ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၆ – လောကကြီးကို တုန်လှုပ်သွားစေသည့် အလိမ်အညာကြီး
ပျော်ရွှင်မှုအပြည့်ဖြင့် ဝင်လာပြီးနောက် သူတို့ ကံတရား ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
ဘုရင်အဆင့်သက်ရှိအားလုံး ဒေါသတကြီး အော်ဟစ်နေကြကာ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် သူတို့စွမ်းအင်အားလုံးကို အသုံးပြုလာကြသောကြောင့် သူတို့ခန္ဓာကိုယ်မှ အလင်းများ ထုတ်လွှတ်လာသည်။
သို့သော် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ ငွေရောင်သစ်ကြားသီးများ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် အားလုံးပေါက်ကွဲသွားသည်။ ဤပေါက်ကွဲအားမှာ တောင်များ ပြိုကျသွားပြီး မြစ်ရေများ ခမ်းခြောက်သွားရန် လုံလောက်သည်ပင်။
ရုတ်တရက် ငွေရောင်စွမ်းအင်များ ကောင်းကင်ထက်သို့ တက်သွားပြီး မှိုပုံစံတိမ်တိုက်များ ဆက်တိုက်ဖြစ်ပေါ်လာသည်။ အဝေးမှကြည့်လျှင် ညှို့ယူဖမ်းစားနိုင်သော်လည်း တကယ်တမ်းတွင် ဤအရာများမှာ ရက်စက်လှသည်။ ထိုမှိုပုံစံတိမ်တိုက်များတွင် သွေးရောင်ဖြင့် ဆေးခြယ်ထားလေ၏။
“အား..”
အချို့သားရဲဘုရင်များ အော်ဟစ်လိုက်ကြသော်လည်း မည်သူမှ သူတို့ကို မကယ်နိုင်။ ကြောက်စရာကောင်းသည့် ငွေရောင်စွမ်းအင်ကြောင့် သူတို့ တစ်စစီဖြစ်သွားကြသည်။ ဤသည်မှာ နျူးကလီးယားဗုံးမဟုတ်သော်လည်း အဖျက်စွမ်းအားမှာ သားရဲဘုရင်များ တုန်လှုပ်စေနိုင်ရန် လုံလောက်သည်။
ဤအပင်မှာ ကြောက်စရာကောင်းလှသည်။
သူ့ထံတွင် အခြေခံအဆင့် အသိစိတ်သာရှိသော်လည်း အပင်မှ အသီးများမှာ ကြောက်စရာကောင်းလှသည်။
ဤသည်မှာ လူသားအမိန့်များကို နာခံသည့် သိုင်းပညာအလေးအမြတ်သစ်ပင်ပင်။
သူ စုစုပေါင်း အသီးဆယ်လုံး ပစ်ချပြီး ထိုအသီးများသည် နေရာအနှံ့၌ တစ်ချိန်တည်း ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုမှာ ဤဆေးခင်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အသံများမှာ ကောင်းကင်မိုးခြိမ်းသံထက်ပင် ပို၍ ကြောက်စရာကောင်းသေးသည်။
ဆေးခင်းထဲတွင် ဘုရင်အဆင့်သွေးများ နေရာအနှံ့ လွ့င်စင်နေသည်။ ကျည်ဆံများကို ခုခံနိုင်သည့် သားရဲဘုရင်များပင် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို မယှဉ်နိုင်။ ငွေရောင်စွမ်းအင်များ ပျံ့လွင့်လာသည့်အချိန်တွင်တော့ သူတို့သည် ကောက်ရိုးများကဲ့သို့ သေဆုံးသွားကြလေသည်။
“ဟား .. တကယ်ကို တောက်ပတဲ့မြင်ကွင်းပဲ .. ဗာတီကန်မှာ ဒီလိုမျိုး သွေးရေမချိုးရတာ တော်တော်ကြာနေပြီ..” ရှီလာ ပြောလိုက်သည်။
သူသည် အဝေး၌ ရပ်နေပြီး သူ့မွေးညှင်းပေါက်များမှ နတ်အလင်းတန်းများ ထုတ်လွှတ်နေသည်။
သူသည် နောက်လာမည့်တိုက်ပွဲအတွက် ပြင်ဆင်နေခြင်းပင်။
“အနန္တသွေးဝိညာဉ်ဆေးပင်က နောက်ဆုံးတော့ ရင့်မှည့်လာပြီ” အာတိတ်ဘုရင် ရက်စက်သည့်အပြုံးဖြင့် ပြောလာသည်။ သူသည် အဖြူရောင်ဆံပင်များကို လွှဲရမ်းလျက် ရှီလာကိုကြည့်လိုက်သည်။ “ဘုရင်အဆင့်သက်ရှိတွေ ဒီလောက်အများကြီး သေသွားတာဆိုတော့ အဲဒီသစ်ပင် ကြီးလာလောက်ပြီမလား.. ကျုပ် မစောင့်နိုင်တော့ဘူး”
ဤသည်မှာ ကြိုတင်ကြံစည်မှုကြီးပင်။
ဗာတီကန်မြို့ထဲမှ ‘ကံကောင်းမှုများ’ ဆိုသည်မှာ အတုအယောင်များပင်။ နတ်အသီးများမှာ တကယ်တမ်းတော့ အရည်အသွေးနိမ့်သည့် အသီးများဖြစ်ပြီး အဆင့်တက်စေနိုငသ်ည့် ပန်းပွင့်များမှာလည်း အသုံးမဝင်သည့် ပန်းပွင့်များသာ။
ဤအရာအားလုံးမှာ သားရဲဘုရင်များအား ဆွဲဆောင်ရန်အတွက် သပ်သပ်သာ။
ပုံမှန်အားဖြင့် နွေးထွေးကာ ဖော်ရွေသည့် ရှီလာမှာ တိုက်ခိုက်သည့်အချိန်တွင်တော့ ရက်စက်ကြမ်းတမ်းလှသည်။ သူသည် ဗာတီကန်၏ နောက်ဆုံးစစ်သူရဲဖြစ်သောကြောင့် လျှို့ဝှက်ချက်အားလုံးကို နားလည်နေသည်ပင်။
ဤသတ်ဖြတ်ကွင်းကြီးကို စီစဉ်ရန်အတွက် အာတိတ်ဘုရင်၊ နဂါးနက်ဘုရင်တို့နှင့် ပူးပေါင်းခဲ့ခြင်းပင်။
သူ့ကို ဆက်တိုက်အဆင့်တက်စေနိုင်မည့် ထူးဆန်းသည့်အပင်တစ်ပင်ကို စိုက်ပျိုးရန်အတွက် သူ ဘုရင်အဆင့်သက်ရှိများ၏ သွေးများကို လိုအပ်ခဲ့သည်။
“လူအိုကြီး .. အခုမှအစပဲရှိသေးတယ် .. ခင်ဗျားက အားလုံးကို ရှင်းပစ်ဖို့ စီစဉ်နေပြီ .. ကျုပ်ကိုလည်း ရှင်းပစ်မှာလို့ မပြောနဲ့နော်..”
အာတိတ်ဘုရင် ရှီလာကို ကြည့်၍ ပြောလိုက်သည်။
ရှီလာ၏နောက်ကြောင်းကိို မည်သူမှ မသိကြ။ သူ့ကို နောက်ဆုံးကျန်ရစ်သည့် မြင့်မြတ်စစ်သူရဲဟု ပြောနေကြသော်လည်း သူ့ကို အမှောင်ထုစစ်သူရဲဟုပြောလျှင် ပိုသင့်တော်လိမ့်မည်ဟု အာတိတ်ဘုရင် ခံစားလိုက်ရသည်။
“ခင်ဗျားက စိတ်ပူလွန်းနေတာပါ .. တိုက်ပွဲအတွက်သာ ပြင်ထားပါ .. သူတို့ထဲက တစ်ချို့သူတွေက သေချာပေါက် အသက်ရှင်လိမ့်မယ် .. ကျုပ်တို့ အလုပ်ကို လက်စသပ်ဖို့ လိုလိမ့်မယ်” ရှီလာပြောလိုက်သည်။
“ကျုပ်တို့ အတွေးလွန်နေတာ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ် .. ဒါပေမဲ့ ရိုမန်ကက်သလစ်အစိုးရက ပြိုင်ဘက်ကင်းအဖွဲ့အစည်းကြီးလေ .. ဘယ်လိုလုပ် စစ်သူရဲတစ်ယောက်တည်း ကျန်ခဲ့တာလဲ.. ကျန်ခဲ့တာကလဲ အလင်းကနေ အဝေးကြီးလမ်းလွှဲနေတဲ့ စစ်သူရဲ” နဂါးနက်လည်း ပေါ်လာသည်။
“အလင်းထဲမှာ ရပ်နေရင်တောင်မှ အရိပ်က အမြဲတမ်း ရှိနေမှာပဲ .. ကျုပ်တို့လမ်းတွေ မတူဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ..” ရှီလာ ပြောလိုက်သည်။ “ဒါပေမဲ့ စိတ်မပူပါနဲ့ ကျုပ် ခင်ဗျားတို့နှစ်ယောက်ရဲ့ ရိုးရိုးသားသား အလုပ်လုပ်တာပါ”
“ကျုပ် ခင်ဗျားကို ယာယီတော့ ယုံကြည်ပေးလိုက်မယ်” နဂါးနက်ကြီး အဆုံးသတ် ပြောလိုက်သည်။
“ခင်ဗျားတို့ ရေရှည်ကိုကြည့်ပါ .. နာမည်ကြီးတောင်တွေ၊ လမ်းတွေအားလုံးက တစ်နေ့ကျရင် ပျက်စီးသွားမှာပဲ .. အပြောင်းအလဲတွေက အမြဲတမ်း ဖြစ်နေမှာ .. အဲဒီလူတွေ ရောက်လာတော့ရော ဘာဖြစ်မှာလဲ .. သူတို့ လာတဲ့အချိန်ကျရင် ငါတို့က အနိုင်ယူနိုင်တဲ့အဆင့်ထိကို ရောက်နေလောက်ပြီ .. သူတို့မှာ ရှေးဟောင်းပညာတွေ ရှိနေတော့ရော ဘာလုပ်ရမှာလဲ…”
ဤသို့ပြောပြီးသည်နှင့် ရှီလာ၏ခန္ဓာကိုယ်မှ နတ်အလင်းတန်းထွက်ပေါ်လာပြီး ကောင်းကင်ထိသို့ပင် ရောက်ရှိသွားသည်။
“ဒီဆေးခင်းကို ငါတို့ပိုင်တာ .. ချိတ်စည်းပွင့်လာတာနဲ့အမျှ ငါတို့ မျှော်လင့်နေတဲ့ဟာတွေကို ရရှိဖို့ နီးလာပြီ..”
ဝုန်း..
ဆေးခင်းကြီးထဲတွင်တော့ နောက်ဆုံးငွေရောင်သစ်ကြားသီး ပေါက်ကွဲသွားပြီး ကောင်းကင်ထက်၌ မှိုပုံတိမ်တိုက်များဖြစ်ပေါ်လာသည်။
ယခုအချိန်တွင် သာမန်ဘုရင်အဆင့်သက်ရှိများမပြောနှင့် အချုပ်အနှောင်ခြောက်ခုကို ဖြတ်တောက်ထားသည့် မသေမျိုးဖီးနှစ်ပင် ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ သူမအတောင်ပံများ ပျက်စီးသွားပြီး ဒဏ်ရာများမှ သွေးများစီးကျနေသည်။
အဆိုးဆုံးမှာ သူမ သယ်ဆောင်ထားသည့် သံကြေးတက်နေသည့်ဓားသည် နတ်အလင်းများ တောက်ပလာကာ သူမကို ပြင်းထန်စွာ တိုက်ခိုက်နေခြင်းပင်။
ဤဓားကို ဖိနှိပ်နေရသောကြောင့် သူမ နောက်ကျမှ ရောက်လာခြင်းပင်။ မဟုတ်ပါက ဤနေရာ၌ တစ်ခုခုမှားယွင်းနေကြောင်း သူမ အစောကြီးကတည်းက သိပြီးသွားလောက်ပြီဖြစ်သည်။ သို့သော် ယခုတော့ သူမ ရောက်လာသည့်အချိန်တွင် ဤနေရာ၌ ရှိနေသည့်သူအားလုံး ကံဆိုးမိုးမှောင်ကျသွားပြီဖြစ်သည်။ သူမ ဖိနှိပ်ထားသည့် ဓားပင် သူမကို ပုန်ကန်လာသည်။
“ဝူး..”
အခြားတစ်ဖက်တွင် ငွေလရောင်ဝံပုလွေ ရှည်လျားစွာ အူလိုက်သည်။ သူလည်း အခြေအနေဆိုးနေသည်ပင်။ သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီး သူ့ရင်ဘတ်တွင် အပေါက်ကြီး ရှိနေသည်။ သူ့လက်တစ်ဖက်လည်း ဘေးဘက်၌ တွဲလောင်းကျနေသည်ပင်။
ဤသည်မှာ ပိရမစ်၏ထိပ်ဆုံး၌ ရှိနေသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ယခုတော့ ငွေရောင်သစ်ကြားသီးပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီဖြစ်သည်။
သူသည် ကျန်သည့်လက်တစ်ဖက်ဖြင့် လှံရှည်တစ်ချောင်းကို ဒေါသတကြီး ဆုတ်ကိုင်ထားလိုက်သည်။
ဤသည်မှာ ထောင်ချောက်ကြီးတစ်ခုဖြစ်ကြောင်း သူတို့နှစ်ဦးလုံး သိသွားကြလေပြီ။ အခြားကျွမ်းကျင်သူအားလုံး ဆေးခင်းအပြင်ဘက်၌ စောင့်နေကာ သူတို့နှင့် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြလေပြီ။
သူတို့နှစ်ဦးလက်ထဲ၌ ရှိနေသည့် ဓားနှင့်လှံတံနှစ်ခုလုံး အလင်းတန်းများ တောက်ပလာသည်။
ဖူး..
သူတို့နှစ်ဦးလုံး သွေးအန်သွားကြကာ ထိုလက်နက်များကို လွှတ်ပေးလိုက်ရသည်။ သူတို့ ကြိုးစားခဲ့သမျှအရာအားလုံး အလဟဿဖြစ်သွားလေပြီ။
ဝှစ်..
ထို့နောက် သူတို့ ဤနေရာမှ ပြေးထွက်သွားလိုက်ကြသည်။
ဆေးခင်းအပြင်ဘက်တွင် မြို့တစ်မြို့လုံးကို လွှမ်းခြုံထားသည့် စွမ်းအင်များ ရှိနေပြီး မြို့ကို ပေါက်ကွဲမှုဒဏ်မှ ကာကွယ်ပေးထားသည်။
“ဟား ဟား ..” ခရစ်ယာဉ်ဘုရားကျောင်းတစ်ခုပေါ်၌ ရပ်နေသည့် ရှီလာ ကျေနပ်စွာ ရယ်မောလိုက်သည်။ သူသည် အသက်ကြီးနေပြီဖြစ်သော်လည်း ခန္ဓာကိုယ်မှာ ဖြောင့်မတ်နေဆဲပင်။
“ငါတို့ တိုက်ဖို့အချိန်ရောက်ပြီ..” သူ၏ ကောက်ကွေးနေသည့် ဆံပင်များ တောက်ပလာကာ သူ့မျက်နှာထက်မှ အရေးအကြောင်းများမှာ သတ္တုကြောတစ်ခုနှင့် တူနေသည်။
ထို့နောက် သူ လမ်းမထက်သို့ ဆင်းသက်လိုက်သည်။ သူ့လက်ထဲ၌ ဓားတစ်လက်ကိုင်ထားပြီး ငွေလရောင်ဝံပုလွေအား တားဆီးလိုက်လေ၏။
ဝံပုလွေဘုရင်၏အရှိန်မှာ အလွန်လျင်မြန်လှသည်ပင်။ တောက်ပသည့် စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် ငွေရောင်အလင်းလွှမ်းခြုံထားသည့် လက်တစ်ဖက် ကောင်းကင်ကို ဖြတ်ဖောက်သွားသည်။
အချုပ်အနှောင်ခြောက်ခုကို ဖြတ်တောက်ထားသည့် ထိပ်တန်းအဆင့်ကျွမ်းကျင်သူဖြစ်သောကြောင့် ဝံပုလွေဘုရင်မှာ သေချာပေါက် စွမ်းအားကြီးလှသည်ပင်။ သူသည် လူသားပုံစံဖြင့်သာ ရှိနေဆဲဖြစ်သော်လည်း သူ့လက်တစ်ဖက်မှာ ဝံပုလွေလက်ဖြစ်နေပြီဖြစ်သည်။ သူ့လက်မှာ တောင်ထိပ်တစ်ခုကို အုပ်မိုးနိုင်လောက်သည်အထိ ကြီးမားလှ၏။
ဤသည်မှာ နတ်ဘုရားစွမ်းရည်ပင်။
သို့သော် ရှီလာမှာ အပြုံးမပျက်။ သူ ဝံပုလွေကို မကြောက်။ သူ့လက်ထဲမှ ဓား တောက်ပလာကာ ဝံပုလွေဘုရင်၏ လက်ကို တိုက်ထုတ်ရန် အရှေ့ဘက်သို့ လွှဲရမ်းလိုက်လေသည်။
ဒုန်း..
ဓားနှင့်လက် ထိသွားသည်နှင့် မိုးခြိမ်းသံထက်ပင် ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။
ဆေးခင်းထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျွမ်းကျင်သူအချို့ ရှိကြသည်။ သို့သော် ထိပ်တန်းအဆင့် ကျွမ်းကျင်သူနှစ်ဦး တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည့်အချိန် သူတို့ သွေးအိုင်ထဲ ပြန်လဲကျသွားကြသည်။
ထိပ်တန်းအဆင့် ကျွမ်းကျင်သူနှစ်ဦး အားကုန်တိုက်ခိုက်ကြသည်မှာ နေနှစ်လုံး ပေါက်ကွဲသွားနှင့်တူသည်။ သူတို့ကို ဗဟိုပြု၍ ငွေရောင်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားသည်။
ဝုန်း..
ဝံပုလွေဘုရင် လွင့်ထွက်သွားသည်။ သူ့ဒဏ်ရာများ ပြန်ပွင့်ထွက်လာပြီး သွေးများ အဆက်မပြတ် စီးဆင်းလာလေသည်။ သူသည် သူ့ရန်သူထက် အားနည်းနေခြင်းမဟုတ်။ ဒဏ်ရာများ ပြင်းထန်လွန်းလှသောကြောင့်သာ။
“ဝူး..”
ငွေလရောင်ဝံပုလွေ အူလိုက်သည်နှင့် လေဟာနယ်ကြီး အေးခဲသွားသည်။ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ပင် အနည်းငယ် တောင့်ခဲသွားသောကြောင့် ရှီလာ ဆွံ့အသွားရသည်။
ဤသည်မှာ ဝံပုလွေဘုရင်ကြီး သူ့အချုပ်အနှောင်တစ်ခုကို ဖြတ်တောက်ပြီးနောက် ရခဲ့သည့် စွမ်းရည်ပင်။ သူသည် အဖြူရောင်လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး သူ့ဝံပုလွေလက်သည်းကို ရှီလာ၏လည်ပင်းထက်သို့ ဦးတည်ထားလိုက်သည်။
ရှီလာသည်လည်း ထိပ်တန်းအဆင့် ကျွမ်းကျင်သူဖြစ်သောကြောင့် သူ့ကို ဤပုံစံမျိုးဖြင့် သတ်နိုင်မည်မဟုတ်။ နောက်ဆုံးစက္ကန့်ပိုင်းတွင် သူ့ဓား လှုပ်ရှားလာပြီး လည်ပင်းရှေ့၌ ကာဆီးလာသည်။
ဝှစ်..
ငွေလရောင်ဝံပုလွေသည် ရှီလာနှင့် ဆက်လက်မတိုက်ခိုက်တော့ပဲ ထွက်ပြေးသွားလိုက်သည်။ သူသည် အသံနှုန်းထက် အဆပေါင်းများစွာ မြန်ဆန်နေအောင် ပြေးထွက်သွားလိုက်သည်ပင်။
“ဝံပုလွေဘုရင် .. ခင်ဗျား မလွတ်နိုင်ဘူး..” ရှီလာမှာ အလောတကြီးမရှိ။ မနှေးလွန်းမမြန်လွန်းသည့်အရှိန်ဖြင့် ပြေးနေသည်။
သို့သော် သူသည် ဝံပုလွေကြီးအား မျက်ခြေမပြတ်သွားသည့်အပြင် ပို၍ပင် နီးကပ်လာသည်။
“လူအိုကြီး ဂရုစိုက် .. ကိုယ့်ကိုကိုယ် အန္တရာယ်မဖြစ်စေနဲ့..” အာတိတ်ဘုရင် ပြောလိုက်သည်။ သူလည်း ခရစ်ယာန်ဘုရားကျောင်းပေါ်မှ ခုန်ချလာပြီး ဆေးခင်းအပြင်ဘက်၌ ရပ်လိုက်သည်။
“အထဲမှာ ငါးအကြီးကြီးတစ်ကောင် ကျန်သေးတယ် .. သူ့ကိုမလွတ်စေနဲ့..” အဝေးမှ ရှီလာအသံ ထွက်ပေါ်လာသည်။
ဝုန်း..
ရုတ်တရက် ကောင်းကင်ထက်မှ ကျယ်လောင်လှသည့် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
အရိပ်နှစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။ ဤသည်မှာ နဂါးနက်ကြီးနှင့် မသေမျိုးဖီးနှစ်တို့ပင်ဖြစ်သည်။
နဂါးနက်သည် မသေမျိုးဖီးနှစ် ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီး သူတို့နှစ်ဦးသည် ကောင်းကင်ထက်၌ ပြင်းထန်စွာပင် တိုက်ခိုက်နေခဲ့ကြသည်။
ရွှီး..
“လူအိုကြီး ပုန်းမနေနဲ့တော့ .. ခင်ဗျား ဒီထဲမှာဆိုတာ ကျုပ်သိတယ်” အာတိတ်ဘုရင် သွေးလွှမ်းနေသည့် ဆေးခင်းထဲကြည့်ကာ ပြောလိုက်သည်။
အလောင်းပုံများအောက်မှ လူအိုကြီးတစ်ဦး မတ်တပ်ထရပ်လာသည်။ သူသည် ချောင်းဆိုးနေကာ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်ပြီး မျက်လုံးမှ ကြောက်စရာကောင်းသည့်အလင်းတန်းများ ထုတ်လွှတ်လာသည်။ ဤလူသည်လည်း အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးပင်။
တကယ်တမ်းတွင် ဗာတီကန်၌ ထိပ်တန်းအဆင့် ကျွမ်းကျင်သူ ၆ ဦးရှိသည်။ ဤလူသည် သူ့စွမ်းအားများကို တစ်ချိန်ုလုံး ဖုံးကွယ်ကာ နေခဲ့သော်လည်း ရှီလာမှ သူ့ကို ရှာတွေ့သွားဆဲပင်။
“သတ်..”
လူအိုကြီးသည် သူ့မူလပုံစံကို မပြောင်းပဲ အော်ဟစ်ကာ တိုက်ခိုက်လာသည်။ သူ ထွက်ပြေးနိုင်အောင် လုပ်ရမည်။
ဝုန်း..
ထိပ်တန်းအဆင့်ကျွမ်းကျင်သူများကြားမှ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။
ဝှစ်..
နောက်ဆုံးတွင်တော့ သူ အခွင့်အရေးတစ်ခုရခဲ့ပြီး ချက်ချင်း ပြေးထွက်ခဲ့လိုက်ရသည်။
အာတိတ်ဘုရင်သည် ရယ်မောကာ စွမ်းအင်လှိုင်းများ ထုတ်လွှတ်ပြီး သူ့နောက်မှ လိုက်လာလေ၏။ စွမ်းအင်များ ထိမှန်သွားကာ ထိုလူ ချက်ချင်း သွေးအန်သွားသည်။
“ငါတို့ လှုပ်ရှားဖို့ အချိန်ရောက်ပြီ .. ရှင်းကြစို့..”
ထိုအချိန်တွင် တောက်ပသည့်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် အမျိုးသားနှင့် အမျိုးသမီးတစ်စု ရောက်ရှိလာကြသည်။ သူတို့အားလုံးလည်း ဘုရင်အဆင့်သက်ရှိများပင်။ ဤလူများထြတွင် ချူဖုန်းတို့အဖွဲ့ အလွန်ရင်းနှီးနေမည့်ဖြစ်သည့်လူတစ်ဦးလည်း ပါဝင်နေ၏။ ထိုလူမှာ အက်ဗီဒူးပင်။
အဝေးတွင် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လာသည့် ချီလင်းဘုရင်လည်း ပေါ်လာသည်။ နောက်ဆုံးအချိန်တွင်မှ သူ့ကို ဆေးခင်းထဲမှ ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် အာတိတ်ဘုရင်၏နောက်လိုက်များလည်း ပေါ်လာသည်။
ဖူး ဖူး ဖူး..
ဤ်လူများသည် ဆေးခင်းထဲသို့ ဝင်လာကာ သက်ရှိပေါင်းစုံကို တိုက်ခိုက်လာကြသည်။ အသက်ရှင်ကျန်သူ မရှိစေရန်အတွက် သေသေရှင်ရှင် အားလုံးကို ခေါင်းဖြတ်ပစ်လိုက်ကြလေသည်။
မြေကြီးအောက် မီတာပေါင်း ရာပေါင်းများစွာ နက်သည့်နေရာတွင် ချူဖုန်း၊ နွားဝါလေးနှင့် နွားနက်ကြီးတို့ ဒဏ်ရာပြင်းထန်စွာ ရရှိနေကြသည်။ သူတို့ မြေကြီးထဲ တွင်းတူး၍ ပုန်းလိုက်ကြသော်လည်း သူတို့သည် ငွေရောင်သစ်ကြားသီး၏ပေါက်ကွဲမှုဒဏ်ကို ခံလိုက်ကြရဆဲပင်။
ကပ်ဘေးကြီး ရောက်လာတော့မည်ကို သူတို့ ကြိုသိခဲ့ရသည်။ အစပိုင်းတွင် ဤနေရာမှ ထွက်ပြေးလိုခြင်းဖြစ်သော်လည်း အဆုံးတွင် သူတို့ အချိန်မှီ မထွက်နိုင်ခဲ့။
ထို့ကြောင့် ပေါက်ကွဲမှုဗဟိုမှတ်မှ ဝေးသည်နှင့် ချူဖုန်း ချာကရမ်ကို မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်ပြီး သူတို့ ထိုတွင်းပေါက်ထဲသို့ ပြေးဝင်သွားခဲ့ကြခြင်းပင်။ သို့မှသာ သူတို့အသက်ရှင်နိုင်လိမ့်မည်။
“ဒါက ဘာကြီးလဲ .. စိန်လား .. အကြီးကြီးပဲ..” နွားနက်ကြီး သူ့လက်မောင်းဒဏ်ရာမှ အနီရောင်သလင်းကျောက်ကို ဆွဲထုတ်လိုက်သည်။ ဤကျောက်မှာ ကလေးလက်သီးအရွယ်ရှိပြီး အနီရောင်မြူများ လွှမ်းခြုံနေသည်။
“ချီးပဲ .. နာလိုက်တာ .. ထပ်ရှိသေးတယ်..” နွားနက်ကြီး ကျိန်ဆဲလိုက်ကာ သူ့တင်ပါးရှိ ဒဏ်ရာမှ ကျောက်များကို ဆွဲထုတ်လိုက်သည်။
နွားဝါလေးသည် ချက်ချင်းပင် ဆွံ့အသွားပြီး နွားနက်ကြီးထံမှ လက်တစ်ဆုပ်စာ ကျောက်များကို ဆွဲယူလိုက်သည်။
“ရှူး..” ချူဖုန်း အခြားနှစ်ယောက်ကိုအသံမထွက်ရန် လုပ်ပြလိုက်သည်။ မြေပြင်ထက်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှသောကြောင့် မြေအောက်ထိပင် ရောက်ရှိလာသည်။
အပိုင်း ၁၆၆ ပြီး၏။