Switch Mode

Chapter – 16

ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း – ၁၆

ဗာဂျာရာအပြင် အချို့လူများကလည်း အမွှေးတိုင်ခွက်များ၊ ကျိန်တံများ၊ ​ကြေးနီခေါင်းလောင်းများနှင့် နွားသရေဖြင့်လုပ်ထားသော ဗုံများကို ပိုင်ဆိုင်ခဲ့ကြသည်။ ထိုသူများထဲတွင် ကျောင်းသူများထဲမှ ယဲ့ဖန်းက သနားခဲ့သောကျောင်းသူ ဆိုလျှင် အတုအလက်တစ်ခုကို ရှာတွေ့လာသည်။ ထိုအရာက ပုတီးစေ့ တစ်ကုံးဖြစ်သည်။ ခြောက်လုံးသာလျှင် ပါသော်လည်း ရွှေဖြူရောင် ဖျော့တော့စွာ တောက်ပနေပြီး စပျစ်သီးရှည် အရွယ်အစားခန့်မျှ ရှိနေသည်။
” ဒါကို ဆာရီယာသားနဲ့ လုပ်ထားတာလို့ မပြောနဲ့နော်။” ဘေးနားရှိလူက တအံ့တဩဖြင့် ပြောသည်။
ထိုပုတီး ခြောက်လုံးလုံးက ရွှေရောင်တောက်ပနေသော တလင်းသားဖြစ်ပြီး ကျောက်ရိုင်းတုံးတွေလို့ ထင်ရနေခြင်းဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းဗုဒ္ဓတစ်ပါးက ပရိတ်နိဗ္ဗာန်စံသွားပြီးနောက် ကျစ်ရစ်ခဲ့သောအရာ တစ်ခုဟု သတ်မှတ်နိုင်သည်။ မည်သို့ပင်ဆိုစေ ထိုအရာများက မဟာမိုးသောက်မုန်တိုင်းဘုရားထဲတွင် တည်ရှိနေခြင်းဖြစ်ရာ သာမန်မဖြစ်နိုင်ချေ။
ဆုတောင်းပုတီးတစ်ကုံးကပင် ပုံမှန်မဟုတ်တော့ချေ။ တစ်ချို့ ကျောင်းသူက ကျောက်တုံးဗုဒ္ဓရုပ်ပွားတော်၏ ခေါင်းထိပ်တွင် မတော်တဆ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ပုတီးခြောက်လုံးကို တည်ငြိမ်သောကြိုးဖြင့် တွဲချည်ထားသည်။ ပုတီး တစ်လုံးစီတိုင်းထဲတွင် အမျိုးမျိုးသော ပုံသဏ္ဌာန်ရှိ​နေသည့် လူသားတစ်ယောက်၏ ပုံရိပ်ကို ထွင်းထုထားသည်။
ဒါက ယဲ့ဖန်း၏ ကြေးနီမီးအိမ် နှင့် ကျိုးရင်၏ ​ဖျော့တော့မှေးမှိန်နေသောခွက်ပြီးနောက် ရှာတွေ့သောအရာဖြစ်သည်။ ကြေးနီမီးအိမ်ကမူ မျက်စိတွင် အဖမ်းစားဆုံးဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုရှေး​ဟောင်းမီးအိမ်က ဖုန်တစ်စမှကပ်မနေခဲ့ဘဲ ထာဝရ လင်းလက်တောက်ပနေခြင်း ဖြစ်နေလေရာ မည်သူမဆို ထူးခြားကြောင်း ပြောနိုင်သည်။
ရှေး​ဟောင်းဂူဘုရားကျောင်း အတွင်းတွင် အချို့သောလူများ၏ ပူပြင်းသော အကြည့်များက ကြေးနီမီးအိမ်ထံ ရောက်နေသည်။ ယဲ့ဖန်းက အာရုံခံမိသော်လည်း မည်သည့်စကားမှ မဆိုချေ။ သူက အားလုံးကို တည်ငြိမ်စွာသာ ရင်ဆိုင်သည်။
ရှေးဟောင်းဂူဘုရားကျောင်းက ဂူဘုရားကျောင်းအနှံ့ လိုက်လံရှာဖွေခဲ့ပြီးလေပြီ။ သို့ဖြစ်၍ အခြားသောပစ္စည်းများ မရှိတော့သည့်အတွက် သူတို့အဖွဲ့က နောက်ဆုတ်ကြသည်။
