန် အမှားဖြစ်စေ ကောလဟာလဖြစ်စေ ကိစ္စများက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းစေကာမူ ယခင်က ကိစ္စများက ပုံပြင်ဖြစ်ခဲ့နိုင်သော်လည်း ယခုကိစ္စကမူ ကိုယ်တွေ့ဖြစ်နေသည်။
ထို့ကြောင့် မတူတော့သော ကိစ္စများလည်း ဖြစ်လာသည်။
ထိုမြို့ကြီးပြကြီးမှ အမျိုးသား အမျိုးသမီးများက သက်တောင့်သက်သာရှိသော ဘဝတွင် နေထိုင်ခဲ့ရသောကြောင့် ထိုမျှ ဝမ်းနည်းစရာကောင်းသော ဖြစ်ရပ်ဖြစ်လာခြင်းက သူတို့၏စိတ်ကို မယုံနိုင်စရာကောင်းလွန်းသော မှင်သက်မှုကြီးတစ်ခု ဖြစ်လာစေသည်။ သူတို့က ဒဏ္ဍာရီလာ မိစ္ဆာများက သူတို့၏ အပေါင်းဖော်များ၏ အလောင်းကို ကျိတ်ဝါးနေခြင်းကို မြင်ခဲ့ရသည်။ သို့သော် လူတိုင်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေခြင်းကို မြင်ခဲ့ရသည်။
ဒါကို သူတို့ မကြောက်ဘဲ ဘယ်လိုနေနိုင်မှာလဲ။
ဖန်းပေါ်ကဲ့သို့ လွတ်လပ်သော လူတစ်ယောက်ပင် အိပ်ရန် ခက်ခဲနေသည်။ သူက ကြောက်သောကြောင့် မဟုတ်ဘဲ သူ့အရှေ့မှ လူအများကြောင့် လန့်နိုးလာရခြင်းဖြစ်သည်။ ယဲ့ဖန်းကလည်း ထို့နည်းတူ ဖြစ်သည်။ သူတို့က အိပ်ရန် ခက်ခဲနေကြသည်။ ပတ်ဝန်းကျင်မှ လူများက အိပ်နေရင်း ကယောင်ကတန်း စကားပြောနေကြသလို အိမ်မက်ဆိုးမက်ပြီး ငိုကြပြန်သည်။ ထို့ကြောင့် သူတို့က အိပ်စက်ရန်ပင် ပို၍ခက်ခဲလာသည်။
ငါးနာရီ ခြောက်နာရီခန့်ကြာပြီးနောက် လူတိုင်းနီးပါး နိုးလာကြသည်။ နောက်ထပ် တစ်နာရီခန့်ကြာပြီးမှသာ လူတိုင်း၏စိတ်က ငြိမ်သက်သွားသည်။ ထိုအချိန်တွင် ကြေးနီရောင်အခေါင်းက မည်သည့်ဘက်ကို ဦးတည်နေကြောင်း သူတို့မသိကြတော့သည့်အတွက် စတင်ပြီး အစစ်အမှန် ကိစ္စကို ရင်ဆိုင်ရန်သာ တွေးတောဆုံးဖြတ်ကြတော့သည်။
ကြေးနီရောင်အခေါင်းကြီးက အလွန်ငြိမ်သက်ပြီး လှုပ်ခါခြင်းမရှိချေ။ ရပ်တန့်သွားသည် ဟုပင် ထင်ရသည်။
ဒါက နောက်တစ်နေရာလား။ ဖြစ်နိုင်တာက စကြာဝဠာကြီး၏ အနက်ရှိုင်းဆုံးအပိုင်းထဲမှာ ထာဝရ လွင့်မြောနေတော့မှာလား။
“ငါတို့ ဘယ်နေရာကို ရောက်သွားမှာလဲ။”
ငိုသံ၊ ညီးသံနှင့်အတူ အားနည်းလွန်းသော ကျောင်းသူတစ်ယောက်ကပင် ထိုပြဿနာကို တွေးလိုက်မိသည်။
