ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၅ – နျူးကလီးယား အလင်း
သူ့ညာဘက်ပုခုံးတစ်ခြမ်းလုံး ပျက်စီးလုနီးပါးဖြစ်နေသည့် ဒဏ်ရာများဖြင့် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည့်အချိန် ဆေးခင်းကြီးတစ်ခုလုံး တုန်လှုပ်သွားရသည်။
“ငါ အမြင်မှားတာတော့ မဟုတ်ဘူးမလား .. ဒီလိုမျိုး အသံရဲ့အမြန်နှုန်းနဲ့ ပြေးသွားတဲ့သူက အာဖရိကခြင်္သေ့ဘုရင်လား..” လမ်းတစ်လျှောက်မှလူများ ဆွံ့အသွားရသည်။
ချူဖုန်း ချာကရမ်ကို ကောက်ယူလိုက်သည်။ ချာကရမ်တွင် သွေးစက်တစ်စက်မှ စွန်းထင်းနေခြင်းမရှိ။ ကျွမ်းကျင်သူတစ်ဦး၏ အနုပညာလက်ရာကဲ့သို့ နူးညံ့စွာ တောက်ပနေသည်။
မြေပြင်ထက်တွင်တော့ တစ်စစီဖြစ်နေသည့် ကျားသစ်နက်ဘုရင်၏အလောင်း ရှိနေသည်ပင်။
ဤနေရာသို့ ရောက်လာကြသည့် သားရဲဘုရင်အားလုံး ဆွံ့အနေကြလေပြီ။ အချုပ်အနှောင်လေးခုဖြတ်တောက်ထားသော ရွှေရောင်ခြင်္သေ့ဘုရင် ရှုံးနိမ့်သွားသောကြောင့် မည်သူက နတ်ဆိုးဘုရင်ချူကို မကြောက်ပဲ နေမည်နည်း..
“မင်း ဘာတွေစောင့်နေတာလဲ..” နွားဝါလေး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ယခု သူတို့ အကျိုးအမြတ်များကို ရိတ်သိမ်းရမည့်အချိန်သို့ ရောက်လေပြီ။ ဆေးခင်းတစ်ခုလုံး တောက်ပသည့်အသီးများဖြင့် ပြည့်နှက်နေပြီး သွားရေယိုချင်စရာ ကောင်းလှသည်။
“မူး..” နွားနက်ကြီးလည်း မစောင့်နိုင်တော့။ သူသည် ကျယ်လောင်စွာ အော်ဟစ်ကာ အသီးများကို စတင်ခူးဆွတ်လိုက်တော့သည်။
ချူဖုန်း အသီးများကို မခူးသေးပဲ ချာကရမ်ကို ကိုင်ထားပြီး သူ့ဘေးပတ်လည်မှ ဘုရင်များကို လေ့လာလိုက်သည်။
ဤလူများမှာ သွေးများ အေးခဲသွားလေ၏။ နတ်ဆိုးဘုရင်ချူ သူတို့အတွက် မည်ကဲ့သို့သော အစီအစဉ်မျိုးရှိနေသနည်း.. သူသာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင် မည်သူက သူ့ကို ခုခံနိုင်မည်နည်း..
“ဘုရင်ချူ .. ဒီမှာ ထူးဆန်းတဲ့အပင်တွေ အများကြီးရှိတာဆိုတော့ ကျွန်တော်တို့အားလုံး အဆင့်တက်ဖို့ လုံလောက်ပါတယ် .. စိတ်ချပါ … ကျွန်တော်တို့ ခင်ဗျားကို ဆန့်ကျင်ဖို့ အစီအစဉ်မရှိပါဘူး”
စွမ်းအားကြီးသည့်သားရဲဘုရင်တစ်ဦး သူ့သဘောထားကို ပြောပြလိုက်သည်။ ဤသည်မှာ ချူဖုန်းကို အရင်ခူးခွင့်ပေးမည်ဟု သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင်။
သူတို့ ဤနတ်ဆိုးဘုရင်ချူကို ရန်မစချင်။ သူ့လက်ထဲမှ စက်ဝိုင်းပုံလက်နက်မှာ အလွန်ကြောက်စရာကောင်းလှသည်။
ချူဖုန်း ခေါင်းညိမ့်လိုက်ပြီးနောက် ရှေးဟောင်းသစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်သွားလိုက်သည်။
“ဟား ဟား..” နွားနက်ကြီးမှာ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသည်။ သူသည် ပိုနီပန်းများကို စားနေသကဲ့သို့ အသီးအချို့နှင့် ပန်းကန်လုံးအရွယ်အစားရှိသည့် ပန်းပွင့်များကို ပါးစပ်ထဲ ပစ်ထည့်ကာ ဝါးစားနေသည်။
ဤနေရာတစ်ခုလုံး အသီး၏မွှေးရနံ့များ သင်းပျံ့နေပြီး မြူများလည်း အုံ့ဆိုင်းနေသောကြောင့် ကောင်းကင်ဘုံကြီးနှင့်ပင် တူနေသည်။
“ထူးဆန်းတယ် .. ဘာအရသာမှလည်းမရှိဘူး..” နွားနက်ကြီး ပြောလိုက်သည်။ သူ အများကြီး စားပြီးသွားပြီဖြစ်သော်လည်း ဗိုက်ပြည့်သည်ဟု မခံစားရသေး။
နွားဝါလေး၏ လှုပ်ရှားမှုများမှာ တိကျကာ ပေါ့ပါးဖြတ်လတ်နေသည်။ သူ ရွှေရောင်မက်မွန်သီးကို ကိုက်ချလိုက်ပြီးနောက် အကြိမ်အနည်းငယ်ဝါးကာ မြိုချလိုက်သည်။
ထို့နောက်တွင် သူသည် ခရမ်းရောင်နွယ်ပင်ထံသို့ ပြေးသွားပြီး ကလေးလက်သီးအရွယ်အစားရှိသည့် အသီးကို ခူးစားလိုက်သည်။
“ထူးဆန်းတယ် .. အားလုံးက အရသာမရှိဘူး ဖြစ်နေတယ်” နွားဝါလေး ပြောလာသည်။ မှတ်တမ်းအရဆိုလျှင် ဤအသီးများအားလုံး အလွန်အရသာ ရှိနေသင့်သည်။
သို့သော် ယခုအချိန်တွင် မွှေးနေသည်ကလွဲလျှင် အသီးများမှာ အရသာ ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်နေသည်။
သူ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အခြားသစ်ပင်တစ်ပင်ထက်သို့ ရောက်လာသည်။ပွင့်နေသည့်ပန်းများမှ ဝတ်မှုန်များကို ရှူသွင်းလိုက်ပြီး သူ၏အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။
“ဘယ်လိုဖြစ်နေတာလဲ..” နွားဝါလေး ပို၍ ရှုပ်ထွေးလာသည်။ ပန်းပွင့်များသည် မြူများအုံ့ဆိုင်းပြီး အလင်းများ တောက်ပနေကာ ထူးခြားပုံပေါ်သော်လည်း ရှူသွင်းလိုက်သည့်အချိန်တွင်တော့ မပြောပလောက်သည့် အလင်းအနည်းငယ်သာ နှာခေါင်းထဲဝင်သွားသည်။
နွားဝါလေး အံ့အားသင့်နေရသည်။ သူ သစ်ပင်ပြောင်းကာ အကြိမ်ကြိမ်စမ်းသပ်သော်လည်း ရလဒ်မှာ အတူတူပင်။ တစ်ခုခု ထူးဆန်းနေပြီကို သူသိလိုက်လေပြီ။ ပြဿနာမှာ မသေးလှ။
အခြားတစ်ဖက်၌ ရှိနေသည့် ချူဖုန်းလည်း အံ့အားသင့်နေသည်ပင်။
ဝုန်း..
ချူဖုန်း တစ်ခဏအတွင်း မီတာပေါင်း ရာပေါင်းများစွာကို ဖြတ်ကျော်လိုက်သည်။ သူ ခြေထောက်အောက်ရှိ မြေကြီးများပင် ပေါက်ကွဲကုန်လေသည်။ ဘေးပတ်လည်၌ ရှိနေသည့် သားရဲများမှာ လျင်မြန်စွာပင် နောက်ဆုတ်သွားလိုက်ကြသည်။
မဟူရာကဲ့သို့ နီရဲနေသည့် ရှေးဟောင်းသစ်ပင်တစ်ပင်ကို သူကြည့်လိုက်သည်။ ထိုအပင်ထက်တွင် ပန်းကန်လုံးအရွယ်အစားရှိသည့် ပန်းပွင့်များ ရှိနေကာ အနီရောင်မြူများ ထုတ်လွှတ်နေသည်။ ဤအပင်မှာ နတ်ပန်းပင်နှင့်တူလှသည်။
ချူဖုန်း စိတ်အေးအောင်လုပ်လိုက်ပြီး သူ့အသက်ရှူစည်းချက်ကို အသက်သွင်းကာ မွေးညှင်းပေါက်များကို ဖွင့်ဟထားလိုက်၏။ ထို့နောက် အနီရောင်ဝတ်မှုန်မြူများကို စုတ်ယူရန် ကြိုးစားလိုက်သည်။ သို့သော် ဝတ်မှုန်အနည်းငယ်သာ စုတ်ယူလိုက်နိုင်လေသည်။
“နွားဝါလေး တစ်ခုခု မှားနေတယ်..” ချူဖုန်း နွားဝါလေးရှေ့ ဝှစ်ခနဲ ရောက်လာပြီး သူ့မျက်နှာထက်တွင် သံသယဝင်သည့်အမူအရာများ ရှိနေသည်ပင်။
တကယ်တမ်းတွင် ထို ပန်းကန်လုံးအရွယ်အစား ပန်းပွင့်များတွင် သူ အဆင့်တက်ရန် လုံလောက်သည့် အံ့အားသင့်စရာကောင်းလောက်သည့် ဝတ်မှုန်များ ရှိသင့်သည်။
သို့သော် သူ မပြောပလောက်သည့် ပမာဏကိုသာ စုတ်ယူလိုက်နိုင်ကြောင်း တွေ့လိုက်ရသည်။
“သေချာပေါက် တစ်ခုခုမှားနေတယ် .. ဒီနေရာက ငါတို့အာရုံခံစားမှုတွေကို မြှင့်တင်ပေးနေတာထင်တယ် .. အနံ့က အဲဒီလောက်မမွှေးပဲနဲ့ ငါတို့က အရမ်းမွှေးတယ်လို့ ခံစားနေရတယ် .. ငါတို့အမြင်တွေတောင် လှည့်စားခံနေရတယ်..”
နွားနက်ကြီးလည်း သူတို့အနားသို့ ရောက်လာကာ ဆက်တိုက်ကျိန်ဆဲနေလေသည်။ သူသည် အသီးများကို ဗိုက်ပြည့်အောင် စားပြီးသွားပြီဖြစ်သော်လည်း အကျိုးသိပ်မရှိ။
“ဒီနေရာက ဘယ်လောက်တောင် ထူးဆန်းလဲဆိုတာကို ငါစဉ်းစားနေတာ .. ခွန်းလွန်တောင်အတွင်းပိုင်းနဲ့ ဘုရားနယ်မြေအတွင်းပိုင်းတွေတောင် အပြည့်အဝ အသက်မဝင်သေးဘူး .. ဒီမှာက ဘယ်လိုလုပ် ပန်းပွင့်ပြီး အသီးတွေ သီးနေတဲ့ ရာချီတဲ့ ရှေးဟောင်းသစ်ပင်တွေ ရှိနေတာလဲ .. ကြည့်ရတာ ငါတို့မြင်နေရတာက အမှန်မဟုတ်ဘူးထင်တယ်”
“နည်းနည်းတော့ အကျိုးရှိတယ် .. ငါတို့ အဲဒီအသီးတွေကို ရာချီစားရင် အဆင့်တက်နိုင်မယ်ထင်တယ်..” နွားနက်ကြီး သူ့အမြင်ကို ပြောလာသည်။
ပုံမှန်အတိုင်းဆိုလျှင် ဤအသီးအနည်းငယ် စားလိုက်သည်နှင့် အဆင့်တက်ရန် လုံလောက်ပြီဖြစ်သည်။
“ဒီနေရာကိုယ်တိုင်ကိုက ပြဿနာရှိနေတာ .. ငါတို့ အသီးတွေ နောက်တစ်ခေါက်လောက်ခူးပြီးတာနဲ့ ချက်ချင်း ထွက်သွားရမယ်..” နွားဝါလေး လေးနက်စွာ ပြောလိုက်သည်။
ထို့နောက် သူတို့အဖွဲ့ ထပ်မံလှုပ်ရှားလိုက်ကြသည်။ သူတို့သည် နေရာအနှံ့မှ အသီးများကို စတင်ခူးဆွတ်လိုက်ကြတော့သည်။
နွားနက်ကြီးသည် တိုတိုင်းတစ်ကောင်ကဲ့သို့ တွေ့သမျှအရာအားလုံးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကာ နောက်တစ်နေရာသို့ မရောက်မီတွင် ဝါးစားလိုက်သည်။
ချူဖုန်း သူ၏ထူးခြားသည့် အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ကာ ပန်းပွင့်များရှေ့၌ ခဏရပ်လိုက်သည်။ ထို့နောက်တွင်မှ အခြားတစ်နေရာသို့ ဆက်သွားလိုက်သည်။
“အမ် .. ငါ ဆေးစွမ်းအများကြီးရှိတဲ့ အသီးကို စားလိုက်ရတယ်..” နွားနက်ကြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ သူ့တစ်ကိုယ်လုံး ပူလာပြီး သွေးများလည်း ဆူပွက်လာသည်။
သို့သော် တည်ငြိမ်သွားပြီးသည့်နောက်တွင်တော့ သူ သံသယများလာပြီး မသက်မသာဖြစ်လာရသည်။
“ဟူး..”
ဝတ်မှုန်များစွာ ရှိနေသည့် ပန်းတစ်ပွင့်ကို ချူဖုန်း စစ်ဆေးလိုက်သည်။ သူ ဤပန်းပွင့်ကို တစ်ဖြည်းဖြည်းချင်း စုတ်ယူဖို့ အချိန်မရှိ။
ပန်းပွင့်ကိုခူးကာ ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး နောက်တစ်နေရာသို့ ဦးတည်သွားလိုက်သည်။
“အဲဒါက ဘာကြီးလဲ..”
ချူဖုန်းနှင့် နွားနှစ်ကောင် ဆေးခင်း၏ အတွင်းနက်ပိုင်းသို့ ရောက်ရှိလာကြသည်။ သူတို့ရှေ့တွင် အကန့်လေးနှစ်ကန့် ရှိနေသည်ပင်။
တစ်ကန့်ထဲတွင် ရှေးသစ်ပင်အနည်းငယ်ရှိပြီး ထိုသစ်ပင်ထက်တွင် လူသားပုံစံအသီးများ ရှိနေသည်။
သူတို့ သူတို့ ဤအကန့်နားလေးသို့ မကပ်ရဲ။ မည်ကဲ့သို့သော အန္တရာယ်မျိုးရှိနေမည်ကို သူတို့မသိ။
အခြား အကန့်လေးတစ်ခုထဲတွင်တော့ တောက်ပနေသည့် အပင်တစ်ပင်ရှိနေသည်။
ဒါက ဘာအပင်လဲ .. သူ့ကို ကာကွယ်ထားတဲ့ စည်းတစ်ခုတောင် ရှိနေတယ်..
သူတို့သုံးယောက် ဤအပင်လေးကို အသေးစိတ် စစ်ဆေးကြည့်ပြီး ခဏကြာပြီးသည့်နောက်တွင်တော့ သူတို့အားလုံး အံ့အားသင့်သည့်အမူအရာများ ဖြစ်သွားကြသည်။
သေးငယ်သော်လည်း တောက်ပလှသည့် အပင်၏အရွက်များထက်တွင် သွေးစက်များ ရှိနေသည်။
ဤအပင်လေးအောက်၌ တစ်ခုခုမြှုပ်ထားသည့်ပုံပင်။ သူတို့ အနီးကပ်ကြည့်လိုက်သည့်အချိန်တွင်တော့ သူတို့အားလုံး အံ့အားသင့်သွားရသည်။ အောက်ဘက်၌ ရှိနေသည်မှာ ဘုရင်အဆင့် အကြေးခွံများ၊ အမွေးအတောင်များပင်။
“ဒါက..” နွားရိုင်းနက်ကြီးမှာ မျက်လုံးများ ပြူးကျယ်သွားရသည်။
ယခင်က ဗာတီကန်သို့ သူ့ထက်အရင်သွားနှင့်သည့် သူငယ်ချင်းများ ရှိသည်ဟု သူ ပြောခဲ့ဖူးသည်။ သူတို့သည် နွားနက်ကြီးကိုပင် အကူအညီလှမ်းတောင်းကြသေးသည်။
သူ့သူငယ်ချင်းများ ဤနေရာ၌ သေဆုံးသွားကာ မြေမြှုပ်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့။
“ငါ ဒီမြို့ကို ရောက်ပြီးတော့ ဘာလို့ သူတို့ကို ရှာလို့မတွေ့တာလဲလို့ စဉ်းစားနေတာ” နွားနက်ကြီး၏အမူအရာမှာ လေးနက်နေသည်။ သူ အခြားတစ်နေရာသို့ ကြည့်လိုက်သည့်အချိန်တွင်တော့ အဖြူရောင်အသားတုံးကြီးကို မြင်လိုက်ရသည်။
“ဒါက အိန္ဒိယဆင်ဖြူရဲ့ နှာမောင်းအစိတ်အပိုင်းလို့ မပြောနဲ့နော်..” သူ အတော်လေး အံ့အားသင့်သွားရသည်။ ထိုဆင်သည် အလွန်ကြောက်စရာကောင်းသည့် သက်ရှိပင်ဖြစ်သည်။ သူလည်း ဒီမှာ သေသွားတာလား..
“ရှေးဟောင်းအုတ်ဂူတွေက မှတ်တမ်းတွေအရဆိုရင် ဒီမိစ္ဆာသစ်ပင်က အဖိုးတန်သွေးတွေကို သောက်တာ .. ဒါက နမိတ်မကောင်းဘူး .. သွားကြစို့..” တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရလိုက်သောကြောင့် သူ့အမူအရာ ပြောင်းလဲသွားသည်။
ထို့နောက် သူတို့ ပြေးထွက်လာခဲ့လိုက်ကြသည်။
“ဝုန်း..”
သူတို့သုံးယောက်သည် သူတို့ခန္ဓာကိုယ်မှ လက်ခံနိုင်သည့် အရှိန်နှုန်းထက် ပိုမြန်အောင် ပြေးလာခဲ့ကြသောကြောင့် လေထဲပ မိုးခြိမ်းသံများပင် ထွက်ပေါ်လာသည်။
သူတို့သည် ရွှေရောင်ခြင်္သေ့ဘုရင်ကြီး ထွက်ပြေးသကဲ့သို့ ပြေးထွက်လာခဲ့ကြသည်ပင်။
ယခုမှ ရောက်လာသည့် သားရဲဘုရင်များကတော့ အသီးအပွင့်များကို တောက်လောင်သည့် မျက်လုံးများနှင့် ကြည့်နေကြလေသည်။ ထို့နောက် သူတို့အားလုံး တောထဲသို့ ပြေးဝင်သွားကြလေ၏။
“အန္တရာယ်များတယ် .. ပြေး..” သုံးယောက်လုံး လမ်း၌ တွေ့သမျှလူတိုင်းကို အော်ပြောလာကြသည်။
ယခုအချိန်တွင်တော့ ဤနေရာ၏ ရည်ရွယ်ချက်ကို သူတို့ခန့်မှန်းနိုင်လေပြီ။ ဤသည်မှာ ကြောက်စရာကောင်းလှသည့် လူသတ်ကွင်းကြီးပင်။ ဤဆေးခင်းထဲရှိ သားရဲဘုရင်အားလုံးနီးပါး ဆိုးရွားစွာ သေဆုံးရလောက်သည်။
“ပြေး..”
သူတို့ အဆုတ်ကွဲမတတ် အော်ဟစ်နေကြသော်လည်း မည်သူမှ သူတို့ကို အရေးမလုပ်။ အချို့သူများမှာ သူတို့ကို အရူးကဲ့သို့ ကြည့်လာကြသေးသည်။ အသီးအပွင့်များစွာ ရှိနေသောကြောင့် အရူးသာ ထွက်ပြေးကြလိမ့်မည်။
သူတို့သုံးယောက်နှင့် တစ်ချိန်တည်း ရောက်လာကြသည့် ဘုရင်အချို့သာ ထိတ်လန့်တကြား ဖြစ်သွားကြသည်။ အသီးများစွာ စားပြီးသွားပြီဖြစ်သော်လည်း အကျိုးသိပ်မရှိသောကြောင့် သူတို့အမူအရာများ ပြောင်းလဲသွားသည်။
ဝှစ် ဝှစ် ဝှစ်…
သူတို့လည်း ချူဖုန်းတို့နောက် ပြေးလိုက်လာကြသည်။
ဗာတီကန်မြို့ထဲထဲတွင် ရှီလာသည် ကြင်နာတတ်သည့်ပုံစံဖြင့် ရယ်မောနေလေသည်။ သူသည် ခရစ်ယာန်ဘုရားကျောင်းတစ်ခုပေါ်၌ ရပ်ကာ ဆေးခင်းထဲမှ အခြေအနေများကို ကြည့်နေကာ သူ့မျက်လုံးထဲ၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
သူ့ကို နောက်ဆုံးမြင့်မြတ်စစ်သူရဲဟု သိရသည်။ သူသည် အချုပ်အနှောင်ခြောက်ခုကို ဖြတ်တောက်ပြီးသွားပြီဖြစ်သည့် ထိပ်တန်းကျွမ်းကျင်သူထဲမှ တစ်ဦးပင်။
ထို့အပြင် သူသည် ရိုမန်ကက်သလစ်အစိုးရ၏ အကြီးအကဲတစ်ဦးလည်းဖြစ်သည်။ဗာတီကန်မြို့အကြောင်းကို သူ့ထက် ပိုသိသည့်သူမရှိနိုင်။
သူနှင့်အတူ အာတိတ်ဘုရင်လည်း ရှိနေသည်။ သူ၏ရှည်လျားသည့် ဆံနွယ်များသည် နောက်ကျောထက်၌ ဖြာကျနေပြီး သူ့ဘေးပတ်လည်တွင် နတ်အလင်းများ ရှိနေသည်။ သူသည် သွားများပေါ်အောင်ထိ ပြုံးနေပြီး သူ့အပြုံးမှာ ကြောက်စရာကောင်းလှသည်။
“စနေပြီ..” ရှီလာ ပြုံးလိုက်သည်။
ငွေလရောင်ဝံပုလွေဘုရင်နှင့် မသေမျိုးဖီးနှစ်ပင် ဆေးခင်းထဲသို့ ရောက်နေပြီဖြစ်ပြီး ရိုမန်ကက်သလစ်အဖွဲ့အစည်း၏ လက်နက်များအား တစ်ယောက်တစ်ခုစီ ဖိနှိပ်ထားကြသည်။
ကျွမ်းကျင်သူများလည်း သူတို့ကံကောင်းမှုကို ရှာတွေ့သွားသကဲ့သို့ အော်ဟစ်ကြွေးကြော်ကာ ဆေးခင်းထဲ ဝင်သွားကြသည်။
သို့သော် ရုတ်တရက် သတိပေးခြင်းမရှိပဲ ရှေးဟောင်းသစ်ပင်အားလုံး ပျောက်ကွယ်သွားကာ နတ်သစ်ပင်အနည်းငယ်သာ ကျန်ခဲ့တော့သည်။
ဤသည်မှာ အားလုံးကို ဆွံ့အသွားစေခဲ့သည်။
ထိုအချိန်တွင် ဆေးခင်းအလယ်၌ သုံးမီတာရှည်ကာ ငွေရောင်အလင်းထုတ်လွှတ်နေသည့် အပင်တစ်ပင် ရုတ်တရက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် မသေမျိုးဖီးနှစ်တစ်ကိုယ်လုံးမှ မီးတောက်များ ထွက်ပေါ်လာသည်။ သူမ ခန္ဓာကိုယ်တောင့်တင်းသွားကာ သူမအတောင်ပံများကို ပြင်းထန်စွာ လှုပ်ခတ်လိုက်သည်။
သူမ အဝေးသို့ ပျံသန်းသွားချင်သော်လည်း နောက်ကျလွန်းသွားလေပြီ။
ထိုငွေရောင်အပင်တွင် ထူးဆန်းသည့်အသီးဆယ်လုံးရှိပြီး ထိုအသီးများသည် နေရာအနှံ့သို့ ကြွေကျလာလေသည်။
“သစ်ကြားသီးပင်လား..”
သာမန်သားရဲဘုရင်များ အံ့အားသင့်သွားရသည်။ သူတို့ နတ်အသိစိတ်များ ချိတ်ပိတ်ခံထားရသောကြောင့် သူတို့ မည်သည့်အန္တရာယ်အငွေ့အသက်ကိုမှ မခံစားရ။
ထိုငွေရောင်အပင်မှာ တကယ်ကို သစ်ကြားသီးပင်ဖြစ်သည်။ သို့သော် သူသည် အစောကြီးကတည်းက မယုံကြည်နိုင်လောက်သည့်အဆင့်သို့ အဆင့်တက်သွားပြီဖြစ်ပြီး အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။
ယခုအချိန်တွင် ငွေရောင်သစ်ကြားသီးများ ကြွေကျလာကာ နေရာအနှံ့ လွင့်ထွက်သွားသည်။
ဝုန်း ဝုန်း ဝုန်း..
ကြောက်စရာကောင်းသည့် စွမ်းအင်များနှင့်အတူ မှိုပုံစံတိမ်တိုက်များ ထွက်ပေါ်လာသည်။
ငွေရောင်သစ်ကြားသီးတစ်လုံးစီမှာ နျူးကလီးယားဗုံးတစ်လုံး၏ စွမ်းအားနှင့် ညီမျှနေသည်။
အပိုင်း ၁၆၅ ပြီး၏။