ဖန်းပေါ်က စိတ်ဓာတ်အကျဆုံး ဖြစ်သည်။ လူ ဆယ်ယောက်ထက်မနည်း ပစ္စည်းများကို ရှာတွေ့ခဲ့သော်လည်း သူက ပထမဦးဆုံး ဝင်သူဖြစ်သည့်တိုင်အောင် ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
ဖန်းပေါ်က ဂူဘုရားကျောင်း အရှေ့တွင်ရပ်လျက် တစ်ဖန် ပြန်စစ်ကြည့်သည်။ ထို့နောက် သူက ပြန်လျှောက်လာပြီး ဘေးဘက်တွင်ရှိသော ကျောက်သားအကြိုးကို ဆွဲဖယ်လိုက်ကာ မဟာမိုးသောက်မုန်တိုင်း ဂူဘုရားကျောင်းဟု ကမ္မည်းထိုးထားသော ကျောက်ပြားကြီးကို ဆွဲယူလိုက်သည်။ လူအများက ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။
ထို့နောက် ထိုဂူဘုရားကြီးကလည်း အလွန်ထူးခြားကြောင်း သိလိုက်ရသည်။ လေဒဏ်၊ မိုးဒဏ်၊ နှင်းဒဏ်ကို ခံခဲ့ရပြီး အချိန်ကာလတစ်ခု၏ တိုက်သားမှုဒဏ်ကို ခံခဲ့ရသည့်တိုင်အောင် ဖုန်တစ်စမျှ ကပ်မနေခဲ့ချေ။
ထို့အပြင် အလွန်သန့်ရှင်းလွန်းနေသည်။ ရှေးဟောင်းဂူဘုရားကျောင်းထဲတွင် ပစ္စည်းပေါင်းများစွာရှိသော်လည်း ဖုန်တစ်စမှ မကပ်သောအရာက ရှေးဟောင်း​​ကြေးနီရောင် မီးအိမ်သာလျှင်ဖြစ်သည်။ ထို့နောက် ယခု ကြေးနီရောင်ကျောက်ပြားကြီး ဖြစ်လေသည်။ ရှင်းလင်းစွာဖြင့်ပင် ထိုနှစ်ခုလုံးက အလွန်ထူးခြားသည်။
“ဒါက တကယ်ကို လေးတာပဲ…”
ဖန်းပေါ်က ထိုကြေးနီရောင် ကျောက်ပြားကြီးကို ကိုင်လာပြီးနောက် ပြန်လျှောက်လာသည်။ သူက ဂူဘုရားကျောင်းမှ ထွက်လာသည့် အချိန်တွင်ပင် ရှေးဟောင်းဂူဘုရားကျောင်း တစ်ခုလုံးက တသိမ့်သိမ့်တုန်လာသည်။ အတွင်းတွင်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကြီးက ရုတ်တရက် အက်ကွဲလာပြီး အသံများကို လွင့်ထုတ်လာသည်။ ထို့နောက် ဟန်၊ မာ၊ နီ၊ ဖား၊ မီ၊ ဟန်ဆိုသော ရွတ်ဆိုသံများက ထွက်ပေါ်လာသည်။
ရှေးကျသော ဗုဒ္စ၏တရား ရွတ်ဖတ်သံက စကြာဝဠာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီးနောက်တွက် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။
သဘောထားကြီးမြတ်မှု၊ တည်ကြည်မှု၊ သိမ်မွှေ့နက်နဲသော အဆင့်မြင့်ကျမ်းစာအသံက အလွန်ကျယ်ပြော နက်ရှိုင်းလွန်းကာ မသန့်စင်သော အညစ်အကြေးတိုင်းကို ရှင်းလင်းပစ်သည်။
ရှေးဟောင်းဂူဘုရားကျောင်း၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးက အထွတ်အမြတ်ဆန်သော ခမ်းနားသည့် အလင်းတန်းဖြင့် လွှမ်းခြုံခံရသည်။ ထိုအချိန်တွင် ယင်းက ထင်ယောင်ထင်မှား မဟုတ်တော့ချေ။ ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ကြားရသလို လူတိုင်းကလည်း ကြားရပြီး အံ့ဩသွားကာ စကားမပြောနိုင်ကြတော့ချေ။