“ငါတို့ နတ်ဘုရားတွေရဲ့ နောက်ဆုံးဦးတည်ရာကို ရောက်သွားမှာလား။”
ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကြောင်းကို ဘိုးဘေးများက ဖန်တီးထားခဲ့ခြင်း ဖြစ်ပြီး ဝေးကွာလွန်းသော အနာဂတ်တွင် ထိုနေရာတွင် နတ်ဘုရားများကိုပင် သူတို့က မြင်တွေ့ရလောက်သည်။ လျှို့ဝှက်ဆန်းကျယ်သော လောကကြီးသို့ပင် ရောက်သွားလောက်​သေးသည်။
” နတ်ဘုရားတွေက တကယ်တည်ရှိလား။ ငါတို့တွေ အခေါင်းကိုဆွဲတဲ့ နဂါးအလောင်း ကိုးလောင်းကိုလည်း မြင်ခဲ့ပြီးပြီ။ ဒဏ္ဍာရီထဲက မိုးသောက်မုန်တိုင်း ဂူဘုရားကျောင်းနဲ့ ဒဏ္ဍာရီလာ ဘိုးဘေးမိကျောင်းကြီးတွေကိုလည်း မြင်တွေ့ခဲ့ရပြီးပြီ။ ငါတို့ မယုံနိုင်စရာ ဘာမှမရှိတော့ဘူး။ ဒါပေမဲ့ ငါ ဒါကို လက်ခံဖို့ ခက်ခဲနေတုန်းဘဲ။ ငါ နားလည်ထားတဲ့အတိုင်းဆို နတ်ဘုရားတွေက ဒီတိုင်းမျိုးနွယ် တစ်ခုဘဲဖြစ်သင့်တယ်။ သူတို့က ကမ္ဘာပေါ်မှာ ငါတို့နဲ့အတူနေခဲ့တဲ့ မျိုးနွယ်တစ်ခုသာ ဖြစ်လောက်တယ်။”
ခေတ်သစ်လောကမှ လူတစ်ယောက်အနေနှင့် နတ်ဘုရားများ၏ ဖြစ်တည်မှုကို လူတိုင်းနီးပါးက မယုံကြည်ကြချေ။
သို့သော် သူတို့က ရွေးချယ်စရာမရှိဘဲ မျက်နှာချင်းဆိုင် နေရသည်။ ဝမ်ကျစ်ဝမ်က ထိုအချက်ကို ပြောသောအခါ လူတိုင်းနီးပါးက နားလည်ရခက်ခဲကြောင်း သုံးသပ်မိသွားကြသည်။
” နတ်ဘုရားတွေက ငါတို့နဲ့ မတူညီတာလည်း ဖြစ်နိုင်တာဘဲ။ သူတို့က လူသားတွေ မျိုးရိုဗီဇ ဆင့်ကဲပြောင်းလဲလာတာလည်း ဖြစ်နိုင်တယ်။ သူတို့က ငါတို့တွေ အရမ်းကို ရင်းနှီးနေတဲ့ ရှေးဟောင်းပုဂ္ဂိုလ် တွေလည်းဖြစ်လောက်တယ်။
“ဆင့်ကဲပြောင်းလဲတာဘဲ ဖြစ်ဖြစ် ထူးခြားတဲ့မျိုးနွယ်ဘဲဖြစ်ဖြစ် နတ်ဘုရားတွေ ရှိတယ်ဆိုတာတော့ ငါ ဝန်ခံရလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် ရှေးခေတ်လူတွေက သူတို့နဲ့ အချိန်အတန်ကြာ ထိတွေ့ဆက်ခံခဲ့ကြတယ်လေ။”
ထိုက်တောင်ပေါ်တွင်ပင် ငါးရောင်ခြယ်ယစ်ပုလ္လင် ရှိခဲ့သည်။ ထိုအရာကို ရှေးခေတ်လူများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာတွင် နှစ်ပေါင်းများစွာ အကြာက အရှင်သခင် ကိုးပါး၊ ဧကရာဇ်ငါးယောက်နှင့် ဘုရင် ခုနစ်ဆယ့်နှစ်ပါးတို့က ထိုက်တောင်ပေါ်သို့ တက်ခဲ့ကြသည်။
“ဒီနတ်ဘုရားတွေက ငါတို့ရဲ့ ဘိုးဘေးတွေတောင် ဖြစ်နေလောက်တယ်။”
ထိုသူများ အားလုံးက နတ်ဘုရားများကဲ့သို့ တည်ရှိမှုဖြစ်သည်။ သူတို့ကိုယ်တိုင်ကပင် နတ်ဘုရားများဟု ဆို၍ရသည်။ ထို့ကြောင့် ထိုက်တောင်ပေါ်မှ ကိစ္စက မရိုးရှင်းကြောင်း သိနိုင်သည်။ ဖြစ်နိုင်ချေက များစွာရှိနေသေးသည်။
ကြယ်တာရာကောင်းကင်ထဲက တစ်စုံတစ်ရာကို အသက်ပြန်ရှင်လာအောင် ဆင့်ခေါ်တာလည်း ဖြစ်နိုင်သည်။
“ဒါမှမဟုတ် အထီးကျန်ဆန်လွန်းတဲ့ စကြာဝဠာကြီးထဲကို သတင်းစကားအချို့ ပို့ပေးနေတာလည်း ဖြစ်နိုင်တာဘဲ။ ဒါမှမဟုတ် တကယ် ပြန်တောင် ပြန်နိုင်လောက်တယ်။ ရှေးခေတ်မြေကမ္ဘာကြီးက လုံလောက်အောင် မကျယ်ဝန်းဘူးလို့ သူတို့က ယူဆမိကြလို့ ထိုက်တောင်ပေါ်တက် မြေကမ္ဘာကြီးက ထွက်ခွာပြီး စကြာဝဠာကြီးထဲကို ဝင်ရောက်တာလည်း ဖြစ်မှာပေါ့။”
ဖြစ်နိုင်သည်မှာ မြေကမ္ဘာကြီးက ဒီအတိုင်း ရပ်နားရာ ဘူတာရုံ တစ်ခုဘဲ ဖြစ်လောက်သည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ ယာယီရပ်နားရာ ​နေရာတစ်ခုပင်ဖြစ်လောက်သည်။ သူတို့က လူသားများပင်ဖြစ်စေ နတ်ဘုရားများပင်ဖြစ်စေ သူတို့၏ ရှည်ကြာသော သက်တမ်းတွင် ဘဝခရီးကို ဆက်လျှောက်လိမ့်မည်။
ဖြစ်နိုင်သည်မှာ …။
သို့သော် ဖြစ်နိုင်သည်မှာဆိုသော အချက်က မည်မျှများပြားနေစေကာမူ ထိုပြုခဲ့သမျှ အရာအားလုံးက ဝေးကွာလွန်းသော ရှေ့ခေတ်ကာလတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ဒီအတိုင်း ဖြစ်နိုင်သည်မှာ ဆို၍သာ တွက်ချက်နေရသည်။ လူတိုင်း မငြင်းပယ်နိုင်သောအချက်တစ်ချက်ကလည်း ရှိနေသေးပြန်သည်။ ရှေးခေတ်လူသားများက ကြယ်တာရာဂိတ်ကို ဖွင့်ပြီး မရေမတွက်နိုင်အောင် ကျယ်ပြောသော စကြာဝဠာကြီးထဲသို့ ခြေဆန့်ခဲ့ကြပြီးလေပြီ။
“ဘာလို့ မင်းတို့ စကားမပြောကြတော့တာလဲ။ ”
ကြေးနီရောင်မီးအိမ်က မီးငြိမ်းသွားလေပြီ။ ထို့ကြောင့် အခေါင်းက အလွန်အမင်း မဲမှောင်နေသည်။ လူတိုင်းက စုရုံးကာ ကပ်ထိုင်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက် နီးကပ်စွာ ထိုင်နေသည်။ ယဲ့ဖန်းနှင့် ဖန်းပေါ်၏ ဘေးဘက်တွင် အခေါင်းကို မှီထားသော အမျိုးသားတစ်ယောက်ရှိသည်။ သူက မည်သူ့အသံမှ မထွက်သောအခါ သူ၏ အာရုံကို ဆွဲခေါ်သွားသည်။
“ဘာဖြစ်တာလဲ။ ငါ မင်းကို ရိုက်လိုက်လို့ မနာလိုဖြစ်နေတာလား။”
ဖန်းပေါ်က မကျေမနပ် ဖြစ်သွားသည်။ သူက နှာခေါင်းရှုံ့သည်။
“မင်းက ယဲ့ဖန်းကို ယစ်ပုလ္လင်ပေါ်ကလည်း တွန်းချပြီး သူ့ကို သတ်တော့မလို့။ ငါ မင်းကို ရိုက်တာကသာ မင်းကို လွတ်ပေးတာ ဖြစ်နေပြီ မဟုတ်ရင် မင်းကို နတ်မိကျောင်း အပုံထဲကို ပစ်ထည့်လိုက်တယ်။”
“ဟေ့ ထစမ်းပါ။ တစ်ခုခု ပြောစမ်း။”
ဘေးဘက်က လူကလည်း တွန်းလိုက်သည်။
သို့ရာတွင် မမျှော်လင့်ထားသောအရာက ထိုလူက မတုန့်ပြန်လာဘဲ ကလော့ခနဲဟူသော မြည်သံဖြင့် အောက်သို့ လဲကျသွားသည်။
“မင်း ဘာဖြစ်တာလဲ။”
သူ့ကို တွန်းလိုက်သောလူက အလွန်အံ့ဩသွားပြီး နောက်ဆုတ်လိုက်သည်။ ထိုအချိန်တွင် လူတိုင်းက တစ်စုတစ်ရာက မှားယွင်းနေပြီဖြစ်ကြာင်း သိလိုက်ရသည်။ သူက အိပ်ပျော်နေနိုင်သည့် တိုင်အောင် ထိုသို့လဲကျသွားသည်နှင့် နိုးလာသင့်သည်။
သို့ရာတွင် သူက မျက်နှာသေဖြင့် ရှိနေသေးပြီး တိတ်တဆိတ်ပင် သစ်သားတုံးကြီးတစ်တုံးလို ငြိမ်တက်စွာ လဲလျောင်းနေသည်။
” ထစမ်း …။ ထစမ်း … ။”
ဖန်းပေါ်က ရှေ့သို့သွားပြီး တွန်းလိုက်သည်။ သို့သော် တစ်ဖက်က အသိစိတ်မဲ့နေကြောင်း မြင်သောအခါ သူက ပါးကို တစ်ချက်ရိုက်ပြီး ရုတ်တရက် ထအော်လိုက်သည်။
“ဘာလို့ မင်းရဲ့ အသားအရေက အေးစက်နေရတာလဲ။ မင်းရဲ့ ခန္ဓာကိုယ်တောင်မှ တောင့်နေသေးတယ်။ ”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ ဆံပင်မွှေးများက ထောင်တက်သွားသည်။ သူတို့က ကျောစိမ့်သွားကြပြီး ဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။
ယဲ့ဖန်းကလည်း ကိစ္စအမှန်က ထိုသို့ဖြစ်လာသောအခါ အလွန်ဆိုးရွားသည်ဟု ခံစားလိုက်ရပြီး ထိုလူ၏ ပါးစပ်နှင့် နှာခေါင်းကြားထဲ လက်ထည့်ကာ စမ်းပြီးနောက် မျက်နှာသေဖြင့် ပြောလိုက်သည်။
” သူ သေနေပြီ။ သူ သေတာ ကြာပြီ။”
“ဘာ”
လူတိုင်းက အံ့ဩကုန်ကြသည်။
“ဘာလို့ သက်ရှိလူတစ်ယောက်က ရုတ်တရက်ကြီး သေသွားမှာလဲ။ သိပ်မကြာခင်ကပင် သူက အိပ်နေရင်း ကယောင်ခြောက်ခြား စကားပြောနေတာမျိုး အိမ်မက်ယောင်နေတာမျိုးတွေ လုပ်နေသေးတာဘဲ။ အခု စကားတစ်ခွန်းမှ မပြောဘဲ သေသွားပြီလား။ ဒါက သံသယဝင်စရာဘဲ။”
အခေါင်းထဲမှ လေထု အခြေအနေက ရုတ်တရက် ကျဥ်းကြပ်သွားပြီး အမှောင်ထဲတွင် လူတိုင်းက အမောတကော အသက်ရှူနေရပြီး တကိုယ်လုံး ချွေးစေးများပြန်လာသည်။ အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းပြီး ကြောက်စရာကောင်းလွန်းသည်။
ထို့ပြင် ရှင်းပြနိုင်သော နည်းလမ်းလည်း မရှိချေ။ လူတိုင်းက သူတို့၏ လက်ထဲမှ ပစ္စည်းများကိုသာ ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်ကြသည်။
“မင်းတို့ရဲ့ ဖုန်းကို ဖွင့်လိုက်။ သူ ဘယ်လိုသေလဲ ကြည့်ရအောင်။ ”
ယဲ့ဖန်းက ဖုန်းကို ဖွင့်ပြီးနောက်တွင် အားနည်းသော မီးအလင်းရောင်၏ အကူအညီနှင့် ကြည့်လိုက်သည်။
ထိုအခါ သေလုဖွယ် ဖြူဖျော့နေသော ခြောက်ခြားဖွယ် မျက်နှာကြီးကို မြင်လိုက်ရသည်။ မျက်လုံးက ပြူးထွက်နေသည်။ ပါးစပ်ကလည်း အနည်းငယ်ပွင့်နေပြီး သွေးများက ပါးစပ်ထဲမှ စိမ့်ထွက်နေသည်။
” သူ တကယ် သေနေပြီ။”
လူတိုင်းကလည်း အလွန်ကြောက်လန့်သွားကြပြန်သည်။ ထိုရုတ်တရက် သေဆုံးခြင်းက လူတိုင်း၏ ကျောကို အေးစိမ့်သွားစေသည်။ လူတိုင်းကပင် ဆိုးရွားသော တစ်စုံတစ်ရာဖြစ်လာမည်ကို ခံစားလိုက်ကြရသည်။ အချို့သော သတ္တိကြီးသည့် ကျောင်းသားများက ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကြပြီးနောက် သေဆုံးခြင်းကို အဖြေရှာချင်ကြသည်။
” မြန်မြန် သူရဲ့လည်ပင်းကို ကြည့်။”
လည်ပင်းတွင် အချိုးရာကြီး ရှိနေသည်။ ထို့ပြင် သေခါနီးအချိန်တွင် ရုန်းကန်ထားသလိုမျိုး အမှတ်အသား လက္ခဏာများကိုလည်း မြင်ရသည်။ ခရမ်းနီရောင် အမှတ်အသားများက အံ့အားသင့်စရာ ကောင်းလွန်းနေသည်။
“သရဲ ဒီအခေါင်းထဲမှာ သရဲ ရှိနိုင်တယ်။”
ကောင်မလေးတစ်ယောက်က အထိတ်တလန့်ပြောလိုက်သည်။ သူမ၏ အသံက တုန်ရီ​နေသည်။ ထိုစကားကို ကြားသောအခါ လူတိုင်း၏ ဦးခေါင်းခွံက ကြိမ်းတက်သွားပြန်သည်။
ခရမ်းနီရောင် အချိုးရာများက ရက်စက်ကြမ်းတမ်းသော ရန်ငြိုးကြီး ဝိညာဥ်တစ်ကောင်က ချန်ထားရစ်ခဲ့သော လက်ဗွေရာများနှင့် တူနေသည်။
ထို့အပြင် သူက သေခါနီး အခြေအနေတွင် ရုန်းကန်ခဲ့ရလောက်သည်။ အထူးသဖြင့် အခေါင်းထဲတွင် ရောက်နေသောလူများဖြစ်သည်။ သူတို့က ပို၍ပင် သံသယ ဝင်သွားကြသည်။ အထဲရှိ နောက်ထပ်အခေါင်းတစ်ခုက သူတို့၏ ငရဲတံခါးပေါက်ကဲ့သို့ ဖြစ်နေပြီး လူတိုင်းကို ထိတ်လန့်လာစေကာ အနောက်သို့ ဆုတ်ကြသည်။
ယဲ့ဖန်းက မျက်မှောက်ကြုံ့ပြီးနောက် လက်ဆန့်ကာ အလောင်း၏ လည်ပင်းကို ထိတွေ့ကြည့်သည်။ ထိုအခါ လည်စလုတ်က ကွဲနေကြောင်း မြင်လိုက်ရသည်။ ထို့အပြင် အသားရေက နူးညံ့ကာ အေးစက်နေ​ သေးသည်။
သို့ရာတွင် သူ၏လက်ထဲတွင် သွေးများက စိုရွှဲနေသည်။ ကြည့်ရသည်မှာ အလွန်အမင်း ကြောက်စရာကောင်းလွန်းသော ဆိုးရွားသော သေဆုံးမှုဖြစ်သည်။ သူတိုင်း၏ မျက်လုံးများက အေးစိမ့်သွားကြသည်။
” ဒါက သရဲမဟုတ်ဘူး။ သူ့ကို လူတစ်ယောက်က သတ်လိုက်တာ ဖြစ်မယ်။ ”
ထိုအချိန်တွင် လျိုယွမ်ကျစ်က သုန်မှုန်သော မျက်နှာထားမျိုးဖြင့် ဝင်ပြောပြီး ယဲ့ဖန်းကို ကြည့်သည်။
ဖန်းပေါ်က ယဲ့ဖန်းကို တစ်ချက်ကြည့်သည်။ သူက ချက်ချင်းလိုလို တစ်ဖက်ပြန်လှည့်လိုက်သည်။
” မင်းက ဘာကိုဆိုလိုတာလဲ။”
” ဒီအရာက ကြည့်ရင် သူက သေခါနီးအခြေနေမှာ ရုန်းကန်ခဲ့လောက်တယ်။ ဘယ်သူကများ အသံမထွက်ဘဲ လုပ်နိုင်မှာလဲ။”
လျိုယွမ်ကျစ်၏ မျက်နှာက အလွန်အေးစက်နေသည်။ သူက ယဲ့ဖန်းနှင့် ဖန်းပေါ်ကို ကြည့်ရင်းပြောသည်။
“သူနှင့် အနီးဆုံးလူဟာ အရမ်းသန်မာတဲ့ လက်ကို ပိုင်ဆိုင်ထားမှာပဲ ဒီလိုလုပ်နိုင်လိမ့်မယ် … ။”
သူ၏ ထိုစကားများကို ပြောလိုက်သည်နှင့် ရည်ရွယ်ချက်က ရှင်းလင်းသွားသည်။
လှံထိပ်က ယဲ့ဖန်းကို ညွှန်ထားပြီး လူတိုင်းကလည်း သူက ယဲ့ဖန်းနှင့် အနီးဆုံး သိသည့်အပြင် သူ၏ခန္ဓာကိုယ်က အလွန်ထူးခြားပြီး သန်မာကြောင်းကိုလည်း သိထားကြသည်။
“မင်းက ပေါက်ကရတွေ ပြောနေတာဘဲ။ ”
ဖန်းပေါ်က ဒေါသထွက်သွားပြီး ကျောက်ပြားကြီးကို ကောက်ကိုင်ကာ ရိုက်ပစ်လိုက်ချင်သည်။
လျိုယွမ်ကျစ်ကမူ မျက်နှာမဲ့၍ နှာခေါင်းရှုံ့၍ ကြည့်သည်။
“မင်းက လူသတ်တဲ့သူကို ကူပြီး ငါ့ရဲ့ပါးစပ်ကို ပိတ်ချင်တာလား။”
ယဲ့ဖန်းက ဖန်းပေါ်ကို ပြန်ဆွဲပြီးနောက် တားလိုက်သည်။
“ယဲ့ဖန်းဘဲ သူ သတ်လိုက်တာ။ ”
လျိုယွမ်ကျစ်၏ ဘက်မှ ကျောင်းသူကလည်း ဝင်ပြောသည်။ သူက လီကျန်းချင်ကို ကူညီချင်ခဲ့သူလည်း ဟုတ်သည်။ ထို့နောက် အထိတ်တလန့်​ပြောသည်။
“ယဲ့ဖန်းဘဲ ဖြစ်ရမယ်။ သူက ယစ်ပုလ္လင်ပေါ် မှာကတည်းက တွန်းချပြီး ကလဲ့စားချေချင်ခဲ့တာမဟုတ်လား။”
ထိုစကားများကို ကြားသောအခါ အခြားသူများကလည်း အဖြစ်အပျက်ကို ပြန်တွေးမိကြသည်။ တစ်ချို့သူများကမူ မနေနိုင်ဘဲ နောက်ဆုတ်လိုက်ကြသည်။
“ဟုတ်တယ်။ အဲ့တာ ယဲ့ဖန်းဘဲ။ သူက အတန်းဖော်ကို သတ်လိုက်တာ။ ”
လီကျန်းချင်ကလည်း အံကိုကျိတ်လျက် ဝင်ပြောသည်။
“သူ့ကို ဘေးက ကူညီပေးတဲ့ သူလည်း ရှိလောက်တယ်။ ”
ဖန်းပေါ်ကမူ ရုတ်တရက် ချက်ချင်း ပြေးသွားပြီး ရိုက်သတ်လိုက်ချင်သည်။
လျိုယွမ်ကျစ်၏ ဗာဂျာရာ ငရုတ်ကျည်ပွေ့က ချက်ချင်းလိုလို သတ္ထုအသံကို ထုတ်လွှင့်လာ​ပြန်သည်။ အလွန်အမင်း တောက်ပသော အလင်းတန်းက ထွက်ပေါ်လာသည်။ လူအုပ်က အံ့ဩသွားသည်။ သူတို့လက်ထဲမှ ပစ္စည်းများက မူလ အရောင်အတိုင်းဖြစ်သွားပြီး အလင်းတန်းများ မထုတ်လွှင့်တော့ချေ။ သို့ရာတွင် လျိုယွမ်ကျစ်၏ ဗာဂျာရာ ငရုတ်ကျည်ပွေ့ကမူ နတ်စွမ်းအား ရှိနေသေးသည်။ ထိုဖြစ်ရပ်က မမျှော်လင့်ထားစရာပင် ဖြစ်​နေသေးသည်။
“ယဲ့ဖန်း မင်းက ကောက်ကျစ်လွန်းတယ်။ သူ မှားတယ်ဆိုရင်တောင်မှ မင်း ဒီလောက်ထိ ရက်ရက်စက်စက် ကလဲ့စားချေတာမျိုးတော့ မလုပ်သင့်ဘူး။ ”
လျိုယွမ်ကျစ်က ဗာဂရာငရုတ်ကျည်ပွေ့ကို ကိုင်ကာ ရှေ့သို့ နှစ်လှမ်းတက်လာသည်။
“ငါ ဘယ်သူ့ကိုမှ မသတ်ဘူးလို့ပြောရင် မင်းတို့ ယုံမှာလား။”
ယဲ့ဖန်းက လူတိုင်းကို တစ်ချက်ကြည်လိုက်သည်။
“ဒါပေါ့ ငါယုံတယ်။”
ဖန်းပေါ်က ဦးစွာမတ်တပ်ထရပ််လိုက်သည်။
” ငါလည်း ယုံတယ်။”
ကျန်းကျစ်လင်းကလည်း ရှေ့တိုးလာသည်။
ယဲ့ဖန်းက အခြားသူများကို ကြည့်သည်။
“မင်းတို့ ကောင်တွေက ငါ့ကို မယုံကြဘူးပေါ့။ ”
ထို့နောက် သူ၏အကြည့်က လီရှောင်းမန်ထံ ရောက်သွားသည်။
အပိုင်း (၂၃) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset