ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၄ – ဗာတီကန်မြို့၌ နာမည်ကျော်ကြားလာခြင်း
အခြေအနေမှာ တင်းမာနေလေပြီ။ သူတို့ရှေ့တွင် ဗာတီကန်မြို့မှ သားရဲများ ကြောက်ရသည့် ရွှေရောင်ခြင်္သေ့ဘုရင်နှင့် သူ့နောက်တွင် သာမန်သားရဲဘုရင်များကို လွှမ်းမိုးနိုင်သည့် နဂါးတစ်ကောင်ဖြစ်သည့် ချီလင်းရှိနေသည်။
သူတို့နှစ်ဦးလုံးမှာ အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့်ကျွမ်းကျင်သူများဖြစ်ကြပြီး ထိပ်ဆုံး၌ရှိနေသည့် ကျွမ်းကျင်သူငါးဦးမှ လွဲလျှင် မည်သူမှ သူတို့ကို မယှဉ်နိုင်။
ဓားနီသည် လေထဲ၌ ဝဲပျံနေပြီး အလင်းတန်းများထုတ်လွှတ်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
ချူဖုန်း ယခုတော့ ချောင်ပိတ်နေပြီဖြစ်သည်။ တိုက်ခိုက်ရုံမှလွဲ၍ သူ တစ်ခြားရွေးချယ်စရာမရှိတော့။ တစ်ဖက်လူက သူ့နှာဖျားအား ဓားဖြင့် ရွယ်ထားသည့်အချိန် သူက ဘယ်လိုလုပ် နောက်ပြန်ဆုတ်နိုင်မည်နည်း..
ချွမ်း..
နွားနက်ကြီးလည်း သူ့ခရမ်းရောင်ဓားကို ဆွဲထုတ်လိုက်သည်။ သူ စကားတစ်ခွန်းမှမပြော။ သူ့နောက်ဆုံးထွက်သက်ထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
နွားဝါလေး၏ နှာခေါင်းနားတွင် အဖြူရောင်မြူများ လွင့်မျောနေသည်။ သူ၏ခန္ဓာကိုယ်အရွယ်အစား မကြီးမားသော်လည်း သူသည် ထူးခြားသည့်အသက်ရှူစည်းချက်အား အသုံးပြုနေသောကြောင့် သူ့ထံမှ ကြောက်စရာကောင်းသည့်စွမ်းအင်များ ထွက်ပေါ်လာသည်။
ရွှေရောင်ခြင်္သေ့ဘုရင်သည် အရပ်ရှည်ကာ ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ အခြားသားရဲများအား ဖိနှိပ်သည့် အော်ရာများ ပိုင်ဆိုင်ထားသည်ပင်။
“မင်းတို့ဘာလို့ မသွားသေးတာလဲ..” သူ ခြိမ်းခြောက်လိုက်သည်။
ရွှေရောင်ခြင်္သေ့ဘုရင်သည် အရှေ့တိုင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောလာသည်။
“သောက်ခြင်္သေ့ကောင် .. ငါ မင်းကို အရှင်လတ်လတ် အရေခွံနွာပစ်မယ်..” နွားနက်ကြီးအော်ဟစ်လိုက်သည်။ သူ ဤလောကထဲသို့ ရောက်လာသတည်းက မည်သူမှ သူ့အား ဤကဲ့သို့ အထင်မသေးဖူးသောကြောင့် သူ ဒေါသထွက်လာသည်။
ချူဖုန်းမှာ ရွှေရောင်ခြင်္သေ့ဘုရင်ကိုအရင်သတ်ရမလား၊ ချီလင်းကို အရင်သတ်ရမလားဟု တွေးနေမိသည်အထိ ဒေါသထွက်နေပြီဖြစ်သည်။
ဂီး..
ရုတ်တရက် အဝေးမှ နဂါးအော်သံတစ်သံ ထွက်ပေါ်လာသည်။ နဂါးနက်ကြီး၏အော်သံမှာ ဆေးခင်းတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
စိတ်စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာသည်နှင့် လေထဲ၌ နဂါးအော်ရာခပ်ပါးပါး ထွက်ပေါ်လာသည်။
ချီလင်းဘုရင်လည်း ထိုအော်ရာကို ချက်ချင်းအာရုံခံမိသွားသည်။ ထို့နောက် သူ့အမူအရာရှုပ်ထွေးလာလေသည်။ သို့သော် နောက်ဆုံးတွင်တော့ သူသည် ပြတ်သားစွာဖြင့် နဂါးနက်ကြီးထံသို့ ဦးတည်သွားကာ မျက်စိတစ်မှိတ်အတွင်း မီတာပေါင်းတစ်ရာကျော် ဝေးကွာသွားလေသည်။
ဤနေရာ၌ရှိနေသည့် ဘုရင်အဆင့်သက်ရှိအားလုံး ဆွံ့အသွားရသည်။ အရေးကြီးတဲ့အချိန်မှာတောင် ချီလင်းဘုရင်က လှည့်ထွက်သွားတယ် .. နဂါးနက်က သူ့ကို ဒီလောက်တောင်မှ လွှမ်းမိုးနိုင်တာလား..
“စိတ်ဝင်စားစရာပဲ..” ပျောက်ကွယ်သွားသည့် ချီလင်းဘုရင်ပုံရိပ်ကိုကြည်ပြီး ရွှေရောင်ခြင်္သေ့ဘုရင် ရေရွတ်လိုက်သည်။ ထို့နောက် တစ်ဖက်သို့ ပြန်လှည့်လာသည်နှင့် သူ့မျက်လုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ချူဖုန်းအား တိုက်ခိုက်လာသည်။
“သတ်..” ချူဖုန်း အော်ဟစ်လိုက်ပြီး သူ၏ဓားနီကို အသက်သွင်းလိုက်သည်။
ချွမ်း..
အချုပ်အနှောင်လေးခုကို ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူမှာ ငြင်းဆန်၍မရနိုင်အောင် စွမ်းအားကြီးလှသည်ပင်။ ရွှေရောင်ခြင်္သေ့ဘုရင်၏ ညာလက်မှ အလင်းတန်းများ တောက်ပလာကာ ဓားပျံကို ခုခံလိုက်သည်။
ချွမ်း..
ထိုအချိန်တွင် နွားနက်ကြီးလည်း လှုပ်ရှားလာသည်။
ရွှေရောင်ခြင်္သေ့ဘုရင်သည် ဘေးဘက်သို့ ရွှေ့လိုက်ကာ ဓားရှည်ကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ပြင်းထန်လှသည့်အားကြောင့် နွားနက်ကြီးမှာ သူ့လက်ချောင်းများပင် ဟက်တက်ကွဲတော့မတတ် ခံစားလိုက်ရသည်။
ရွှေရောင်ခြင်္သေ့ဘုရင်၏ ပါးစပ်နှင့် နှာခေါင်းတစ်ဝိုက်တွင် ရွှေရောင်မြူများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ သူတို့သုံးယောက်၏အမူအရာများကို ပြောင်းလဲသွားစေသည်။ ရွှေရောင်ခြင်္သေ့ဘုရင်၏ အသက်ရှူစည်းချက်မှာ အနည်းငယ် ထူးခြားနေသည်။
“မင်းတို့လိုမျိုး အဆင့်နိမ့်သက်ရှိကများ ငါနဲ့ယှဉ်ရဲတယ်လား..” ရွှေရောင်ခြင်္သေ့ဘုရင် အထင်အမြင်သေးစွာ ပြောလိုက်သည်။
ဝုန်း..
နွားရိုင်းနက်ကြီး ဒေါသထွက်လာရသည်။ မည်သို့ပင်ဖြစ်စေ သူသည် အချုပ်အနှောင်သုံးခု ဖြတ်တောက်ထားသည့် သားရဲဘုရင်ပင်ဖြစ်သည်။ သူ၏နှာခေါင်းတွင် အဖြူရောင်မြူများ ထွက်ပေါ်လာပြီး သူ့အသက်ရှူစည်းချက်လည်း ပြောင်းလဲသွားသည်။
ရွှမ်း..
ချူဖုန်းလည်း ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။ သူ့ဝိညာဉ်စွမ်းအင်များ များပြားလာသည်နှင့် ဓားနီလည်း နတ်ခွန်အားများ ပေါက်ကွဲထွက်လာသည်။
ရွှေရောင်ခြင်္သေ့ဘုရင်၏အမူအရာ ပြောင်းလဲသွားသည်။ သူသည် ယခင်က ကံကောင်းထောက်မစွာဖြင့် နက်နဲသောအမွေအနှစ်တစ်ခု ရရှိခဲ့ဖူးသောကြောင့် ဤလူများလည်း ကံကောင်းမှုများ ရရှိခဲ့ဖူးကြောင်း သူသိသည်။
ချွမ်း..
ရွှေရောင်ခြင်္သေ့ဘုရင်သည် သူ၏ရွှေရောင်လက်သီးကို အသက်သွင်းလိုက်ပြီး ဓားပျံကို ရိုက်ချလိုက်ကာ နွားနက်ကြီး၏ ခရမ်းရောင်ဓားရှည်ကိုလည်း ကာဆီးလိုက်သည်။
“မင်းတို့မှာ ပညာလေး နည်းနည်းပါးပါးရှိနေတော့ရော ဘာလုပ်လို့ရမှာလဲ.. ငါ မင်းတို့အားလုံးကို ဖိနှိပ်နေနိုင်တုန်းပဲ..” သူ ယုံကြည်ချက်ရှိနေဆဲပင်။ အချုပ်အနှောင်လေးခုကို ဖြတ်တောက်ထားသောကြောင့် သူ့အမြန်၊ စွမ်းအားနှင့် စွမ်းရည်များမှာ အကွာကြီးကွာနေပြီဖြစ်သည်။
“မင်းတို့အုပ်စုက ရွှေရောင်ခြင်္သေ့ဘုရင်ကို ဝိုင်းတိုက်ချင်နေကြတာလား.. ငါတို့လည်း လာပြီ..”
ခွေးနီဘုရင်နှင့် ကျားသစ်နက်ဘုရင်တို့သည် အေးစက်စွာပြုံး၍ တိုက်ပွဲထဲ ဝင်ပါလာလေ၏။
ရွှေရောင်ခြင်္သေ့ဘုရင်ရှိနေသောကြောင့် သူတို့မကြောက်။
ဘုန်း..
နွားဝါလေး လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ရန်သူနှစ်ယောက်ထံ နွားနတ်ဆိုးလက်သီးများကို ပစ်သွင်းလိုက်သည်။ သူသည် ကလေးပုံဖြစ်နေသော်လည်း သူ့ခွန်အားမှာ အကန့်အသတ်မရှိ။
“အရေအတွက်ချင်း ယှဉ်ချင်နေတာလား.. ငါတို့လာပြီ..”
ဘေးဘက်မှ သားရဲဘုရင်သုံးဦးသည် ရယ်မောကာ ချူဖုန်းတို့သုံးဦးအား ဝန်းရံလာကြသည်။
“ဘလက်ဘော့စ် .. ဘော့စ် သူတို့ကို သွားရှင်းလိုက်..” ချူဖုန်း ရေရွတ်လိုက်သည်။
နွားနက်ကြီးသည် သူ့ကို နားလည်ကြောင်းတစ်ချက်ကြည့်ပြီးသည်နှင့် ဝင်လာသည့် သားရဲဘုရင်သုံးဦးထံသို့ ပြေးသွားလိုက်သည်။
တိုက်ပွဲမှာ ချက်ချင်းပင် သုံးစုကွဲသွားသည်။ နွားဝါလေးနှင့် ခွေးနီဘုရင်၊ ကျားသစ်နက်ဘုရင်တို့တစ်ဖွဲ့၊ နွားနက်ကြီးနှင့် ဘုရင်သုံးဦးတို့တစ်ဖွဲ့နှင့် ချူဖုန်းကတော့ ရွှေရောင်ခြင်္သေ့ဘုရင်နှင့် ရင်ဆိုင်နေရသည်။
ဤသုံးဖွဲ့ထဲတွင် အန္တရာယ်အများဆုံးမှာ ချူဖုန်းပင်။ သူသည် ရန်သူတစ်ယောက်တည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သော်လည်း သူ့ရန်သူမှာ ရန်သူများကို မြက်ပင်ကဲ့သို့ အလွယ်တကူ ရှင်းပစ်နိုင်သည့် စွမ်းအားကြီးကျွမ်းကျင်သူတစ်ဦးပင်။
ခွန်အားအရယှဉ်မည်ဆိုလျှင် ချူဖုန်းသည် အချုပ်အနှောင်တစ်ခုကိုသာ ဖြတ်တောက်ထားရသေးသဖြင့် ရွှေရောင်ခြင်္သေ့ဘုရင်၏ ပြိုင်ဘက်မဟုတ်။
သို့သော် အသက်လုသည့်တိုက်ပွဲများတွင် မည်သူက တရားမျှတမှုကို ဂရုစိုက်နေပါမည်နည်း..
ချွမ်း ချွမ်း ချွမ်း..
လေထဲ၌ ဓားပျံ့များ ပျံ့လွင့်နေသည်။ ချူဖုန်းသည် ရွှေရောင်ခြင်္သေ့ဘုရင်နှင့် အကွာအဝေးတစ်ခု၌ နေနေပြီး သူ၏ဓားပျံဖြင့်သာ ဆက်တိုက် တိုက်ခိုက်နေသည်။
ဤသည်မှာ အင်ပါယာဓားပညာ၏ အားသာချက်ပင်။ မဟုတ်ပါက သူ အစောကြီးကတည်းက အခြေအနေဆိုးနေလောက်လေပြီ။
“မင်းမှာ စွမ်းရည်တစ်ချို့ ရှိနေတာပဲ .. ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး .. မင်း ငါ့ပြိုင်ဘက်ဖြစ်ဖို့ လိုသေးတယ်..” ရွှေရောင်ခြင်္သေ့ဘုရင် ထူးမခြားနားစွာ ပြောလိုက်သည်။ ထို့နောက် သူသည် ချူဖုန်းထံသို့ တရှိန်ထိုး ပြေးဝင်သွားလေသည်။
ဒုန်း ဒုန်း ဒုန်း..
ချူဖုန်း၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသည့် ဓားပျံမှာ တောင်ထိပ်တစ်ခုကိုပင် ပြတ်အောင် ဖျက်နိုင်သည်။ သို့သော် ရွှေရောင်ခြင်္သေ့ဘုရင်ကတော့ ရောက်လာသည့် ဓားချက်များကို ပြန်ခုခံနိုင်နေသည်။ သူ့လက်သီးတစ်ချက်ထိုးလိုက်တိုင်း လေဟာနယ်ကြီး ပေါက်ကွဲလာသည်။
“ခင်ဗျားက ကျန်တဲ့သူတွေထက် အချုပ်အနှောင်လေးခုကို စောစောဖြတ်တောက်လိုက်နိုင်ရုံလေးပဲရှိတာ .. ခင်ဗျားက အချုပ်အနှောင်တစ်ခုပဲ ဖြတ်တောက်ရသေးတဲ့သူကို အနိုင်ယူပြီး ဂုဏ်ယူနေတာလား..” အဝေးမှ နွားရိုင်းနက်ကြီး အော်ဟစ်လိုက်သည်။
ချူဖုန်းကို စိုးရိမ်သောကြောင့် နွားနက်ကြီး ကြားဖြတ်နှောက်ယှက်လာခြင်းပင်။ သူတို့နှစ်ဦးကြားမှ ကွာခြားချက်မှာ ကြီးမားလှသည်။ ရွှေရောင်ခြင်္သေ့ဘုရင်ကြီးသာ ချူဖုန်းနား ရောက်သွားလျှင် ချူဖုန်း အန္တရာယ်များလိမ့်မည်။
“ကျုပ်က အဲဒီလောက် သန်မာလို့လေ .. ကျုပ်က ခင်ဗျားတို့လိုမျိုး ပိုးကောင်တွေကို လွယ်လွယ်လေး ဖိနှိပ်ပစ်နိုင်တယ် .. အဲဒီတော့ ခင်ဗျား ဘာတတ်နိုင်လဲ..” ရွှေရောင်ခြင်္သေ့ဘုရင်မှာ ဘယ်လိုမှမဖြစ်။ ဆက်လက်၍ တိုက်ခိုက်လာလေ၏။
ထို့အပြင် သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာပြီးနောက် ဆေးခင်းတစ်ခုလုံး တုန်ခါသွားအောင် အော်ဟစ်လိုက်လေသည်။
ဤအော်သံမှာ အားပြင်းလှသောကြောင့် အနီးအနားမှ သားရဲဘုရင်အချို့မှာ ဖြူဖျော့သွားကာ သတိလစ်လဲကျလုနီးပါး ဖြစ်သွားသည်။
ရွှေရောင်ခြင်္သေ့ဘုရင်၏ အမူအရာမှာ အေးစက်ကြမ်းတမ်းလှသည်။ ဤအော်သံမှာ နွားနက်ကြီးထံသို့ ဦးတည်သွားခြင်းဖြစ်သောကြောင့် ရွှေရောင်လှိုင်းများ သူ့ထံသို့ ဦးတည်သွားသည်ကို မြင်နေရသည်ပင်။
“မူး…”
နွားနတ်ဆိုးအော်သံကြီး ထွက်ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် နွားဝါလေးလည်း သူ့အော်သံကို ထုတ်လွှတ်ကာ ထိုအသံလှိုင်းကို ခုခံလိုက်သည်။
“မင်းအလှည့်..”
သူ့တိုက်ခိုက်မှု အသုံးမဝင်ကြောင်း တွေ့လိုက်ရသည့်အချိန်တွင် သူ့အာရုံမှာ ချူဖုန်းထံသို့ ပြန်လည်ရောက်ရှိလာသည်။
ဂါး..
သူ နောက်တစ်ကြိမ်အော်ဟစ်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ ရွှေရောင်လှိုင်းများမှာ ချူဖုန်းနှင့် သူ၏ဓားပျံထံသို့ ဦးတည်သွားလေ၏။
ချူဖုန်း တည်ငြိမ်စွာပင် အော်ဟစ်လိုက်သည်။ သူ နွားနတ်ဆိုးဟိန်းသံကို သိသော်လည်း ထိုအသံကို အသုံးမပြုပဲ ထိုလှိုင်းများကို ဤအတိုင်းသာ ရှောင်တိမ်းလိုက်သည်။
“မင်းက အချုပ်အနှောင်တစ်ခုကို ဖြတ်တောက်ပြီးတော့ ငါနဲ့ယှဉ်ချင်နေတာလား.. မင်း အသက်ကို ပေးလိုက်တော့..” ရွှေရောင်ခြင်္သေ့ဘုရင် အော်ဟစ်လိုက်သည်။
သူသည် အားအပြည့်ဖြင့် ဆက်တိုက်တိုက်ခိုက်နေသည်။ သူသည် ဓားပျံကို လွင့်ထွက်သွားအောင် လုပ်ပြီးနောက် ချူဖုန်းနား ကပ်သွားလိုက်သည်။ သူ့မျက်နှာထက်တွင်လည်း အေးစက်ကာ ရက်စက်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ချူဖုန်း၏ကံကြမ္မာမှာ သတ်မှတ်ပြီးသားဖြစ်သွားပြီဟု အနီးအနားမှ ဘုရင်များအားလုံး ယုံကြည်လိုက်ကြသည်။ ရွှေရောင်ခြင်္သေ့ဘုရင်ကြီး အနီးကပ်တိုက်ခိုက်နိုင်သည့် အကွာအဝေးသို့ ရောက်သည်နှင့် ချူဖုန်း ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်တော့။
ချူဖုန်း၏အမူအရာမှာ ထူးမခြားနားပင်။ စတိုက်ကတည်းက သူ စကားတစ်ခွန်းမှမပြော။ ယခုတော့ သူ ရှာဖွေနေသည့် အခွင့်အရေးကြီး ရောက်ရှိလာလေပြီ။ ထို့နောက် သူ့ထံသို့ တရှိန်ထိုးပြေးလာနေသည့် ရွှေရောင်ခြင်္သေ့ဘုရင်ထံသို့ ချာကရမ်ကို ပစ်ပေါက်လိုက်တော့သည်။
ရွှေရောင်ခြင်္သေ့ဘုရင်မှာ အလွန်လျင်မြန်လှသည်။ ဓားပျံကို မီတာပေါင်းများစွာ လွင့်ထွက်သွားအောင် လုပ်ပြီးသည်နှင့် သူ ချူဖုန်းနားသို့ ချက်ချင်းပြေးလာလိုက်သည်။
သူ့ညာလက်ကို မြှောက်လိုက်ပြီး ချူဖုန်းအား အစိတ်စိတ်အမွှာမွှာလုပ်ပစ်ရန် အသင့်ဖြစ်နေလေပြီ။
သို့သော် တစ်ခဏအတွင်းမှာပင် အဖြူရောင်အလင်းတန်းတစ်ခု သူ့ထံသို့ ဦးတည်လာနေသည်ကို သူ တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းတန်းသည် မီတာပေါင်းများစွာ ရောက်ရှိလာပြီး သူ ရှောင်၍မရတော့။
ယခုတစ်ခေါက်တွင် ချူဖုန်း ရှိသမျှအားအကုန် သုံးထားခြင်းပင်။ တစ်ချက်တည်းဖြင့် သူ့ခန္ဓာကိုယ်ထဲ၌ ရှိသမျှအားအကုန်လုံးနီးပါး အသုံးပြုလိုက်သောကြောင့် ယခုတစ်ခေါက်သည် ယခင်က တိုက်ခိုက်မှုအားလုံးထက် သာလွန်နေပြီး အရှိန်လည်း သုံးဆပိုမြန်သည်ပင်။
နွားဝါလေး အံ့အားသင့်နေရ၏။ ဤပစ္စည်းမှာ ထူးဆန်းသည်ဟု သူ အမြဲတမ်းခံစားနေရသည်။ မဟုတ်လျှင် ဘယ်လိုလုပ် ဤမျှ အဖျက်စွမ်းအားကြီးမည်နည်း..
“အမ်..” ရွှေရောင်ခြင်္သေ့ဘုရင်သည် လျှပ်စီးအရှိန်နှုန်းဖြင့် တုံ့ပြန်လိုက်သည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း သူ့ခန္ဓာကိုယ်မှလည်း မီးတောက်များ ထွက်ပေါ်လာသည်။ သူသည် ထိုချာကရမ်ကို ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ထိပ်တိုက်ရင်ဆိုင်ကာ ခုခံရန်အတွက်လည်း ပြင်ဆင်ထားလိုက်သည်။
ဒုတ်..
ချာကရမ်မှာ သူ့ပုခုံးကိုသာ ထိမှန်သွားသောကြောင့် ချူဖုန်း တကယ်ကို ဝမ်းနည်းသွားရသည်။
“အား…”
သို့သော် ရွှေရောင်ခြင်္သေ့ဘုရင်ကတော့ လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည့် အော်သံကြီးဖြင့် နာကျင်စွာ အော်ဟစ်လိုက်လေသည်။
သူ့ပုခုံးကို ချာကရမ်ထိမှန်သွားသောကြောင့် သူ့ညာဘက်တစ်ခြမ်းလုံး တစ်စစီဖြစ်လုနီးပါး ဖြစ်သွားသည်ပင်။
ဤဒဏ်ရာမှာ အလွန်ပြင်းထန်လွန်းလှသည်။
သူ့အမြင်အာရုံပင် မည်းမှောင်သွားပြီး သတိလစ်လုနီးပါး ဖြစ်သွားသည်။
သာမန်သားရဲဘုရင်သာဆိုလျှင် သူတို့ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီဖြစ်သွားလောက်လေပြီ။
ဤသည်မှာ ချူဖုန်း သူ့စွမ်းအား အကုန်လုံးနီးပါး အသုံးပြုထားသည့် စွမ်းအားအကြီးဆုံး ရိုက်ချက်ပင်ဖြစ်သည်။
ချူဖုန်း သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ပြီး အားအနည်းငယ် ပြန်ပြည့်လာအောင် လုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် စိတ်စွမ်းအင်များ ထုတ်လွှတ်ကာ ဓားပျံကို ထိန်းချုပ်လိုက်သည်။
ဖူး..
ရွှေရောင်ခြင်္သေ့ဘုရင် ဓားကို ရှောင်ရှားလိုက်သည်။ သူ့လည်ပင်းသို့ ဦးတည်နေသည့်ဓားမှာ သူ့ရင်ဘတ်ကိုလည်း ထိမှန်သွားသည်။ ရင်ဘတ်တွင် အရိုးထိမြင်ရသည့် ဒဏ်ရာဖြစ်ပေါ်လာကာ သွေးများလည်း လွင့်စင်လာသည်။
ချာကရမ်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ရွှေရောင်ခြင်္သေ့ဘုရင်၏ တုံ့ပြန်မှုများ အနည်းငယ် နှေးကွေးသွားသည်။ မဟုတ်လျှင် သူ ဤဓားချက်ဖြင့် ထိသွားမည်မဟုတ်။
“အား..
သူ အော်ဟစ်ကာ နောက်ပြန်ဆုတ်သွားလိုက်သည်။ သူ့အမူအရာတွင် ကြောက်ရွံ့ခြင်းနှင့် ဒေါသတရားများ ရောနှောနေသည်ပင်။
“သတ်…”
ချူဖုန်း ဓားပျံကို ထိန်းချုပ်လိုက်ပြီး သတ်ဖြတ်ရန် နောက်တစ်ကြိမ် ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းလိုက်သည်။ ရွှေရောင်ခြင်္သေ့ဘုရင် ဒဏ်ရာရနေသည်ကို သူ အခွင့်ကောင်းယူရမည်။
ချာကရမ်ကို အသုံးပြုခဲ့သည့်အတွက် သူ အပြစ်ရှိစိတ်မဖြစ်။ အဘယ်ကြောင့်ဆိုသော် ရန်သူမှာ သူ့ထက် အဆင့်များစွာ အဆင့်မြင့်နေသည်ပင်။
“ဂါး..”
ရွှေရောင်ခြင်္သေ့ဘုရင်သည် ကြောက်စရာကောင်းသည့်အော်သံတစ်ချက် ထုတ်လွှတ်လိုက်ပြီးနောက် ပြတ်သားစွာ လှည့်ပြေးလေတော့သည်။ သူသာ ဆက်တိုက်နေလျှင် ဤနေရာ၌ သေသွားမည်ကို စိုးရိမ်ရသည်။
အောင်မြင်မှု၊ ရဲစွမ်းသတ္တိ စသည်တို့မှာ သူ့ကို ကန့်သတ်မထားနိုင်။ သူ ဤအရာများကို ဂရုမစိုက်။ ထို့ကြောင့် သူ ထွက်သာပြေးလိုက်သည်။
ဤအဖြစ်အပျက်ကို မြင်လိုက်ရသည့် သားရဲဘုရင်အားလုံး ဆွံ့အသွားကြရသည်။ အားလုံးကို ဖိနှိပ်နေတဲ့ ရွှေရောင်ခြင်္သေ့ဘုရင်က အခု ဒီလိုမျိုး ထွက်ပြေးနေရတာလား..
ချူဖုန်း ဓားပျံကို ထိန်းချုပ်လိုက်ပြီး နောက်ဆုံးအကြိမ် တိုက်ခိုက်လိုက်သည်။ ဓားသည် ရွှေရောင်ခြင်္သေ့ဘုရင်၏ နောက်ကျောကို ထိမှန်သွားပြီး ဟက်တက်ကွဲဒဏ်ရာတစ်ခု ဖြစ်သွားလေသည်။
ခဏကြာပြီးသည့်နောက်တွင်တော့ ရွှေရောင်ခြင်္သေ့ဘုရင်သည် ဓားပျံ၏စက်ကွင်းအတွင်းမှ လွတ်မြောက်သွားလေ၏။
ချူဖုန်း ဆက်မလိုက်တော့ပဲ သူ၏ချာကရမ်ကို ပြန်သိမ်းထားလိုက်သည်။
ခွေးနီဘုရင်နှင့် ကျားသစ်နက်ဘုရင်တို့လည်း ကြောက်ရွံ့နေကြလေပြီ။ သူတို့အုပ်စုကြီးမှာ ထွက်ပြေးချင်နေကြပြီဖြစ်သည်။
“မင်းတို့က ဘယ်သွားချင်နေတာလဲ..”
သူ့လက်ထဲမှ ချာကရမ်ကို ပစ်ပေါက်လိုက်သည်နှင့် ကျားသစ်နက်ဘုရင်၏ကျောကို ထိမှန်သွားပြီး ထိုသားရဲကြီး တစ်စစီဖြစ်သွားလေသည်။
ကျန်သည့် သားရဲဘုရင်များမှာ မနေရဲတော့။ အားလုံး အသက်လု ထွက်ပြေးသွားကြလေသည်။
ဤတိုက်ပွဲအား မြင်လိုက်ရသည့် လူအားလုံး ထိတ်လန့်သွားကြသည်။ ဤတိုက်ပွဲရလဒ်သာ အပြင်လောကသို့ ပျံ့နှံ့သွားပါက သေချာပေါက် အုတ်အော်သောင်းတင်းဖြစ်သွားမည်ပင်။
အပိုင်း ၁၆၄ ပြီး၏။