တစ်ချိန်ထဲတွင် သူတို့ရှာတွေ့ခဲ့သော လက်နက်တိုင်းက ပျက်စီးနေသောလက်နက်ဖြစ်စေ၊ အကောင်းတိုင်းရှိနေသော လက်နက်ကဖြစ်စေ ညင်သာသောအလင်းကို လွင့်ထုတ်လာသည်။ တဖြည်းဖြည်းချင်း တောက်ပလာပြီး လူတိုင်းကို မှင်တက်သွားစေပြန်သည်။
သို့ရာတွင် အဆုံးတွင် ကျယ်လောင်သော ဗုန်းခနဲအသံနှင့်အတူ ရှေး​ဟောင်း ဂူဘုရားကျောင်းအတွင်းရှိ ကျောက်တုံးရုပ်ပွားတော်ကြီးက အက်ကွဲသွားကာ ဖုန်ဖြစ်သွားသည်။ ထို့နောက် မဟာမိုးသက်မုန်တိုင်းဂူဘုရားကျောင်းကလည်း ချက်ချင်းလိုလို လေတိုက်ခပ်မှုအောက်တွင် ဖုန်အဖြစ် ပြောင်းလဲသွားရသည်။
တစ်ချိန်တည်းတွင် ရှေး​ဟောင်းဗောဓိပင်ကလည်း ကွဲအက်လာသည်။ မည်သည့်ခြောက်ကပ်နေသော ကိုင်းများမှ မကျန်တော့ဘဲ ပြာများက ကောင်းကင်သို့ ပြည့်နက်သွားတော့သည်။
ထို့နောက် လူတိုင်း၏လက်ထဲရှိ ပစ္စည်းများအားလုံးက အရောင်ပြန်မှိန်သွားပြီး နဂို ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လူတိုင်းက ကြောင်အသွားကြသည်။ ဘာဖြစ်နေမှန်း မသိကြတော့ချေ။ ဗုဒ္ဓပစ္စည်းများနှင့် ကြေးနီရောင်ကျောက်ပြားကို ဂူဘုရားအတွင်းမှ ယူသွားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ထိုအရာများအားလုံးက ဂူဘုရားကျောင်းမှ ထွက်သွားပြီးနောက် ကျန်ရစ်သမျှက ပြာဖြစ်သွားပြီး တဖြည်းဖြည်းချင်း လေတိုက်ခပ်လိုက်ရာ အားလုံးက ပျောက်ကွယ်သွားသည်။ ယဲ့ဖန်းက တခဏခန့် စိုက်ကြည့်နေပြီးနောက် ပြောသည်။
” ဒီလို ဗုဒ္ဓပစ္စည်းတွေအားလုံးကို ယူသွားတာက မဟာမိုးသက်မုန်တိုင်း ဂူ ဘုရားကျောင်းကို စွန့်ပစ်လိုက်သလို ဖြစ်သွားတယ်။ ဒီတော့ တည်ရှိတာက အဓိပ္ပါယ်မရှိတော့လို့ ဒီနောက်မှာ ပျောက်ကွယ်သွားတာပဲ။”
ကျိုးရင်က ပုံမှန်အတိုင်းဆိုလျှင် ညင်သာသိမ်မွေ့ကာ သပ်သပ်ရပ်ရပ် နေတက်သူဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူက အလွန်စိတ်လှုပ်ရှားနေသည်။ သူ၏ မျက်ဝန်းအတွင်း ထူးဆန်းသောအလင်းက လက်လျက်ပြောလိုက်သည်။
“ဒီလောကမှာ နတ်ဘုရားတွေရှိတာ ပိုပြီးတောင်သေချာသွားပြီ။ ငါတို့က သူတို့ချန်ရစ်ထားခဲ့တဲ့ အတိုင်းလိုက်ပြီး ရှေးဆက်လျှောက်လို့ရတာပဲ။ ဒီလိုဆိုရင် ငါတို့အတွက် အခွင့်အရေးကြီးတွေက စောင့်နေလိမ့်မယ်။”
နတ်ဘုရား၊ ဗုဒ္ဓ၊ ထာဝရ ရှင်သန်သူတွေ …။
ထိုသို့သော ယုံတမ်းဒဏ္ဍာရီများကို ထည့်ပြောပြသောအခါ မည်သူကမှ ဖြစ်နိုင်ချေရှိသည်ဟု မခံစားခဲ့ရချေ။ သို့ရာတွင် ယခု သူတို့ရှေ့ရှိ အရာအားလုံးက သာမန်နားလည်နိုင်စွမ်းအားကို ကျော်လွန်နေခဲ့ပြီးဖြစ်လေရာ နတ်ဘုရားများကို မတည်ရှိဟု ပြော၍မရတော့ချေ။
“နတ်ဘုရားတွေ ချန်ရစ်ထားခဲ့တဲ့ လမ်း​ကြောင်းအတိုင်း လျှောက်လှမ်းမယ်။ ပြောဖို့က လွယ်တယ်။ ဒါပေမဲ့ ငါကတော့ မျှော်လင့်ချက် မတွေ့ဘူး။”
ဖန်းပေါ်က ကျိုးရင်ကို ကြည့်ပြီးပြောသည်။
“အခု အရေးကြီးဆုံးကိစ္စက ပြန်လမ်းရှာဖို့ပဲ။ ဒီကန္တရထဲမှာ ရွာတွေလည်း မရှိဘူး။ ဆိုင်တွေလည်း မရှိဘူး။ ရေ အရင်းအမြစ် ပင်လယ်လည်း မရှိဘူး …။ အစားအသောက်လည်း မရှိဘူး။ နောက်ထပ် ခုနစ်နာရီ ရှစ်နာရီကြာသွားပြီးရင် အခြေအနေက ပိုဆိုးသွားလိမ့်မယ်။”
“ဒီဂြိုလ်က ဘာသက်ရှိလက္ခဏာနဲ့မှ မတူဘူး။ နောက်ပြီး ပုံသဏ္ဌာန် အများစုက ဒါက မားစ်ဂြိုလ်နဲ့တူတယ်။ ငါတို့အားလုံးလည်း မားစ်ရဲ့ နေထိုင်မှု ဝန်းကျင်က သာမန် မဟုတ်တာကို လူတိုင်းက သိနေတာပဲ။”
လီရှောင်းမန်က လှပကာ ညင်သာသိမ်မွေ့သည်။ ကိစ္စအဖြစ်အပျက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးသည့်တိုင်အောင် သူက တည်ငြိမ်သည်ထက်သာ တည်ငြိမ်နေသေးသည်။ သူမက ဆက်ပြောသည်။
“နတ်ဘုရားတွေကသာ တကယ်တည်ရှိရင် ဒီကိစ္စတွေအားလုံးကို ရှင်းပြနိုင်သွားပြီ။ ဒါ ကမားစ်ဂြိုလ်ပေါ်က သန့်စင်တဲ့ နယ်မြေ အပိုင်းအခြား တစ်ခုလောက်ပဲ။”
သူမက စကားဆုံးသွားသောအခါ ရုတ်တရက် နီညိုရောင်မြေကြီးထဲမှ ပေါက်ကွဲသံ ဆက်တိုက်ထွက်ပေါ်လာသည်။ ကျယ်ပြောသောမြေပြင်က စတင်တုန်ခါလာသည်မှာ မြင်းစစ်သည်တော် ထောင်ပေါင်းများစွာက ချီတက်လာသလို ထင်ရသည်။
ထို့အပြင် ပင်လယ်လှိုင်းလုံးများက မြင့်တက်လာသလို အရှိန်အဝါမျိုးက ထွက်ပေါ်လာသည်။
“သဲမုန်တိုင်း …။ မားစ်ပေါ်မှာ မဟာသဲမုန်တိုင်းရှိတယ်။”
လီရှောင်းမန်၏ဘေးဘက်မှ ခါသဲ့၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက သူ၏ မပီသသော တရုတ်သံဖြင့် ပြောလိုက်သည်။
နှစ်တိုင်းလိုလို မားစ်၏လေးပုံတစ်ပုံခန့်က သဲမုန်တိုင်း ပြင်းထန်စွာတိုက်ခက်လေ့ရှိသည်။ မြေကမ္ဘာပေါ်မှ တိုင်ဖုန်းက တစ်စက္ကန့်လျှင် မီတာခြောက်ဆယ် အရှိန်နှုန်းဖြင့် ရောက်နိုင်သော်လည်း မားစ်ပေါ်မှ မုန်တိုင်းကမူ တစ်စက္ကန့်လျှင် မီတာတစ်ရာ့ရှစ်ဆယ် အရှိန်နှုန်းဖြင့် ရောက်နိုင်သည်။ ထိုမဟာမုန်တိုင်းက တစ်ကိုယ်လုံးအနှံ့ ဖြတ်သန်းတိုက်ခိုက်နိုင်လေသည်။
အလွန်ကြီးမားသော သစ်ငါးကြီးပင် ကောင်းကင်တွင် လေလွှင့်နိုင်လေရာ လူဆိုလျှင် ထည့်ပင်ပြောရန် မလိုအပ်တော့ချေ။
ထို့ကြောင့် ချက်ချင်းလိုလို ကောင်းကင်တွင်ရှိသော ကြယ်နှင့်လများက ပျောက်ကွယ်သွားပြီး ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသည်။ အဆုံးအစမဲ့သည့် နီညိုရောင်သဲများကသာ ကျန်ခဲ့တော့သည်။
ပြင်းထန်သည့် မုန်တိုင်းကြီးက မားစ်ဂြိုလ်တစ်ခုလုံးကို တိုက်ခိုက်လိုက်လေပြီ။
“မဟုတ်ဘူး။ ငါတို့ရဲ့ ဒီနေရာမှာ မုန်တိုင်း မရှိဘူး။”
ယခုလေးတင် လူအများစုက ကြောက်လန့်နေကြသေးသည်။ ကပ်ဘေးက ကျရောက်တော့မည်ဟု ခံစားနေရသော်လည်း ချက်ချင်းလိုလို ထိုမုန်တိုင်းက အဝေးတွင်သာ တိုက်ခက်နေပြီး သူတို့နားသို့ မလာကြောင်း သိလိုက်ရသည်။ သူတို့၏ပတ်ဝန်းကျင်က တည်ငြိမ်ကာ အေးချမ်းနေသည်။
ငါးရောင်ခြယ် ယဇ်ပုလ္လင်နှင့် မိုးသက်မုန်တိုင်း ဂူဘုရားကျောင်းက မီတာတစ်ထောင် ဝန်းကျင်အတွင်းတွင်ရှိနေပြီး ထိုဝန်းကျင်တစ်ခုလုံးရှိ ကောင်းကင်နှင့်မြေပြင် အရာအားလုံးက အပြင်လောကနှင့် ခွဲထွက်သွားသလို ထင်ရပြီး တိတ်ဆိတ်နေသည်။
လီရှောင်းမန်၏စကားက မှန်ကန်နေသည်။ ဤနေရာက သန့်စင်သောနယ်မြေဖြစ်နေသည်။ သဘာဝလွန်အားတစ်ခုက ထိုမုန်တိုင်းကို တားဆီးပေးထားသည်။ နတ်ဘုရားများက အမှန်တကယ်တည်ရှိကြောင်း ထိုအရာများက သွယ်ဝှိုက်ကာ သက်သေပြနေသည်။
ဤနေရာကို နတ်ဘုရားများက ကာကွယ်ပေးထားသည်။
“အို မကောင်းတော့ဘူး။ ဝေဝါးတဲ့ အလင်းက ဖျော့တော့လာပြီ။ ဒါက ပျောက်ကွယ်တော့မယ်။”
ကောင်းကင်သို့ မော့ကြည့်သော ကျောင်းသူတစ်ယောက်၏ မျက်နှာက ဖျော့တော့သွားသည်။
ကောင်းကင်ရှိ ဝေဝါးသော အလင်းရောင်က တဖြည်းဖြည်းချင်း အရည်ပျော်ကျလာကာ အချိန်မရွေး ပျောက်ကွယ်တော့မလို ဖြစ်လာသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်း၏မျက်နှာထားများက ပြောင်းလဲသွားကြပြန်သည်။ သေခြင်းတရားနှင့် နီးကပ်လာသောအခါ မည်သူကမှ မတည်ငြိမ်ကြတော့ချေ။
“ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့… ငါတို့ ဒီနေရာမှာ သေရတော့မှာလား။”
အချို့သူများ၏ အသံက တုန်ရီလာသည်။
” ငါ မသေချင်ဘူး။”
ကျောင်းသူအချို့ကလည်း အော်ငိုကြသည်။
“ဒီအလင်းကာကသာ ပျောက်ကွယ်သွားရင် မဟာမုန်တိုင်းကြီးက ငါတို့ကို ဖိချေသွားလိမ့်မယ်။”
ကျောင်းသားအချို့ကလည်း ထိတ်လန့်နေကြသည်။ မားစ်ပေါ်မှ ထိုသန့်စင်သောနယ်မြေက မတည်ရှိတော့ချေ။ ထိုသို့ဖြင့် ရှင်သန်နိုင်မည့်နေရာကလည်း ရှိတော့မည် မဟုတ်ချေ။
ဝုန်း ….။
မုန်တိုင်းက မိုးခြိမ်းလိုက်သလို ကျယ်လောင်စွာဟိန်းကာ ၀င်ရောက် တိုက်ခိုက်လာပြီးနောက်တွင် ထိုနယ်မြေတစ်ခုလုံးက စတင်ကာ တုန်ခါလာသည်။ ကောင်းကင်တွင် ဝေဝါးသော မြူထုများက လွှမ်းခြုံလာပြီး နေရာတိုင်းတွင် သဲများကသာ လွင့်နေသည်။ ထိုသို့ဖြင့် လူတိုင်း၏ကိုယ်ပေါ် ကြောက်လန့်မှုက ကြီးစိုးလာတော့သည်။
ယဲ့ဖန်း၏မျက်ဝန်းက ကြည်လင်နေသေးသည်။ သူက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော သဲမုန်တိုင်းကို ကြည့်ပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။
“ဖြစ်နိုင်တာက ဒါကဘဲ တစ်ခုတည်းသော လွတ်လမ်း များလား … ။”
“ငါတို့က လွတ်နိုင်မှာလား။ အကြံက ဘာလဲ။”
“သန်စင်တဲ့နယ်မြေက မတည်ရှိတော့ဘူးလေ …. ။ ငါတို့ဘယ်လို ဘယ်နေရာမှာ ရှင်သန်နိုင်မှာလဲ။”
သေရေးရှင်ရေးအချိန်တွင် လူတိုင်းက စိုးရိမ်တကြီး ဖြစ်နေကြကာ အထိတ်တလန့် ဖြစ်နေကြသည်။
“နတ်ဘုရားတွေ ​လျှောက်တဲ့လမ်းကို လိုက်ပြီး ဒီ လူသူနေထိုင်ဖို့ မသင့်တော်တဲ့ နေရာကနေ ထွက်ခွာရမှာပေါ့။”
ယဲ့ဖန်းက ပြောသည်။ တစ်ချို့သူများကမူ ယဲ့ဖန်း၏အတွေးကို နားလည်သည်။ သို့သော် ပဟေဠိဖြစ်နေသော လူများစွာက ရှိနေသေးသည်။
“ဟုတ်တယ် ဒါကပဲ တစ်ခုတည်းသော နည်းလမ်းပဲ။”
ကျိုးရင်ကလည်း သဘောတူသလို ခေါင်းငြိမ့်သည်။
ယဲ့ဖန်း၏တွက်ချက်မှုအရ ဝေးကွာခဲ့သော အတိတ်ကာလတွင် မြေကမ္ဘာမှ မားစ်ထံသို့ ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကြောင်းကို ဖွင့်နိုင်ခဲ့သော နတ်ဘုရားများဆိုသည့်လူများက ရှိခဲ့ပေလိမ့်မည်။ သို့သော် ယင်းက နောက်ဆုံးလမ်းကြောင်း မဟုတ်နိုင်ချေ။
မားစ်ပေါ်တွင် ငါးရောင်ခြယ် ယဇ်ပုလ္လင် ရှိနေသေးလေရာ ပို၍ဝေးကွာသည့် ကြယ်စင်ကောင်းကင်တစ်နေရာသို့ ဦးဆောင်ခေါ်သွားနိုင်သေးသည်။ ယခင်က နတ်ဘုရားများ သွားခဲ့သော လမ်းကြောင်းကလည်း ထိုအရာဖြစ်နိုင်လောက်သည်။
ယခုလို စိတ်ဓာတ်ကျဖွယ် အခြေအနေသို့ ရောက်ပြီးဖြစ်ရာ သူတို့၏တစ်ခုတည်းသော ရှင်သန်နိုင်မည့်နည်းလမ်းက ရှေးဟောင်းလမ်းသို့ လိုက်ပြီး မားစ်မှ ထွက်ခွာရန်ဖြစ်သည်။
ထိုအခါ လူတိုင်းက နားလည်သွားကြပြီး ချက်ချင်းလိုလို ငါးရောင်ခြယ် ယဇ်ပုလ္လင်ထံ ဦးတည်ကြသည်။
အကွာအဝေးက တစ်ထောင်ကျော်ရှိသော်လည်း လူတိုင်းကမူ သူတို့က သမုဒ္ဒရာတမျှ ကွဲထွက်နေသလို ခံစားရသည်။ ဤအကွာအဝေးက သူတို့၏ သေရေးရှင်ရေးအပေါ် စိုးရိမ်စရာဖြစ်လာသည်။
ကောင်းကင်ကို ဖုံးလွှမ်းထားသောအလင်းက အက်ကွဲသွားခဲ့ချိန်တွင် သူတို့က ယဇ်ပုလ္လင်ထံသို့ မရောက်သေးချေ။ လူတိုင်းက သေမည်မှာ သံသယဝင်ရန် မလိုတော့ချေ။
ကောင်းကင်နန်းတော် အပျက်အစီးနယ်မြေက အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။ ၄င်းက လာစဥ်ချိန်ကနဲ့မတူသော အတွေ့အကြုံဖြစ်သည်။ တစ်ချို့သူများကမူ ခြေကျင်းဝတ်များပင် ယောင်လာသည်။ သို့ရာတွင် သူတို့က မရပ်တန့်ရဲချေ။ နာကျင်မှုကို တောင့်ခံကာ ရှေ့သို့ ဆက်လျှောက်သည်။ သူတို့က နောက်ကျန်ရစ်ခဲ့၍ မရချေ။
သူတို့ကသာ ငါးရောင်ခြယ် ယဇ်ပုလ္လင်ထံသို့ လုံလုံခြုံခြုံ ရောက်သွားနိုင်သည့်တိုင်အောင် ရှေးဟောင်းကြယ်စင်ကောင်းကင်က ဖွင့်နိုင်ခြင်း ရှိ မရှိက မသေချာချေ။ ထို့အပြင် လူတိုင်း၏နှလုံးသားကို အရိပ်ဆိုးကြီးတစ်ခုက လွှမ်းခြုံထားသလို ဖြစ်နေသည်။
သိထားရမည်မှာ ထိုက်တောင်ပေါ်ရှိ အရာအားလုံးက သူ့အလိုလို ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယခုတခဏတွင်မူ သူတို့ရွေးချယ်စရာ မရှိတော့​ချေ။ ထိုနေရာကသာ သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ ထို့ကြောင့် ထိုနေရာသို့ရောက်ရန်သာ မျှော်လင့်ရသည်။
“အား…”
ရုတ်တရက် ကျောင်းသူတစ်ယောက်က တုန်လှုပ်ခြောက်ခြားဖွယ် အော်ဟစ်သံကြီးကို ပြုပြီးနောက် ခွက်ခနဲမြည်သံနှင့်အတူ ဖုန်ထဲသို့ လဲကျသွားကာ မလှုပ်တော့ချေ။
သူမ၏မျက်နှာတွင် ထိတ်လန့်မှုက ကြီးစိုးနေသည်။ သူမ၏နဖူးတွင်လည်း လက်မအရွယ်အစားရှိသော မပေါက်တစ်ပေါက်ရှိနေပြီး သွေးများက စိမ့်ထွက်နေသည်။ သူမက ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို မသေခင် တွေ့သွားခြင်း ဖြစ်ပေမည်။
“ဘာဖြစ်တာလဲ။”
လူတိုင်း၏ သွေးများက အေးစက်သွားသလို ခံစားလိုက်ရပြီး နှလုံးသားအတွင်း ထိတ်လန့်မှုက ကြီးစိုးသွားသည်။ ထိုသို့ဖြင့် လူတစ်ယောက်က သေဆုံးသွားသည်။ ယခုလေးတွင် သူမက လူတိုင်းနှင့်အတူ ရှိနေခဲ့သေးသည်။ သို့တိုင်အောင် သူမက ထာဝရ ထွက်သွားလေပြီ။ ပြောင်းလဲမှုက ရုတ်တရက်ဆန်ပြီး ထူးခြားလွန်းသည်။
“အနားကို မသွားနဲ့။”
ယဲ့ဖန်းက လှမ်းအော်ကာ အနားသို့သွားကြည့်မည့် ကျောင်းသားများကို တားလိုက်သည်။ သူကလည်း လာရာလမ်းတွင် အလားတူ ငွေနှင်းဖြူရောင် ဦးခေါင်းခွံ တစ်ခုကို တွေ့ခဲ့ရပြီး နဖူးတွင်လည်း အလားတူ အပေါက်တစ်ခုရှိခဲ့သည်။ ယင်းတို့ပုံစံက တူနေလေသည်။ ထိုကြောင့် သူ၏ ရင်ထဲ မကောင်းသော ခံစားချက်ရနေသည်။
“ငါတို့တွေ မဟာမိုးသက် မုန်တိုင်း ဂူ ဘုရားကျောင်းပေါ် မလေးမစားပြုခဲ့လို့များ နတ်ဘုရားတွေက အပြစ်ပေးတာလား။”
ကျောင်းသူတစ်ယောက်၏လေသံက တုန်ရီနေသည်။ သူမ၏နှလုံးသားကလည်း ထိတ်လန့်မှုများ ပြည့်နက်နေသည်။
“နတ်ဘုရားတွေ တကယ်ရှိမယ်ဆိုရင်တောင်မှ ဗုဒ္ဓကတော့ ညှာတာပေးတတ်ပါတယ်။”
ကျိုးရင်က သူမ၏စကားကို ဝင်ပြောလိုက်သည်။
“ငါတို့မှာ သူမရဲ့အလောင်းကို ခေါ်သွားပေးဖို့ နည်းလမ်းမရှိတော့ဘူး။ ဒီတော့ ဒီမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း နားပါစေ။ ငါတို့ ငါးရောင်ခြယ် ယဇ်ပုလ္လင်ကိုပဲ အမြန်ဆုံး သွားရမယ်။”
မည်သူကမှ တုန့်ဆိုင်းမနေကြတော့ချေ။ ယခု အခြေအနေက သေရေးရှင်ရေး အခြေအနေဖြစ်လေရာ ထိုကျောင်းသူ၏ အလောင်းကို ဂရုစိုက်မနေချေ။
ဒုန်း …။
ရုတ်တရက် အားလှိုင်းတစ်ခုမှ သာယာသောအသံက ထွက်လာသည်။ အသံက ကျယ်ပြောကာ တည်ငြိမ်သည်။ မဟာရွှေရောင်ခေါင်းလောင်းကလည်း တုန်ရီနေသည်။
အလွန်အမင်း ခမ်းနားသော ရွှေရောင်အလင်းက ဝမ်ကျစ်ဝမ်ထံမှ ဖြာထွက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထိုသို့ဖြင့် သူက မျက်စိကြိမ်းမတက် တောက်ပနေသည့် ရွှေရောင်သံချပ်ကာကို ၀တ်ဆင်ထားသလို ထင်ရသည်။ အလွန်အမင်း တောက်ပလွန်းနေရာ ရွှေရောင်နတ်မီးက လောင်ကျွမ်းနေသည် နှင့်ပင် တူသည်။
ဝမ်ကျစ်ဝမ်၏ လက်ထဲတွင် ကိုင်ထားသော ကြေးနီရောင် ခေါင်းလောင်းကြိုးလေးက ညင်သာစွာ တုန်ခါနေပြီး ခမ်းနားသောသံစဥ်ကို လွင့်ထုတ်ပေးသည်။ အလင်းကလည်း ထိုခေါင်းလောင်းထံမှ လာသည်။
“ဘာဖြစ်တာလဲ … ။”
လျှိုကျစ်ယွန်က သူနှင့်အနီးဆုံးဖြစ်သည်။ သူက ထိတ်လန့်တကြား မေးလိုက်သည်။
“အခုလေးတင် တစ်ခုခုက ငါ့ကို တိုက်ခိုက်လာတယ်။”
ဝမ်ကျစ်ဝမ်၏ ပုံမှန်အားဖြင့် နူးညံ့သောလေသံက ထိုတခဏတွင် အလွန်အမင်း ခမ်းနားနေသည်။
ထို့အပြင် သူကိုယ်တိုင်ကလည်း ရွှေရောင် နတ်မီးတောက်ဖြင့် လွှမ်းခြုံခံလိုက်ရ၏။ ယင်းက ရွှေရာင်သံချပ်ကာ ဝတ်ဆင်ထားသလို ဖြစ်နေလေရာ အလွန်အမင်း ခမ်းနားနေပြီး သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့်ပင် တူညီနေသည်။
အပိုင်း (၁၆) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset