Switch Mode

Chapter – 162

အလေးအမြတ် ဆေးခင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၆၂ – အလေးအမြတ် ဆေးခင်း

ဗာတီကန်မြို့မှာ လိပ်ထားသည့် ရှေးဟောင်းစာလိပ်တစ်လိပ်နှင့်တူသည်။ အဆောက်အဦးများ၊ ရဲတိုက်များအားလုံးတွင် အချိန်၏တိုက်စားမှုများအား မြင်နိုင်မည်ပင်။

“ငါတို့အခု ရပ်နေတဲ့မြို့က သမိုင်းမှာ မှတ်တမ်းတင်ထားတဲ့မြို့နဲ့ အတူတူပဲ .. ဗာတီကန်မြို့ရဲ့ ဂုဏ်သရေတွေ အထွဋ်အထိပ်ရှိနေခဲ့တုန်းက အလေးအမြတ်မြို့ပဲ .. ဒီခေတ်မှာ ဒီလိုမြို့မျိုး ပြန်ပေါ်လာတာက တကယ်ကို ဆန်းကြယ်တယ်”

သူတို့သုံးယောက် အက်ဗီဒူးနှင့်အတူ ဤထူးဆန်းသည့်မြို့၌ လှည့်လည်သွားလာနေခြင်းပင်။

“အမ် .. မင်းက ချူဖုန်းလား..”

သူတို့၏ ဆန့်ကျင်ဘက်မှ ရွှေရောင်ဆံပင်နှင့်လူငယ်တစ်ဦး လျှောက်လာနေသည်။ သူ့ဆံပင်များမှာ ရွှေရောင်မီးတောက်ကဲ့သို့ တောက်ပနေကာ သူ့တစ်ကိုယ်လုံးလည်း နေနတ်ဘုရားကဲ့သို့ တောက်ပနေသည်ပင်။

ဤလူမှာ သေချာပေါက် ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူတစ်ဦးပင်။ သူ့ခွန်အားမှာ ဒဏ္ဍာရီလာ စစ်သူရဲများနှင့် တူညီလိမ့်မည်။

“ရွှေခြင်္သေ့ဘုရင်..” ချူဖုန်းတို့ကို သတိပေးရန်အတွက် အက်ဗီဒူး တမင်သက်သက် ပြောလိုက်ခြင်းပင်။

ဤသည်မှာ အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးပင်။ ဗာတီကန်မြို့၌ သူလည်း နာမည်ကြီးသည်။ သူ၏ခွန်အားအပြင် သူ့ထံ၌ ထူးခြားသည့်နောက်ခံလည်းရှိသောကြောင့် သူ့ကို ရန်စရဲသည့်သူမရှိ။

သူ့နောက်တွင်တော့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ခြင်္သေ့ဘုရင်အိုရှိနေသည်။ သူသည် ယခုမှ တက်သစ်စကျွမ်းကျင်သူမဟုတ်။ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အဆင့်တက်ထားခြင်းပင်။

သူတို့နှစ်ဦးသည် သွေးချင်းဆက်နွယ်မှုမရှိသော်လည်း လူမျိုးစုတစ်ခုတည်းမှဖြစ်သည်ဟူသည့်အချက်ကပင်လျှင် လုံလောက်လေပြီ။

ရွှေခြင်္သေ့ဘုရင် လျှောက်လာသည်နှင့် သူ့ရွှေရောင်ဆံပင်များ လွင့်ပျံနေသည်။ သူ၏တည်ရှိမှုဖြင့်ပင်လျှင် မှုန်မှိုင်းနေသည့်လမ်းအား တောက်ပသွားစေခဲ့သည်။

သူသည် ချူဖုန်းကိုကြည့်၍ ပြုံးပြနေသော်လည်း သူ့မျက်လုံးထဲတွင် ကြောက်စရာကောင်းသည့်စွမ်းအင်တစ်ခု ရှိနေသည်။

ချူဖုန်း၏ ဓားနီမှာ စွမ်းအင်များ စီးဆင်းနေပြီဖြစ်ပြီး အချိန်မရွေး တိုက်ခိုက်ရန်အသင့်ဖြစ်နေလေပြီ။ ခြင်္သေ့ဘုရင်မှာ ထူးခြားသည့်သူ ဖြစ်နေလျှင်ပင် သူ့ကို ရန်လာစလျှင်တော့ သူ ငြိမ်နေမည်မဟုတ်။

ဤကဲ့သို့သော စွမ်းအားကြီးသည့်ကျွမ်းကျင်သူမျိုးနှင့် ရန်သူမဖြစ်လျှင်တော့ ပိုကောင်းမည်ပင်။

သူ ဘယ်တော့မှ ပြဿနာမရှာသော်လည်း သူ့ကို ပြဿနာလာရှာလျှင် ငြိမ်နေမည်မဟုတ်။

ဤရွှေခြေင်္သေ့ ဘာလုပ်ချင်နေမှန်းမသိ။ သူသည် ချူဖုန်းကို ပတ်လျှောက်နေလေ၏။

နွားဝါနှင့် နွားနက်ကြီးတို့လည်း တိုက်ပွဲအတွက် အသင့်ပြင်ထားလိုက်သည်။

“အမ် .. ခြင်္သေ့လေး … မင်းက ဒီရောက်နေတာပဲ..” ထိုအချိန်တွင် လမ်း၏အခြားတစ်ဖက်မှ အသက်ကြီးနေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

သူသည် အလွန်အသက်ကြီးနေပြီဖြစ်ပြီး သူ၏ဆံပင်ကောက်များလည်း ဖြူဖွေးနေသည်။ သို့သော် သူ့မျက်လုံးများကတော့ ပြာတောက်နေကာကြည်လင်နေသည်။

ဤလူလည်း အနောက်တိုင်းသားပင်။ သူပေါ်လာသည်နှင့် ရွှေခြေင်္သေ့၏ခန္ဓာကိုယ် တောင့်တင်းသွားလေ၏။ ထို့နောက် သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။

“ရှီလာ” ရွှေခြင်္သေ့ဘုရင် ရေရွတ်လိုက်သည်။ သူ ဤလူအိုကြီးကို ကြောက်ရသည်ပင်။ မဟုတ်ပါက သူ လုံခြုံသည့်အကွာအဝေးသို့ ရောက်သည်အထိ နောက်ဆုတ်မည်မဟုတ်။

ရှီလာဟုခေါ်သည့် လူအိုကြီးသည် ရယ်မော၍ပင် အနားသို့ လျှောက်လာသည်။

ရွှေခြင်္သေ့ဘုရင်လည်း ရယ်မောကာ ပုံမှန်အနေအထား ပြန်နေလိုက်သည်။ ထို့နောက် သူသည် ချူဖုန်း ပုခုံးကိုပုတ်ကာ အဓိပ္ပာယ်ပါပါ ကြည့်ပြီးနောက် ထွက်သွားလေသည်။

ရွှေခြင်္သေ့ဘုရင်ကို လမ်းတစ်ဖက်မှ စောင့်နေကြသည့် ခွေးနီဘုရင်နှင့် ကျားသစ်နက်ဘုရင်တို့လည်း စိတ်ပျက်သွားကြလေ၏။ ထို့နောက် သူတို့အားလုံး ထွက်ခွာသွားကြသည်။

ထင်ထားသည့်အတိုင်း ရွှေခြင်္သေ့ဘုရင်မှာ သူ့အတွက် ရောက်လာခြင်းပင်။

“ကျေးဇူးတင်ပါတယ် စီနီယာ..” ချူဖုန်း ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ဤလူကြီးမှာ ရွှေခြင်္သေ့ဘုရင်အား ခြောက်ပေးလိုက်ခြင်းဖြစ်ကြောင်း သူသိသည်ပင်။

“ငါတို့အားလုံးက လူမျိုးစု အတူတူတွေပဲ .. ငါ ဘာမှမလုပ်လိုက်ရပါဘူး .. စကားထဲထည့်ပြောမနေနဲ့တော့” ရှီလာ ရယ်မော၍ ထွက်သွားသည်။

အက်ဗီဒူးသည် ထိုအချိန်မှ သက်ပြင်းချနိုင်တော့သည်။ “မြို့ထဲမှာ ထိပ်တန်းကျွမ်းကျင်သူတစ်ချို့ကို ခင်ဗျား သတိထားရမယ်”

“နဂါးနက်၊ မသေမျိုးဖီးနှစ်၊ အာတိတ်ဘုရင်၊ ငွေလရောင်ဝံပုလွေနဲ့ ရှီလာတို့ပဲ.. ဒီကျွမ်းကျင်သူတွေက ဒီဗာဒီကန်မြို့မှာဆိုရင် ထိပ်ဆုံးမှာရှိနေတဲ့ ကျွမ်းကျင်သူတွေလို့ ပြောလို့ရတယ်.. သူတို့တွေက အချုပ်အနှောင်ခြောက်ခုကို ဖြတ်တောက်နိုင်ပြီးသွားပြီ”

ရှီလာသည် အစောပိုင်းမှ လူအိုကြီးဖြစ်ပြီး သူလည်း လူသားမျိုးနွယ်တစ်ဦးပင်။ သူသည် ရိုမန်ကက်သလစ်အစိုးရအဖွဲ့ဝင်ဖြစ်သည်ဟု ပြောကြပြီး နောက်ဆုံးကျန်ခဲ့သည့် မြင့်မြတ်စစ်သူရဲဖြစ်သည်ဟုလည်း ပြောကြသည်။ ဤမြို့ကို အရင်းနှီးဆုံးသူဆိုလျှင် သူသာဖြစ်လိမ့်မည်။

ဒီမြို့တစ်မြို့တည်းမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတွေ ဒီလောက်အများကြီး စုနေကြတယ်.. ချူဖုန်းနှင့် နွားဝါလေးတို့နှစ်ဦးလုံး ထိတ်လန့်သွားရသည်။

“ခြင်္သေ့အကြီးအကဲ မလာဘူးလား..” နွားနက်ကြီး မေးလိုက်သည်။

“မလာဘူး .. ရွှေခြင်္သေ့ဘုရင်တစ်ယောက်တည်းနဲ့တောင် ဖရိုဖရဲတွေဖြစ်နေပြီ” အက်ဗီဒူး ပြောလိုက်သည်။ ရှီလာကဲ့သို့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူပင် ရွှေခြင်္သေ့ဘုရင်ကို အလွယ်တကူ ရန်မစနိုင်။

တစ်ပွဲတည်းဖြင့် သူ့ခွန်အားကို ပြသနိုင်လိုက်သည်ဟု ချူဖုန်း ခံစားလိုက်ရသည်။ အကောင်ငယ်လေးများမှာ သူ့ကို ပြဿနာမရှာရဲတော့။ သို့သော် ရွှေခြင်္သေ့ဘုရင်နှင့် ချီလင်းတို့၏ အန္တရာယ်ရှိသေးသည်။

“အဲဒီခြင်္သေ့ကို အရေခွံနွာနိုင်မယ့် အခွင့်အရေးကို ရှာရမယ် .. သူက ငါတို့ကို စကားတစ်ခွန်းမှမပြောပဲ ခြိမ်းခြောက်သွားတာ .. အဲဒီလူအိုကြီး ရှီလာသာရောက်မလာရင် သူ ငါတို့ကို တိုက်ခိုက်နေလောက်ပြီ” နွားနက်ကြီး မကျေမနပ်ပြောလိုက်သည်။

နတ်မြို့ကြီးမှာ အလွန်ကျယ်ပြောလှပြီး အချို့အဆောက်အဦးများတွင် ဆုတောင်းရွတ်ဖတ်သံများ ထွက်ပေါ်နေသည်။

ဤသည်မှာ ရှေးဟောင်းနံရံများတွင် ထွင်းထုထားခဲ့သည့် လွန်ခဲသည့်နှစ်ပေါင်းများစွာမှ အသံများဖြစ်ကြောင်း အက်ဗီဒူး သူတို့ကို ပြောပြလာသည်။

နောက်ဆုံးတွင်တော့ ဆေးခင်းကြီး ရှိနေသည့် မြို့လယ်ထဲသို့ သူတို့ ဝင်လာခဲ့လိုက်ကြသည်။ ဤဆေးခင်းကြီးမှာ ပန်းကန်လုံးကြီးတစ်လုံးဖြင့် အုပ်ထားသကဲ့သို့ အလင်းပြင်တစ်ခုဖြင့် တားဆီးထားသည်။

ဆေးခင်းထဲ၌ မြက်ပင်နှင့် အပင်ပေါင်းစုံ စိမ်းစိုတောက်ပနေပြီး အလင်းတန်းများ ထုတ်လွှတ်နေသည်။

ထိုထဲတွင် အမျိုးသားတစ်ဦး၏ အရပ်ခန့်ရှိသည့် ကျောက်စိမ်းပင်တစ်ပင်ရှိနေသည်။ ထိုအပင်၏ သစ်ရွက်များကြားထဲတွင် ရွှေရောင်မက်မွန်သီးတစ်လုံး ရှိနေသည်ပင်။

သာမန်ကာလျှံကာ ကြည့်ရုံမျှဖြင့် နှလုံးခုန်နှုန်းရပ်တန့်မတတ် ဖြစ်သွားရသည်။ ဤသည်မှာ သေချာပေါက် ထူးခြားသည့်အသီးပင်ဖြစ်သည်။

ဘေးဘက်တွင် သုံးမီတာမြင့်သည့် ရှေးဟောင်းအပင်တစ်ပင်ရှိသည်။ ထိုအပင်မှာ မဟူရာဖြင့် ထွင်းထုထားသကဲ့သို့ တစ်ပင်လုံး နီရဲနေပြီး အကိုင်းများထက်တွင် ပန်းကန်လုံးအရွယ်အစားရှိသည့် ပန်းပွင့်အဖူးများ ရှိနေသည်။ ထိုအဖူးများကို အနီရောင်မြူများ ရစ်ဆိုင်းနေပြီး ပွင့်အာလာတော့မည်ပင်။

ထိုအပင်နားတွင် ကြီးမားလှသည့် ကျောက်တုံးကြီးအား ရစ်ပတ်ထားသည့် ခရမ်းရောင် နွယ်ပင်တစ်ပင် ရှိနေသည်။ ထိုအပင်တွင် ကလေးလက်သီးအရွယ်အစားရှိသည့် ခရမ်းရွှေရောင် အသီးတစ်လုံး ရှိနေသည်။

ထိုအထဲဘက်တွင်တော့ တစ်ပင်လုံး ငွေရောင်သန်းနေသည့် ၁၀ မီတာမြင့်သည့်သစ်ပင်တစ်ပင် ရှိနေသည်။ သစ်ပင်ထိပ်တွင် ငွေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် အချင်းတစ်မီတာပတ်လည်ရှိ ပန်းပွင့်ကြီးတစ်ပွင့် ရှိနေသည်။

ချူဖုန်း၊ နွားဝါလေးနှင့် နွားနက်ကြီးတို့မှာ မျက်လုံးများ ပြူးကျယ်နေလေပြီ။ သူတို့ကြည့်လိုက်သည့်နေရာတိုင်း၌ အံ့အာသင့်စရာကောင်းသည့် အပင်များ ရှိနေသည်ပင်။

ဤအပင်များထဲမှ တစ်ပင်,ပင်လျှင် အဆင့်တက်ရန် လုံလောက်နေပြီဖြစ်ကြောင်း နွားဝါလေး ပြောလာသည်။

သားရဲဘုရင်အားလုံး ဗာတီကန်မြို့၌ စုနေသည်မှာ အံ့အားသင့်စရာမရှိတော့။ ဤကဲ့သို့သော ဆွဲဆောင်မှုမျိုးကို မည်သူက ခုခံနိုင်မည်နည်း..

ထို့အပြင် ဤသည်မှာ အပြင်ဘက်ပိုင်းသာ ရှိသေးသည်။ အတွင်းဘက်တွင်လည်း ရှေးဟောင်းသစ်ပင်တစ်ပင်၏အရိပ်အယောင်ကို တွေ့နေရသည်။

“ရှေးဟောင်းသစ်ပင်ထိပ်မှာ တစ်ယောက်ယောက် ရှိနေတာလား..” ချူဖုန်း ထိတ်လန့်သွား၏။

ထိုရှေးသစ်ပင်၏ အကိုင်းများမှာ လူသားပုံစံ ပစ္စည်းများ တွဲလောင်းချထားသကဲ့သို့ လှုပ်ခတ်သွားသည်ကို သူ တွေ့လိုက်သည်ပင်။

ကံမကောင်းစွာဖြင့် သူ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရ။

“အစ ကျုပ်တို့ ပန်းပွင့်တွေပဲ မြင်ရတာ .. နောက်ပိုင်း ပန်းပွင့်တွေ ပွင့်လာပြီး ညှိုးလာတော့မှ ဒီလူသားပုံစံအသီးတွေ သီးလာတာ..”

အံ့ဩစရာကောင်းလိုက်တာ..

“ဒီထက်ပို လန့်စရာကောင်းတာရှိသေးတယ် .. ဒီဘက်ကြည့်လိုက်..”

အက်ဗီဒူးသည် သူတို့သုံးယောက်ကို ခြေလှမ်းသုံးဆယ်ခန့်ဝေးသည့် နေရာတစ်ခုသို့ ခေါ်သွားပြီး တစ်နေရာသို့ လက်ညှိုးထိုးပြလာသည်။ ထိုနေရာတွင် အမြစ်၏ တစ်စိတ်တစ်ပိုင်း မြေပေါ်ပေါ်နေပြီး ညှိုးခြောက်နေသည့် ရှေးသစ်ပင်များ ရှိနေသည်။

“အဲဒါက ဘာကြီးလဲ..” နွားနက်ကြီးပင် အံ့အားသင့်သွားလေ၏။

အမြစ်မှာ သက်ရှိတွေ ရှိနေတယ်…

အပင်တစ်ပင်မှာ မြေပြင်ထက်၌ အမြစ်များစွာ ပေါ်နေသောကြောင့် ရှင်းရှင်းလင်းလင်း မြင်နိုင်နေသည်။ အမြစ်များကြားထဲတွင် သူမ၏ ဖြူဖွေးနေသည့်ကျောပြင်နှင့် ရွှေရောင်ဆံနွယ်ရှည်များကို လှစ်ဟပြကာ လူများကို ကျောပေးထိုင်နေသည့် အမျိုးသမီးတစ်ဦးရှိနေသည်။

“ဒါက ဘယ်လိုမျိုးကြီးလဲ..” ချူဖုန်း ဆွံ့အသွားရသည်။

သူ၏အစေ့သုံးစေ့နှင့် ဤကဲ့သို့သော ကိစ္စမျိုးကို စနောက်ဖူးခဲ့သော်လည်း တကယ်ဖြစ်မလာနိုင်မှန်း သူသိသည်ပင်။

သို့သော် ယခုတော့ သူ့မျက်လုံးရှေ့၌ သက်ရှိတစ်ဦး မွေးဖွားလာသည့် ရှေးဟောင်းသစ်ပင်ကို မြင်လိုက်ရလေပြီ။

သူများ ရှင်းပြနိုင်မလားဟု ချူဖုန်း နွားဝါလေးကို လှည့်ကြည့်လိုက်သည်။

“ဒီဆေးခင်းကြီးက ခွန်းလွန်တောင်က သွားလို့မရတဲ့ တောင်အတွင်းပိုင်းနဲ့တူတယ် .. အပင်တွေအများကြီး ရှိပေမယ့် ဘာအပင်တွေလဲဆိုတာ ငါလည်း မသိဘူး”

နွားဝါလေးပင် မသိသောကြောင့် ထိုအမြစ်၌ ရှိနေသည်မှာ အသီးလား၊ သက်ရှိလား မသိနိုင်တော့။

“ဒီအဆီးအတားက ဘယ်အချိန်ပွင့်မှာလဲ..” နွားနက်ကြီး မေးလိုက်သည်။ သူ အသီးများခူးရန် မစောင့်နိုင်တော့။

“ဒီအဆီးအတားက တကယ်တော့ မတည်မငြိမ်ဖြစ်နေပြီ .. ဘယ်အချိန်မဆို ပွင့်လာနိုင်တယ်” အက်ဗီဒူး ပြောလိုက်သည်။

“တကယ်တော့ ကျုပ်တို့တွေ ဒီထဲကို ဝင်ဖူးတယ် .. ဒါပေမဲ့ ဆုံးရှုံးမှုတွေ အရမ်းများခဲ့ရတယ်” သူ ဆေးခင်းကြီးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“အမ်..”

မြေပြင်ထက်၌ သံကြေးတက်နေသည့် လက်နက်များ ရှိနေသည်ကို ချူဖုန်း သတိထားမိသွားသည်။

တစ်နေရာတွင် လှံတံတစ်ချောင်းရှိသည်။ ထိုလှံတံသည် မူလက ရွှေရောင်ဖြစ်သော်လည်း ယခုတော့ သံကြေးတက်နေလေပြီ။

လက်နက်များမှာ နေရာအနှံ့ ပြန့်ကျဲနေသည်ပင်။

“ဒီလက်နက်တွေက အရမ်းကြောက်စရာကောင်းတယ် .. သံကြေးတက်နေတဲ့ အဲဒီဓားကိုပဲကြည့်လိုက် .. အခုကြည့်လိုက်ရင် ဓားတုံးနေတယ်လို့ ထင်ရပေမယ့် သူ့ဘာသာသူ လေထဲမြောက်တက်လာနဲ့ အလင်းတွေ ထုတ်လွှတ်လာပြီးတော့ ကျူးကျော်လာတဲ့ သားရဲဘုရင်မှန်သမျှကို သတ်ပစ်တာ..” အက်ဗီဒူး သူတို့ကို ပြောပြလာသည်။

ချူဖုန်းပင် တုန်လှုပ်သွားရသည်။

နွားနှစ်ကောင်လည်း ဤဆေးခင်းကြီးကို ပို၍ သတိကြီးကြီးထားလိုက်ကြသည်။

အခြားနေရာတစ်ခုသို့ သွားလိုက်သည့်အချိန်တွင် အခြားရှေးသစ်ပင်တစ်ပင်ကို ထပ်တွေ့လိုက်ရသည်။ ထိုအပင်၏ပင်စည်တစ်ခုလုံး တောက်ပနေကာ ပန်းပွင့်အဖူးများလည်း ပန်းကန်လုံး အရွယ်စားရှိသည်။

“ဒီပန်းပွင့်တစ်ပွင့်တည်းနဲ့ ငါတို့ အဆင့်တက်နိုင်တယ် .. တကယ့်ကို နတ်ပန်းပဲ..” နွားဝါလေး သွားရေကျလာသည်။

“တစ်ချို့မြင်ကွင်းတွေက အပြင်ကနေ မမြင်ရဘူး .. အထဲဝင်သွားမှ အလယ်ပိုင်းမှာ ဝတ်မှုန်တွေ အလင်းတန်းတွေ ပြည့်နေတဲ့ နေရာတစ်နေရာရှိနေတယ်ဆိုတာ တွေ့လိုက်ရတာ .. ကံမကောင်းစွာနဲ့ ကျုပ်တို့တွေ အဲဒီနေရာထိကို မရောက်လိုက်နိုင်ဘူး” အက်ဗီဒူး သက်ပြင်းချ၍ ပြောလိုက်သည်။

ဝတ်မှုန်များသည် မြူများအဖြစ် သိပ်သည်းသွားပြီး ပျက်ပြယ်မသွားခဲ့။

ချူဖုန်း အလွန်စိတ်လှုပ်ရှားနေလေပြီ။ ဤစကားကို ကြားသည်နှင့် သူ ချက်ချင်းပင် ပြေးဝင်သွားချင်မိသည်။

ထို့နောက် သူတို့ မိန်းမပျိုတစ်ဦးကို တွေ့လိုက်ရသည်။

သူမ၏မည်းနက်နေသည့်ဆံနွယ်များ သူမနောက်တွင် ယိမ်းနွဲ့နေသည်။ သူမသည် ရှည်လျားသွယ်လျလှပြီး ဆေးခင်းကြီးကို စိုက်ကြည့်နေသောကြောင့် သူမပုံရိပ်၏တစ်ခြမ်းကိုသာ မြင်ရသည်။ သူမသည် ပြစ်ချက်ကင်းသည့်အလှလေးပင်။

ရောက်လာသည့်အုပ်စုကို လှည့်ကြည့်ပြီးနောက် ရုတ်တရက် သူမပတ်လည်တွင် အနက်ရောင်မီးတောက်များ ထွက်ပေါ်လာသည်။

အက်ဗီဒူးသည် အမူအရာ ပြောင်းလဲသွားကာ အားလုံးကို နောက်ပြန်ဆုတ်ရန် ဆွဲထားလိုက်သည်။

“မသေမျိုးဖီးနှစ်” သူ အခြားသူများကို အသိပေးလိုက်သည်။

“ရှင်တို့က ဟိုတစ်နေ့က ကျွန်မအိမ်ရှေ့မှာ ယောင်ပေပေလုပ်ခဲ့တဲ့ လူတွေလား..” သူမ မေးလိုက်သည်။ သူမအသံမှာ သာယာနာပျော်ဖွယ်ကောင်းလှသော်လည်း အေးစက်လှသည်။

“ကျွန်တော်တို့ လှည့်စားခံလိုက်ရတာပါ .. တစ်ယောက်ယောက်က ကျွန်တော်တို့ကို အန္တရာယ်ပေးခဲ့တာပါ” ချူဖုန်း ပြန်ဖြေလိုက်သည်။

ဝုန်း..

အနက်ရောင်မီးတောက်များမှ မြွေတစ်ကောင်ဖြစ်လာပြီး အလွန်လျင်မြန်လှသည့်အရှိန်နှုန်းဖြင့် ချူဖုန်းတို့အုပ်စုထံသို့ ပြေးလာနေသည်။ ထိုမြွေကြီးသည် သူတို့ကို ဝါးမြိုပစ်တော့မည်။

နွားဝါလေးပင် ခန္ဓာကိုယ်ကြီး တင်းကြပ်သွားလေ၏။ ချူဖုန်း သူ့လက်ထဲတွင် ချာကရမ်ကို ကိုင်ထားပြီး အသင့်ပြင်ထားလိုက်သည်။

ထိုအချိန်တွင် ဘေးဘက်မှ ဆံပင်ဖြူနှင့်အဖိုးအိုတစ်ဦး ပေါ်လာပြီး ရယ်မော၍ ပြောလာသည်။ “ဆေးခင်းကြီးက အချိန်မရွေး ပွင့်တော့မှာ .. ဖီးနှစ်ဘုရင်ကြီး ကိုယ့်ဝိညာဉ်စွမ်းအားကို ချန်ထားသင့်တယ်”

ထို့နောက် ထိုအမျိုးသမီးသည် မီးတောက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး လှည့်ထွက်သွားလေ၏။

“ကျေးဇူးတင်ပါတယ် .. အာတိတ်ဘုရင်..” အက်ဗီဒူး ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။

“ရပါတယ် .. တကယ်တော့ ဖီးနှစ်ဘုရင်လည်း တိုက်ခိုက်မယ့်ရည်ရွယ်ချက်မရှိပါဘူး..” အာတိတ်ဘုရင် ရယ်မော၍ ပြောလိုက်သည်။ ထို့နောက် သူ ချူဖုန်းကိုခေါင်းညိမ့်ပြ၍ လှည့်ထွက်သွားလေ၏။

“ငါ ပိုပြီး အင်အားကြီးချင်လာပြီ..” နွားနက်ကြီး ညည်းတွားလိုက်သည်။

တကယ်တမ်းတွင် ချူဖုန်းနှင့် နွားဝါလေးတို့လည်း အလျင်လိုသလို ခံစားနေရသည်ပင်။ သူတို့ဆေးခင်းထဲ ဝင်သွားပြီး အဆင့်တက်ချင်နေကြလေပြီ။

တစ်ပတ်ပတ်ကြည့်ပြီးနောက် သူတို့ ဗာတီကန်မြို့အကြောင်း အခြေခံအားဖြင့် နားလည်သွားကြလေပြီ။

နောက်ဆုံးတွင် သူတို့သုံးဦး နေစရာတစ်နေရာ ရွေးချယ်လိုက်သည်။ သူတို့ မြို့ထဲနေရာ အခွင့်အရေးကို စောင့်ဆိုင်းရမည်။

နှစ်ရက်ကြာပြီးသည့်နောက်တွင် ထိုအခွင့်အရေး ရောက်ရှိလာသည်။

ရှီလာ၊ အာတိတ်ဘုရင်နှင့် နဂါးနက်တို့အားလုံး တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြပြီး မြို့ထဲမှ ဘုရင်အားလုံးကို ဆင့်ခေါ်လိုက်သည်။ ချိတ်စည်းမှာ မတည်ငြိမ်တော့။ ယခုအချိန်မှာ သူတို့စုပေါင်းတိုက်ခိုက်ရန် အကောင်းဆုံးအချိန်ပင်။

အပိုင်း ၁၆၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset