ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၃ – အလေးအမြတ်မြေပြင်အား စီးနင်းခြင်း
အပြင်လောကမှာ မငြိမ်းချမ်းနိုင်တော့။
ပထမဆုံး ချူဖုန်းသည် စရောက်ရောက်ချင်း သားရဲဘုရင်နှစ်ကောင်ကို သတ်ပစ်လိုက်ပြီး ပြင်းထန်သည့်ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေခဲ့သည်။
ထို့နောက် ချိတ်စည်းအား တိုက်ခိုက်တော့မည့်သတင်း ထွက်ပေါ်လာပြန်သည်။
ဗာတီကန်မြို့မှာ မည်ကဲ့သို့သော နေရာမျိုးဖြစ်သနည်း .. ဤသည်မှာ မရေမတွက်နိုင်သည့် ဒဏ္ဍာရီများရှိသည့် အလေးအမြတ်ထားရသည့် မြို့တစ်မြို့ဖြစ်သည်ပင်။ ထို့ကြောင့် ဤမြို့နှင့်ပတ်သက်သည့်သတင်းများမှာ လူအများ၏အာရုံကို ဆွဲဆောင်နိုင်သည်ပင်။
အရှေ့တိုင်းမှလူများပင် ဤဆေးခင်းနှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုနေကြသည်ပင်။ သန္ဓေပြောင်းလူများမပြောနှင့် သာမန်လူများပင် ဤကိစ္စအား စိတ်ဝင်စားနေကြသည်။ သို့သော် ကံမကောင်းစွာဖြင့် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများသာ ထိုနေရာသို့သွားခွင့်ရှိသည်။
ကောလဟာလအရဆိုလျှင် သားရဲဘုရင်များနှင့် အင်အားကြီးအဖွဲ့အစည်းများမှာ ဤသတင်းကြောင့် အတော်လေး စိတ်လှုပ်ရှားနေကြပြီး နောက်ဆုံးသတင်းရရန်အတွက် ဗာတီကန်မြို့သို့ သွားနေကြပြီဟု ပြောကြသည်။
“ချူဖုန်းလည်း အဲဒီမှာပဲ … ဒါပေမဲ့ ဘုရင်အဆင့်ကျွမ်းကျင်သူတွေ ဒီလောက်များတာ .. သူ တိုက်ခိုက်နိုင်ပါ့မလား .. သူသာ နောက်တစ်ခေါက် အဆင့်တက်နိုင်ရင် ဘယ်လောက်တောင် စွမ်းအားကြီးသွားမလဲ..”
လူသားအချို့ ဤကိစ္စကို ဆွေးနွေးနေကြခြင်းပင်။ သူတို့အားလုံး ချူဖုန်းအား အပြည့်အဝ ယုံကြည်နေကြသည်။
ဤနှစ်ရက်အတွင်း များပြားလှစွာသော သတင်းများစွာ မရပ်မနားထွက်ပေါ်နေခဲ့ပြီး သတင်းစာများတွင်လည်း ဗာတီကန်မြို့အကြောင်းသာ ခေါင်းစီးအနေဖြင့် ပါဝင်နေသည်။
…
ဗာတီကန်မြို့ ဆေးခင်းထဲတွင်
သားရဲမျိုးစုံသည် ချိတ်စည်းရှေ့၌ စုဝေးနေကြကာ ချက်ချင်းတိုက်ရန် အဆင့်သင်ပြင်ထားလိုက်ကြသည်။
သားရဲဘုရင်တွေ ဒီလောက်တောင် များတာလား .. ချူဖုန်း အံ့အားသင့်သွားရသည်။ သူ ဤနေရာ၌ နေနေသည်မှာ နှစ်ရက်ရှိနေပြီဖြစ်သောကြောင့် သားရဲဘုရင်အချို့ကို မြင်ဖူးသော်လည်း ဤမျှများပြားလိမ့်မည်ဟု သူ မထင်ထားခဲ့။
နဂါးနက်၊ ရှီလာနှင့် အာတိတ်ဘုရင်တို့ ခေါ်လိုက်သည်နှင့် သားရဲဘုရင်အားလုံး ဤနေရာသို့ ရောက်လာကြသည်။ ဤလူများမှာ သီးသန့်ကျင့်ကြံနေကြသည့်သူများဖြစ်ပြီး ချိတ်စည်းကျိုးပျက်တော့မည့်သတင်းကြားမှသာ ထွက်လာကြသူများပင်။
ငွေရောင်ငှက်တစ်ကောင် သူ့အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် သဲနှင့်ကျောက်တုံးများ လွင့်ပျံလာသည့် လေပွေလေးတစ်ခု ဖြစ်လာသည်။ ရွှေရောင်ဘီလူးတစ်ကောင်လည်း လမ်းမထက် လမ်းလျှောက်နေပြီး သူ ခြေလှမ်းလှမ်းလိုက်တိုင်ငး နတ်မြို့ကြီး တုန်ခါနေသည်။ ခရမ်းရောင်အကြေးခွံနှင့် ဆင်တစ်ကောင်လည်း ခရမ်းရောင်တိမ်တိုက်များကို စီးဆင်း၍ ရောက်ရှိလာသည်။
ရွှေခြင်္သေ့ဘုရင်၊ ချီလင်းနှင့် ဩဂတ်စတပ်တို့လည်း ရောက်လာကြလေပြီ။
အများစုမှာ သူတို့လူသားပုံစံများဖြင့် နေနေကြသည်။
ကျွမ်းကျင်သူအားလုံး အဆင့်လွန်ဘုရင်ငါးဦး၏ အမိန့်ကို နာခံကြရသည်။ သူတို့တစ်ယောက်စီမှာ မတူညီသည့်နေရာများအား တိုက်ခိုက်ကြမည်ပင်။
“အားလုံးပဲ .. ချိတ်စည်းမတည်ငြိမ်တာက ငါတို့အားလုံးအတွက် အခွင့်အရေးကောင်းပဲ .. အားလုံး ဝင်ကြစို့..” နဂါးနက်ပြောလိုက်သည်။ သူသည် လူလတ်ပိုင်းအမျိုးသားတစ်ဦးပုံစံဖြစ်နေပြီး သူ့မျက်လုံးမှ နတ်အလင်းများ တောက်ပနေသည်။
အချို့သားရဲများမှာ သူနှင့် မျက်လုံးချင်းမဆုံရဲသောကြောင့် ခေါင်းငုံ့ထားကြလေသည်။
“သတ်..” ငွေလရောင်ဝံပုလွေ ဤစကားတစ်ခွန်းသာ ပြောလိုက်သည်။ ထို့နောက် ဤငွေရောင်ဆံပင်နှင့်အမျိုးသားသည် ချိတ်စည်းကို စတင်တိုက်ခိုက်တော့သည်။
နဂါးနက်၊ မသေမျိုးဖီးနှစ်၊ ရှီလာ၊ အာတိတ်ဘုရင်နှင့် ငွေလရောင်ဝံပုလွေတို့သည် မတူညီသည့်နေရာများ၌ နေရာယူကာ စတင်ဦးဆောင် တိုက်ခိုက်တော့သည်။
“ဂါး..”
ရုတ်တရက် ရှေးဟောင်းမြို့၌ လူအော်သံများ၊ သားရဲဟိန်းသံများ ပြည့်နှက်သွားသည်။
ဘုရင်အရေအတွက်မှာ များပြားလွန်းလှသောကြောင့် သူတို့အော်ရာများကို ထုတ်လွှတ်လိုက်သည်နှင့် ဘုရင်အဆင့်အောက် သက်ရှိများမှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားကြသည်။
ဤသည်မှာ ဘုရင်အဆင့်တိုက်ပွဲဖြစ်သောကြောင့် ဘုရင်အဆင့်ထက်နိမ့်သည့် သားရဲနှင့်လူသားအားလုံး မြို့ပြင်သို့ ထွက်လိုက်ရသည်။ မဟုတ်ပါက သူတို့ ဒဏ်ရာရသွားလိမ့်မည်။
အဝေးမှကြည့်လျှင် ဗာတီကန်မြို့လယ်၌ သားရဲဘုရင်အုပ်လိုက်ကြီး ရှိနေပြီး အားလုံး ချိတ်စည်းကို စုပေါင်းတိုက်ခိုက်နေကြသည်။
ဒုန်း..
ချိတ်စည်း စတင်အက်ကွဲလာပြီး အချို့နေရာများတွင် စတင်ထိုးဖောက်လိုက်နိုင်သည်။
“ဘုရင်အားလုံး ငါ့နောက်လိုက်ခဲ့ကြ..”
ရှီလာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ယခုအချိန်တွင် သူသည် လူအိုကြီးတစ်ဦးနှင့်မတူတော့။ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ သူ့ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်နေပြီး သူ့ဓားဖြင့် ချိတ်စည်းအား တိုက်ခိုက်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ကျွမ်းကျင်သူအားလုံး အချုပ်အနှောင်ခြောက်ခု ချိုးဖျက်ထားသည့်သူ၏ စွမ်းအားကို တွေ့လိုက်ရသည်။ သူ့ဓားသည် ကြယ်တစ်စင်းကဲ့သို့ တောက်ပနေပြီး သူ့ဓားကို လွှဲရမ်းလိုက်သည်နှင့် ချိတ်စည်းပွင့်သွားကာ နတ်အလင်းများ ထွက်ပေါ်လာသည်။
အဝေး၌ ရှိနေသည့်ချူဖုန်းမှာ ဤမြင်ကွင်းအားကြည့်ပြီး အေးခဲသွားရသည်။ ဒီအဆင့်က ကျွမ်းကျင်သူတွေက တကယ်ကို စွမ်းအားကြီးတာပဲ..
ရှီလာ၏ ဓားချက်တစ်ချက်မှာ ဘုရင်အဆင့်သက်ရှိတစ်စု ပေါင်းတိုက်သည်ထက် ပိုအင်အားကြီးသေးသည်။
“တိုက်..” ရှီလာ အော်ဟစ်လိုက်သည်။ သူ အခြားဘုရင်များ၏ ပူးပေါင်းမှုကို လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အပေါက်မှာ တစ်ဖြည်းဖြည်း ပြန်ပိတ်နေလေပြီ။
“သတ်..”
အနောက်မှ သားရဲဘုရင်တစ်စု စုပေါင်းအော်ဟစ်လိုက်ပြီး တိုက်ခိုက်လာကြသည်။ အနက်ရောင်လက်သည်းများ၊ ရွှေရောင်လက်သီးများ၊ ချွန်ထက်လှသည့်လှံတံများ စသည်ဖြင့် လက်နက်ပေါင်းစုံ ပါဝင်နေသည်။
ဝုန်း..
သူတို့အပိုင်း၌ ရှိနေသည့် ချိတ်စည်းမှာ ပျက်စီးသွားလေပြီ။
ထို့နောက် ကျွမ်းကျင်သူတစ်စု ပြေးဝင်သွားလိုက်ကြသည်။
တစ်ချိန်တည်းမှာလိုပင် ချိတ်စည်း၏ အခြားအပိုင်းလည်း ပျက်စီးသွားလေ၏။
ကျွမ်းကျင်သူများသည် ပျားအုံကြီးကဲ့သို့ ဆေးခင်းထဲ ပြေးဝင်လာကြသည်။
အချိန်ခဏအတွင်းတော့ ချိတ်စည်းသည် ဤအပေါက်များကို ပြန်ဖြည့်နိုင်ဦးမည်မဟုတ်။ ဤသည်မှာ အားလုံးအတွက် အခွင့်အရေးဖြစ်သောကြောင့် သူတို့မျက်လုံးများပင် နီရဲလာကြသည်။
ယခင်တစ်ခေါက်က သူတို့ ဆုံးရှုံးမှုကြီးမားခဲ့ကာ အနည်းစုသာ ဝင်လာနိုင်ခဲ့သည်။ ယခုတစ်ခေါက်တော့ သူတို့အားလုံး သတိကြီးကြီးထားကာ ရှေးဟောင်းသစ်ပင်အချို့ထံသို့ ပြေးဝင်သွားလိုက်ကြသည်။
အထဲဝင်ပြီးမှသာ ဤနေရာ အတော်လေးကျယ်ဝန်းလှကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ မုန်ညင်းစေ့ထဲမှ ဆူမီရူးတောင်ကဲ့သို့ပင်။
ချူဖုန်း၊ နွားဝါနှင့် နွားနက်ကြီး နေရာတစ်ခုစီသို့ အတူတကွ ပြေးသွားလိုက်ကြသည်။ ကံကောင်းမှုမှာ သူတို့ရှေ့၌ ရောက်နေလေပြီ။ ယခု သူတို့စွမ်းရည်များပေါ်တွင်သာ မူတည်တော့သည်။
ချွမ်း..
သူတို့ရှေ့တွင် မြေပြင်ထက်မှ ထွက်လာသည့် လှံတံရှည်ကြီးတစ်ချောင်း ပေါ်လာသည်။ ဤလှံတံသည် အစက သံကြေးတက်နေသော်လည်း သားရဲဘုရင်များ ဝင်လာသည်နှင့် အလင်းများ တောက်ပလာလေသည်။
“ဒါကို အတူတူ ဖိနှိပ်ကြ .. ဒါက မြင့်မြတ်စစ်သူရဲတစ်ယောက်ရဲ့ လက်နက်ဆိုရင်တောင်မှ ရှေ့မှာ ရှိနေတဲ့ နတ်အသီးတွေကို လက်မလွှတ်နိုင်ဘူး” လူတစ်ယောက် အော်ဟစ်လိုက်သည်။
ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး လှုပ်ရှားလိုက်ကာ သူ့ထံမှ ထူးဆန်းသည့်စွမ်းအင်တစ်မျိုး ထွက်ပေါ်လာသည်။ သူ ထိုစွမ်းအင်များဖြင့် လှံတံကို ရိုက်ချလိုက်သည်။
ဖူး..
ရုတ်တရက် လှံတံသည် ရွှေရောင်လျှပ်စီးတန်းတစ်ခုကဲ့သို့ တောက်ပလာပြီး ထိုကျွမ်းကျင်သူထံ ပျံသန်းသွားကာ သူ့ကို ထိုးစိုက်သွားလေ၏။
အား..
ထိုလူ အော်ဟစ်လိုက်သည်။ သူ နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း ထိုလှံတံမှာ ကြောက်စရာကောင်းလှသည်။ သူ အနည်းငယ် လှုပ်ခတ်လိုက်သည်နှင့် ထိုလူ တစ်စစီဖြစ်သွားလေသည်။
သားရဲဘုရင်များ ဆွံ့အသွားရသည်။ ရလဒ်က အရင်တစ်ခေါက်တုန်းကလိုမျိုး ဖြစ်ဦးမှာလား.. သိထားရမည်မှာ ယခုတစ်ခေါက်သည် ယခင်တစ်ခေါက်ကထက် လူများသည်ပင်။ ဒီလောက်လူတွေများတာတောင် ဒီလက်နက်တွေကို မဖိနှိပ်နိုင်ဘူးလား..
ဤလက်နက်အကြောင်း သိချင်သောကြောင့် ချူဖုန်း နွားဝါလေးကို ကြည့်လိုက်သည်။
“ဒီလှံတံမှာ ရှေးဟောင်းချိတ်စည်းတစ်ခု ရှိတယ် .. အဲဒီချိတ်စည်းထဲမှာ သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေ ရှိနေတယ်” နွားဝါလေး လေးနက်စွာ ပြောလာသည်။
ဆေးခင်းတစ်ခုလုံးတွင် ဤကဲ့သို့သော လက်နက်မျိုး ခြောက်ခု၊ ခုနှစ်ခုခန့်ရှိသည်။ ထိုလက်နက်များသည် လေထဲ၌ လွင့်ပျံနေကာ သူတို့တိုက်ခိုက်လိုက်တိုင်း သွေးများ ဖြာထွက်လာလေ၏။
“ဒါက ရိုမန်ကက်သလစ်အစိုးရ အင်အားကြီးတဲ့အချိန်တုန်းက လုပ်ခဲ့တဲ့ လက်နက်တွေ .. သူတို့က ဘယ်လိုလုပ် ဒီမှာ ရှိနေတာလဲ..” လူသားတစ်ဦး တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ သူသည် အနောက်တိုင်းသားတစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့သော သမိုင်းကြောင်းနှင့် ရင်းနှီးနေသည်ပင်။
ရိုမန်ကက်သလစ်အစိုးရအဖွဲ့မှ ဒဏ္ဍာရီလာလက်နက်အားလုံးမှာ သန့်စင်မွန်မြတ်သည့်လက်နက်များဖြစ်ပြီး အလွန်ကြောက်စရာကောင်းလှသည်။ ဤလက်နက်များမှာ ဤဆေးခင်းထဲ၌ ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
“ရှီလာ .. နဂါးနက်လှုပ်ရှားနေပြီ .. သူက ဒီလက်နက်တွေထဲက တစ်ခုကို ဖျက်ဆီးပစ်ချင်နေတာ..” တစ်စုံတစ်ယောက် ပြောလိုက်သည်။
ဟုတ်ပါသည်။ သူတို့မှလွဲလျှင် မသေမျိုးဖီးနှစ်နှင့် ငွေလရောင်ဝံပုလွေလည်း ဤလက်နက်များကို တိုက်ခိုက်ကာ ဖိနှိပ်ရန် ကြိုးစားနေကြသည်ပင်။
“ငါလည်း တစ်ခုလောက် ဖိနှိပ်လို့ရလောက်လား..” နွားနက်ကြီးမှာ သွားရေများပင် ကျလာတော့မည်။
“စဉ်းတောင်မစဉ်းစားနဲ့ .. အချုပ်အနှောင်ခြောက်ခု ချိုးဖျက်ထားတဲ့သူတွေတောင် သားရဲဘုရင်အုပ်လိုက်ကြီးရဲ့ အကူအညီလိုအပ်တယ်” နွားဝါလေး ပြောလိုက်သည်။
ထိပ်တန်းကျွမ်းကျင်သူငါးဦးနှင့် လူအချို့ လက်နက်ကို ဖိနှိပ်ထားသောကြောင့် အခြားသူများ ခံစားနေရသည့် ဖိအား လျော့နည်းသွားသည်။
“သတ်..”
အခြားသူများသည် ဤသည်ကို အခွင့်ကောင်းယူကာ ဆေးခင်းကြီးထဲသို့ ပြေးဝင်သွားလိုက်သည်။ သူတို့ပစ်မှတ်မှာ ထိုနတ်သစ်သီးများနှင့် ဝတ်မှုန်များပင်။ မည်သူက ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်နိုင်မည်နည်း..
သို့သော် ထိုလက်နက်များသည် ဖိနှိပ်ခံထားရသော်လည်း တစ်ခါတစ်ရံ လွှတ်ထွက်လာပြီး သူတို့လွှတ်ထွက်လာတိုင်းလည်း အသက်များအား နှုတ်ယူသွားသည်ပင်။
လူများစွာ ပိတ်မိသွားကာ အသေအပျောက်လည်း များလာသည်။ ကံကောင်းသည့် လူအချို့သာ ထိုလက်နက်များကို ဖြတ်ကျော်ပြီး သူတို့ပစ်မှတ်ထံသို့ ရောက်အောင် သွားနိုင်ခဲ့သည်။
ချူဖုန်းနှင့် နွားနှစ်ကောင်လည်း ဆေးခင်းကြီးထဲသို့ ရောက်လာလေသည်။
“အား..”
ရုတ်တရက် သားရဲတစ်ကောင်၏ နာကျင်စွာအော်ဟစ်သည့်အသံ ထွက်ပေါ်လာလေ၏။ ထို့နောက် ထိုသားရဲ နှစ်ပိုင်းပြတ်သွားလေသည်။
ဒါက ဘာဖြစ်နေတာလဲ.. အထဲသို့ ပြေးဝင်သွားသည့်သူများ ထိတ်လန့်သွားကြရသည်။ သူတို့ အဲဒီ ရှေးဟောင်းလက်နက်တွေကို ရှောင်လိုက်နိုင်ပြီမဟုတ်ဘူးလား..
“ရှေးသစ်ပင်အမြစ်တွေကနေ ပေါက်လာတဲ့သက်ရှိတွေ .. အသက်ဝင်လာပြီ..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
သိပ်မဝေးသည့်နေရာမှ လက်သည်တရားခံကို တွေ့လိုက်ရ၏။ ဤသည်မှာ ရှေးသစ်ပင်တစ်ပင်ပင်။ ထိုအပင်၏ အမြစ်ရှိနေသည့် မြေကြီးထဲမှ ဖြူဖွေးနေသည့် ဓားတစ်လက် ကိုင်ထားသည့် လက်ဝါးတစ်ခု ထွက်လာနေသည်ပင်။
ဒုန်း..
ချူဖုန်းတို့အုပ်စုလည်း တိုက်ခံလိုက်ရသည်။ သို့သော် သူသည် ဓားနီကို ချက်ချင်းထုတ်လိုက်ပြီး ထိုဓားကို ခုခံလိုက်သည်။ ဤတိုက်ခိုက်မှုကြောင့် ထူးဆန်းသည့်အလင်းစွမ်းအင်များစွာ ထွက်ပေါ်လာလေ၏။
ဝှစ်..
ကြောက်စရာအကောင်းဆုံးအပိုင်းမှာ မြေကြီးထဲ တစ်ဝက်နှစ်မြှုပ်နေသည့် အမျိုးသမီးမှ စွမ်းအားကြီးသည့်အော်ရာ ထုတ်လွှတ်လာကာ သူ၏ကျောထက်၌လည်း အလင်းအတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ ထို့နောက် သူမ မြေကြီးထဲမှ ရုန်းထွက်လာလေသည်။
“ဒါက နတ်သမီးပဲ .. ဘယ်လိုနတ်သမီးမျိုးက မြေကြီးကနေ မွေးဖွားလာတာလဲ..” ချူဖုန်း အံ့အားသင့်သွားရသည်။
အခြားသားရဲဘုရင်များလည်း တုန်လှုပ်နေကြသည်။ မြေအောက်မှာ မြှုပ်နေတဲ့သက်ရှိတွေအားလုံးက နတ်သမီးလိုမျိုး သက်ရှိတွေလား..
“ခင်ဗျားဘာကြီးပဲဖြစ်နေဖြစ်နေ ကျုပ်ဂရုမစိုက်ဘူး .. သတ်..” သားရဲဘုရင်များဖြစ်ကြသည့်အတွက် မည်သူမှ ကြောက်လန့်မနေကြ။ တစ်ခဏခန့် ဆွံ့အနေပြီးနောက် သူတို့အားလုံး အော်ဟစ်ကာ တိုက်ခိုက်လာကြသည်။
နတ်သမီးများကို အမြစ်များ ဝန်းရံထားကာ အပြည့်အဝ မကြီးထွားလာသေးသော်လည်း သူတို့သည် အလွန်အန္တရာယ်များနေဆဲပင်။ သူတို့လက်များကို ဝှေ့ရမ်းတိုက်ခိုက်လိုက်သည်နှင့် ကြောက်စရာကောင်းလှသည့် အဖျက်စွမ်းအားများ ထွက်ပေါ်လာသည်။
အလေးအမြတ်ဆေးခင်းကြီးထဲ၌ ခြေလှမ်းတစ်လှမ်းတိုင်းမှာ အန္တရာယ်များလှသည်။ သို့သော် သူတို့ရရှိမည့်ဆုလာဘ်များမှာ ကြီးမားလွန်းလှသောကြောင့် သူတို့အသက်စွန့်၍ တိုက်ခိုက်ကြမည်ပင်။
ဆေးခင်းကြီးထဲ၌ နေရာတိုင်း သွေးများ စွန်းထင်းနေကာ အချို့သူများမှာ နတ်သစ်ပင်များကြောင့် အသက်များဆုံးရှုံးသွားကြပြီဖြစ်သည်။
နွားနက်ကြီး ကျိန်ဆဲလိုက်သည်။ သူ့လက်မောင်းတစ်ဖက်တွင် ဟက်တက်ကွဲနေသည့်ဒဏ်ရာကြီးတစ်ခု ရှိနေပြီး လက်မောင်းတစ်ဖက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။
“ဘုရားရေ .. ငါ အဆင့်တက်တော့မယ်လို့ ခံစားနေရတယ် .. ဟား ဟား ..” အချို့လူများ စိတ်လှုပ်ရှားစွာ ရယ်မောနေကြသည်။
ဘုရင်အနည်းစု ရောက်လာကြလေပြီ။ သူတို့သည် ဆေးခင်းကြီး၏ အလင်းများကြား၌ ရပ်နေကြပြီး သူတို့ရှေ့မှ မြင်ကွင်းများကြောင့် အံ့အားသင့်နေကြလေသည်။
ချူဖုန်းတို့သုံးယောက်လည်း ဤနေရာသို့ ရောက်လာကြလေပြီ။ သူတို့အားလုံး၏ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများ ရှိနေသော်လည်း နာကျင်မှုကို မခံစားရ။ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများသာ ခံစားနေရသည်။
ဆေးခင်းကြီးထဲ၌ သူတို့အားလုံး အလွန်သက်တောင့်သက်သာ ဖြစ်နေကြသည်။ သူတို့မွေးညှင်းပေါက်များကို ဖွင့်လိုက်ကြပြီး အမွှေးနံ့များကို သူတို့အသွေးအသားထဲ ဝင်ခွင့်ပြုလိုက်သည်။ သူတို့ခန္ဓာကိုယ်မှာ ပေါ့ပါးလွတ်လပ်နေပြီး လေပေါ်မျောနေမတတ်ပင် ဖြစ်နေလေပြီ။
“ဟား ဟား..” နွားနက်ကြီး ကျေနပ်စွာ ရယ်မောလိုက်သည်။
ချူဖုန်းနှင့် နွားဝါလေးတို့လည်း စိတ်အားတက်ကြွနေကြသည်ပင်။
ဟမ့်..
ထိုအချိန်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်အပြည့်နှင့် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာပြီးနောက် လူတစ်စု သူတို့ထံသို့ ဦးတည်လာနေကြသည်။
ထိုအုပ်စုကို ရှည်လျားဖြောင့်တန်းနေကာ ရွှေရောင်မီးတောက်ကဲ့သို့သော ဆံပင်များရှိသည့် လူငယ်တစ်ဦး ဦးဆောင်နေသည်။
ရွှေရောင်ခြင်္သေ့ဘုရင် ရောက်လာလေပြီ..
သူ့ဘေးပတ်လည်တွင် ကျားသစ်နက်ဘုရင်၊ ခွေးနီဘုရင်နှင့် အခြားလူများစွာ ရှိနေသည်။
ဟမ့်..
အခြား နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာပြီး အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏နီရဲနေသည့် ဆံပင်များသည် ပုခုံးတစ်ဝိုက် ဖြန့်ကျနေပြီး သူ့မျက်နှာလည်း ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသည်။ ချီလင်းဘုရင် ရောက်လာလေပြီ။
မူလက သူ့ခန္ဓာကိုယ်ထက်တွင် သံကြေးတက်နေသည့်ဓားမှ ရရှိထားသည့်ဒဏ်ရာရှိနေခဲ့သည်ပင်။ ယခုတလောမှ နဂါးနက်၏ကူညီပေးမှုကြောင့် ထိုဒဏ်ရာ ပျောက်ကင်းသွားခဲ့ခြင်းပင်။
သူတို့နှစ်ဦးလုံး နဂါးဖြစ်ကြသောကြောင့် နဂါးနက်ကြီး သူ့ကို ကူညီပေးခဲ့ခြင်းပင်။
ချီလင်းဘုရင်သည် သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်နေလေ၏။
သူတို့သုံးယောက် မျက်မှောင်ကြုတ်လိုက်၏။ သူတို့ အန္တရာယ်များနေလေပြီ။
“အခွင့်အရေးက နှစ်ခါမရဘူး .. အခုက ကျုပ်တို့ကြားက ကိစ္စတွေကို ဖြေရှင်းဖို့အချိန်မဟုတ်သေးဘူး .. နတ်သစ်သီးတွေကို အရင်ခူးမယ် .. အပြင်ရောက်မှ တိုက်ကြမယ်” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။
ဤနေရာမှာ အလွန်အန္တရာယ်များလှသည်။ မည်သည့်နေရာ၌ မတော်တဆမှုဖြစ်လာနိုင်မည်ကို မည်သူမှမသိ။
ချီလင်းဘာမှမပြောသော်လည်း ကျားသစ်နက်ဘုရင်နှင့် ခွေးနီဘုရင်တို့ အေးစက်စွာ ရယ်မောလာကြလေသည်။
“မင်းက အကျိုးအမြတ်တွေ လိုချင်နေသေးတာလား .. ဒီနေရာမှာ မင်းအတွက် နေရာရှိတယ်လို့ ထင်နေတာလား..”
သူတို့နှစ်ဦးလုံး ရယ်မောလာကြသည်။
ချူဖုန်း၏ တောက်ပသည့်အကြည့်များ သူတို့ထံသို့ ရောက်သွားသည့်အချိန်တွင် သူတို့၏စကားပြောသံများ ရပ်တန့်သွားသည်။
ရွှေရောင်ခြင်္သေ့ဘုရင် ရှေ့တက်လာသည်။
“အားလုံး ထွက်သွဦး..”
ရွှေရောင်ခြင်္သေ့ဘုရင် အမိန့်ပေးလိုက်သည်။ သူသည် ချူဖုန်းနှင့် နွားနှစ်ကောင်အား ကြည့်ကာ မောင်းထုတ်နေလေ၏။
ချွမ်း..
ဓားနီသည် လေကို ထိုးဖောက်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာသည်။
ချူဖုန်း၏မျက်လုံးများ အေးစက်နေကာ ရွှေရောင်ခြင်္သေ့ဘုရင်အား မကြောက်မရွံ့ပင် ပြန်ကြည့်လိုက်သည်။ ရန်သူက တိုက်ခိုက်ချင်နေမှတော့ သူလည်း သတ်ပေးရမှာပေါ့..
အပိုင်း ၁၆၃ ပြီး၏။